သတင်းကောင်းသည် ဆောင်ထမေနှင့် ပရင့်ချီပေ ကျွန်းတွင် အသီး,သီးပွင့်
သတင်းကောင်းသည် ဆောင်ထမေနှင့် ပရင့်ချီပေ ကျွန်းတွင် အသီး,သီးပွင့်
လူအများစုသည် ဆောင်ထမေနှင့် ပရင့်ချီပေကျွန်းအကြောင်း ကြားဖူးမည်မဟုတ်ချေ။ အားလပ်ရက်လည်ပတ်ဘရိုရှာများတွင် အဆိုပါကျွန်းများကို ကြော်ငြာလေ့မရှိချေ။ ထိုကျွန်းများသည် ကမ္ဘာ့မြေပုံပေါ်၌ အာဖရိကအနောက်ပိုင်းကမ်းရိုးတန်းရှိ ဂီနီပင်လယ်ကွေ့တွင် အစက်အပြောက်ကလေးများနှင့်သာတူ၏၊ ဆောင်ထမေကျွန်းသည် အီကွေတာမျဉ်းပေါ်၌ တည်ရှိပြီး ၎င်း၏အရှေ့မြောက်ဘက်သာသာတွင် ပရင့်ချီပေကျွန်း တည်ရှိသည်။ မိုးများပြီး စိုစွတ်သောရာသီဥတုကြောင့် ပေ ၆,၆၀၀ ကျော်မြင့်သည့် တောင်ကုန်းများသည် ထူထပ်သောမိုးသစ်တောများဖြင့် ဖုံးလွှမ်းနေ၏။
ပင်လယ်ရေပြာပြာနှင့် အုန်းထန်းပင် အစီအရီပေါက်နေသော ကမ်းခြေများ ဝိုင်းရံထားသည့် အဆိုပါ အပူပိုင်းဒေသကျွန်းများပေါ်တွင် ဖော်ရွေချစ်ခင်ကြင်နာတတ်သူများ နေထိုင်ကြ၏၊ ဤသူတို့သည် အာဖရိကနှင့် ဥရောပသွေးစပ်ထားသူများဖြစ်ကြရာ ယဉ်ကျေးမှုများ ရောနှောခဲ့သည်။ နေထိုင်ကြသူ ၁၇၀,၀၀၀ တို့သည် အဓိကထုတ်ကုန် ကိုကိုးပင် သို့မဟုတ် လယ်ယာစိုက်ပျိုးခြင်းနှင့် တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ မကြာသေးမီနှစ်များက တစ်နေ့ဝမ်းစာရှာဖို့ပင် အခက်တွေ့ခဲ့ကြ၏။
သို့သော် ၂၀ ရာစု၏ နောက်ဆုံးဆယ်စုနှစ်တွင် ဤကျွန်းများပေါ်ရှိ လူအတော်များများ၏အသက်တာကို အလွန်အကျိုးရှိစေခဲ့သည့် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။ ၁၉၉၃၊ ဇွန်လတွင် ယေဟောဝါသက်သေများသည် ဆောင်ထမေနှင့် ပရင့်ချီပေအစိုးရထံ တရားဝင်မှတ်ပုံတင်ခဲ့ရာ ဤကျွန်းများပေါ်ရှိ ယေဟောဝါသက်သေများ၏ နှစ်ရှည်လများ ရံဖန်ရံခါ အခက်အခဲကြုံရသည့် သမိုင်းကြောင်း အဆုံးတိုင်ခဲ့လေသည်။
ခက်ခဲမှုကြား မျိုးကြဲခဲ့
အာဖရိကနိုင်ငံရှိ တခြားပေါ်တူဂီကိုလိုနီများမှ အကျဉ်းသားများကို အလုပ်ကြမ်းစခန်းများသို့ တစ်ကျွန်းပို့ခဲ့စဉ် ၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းက ဤနိုင်ငံသို့ ပထမဆုံးသက်သေခံတစ်ဦး ရောက်ရှိလာခဲ့ပုံရှိ၏။ အာဖရိကန်ရှေ့ဆောင် သို့မဟုတ် အချိန်ပြည့်အမှုဆောင်ဖြစ်သော သက်သေခံတစ်ဦးသည် မိုဇမ်ဘစ်နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းကြောင့် တစ်ကျွန်းပို့ခံခဲ့ရသည်။ ဤတစ်ကိုယ်တော်သက်သေခံသည် သတင်းကောင်းကို အနှံ့ဟောပြောခဲ့ရာ ခြောက်လအတွင်း အခြားသူ ၁၃ ဦးပါ ဟောပြောလာကြလေသည်။ နောက်ပိုင်းတွင် အင်ဂိုလာနိုင်ငံမှ အခြားသက်သေခံများသည်လည်း အလားတူအခြေအနေမျိုးဖြင့် ရောက်ရှိလာကြ၏။ သူတို့ထောင်ကျနေစဉ် ဒေသခံများကို အခွင့်အရေးရတိုင်း သတင်းကောင်း ဟောပြောကြ၏။
၁၉၆၆ ခုနှစ်တွင် ဆောင်ထမေကျွန်းပေါ်၌ ထောင်ဒဏ်ခံရသော ညီအစ်ကိုအားလုံးသည် အာဖရိကပြည်မသို့ ပြန်သွားကြ၏။ ကျန်ရစ်ခဲ့သော ဘုရားသခင့်နိုင်ငံတော်ကြေညာသူ အုပ်စုငယ်သည် ရဲရင့်စွာ ဆက်အမှုဆောင်ကြသည်။ သူတို့သည် စုဝေး၍ ကျမ်းစာလေ့လာကြသောကြောင့် ညှဉ်းပန်းခံရ၊ ရိုက်နှက်ခံရ၊ အကျဉ်းချခံရသည်၊ သူတို့ထံ လည်ပတ်အားပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။ ထိုနိုင်ငံသည် ၁၉၇၅ ခုနှစ်တွင် ပေါ်တူဂီလက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက် ဘုရားသခင့်နိုင်ငံတော် အမှန်တရားမျိုးစေ့များသည် တဖြည်းဖြည်း သီးပွင့်လာလေသည်။
တိုးချဲ့ခြင်းနှင့် ဆောက်လုပ်ခြင်း
၁၉၉၃ ခုနှစ်၌ တရားဝင်မှတ်ပုံတင်သည့်လတွင်ပင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူအရေအတွက် ၁၀၀ အထိ တိုးတက်ခဲ့သည်။ ထိုနှစ်၌ပင် ပေါ်တူဂီနိုင်ငံမှ အထူးရှေ့ဆောင်များ ရောက်လာ၏။ ပေါ်တူဂီခရီအိုလ်ဘာသာစကားကို သူတို့ကြိုးစားသင်ယူခြင်းကြောင့် ဒေသခံများက သူတို့ကို ပိုချစ်ခင်ရင်းနှီးလာကြလေသည်။ ထို့နောက် ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်ဖို့ မြေကွက်ရှာဖွေရေးကို ဦးစားပေးခဲ့ကြ၏။ ဤလိုအပ်မှုကို ညီအစ်မတစ်ဦးဖြစ်သူ မာရီယာကြားသိသောအခါ သူ၏အိမ်ကလေး ဆောက်ထားသော မြေကွက်တစ်ဝက်ကို လှူဒါန်းလိုက်လေသည်။ ဤမြေကွက်သည် ဘုရားသခင့်နိုင်ငံတော်ခန်းမကြီးတစ်လုံး ဆောက်လုပ်ရန် လုံလောက်၏။ မာရီယာတွင် ဆွေမျိုးရင်းချာမရှိသည့်အတွက် လိုဘကြီးသောစီးပွားရေးသမားများက ဤမြေကွက်ကို မျက်စိကျနေကြောင်း သူမသိခဲ့ချေ။ တစ်နေ့တွင် အကြီးစားစီးပွားရေးသမားတစ်ဦးသည် မာရီယာနှင့် စကားလာပြောသည်။
“ခင်ဗျားရဲ့မြေကွက်ကို လှူလိုက်တယ်လို့ ကြားရတာ စိတ်မကောင်းစရာပဲ! မြို့လယ်ခေါင်က မြေကွက်ဆိုရင် ဈေးကောင်းကောင်းရမယ်ဆိုတာ ခင်ဗျားမသိဘူးလား” ဟုမာရီယာကို စီးပွားရေးသမားက သတိပေးခဲ့သည်။
