မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များ၊ ယေဟောဝါနှင့်ထိုက်လျောက်စွာ ကျင့်ကြံလော့

လူငယ်များ၊ ယေဟောဝါနှင့်ထိုက်လျောက်စွာ ကျင့်ကြံလော့

လူငယ်များ၊ ယေဟောဝါ​နှင့်​ထိုက်လျောက်စွာ ကျင့်ကြံ​လော့

ခရစ်ယာန်​လူငယ်​အချို့​သည် မိမိတို့၏​မိသားစု၊ မိမိတို့၏​အသင်းတော်​နှင့် အခိုက်အတန့် ဝေးကွာ​ခဲ့​ကြ​ရသည်။ တချို့​မှာ မိမိတို့၏​ဓမ္မ​အမှုကို တိုးချဲ့​ရန် ထိုသို့​ပြု​ခဲ့​ကြပြီ။ အခြားသူ​တို့​မူ ဤ​လောက​၏​အရေး​များနှင့်​စပ်လျဉ်း၍ ကြားနေ​မှု​ကြောင့် မိမိတို့၏​နေအိမ်​ကို စွန့်ခွာ​ခဲ့​ကြ​ရပြီ။ (ဟေရှာယ ၂:၄; ယောဟန် ၁၇:၁၆) တချို့သော​နိုင်ငံ​များ​တွင် “ကဲသာ” သည် သမာဓိ​စောင့်သိသော လူငယ်များ​ကို ထောင်ချ​ခဲ့​သည်၊ သို့​မဟုတ် ရပ်ကွက်​အကျိုးဆောင်​လုပ်ငန်းများ လုပ်ဆောင်​စေ​ခဲ့​သည်။ *မာကု ၁၂:၁၇; တိတု ၃:၁၊ ၂

အဆိုပါ​လူငယ်များသည် မိမိတို့၏​ကြားနေ​မှု​ကြောင့် ထောင်ဒဏ်​ကျ​ခံ​နေရ​စဉ် ဆိုးသွမ်း​လူငယ်များနှင့်​အတူ နှစ်​ရှည်​လ​များ အကျဉ်း​ချ​ခံ​ခဲ့​ရ​ပေမည်။ အလားတူ အခြား​အကြောင်းရင်း​များ​ကြောင့် အိမ်​နှင့်​ဝေး​နေရ​ခြင်း​က လူငယ်​အချို့​ကို မနှစ်မြို့ဖွယ်​ဝန်းကျင်​တစ်ခု​တွင် အလုပ်လုပ်​ရဖို့ အကြောင်း​ပေါ်​စေမည်။ ထိုသို့​သော​အခြေအနေ​ထဲ တွန်းပို့​ခံ​လိုက်ရ​သည့် အဆိုပါ​ခရစ်ယာန်​လူငယ်များ သို့​မဟုတ် အခြားသူ​တို့သည် ‘ဘုရားသခင်​နှင့်​ထိုက်လျောက်စွာ ဆက်လက်​ကျင့်ကြံ​နေ’ ရန် ကြိုးစား​ကြ​စဉ် သူတို့​ရင်ဆိုင်​ရသည့် ဖိအားပေး​မှုများ၊ တောင်းဆိုချက်​များ​ကို မည်သို့​အောင်မြင်စွာ ကိုင်တွယ်​ဖြေရှင်း​နိုင်​မည်​နည်း။ (၁ သက်သာလောနိတ် ၂:၁၂) သူတို့၏​မိဘများသည် ဖြစ်ပေါ်​လာနိုင်​မည့် မည်သည့်​စိတ်မချ​မ်းမြေ့​ဖွယ် အခြေအနေ​မျိုးကို​မဆို ဖြေရှင်း​နိုင်​ဖို့ သူတို့ကို မည်သို့​အသင့်ပြင်​ဆင်​ထား​ပေး​နိုင်​မည်​နည်း။—သု. ၂၂:၃

