ငယ်ရွယ်စဉ်မှစ ယေဟောဝါ သွန်သင်ပေးခဲ့
ဘဝအတ္ထုပ္ပတ္တိ
ငယ်ရွယ်စဉ်မှစ ယေဟောဝါ သွန်သင်ပေးခဲ့
ရစ်ချာ့တ် အေဗရာဟမ်ဆန် ပြောပြသည်
“အို ဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင် အံ့ဖွယ်သောအမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။” ဆာလံ ၇၁:၁၇ ပါ အဲဒီစကားတွေက ကျွန်တော့်အတွက် ဘာကြောင့် အထူးအဓိပ္ပာယ်ရှိတယ်ဆိုတာကို ရှင်းပြခွင့်ပြုပါ။
ကျွန်တော့်အမေ ဖဲန်နီ အေဗရာဟမ်ဆန်ဟာ ၁၉၂၄ ခုနှစ်မှာ ယေဟောဝါသက်သေတွေနဲ့ စတွေ့ခဲ့တယ်၊ ဟိုတုန်းက သူတို့ကို ကျမ်းစာကျောင်းသားတွေလို့ခေါ်တယ်။ အဲဒီတုန်းက ကျွန်တော့်အသက် တစ်နှစ်ပဲ ရှိသေးတယ်။ ကျမ်းစာအမှန်တရားကို အမေသင်ယူနေရင်း သူသိလာသမျှကို အိမ်နီးချင်းတွေဆီ သွားပြောပြတယ်၊ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုအစ်မတွေကိုလည်း သင်ပေးတယ်။ ကျွန်တော်စာမဖတ်တတ်ခင်ကတည်းက ဘုရားသခင့်နိုင်ငံတော်ရဲ့ကောင်းချီးတွေနဲ့ပတ်သက်တဲ့ ကျမ်းချက်တွေကို အလွတ်ရွတ်နိုင်ဖို့ အမေသင်ပေးတယ်။
၁၉၂၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းမှာ ကျွန်တော်မွေးပြီးကြီးလာတဲ့ ယူ.အက်စ်.အေ.၊ အော်ရီဂွန်ပြည်နယ်၊ လီ ဂရန်ဒ်က ကျမ်းစာကျောင်းသားအုပ်စုလေးဟာ အမျိုးသမီးနည်းနည်းနဲ့ ကလေးတွေနဲ့ပဲ ဖွဲ့စည်းထားတာ။ ကျွန်တော်တို့က သီးခြားအုပ်စုဖြစ်ပေမဲ့ ပီလ်ဂရင်မ်လို့ခေါ်ခဲ့ကြတဲ့ နယ်လှည့်ဓမ္မအမှုဆောင်တွေ တစ်နှစ်ကို တစ်ကြိမ်နှစ်ကြိမ် ကျွန်တော်တို့ဆီ လာလည်ပတ်တယ်။ သူတို့ဟောပြောချက်တွေက တကယ်အားရှိစရာကောင်းတယ်၊ ကျွန်တော်တို့နဲ့အတူ တစ်အိမ်တက်ဆင်းသွားတဲ့အပြင် ကလေးတွေကိုလည်း အတော်ဂရုစိုက်တယ်။ အဲဒီ ချစ်စရာကောင်းတဲ့သူတွေထဲမှာ ရှီးလ်ဒ် ထွတ်ဂျီယန်း၊ ဂျင်း အော်ရယ်လ်နဲ့ ဂျွန် ဘုတ်သ်တို့ပါတယ်။
ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ကျမ်းစာကျောင်းသားတွေခံယူခဲ့တဲ့ ၁၉၃၁ ခုနှစ်မှာ ကျွန်တော်တို့အုပ်စုထဲက တစ်ယောက်မှ အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်စည်းဝေးကြီးကို မတက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ စည်းဝေးကြီးမတက်ခဲ့တဲ့ ကုမ္ပဏီများလို့ အဲဒီအချိန်က ခေါ်ခဲ့တဲ့ အသင်းတော်တွေနဲ့ သီးခြားအုပ်စုတွေဟာ အဲဒီနှစ် ဩဂုတ်လမှာပဲ ဒေသလိုက်စည်းဝေးပြီး အဲဒီနာမည်ကိုခံယူဖို့ သန္နိဋ္ဌာန်ပြုခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ လီ ဂရန်ဒ်အုပ်စုလေးလည်း အဲလိုပဲလုပ်ခဲ့တယ်။ ၁၉၃၃ ခုနှစ်က ကျပ်တည်းမှုစာအုပ်ငယ်ကို ဖြန့်ဝေတဲ့ကင်ပိန်းမှာ ကျမ်းစာတင်ဆက်မှုတစ်ခုကို ကျွန်တော်အလွတ်ကျက်ပြီး ပထမဦးဆုံးအကြိမ် တစ်ယောက်တည်း တစ်အိမ်တက်ဆင်း သက်သေခံထွက်ခဲ့တယ်။
