မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်တို့အသိပညာ၌ ချုပ်တည်းခြင်း ထပ်ဆင့်ကြလော့

သင်တို့အသိပညာ၌ ချုပ်တည်းခြင်း ထပ်ဆင့်ကြလော့

သင်တို့​အသိပညာ၌ ချုပ်တည်း​ခြင်း ထပ်ဆင့်​ကြလော့

‘သင်တို့၏​အသိပညာ၌ ချုပ်တည်း​ခြင်း​ကို ထပ်ဆင့်​ကြလော့။’—၂ ပေတရု ၁:၅-၈၊ က​ဘ။

၁။ လူ့​ပြဿနာ​များစွာ​သည် အဘယ်​မတတ်စွမ်းမှု​ကြောင့် ဖြစ်ပေါ်​လာ​သနည်း။

မူးယစ်​ဆေးဝါး တလွဲ​အသုံးပြုခြင်း​ကို ဆန့်ကျင်​သည့် ကင်ပိန်း​ကြီး​တစ်ခု​အတွင်း ယူနိုက်တက်​စ​တိတ်​မှ လူငယ်များ​ကို ဤသို့​သတိပေး​ခဲ့​သည်– မူးယစ်​ဆေးဝါး တလွဲ​အသုံးပြုခြင်း​သာမက သောက်ကြူး​ခြင်း၊ ပညာ​မဲ့​သော သို့​မဟုတ် အကျင့်ပျက်​သော​ဘဝ​ပုံစံ​များ၊ မ​သ​မာ​သည့်​စီးပွားရေး​လုပ်ငန်းများ​နှင့် “ကိုယ်ကာယ​၏​တပ်မက်​ခြင်း” တို့ကို “ငြင်း” လိုက်ပါ! (ရောမ ၁၃:၁၄) သို့​တိုင် ထိုသို့​ငြင်းဆို​ရန် အမြဲ​လွယ်ကူ​သည်​ဟု မည်သူ​ပြော​နိုင်​မည်​နည်း။

၂။ (က) ငြင်းဆို​ရန် အခက်တွေ့​ခြင်း​သည် အဆန်း​မဟုတ်​ကြောင်း အဘယ်​ကျမ်းစာ​ပုံ​နမူနာ​များ​က ဖော်ပြ​သနည်း။ (ခ) အဆိုပါ​ပုံ​နမူနာ​များ​က ကျွန်ုပ်​တို့ကို အဘယ်အရာ​ပြုလုပ်​ရန် အားပေး​သင့်​သနည်း။

မစုံလင်​သော​လူသား​အားလုံး​သည် မိမိတို့​ကိုယ်ကို​မချုပ်တည်း​နိုင်​ကြသော​ကြောင့် ကျွန်ုပ်​တို့​တွေ့ကြုံ​ရသည့် မည်သည့်​ချို့တဲ့ချက်​များ​ကို​မဆို အနိုင်ယူ​တတ်​ဖို့ သင်ယူ​ထား​သင့်​သည်။ ဘုရားသခင်​၏​အမှုတော်ကို ကြိုးစား​ထမ်းဆောင်​ခဲ့​သော်လည်း ငြင်းဆို​ရန် တစ်ခါတစ်ရံ အခက်တွေ့​ခဲ့​ကြ​သည့် အတိတ်​က လူ​အချို့​အကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ ဗာသရှေဘ​နှင့် ဒါဝိဒ်​ပြု​ခဲ့​သော သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​အပြစ်ကို သတိရပါ။ ယင်းကြောင့် ပြစ်မှား​၍​ရခဲ့​သည့်​ကလေး​နှင့် ဗာသရှေဘ​၏​ခင်ပွန်း​တို့ သေဆုံး​ခဲ့​ရ​ရှာ​သည်၊ သူတို့​နှစ်ဦးစလုံး​တွင် အပြစ်​မရှိကြ​ချေ။ (၂ ဓမ္မ​ရာဇဝင် ၁၁:၁-၂၇; ၁၂:၁၅-၁၈) “ငါသည် ကျင့်​ချင်​သော​အကျင့်ကောင်း​ကို​မကျင့်၊ မကျင့်​ချင်​သော​အကျင့်ဆိုး​ကို​ကျင့်​၏” ဟူ၍ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့​သော တမန်​တော်​ပေါလု​ကိုလည်း သတိရပါ။ (ရောမ ၇:၁၉) သင်သည် တစ်ခါတစ်ရံ ထိုသို့​အားမလိုအားမရ​ဖြစ်​ဖူး​သလော။ ပေါလု​က ဤသို့​ဆက်ဆို​၏– “ငါသည် အတွင်းလူ​အားဖြင့် ဘုရားသခင်​၏​ပညတ်တရား​တော်​ကို နှစ်သက်​၏။ သို့သော်လည်း ငါ့​ကိုယ်​အင်္ဂါများ​၌​ရှိသော တရား​တစ်ပါး​သည် စိတ်​ဝိညာဉ်​တရားကို ဆိုင်ပြိုင်​တိုက်လှန်​သဖြင့်၊ ငါ့​ကိုယ်​အင်္ဂါများ​၌​ရှိသော အပြစ်​တရား​လက်​သို့ ငါ့ကို​ဖမ်းသွား​အပ်နှံ​သည်ကို ငါ​မြင်​၏။ ငါသည် ငြိုငြင်​သော​သူ​ဖြစ်ပါ​သည်​တကား။ ဤ​အသေကောင်​မှ ငါ့ကို အဘယ်သူ​ကယ်လွှတ်​မည်​နည်း။” (ရောမ ၇:၂၂-၂၄) ကျမ်းစာ​ပုံ​နမူနာ​များ​က မိမိကိုယ်ကို ပိုမို​ချုပ်တည်း​နိုင်​ရန် ကြိုးစား​အားထုတ်ခြင်း​ကို ဘယ်တော့မှ လက်မလျှော့​လိုက်​ဖို့ သန္နိ​ဋ္ဌာန်​ကို ခိုင်မာ​စေ​သင့်​သည်။