မာရီယာက “တကယ်လို့ ရှင့်ကို ဒီမြေကွက်ရောင်းမယ်ဆိုရင် ဘယ်လောက်ပေးမှာလဲ” ဟုမေးခဲ့သည်။ ထိုလူ ပြန်မဖြေသောအခါ မာရီယာက “ကမ္ဘာမှာရှိသမျှငွေတွေ ကျွန်မကို ပုံပေးမယ်ဆိုရင်တောင် အသက်ကို ဝယ်လို့ရမှာမဟုတ်ဘူး” ဟုပြောခဲ့သည်။
ထိုလူက “ခင်ဗျားမှာ သားသမီးတွေ မရှိဘူးမဟုတ်လား” ဟုမေးခဲ့သည်။
စကားပြတ်သွားစေရန် မာရီယာက “ဒီမြေကွက်ကို ယေဟောဝါပိုင်တာ။ ကိုယ်တော်က ကျွန်မကို နှစ်နဲ့ချီပြီး ဒီမြေကွက်ကိုငှားပေးထားတာ၊ အခု ပြန်ပေးလိုက်တော့မယ်။ ကျွန်မ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်နေတာ” ဟုပြောခဲ့၏။ ထို့နောက် ထိုလူကို မာရီယာ ဤသို့မေးလိုက်သည်– “ရှင်၊ ထာဝရအသက် ပေးနိုင်မလား။” ထိုသူသည် စကားတစ်ခွန်းမျှပြန်မပြောဘဲ ထွက်သွားလေသည်။
ပေါ်တူဂီနိုင်ငံမှ ကျွမ်းကျင်သောညီအစ်ကိုများ၏ အကူအညီဖြင့် ထိုမြေကွက်ပေါ်တွင် သပ်ရပ်လှပသော နှစ်ထပ်တိုက်တစ်လုံး ဆောက်လုပ်ပြီးစီးသွားသည်။ ထိုအဆောက်အဦတွင် မြေအောက်ခန်းအပြည့်၊ ကျယ်ဝန်းသော ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် နေစရာအခန်းများရှိသည်။ အကြီးအကဲများ၊ ဓမ္မအမှုထမ်းများနှင့် ရှေ့ဆောင်များအတွက် သင်တန်းကျောင်းများကျင်းပရန် အခန်းများလည်းရှိသည်။ ယခု ယင်းခန်းမတွင် အသင်းတော်နှစ်ခုက အစည်းအဝေးများကျင်းပလျက်ရှိရာ ၎င်းသည် မြို့တော်တွင် စင်ကြယ်သောဝတ်ပြုရေးအတွက် လှပတင့်တယ်သော ပညာပေးဌာနဖြစ်နေပါသည်။
မီဆော့ရှီမြို့ရှိ အသင်းတော်တွင် စိတ်အားထက်သန်သောကြေညာသူ ၆၀ ရှိ၏။ ငှက်ပျောတောကြားတွင် ကြံဖန်ဆောက်လုပ်ထားသော ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ အစည်းအဝေးများ ကျင်းပရသောကြောင့် တော်သင့်သော ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်လုံးဆောက်ဖို့ လိုအပ်လာသည်။ ယင်းကို မြို့တော်ခန်းမသို့ တင်ပြလိုက်ရာ သဘောကောင်းသောအရာရှိများက လမ်းမပေါ်ရှိ မြေကွက်ကို ရွေးချယ်ခွင့်ပြုခဲ့ကြသည်။ ပေါ်တူဂီမှ ညီအစ်ကိုများ၏အကူအညီဖြင့် အမြန်ဆောက်လုပ်နည်းကိုအသုံးပြု၍ ဆောက်ခဲ့ရာ နှစ်လအတွင်း လှပတင့်တယ်သော ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်လုံး ဆောက်လုပ်ပြီးစီးသွားသည်။ ဒေသခံများ မယုံနိုင်အောင်ဖြစ်ခဲ့ကြရ၏။ ထိုမြို့တွင် ဆောက်လုပ်ရေးစီမံကိန်းတစ်ခု၌ပါဝင်သော ဆွီဒင်နိုင်ငံမှ အင်ဂျင်နီယာတစ်ဦးသည် ညီအစ်ကို၊ ညီအစ်မများ၏လုပ်ဆောင်မှုကို မြင်တွေ့သည့်အခါ အံ့အားသင့်ခဲ့သည်။ သူက “မယုံနိုင်စရာပဲ! မီဆော့ရှီမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေက အမြန်ဆောက်လုပ်နည်းကို အသုံးပြုခဲ့ကြတာကိုး! အဲ့ဒီနည်းကို ကျွန်တော်တို့စီမံကိန်းမှာလည်း အသုံးပြုသင့်တယ်” ဟုပြောသည်။ ၁၉၉၉၊ ဇွန် ၁၂ ရက်နေ့တွင် ထိုဘုရားသခင့်နိုင်ငံတော်ခန်းမကို ဆက်ကပ်အပ်နှံခဲ့ပြီး ၂၃၂ ဦးတက်ရောက်ခဲ့သည်။ ဤခန်းမသည် မီဆော့ရှီမြို့သို့ လာရောက်လည်ပတ်သူများအတွက် အဓိကစိတ်ဝင်စားစရာဖြစ်လာ၏။
သမိုင်းဝင်စည်းဝေးကြီး
ဆောင်ထမေနှင့် ပရင့်ချီပေကျွန်းပေါ်ရှိ ယေဟောဝါသက်သေများအတွက် သမိုင်းဝင်အဖြစ်အပျက်တစ်ခုမှာ ၁၉၉၄၊ ဇန်နဝါရီလ၌ အဆိုပါကျွန်းများတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည့် သုံးရက်တာ “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးကြီးဖြစ်၏။ ၎င်းအစည်းအဝေးကို ထိုနိုင်ငံရှိ လေအေးစက်တပ်ထားသော အကောင်းဆုံးအဆောက်အအုံတွင် ကျင်းပခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁၁၆ ဦးသည် တက်ရောက်လာသူ ၄၀၅ ဦးကို တွေ့မြင်ရပြီး ပထမဆုံးအကြိမ် ကျမ်းစာပြဇာတ်များ ကြည့်ရှုရသည့်အပြင် စည်းဝေးကြီးတွင် ထုတ်ဝေသောစာပေများကို ရရှိခဲ့ကြသောအခါ သူတို့၏ရွှင်လန်းမှုကို သင်မြင်ယောင်ကြည့်နိုင်ပါသလော။ ဆက်ကပ်အပ်နှံထားသူ ၂၀ ကိုနှစ်ခြင်းပေးသည့်နေရာကား အပူပိုင်းဒေသကမ်းခြေတွင်ဖြစ်သည်။
စည်းဝေးကြီးကိုယ်စားလှယ်များ တပ်ဆင်ထားသည့် ထူးခြားသောရင်ထိုးတံဆိပ်များက မြို့သားများ၏အာရုံကို ဖမ်းစားခဲ့သည်။ ပေါ်တူဂီနှင့် အင်ဂိုလာနိုင်ငံများမှ ဧည့်သည် ၂၅ ဦးရောက်ရှိလာသောကြောင့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးနှင့်တူသည်။ နွေးထွေးသောခရစ်ယာန်မေတ္တာနှောင်ကြိုးသည် တစ်မုဟုတ်ချင်း ခိုင်မြဲလာရာ စည်းဝေးကြီးအပြီး နှုတ်ဆက်ချိန်တွင် လူများစွာ မျက်ရည်ကျခဲ့ကြသည်။—ယောဟန် ၁၃:၃၅။
ပြည်သူပိုင်အသံလွှင့်ရုံမှ သတင်းထောက်များ ရောက်ရှိလာကြပြီး စည်းဝေးကြီး,ကြီးကြပ်မှူးနှင့် တွေ့ဆုံမေးမြန်းခဲ့၏။ ဟောပြောချက်အချို့မှ ကောက်နုတ်ချက်များကိုလည်း သူတို့ အသံလွှင့်ခဲ့သည်။ ဤစည်းဝေးကြီးသည် သမိုင်းဝင်အဖြစ်အပျက်တစ်ခု အမှန်ပင်ဖြစ်ပြီး နှစ်နှင့်ချီ သီးခြားဖြစ်ခဲ့သော အဆိုပါတည်ကြည်သူသက်သေခံများအတွက် ယင်းက ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းနှင့် အလွန်နီးကပ်စေခဲ့သည်။