၁၉၃၀ ပြည့်လွန်နှစ်တွေမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းကို ပိုပြီးအတိုက်အခံလုပ်လာကြတယ်။ ဒါနဲ့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီလေးတွေကို တိုင်းတွေဆိုပြီး အုပ်စုခွဲလိုက်တယ်၊ စည်းဝေးပွဲလေးတွေကျင်းပပြီး တစ်နှစ်ကို တစ်ကြိမ်နှစ်ကြိမ် တိုင်းဆိုင်ရာကင်ပိန်းလို့ခေါ်တဲ့ အထူးဟောပြောခြင်းအစီအစဉ်တွေ ပြုလုပ်ခဲ့ကြတယ်။ အဲဒီစည်းဝေးပွဲတွေမှာ ဟောပြောနည်းတွေသင်ပေးတယ်၊ ဒါ့အပြင် အနှောင့်အယှက်ပေးတဲ့ရဲတွေကို ရိုရိုသေသေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာလည်း သင်ပေးတယ်။ သက်သေခံတွေကို ရဲတရားသူကြီးရှေ့၊ တရားရုံးရှေ့ မကြာခဏ ဆွဲခေါ်သွားတတ်တဲ့အတွက် စမ်းသပ်မှုအမိန့်လို့ခေါ်တဲ့ လမ်းညွှန်ချက်ဘရိုရှာကို ကြိုတင်ဖတ်ထားပြီး လေ့ကျင့်ကြရတယ်။ ဒီလိုနဲ့ အတိုက်အခံကြုံတဲ့အခါ ကိုင်တွယ်ဖြေရှင်းတတ်ကြတယ်။
ငယ်ရွယ်စဉ် ကျမ်းစာအမှန်တရား တိုးသိလာ
ကျမ်းစာအမှန်တရားကိုရယ်၊ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်အောက်ရှိ မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်နိုင်မယ်ဆိုတဲ့ ကျမ်းစာအခြေပြုမျှော်လင့်ချက်ကိုရယ် ကျွန်တော် ပိုတန်ဖိုးထားလာတယ်။ အဲဒီတုန်းက ကောင်းကင်မှာ ခရစ်တော်နဲ့အတူအုပ်ချုပ်ဖို့ မျှော်လင့်ချက်မရှိသူတွေ နှစ်ခြင်းခံတာကို သိပ်အလေးမပေးခဲ့ဘူး။ (ဗျာ. ၅:၁၀; ၁၄:၁၊ ၃) ဒါပေမဲ့ ယေဟောဝါအလိုတော်ဆောင်မယ်လို့ စိတ်ဆုံးဖြတ်ထားရင် နှစ်ခြင်းခံသင့်တယ်လို့ ကျွန်တော့်ကိုပြောတယ်။ ဒါကြောင့် ၁၉၃၃၊ ဩဂုတ်လမှာ ကျွန်တော်နှစ်ခြင်းခံလိုက်တယ်။
အသက် ၁၂ နှစ်အရွယ်မှာ ကျွန်တော်ဟာ လူထုရှေ့စကားပြောတော်တယ်လို့ ဆရာမကယူဆပြီး ကျွန်တော့်ကို ထပ်ဆင့်သင်တန်းပေးဖို့ အမေ့ကို သူတိုက်တွန်းတယ်။ ဒီသင်တန်းဟာ ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့ ကျွန်တော့်ကို ပိုပြီးအထောက်အကူပြုနိုင်မယ်လို့ အမေယူဆတယ်။ ဒါနဲ့ အမေဟာ နည်းပြဆရာမရဲ့အဝတ်တွေကို တစ်နှစ်လောက်လျှော်ပေးပြီး ကျွန်တော့်ရဲ့သင်တန်းခပေးခဲ့တယ်။ အဲဒီသင်တန်းက ကျွန်တော့်ရဲ့ဓမ္မအမှုကို တကယ်အထောက်အကူပေးခဲ့တယ်။ အသက် ၁၄ နှစ်မှာ ကျွန်တော် အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲပြီး အကြီးအကျယ်အဖျားတက်တဲ့အတွက် တစ်နှစ်ကျော်ကျော်လောက် ကျောင်းထွက် အနားယူလိုက်ရတယ်။