အထူး​စိန်ခေါ်ချက်​များ

“ကျွန်တော့်​မိဘတွေရဲ့ ကာကွယ်​စောင်မ​မှု​နဲ့ ဝေး​နေရ​တဲ့​အပြင် ကျွန်တော့်​ကို​သိကျွမ်းတဲ့ အကြီးအကဲ​တွေ​ရဲ့ မေတ္တာပါ​ကြီးကြပ်​ကွပ်ကဲမှု​နဲ့​လည်း ကင်းကွာ​နေရ​တော့ ခက်ခဲ​ပြီး စိုးရွံ့​စ​ရာ​ပဲ” ဟု မလွှဲ​မရှောင်​သာ၍ အိမ်​မှ ၃၇ လ​ကြာ ဝေး​နေခဲ့ရ​သည့် ၂၁ နှစ်အရွယ် တာ​ကီစ်​က​ဆို​သည်။ * သူက​ထပ်၍ “တစ်ခါ​တ​လေ ကျွန်တော် အကာအကွယ်​အရမ်း​မဲ့နေတယ်လို့ ခံစား​မိတယ်” ဟု​ဆို​သည်။ အသက်​နှစ်​ဆယ်​အရွယ်​ရှိ ပက်​ထ​ရော့စ်​သည် အိမ်​နှင့် နှစ်နှစ်​ကျော် ဝေး​နေခဲ့ရ​သည်။ “ကျွန်တော့်​ဘဝမှာ ဖျော်ဖြေရေး​နဲ့ ပေါင်းသင်းမှု​တွေ​ကို ကိုယ့်​သဘော​နဲ့​ကိုယ် ဦးဆုံး ရွေးချယ်​ဆုံးဖြတ်​ခဲ့​ရတော့တယ်၊ ကျွန်တော့်​ရဲ့​ရွေးချယ်မှု​တွေ​က အမြဲ​ပညာရှိရှိ​မဖြစ်ခဲ့ဘူး” ဟု​သူ​ဝန်ခံ​သည်။ ထို့နောက် သူက “တစ်ခါ​တ​လေ ပို​လွတ်လပ်​လာတဲ့​အတွက် ကိုယ့်​ကိုယ်ကို​စိုးရိမ်​မိတယ်” ဟု​ဆို​သည်။ ထိုသို့​သော​အခြေအနေ​များ​ရှိ ခရစ်ယာန်​လူငယ်များ​ကို မှန်မှန်​တွေ့ဆုံ​လေ့​ရှိသော ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​ဖြစ်သူ တာ​စော့စ်​က ဤသို့​ကောက်ချက်​ချ​ခဲ့​သည်– “ညစ်ညမ်း​တဲ့​စကား၊ ပုန်ကန်မှု​နဲ့ မယုံကြည်​သူ ရွယ်တူချင်း​တွေ​ရဲ့ အကြမ်းဖက်​တဲ့​အပြုအမူတွေက သတိ​မရှိ၊ အကာအကွယ်မဲ့​နေတဲ့ လူငယ်တွေ​အတွက် ဩဇာ​လွှမ်းမိုးမှု ဖြစ်သွား​နိုင်တယ်။”

ကျမ်းစာ​မူများ​ကို ရိုသေ​လေးစားမှု​မရှိသူ​တို့​နှင့် နေ​ထိုင်၍ အလုပ်လုပ်​နေရ​သည့် ခရစ်ယာန်​လူငယ်များသည် သက်တူရွယ်တူ​ချင်း​တို့၏ အကျင့်ပျက်​ပြား​မှု​နှင့် ကျမ်းစာ​နှင့်​မညီ​သည့်​အကျင့်​များ တုပ​ရန် သွေးဆောင်​ခံရ​ခြင်း​ကို သတိပြု​ဖို့​လို​သည်။ (ဆာလံ ၁:၁; ၂၆:၄; ၁၁၉:၉) ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း၊ အစည်းအဝေး​တက်​ခြင်း​နှင့် လယ်ကွင်း​လုပ်ငန်း​တွင်​ပါဝင်ခြင်း​တို့ကို မှန်မှန်​ပြုလုပ်​နိုင်​ရန် ခက်ခဲ​ပေမည်။ (ဖိလိပ္ပိ ၃:၁၆) ဝိညာဉ်​ရေး​ပန်းတိုင်​များ​ချ​ပြီး ထို​အတိုင်း​ပြုမူ​လုပ်ဆောင်ရန်​လည်း လွယ်ကူ​မည်​မဟုတ်ပေ။

တည်ကြည်သော​ခရစ်ယာန်​လူငယ်များသည် မိမိတို့၏​အမူအကျင့်​နှင့် အပြောအဆိုကို ယေဟောဝါ​၏​စိတ်တော်နှင့် အမှန်တကယ်​တွေ့​စေ​လို​ကြသည်။ သူတို့သည် ကောင်းကင်​ခမည်းတော်​၏ ဤ​နှစ်သက်စရာ​ကောင်း​သည့် ဖိတ်ခေါ်ချက်​ကို တည်ကြည်​စွာ ကြိုးစား​လိုက်နာ​ကြသည်– “ငါ့​သား ပညာရှိ​လော့။ ကဲ့ရဲ့​သော​သူ၏​စကား​ကို ငါ​ချေ​နိုင်အောင် ငါ့​စိတ်​ကို ရွှင်လန်း​စေ​လော့။” (သု. ၂၇:၁၁) သူတို့၏ ယဉ်ကျေး​သော​အမူအကျင့်​က ယေဟောဝါ​နှင့် ကိုယ်တော့်​လူမျိုးတော်ကို အခြားသူများ​ရှုမြင်ပုံ​အပေါ် များစွာ​သြဇာညောင်း​ကြောင်း သူတို့​သိမြင်​ကြသည်။—၁ ပေတရု ၂:၁၂