ယေဟောဝါအား ချီးမွမ်းရန် အသီး,သီးပွင့်ခြင်း
ဘုရားသခင့်နိုင်ငံတော်သတင်းတရားအားဖြင့် အသီး,သီးလာသောအခါ ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းသည့် အကျင့်မွန်များကို ပြုမူစေသည်။ (တိတု ၂:၁၀) ဆယ်ကျော်သက်မိန်းကလေးတစ်ဦးသည် အပတ်စဉ်ကျမ်းစာသင်အံမှုမှ သိရှိခဲ့ရာများကို အလွန်သဘောကျခဲ့သည်။ သို့သော် သူ၏ဖခင်သည် အသင်းတော်အစည်းအဝေးများ မတက်ရောက်ရန် သူ့ကို တားခဲ့သည်။ ခရစ်ယာန်အစည်းအဝေးများ၏ အရေးကြီးမှုနှင့် တက်ရောက်လိုသည့်ဆန္ဒကို ဖခင်အား ရိုသေစွာရှင်းပြသောအခါ သူ့ကို အိမ်မှ ချက်ချင်းနှင်ချလိုက်သည်။ တခြားလူငယ်များနည်းတူ သမီးသည် သူ့ကိုကူညီပေးမည့်သူနှင့်လက်မထပ်ဘဲ သွားရောက်နေထိုင်လိမ့်မည်ဟု ဖခင်က ယူမှတ်ခဲ့ပုံရသည်။ ခရစ်ယာန်တစ်ဦးအနေနှင့် သမီးဖြစ်သူသည် ထိုသို့ပြုမည့်အစား စံထားအပ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်စွာ နေထိုင်သည်ကို ဖခင်သိရှိသောအခါ အိမ်သို့ပြန်ခေါ်လာပြီး ယေဟောဝါအား လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်ပေးလေသည်။
ဥပမာနောက်တစ်ခုမှာ တေးဂီတအဖွဲ့ခေါင်းဆောင်၏ ဥပမာဖြစ်သည်။ သူ၏အကျင့်ပျက်ဘဝပုံစံကို တဖြည်းဖြည်းစိတ်ကုန်လာလေသည်။ ဘဝရည်ရွယ်ချက်ကို သူရှာဖွေနေစဉ် သက်သေခံများနှင့် ဆက်သွယ်မိခဲ့သည်။ သူသည် သမ္မာကျမ်းစာ၏ ကိုယ်ကျင့်တရားစံနှုန်းများနှင့်အညီ နေထိုင်လာသောအခါ သူ့သတင်း ပျံ့နှံ့သွားလေသည်။ မကြာမီ အကျိုးမပေးသည့်အပေါင်းအသင်းရှိသမျှကို ဖြတ်တောက်ပစ်ဖို့လိုကြောင်း သူသိရှိလာ၏။ (၁ ကောရိန္သု ၁၅:၃၃) ထို့နောက် အရေးကြီးအဆင့်ဖြစ်သော ယေဟောဝါထံ ဆက်ကပ်အပ်နှံကာ နှစ်ခြင်းယူလိုက်သည်။
လူငယ်အချို့သည် စစ်မှန်သောဘာသာတရားကို ရှာဖွေနေကြ၏။ ဤသို့ရှာဖွေရာတွင် ဧဝံဂေလိအသင်းတချို့မှ ပါစတာများနှင့် ဆွေးနွေးဖြစ်ခဲ့ကြသည်၊ သို့သော်လည်း ပိုမိုရှုပ်ထွေးကာ စိတ်ပျက်ခဲ့ကြသည်။ သို့နှင့် သူတို့သည် အကြမ်းဖက်ကလေကချေများဖြစ်လာကြပြီး အဘယ်ဘာသာတရားကိုမဆို ပြောင်လှောင်လာလေသည်။
