ဝိညာဉ်ရေးဆိုင်ရာစံများကို ယာကုပ် တန်ဖိုးထားလေးစားခဲ့
ဝိညာဉ်ရေးဆိုင်ရာစံများကို ယာကုပ် တန်ဖိုးထားလေးစားခဲ့
ယာကုပ်၏ဘဝသည် ပဋိပက္ခနှင့် ဆင်းရဲခက်ခဲမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ၏အမြွှာညီအစ်ကို၏ ဒေါသမုန်တိုင်းကြောင့် အသက်ဘေးမှ ယာကုပ်ထွက်ပြေးရသည်။ သူချစ်မြတ်နိုးသည့်မိန်းကလေးကို လက်ထပ်ရမည့်အစား သူသည် အခြားသူတစ်ဦးကို အလျင်လက်ထပ်ရန် လှည့်စားခံလိုက်ရကာ နောက်ဆုံး ဇနီးလေးဦး၊ ပြဿနာများစွာဖြင့် ဇာတ်သိမ်းလိုက်ရသည်။ (ကမ္ဘာဦး ၃၀:၁-၁၃) မိမိအားအမြတ်ထုတ်သည့် လူတစ်ယောက်အတွက် အနှစ် ၂၀ တိုင် အလုပ်,လုပ်ပေးရသည်။ ကောင်းကင်တမန်တစ်ပါးနှင့် သူနပန်းလုံးရာ အနာတရဖြစ်သွား၏။ သူ၏သမီးခမျာ မုဒိမ်းကျင့်ခံရ၊ သားများကလည်း သိမ်းရုံးသတ်ဖြတ်မှုပြုကြသည်၊ အချစ်ဆုံးသားနှင့်ဇနီးတို့ကို ဆုံးရှုံးလိုက်ရသည့်အတွက် သူငိုကြွေးရလေသည်။ အသက်အရွယ်အိုမင်းလာချိန်တွင် အစာရှားပါးမှုမှလွတ်မြောက်ရန် တိုင်းတစ်ပါးသို့ မလွှဲမရှောင်သာပြောင်းရွှေ့သွားရပြီး သူ၏အသက်တာနေ့ရက်များသည် “နည်း၍ ဆိုး” ကြောင်း ဝန်ခံလေသည်။ (ကမ္ဘာဦး ၄၇:၉) မည်သို့ဆိုစေ ယာကုပ်သည် ဘုရားသခင်ကိုယုံကြည်၍ ဝိညာဉ်ရေးကောင်းသူဖြစ်သည်။ သူ၏ယုံကြည်အားထားရာ လွဲမှားနေသလော။ ယာကုပ်၏အတွေ့အကြုံတချို့ကို သုံးသပ်ကြည့်ခြင်းမှ အဘယ်သင်ခန်းစာများရရှိနိုင်သနည်း။
သူ၏အစ်ကိုနှင့်လုံးဝမတူ
ယာကုပ်သည် သူ၏အစ်ကိုနှင့် သဘောထားကွဲလွဲရသည့် အကြောင်းရင်းမှာ အဖိုးထိုက်လှသည့် ဝိညာဉ်ရေးရာများကို သူတန်ဖိုးထားလေးစားခဲ့ပြီး ဧသောကမူ ယင်းတို့ကို မထီမဲ့မြင်ပြုခဲ့၏။ ယာကုပ်သည် အာဗြဟံအားကတိပေးခဲ့သည့် ပဋိညာဉ်ကို စိတ်ဝင်စားပြီး အမွေခံများအဖြစ် ဘုရားသခင်ခန့်အပ်ထားသည့် ဆွေစဉ်မျိုးဆက်ကို ကြည့်ရှုစောင့်ရှောက်ပေးရန် သူ့ဘဝကိုမြှုပ်နှံထားခဲ့သည်။ ထိုအကြောင်းကြောင့် ယေဟောဝါသည် သူ့ကို “ချစ်” တော်မူ၏။ ယာကုပ်သည် “အပြစ်တင်ခွင့်နှင့်ကင်းသောသူ” ဖြစ်၏၊ ဆိုလိုသည်မှာ သူသည် ကိုယ်ကျင့်တရားအထူးကောင်းမွန်သူဖြစ်၏။ ၎င်းနှင့်ခြားနားစွာ ဧသောသည် မိမိ၏ဝိညာဉ်ရေးရာအမွေအနှစ်ကို အရေးမစိုက်သည့်အပြင် ယင်းကို တစ်စုံတစ်ရာအနည်းငယ်မျှဖြင့် ယာကုပ်အား ရောင်းစားပစ်လိုက်သည်။ ယာကုပ်သည် ဘုရားသခင့်မျက်နှာသာတော်ဖြင့် အစ်ကို၏သားဦးအရိုက်အရာနှင့် ဝိညာဉ်ရေးရာအမွေအနှစ်တို့ကို ရရှိရန်ပြောဆိုသောအခါ ဧသောသည် ဒေါသတကြီး လက်စားချေလိုခဲ့သည်။ သို့နှင့် ယာကုပ်သည် မိမိချစ်မြတ်နိုးရသူအားလုံးကို စွန့်ခွာခဲ့ရ၏၊ သို့သော် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှသည် စိတ်ပျက်အားလျော့မှုများကို ပျောက်ပျက်သွားစေခဲ့သည်။—မာလခိ ၁:၂၊ ၃; ကမ္ဘာဦး ၂၅:၂၇-၃၄; ၂၇:၁-၄၅။
ဘုရားသခင်သည် ယာကုပ်အား လှေကား၊ သို့မဟုတ် ‘ကျောက်လှေကားအထစ်ထစ်’ ပေါ်တွင် ကောင်းကင်တမန်များ တက်ချည်ဆင်းချည်လုပ်နေကြသည်ကို အိပ်မက်တစ်ခု၌ တွေ့မြင်စေခဲ့ပြီး ယာကုပ်နှင့် သူ၏မျိုးနွယ်တော်ကို ကိုယ်တော်ကာကွယ်ပေးမည်ဟု မိန့်ဆိုခဲ့သည်။ “သင်နှင့် သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။ ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့တစ်ဖန်ဆောင်ခဲ့ဦးမည်။ ကတိထားသည်အတိုင်း မပြည့်စုံမီ၊ သင့်ကိုငါမစွန့်။”—ကမ္ဘာဦး ၂၈:၁၀-၁၅; အောက်ခြေမှတ်ချက်။
အလွန်အားတက်စရာပါတကား! ယေဟောဝါသည် အာဗြဟံနှင့်ဣဇာက်တို့အား ပေးခဲ့သည့် ကတိတော်များကို အတည်ပြုပေးခဲ့ခြင်းဖြင့် ယာကုပ်၏မိသားစုကို ဝိညာဉ်ရေးအရ ကြွယ်ဝစေသည်။ ဘုရားသခင့်မျက်နှာသာရရှိထားသူတို့ကို ကောင်းကင်တမန်များ ကြည့်ရှုပေးနိုင်ကြောင်း ယာကုပ်သိရှိခဲ့ရပြီး ဘုရားသခင့်ကာကွယ်စောင့်ရှောက်မှုရမည်ဟုလည်း သူယုံကြည်စိတ်ချနိုင်ခဲ့သည်။ ကျေးဇူးတင်ကြောင်းအသိအမှတ်ပြုသည့်အနေဖြင့် ယာကုပ်သည် ယေဟောဝါအားတည်ကြည်ရန် အဓိဋ္ဌာန်ပြုခဲ့သည်။—ကမ္ဘာဦး ၂၈:၁၆-၂၂။
ယာကုပ်သည် ဧသော၏အမွေအနှစ်ကို အတင်းအဓမ္မ မလုယူခဲ့ပေ။ အဆိုပါယောက်ျားလေးများ မမွေးမီကပင် “အကြီးသည် အငယ်၌ ကျွန်ခံရလိမ့်မည်” ဟုယေဟောဝါမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၂၅:၂၃) သို့ဖြစ်၍ တစ်ဦးတစ်ယောက်က ‘ဘုရားသခင်က ယာကုပ်ကို အရင်မွေးစေလျှင် ပိုလွယ်မသွားဘူးလား’ ဟုမေးပေမည်။ နောက်ပိုင်းအဖြစ်အပျက်များက အရေးကြီးသောအမှန်တရားများကို သွန်သင်ပေးသည်။ မိမိသည်ကောင်းချီးခံစားပိုင်ခွင့်ရှိသည်ဟု ယူမှတ်သူတို့အတွက် ဘုရားသခင်သည် ကောင်းချီးများ လျာမထားပေးပါ၊ သို့သော် ကိုယ်တော်ရွေးကောက်ထားသူတို့အား