ချီးကျူး​စ​ရာ​မှာ ထိုသို့​သော​လူငယ်​အများစု​သည် တမန်​တော်​ပေါလု ဤသို့​ဆုတောင်းပေး​ခဲ့​သည့် သူတို့၏ ပထမ​ရာစု​ညီအစ်ကို​များနှင့်​တူ​ရန် အတတ်နိုင်ဆုံး​ကြိုးစား​ကြသည်– “သင်တို့သည် ကောင်းသော​အကျင့်​အမျိုးမျိုး​တည်း​ဟူသော အသီးကို​သီးခြင်း၊ . . . ဝမ်းမြောက်​သော​စိတ်​နှင့် အရာရာ၌​သည်းခံခြင်း . . . အ​လို့​ငှာ၊ [ယေဟောဝါ] နှင့်​ထိုက်လျောက်စွာ​ကျင့်​၍ အရာရာ၌​နှစ်သက်​တော်​မူ​စေ [ကြလော့]။” (ကောလောသဲ ၁:၉-၁၁) ရုပ်ပုံ​ကိုးကွယ်​သော ပတ်ဝန်းကျင်​အသစ်အဆန်း၊ ရန်သူများ​အလယ်တွင် ဘုရားသခင်​နှင့် ထိုက်လျောက်စွာ အောင်အောင်မြင်မြင် ကျင့်ကြံ​နေထိုင်ခဲ့​သော ဘုရားသခင်​ကို​ကြောက်ရွံ့​သူ လူငယ်တို့​၏ ပုံသက်သေ​များစွာကို သမ္မာကျမ်းစာ​ဖော်ပြ​ထား​သည်။—ဖိလိပ္ပိ ၂:၁၅

“ယေဟောဝါ​သည် ယောသပ်​နှင့်အတူ​ရှိ”

ယာကုပ်နှင့်​ရာခေလ​တို့၏ အချစ်ဆုံးသား​ယောသပ်​သည် ငယ်ရွယ်စဉ်​က​ပင် ဘုရားသခင်​အား​ကြောက်ရွံ့​သည့်​ဖခင်​၏ အကာအကွယ်​ရိပ်မြုံ​အောက်​မှ ဝေးကွာ​ခဲ့​ရသည်။ သူသည် အီဂျစ်​ပြည်​သို့ ကျွန်​အဖြစ်​ရောင်းစား​ခံ​လိုက်ရ​၏။ ယောသပ်​သည် အလုပ်​ကြိုးစား​သော၊ ယုံကြည်​စိတ်ချ​ရပြီး အကျင့်ကောင်း​သော လူငယ်​တစ်ဦး​အဖြစ် အကောင်းဆုံး​ပုံသက်သေ​ကို ချမှတ်​ပေး​ခဲ့​သည်။ ယေဟောဝါ​အား​မ​ဝတ်ပြုသူ ပေါတိဖာ​၏​အစေ​ကို​ခံ​နေရ​သော်လည်း ယောသပ်​သည် အသိစိတ်​ရှိ​ရှိ လုံ့လ​ဝီရိယ​ဖြင့် အလုပ်လုပ်​ခဲ့​သူ​ဖြစ်သည်၊ ထို့​ကြောင့် သူ၏​သခင်​က နောက်ဆုံး​တွင် တစ်အိမ်​ထောင်​လုံး​၏​အမှုကိစ္စ​များ​ကို သူ့​လက်ထဲ​အပ်နှင်း​လေ​တော့​သည်။ (ကမ္ဘာဦး ၃၉:၂-၆) ယောသပ်​သည် ယေဟောဝါ​အား ဆက်၍​သမာဓိ​စောင့်သိ​ခဲ့​သဖြင့် အကျဉ်း​ချ​ခံ​ခဲ့​ရသောအခါ “သမာဓိ​စောင့်​တော့​ကော ဘာ​အကြောင်း​ထူး​လို့လဲ” ဟူ၍ မယူဆ​ခဲ့​ချေ။ သူသည် ထောင်​ထဲ​၌​ပင် အရည်အချင်းကောင်းများကို တင်ပြ​ခဲ့​ရာ မကြာမီ​ပင် အကျဉ်းထောင်​တွင် လုပ်ငန်း​အတော်များများကို ကြည့်ရှု​စောင့်ရှောက်​ပေး​ခဲ့​ရလေ​သည်။ (ကမ္ဘာဦး ၃၉:၁၇-၂၂) ဘုရားသခင်​သည် သူ့ကို ကောင်းချီး​ပေး​ခဲ့​၏၊ ကမ္ဘာဦး ၃၉:၂၃ [က​ဘ] ဖော်ပြ​သည့်​အတိုင်း “ယေဟောဝါ​သည် ယောသပ်​နှင့်အတူ​ရှိ​လေ​သည်။”

ဘုရားသခင်​ကို​ကြောက်ရွံ့​သော​မိသားစု​နှင့် ကင်းကွာ​နေခဲ့ရ​သည့် ယောသပ်​အတွက် အကျင့်​ယိုယွင်း​ရန်၊ သူ့​ပတ်ပတ်လည်​တွင် နေထိုင်ကြ​သည့် အယူမှား​အီဂျစ်လူ​မျိုး​၏ ဘဝ​ပုံစံ​အတိုင်း ကျင့်ကြံ​ရန် အလွန်​လွယ်ကူ​လိုက်​မည်​ဖြစ်​ခြင်း! ထိုသို့​ပြု​မည့်​အစား၊ သူသည် ဘုရားသခင်​ရေးရာ​မူများ​ကို စောင့်ထိန်း​ခဲ့​ပြီး အကြီးအကျယ်​သွေးဆောင်​ခံရ​သော်လည်း စင်ကြယ်​စွာ ဆက်၍​ရပ်တည်ခဲ့​လေ​သည်။ ပေါတိဖာ​၏​မယား​က မိမိ​နှင့်​လိင်ဆက်ဆံ​ဖို့ ထပ်ခါတလဲ​လဲ တိုက်တွန်း​သည့်​အခါ သူက “အပြစ်ကြီး​သော ဤ​အမှုကို​ကျွန်တော်​ပြု​၍ ဘုရားသခင်​ကို အဘယ်​သို့​ပြစ်မှား​နိုင်​သနည်း” ဟု ခိုင်မာ​ပြတ်သား​စွာ ငြင်းဆို​ခဲ့​သည်။—ကမ္ဘာဦး ၃၉:၇-၉