၁၉၃၉ ခုနှစ်မှာ အချိန်ပြည့်ဓမ္မအမှုဆောင် ဝါရင်းဟဲန်ရှယ်လ် ကျွန်တော်တို့ဒေသကို ရောက်လာတယ်။ * သူဟာ ဝိညာဉ်ရေးအရ ကျွန်တော့်အစ်ကိုကြီးပဲ၊ ကျွန်တော့်ကို တစ်နေကုန် လယ်ကွင်းအမှုဆောင်ခေါ်သွားတယ်။ မကြာခင်မှာပဲ ယာယီ အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းဖြစ်တဲ့ အားလပ်ချိန်ရှေ့ဆောင်လုပ်ငန်းမှာ စပါဝင်ဖို့ ကျွန်တော့်ကို သူကူညီပေးတယ်။ အဲဒီနွေမှာပဲ ကျွန်တော်တို့ရဲ့အုပ်စုလေးဟာ ကုမ္ပဏီဖြစ်လာတယ်။ ဝါရင်းကို ကုမ္ပဏီအမှုထမ်းခန့်ပြီး ကျွန်တော့်ကိုတော့ ကင်းမျှော်စင်သင်တန်းမှူးအဖြစ် ခန့်လိုက်တယ်။ နယူးယောက်မြို့၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အပြည်ပြည်ဆိုင်ရာဌာနချုပ်ဖြစ်တဲ့ ဗေသလမှာ အမှုထမ်းဆောင်ဖို့ ဝါရင်းထွက်ခွာသွားတဲ့အခါ ကျွန်တော် ကုမ္ပဏီအမှုထမ်း ဖြစ်လာတယ်။
အချိန်ပြည့်ဓမ္မအမှု စတင်ခြင်း
ကုမ္ပဏီအမှုထမ်းအဖြစ် အမှုဆောင်ရလို့ တာဝန်တိုးများလာတော့ အချိန်ပြည့်ဓမ္မအမှုကို မှန်မှန်ဆောင်ရွက်ချင်စိတ်များလာတယ်၊ ဒါနဲ့ အထက်တန်းကျောင်း သုံးနှစ်တက်ပြီးတာနဲ့ အသက် ၁၇ နှစ်အရွယ်မှာ အချိန်ပြည့်ဓမ္မအမှုဆောင်ခဲ့တယ်။ အဖေက ကျွန်တော်တို့ရဲ့ ဘာသာရေးယုံကြည်ချက်တွေကို စိတ်မဝင်စားပေမဲ့ မိသားစုကို ဂရုစိုက်တယ်၊ စည်းကမ်းလည်းကြီးတယ်။ အဖေက ကျွန်တော့်ကို ကောလိပ်တက်စေချင်တယ်။ ဒါပေမဲ့ သူကပြောပါတယ်၊ ကျွန်တော့်ကို သူထောက်ပံ့စရာမလိုဘူးဆိုရင် ကြိုက်ရာလုပ်နိုင်တယ်။ ဒါနဲ့ ၁၉၄၀၊ စက်တင်ဘာ ၁ ရက်နေ့မှာ ကျွန်တော် ရှေ့ဆောင်စလုပ်တယ်။
အိမ်ကနေထွက်ချိန်မှာ အမေက နယပုံပြင် ၃:၅၊ ၆ ကိုဖတ်ခိုင်းတယ်– ‘ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ဘုရားသခင်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’ တကယ်ပါပဲ၊ ယေဟောဝါကို ကျွန်တော်အမြဲအားကိုးလို့ အကြီးအကျယ် အကူအညီရခဲ့တယ်။
မကြာခင်မှာ ကျွန်တော် ဝါရှင်တန်ပြည်နယ် မြောက်အလယ်ပိုင်းဒေသကိုသွားပြီး ဂျိုးနဲ့ မာဂရက် ဟာ့တ်တို့နဲ့အတူ ဓမ္မအမှုဆောင်ခဲ့တယ်။ ရပ်ကွက်ကအမျိုးမျိုးပဲ၊ နွားခြံတွေ၊ သိုးခြံတွေ၊ အမေရိကန် အင်ဒီးယန်းလူမျိုးတို့ရဲ့ သီးသန့်နယ်မြေတွေအပြင် မြို့ငယ်လေးတွေ၊ ရွာငယ်လေးတွေရော စုံနေတာပဲ။ ၁၉၄၁ ခုနှစ် နွေဦးမှာ ဝါရှင်တန်၊ ဝီနာချီအသင်းတော်ရဲ့ ကုမ္ပဏီအမှုထမ်းအဖြစ် ကျွန်တော်တာဝန်ရခဲ့တယ်။