မခံစားထိုက်သောကြင်နာမှု ပြတော်မူ၏။ သို့နှင့် သားဦးအရိုက်အရာကို တန်ဖိုးမထားတတ်သည့် အစ်ကိုကြီးမရဘဲ ယာကုပ်ရလေသည်။ အလားတူ၊ ဇာတိဂျူးများသည် လူမျိုးအလိုက် ဧသောကဲ့သို့သော သဘောထားကို တင်ပြခဲ့ကြသောကြောင့် ဝိညာဉ်ရေးဣသရေလလူမျိုးဖြင့် အစားထိုးခြင်းကို ခံလိုက်ရလေသည်။ (ရောမ ၉:၆-၁၆၊ ၂၄) လူတစ်ဦးသည် ဘုရားသခင်ကိုကြောက်ရွံ့သည့်မိသားစု သို့မဟုတ် ဝန်းကျင်အခြေအနေတွင် မွေးဖွားကြီးပြင်းလာသည့်တိုင် အားစိုက်ထုတ်ခြင်းမရှိဘဲ ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေးကို ယနေ့ အလိုလိုရမည်မဟုတ်။ ဘုရားသခင်၏ကောင်းချီးခံစားလိုသူတိုင်း ဘုရားသခင်ရေးရာစိတ်ဓာတ်ရှိရမည်၊ ဝိညာဉ်ရေးရာများကို အမှန်တကယ်တန်ဖိုးထားလေးမြတ်ရမည်။
လာဗန်၏ကြိုဆိုခြင်းခံရ
မိမိ၏ဆွေမျိုးများအကြား ဇနီးရှာရန် ပါဒနာရသို့ရောက်သောအခါ လာဗန်၏သမီး၊ သူ၏ဝမ်းကွဲ ရာခေလကို ရေတွင်းတစ်တွင်း၌ တွေ့ဆုံ၍ သူထိန်းကျောင်းနေသည့်တိရစ္ဆာန်များကို ရေတိုက်ရန် ရေတွင်းကိုအုပ်ထားသည့် လေးလံသောကျောက်တုံးကို ဖယ်ပေးခဲ့သည်။ * ရာခေလသည် ယာကုပ်ရောက်ရှိနေကြောင်းကို အိမ်သို့ တစ်ဟုန်ထိုးပြေးသွား၍ အသိပေးလိုက်ရာ လာဗန်သည် သူ့အား ကပျာကယာထွက်ကြိုဆိုလေသည်။ အာဗြဟံ၏ကျွန်ထံမှ သူ့မိသားစုရရှိခဲ့သည့် ဥစ္စာပစ္စည်းများကို လာဗန်ပြန်အမှတ်ရနေမည်ဆိုလျှင် ယခု သူစိတ်ပျက်ရတော့သည်၊ အကြောင်းမှာယာကုပ်သည် လက်ချည်းသက်သက် ရောက်လာခဲ့သောကြောင့်ဖြစ်၏။ သို့သော် လာဗန်သည် အလုပ်ကြိုးစားမည့် အလုပ်သမားတစ်ဦးကိုတွေ့ ပြီး ကိုယ်ကျိုးအတွက် အမြတ်ထုတ် အသုံးပြုနိုင်မည်ကို တွေ့ မြင်လိုက်သည်။—ကမ္ဘာဦး ၂၈:၁-၅; ၂၉:၁-၁၄။
ယာကုပ်က မိမိ၏အဖြစ်အပျက်ကို ပြောပြ၏။ သားဦးအရိုက်အရာကို ပရိယာယ်သုံး၍ယူခဲ့ကြောင်း သူပြောမပြောကိုကား အတိအကျမသိရချေ၊ သို့သော် “အမှုအရာရှိသမျှကို” ကြားသိပြီးနောက် လာဗန်က “အကယ်စင်စစ် သင်သည် ငါ့အရိုး၊ ငါ့အသားပင်ဖြစ်၏” ဟုပြောဆိုခဲ့သည်။ ပညာရှင်တစ်ဦးက ဤစကားသည် ယာကုပ်အား လှိုက်လှဲစွာဖိတ်ခေါ်လိုက်ခြင်း၊ သို့မဟုတ် ဆွေမျိုးတော်စပ်သဖြင့် လာဗန်သည် သူ့ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ၏ဟု ဝန်ခံလိုက်ခြင်း သဘောသက်ရောက်နိုင်သည်ဟုဆို၏။ မည်သို့ပင်ဆိုစေကာမူ လာဗန်သည် မိမိ၏တူတော်မောင်အား သူမည်သို့အသုံးချနိုင်ကြောင်းကို မကြာမီ စေ့စေ့စဉ်းစားဆင်ခြင်လေသည်။