ယနေ့ သက်သေခံ​လူငယ်များသည် မသင့်​တော်​သည့် ပေါင်းသင်းမှု​များ၊ အကျင့်ပျက်​ပြား​သည့် ဖျော်ဖြေမှု၊ ညစ်ညမ်း​သော​စာပေ​နှင့် ယုတ်ညံ့​သည့်​တေးဂီတ​တို့ကို ရှောင်ကြဉ်​ရန် ကျမ်းစာ​အခြေပြု​သတိပေး​ချက်​များ​ကို လိုက်နာ​ဖို့​လို​ပေ​သည်။ “ထာဝရ​ဘုရား​၏​မျက်စိတော်​သည် ခပ်သိမ်း​သော​အရပ်၌​ရှိ၍ ဆိုး​သူ၊ ကောင်း​သူတို့ကို​ကြည့်ရှု​တော်​မူ” ကြောင်း သူတို့​သိ​ကြသည်။—သု. ၁၅:၃သမ္မာ။

“အပြစ်​နှင့်​ဆိုင်သော​ပျော်မွေ့​ရာ​များ” ကို မောရှေ​ငြင်းပယ်​ခဲ့

မောရှေ​သည် ရုပ်ပုံ​ကိုးကွယ်​ပြီး အပျော်အပါး​လိုက်စား​သည့် ဖာရော​၏​နန်းတော်​တွင် ကြီးပြင်း​လာ​ခဲ့​၏။ သူ့​အကြောင်း သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “အပြစ်​နှင့်​ဆိုင်သော ပျော်မွေ့​ရာ​များ​ကို​ခဏ​ခံစားခြင်း​ထက်၊ ဘုရားသခင်​၏​လူ​တို့​နှင့်အတူ ညှဉ်းဆဲ​ခံရ​ခြင်း​ကို သာ၍​အလိုရှိ​သဖြင့် . . . ယုံကြည်ခြင်း​စိတ်​ရှိ​လျက် ဖာရော​ဘုရင့်​သမီး​၏​သား​ဟူ၍ ခေါ်ဝေါ်​ခြင်း​အခွင့်​ကို​ပယ်​၏။”—ဟေဗြဲ ၁၁:၂၄၊ ၂၅၊ ၂၆သမ္မာ။

ဤ​လောက​နှင့်​မိတ်သဟာယ​ဖွဲ့​ခြင်း​သည် အကျိုးကျေးဇူး​ရနိုင်​သော်လည်း ကြာရှည်​မခံ​ပေ။ အလွန်​ဆုံး​ဆိုလျှင် ဤ​လောက​အတွက် ကျန်ကြွင်း​သည့် အချိန်​အကန့်အသတ်​အထိ​သာ ခံ​လိမ့်​မည်။ (၁ ယောဟန် ၂:၁၅-၁၇) မောရှေ၏​ပုံသက်သေ​ကို တုပ​လျှင် ပို​ကောင်း​မည်​မဟုတ်ပေ​လော။ သူသည် “မျက်မြင်မရ​သော​ဘုရားသခင်​ကို မြင်ရ​ဘိ​သကဲ့သို့ တည်ကြည်​ခြင်း​ရှိ” ကြောင်း သမ္မာကျမ်းစာ​က​ဆို​၏။ (ဟေဗြဲ ၁၁:၂၇) သူသည် ဘုရားသခင်​ကို​ကြောက်ရွံ့​ခဲ့​သော ဘိုးဘေး​များ​၏ ဝိညာဉ်​ရေးရာ​အမွေအနှစ်​ကို အမြဲ​အာရုံစိုက်​သည်။ ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​ကို သူ့​ဘဝ​ရည်ရွယ်ချက်​ဖြစ်စေ​ကာ ဘုရားသခင့်​အလိုတော်​ဆောင်ခြင်း​ကို သူ၏​ပန်းတိုင်​ဖြစ်စေ​ခဲ့​သည်။—ထွက်မြောက်ရာ ၂:၁၁; တမန်​တော် ၇:၂၃၊ ၂၅