ဝါရှင်တန်ပြည်နယ်၊ ဝါလာ ဝါလာမြို့က စည်းဝေးပွဲတစ်ခုမှာ ဧည့်ကြိုအဖြစ် ခန်းမကြီးထဲဝင်လာတဲ့သူတွေကို ကျွန်တော်ကြိုဆိုနေတုန်းမှာ အသံချဲ့စက်စနစ်ကို ကြိုးစားပမ်းစား တပ်ဆင်နေတဲ့ ညီအစ်ကိုလေးတစ်ယောက်ကို သတိထားမိတယ်။ ဒါနဲ့ ကျွန်တော့်တာဝန်ကို သူ့ကိုယူစေပြီး သူ့တာဝန်ကို ကျွန်တော်ယူဖို့ အကြံပြုလိုက်တယ်။ ဒေသန္တရအမှုထမ်း အဲလ်ဘတ် ဟော့မန် ပြန်ရောက်လာတော့ ကျွန်တော့်တာဝန်ကိုပစ်ထားတာ သူတွေ့သွားတဲ့အခါ သူက ညွှန်ကြားချက်မရရင် ကိုယ့်တာဝန်ကိုယ် ဆက်လုပ်တာ တန်ဖိုးရှိတယ်လို့ ရင်းနှီးတဲ့အပြုံးနဲ့ ကျွန်တော့်ကို ရှင်းပြတယ်။ အဲဒီကတည်းက သူ့ရဲ့ဆုံးမစကားကို ကျွန်တော်မှတ်ထားလိုက်တယ်။
၁၉၄၁၊ ဩဂုတ်လမှာ ယေဟောဝါသက်သေတွေက မစ်ဆူရီပြည်နယ်၊ စိန့် လူးဝစ်မြို့မှာ စည်းဝေးကြီးတစ်ခု ကျင်းပဖို့ စီစဉ်ခဲ့ကြတယ်။ ဟာ့တ်မောင်နှံက သူတို့ရဲ့ ပစ်ကပ်ထရပ်ကားကို အမိုး,မိုးလိုက်ပြီး ခုံတန်းရှည်တွေ တပ်ဆင်လိုက်ကြတယ်။ အဲဒီထရပ်ကားနဲ့ ကျွန်တော်တို့ ရှေ့ဆောင်ကိုးယောက် မိုင်ပေါင်း ၁,၅၀၀ ဝေးတဲ့ စိန့်လူးဝစ်မြို့ကို သွားခဲ့ကြတယ်။ အသွားတစ်ပတ်၊ အပြန်တစ်ပတ်ကြာတယ်။ စည်းဝေးကြီးမှာ တက်ရောက်သူအများဆုံး ၁၁၅,၀၀၀ ယောက်ရှိမယ်လို့ ရဲတွေက ခန့်မှန်းကြတယ်။ တကယ်တော့ တက်ရောက်သူ အဲ့ဒီလောက်မရှိပေမဲ့ အဲဒီအချိန်တုန်းက ယူနိုက်တက်စတိတ်မှာ သက်သေခံ ၆၅,၀၀၀ ထက်တော့ကျော်မယ်။ အဲ့ဒီစည်းဝေးကြီးတက်ရတာ ဝိညာဉ်ခွန်အားတကယ်ရခဲ့တယ်။
ဘရွတ်ကလင်ဗေသလမှာ အမှုဆောင်ခြင်း
ဝီနာချီမြို့ကို ပြန်ရောက်လာတော့ ဘရွတ်ကလင်ဗေသလမှာ လာအမှုထမ်းဖို့ စာရောက်လာတယ်။ ၁၉၄၁၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ ကျွန်တော်ရောက်တာနဲ့ ကျွန်တော့်ကို စက်ရုံကြီးကြပ်မှူး နေသန် အိပ်ခ်ျ. နောရ် ရဲ့ရုံးခန်းကို ခေါ်သွားတယ်။ ဗေသလဟာ ဘယ်လိုနေရာမျိုးဖြစ်တဲ့အကြောင်း၊ ဗေသလမှာ အောင်မြင်ချင်ရင် ယေဟောဝါနဲ့နီးနီးကပ်ကပ်နေဖို့ အရေးကြီးတဲ့အကြောင်းတွေကို ကြင်ကြင်နာနာနဲ့ရှင်းပြတယ်။ အဲဒီနောက် ကျွန်တော့်ကို ထုပ်ပို့ရေးဌာနကို ခေါ်သွားပြီး ထုပ်ပို့ရမယ့် စာအုပ်ပုံးတွေကို ထုပ်ပိုးခိုင်းတယ်။
၁၉၄၂၊ ဇန်နဝါရီ ၈ ရက်နေ့မှာ တစ်ကမ္ဘာလုံးကယေဟောဝါသက်သေတွေကို ဦးဆောင်ခဲ့တဲ့ ဂျိုးဇက် ရပ်သဖော့ဒ် ကွယ်လွန်သွားတယ်။ ငါးရက်ကြာတော့ အသင်းမရဲ့ဒါရိုက်တာတွေက သူ့နေရာကိုဆက်ခံဖို့ ညီအစ်ကိုနောရ်ကို ရွေးချယ်လိုက်ကြတယ်။ အဲဒီအကြောင်းကို အဖွဲ့အစည်းရဲ့ သက်တမ်းကြာ အတွင်းရေးမှူး–ဘဏ္ဍာရေးမှူးဖြစ်တဲ့ ဒဗ္ဗလျူ. အီး. ဗန် အမ်ဘာ့ဂ်က ဗေသလမိသားစုကို ကြေညာတဲ့အခါ သူဒီလိုပြောခဲ့တယ်– “[၁၉၁၆ ခုနှစ်မှာ] စီ. တီ. ရပ်စယ်လ်ဆုံးပါးသွားပြီး ဂျေ. အက်ဖ်. ရပ်သဖော့ဒ် အစားဝင်ခဲ့တဲ့အချိန်ကို ကျွန်တော်မှတ်မိသေးတယ်။ အရှင်သခင်က သူ့ရဲ့လုပ်ငန်းကို ဆက်ညွှန်ကြားပြီး တိုးတက်အောင်မြင်စေခဲ့တယ်။ အခု ဒီလုပ်ငန်းကို ဥက္ကဋ္ဌ နေသန် အိပ်ခ်ျ. နောရ် ဦးစီးလုပ်ဆောင်သွားတဲ့အခါလည်း တိုးတက်လိမ့်မယ်လို့ ကျွန်တော်အပြည့်အဝယုံကြည်တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းဟာ လူ့အလုပ်မဟုတ်ဘဲ အရှင်သခင်ရဲ့အလုပ်ဖြစ်လို့ပဲ။”
၁၉၄၂၊ ဖေဖော်ဝါရီမှာ “သီအိုကရက်တစ်ဓမ္မအမှုအဆင့်မြင့်သင်တန်း” စတင်မယ့်အကြောင်း ကြေညာလိုက်တယ်။ ဗေသလကလူတွေကိုလေ့ကျင့်ပေးဖို့ အဲဒီသင်တန်းကို စီစဉ်ပေးတာ၊ သူတို့ ကျမ်းစာအကြောင်းအရာတွေကို ဆည်းပူးတဲ့စွမ်းရည် တိုးတက်လာဖို့နဲ့ အဲ့ဒီအကြောင်းတွေကို ကောင်းကောင်းစုစည်းပြီး ထိထိရောက်ရောက် တင်ဆက်ဟောပြောတတ်ဖို့ဖြစ်တယ်။ အရင်က လူထုရှေ့ဟောပြောခြင်းသင်တန်းကို ကျွန်တော်တက်ထားဖူးတော့ အဲဒီအစီအစဉ်မှာ မြန်မြန်တိုးတက်လာတယ်။
မကြာခင်မှာပဲ ကျွန်တော့်ကို လုပ်ငန်းတော်ဌာနမှာ တာဝန်ပေးတယ်၊ ဒီဌာနက ယူနိုက်တက်စတိတ် သက်သေခံတွေရဲ့ ဓမ္မအမှုကို ကြပ်မတ်ကြည့်ရှုပေးရတယ်။ အဲဒီနှစ်အကုန်ပိုင်းမှာ သက်သေခံကုမ္ပဏီတွေဆီ ဓမ္မအမှုဆောင်တွေသွားလည်ပတ်တဲ့ အစီအစဉ်ကို ပြန်စတင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ညီအစ်ကိုများ၏အမှုထမ်းလို့ခေါ်တဲ့ အဲဒီနယ်လှည့်အမှုထမ်းတွေကို အချိန်တန်တော့ တိုက်နယ်ကြီးကြပ်မှူးတွေလို့ ခေါ်ခဲ့ကြတယ်။ ၁၉၄၂ ခုနှစ် နွေမှာ အဲဒီဓမ္မအမှုလုပ်ငန်းအတွက် ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ သင်တန်းတစ်ခုကို ဗေသလမှာ စီစဉ်ခဲ့တယ်၊ အဲဒီသင်တန်းကို ကျွန်တော်တက်ခွင့်ရခဲ့တယ်။ သင်တန်းပို့ချသူတစ်ယောက်ဖြစ်တဲ့ ညီအစ်ကိုနောရ်က “လူ့အကြိုက်လိုက်ဖို့ မကြိုးစားနဲ့။ နောက်ဆုံး ဘယ်သူ့အကြိုက်မှ မတွေ့ဘဲဖြစ်သွားလိမ့်မယ်။ ယေဟောဝါကြိုက်တာကိုပဲလုပ်၊ အဲလိုဆိုရင် ယေဟောဝါကိုချစ်တဲ့သူအားလုံးရဲ့ အကြိုက်နဲ့တွေ့လိမ့်မယ်” လို့ အလေးပေးပြောခဲ့တာကို ကျွန်တော် အထူးမှတ်မိတယ်။
၁၉၄၂၊ အောက်တိုဘာလမှာ နယ်လှည့်လုပ်ငန်းကို အကောင်အထည်ဖော်ခဲ့တယ်။ ဗေသလက ကျွန်တော်တို့တချို့လည်း အချို့သော စနေ၊ တနင်္ဂနွေနေ့တွေမှာ နယူးယောက်မြို့နဲ့ မိုင် ၂၅၀ အတွင်းရှိတဲ့ အသင်းတော်တွေဆီ သွားလည်ပတ်ကြရတယ်။ အဲဒီအသင်းတော်ရဲ့ဟောပြောခြင်းလုပ်ငန်းနဲ့ အစည်းအဝေးတက်သူ အရေအတွက်ကို ပြန်လှန်စစ်ဆေးကြရတယ်၊ အသင်းတော်တာဝန်တွေကို ထမ်းဆောင်တဲ့သူတွေနဲ့ တွေ့ဆုံစည်းဝေးကြရတယ်၊ ဟောပြောချက်တစ်ခုနှစ်ခုပေးကြရပြီး ဒေသခံသက်သေခံတွေနဲ့အတူ ဓမ္မအမှုမှာ ပါဝင်ကြရတယ်။