တစ်နေ့သောအခါ ယေဟောဝါသက်သေဖြစ်သူ ခရစ်ယာန်သာသနာပြုတစ်ဦးသည် ကျမ်းစာသင်အံမှုသို့အသွား၊ ထိုလူငယ်များရှိရာသို့ ရောက်သွားလေ၏။ ထိုအုပ်စုသည် ခရစ်ယာန်သာသနာပြုအား သူတို့၏မေးခွန်းတချို့ကို ဖြေစေလိုသည့်အတွက် သူ့ကို အိမ်အနောက်ဘက်သို့ခေါ်သွားပြီး ခွေးခြေခုံပေါ် ထိုင်ခိုင်းသည်။ သူတို့သည် ဝိညာဉ်၊ ငရဲမီး၊ ကောင်းကင်အသက်တာနှင့် ကမ္ဘာဆုံးခန်းချိန် အစရှိသည်တို့အကြောင်း တရစပ်မေးမြန်းခဲ့သည်။ သက်သေခံသည် ထိုအဖွဲ့ခေါင်းဆောင်ကမ်းပေးသော သမ္မာကျမ်းစာမှ သူတို့၏မေးခွန်းများကို ဖြေကြားပေးခဲ့သည်။ တစ်နာရီအကြာတွင် လားအမည်ရှိ ခေါင်းဆောင်က “ဒီကိုလာပြီး မေးခွန်းတွေဖြေခိုင်းဖို့ ခင်ဗျားကိုခေါ်လိုက်တဲ့ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က တခြားဘာသာရေးသမားတွေကို လှောင်သလို ခင်ဗျားကို လှောင်ဖို့ပဲ။ ဒီမေးခွန်းတွေ ဘယ်သူမှဖြေနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားက သမ္မာကျမ်းစာကိုပဲ အသုံးပြုပြီး အဖြေပေးနိုင်ခဲ့တယ်! ကျမ်းစာအကြောင်း ဒီထက်မက ဘယ်လိုသင်ယူနိုင်မလဲဆိုတာ ကျွန်တော့်ကို ပြောပြပါ” ဟုထိုခရစ်ယာန်သာသနာပြုကို ပြောခဲ့သည်။ လားနှင့်ကျမ်းစာသင်အံမှု စပြီးနောက်မကြာမီ သူသည် အစည်းအဝေးများကို တက်ရောက်လာလေသည်။ ထို့နောက်မကြာမီ သူသည် ထိုလူငယ်အုပ်စုမှ ထွက်လိုက်ပြီး အကြမ်းဖက်ဘဝပုံစံကို စွန့်ခဲ့၏။ တစ်နှစ်အတွင်း ယေဟောဝါထံ သူ၏အသက်တာကို ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့သည်။ ယခုအခါ သူသည် ခရစ်ယာန်ဓမ္မအမှုထမ်းအဖြစ် အမှုဆောင်လျက်ရှိသည်။
အလွန်အမြစ်စွဲနေပြီဖြစ်သော ဒေသန္တရဓလေ့ထုံးစံတစ်ခုမှာ ဇနီးမောင်နှံများသည် တရားဝင်လက်မထပ်ဘဲ အတူနေထိုင်ကြခြင်းဖြစ်သည်။ လူအများသည် နှစ်နှင့်ချီအတူနေထိုင်ကြပြီး သားသမီးများရကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်၏ရှုမြင်ချက်ကို သူတို့လက်ခံရခက်ကြ၏။ ဤအခက်အခဲကို လူတစ်ဦးအား သမ္မာကျမ်းစာက မည်သို့အောင်မြင်ကျော်လွှားစေခဲ့ကြောင်း မြင်တွေ့ရခြင်းသည် ကြည်နူးအားရစရာပင်။—၂ ကောရိန္သု ၁၀:၄-၆; ဟေဗြဲ ၄:၁၂။
အန်တိုနယိုသည် တရားဝင်လက်ထပ်သင့်သည်ဟု နားလည်သဘောပေါက်လာပြီး ငွေပေါ်မည့် ပြောင်းသိမ်းချိန်ပြီးနောက် မင်္ဂလာပွဲပြုလုပ်မည်ဟု စီစဉ်ခဲ့သည်။ ပြောင်းမသိမ်းမီ တစ်ညအလိုတွင် သူ၏ပြောင်းပင်များကို သူခိုး,ခိုးသွားသည်။ နောက်နှစ်ပြောင်းသိမ်းချိန်ကို စောင့်မည်ဟု သူဆုံးဖြတ်ခဲ့သော်လည်း တစ်ဖန် အခိုးခံရပြန်သည်။ အန်တိုနယိုသည် မင်္ဂလာပွဲအတွက် ငွေရရှိရန် ကြိုးစားပြန်သောအခါ မအောင်မြင်သဖြင့် ဆန့်ကျင်နှောင့်ယှက်သူကား