ဘာသာ​တရား​မ​ကိုင်းရှိုင်း၊ ဖော်ရွေမှု​မရှိသည့်​ဝန်းကျင်​တွင် ဘုရားသခင်​အား​ကြောက်ရွံ့​သူ လူငယ်များ ရောက်ရှိ​နေလျှင် ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း​အားဖြင့် ယေဟောဝါ​နှင့် မိမိတို့၏​နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ကို ခိုင်ခံ့​စေနိုင်​ပါ​သည်၊ ဤနည်းဖြင့် “မျက်မြင်မရ​သော​ဘုရားသခင်” ကို ပိုမို​သိကျွမ်း​လာ​ပါ​မည်။ အစည်းအဝေး​များ မှန်မှန်​တက်​ခြင်း​နှင့် လယ်ကွင်း​လုပ်ငန်း​တွင် ပါဝင်ခြင်း​အပါအဝင် ခရစ်ယာန်​လုပ်ငန်းဆောင်တာ​များ​ကို အဆိုပါ​လူငယ်များ အပြည့်အဝ​ပြုလုပ်ခြင်း​ဖြင့် ဝိညာဉ်​ရေးရာ​များ​အပေါ် သူတို့​အမြဲ အာရုံစိုက်​နိုင်​ကြ​ပါ​လိမ့်​မည်။ (ဆာလံ ၆၃:၆; ၇၇:၁၂) မောရှေ​ကဲ့သို့ ယုံကြည်ခြင်း​နှင့် မျှော်လင့်ခြင်း ခိုင်မာ​ဖို့ သူတို့​ကြိုးစား​သင့်​သည်။ ယေဟောဝါ​အား အဓိက​ထား စဉ်းစား​တွေးခေါ်​ပြီး ကိုယ်တော်​၏​မိတ်ဆွေ​ဖြစ်​ရန်​ကြိုးစား​လျှင် ကောင်း​ပေ​လိမ့်​မည်။

ဘုရားသခင်​အား​ချီးမွမ်း​ရန် သူ၏​လျှာ​ကို​အသုံးပြု​ခဲ့

အိမ်​မှ​ဝေးကွာ​နေစဉ် ပုံသက်သေ​ကောင်း​ပြ​ခဲ့​သည့် နောက်​လူငယ်​တစ်ဦး​မှာ ဘုရားသခင့်​ပရောဖက်​ဧလိရှဲ​လက်ထက်​က ရှုရိ​လူမျိုး​တို့၏ ဖမ်းဆီး​ခေါ်ဆောင်​သွားခြင်း​ခံရ​သော ဣသရေလ​မိန်းမငယ်​လေး​ဖြစ်သည်။ သူသည် နူနာ​စွဲ​နေသော ရှုရိ​စစ်တပ် ဗိုလ်ချုပ်​နေမန်​ဇနီး​၏ အိမ်ဖော်​ဖြစ်သည်။ အဆိုပါ​မိန်းမငယ်​လေး​က သူ၏​သခင်မ​အား ဤသို့​ဆို​ခဲ့​သည်– “ကျွန်မ​သခင်သည် ရှမာရိ​မြို့၌​ရှိသော ပရောဖက်​ထံ​သို့​ရောက်​ပါစေ​သော။ ထို​ပရောဖက်​သည် သခင်၌​စွဲ​သော​နူနာ​ကို ပျောက်စေ​လိမ့်​မည်။” သူ၏​သက်သေခံချက်​ကြောင့် နေမန်​သည် ဣသရေလ​ပြည်​တွင်​ရှိနေ​သော ဧလိရှဲ​ထံ​သွားရောက်​ခဲ့​ရာ နူနာ​ရောဂါ​ပျောက်ကင်း​သွား​သည်။ ထို့​အပြင် နေမန်​သည် ယေဟောဝါ​ကို​ဝတ်ပြုသူ​တစ်ဦး ဖြစ်လာ​ခဲ့​သည်။—၄ ဓမ္မ​ရာဇဝင် ၅:၁-၃၊ ၁၃-၁၉

လူငယ်များသည် မိဘတို့​နှင့်​ဝေးကွာ​သည့်​အခါ​၌​ပင် ဘုရားသခင်​အား​ဂုဏ်တင်​ရန် လျှာ​ကို​အသုံးပြု​ဖို့​လို​ကြောင်း ဤ​မိန်းမငယ်​လေး​၏​ပုံသက်သေ​က အလေးပေး​ဖော်ပြ​သည်။ အဆိုပါ​မိန်းမငယ်​လေး​သည် “မတော်မလျော်​သော​စကား” သို့​မဟုတ် “ညစ်ညူး​ပြ​က်​ပြ​ယ် ပြက်ရယ်​သော​စကား​များ” ပြောတတ်​သည့်​အကျင့်​ရှိခဲ့​မည်​ဆိုလျှင် အခွင့်အရေး​ကြုံ​လာချိန်​တွင် သူ​ပြု​ခဲ့​သည့်​အတိုင်း သူ၏​လျှာ​ကို ထိထိရောက်ရောက်​အသုံးပြု​ခဲ့​ပါ​မည်​လော။ (ဧဖက် ၅:၄သမ္မာ; သု. ၁၅:၂) မိမိ၏​ကြားနေ​မှု​ကြောင့် အကျဉ်း​ချ​ခံ​ခဲ့​ရသည့် အသက် ၂၀ ကျော်​လူငယ် နီ​ကိုးစ်​က ဤသို့​ပြန်ပြောင်း​ပြောပြ​သည်– “မိဘ​စောင့်ရှောက်မှု​နဲ့ အသင်းတော်​အုပ်ထိန်းမှု​နဲ့​ကင်းကွာ​ပြီး စိုက်ပျိုးရေး​အကျဉ်းထောင်​တစ်ခု​မှာ တခြား​ညီအစ်ကို​တွေ​နဲ့​အတူ​ရှိ​တုန်း ကျွန်တော်​တို့​ရဲ့​စကားပြော​အရည်အသွေးဟာ ပေါ့ပျက်​ယိုယွင်း​ခဲ့​တာ​ကို ကျွန်တော်​သတိပြုမိ​ခဲ့တယ်။ ယေဟောဝါ​ကို ချီးမွမ်း​ဂုဏ်တင်ရာ​မ​ရောက်​ခဲ့​ဘူး။” ဝမ်းသာစရာ​မှာ နီ​ကိုးစ်​နှင့် အခြားသူ​ငယ်​များသည် ယင်း​ကိစ္စ​နှင့်​စပ်လျဉ်း၍ ပေါလု​၏ ဤ​ဆုံးမ​စကား​ကို လိုက်နာ​ရန် ကူညီ​ပေးခြင်း​ခံ​ခဲ့​ရသည်– ‘မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ အမျိုးမျိုးသော ကိ​လေ​သာ​စိတ်ညစ်​ညူး​ခြင်း၊ လောဘ​လွန်ကျူးခြင်း​အမှုတို့​ကို သန့်ရှင်းသူ​တို့သည်​ရှောင်သင့်​သည်​အတိုင်း၊ စကား​နှင့်​မျှ​မဆက်ဆံ​ကြ​နှင့်။’—ဧဖက် ၅:၃

ယေဟောဝါ​သည် သူတို့​အတွက် တကယ့်​ပုဂ္ဂိုလ်​ဖြစ်

ရှေး​ဗာဗုလုန်​မြို့တွင် ဒံယေလ​၏​အပေါင်းအဖော် ဟေဗြဲ​လူငယ်​သုံးဦး​တို့၏​တွေ့ကြုံမှု​က သေးငယ်သော​အရာ​၌ တည်ကြည်​ခြင်း​က ကြီးသော​အရာ​၌​လည်း တည်ကြည်​စေ​ကြောင်း ယေရှု​မိန့်ဆိုခဲ့​သည့်​မူ မှန်ကန်​သည်ကို သက်သေထူ​သည်။ (လုကာ ၁၆:၁၀) မောရှေ​ပညတ်​က တားမြစ်​ထား​သည့် အစားအသောက်​များ စားသုံးခြင်း​ကိစ္စ​နှင့်​ရင်ဆိုင်​ရသောအခါ သူတို့သည် တိုင်းတစ်ပါး​တွင် သုံ့ပန်းများ​ဖြစ်နေ​ကြ​ရာ ဤကိစ္စနှင့်​စပ်လျဉ်း၍ ရွေးချယ်စရာ​မရှိ​ဟု ဆင်ခြေ​တက်​နိုင်​သည်။ သို့သော် သေးငယ်​သည့်​ကိစ္စ​ဖြစ်ပုံရ​သည့်​တိုင် အလေးအနက်​ထားခဲ့​သည့်​အတွက် သူတို့​ကောင်းချီး​ခံစား​ခဲ့​ရသည်​တကား! ရှင်ဘုရင်​၏​အရသာ​ရှိသော ခဲ​ဖွယ်​စား​ဖွယ်​များ​ကို ဆက်၍​စားသုံး​ခဲ့​ကြ​သည့် အခြားသော​သုံ့ပန်း​အားလုံး​တို့​ထက် သူတို့သည် ပို​၍​ကျန်းမာ​ပြီး ပို​၍​ပညာရှိ​ကြောင်း သက်သေထူ​ခဲ့​ကြသည်။ ဤ​သေးငယ်သော​အရာများ​၌ တည်ကြည်မှု​ရှိ​ခြင်း​က သူတို့အား အမှန်ပင် အားရှိစေ​ခဲ့​သည်။ ထို့​ကြောင့် ပို​၍​ကြီးကျယ်​သော​စမ်းသပ်မှု​ဖြစ်သည့် ရုပ်တုကြီး​ကို ပျပ်ဝပ်​ကိုးကွယ်​ခြင်း​ကိစ္စ​နှင့် သူတို့​ရင်ဆိုင်​ရသောအခါ အလျှော့ပေး​လိုက်​လျှော​ရန် သူတို့​ငြင်းဆန်​ခဲ့​ကြသည်။ —ဒံယေလ ၁:၃-၂၁; ၃:၁-၃၀

ယေဟောဝါ​သည် ဤ​လူငယ်​သုံးဦး​အတွက် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​ခဲ့​သည်။ မိမိတို့​နေအိမ်၊ ဘုရားသခင့်​ဝတ်ပြုမှု​ဗဟို​နှင့် ဝေးကွာ​နေခဲ့​ကြ​ရ​သော်လည်း ဤ​လောက​၏​အညစ်အကြေး​နှင့်​ကင်းစင်​ဖို့ သူတို့​စိတ်ပိုင်းဖြတ်​ထား​ကြသည်။ (၂ ပေတရု ၃:၁၄) ယေဟောဝါ​နှင့်​သူတို့၏​ဆက်ဆံ​ရေး​ကို သူတို့​အလွန်​တန်ဖိုး​ထား​သဖြင့် ယင်း​အတွက် သူတို့​အသက်စွန့်​ဖို့ အသင့်ရှိ​ကြသည်။