၁၉၄၄ ခုနှစ်မှာ နယ်လှည့်လုပ်ငန်းကို ခြောက်လကြာလုပ်ဆောင်ဖို့ လုပ်ငန်းတော်ဌာနကနေ စေလွှတ်ခံခဲ့ရတဲ့သူတွေထဲမှာ ကျွန်တော်လည်းပါတယ်၊ ဒယ်လာဝဲရ်၊ မေရီလန်း၊ ပင်စယ်လ်ဗေးနီးယားနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ သွားအမှုဆောင်ခဲ့ရတယ်။ နောက်တော့ ကွန်နက်တီကက်၊ မက်ဆာချူးဆက်နဲ့ ရို့ဒ်အိုင်လန်ပြည်နယ်တွေက အသင်းတော်တွေဆီ လအနည်းငယ်ကြာ လည်ပတ်ခဲ့ရသေးတယ်။ ဗေသလကိုပြန်ရောက်လာတော့ ညီအစ်ကိုနောရ်နဲ့ သူ့ရဲ့အတွင်းရေးမှူး မီလ်တန် ဟဲန်ရှယ်လ်တို့နဲ့အတူ သူတို့ရုံးမှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ရတယ်၊ အဲဒီမှာ ကျွန်တော်တို့ရဲ့ကမ္ဘာချီလုပ်ငန်းအကြောင်း အကျွမ်းတဝင်ရှိလာတယ်။ ဒါ့အပြင် ကျွန်တော်ဟာ ဒဗ္ဗလျူ. အီး. ဗန် အမ်ဘာ့ဂ်နဲ့ သူ့ရဲ့လက်ထောက် ဂရန့် စူတာတို့ရဲ့ ကြပ်မတ်ကွပ်ကဲမှုအောက်ရှိ ဘဏ္ဍာရေးမှူးဌာနမှာ အချိန်ပိုင်းအမှုဆောင်ခဲ့တယ်။ ၁၉၄၆ ခုနှစ်ကျတော့ ဗေသလမှာရှိတဲ့ ဌာနအတော်များများကို ကြီးကြပ်ခဲ့ရပါတယ်။
ကျွန်တော့်ဘဝတွင် ကြီးမားသောပြောင်းလဲမှုများ
၁၉၄၅ ခုနှစ်မှာ အသင်းတော်တွေဆီ လည်ပတ်နေတုန်း ရို့ဒ်အိုင်လန်ပြည်နယ်၊ ပရောဗစ်ဒန့်စ်မြို့က ဂျူလီယာ ချာနော်စကားစ်နဲ့ ကျွန်တော်ရင်းနှီးကျွမ်းဝင်လာတယ်။ ၁၉၄၇ နှစ်လယ်လောက်မှာ လက်ထပ်ဖို့ကိစ္စကို ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။ ဗေသလလုပ်ငန်းကို ကျွန်တော်အရမ်းမြတ်နိုးပေမဲ့လည်း အဲဒီအချိန်တုန်းက ကိုယ့်အိမ်ထောင်ဖက်ကို ဗေသလခေါ်လာနိုင်တဲ့အစီအစဉ် မရှိသေးဘူး။ ဒါကြောင့် ၁၉၄၈၊ ဇန်နဝါရီလမှာ ဗေသလကထွက်ပြီး ဂျူလီယာ (ဂျူလီ) နဲ့ကျွန်တော် လက်ထပ်လိုက်တယ်။ ပရောဗစ်ဒန့်စ်မြို့က စူပါမားကက်တစ်ခုမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ပြီး ကျွန်တော်တို့နှစ်ယောက်စလုံး ရှေ့ဆောင် အတူတူလုပ်တယ်။
၁၉၄၉၊ စက်တင်ဘာလမှာ ဝစ္စကပ်ဆင်ပြည်နယ် အနောက်မြောက်ဒေသမှာ တိုက်နယ်လှည့်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်တယ်။ မြို့ငယ်လေးတွေ၊ နို့စားနွားမွေးမြူရေးခြံတွေရှိတဲ့ ကျေးလက်ဒေသမှာ ဟောပြောရတာ ဂျူလီနဲ့ ကျွန်တော့်အတွက် ပြောင်းလဲမှုကြီးတစ်ခုပဲ။ ဆောင်းရာသီတွေဟာ ရှည်လျားပြီး အရမ်းအေးတယ်၊ အပူချိန်-၁၈ ဒီဂရီ ဆဲလ်စီးယပ်စ်အောက်ရှိပြီး ဆီးနှင်းတွေထဲ နေရတဲ့အပတ်တွေက များတယ်။ ကျွန်တော်တို့မှာ ကားလည်းမရှိဘူး။ ဒါပေမဲ့ အသင်းတော်နောက်တစ်ခုကိုသွားဖို့ ပို့ပေးမယ့်သူတစ်ယောက် အမြဲရှိတယ်။