မည်သူဖြစ်ကြောင်း သိရှိလာ၏။ “ဘာပဲဖြစ်ဖြစ် စာတန်လှည့်စားတာကို ကျွန်တော်ဆက်ခွင့်မပြုတော့ဘူး။ တစ်လခွဲကြာရင် ပွဲလုပ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကျွန်တော်တို့ လက်ထပ်ကြမယ်!” ဟုသူပြောခဲ့သည်။ သို့နှင့် သူတို့လက်ထပ်ဖြစ်ခဲ့ကြသည်၊ သူတို့၏မိတ်ဆွေများက လက်ထပ်ပွဲအတွက် ကြက်များ၊ ဘဲများနှင့် ဆိတ်တစ်ကောင်ကို ပေးကြရာ သူတို့အံ့အားသင့်ခဲ့သည်။ အန်တိုနယိုနှင့် သူ၏ဇနီးတို့သည် တရားဝင်လက်ထပ်ပြီးနောက် သူတို့၏သားသမီးခြောက်ဦးနှင့်အတူ ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့ကြ၏။
ပရင့်ချီပေကျွန်းသို့
မကြာသေးမီနှစ်များအတွင်း တိုက်နယ်ကြီးကြပ်မှူးနှင့် ဆောင်ထမေကျွန်းမှ ရှေ့ဆောင်များသည် ပရင့်ချီပေကျွန်းသား ၆,၀၀၀ ထံအခါအားလျော်စွာ လည်ပတ်ခဲ့ကြသည်။ ကျွန်းသားများသည် အလွန်ဧည့်ဝတ်ပျူငှာကြပြီး သက်သေခံများ ပြောဆိုရာကို ကြားလိုစိတ် ပြင်းပြခဲ့ကြသည်။ လူတစ်ဦးသည် မိမိအား ပေးခဲ့သည့် ဝေစာတစ်စောင်ကိုဖတ်ပြီး နောက်တစ်နေ့တွင် ရှေ့ဆောင်များကို လိုက်ရှာကာ ဝေစာများများဝေငှရန် မိမိကူညီပေးလိုသည်ဟု ပြောခဲ့၏။ ရှေ့ဆောင်များက မိမိတို့ဘာသာ ဝေငှနိုင်ပါသည်ဟု ရှင်းပြသော်လည်း ထိုသူက ရှေ့ဆောင်များကို အိမ်ရှင်များနှင့်မိတ်ဆက်ပေးပြီး အသေအချာနားထောင်ရန် ပြောဆိုဖို့ တစ်အိမ်မှတစ်အိမ် ဇွတ်အတင်းလိုက်လာလေသည်။ ထိုသူက ရှေ့ဆောင်များသည် အရေးကြီးလုပ်ငန်းကို လုပ်ဆောင်နေကြသည်ဟု ချီးမွမ်းကာ ထွက်ခွာသွားခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ဆောင်ထမေကျွန်းမှ ရှေ့ဆောင်နှစ်ဦးသည် ပရင့်ချီပေကျွန်းသို့ ပြောင်းရွှေ့လာပြီးနောက် မကြာမီပင် အိမ်တွင်းကျမ်းစာသင်အံမှု ၁၇ ခုကို ကျင်းပခဲ့ကြသည်။ လုပ်ငန်းဆက်တိုးချဲ့လာပြီးနောက် အသင်းတော်စာအုပ်ကြီးသင်တန်းကို တက်ရောက်သူပျမ်းမျှ ၁၆ ဦးရှိပြီး လူထုဟောပြောပွဲကို ၃၀ ကျော်တက်ရောက်ကြသည်။ အစည်းအဝေးကျင်းပမည့်နေရာ လိုအပ်ကြောင်းကို မြို့တော်ခန်းမသို့ တင်ပြလိုက်ရာ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခု ဆောက်လုပ်ရန် မြေကွက်ရရှိခဲ့သည်။ ဆောင်ထမေကျွန်းမှ စေတနာ့ဝန်ထမ်းညီအစ်ကိုများသည် အထူးရှေ့ဆောင်နှစ်ဦးနေစရာ အခန်းများလည်းပါရှိသည့် ဘုရားသခင့်နိုင်ငံတော်ခန်းမငယ်တစ်လုံးကို ဆောက်လုပ်ပေးခဲ့ကြသည်။