သင့်ကို ယေဟောဝါ​ပယ်​လိမ့်​မည်​မဟုတ်

လူငယ်များသည် မိမိတို့​ချစ်​မြတ်နိုး​ယုံကြည်​ရသူ​တို့​နှင့် ဝေးကွာ​နေရ​သောအခါ မ​လုံခြုံမှု၊ မသေချာ​မရေရာမှု​နှင့် စိုးရိမ်​ပူပန်မှု​တို့ကို ခံစား​ကြ​ရ​ပေမည်။ သို့ရာတွင် သူတို့ကို ‘ယေဟောဝါ​ပယ်​လိမ့်​မည်​မဟုတ်’ ကြောင်း ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့် စမ်းသပ်မှု​များ​ကို ရင်ဆိုင်​နိုင်​ကြ​ပါ​သည်။ (ဆာလံ ၉၄:၁၄) ထိုသို့​သော​လူငယ်များသည် “ဖြောင့်မတ်ခြင်း​တရား​ကြောင့် ဆင်းရဲခံ​ရ​လျှင်၊” “ဖြောင့်မတ်ခြင်း​လမ်း” ၌ သူတို့​ဆက်လျှောက်​လှမ်း​နိုင်​စေရန် သူတို့ကို ယေဟောဝါ​ကူညီပေး​ပါ​လိမ့်​မည်။—၁ ပေတရု ၃:၁၄; သု. ၈:၂၀

ယေဟောဝါ​သည် ယောသပ်၊ မောရှေ၊ ဣသရေလ​ကျွန်မ​လေး​နှင့် တည်ကြည်သော​ဟေဗြဲ​လူငယ်​သုံးဦး​တို့ကို အစဉ်မပြတ်​ခွန်အား​ပေး​ခဲ့​ပြီး ကြွယ်ဝ​စွာ ဆုချ​တော်​မူ​ခဲ့​သည်။ ယနေ့ “ယုံကြည်ခြင်း​နှင့်​ဆိုင်၍ ကောင်းစွာ​သော​တိုက်လှန်​ခြင်း​ကို​ပြု” နေကြ​သူတို့ကို ကိုယ်တော်​သည် မိမိ၏​သန့်ရှင်းသော​ဝိညာဉ်​တော်၊ သမ္မာကျမ်းစာ​နှင့် မိမိ၏​အဖွဲ့အစည်း​တို့ကို အသုံးပြု၍ ထောက်မ​နေ​တော်​မူ​ပြီး သူတို့ရှေ့​တွင် “ထာဝရ​အသက်” ဆုကျေးဇူး​ကို​ချထား​သည်။ (၁ တိမောသေ ၆:၁၁၊ ၁၂) မှန်ပါသည်၊ ယေဟောဝါ​နှင့်​ထိုက်လျောက်စွာ​ကျင့်ကြံ​နိုင်​ပါ​သည်၊ ယင်းသည် ပညာ​ရှိသော​လမ်းစဉ်​ဖြစ်၏။—သု. ၂၃:၁၅၊ ၁၉

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 2 ကင်းမျှော်စင်၊ မေ ၁ ရက်၊ ၁၉၉၆၊ စာမျက်နှာ ၁၈-၂၀ ကို​ရှု။

^ အပိုဒ်၊ 5 အမည်​တချို့​ကို ပြောင်းလဲ​ထား​သည်။

[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]

မိဘတို့–သင့်​သားသမီး​များ​ကို အသင့်ပြင်​ဆင်​ပေး​လော့!

“အသက်​ပျို​စဉ် ဖွားမြင်​သော​သားသမီးတို့​သည် သူ​ရဲ​လက်၌​ရှိသော​မြား​ကဲ့သို့​ဖြစ်​ကြ​၏။” (ဆာလံ ၁၂၇:၄) မြား​တစ်စင်း​သည် ပစ်မှတ်​ကို အလိုအလျောက်​ထိမှန်​မည်​မဟုတ်​ချေ။ ကျွမ်း​ကျွမ်းကျင်​ကျင် ချိန်ရွယ်​၍​ပစ်​ရမည်​ဖြစ်၏။ အလားတူ၊ သားသမီး​များသည်​လည်း မိဘတို့​၏ သင့်တင့်​လျော်​ကန်​သော​လမ်းညွှန်မှု​မပါဘဲ အိမ်​နှင့်​ခွဲ​၍​နေသည့်​အခါ ဖြစ်ရပ်မှန်များ​ကို​ရင်ဆိုင်ဖို့ အသင့်ရှိ​ကြ​မည်​မဟုတ်။—သု. ၂၂:၆