ချုပ်တည်း​ခြင်း၊ သင်ယူစရာ​သင်ခန်းစာ​တစ်ခု

၃။ ချုပ်တည်း​ခြင်း​ရှိ​ရန် လွယ်ကူ​လိမ့်​မည်​ဟု မယူမှတ်​နိုင်​ကြောင်း ရှင်းပြပါ။

ငြင်းဆို​နိုင်စွမ်း​ရှိသည့် ချုပ်တည်း​ခြင်း​ကို ၂ ပေတရု ၁:၅-၇ တွင် ယုံကြည်ခြင်း၊ အကျင့်ကောင်း​ခြင်း၊ အသိပညာ၊ ခံနိုင်ရည်၊ ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း၊ ညီအစ်ကို,ကို​စုံမက်ခြင်း​နှင့် ချစ်ခြင်း​မေတ္တာ​တို့​ဖြင့်​တွဲဖက်​၍ ဖော်ပြ​ထား​သည်။ ဖော်ပြ​ပါ နှစ်သက်ဖွယ် အရည်အသွေးများ​တစ်ခု​မျှ​သည် မွေးရာပါ​မဟုတ်​ချေ။ ၎င်းတို့ကို ပျိုးထောင်​ရမည်​ဖြစ်သည်။ သန္နိ​ဋ္ဌာန်​ချ​၍ ကြိုးစား​အားထုတ်​မှ​သာ ယင်း​တို့ကို အထင်အရှား​ဖော်ပြ​နိုင်​မည်။ သို့​ဖြစ်​လျှင် ချုပ်တည်း​ခြင်း​သည် သာ၍​လွယ်ကူ​လိမ့်​မည်​ဟု ယူမှတ်​သင့်​သလော။

၄။ ချုပ်တည်း​ခြင်း​နှင့်​စပ်လျဉ်း၍ မိမိ​တွင် အဘယ်​ပြဿနာ​မျှ​မရှိ​ဟု လူအများ အဘယ်ကြောင့် ယူမှတ်​ကြ​သနည်း၊ သို့သော် ယင်းက အဘယ်အရာ၏ သာဓက​ဖြစ်သနည်း။

ချုပ်တည်း​ခြင်း​နှင့်​ပတ်သက်​၍ မိမိ​တွင် အဘယ်​ပြဿနာ​မျှ​မရှိ​ဟု ယူမှတ်​သူ သန်းနှင့်ချီ​ရှိ​ပေမည်။ သူတို့သည် သိ​လျက်​ဖြစ်စေ၊ မသိ​လျက်​ဖြစ်စေ မစုံလင်​သော​သွေးသား​၏ စေ​စား​ရာ​ကို ပြုမူ​ကြ​ရာ​တွင် ကိုယ့်​အပေါ်​ဖြစ်စေ၊ သူတစ်ပါး​အပေါ်​ဖြစ်စေ သက်ရောက်​နိုင်​သည့် အကျိုးဆက်များ​ကို မစဉ်း​စား​မဆင်​ခြင်​ဘဲ စိတ်တိုင်းကျ​နေထိုင်ကြ​သည်။ (ယုဒ ၁၀) ငြင်းဆို​နိုင်စွမ်း​နှင့် ငြင်းဆို​လို​စိတ်​မရှိခြင်း​တို့သည် ယခင်​က​ထက် ယခု ပိုမို​ထင်ရှား​လာ​လေ​ပြီ။ ယင်းက ပေါလု​ပြော​ခဲ့​သည့် ‘နောက်ဆုံးသော​ကာလ’ တွင်​ကျွန်ုပ်​တို့ အသက်​ရှင်​နေကြ​ရ​ကြောင်း သာဓက​ဖြစ်သည်၊ သူ​ဤသို့​ကြို​ဟောခဲ့​သည်– “ခဲယဉ်း​သော​ကာလ​ဖြစ်​မည်​ဟု သိမှတ်​လော့။ အဘယ်​သို့​နည်း​ဟူ​မူ​ကား၊ လူတို့သည် ကိုယ်ကို​ကိုယ်​ချစ်သော​သူ၊ ငွေ​ကို​တပ်မက်သော​သူ၊ ဝါကြွား​သော​သူ၊ ထောင်လွှား​စော်ကား​သော​သူ၊ သူ့​အသရေ​ကို​ရှုတ်ချ​သော​သူ၊ . . . မချုပ်တည်း​နိုင်သော​သူ . . . ဖြစ်​ကြလိမ့်မည်။”—၂ တိမောသေ ၃:၁-၃

၅။ ယေဟောဝါသက်သေ​များသည် ချုပ်တည်း​ခြင်း​အကြောင်းအရာကို အဘယ်ကြောင့် စိတ်ဝင်စား​ကြ​သနည်း၊ အဘယ်​အကြံပြုချက်​သည် သက်ဆိုင်​ဆဲ​ဖြစ်သနည်း။

ယေဟောဝါသက်သေ​များသည် ချုပ်တည်း​မှု​ရှိ​ရန်​အတွက် ရင်ဆိုင်​ရသော စိန်ခေါ်ချက်​ကို ကောင်းစွာ​သိထားကြသည်။ ဘုရားသခင်​၏​စံနှုန်း​များနှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​ဖြင့် ကိုယ်တော့်​စိတ်တော်နှင့် တွေ့​လို​သော​ဆန္ဒ​သည် မစုံလင်​သော​အသွေးအသား​၏ စေ​စား​ရာ​လမ်းစဉ်​နှင့် ဆိုင်ပြိုင်​တိုက်လှန်​နေရ​ကြောင်း ပေါလု​နည်းတူ သူတို့​သိရှိ​ကြ​၏။ ထို့​ကြောင့် သူတို့သည် ဤ​လွန်ဆွဲပွဲ​တွင် မည်သို့​အနိုင်​ရမည်​အကြောင်း သိ​လို​ကြသည်​မှာ ကြာမြင့်​ပေ​ပြီ။ ၁၉၁၆ ခုနှစ်​က ယခု သင်,ဖတ်နေ​သည့် မဂ္ဂဇင်း​၏​အစောပိုင်း စာစောင်​တစ်စောင်​တွင် “ကျွန်ုပ်​တို့​ကိုယ်ကို​ဖြစ်စေ၊ ကျွန်ုပ်​တို့၏​အတွေးအခေါ်​နှင့် အပြောအဆိုကို​မ​က အကျင့်အကြံ​တို့ကို​ပါ​ဖြစ်စေ ချုပ်တည်း​ခြင်း​နှင့်​ပတ်သက်​၍ လျောက်ပတ်​သော​နည်းလမ်း” ကို​ဖော်ပြ​ခဲ့​၏။ ဖိလိပ္ပိ ၄:၈ ကို​စိတ်ထဲ​စွဲမှတ်​ထား​ရန် အကြံပြု​ခဲ့​သည်။ လွန်ခဲ့သော​နှစ်ပေါင်း ၂,၀၀၀ ခန့်​က ထို​ကျမ်းချက်​ပါ မြင့်မြတ်​သော​အကြံပြုချက်ကို ဦးဆုံး​ပေး​ခဲ့​ပြီး ထို​အချိန် သို့​မဟုတ် ၁၉၁၆ ခုနှစ်​က​ထက် ယခု ယင်းကို လိုက်လျှောက်ရန် ပိုမို​ခက်ခဲ​နိုင်​ဖွယ်​ရှိသော်လည်း ယနေ့​တိုင် သက်ဆိုင်​ဆဲ​ပင်။ မည်သို့​ပင်​ဆို​စေ၊ ခရစ်ယာန်​များသည် လောက​တပ်မက်မှု​များ​ကို ငြင်းပယ်​ရန် ကြိုးစား​အားထုတ်​ကြ​ခြင်း​ဖြင့် မိမိတို့​ဖန်ဆင်း​ရှင်​၏​အလိုတော်ကို လိုက်လျှောက်​နေကြောင်း သိရှိ​ကြ​၏။

၆။ ချုပ်တည်း​ခြင်း​ကို ပြုစု​ပျိုးထောင်​နေစဉ် အဘယ်ကြောင့် စိတ်ပျက်​အားလျော့​စ​ရာ​အကြောင်း မရှိ​သနည်း။

ချုပ်တည်း​ခြင်း​ကို ‘သန့်ရှင်းသော​ဝိညာဉ်​တော်​အသီး’ အဖြစ် ဂလာတိ ၅:၂၂၊ ၂၃ တွင်​ဖော်ပြ​ထား​၏။ ဤ​အရည်အသွေးကို “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း” တို့​နှင့်​တွဲ၍ ထင်ရှား​စွာ​ပြ​မည်​ဆိုလျှင် အကျိုးများစွာ​ခံစားရ​လိမ့်​မည်။ ပေတရု​ဖော်ပြ​သည့်​အတိုင်း ထိုသို့​ပြုခြင်း​သည် ဘုရားသခင်​၏​အမှုတော်ကို ထမ်းဆောင်​ရာ​တွင် ‘မလှုပ်မရှား အသီး​မဲ့’ ဖြစ်လာ​ခြင်း​မှ ကာကွယ်​ပေး​လိမ့်​မည်။ (၂ ပေတရု ၁:၈) သို့သော် ဤ​အရည်အသွေးများ​ကို ကျွန်ုပ်​တို့​ပြသ​လို​သည့်​အတိုင်း အလျင်အမြန်၊ အပြည့်အစုံ မ​ပြသ​နိုင်​လျှင် စိတ်ပျက်​အားလျော့ခြင်း၊ မိမိကိုယ်ကို အပြစ်​တင်​ခြင်း မရှိသင့်​ပေ။ ကျောင်းတွင် ကျောင်းသား​တစ်ဦး​သည် တခြား​တစ်ဦး​ထက် ပို​၍​လျင်မြန်​စွာ သင်ယူ​နိုင်​သည်ကို သင်​သတိပြုမိ​ပေမည်။ သို့​မဟုတ် အလုပ်ခွင်​တွင် အလုပ်သမား​တစ်ဦး​သည် လုပ်ငန်း​သစ်​တစ်ခု​ကို အခြား​လုပ်​သ​မား​ချင်း​တို့​ထက် ပို​၍​လျင်မြန်​စွာ တတ်မြောက်​ပေမည်။ ထို​နည်းတူ အချို့​သည် တခြား​သူများ​ထက် ခရစ်ယာန်​အရည်အသွေးများ​ကို ပို​၍​လျင်မြန်​စွာ တတ်သိလာ​ပြီး ပြသ​ကြ​၏။ အရေးကြီး​သည်​မှာ ဘုရားသခင်​ရေးရာ အရည်အသွေးများ​ကို ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး ပြုစု​ပျိုးထောင်​ပေး​ရန်ဖြစ်​သည်။ ယင်းကို သမ္မာကျမ်းစာ​နှင့် အသင်းတော်​မှ​တစ်ဆင့် ယေဟောဝါ​ပြင်ဆင်​ပေး​သော အကူအညီကို အပြည့်အဝ​ခံယူ​ခြင်း​အားဖြင့် ပြုလုပ်​နိုင်​သည်။ ကျွန်ုပ်​တို့၏​ပန်းတိုင်​သို့ ရောက်ရှိ​ရန်​အတွက် အရှိန်​နှုန်း​သည် ဆက်လက်​တိုးတက်မှု​ပြု​နေ​ရန် သန္နိ​ဋ္ဌာန်​ချထား​သော အားထုတ်မှု​များ​လောက် အရေး​မကြီး​ပါ။

၇။ ချုပ်တည်း​ခြင်း​သည် အရေးပါ​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

ဝိညာဉ်​အသီးများ​တွင် ချုပ်တည်း​ခြင်း​ကို နောက်ဆုံး​မှ​ဖော်ပြ​ထား​သော်​ငြား​လည်း ၎င်း​သည် တခြား​အရည်အသွေးများ​ထက် အရေးပါမှု​တွင် မ​လျော့​ချေ။ ကျွန်ုပ်​တို့သည် မိမိကိုယ်ကို​ကောင်းစွာ​ချုပ်တည်း​နိုင်​လျှင် “ဇာတိ​ပကတိ​အကျင့်” အားလုံး​ကို ရှောင်ရှား​နိုင်​ကြောင်း စိတ်​စွဲမှတ်​ထား​သင့်​၏။ သို့​တိုင် မစုံလင်​သော​လူသား​တို့သည် “သူ့​မယား​ကို​ပြစ်မှားခြင်း၊ မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း၊ [ကိ​လေ​သာ​စိတ်]လွန်ကျူးခြင်း၊ . . . ကိုကိုး​ကွယ်​ခြင်း၊ သူတစ်ပါးကို​ပြုစားခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်း​ကွဲပြားခြင်း၊ သင်း​ခွဲခြင်း” အစ​ရှိသည့် “ဇာတိ​ပကတိ​အကျင့်” တစ်မျိုး​မျိုးကို ပြုလုပ်​မိ​တတ်ကြ​သည်။ (ဂလာတိ ၅:၁၉၊ ၂၀) သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​စိတ်နှလုံး​မှ ဉာဉ်ဆိုး​များ​ကို အမြစ်ပါ​မကျန်​ထုတ်ပစ်​ရန် အဆက်မပြတ်​တွန်းလှန်​နေကြ​ရမည်။