ထို့နောက် လာဗန်သည် နောက်အနှစ် ၂၀ ကျော်တိုင် ရန်လိုစရာဖြစ်လာသည့်ကိစ္စကို ပေါ်စေလေသည်။ သူက “သင်သည် ငါ့တူဖြစ်သောကြောင့်၊ အကျိုးမဲ့ကျွန်ခံရပါမည်လော။ ခံလိုသောအခကို ငါ့အားပြောလော့” ဟုမေးခဲ့၏။ လာဗန်သည် သဘောကောင်းသောဦးလေးဟန်ဆောင်ခဲ့သော်လည်း သွေးသားတော်စပ်သည့်ယာကုပ်အား သူ၏အစေကိုခံဖို့ သဘောတူစေခဲ့သည်။ ယာကုပ်သည် ရာခေလကို အလွန်ချစ်မြတ်နိုးနေရာ “ဦးရီးသမီးအငယ် ရာခေလကိုရခြင်းငှာ ခုနစ်နှစ်အစေခံပါမည်” ဟု ပြန်ဖြေဆိုခဲ့သည်။—ကမ္ဘာဦး ၂၉:၁၅-၂၀၊ သမ္မာ။
သတို့သမီး၏မိသားစုကို ကွမ်းဖိုးပေးခြင်းဖြင့် စေ့စပ်ကြောင်းလမ်းလေ့ရှိသည်။ နောက်ပိုင်းတွင် မောရှေပညတ်က သွေးဆောင်ဖြားယောင်းခံရသည့် အပျိုကညာများအတွက် ပေးဆောင်ရန်တန်ဖိုးမှာ ငွေအချိန်ငါးဆယ်ဖြစ်ရမည်ဟု သတ်မှတ်လိုက်သည်။ ပညာရှင် ဂေါ်ဒွန် ဝင်ဟမ်က ယင်းသည် “ကွမ်းဖိုးအများဆုံး” ဖြစ်သော်လည်း ကွမ်းဖိုးအများစုမှာ “အလွန့်အလွန်နည်း” ကြောင်း ယူဆသည်။ (တရားဟောရာ ၂၂:၂၈၊ ၂၉) ယာကုပ်မူကား ကွမ်းဖိုးမပေးနိုင်ခဲ့ပေ။ ထို့ကြောင့် လာဗန်အတွက် ခုနစ်နှစ်အစေခံမည်ဟု သူဆိုခဲ့သည်။ “ရှေးခေတ် ဗာဗုလုန်အချိန်က ပျံကျအလုပ်သမားများသည် တစ်လလျှင် ငွေတစ်ဝက်နှင့် တစ်ကျပ်အကြားရရှိခဲ့ကြရာ ယာကုပ်သည် ရာခေလကိုလက်ထပ်ရန်ကွမ်းဖိုးအဖြစ် (ခုနစ်နှစ်အပြည့်တွင် ငွေအချိန်မှာ ၄၂ မှ ၈၄ အထိဖြစ်) လာဗန်အား ရက်ရက်ရောရော ပေးလေသည်” ဟု ဝင်ဟမ်ကဆက်ဆိုသည်။ လာဗန်သည် ရှောရှောရှူရှူလက်ခံလိုက်၏။—ကမ္ဘာဦး ၂၉:၁၉။
ယာကုပ်သည် ရာခေလအား အလွန်ချစ်မြတ်နိုးသဖြင့် သူ့အတွက် ခုနစ်နှစ်ဟူသည် “ရက်အနည်းငယ်မျှသာ” ဖြစ်ဟန်တူသည်။ ထို့နောက် လာဗန်သည် သူ့ကိုလှည့်စားလိမ့်မည်ဟု နည်းနည်းမျှသံသယမဝင်ဘဲ ဇာပဝါလွှမ်းခြုံထားသည့် သတို့သမီးကို သူအပိုင်သိမ်းပိုက်လိုက်သည်။ နောက်တစ်နေ့နံနက်တွင် မိမိသည် ရာခေလနှင့်မဟုတ်ဘဲ သူ့အစ်မလေအာနှင့်အတူ အိပ်စက်မိသည်ကိုတွေ့လိုက်ရသောအခါ သူအပြင်းအထန်စိတ်ထိခိုက်သွားသည်ကို မြင်ယောင်ကြည့်လိုက်ပါ! ယာကုပ်က “ကျွန်တော်၌ပြုသောအမှုကား အဘယ်သို့နည်း။ ရာခေလကိုရခြင်းငှာ အစေခံခဲ့ပြီမဟုတ်လော။ ကျွန်တော့်ကို အဘယ်ကြောင့်လှည့်စားရသနည်း” ဟုဆို၏။ လာဗန်က “ငါတို့ပြည်၌ သမီးအကြီးကိုမထိမ်းမြားမီ အငယ်ကိုမထိမ်းမြားတတ်။ ခုနစ်ရက်စေ့အောင်သူနှင့်နေဦးလော့။ နောက်တစ်ဖန် ခုနစ်နှစ်ဆက်လက်အစေခံရမည်အတွက် ရာခေလကိုလည်း သင်အားထိမ်းမြားမည်” ဟုပြန်ပြောလေသည်။ (ကမ္ဘာဦး ၂၉:၂၀-၂၇၊ သမ္မာ) အကွက်ဆင်ခံရ၍ ချေပနိုင်စွမ်းမရှိတော့သည့် ယာကုပ်သည် ရာခေလကိုရယူလိုပါက ထိုသတ်မှတ်ချက်များကို လက်ခံရပေတော့မည်။
နောက်ခုနစ်နှစ်သည် ပထမခုနစ်နှစ်နှင့်မတူဘဲ အလွန်ခံရခက်လှသည်။ လာဗန်၏ ယုတ်မာသောသဘောကို ယာကုပ်မည်သို့ခွင့်လွှတ်နိုင်မည်နည်း။ ကြံရာပါလေအာကိုလည်း မည်သို့ခွင့်လွှတ်နိုင်ပါမည်နည်း။ လာဗန်သည် လေအာနှင့်ရာခေလတို့အတွက် သူအသင့်ပြင်ဆင်ပေးလိုက်သည့် ကသောင်းကနင်းနိုင်လှသောအနာဂတ်ကို လုံးဝစိတ်မဝင်စားခဲ့ပေ။ ကိုယ်ကျိုးကိုသာ သူရှာခဲ့၏။ ရာခေလခမျာ မြုံနေစဉ် လေအာက သားချည်းလေးယောက် ဆက်တိုက်မွေးဖွားလာသည့်အခါ မနာလိုမှုမှ နာကြည်းမှုထပ်၍ပေါ်လာ၏။ ထို့နောက် ရာခေလသည် ကြံရာမရသည့်အဆုံး သားသမီးရလိုရငြား သူ၏အစေခံကျွန်မကို ကိုယ်စားမိခင်အဖြစ်ပေးလိုက်သည်၊ ပြိုင်ဆိုင်လိုစိတ်ကြောင့် လေအာကလည်း ထပ်တူပြုလေသည်။ ယာကုပ်ခမျာ ဇနီး ၄ ဦး၊ ကလေး ၁၂ ယောက်နှင့် ပျော်ရွှင်မှုမရှိသည့်မိသားစုထမ်းပိုးကို ထမ်းနေရရှာသည်။ သို့တိုင် ယေဟောဝါသည် ယာကုပ်အား လူမျိုးကြီးတစ်မျိုးဖြစ်လာနေစေ၏။—ကမ္ဘာဦး ၂၉:၂၈–၃၀:၂၄။
ယေဟောဝါကြောင့် ကြွယ်ဝလာ
အခက်အခဲအမျိုးမျိုးကြား ဘုရားသခင်သည် ကတိပြုထားသည့်အတိုင်း သူနှင့်အတူရှိနေကြောင်းကို ယာကုပ်ရိပ်စားမိခဲ့သည်။ လာဗန်လည်း ရိပ်မိသည်၊ အကြောင်းမှာ မိမိ၌ တိရစ္ဆာန်အနည်းငယ်သာရှိရာမှ ယာကုပ်ရောက်လာ၍ ကြည့်ရှုစောင့်ရှောက်ပေးမှုကြောင့် ကောင်ရေပွားများလာခဲ့သည်။ ယာကုပ်အား ထွက်ခွာမသွားစေလိုသဖြင့် လာဗန်က နောက်ထပ်အစေခံသည့်အတွက် လုပ်အားခကိုသတ်မှတ်ရန် သူ့အားကမ်းလှမ်းလိုက်သည်၊ ယာကုပ်က လာဗန်၏တိရစ္ဆာန်အုပ်တွင် ထူးခြားသည့်အရောင်ဖြင့်မွေးလာသည့် တိရစ္ဆာန်များကို တောင်းခံလိုက်သည်။ ထိုဒေသတွင် သိုးအများသည် အဖြူရောင်ဖြစ်ပြီး ဆိတ်များမှာ အမည်းရောင် သို့မဟုတ် အညိုရင့်ရောင်ဖြစ်ကြသည်; အနည်းငယ်သာ အစက်အပြောက်ရှိသည်ဟုဆို၏။ ထို့ကြောင့် သူ့အတွက် အခွင့်အရေးသာနေပြီဟုထင်မှတ်လျက် လာဗန်သည် ရှောရှောရှူရှူသဘောတူလိုက်ကာ ထူးခြားစွာ အမှတ်အသားများပြုထားသည့် သူ၏တိရစ္ဆာန်အားလုံးကို ယာကုပ်၏တိရစ္ဆာန်အုပ်နှင့် မရောနှောသွားစေရန် ဝေးရာသို့ ချက်ချင်း ပြောင်းရွှေ့လိုက်၏။ အများအားဖြင့် လုပ်အားခအဖြစ် ရှေးကသိုးထိန်းများရရှိကြသည့် မွေးကင်းစ ဆိတ်ကလေးများနှင့် သိုးကလေးများ၏ ၂၀ ရာခိုင်နှုန်း ရဖို့မဆိုနှင့် သူတို့၏သဘောတူညီချက်အရ ယာကုပ်သည် အကျိုးကျေးဇူးမရသလောက်ဖြစ်မည်ဟု သူယူမှတ်ကြောင်း ထင်ရှားသည်။ သို့သော် လာဗန်အတွက်မှားသွားသည်၊ အကြောင်းမှာ ယာကုပ်နှင့်အတူ ယေဟောဝါရှိသောကြောင့်ဖြစ်၏။—ကမ္ဘာဦး ၃၀:၂၅-၃၆။
ဘုရားသခင်၏လမ်းညွှန်မှုဖြင့် ယာကုပ်သည် မိမိအလိုရှိရာအရောင်ပါသည့် သန်မာကြံ့ခိုင်သော တိရစ္ဆာန်များကို မွေးမြူခဲ့ရသည်။ (ကမ္ဘာဦး ၃၀:၃၇-၄၂) တိရစ္ဆာန်မွေးမြူရေးနှင့်ပတ်သက်၍ သူ၏အယူအဆများမှာ ကျိုးကြောင်းညီညွတ်မှုမရှိချေ။ သို့ဖြစ်လျက်ပင် “သိပ္ပံနည်းအရ အကွက်အကျားဖြစ်ပေါ်စေရန် မျိုးရိုးဗီဇငုပ်နေသည့် တစ်ရောင်တည်းရှိ တိရစ္ဆာန်များကို ဆက်တိုက် အမျိုးစပ်ပေးလိုက်ခြင်းဖြင့် လိုအပ်သောအကျိုးရလဒ်များကို ရရှိနိုင်သည်ဖြစ်၏။ ယင်းသို့သော တိရစ္ဆာန်များကို [၎င်းတို့၏] မျိုးစပ်သန်မာကြံ့ခိုင်မှုကိုထောက်၍ ခွဲခြားသိရှိနိုင်သည်” ဟု ပညာရှင် နာဟုံ ဆာနာကရှင်းပြသည်။
အကျိုးရလဒ်များကို သတိပြုမိလျက် လာဗန်သည် မိမိ၏တူတော်မောင် ပိုင်ဆိုင်သည့် အစင်းအကြောင်း၊ အစက်အပြောက်၊ အရောင်ကွက်ကျားဖြစ်နေသော တိရစ္ဆာန်များနှင့်ပတ်သက်၍ သဘောတူညီချက်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့သည်။ သူသည် မိမိအကျိုးကိုသာ ရှာကြံပြုလုပ်နေ၏၊ သို့သော် နှစ်ဦးသဘောတူညီချက်ကို လာဗန်မည်သို့ပင် ပြောင်းလဲပြုပြင်ပါစေ ယေဟောဝါသည် ယာကုပ်အား အမြဲ တိုးတက်ကြီးပွားနေစေတော်မူသည်။ ထို့ကြောင့် လာဗန်သည် အံကြိတ်လျက်သာ နေ,နေရသည်။ မကြာမီ ယာကုပ်သည် မိမိ၏ကိုယ်ပိုင်ဉာဏ်ကြောင့်မဟုတ်ဘဲ ယေဟောဝါ၏ထောက်မကူညီမှုကြောင့် သိုးအုပ်များ၊ အစေခံကျွန်များ၊ ကုလားအုတ်များနှင့် မြည်းများ အမြောက်အမြား စုဆောင်းမိ၍ ကြီးပွားချမ်းသာလာလေသည်။ နောက်ပိုင်းတွင် ရာခေလနှင့် လေအာတို့အား သူဤသို့ရှင်းပြလေသည်– “သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သောအခကို ဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှာ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။ . . . ဘုရားသခင်သည်၊ သင်တို့အဘ၏တိရစ္ဆာန်တို့ကိုနုတ်၍ ငါ့အားပေးတော်မူပြီ။” ယေဟောဝါသည် လာဗန်ပြုလေသမျှကို မြင်တော်မူကြောင်းနှင့် ယာကုပ်သည် စိတ်ပူစရာမလိုကြောင်းကို သူ့အား စိတ်ချစေတော်မူခဲ့သည်။ ဘုရားသခင်က “သင်၏ . . . ပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါသည် သင့်ဘက်၌ရှိနေမည်” ဟု မိန့်တော်မူခဲ့၏။—ကမ္ဘာဦး ၃၁:၁-၁၃; ၃၂:၉။
ယာကုပ်သည် စဉ်းလဲကောက်ကျစ်သည့် လာဗန်ထံမှ အဆုံးတွင် ထွက်ခွာသွားနိုင်ခဲ့ပြီး မိမိနေရပ်သို့ ပြန်လေသည်။ အနှစ် ၂၀ ကုန်လွန်ခဲ့ပြီဖြစ်သော်လည်း ဧသောကို သူကြောက်နေရဆဲပင်၊ အထူးသဖြင့် ဧသောသည် လူလေးရာနှင့်ချီတက်လာနေကြောင်း သတင်းကြားရသည့်အချိန်တွင် ပို၍ပင်ကြောက်လေ၏။ ယာကုပ် အဘယ်အရာပြုလုပ်နိုင်မည်နည်း။ ဘုရားသခင်အား အမြဲယုံကြည်ကိုးစားသည့် ဝိညာဉ်ရေးလူအနေနှင့် ယုံကြည်ခြင်းဖြင့် လုပ်ဆောင်ခဲ့သည်။ သူသည် ကိုယ်တော်ထံဆုတောင်းလေ၏၊ ယေဟောဝါ၏ရက်ရောမှုကို သူမခံစားထိုက်ကြောင်းနှင့် ကိုယ်တော်၏ကတိတော်များအပေါ်အခြေပြု၍ သူနှင့်သူ့မိသားစုကို ဧသောလက်မှ ကယ်နုတ်ပါမည်အကြောင်း ဘုရားသခင်ထံအသနားခံခဲ့သည်။—ကမ္ဘာဦး ၃၂:၂-၁၂။
ထို့နောက် မမျှော်လင့်သည့်အရာ ဖြစ်ပျက်လာ၏။ ညအချိန်တွင် ကောင်းကင်တမန်တစ်ပါးဖြစ်နေသည့် သူစိမ်းတစ်ဦးက ယာကုပ်နှင့်လုံးထွေးသတ်ပုတ်ခဲ့ရာ သူ၏ပေါင်ရင်း အဆစ်ပြုတ်ထွက်သွားသည်အထိ ပြုခဲ့သည်။ ကောင်းကင်တမန်သည် ယာကုပ်ကို ကောင်းချီး အလျင်မပေးလျှင် ထွက်သွားခွင့်ပြုမည်မဟုတ်ဟု ယာကုပ်ဆိုခဲ့သည်။ ယာကုပ်သည် “ငိုကြွေး၍ အသနားတော်ခံခွင့်ကိုရခဲ့လေ၏” ဟု ပရောဖက်ဟောရှေက နောက်ပိုင်းတွင်မိန့်ဆိုခဲ့၏။ (ဟောရှေ ၁၂:၂-၄၊ သမ; ကမ္ဘာဦး ၃၂:၂၄-၂၉) ယခင်က ကောင်းကင်တမန်များပေါ်လာခြင်းသည် အာဗြဟံမျိုးနွယ်မှတစ်ဆင့် အာဗြဟံနှင့်ဖွဲ့သောပဋိညာဉ် ပြည့်စုံခြင်းနှင့်သက်ဆိုင်ကြောင်း ယာကုပ်သိရှိခဲ့သည်။ ထို့ကြောင့် အားသွန်ခွန်စိုက် နပန်းလုံးခဲ့ရာ နောက်ဆုံး ကောင်းချီးရသွားလေသည်။ ဤအချိန်တွင် ဘုရားသခင်က သူ၏အမည်ကို “ဘုရားသခင်နှင့် ဆိုင်ပြိုင်သူ (ဇွဲမလျှော့ဆိုင်ပြိုင်သူ)၊” သို့မဟုတ် “ဘုရားသခင်ဆိုင်ပြိုင်သည်” ဟုအဓိပ္ပာယ်ရသည့် ဣသရေလသို့ ပြောင်းလဲပေးခဲ့သည်။