လူငယ်တို့​သည် မစဉ်း​စား​ဘဲ ကောက်ကာငင်ကာ​လုပ်တတ်​ကြသည်၊ သို့​မဟုတ် “လူပျို​တို့၏​တပ်မက်​ခြင်း​စိတ်” အလို​သို့​လိုက်​တတ်ကြ​သည်။ (၂ တိမောသေ ၂:၂၂) သမ္မာကျမ်းစာ​က ဤသို့​သတိပေး​သည်– “ဆုံးမ​သော​ကြိမ်လုံး​သည် ပညာ​ကို​ပေး​တတ်၏။ ပေါက်​လွှတ်ထား​သော သူငယ်​မူ​ကား အမိကို​အရှက်ခွဲ​တတ်၏။” (သု. ၂၉:၁၅သမ္မာ) လူငယ်​၏​အပြုအမူကို ကန့်သတ်​မထား​ပေး​လျှင် အိမ်​နှင့်​ခွဲခွာ​နေရ​သည့်​ဘဝ​အသက်တာ​၏ တောင်းဆိုချက်​များနှင့် ဖိစီးမှုများ​ရင်ဆိုင်​ရသည့်​အခါ အသင့်ရှိ​မည်​မဟုတ်​ချေ။

ခရစ်ယာန်​မိဘများသည် သားသမီး​များ​ကို ဤ​အစီအစဉ်​စနစ်​ရှိ အခက်အခဲ​များ၊ ဖိစီးမှုများ​နှင့် ဘဝ​ဖြစ်ရပ်မှန်များ​ကို ရှင်းလင်း​၍ အကျိုးသင့်အကြောင်းသင့်​ရှိသည့်​နည်းဖြင့် အကြမ်းဖျင်း​ဖော်ပြ​ပေး​သင့်​သည်။ လူငယ်​တစ်ဦး အိမ်​နှင့်​ခွဲခွာ​နေရ​လျှင် ရင်ဆိုင်​ရနိုင်​သည့် မနှစ်မြို့ဖွယ်​အခြေအနေ​တို့ကို အဆိုးမြင်​ခြင်း​မရှိ၊ စိတ်ပျက်​အားလျော့ခြင်း​မရှိစေ​ဘဲ ဖော်ပြ​ပေး​နိုင်​ပါ​သည်။ ဘုရားသခင်​ပေး​ဉာဏ်ပညာ​နှင့်​တကွ ဤသို့​လေ့ကျင့်​ပေးခြင်း​အားဖြင့် “အတွေ့အကြုံ​မရှိသူ​တို့ကို လိမ္မာပါးနပ်မှု၊ ငယ်ရွယ်သူ​ကို အသိပညာနှင့် စဉ်းစား​တွေးခေါ်​နိုင်စွမ်း​ပေး” ပေ​လိမ့်​မည်။—သု. ၁:၄က​ဘ။

မိဘများသည် ဘုရားသခင့်​စံနှုန်း​များနှင့် ကိုယ်ကျင့်တရား​မူများ​ကို မိမိတို့​သားသမီး​များ​၏​နှလုံး​ထဲ သွတ်သွင်း​ပေး​လျှင် ဘဝ၏​စိန်ခေါ်ချက်​များ​ကို သူတို့​လေး​များ​အား အောင်မြင်စွာ ကိုင်တွယ်​ဖြေရှင်း​စေနိုင်​သည်။ မိသားစု​လိုက် ပုံမှန်​ကျမ်းစာ​လေ့လာမှု​ပြုခြင်း၊ ပွင့်လင်း​သော​ဆက်သွယ်ရေး​ရှိ​ခြင်း​နှင့် သားသမီး​များ​၏​အရေးကိစ္စကို တကယ်​စိတ်ဝင်စားမှု​တင်ပြခြင်း​တို့​က အောင်မြင်မှု​နှင့် ရှုံးနိမ့်​မှု​ကြား ကွာဟ​စေသော​အကြောင်းရင်း ဖြစ်စေ​နိုင်​ပါ​သည်။ မိဘတို့​သည် မျှတ​ပြီး အပြုသဘော​ပါ​၍ အကျိုးသင့်အကြောင်းသင့်​ရှိသည့် ဘုရားသခင်​ရေးရာ​လေ့ကျင့်မှု​ပေးခြင်း၊ သားသမီး​များ​အား နောက်ပိုင်း​တွင် ကိုယ့်​ခြေ​ပေါ်​ကိုယ် ရပ်တည်​တတ်​ရန် ပြင်ဆင်​ပေးခြင်း ပြုသင့်​ပေ​သည်။ သင်သည် ဤ​လောကတွင်​နေ​သော်လည်း ယင်း​၏​အစိတ်အပိုင်း​မဖြစ်​ဘဲ နေနိုင်​ကြောင်း မိမိ၏​ပုံသက်သေ​အားဖြင့် သားသမီး​များ​ကို မိဘများ​သွန်သင်ပေး​နိုင်​ပါ​သည်။—ယောဟန် ၁၇:၁၅၊ ၁၆

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခရစ်ယာန်​လူငယ်​တချို့ မိမိတို့​နေအိမ်​မှ​ထွက်ခွာ​ခဲ့​ကြ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

သွေးဆောင်မှု​ကို​တွန်းလှန်​ခြင်း​အားဖြင့် လူငယ်များသည် ယောသပ်​ကို​အတု​ယူပြီး ကိုယ်ကျင့်တရား​စင်ကြယ်​စွာ​နေနိုင်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေဟောဝါ​အား​ဂုဏ်တင်​ချီးမွမ်း​ရန် မိမိ၏​လျှာ​ကို​အသုံးပြု ခဲ့​သည့် ဣသရေလ​ကျွန်မ​လေး​ကို အတုယူ​ပါ​လေ