အချို့​သည် အထူး​ကြိုးစား​အားထုတ်​ကြ​ရ

၈။ အချို့​သူများ ချုပ်တည်း​ခြင်း​တင်ပြ​ရန် အထူး​အခက်တွေ့​စေသည့် အကြောင်း​များ​ကား အဘယ်နည်း။

အချို့​ခရစ်ယာန်​များသည် ချုပ်တည်း​ခြင်း​ရှိ​ရန် တခြား​သူများ​ထက် ပို​ခက်ခဲ​ကြသည်။ အဘယ်ကြောင့်​နည်း။ မိဘများ​၏​လေ့ကျင့်ပေး​မှု၊ သို့​မဟုတ် အတိတ်​မှ​အတွေ့အကြုံ​များ​ကြောင့် ဖြစ်​ပေမည်။ ချုပ်တည်း​ခြင်း​ကို ပြုစု​ပျိုးထောင်​ပြီး တင်ပြ​ရန်​အတွက် မိမိတို့​တွင် အခက်အခဲ​မ​ရှိလျှင် ရွှင်လန်း​အားရစရာ​ပင်။ သို့သော် ချုပ်တည်း​ရန် အခက်အခဲ​ပို​ရှိသူ​များနှင့် ဆက်ဆံ​ရသည့်​အခါ ကျွန်ုပ်​တို့ကို ကသိကအောက်​ဖြစ်စေ​သည့်​တိုင် သူတို့ကို စာနာမှု​နှင့် နားလည်မှု​ပြ​သင့်​သည်။ ကျွန်ုပ်​တို့​ကိုယ်တိုင် မစုံလင်​သောကြောင့် မည်သူသည် မိမိကိုယ်ကို​ဖြောင့်မတ်​၏​ဟူ​သည့် သဘောထား​ပြသ​ရန် အခြေခံ​အကြောင်း​ရှိ​သနည်း။—ရောမ ၃:၂၃; ဧဖက် ၄:၂

၉။ အချို့​သူများ​တွင် အဘယ်​အားနည်းချက်များ ရှိ​သနည်း၊ မည်သည့်​အချိန်တွင် ဤ​အားနည်းချက်များ​ကို အပြီးသတ်​အောင်မြင်​နိုင်​မည်​နည်း။

ဥပမာ​ပေး​ရ​လျှင် ဆေး​ရွက်​ကြီး သို့​မဟုတ် “အပျော်​သဘောဖြင့်” မူးယစ်​ဆေးဝါး သုံးစွဲခြင်း​ကို ဖြတ်လိုက်​သော ခရစ်ယာန်​ချင်း​တချို့​သည် တစ်ခါတစ်ရံ ၎င်းတို့ကို အာသာငမ်းငမ်း တောင့်တ​ကြ​ပေမည်။ အချို့​မူ​ကား အစားအစာ သို့​မဟုတ် အရက်ယမကာ​ကို အကန့်အသတ်​နှင့် စားသောက်​ရန် အခက်တွေ့​ကြ​၏။ တခြား​သူများ​မှာ​မူ သူတို့၏​လျှာ​ကို မထိန်းနိုင်​သဖြင့် စကား​အားဖြင့် မှား​တတ်ကြ​သည်။ ဤ​အားနည်းချက်များ​ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန် ဇွဲရှိ​ရှိ​ကြိုး​စား၍ ချုပ်တည်း​ပေးဖို့​လို​သည်။ အဘယ်ကြောင့်​နည်း။ ယာကုပ် ၃:၂ က​အမှန်အတိုင်း ဤသို့​ဝန်ခံ​၏– “ငါ​တို့​ရှိသမျှသည် အများ​သော​အားဖြင့် မှား​တတ်ကြ​၏။ စကား​အားဖြင့် မှား​ခြင်း​မရှိသော​သူ​မည်​သည်​ကား၊ စုံလင်သော​သူ​ဖြစ်၏။ မိမိ​ကိုယ်​တစ်ကိုယ်လုံး​ကို ချုပ်တည်း​နိုင်သော​သူ​ဖြစ်၏။” အချို့​ကျ​ပြန်​လျှင် လောင်းကစားခြင်း​ကို အလွန်​ဝါသနာ​ပါ​ကြသည်။ သို့​မဟုတ် ဒေါသကို မချုပ်တည်း​နိုင်​ကြ​ပေ။ ယင်း​တို့ကို သို့​မဟုတ် အလားတူ​အားနည်းချက်များ​ကို အောင်မြင်စွာ ကိုင်တွယ်​ဖြေရှင်း​တတ်​ရန် အချိန်​ယူရ​ပေမည်။ ယခု ကျွန်ုပ်​တို့ သိသိသာသာ တိုးတက်​နိုင်​သော်လည်း စုံလင်​လာ​သည့်​အချိန်​မှ​သာ မကောင်းသော​ဆန္ဒ​များ ထာဝစဉ်​ပျောက်ကွယ်​သွား​လိမ့်​မည်။ ဤ​အချိန်​အတောအတွင်း ချုပ်တည်း​နိုင်​ရန် ကြိုးစား​ခြင်း​သည် အပြစ်ရှိ​ဘဝ​ပုံစံ​သို့ ပြန်​မ​ရောက်​စေဖို့ ထောက်ကူ​ပေး​လိမ့်​မည်။ ကြိုးစား​နေကြ​စဉ် စိတ်ပျက်​အား​မ​လျော့​မိ​စေရန် အချင်းချင်း ရိုင်းပင်း​ကူညီ​ကြပါစို့။—တမန်​တော် ၁၄:၂၁၊ ၂၂