သင်သည် နပန်းလုံးလိုသလော
ယာကုပ်ကျော်လွှားခဲ့ရသည့် အကျပ်အတည်းများမှာ ကောင်းကင်တမန်နှင့်နပန်းလုံးခြင်း၊ ဧသောနှင့်ပြန်လည်သင့်မြတ်ခြင်းတို့သာလျှင်မဟုတ်ပါ။ သို့တိုင်၊ ဤတွင်သုံးသပ်ထားသည့် အဖြစ်အပျက်များက သူသည် အဘယ်သို့သောလူစားမျိုးဖြစ်သည်ကို ဖော်ပြသည်။ ယာကုပ်သည် ကောင်းချီးများခံစားရရန် သူ့ဘဝတစ်လျှောက်လုံး ရုန်းကန်ခဲ့ရ၏၊ ကောင်းကင်တမန်တစ်ပါးနှင့်ပင် နပန်းလုံးခဲ့သည်အထိ ကြိုးစားခဲ့ရ၏၊ ဧသောကမူ မိမိ၏သားဦးအရိုက်အရာအတွက် ဆာလောင်မှုကို မမျိုသိပ်နိုင်ခဲ့ချေ။ ဘုရားသခင်ကတိပြုခဲ့သည့်အတိုင်း ယာကုပ်သည် ကိုယ်တော်၏လမ်းညွှန်မှုနှင့် ကာကွယ်စောင့်ရှောက်မှုရရှိခဲ့သဖြင့် လူမျိုးကြီးတစ်မျိုး၏ ဘိုးဘေးသာမက မေရှိယ၏ ဘိုးဘေးလည်း ဖြစ်ခွင့်ရလေသည်။—မဿဲ ၁:၂၊ ၁၆။
သင်သည် ယေဟောဝါ၏မျက်နှာသာတော်ရရန် နပန်းလုံးရသကဲ့သို့ပင် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်လိုပါသလော။ ဘုရားသခင့်အလိုတော်ဆောင်လိုသူတို့အတွက် ယနေ့ခေတ် လူ့ဘဝသည် အခက်အခဲများ၊ စိန်ခေါ်ချက်များနှင့် ပြည့်နှက်နေပြီး တစ်ခါတစ်ရံ မှန်ကန်သည့် ဆုံးဖြတ်ချက်များချဖို့ အလွန်အားစိုက်ကြရမည်။ သို့ရာတွင် ကျွန်ုပ်တို့ရှေ့ ယေဟောဝါချပေးထားသည့် ဆုကျေးဇူးရမည့်မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရန် ယာကုပ်၏ပုံသက်သေကောင်းက တကယ်အားပေးမှုဖြစ်သည်။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ယာကုပ်သည် ကောင်းချီးများခံစားရရန် ဘဝတစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 အဆိုပါတွေ့ဆုံချိန်သည် ဧလျာဇာ၏ကုလားအုတ်များကို ရေတိုက်ခဲ့သည့် ယာကုပ်၏မိခင်၊ ရေဗက္က၏အဖြစ်အပျက်နှင့် ဆင်တူသည်။ ထိုစဉ်က ရေဗက္ကသည် သူစိမ်းတစ်ဦးရောက်ရှိနေကြောင်း အိမ်သို့ပြန်ပြေး၍ ပြောပြခဲ့သည်။ သူ၏ညီမ လက်ဆောင်ရရှိခဲ့သည့် ရွှေကိုတွေ့ မြင်လိုက်သောအခါ လာဗန်သည် ဧလျာဇာကို ပြေး၍ကြိုဆိုခဲ့သည်။—ကမ္ဘာဦး ၂၄:၂၈-၃၁၊ ၅၃။