ဤဝေးခေါင်သောကျွန်းများပေါ်တွင် သတင်းကောင်းဟောပြောခြင်းဖြင့် အသီးများစွာသီးပွင့်ပြီး တိုးတက်လျက်ရှိသည်မှာ ထင်ရှားပါသည်။ (ကောလောသဲ ၁:၅၊ ၆) ၁၉၉၀၊ ဇန်နဝါရီလတွင် ဆောင်ထမေနှင့် ပရင့်ချီပေကျွန်းတို့တွင် ကြေညာသူ ၄၆ ဦးရှိ၏။ ၂၀၀၂ လုပ်ငန်းတော်နှစ်အတွင်း ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၃၈၈ ဦးအထိ တိုးတက်လာသည်။ ကြေညာသူ ၂၀ ရာခိုင်နှုန်းကျော်သည် အချိန်ပြည့်လုပ်ငန်းတော်တွင် ပါဝင်နေကြပြီး အိမ်တွင်းကျမ်းစာသင်အံမှု ၁,၄၀၀ ခန့်ကျင်းပလျက်ရှိ၏။ ၂၀၀၁ ခုနှစ်သတိရအောက်မေ့ပွဲတွင် အများဆုံးတက်ရောက်သူ ၁,၉၀၇ ဦးရှိ၏။ မှန်ပါသည်၊ အဆိုပါအပူပိုင်းဒေသကျွန်းများပေါ်တွင် ယေဟောဝါ၏သတင်းတရားသည် အရှိန်အဟုန်ဖြင့်ပျံ့နှံ့နေပြီး ကိုယ်တော်၏ဘုန်းတော် ထင်ရှားလျက်ရှိသည်။—၂ သက်သာလောနိတ် ၃:၁။
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
လူကြိုက်များသော ရေဒီယိုအသံလွှင့်ချက်များ
ဤကျွန်းများပေါ်နေထိုင်သည့် ကျွန်းသားများ အလွန်တန်ဖိုးထားသော စာအုပ်တစ်အုပ်မှာ လူငယ်များအမေး—တာသွားသည့်အဖြေ * ဖြစ်သည်။ ထိုခေါင်းစဉ်ဖြင့် ၁၅ မိနစ်အစီအစဉ်ကို ပြည်သူပိုင်အသံလွှင့်ရုံမှ နှစ်ပတ်တစ်ခါ တင်ဆက်လေ့ရှိ၏။ အသံလွှင့်သူက “လူငယ်တို့၊ အချစ်စစ်အချစ်မှန်လား၊ အရူးအမူးအချစ်လားဆိုတာ ဘယ်လိုသိမလဲ” ဟုမေးခွန်းထုတ်ကာ ထိုစာအုပ်၏အပိုင်းတစ်ပိုင်း ဖတ်ပြသည်ကို ကြားရခြင်းသည် တကယ်ပီတိဖြစ်စရာပါတကား! (အခန်း ၃၁ ကိုရှု) ထိုအသံလွှင့်ရုံကပင် မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်* စာအုပ်မှ ရွေးချယ်ထားသောအပိုင်းများကို တင်ဆက်ပေးပါသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 33 ယေဟောဝါသက်သေများ ပုံနှိပ်ထုတ်ဝေသည်။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
၁၉၉၄ ခုနှစ်တွင် ဆောင်ထမေကျွန်းပေါ်ရှိ ပထမဦးဆုံး ဘုရားသခင့်နိုင်ငံတော်ခန်းမ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
၁။ လျင်မြန်စွာဆောက်လုပ်ပြီးသော မီဆော့ရှီမြို့မှ ဘုရားသခင့်နိုင်ငံတော်ခန်းမ
၂။ ဤအဆောက်အအုံတွင် သမိုင်းဝင်ခရိုင်စည်းဝေးကြီး ကျင်းပခဲ့
၃။ စည်းဝေးကြီးတွင် ပျော်ရွှင်နေကြသော နှစ်ခြင်းခံမည့်သူများ
[Picture Credit Line on page 8]
Globe: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.