၁၀။ (က) လိင်မှု​ရေးရာ​ကို ချုပ်တည်း​ခြင်း​သည် အချို့​သူတို့​အတွက် အဘယ်ကြောင့်​အထူး​ခက်ခဲ​သနည်း။ (ခ) ညီအစ်ကို​တစ်ဦး​သည် အဘယ်​ပြောင်းလဲမှု​ကြီး​တစ်ခု​ကို ပြုလုပ်​ခဲ့​သနည်း။ (စာမျက်နှာ ၁၆ မှ​လေးထောင့်ကွက်​ကို​ရှု။)

၁၀ အချို့​သူများ​အတွက် ချုပ်တည်း​ရန်​ခက်​သည့် ကဏ္ဍ​နောက်တစ်ခု​မှာ လိင်မှု​ရေးရာ​ဖြစ်၏။ လူ့​လိင်​သဘာဝ​သည် ယေဟောဝါ ဘုရားသခင် ကျွန်ုပ်​တို့ကို ပြုလုပ်​ထား​ရာ တစ်စိတ်​တစ်​ဒေသ​ဖြစ်သည်။ သို့သော်လည်း အချို့​သည် လိင်မှု​ရေးရာ​ကို ဘုရားသခင့်​စံနှုန်း​နှင့်​အညီ သူ့​နေရာ​နှင့်​သူ​ထား​ရှိ​ရန် အထူး​ခက်ခဲ​ကြသည်။ ဤ​သူတို့သည် လိင်စိတ် အလွန်​ပြင်းထန်သော​ကြောင့် ပိုမို​ခက်​ကောင်း​ခက်​ပေမည်။ လိင်စိတ်​ထကြွ​လာ​စေရန် နည်း​အမျိုးမျိုးဖြင့် မီးထိုး​ယပ်ခတ်​ပေး​သော လိင်​စိတ်မွှန်​နေသည့် ဤ​လောကတွင် ကျွန်ုပ်​တို့ နေထိုင်​နေကြ​ရ၏။ ယင်းကြောင့် အနည်းဆုံး​အချိန်​အတိုင်းအတာ​တစ်ခု​အထိ တစ်ကိုယ်တည်း​နေ၍ အိမ်ထောင်ရေး​ကိစ္စ​များနှင့် အာရုံ​မ​ပျံ့လွင့်​ဘဲ ဘုရားသခင့်​အမှုတော်ကို လွတ်လပ်​စွာ​ထမ်းဆောင်​လို​သူ ခရစ်ယာန်​များ​အတွက် ပြဿနာ​ဖြစ်​နိုင်​သည်။ (၁ ကောရိန္သု ၇:၃၂၊ ၃၃၊ ၃၇၊ ၃၈) သို့သော် “[တပ်မက်] ကိ​လေ​သာ​စိတ်ပူ​ပန်​ခြင်း​ရှိသည်​ထက် ထိမ်းမြား​စုံဖက်​ခြင်း​ပြု​သော် သာ၍​ကောင်း​၏” ဟူသော ကျမ်းစာ​မိန့်မှာချက်​နှင့်​အညီ အိမ်ထောင်ပြု​ရန် သူတို့​ဆုံးဖြတ်​ကြ​မည်​ဖြစ်​ကာ ယင်းသည် အမှန်ပင်​ဂုဏ်​အသရေ​ရှိ၏။ တစ်ချိန်တည်း​တွင် ကျမ်းစာ​ဆုံးမ​စကား​အတိုင်း “သခင်​ဘုရား​၌​သာ“ အိမ်ထောင်ပြု​ရန် ဆုံးဖြတ်ထား​ကြသည်။ (၁ ကောရိန္သု ၇:၉၊ ၃၉) ယေဟောဝါ​၏​ဖြောင့်မတ်​သော​မူများ​ကို လိုက်နာ​ကျင့်သုံး​ရန် သူတို့​စိတ်ဝင်စား​ကြ​သည့်​အတွက် ကိုယ်တော် အမှန်ပင် ရွှင်လန်း​လိမ့်​မည်။ ဤသို့​မြင့်မားသော ကိုယ်ကျင့်တရား​စံနှုန်း​များ​အပြင် သမာဓိ​ရှိကြ​သူ စစ်မှန်သော​ဝတ်ပြုသူ​များနှင့် ပေါင်းသင်း​ရခြင်း​ကို ခရစ်ယာန်​ချင်း​များ​က အားရ​ရွှင်လန်း​ကြသည်။

၁၁။ အိမ်ထောင်ပြု​လို​သော်လည်း မပြု​နိုင်​သေး​သည့် ညီအစ်ကို သို့​မဟုတ် ညီအစ်မ​တစ်ဦး​ကို မည်သို့​ကူညီပေး​နိုင်​သနည်း။

၁၁ သင့်တော်​မည့် အိမ်ထောင်ဖက်​တစ်ဦး​ကို ရှာမတွေ့​နိုင်​လျှင်​ကော အသို့နည်း။ အိမ်ထောင်ပြု​လို​သော်လည်း မပြု​နိုင်​သေး​သူသည် မည်မျှ​စိတ်​အလိုမကျ​ဖြစ်လာ​နိုင်​မည်​ကို စိတ်ကူး​ကြည့်​ပါ! သူသည် သင့်တော်​မည့်​အိမ်ထောင်ဖက်​ကို ရှာနေ​စဉ် သူ၏​မိတ်ဆွေများ​က အိမ်ထောင်​ပြုပြီး ပျော်ရွှင်မှု အတော်အတန်​ရ​နေကြ​သည်ကို တွေ့မြင်​နေရ​ပေမည်။ ဤသို့​သော​အခြေအနေ​မျိုး​တွင် အချို့​သူများ​သည် တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ​သည့် မသန့်ရှင်း​သော အကျင့်​ပြဿနာ​သည် အဆက်မပြတ်​ပေါ်လာ​ပေမည်။ မည်သို့​ပင်​ဆို​စေ၊ ကိုယ်ကျင့်တရား​စင်ကြယ်​ရန် ကြိုးစား​နေသော အခြားသူ​တစ်ဦး​ကို အဘယ်​ခရစ်ယာန်​တစ်ဦး​တစ်ယောက်​က​မျှ အမှတ်မထင် စိတ်ပျက်​အားလျော့​စေ​လို​မည်​မဟုတ်​ချေ။ “ဘယ်​အချိန်​ကျ​မှ အိမ်ထောင်ပြု​မှာ​လဲ” အစ​ရှိသော မဆင်မခြင်​စကား​များ​ကို ကျွန်ုပ်​တို့ ပြောဆို​မိ​လျှင် မရည်ရွယ်​ဘဲ စိတ်ပျက်​အားလျော့​သွား​စေနိုင်​၏။ မကောင်းသော​အကြံအစည်​မပါဘဲ ထိုသို့​ပြော​မိ​သည်​ဟု​ဆို​သော်လည်း ကျွန်ုပ်​တို့၏​လျှာ​ကို ချုပ်တည်း​ထား​မည်​ဆိုလျှင် သာ၍​ကောင်း​လိုက်​လေ​ခြင်း! (ဆာလံ ၃၉:၁) တစ်ကိုယ်ရေ​တစ်​ကာယ​ဘဝတွင် ကိုယ်ကျင့်တရား စောင့်ထိန်း​နေကြ​သူများကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်း​သင့်​သည်။ စိတ်ပျက်​အားလျော့​စေ​မည့်​အစား အားပေး​စကား​များ ကြိုးစား​ပြော​နိုင်​သည်။ ဥပမာ၊ ရင့်ကျက်သူ​အချို့ စုရုံး​အစာစား​သည့်​အခါ သို့​မဟုတ် ခရစ်ယာန်​ပေါင်းသင်းမှု​ပြုလုပ်​သည့်​အခါ လူလွတ်​များ​ကို​ပါ ဖိတ်ခေါ်​နိုင်၏။