တိုက်နယ်လုပ်ငန်းကို ကျွန်တော်တို့ စပြီး ဘာမှမကြာသေးဘူး တိုက်နယ်စည်းဝေးပွဲကျင်းပရရော။ တိုက်နယ်စည်းဝေးပွဲနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာအားလုံးကို ကျွန်တော်ဂရုတစိုက် စစ်ဆေးခဲ့တာမှတ်မိသေးတယ်၊ အဲ့ဒါက တချို့ကို ကြောက်လန့်သွားစေတယ်။ ဒါကြောင့် ခရိုင်ကြီးကြပ်မှူး နီကိုးလပ်စ် ကိုဗာလက်ခ်က ဒီကိစ္စတွေကို ဒေသခံညီအစ်ကိုတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဆောင်လေ့ရှိတယ်၊ ကျွန်တော့်အနေနဲ့ ဒီလောက်အသေးစိတ် ကြိုးစားစီမံနေဖို့မလိုဘူးလို့ ကြင်ကြင်နာနာနဲ့ ရှင်းပြတယ်။ အဲဒီကတည်းက တာဝန်တွေကို ကိုင်တွယ်တဲ့အခါ ဒီအကြံပေးချက်ဟာ ကျွန်တော့်အတွက် အထောက်အကူဖြစ်ခဲ့တယ်။
၁၉၅၀ ပြည့်လွန်နှစ်မှာ ယာယီတာဝန်တစ်ခုကို ကျွန်တော် ရရှိခဲ့တယ်၊ အဲ့ဒါကတော့ နယူးယောက်မြို့၊ ရန်ကီးအားကစားကွင်းမှာကျင်းပတဲ့ ကျွန်တော်တို့ရဲ့ စည်းဝေးကြီးတွေထဲက ပထမဦးဆုံးတစ်ခုကို လာတက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေအတွက် နေရာထိုင်ခင်းစီမံပေးရတာဖြစ်တယ်။ အဲ့ဒီစည်းဝေးကြီးဟာ အစကအဆုံးအထိ ပျော်စရာပဲ! ၆၇ နိုင်ငံက ကိုယ်စားလှယ်တွေလာတယ်၊ အများဆုံးတက်ရောက်သူ ၁၂၃,၇၀၇ ယောက်ရှိတယ်။ အဲ့ဒီစည်းဝေးကြီးပြီးတော့ ဂျူလီနဲ့ကျွန်တော်တို့ဟာ နယ်လှည့်ဓမ္မအမှုကို ပြန်လုပ်ကြရတယ်။ တိုက်နယ်လုပ်ငန်းမှာ ကျွန်တော်တို့ တော်တော်ပျော်တယ်။ ဒါပေမဲ့ ဆက်အသုံးတော်ခံဖို့ အသင့်ရှိရမယ်လို့ ကျွန်တော်တို့ခံစားမိကြတယ်။ ဒါကြောင့် ဗေသလမှာဖြစ်စေ၊ ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာဖြစ်စေ ပါဝင်နိုင်ဖို့ နှစ်တိုင်း လျှောက်လွှာတင်တယ်။ ၁၉၅၂ ခုနှစ်မှာ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းရဲ့ ၂၀ ကြိမ်မြောက်သင်တန်းကို တက်ဖို့ ဖိတ်ခေါ်စာရလို့ ဝမ်းသာလိုက်တာ၊ ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် သင်တန်းပို့ချခံခဲ့ရတယ်။
တိုင်းတစ်ပါးတွင်အမှုဆောင်ခြင်း
၁၉၅၃ ခုနှစ်မှာ သင်တန်းဆင်းပြီးတာနဲ့ ဗြိတိန်နိုင်ငံမှာ ကျွန်တော်တို့တာဝန်ကျတယ်၊ အင်္ဂလန်နိုင်ငံတောင်ဘက်မှာ ခရိုင်ကြီးကြပ်မှူးအဖြစ် ကျွန်တော်အမှုဆောင်ခဲ့ရတယ်။ ဒီလုပ်ငန်းမှာ ဂျူလီနဲ့ကျွန်တော် အရမ်းကိုပျော်နေတာ၊ တစ်နှစ်တောင်မကြာပါဘူး ဒိန်းမတ်နိုင်ငံကိုပြောင်းရွှေ့ပါဆိုတဲ့ တာဝန်ခန့်အပ်စာရလို့ အံ့သြလိုက်တာ။ ဒိန်းမတ်ဌာနခွဲရုံးကို ကြပ်မတ်ကွပ်ကဲမယ့်သူ လိုနေတယ်တဲ့။ ဘရွတ်ကလင်မှာ အဲဒီလုပ်ငန်းအတွက် သင်တန်းတက်ခဲ့ပြီး အနီးအနားနိုင်ငံမှာ ကျွန်တော်ရှိနေတာမို့ သွားကူညီခိုင်းတာ။ ဒါနဲ့ ကျွန်တော်တို့ နယ်သာလန်နိုင်ငံကို ကူးတို့နဲ့ကူးခဲ့ကြပြီး အဲဒီကနေ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ကို ရထားစီးသွားကြတယ်။ ၁၉၅၄၊ ဩဂုတ်လ ၉ ရက်နေ့မှာ ကျွန်တော်တို့ရောက်သွားတယ်။