အိမ်ထောင်သည်​ဘဝတွင် ချုပ်တည်း​ခြင်း

၁၂။ အိမ်ထောင်သည်​များ​ပင်​လျှင် အဘယ်ကြောင့် ချုပ်တည်း​မှု အတော်အတန်​လို​သနည်း။

၁၂ အိမ်ထောင်သည်​ဘဝတွင်​လည်း လိင်ဆက်ဆံခြင်း​ကိစ္စ​တွင် ချုပ်တည်း​မှု​လို​၏။ ဥပမာ၊ ခင်ပွန်း​သည်​နှင့် ဇနီးသည်​၏ သံဝါသပြု​လို​စိတ်​သည် လုံးဝ​မတူ​ပေ။ အိမ်ထောင်ဖက်​တစ်ဦး၏ ကာယရေး​အခြေအနေ​ကြောင့် သံဝါသပြု​ရန် တစ်ခါတစ်ရံ အခက်အခဲ​ရှိ​ပေမည် သို့​မဟုတ် လုံးဝ​မဖြစ်​နိုင်​သည့်​အချိန်​များ​ရှိ​ပေမည်။ ယခင်​အဖြစ်အပျက်​တစ်ခုခု​ကြောင့် အိမ်ထောင်ဖက်​တစ်ဦး​သည် ဤ​မိန့်မှာချက်ကို နာခံ​ရန် အခက်တွေ့​နိုင်​ပေမည်– “ယောက်ျား​သည် ဆက်ဆံခြင်း​ဝတ်​ကို မိမိ​မယား​အား ပြု​စေ​လော့။ ထို​နည်းတူ၊ မိန်းမသည်​လည်း ဆက်ဆံခြင်း​ဝတ်​ကို မိမိ​လင်​အား ပြု​စေ​လော့။” ဤသို့​သော​အခြေအနေ​မျိုး​တွင် အခြား​အိမ်ထောင်ဖက်သည် ပို​၍​ချုပ်တည်း​မှု​ရှိဖို့လို​ပေမည်။ သို့ရာတွင် အိမ်ထောင်သည်​ခရစ်ယာန်​နှစ်ဦးစလုံး​သည် ပေါလု​၏​မေတ္တာပါ ဤ​အကြံပြုချက်ကို စိတ်​စွဲမှတ်​ထား​နိုင်၏– “အချင်းချင်း​ခင်ပွန်း​ဝတ်​ကို မ​ပယ်​မရှောင်​ကြ​နှင့်။ ထိုသို့​ဆို​သော် ဆုတောင်းခြင်း​ဝတ်​ကို ပြု​ရသော​အခွင့်​ရှိစေ​ခြင်း​ငှာ၊ သဘောတူ​၍ ခင်ပွန်း​ဝတ်​ကို ခဏမျှ​မရှောင်​ရ​ဟု​မဆိုလို။ ထိုသို့​ရှောင်​လျှင်၊ ကိုယ်ကို​မချုပ်တည်း​နိုင်သော​အားဖြင့် စာတန်​သည် အပြစ်​သို့ သွေးဆောင်​ရသော အခွင့်​မရှိစေ​ခြင်း​ငှာ နောက်​တစ်ဖန် အတူ​နေကြ​လော့။”—၁ ကောရိန္သု ၇:၃၊ ၅

၁၃။ ချုပ်တည်း​မှု​ရှိ​နိုင်​ရန် ကြိုးစား​အားထုတ်​နေကြ​သူများ​၏ အကျိုးအတွက် အဘယ်အရာ ပြုလုပ်​ပေး​နိုင်​သနည်း။

၁၃ အိမ်ထောင်သည်​ဇနီး​မောင်နှံ နှစ်ဦးစလုံး ဤ​ရင်းနှီးမှု​အရှိဆုံး​ဆက်ဆံ​ရေး​တွင် ချုပ်တည်း​တတ်လာ​ခဲ့​လျှင် နှစ်ဦးစလုံး​မည်မျှ ကျေးဇူး​တင်စရာ​ပါ​နည်း! တစ်ချိန်တည်း​တွင် ဤ​ကဏ္ဍ​၌ ချုပ်တည်း​မှု​ရှိ​နိုင်​ရန် ကြိုးစား​နေဆဲ​ရှိသော ဝတ်ပြုသူချင်း​များ​ကို နားလည်​ပေး​သင့်​သည်။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ညီအစ်ကို​များသည် ချုပ်တည်း​ခြင်း​ရှိနိုင်ဖို့​နှင့် မ​လျောက်ပတ်​သော​ဆန္ဒ​များ​ကို အနိုင်ယူ​နိုင်​ဖို့ သူတို့ကို ထိုးထွင်း​ဉာဏ်၊ ရဲစွမ်းသတ္တိနှင့် စိတ်ဓာတ်​ကြံ့ခိုင်မှု ပေး​သနားပါ​ရန် ယေဟောဝါ​ထံ ဆုတောင်း​ပေးဖို့ ဘယ်​သောအခါ​မျှ မမေ့​သင့်​ချေ။—ဖိလိပ္ပိ ၄:၆၊ ၇

တစ်ဦး​ကိုတစ်​ဦး ဆက်၍​ရိုင်းပင်း​ကူညီ​ခြင်း

၁၄။ ကျွန်ုပ်​တို့သည် ခရစ်ယာန်​ချင်း​များ​ကို စာနာ​စွာ၊ နားလည်မှု​ရှိ​စွာ အဘယ်ကြောင့် ဆက်ဆံ​သင့်​သနည်း။

၁၄ တစ်ခါတစ်ရံ ကျွန်ုပ်​တို့အတွက် အခက်အခဲ​မရှိသော ကဏ္ဍ​တစ်ခု​တွင် ချုပ်တည်း​မှု​ရှိ​နိုင်​ရန် ကြိုးစား​နေကြ​သော ခရစ်ယာန်​ချင်း​များ​အပေါ် နားလည်မှု​မပြ​နိုင်​ဘဲ​ဖြစ်​ပေမည်။ သို့ရာတွင် လူ့​ပင်ကိုစရိုက်​ချင်း​မတူကြ​ချေ။ အချို့​သည် စိတ်​လှုပ်ရှားမှု​မြန်ဆန်​ပြီး အခြားသူများ​မှာ​မူ ထိုသို့​မဟုတ်ပေ။ တချို့​သည် မိမိကိုယ်ကို​ချုပ်တည်း​ရ လွယ်ကူ​ပြီး ၎င်း​အတွက် ပြဿနာ​မဟုတ်​ချေ။ အခြားသူများ​အတွက်​မူ ချုပ်တည်း​ရန် ပိုမို​ခက်ခဲ​ပေမည်။ သို့​တိုင် ချုပ်တည်း​မှု​ရှိ​ရန် ကြိုးစား​နေ​သူသည် လူဆိုး​မဟုတ်​ကြောင်း သတိရပါ။ ခရစ်ယာန်​ချင်း​တို့ကို ကျွန်ုပ်​တို့ နားလည်​ရမည်၊ စာနာ​ရမည်။ ချုပ်တည်း​မှု​ရှိ​နိုင်​ရန် ကြိုးစား​နေ​သူများ​အပေါ် သနား​ကြင်နာ​မှု​ဆက်​ပြ​ခြင်း​ဖြင့် ကျွန်ုပ်​တို့​ကိုယ်တိုင်​ပျော်ရွှင်​လာ​သည်။ ယင်းသည် မှန်ကန်ကြောင်း မဿဲ ၅:၇ တွင်​မှတ်တမ်း​တင်ထားသော ယေရှု၏​စကား​က ဖော်ပြ​သည်။

၁၅။ ချုပ်တည်း​ခြင်း​နှင့်​ပတ်သက်​၍ ဆာလံ ၁၃၀:၃ ပါ​စကား​များသည် အဘယ်ကြောင့် စိတ်သက်သာ​မှု​ရရှိစေ​သနည်း။

၁၅ ခရစ်ယာန်​ဥပဓိရုပ်​မပြ​မိ​သည့်​အခါ​များ​ကြောင့် ခရစ်ယာန်​ချင်း​တစ်ဦး​အား ဘယ်​သောအခါ​မျှ အထင်အမြင်​လွဲ​လို​မည်​မဟုတ်​ချေ။ ကျွန်ုပ်​တို့​ချုပ်တည်း​မှု​မပြ​နိုင်​ခဲ့​သည့် တစ်ကြိမ်​ကို​သာမက ချုပ်တည်း​မှု​ရှိခဲ့​သည့် အကြိမ်ပေါင်း​များစွာကို ခရစ်ယာန်​ချင်း​တို့ သတိ​မထား​မိ​သော်လည်း ယေဟောဝါ​သိမြင်​တော်​မူ​ကြောင်း သိရှိ​ရခြင်း​သည် တကယ်​ကို​အားရှိစရာ​ဖြစ်သည်။ ဆာလံ ၁၃၀:၃ ပါ​ဤ​စကား​များ​ကို စွဲမှတ်​ထား​လျှင် စိတ်သက်သာ​မှု​ရ၏– ‘အို​ဘုရားရှင် ထာဝရ​ဘုရား၊ ကိုယ်တော်​သည် . . . အပြစ်​များ​ကို မှတ်တော်မူ​လျှင် အဘယ်သူ​ခံရပ်​နိုင်​ပါ​မည်​နည်း။’

၁၆၊ ၁၇။ (က) ချုပ်တည်း​ခြင်း​နှင့်​ပတ်သက်​၍ ဂလာတိ ၆:၂၊ ၅ ကို​မည်သို့​လက်တွေ့​ကျင့်သုံး​နိုင်​သနည်း။ (ခ) ချုပ်တည်း​ခြင်း​နှင့်​ပတ်သက်​၍ နောက်​ဆောင်းပါး​တွင် အဘယ်အရာကို သုံးသပ်​မည်​နည်း။

၁၆ ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​ရန် ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ချုပ်တည်း​ခြင်း​ကို ပြုစု​ပျိုးထောင်​ရမည်၊ ထိုသို့​ပြု​ရာ​တွင် ခရစ်ယာန်​ညီအစ်ကို​ချင်း​တို့​ထံ​မှ အကူအညီ​ရမည်ကို စိတ်ချ​နိုင်​သည်။ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် မိမိတို့​ဝန်ကို မိမိတို့​ထမ်းရွက်​ရမည်​မှန်​သော်လည်း အားနည်းချက်များ​ကို နိုင်​နိုင်နင်း​နင်း​ရှိ​နိုင်​စေရန် အချင်းချင်း ရိုင်းပင်း​ကူညီပေး​ရမည်ဟု တိုက်တွန်း​ထား​သည်။ (ဂလာတိ ၆:၂၊ ၅) ကျွန်ုပ်​တို့​မသွား​အပ်သော​နေရာများ၊ မကြည့်​အပ် သို့​မဟုတ် မပြု​အပ်သော​အရာများ​ကို တားဆီး​သည့် မိဘ၊ အိမ်ထောင်ဖက်၊ သို့​မဟုတ် မိတ်ဆွေ​တို့ကို တန်ဖိုး​ထား​လေးမြတ်​နိုင်​သည်။ ထို​သူသည် ကျွန်ုပ်​တို့​တွင် ချုပ်တည်း​မှု​ဖြစ်သည့် ငြင်းဆို​နိုင်စွမ်း​ရှိ​ရန် ကူညီပေး​နေသည်။

၁၇ ချုပ်တည်း​ခြင်း​နှင့်​ပတ်သက်​၍ ယခု​ဆွေးနွေး​သုံးသပ်​ခဲ့​သမျှ​ကို ခရစ်ယာန်​အများ သဘောတူ​ကြ​ပေမည်၊ သို့သော် မိမိတို့​ကိုယ်တိုင် တိုးတက်စရာ​လို​သေး​သည်​ဟု ယူမှတ်​ကြ​ပေမည်။ ဤ​သူတို့သည် ချုပ်တည်း​မှု​ကို ပိုမို​အပြည့်အဝ​တင်ပြ​လို​ကြသည်၊ မစုံလင်သူ​များ​ထံ​မှ အကျိုးသင့်အကြောင်းသင့် မျှော်လင့်​နိုင်​သည်​ဟု သူတို့​ယုံကြည်သည့် အတိုင်းအတာ​အထိ​ဖြစ်သည်။ အသင် ထိုသို့​ခံစားရ​သလော။ သို့​ဆိုလျှင် ဘုရားသခင်​၏​ဝိညာဉ်​အသီး​မှ ဤ​အသီးကို​ပြုစု​ပျိုးထောင်​ရန် သင်,အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ ထိုသို့​ပြုလုပ်ခြင်း​ဖြင့် ခရစ်ယာန်​တစ်ဦး​အနေ​နှင့် သင်၏​ရေရှည်​ရည်မှန်းချက်​များ​ပြည့်မီ​ရန် အဘယ်​သို့ ထောက်ကူ​ပေး​နိုင်​သနည်း။ နောက်​ဆောင်းပါး​တွင် ကြည့်​ကြ​စို့။

သင်​မှတ်မိ​သလော

ချုပ်တည်း​ခြင်း . . .

• ကို ခရစ်ယာန်​များ ပြုစု​ပျိုးထောင်​ပေး​ရန် အဘယ်ကြောင့် အရေးကြီး​သနည်း။

• သည် အချို့​သူများ​အတွက် အဘယ်ကြောင့်​စိန်ခေါ်ချက်​ဖြစ်သနည်း။

• သည် အိမ်ထောင်တွင် အဘယ်ကြောင့် ရှိဖို့လို​သနည်း။

• ဟူသည် ပြုစု​ပျိုးထောင်​ရန် တစ်ဦး​ကိုတစ်​ဦး ကူညီပေး​နိုင်​သည့် အရည်အချင်း​တစ်ခု အဘယ်ကြောင့်​ဖြစ်သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

သူသည် ငြင်းဆို​တတ်​ခဲ့

ဂျာမနီ​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​တစ်ဦး​သည် စက်​မှု​ဆက်သွယ်ရေး​လမ်းကြောင်း လုပ်သား​တစ်ဦး​ဖြစ်၏။ သူ၏​လုပ်ငန်း​တွင် ရုပ်မြင်သံကြား​နှင့်​ရေဒီယို အစီအစဉ်​ပေါင်း ၃၀ ကို​စောင့်ကြပ်​စစ်ဆေး​ပေး​ရသည်။ လှိုင်း​ထပ်​မှု​ကြောင့် နှောင့်ယှက်​သံ​ဝင်လာ​သည့်​အခါ ပြဿနာ​ဖြစ်ပေါ်​သော​နေရာကို အတိအကျ​ရှာယူ​ရန် အစီအစဉ်ကို အာရုံစိုက်​ရသည်။ “အဲ့ဒီ​အနှောင့်အယှက်​တွေ​က အချိန်​အခါ​မတော်၊ အကြမ်းဖက်​ကား​တွေ၊ အပြာကား​တွေ ပြ​နေတဲ့​အချိန်​ကျ​မှ​ပဲ ဝင်လာ​တတ်တယ်။ အဲ့ဒီ​မကောင်းတဲ့​ပြကွက်​တွေ​က ကျွန်တော့်​စိတ်​ထဲမှာ သံ​မှို​ရိုက်​ထား​သလို ရက်ပေါင်း​များစွာ တစ်ခါ​တ​လေ ရက်သတ္တပတ်​အတော်ကြာကြာ ဖျောက်ဖျက်​လို့​မရအောင် စွဲ​နေတယ်” ဟု​သူ​ပြောပြ​သည်။ ယင်းက သူ၏​ဝိညာဉ်​ရေး​ကို ထိခိုက်​ကြောင်း ဤသို့​ဝန်ခံ​သည်– “ကျွန်တော် ဒေါသ​ထွက်​လွယ်​တတ်​လို့ အဲ့ဒီ​လို​အကြမ်းဖက်​ကား​တွေ​ကြောင့် ကျွန်တော့်​စိတ်​ကို ထိန်း​ဖို့​ခက်​စေ​ခဲ့တယ်။ အပြာကား​တွေ​ကြောင့် ကျွန်တော်​နဲ့​ဇနီး​စပ်ကြား ဆက်ဆံ​ရေး​ဟာ တင်းမာ​လာတယ်။ အဲ့​ဒါတွေကို နေ့တိုင်း​ပဲ တိုက်ထုတ်​နေရ​တာ​မလွယ်​ဘူး။ ဒါ​ကြောင့် လခ​နည်း​ချင်​နည်းပါ​စေ၊ နောက်​အလုပ်​တစ်ခု ရှာ​မှ​ဖြစ်​တော့​မယ်​လို့ ဆုံးဖြတ်​လိုက်ရတယ်။ နောက်​အလုပ်​တစ်ခု​ရတာ သိပ်​မကြာသေး​ဘူး။ ကျွန်တော့်​ဆန္ဒ ပြည့်​သွားပြီ။”

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​လေ့လာခြင်း​မှ​ရရှိသော အသိပညာ​သည် ချုပ်တည်း​ခြင်း​ရှိ​ရန် ကူညီပေး