ကျွန်တော်ကိုင်တွယ်ဖြေရှင်းရတဲ့ ပြဿနာတစ်ခုကတော့ ဘရွတ်ကလင်ဌာနချုပ်က လမ်းညွှန်ချက်ကို တာဝန်ခံညီအစ်ကိုတချို့ မလိုက်နာတဲ့ကိစ္စပဲ။ အဲ့ဒီအပြင် ကျွန်တော်တို့ရဲ့စာပေတွေကို ဒိန်းမတ်လိုဘာသာပြန်နေကြတဲ့ ဘာသာပြန်လေးယောက်ထဲက သုံးယောက် ဗေသလက ထွက်သွားတယ်၊ နောက်တော့ ယေဟောဝါသက်သေတွေနဲ့ အဆက်အသွယ်မလုပ်ကြတော့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဆုတောင်းချက်တွေကို ယေဟောဝါဖြေကြားပေးတယ်။ အချိန်ပိုင်းဘာသာပြန်လုပ်ငန်းလုပ်ဖူးတဲ့ ရှေ့ဆောင်နှစ်ယောက် ဂျော်ဂဲန်နဲ့ အယ်နာ လာဆင်တို့က အချိန်ပြည့်လုပ်ဖို့ အသုံးတော်ခံလိုက်ကြတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ရဲ့ ဒိန်းမတ်မဂ္ဂဇင်းတွေဟာ တစ်စောင်မှမလွတ်ဘဲ တောက်လျှောက်ထုတ်ဝေနိုင်ခဲ့တာ။ လာဆင်တို့ဇနီးမောင်နှံဟာ အခုထက်ထိ ဒိန်းမတ်ဗေသလမှာ ရှိနေကြတုန်းပဲ၊ အခုဆို ဂျော်ဂဲန်က ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးဖြစ်နေပြီ။
အဲ့ဒီအစောပိုင်းနှစ်တွေက ညီအစ်ကိုနောရ် မှန်မှန်လာလည်ပတ်ပေးလို့ တကယ်အားရှိတယ်။ ပြဿနာတွေကို ကိုင်တွယ်ဖို့ ထိုးထွင်းသိမြင်စေတဲ့ တွေ့ ကြုံမှုတွေကို သူအချိန်ယူပြောပြတယ်။ ၁၉၅၅ ခုနှစ်မှာ သူလာတုန်းက ဒိန်းမတ်နိုင်ငံအတွက် မဂ္ဂဇင်းတွေထုတ်လုပ်နိုင်ဖို့ ပုံနှိပ်စက်ရုံပါတဲ့ ဌာနခွဲအသစ်တစ်ခု ဆောက်သင့်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကိုပင်ဟေဂင်မြို့ရဲ့ မြောက်ဘက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ မြေဝယ်လိုက်ပြီး၊ ၁၉၅၇၊ နွေမှာ ဆောက်ပြီးခါစ အဆောက်အအုံသစ်ထဲ ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ ဒိန်းမတ်ကို မကြာမီက ရောက်လာကြတဲ့ ၂၆ ကြိမ်မြောက် ဂိလဒ်သင်တန်းဆင်း ဟယ်ရီ ဂျွန်ဆင်နဲ့ ဇနီးကာရင်းတို့က ပုံနှိပ်စက် တပ်ဆင်လည်ပတ်နိုင်ရအောင် ကူညီပေးခဲ့ကြတယ်။
ဒိန်းမတ်မှာ စည်းဝေးကြီးတွေ ကျင်းပတဲ့အစီအစဉ်ဟာ တိုးတက်လာပါတယ်၊ ယူနိုက်တက်စတိတ်မှာ စည်းဝေးကြီးတွေကျင်းပတုန်းက ကျွန်တော်ပါဝင်ကူညီပေးခဲ့လို့ ရလာတဲ့တွေ့ ကြုံမှုက ဒီအချိန်မှာ အထောက်အကူပေးတယ်။ ၁၉၆၁ ခုနှစ် ကိုပင်ဟေဂင်မြို့ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးမှာ နိုင်ငံပေါင်း ၃၀ ကျော်က ကိုယ်စားလှယ်တွေကို ဧည့်ခံခွင့်ရခဲ့တယ်။ အများဆုံးတက်ရောက်သူ ၃၃,၅၁၃ ယောက်ရှိတယ်။ စကင်ဒီနေးဗီးယားဒေသမှာ ကျင်းပခဲ့တဲ့ စည်းဝေးကြီးအားလုံးထဲက အကြီးဆုံးစည်းဝေးကြီးကို ၁၉၆၉ ခုနှစ်မှာ ကျင်းပပြီး တက်ရောက်သူ ၄၂,၀၇၃ ယောက်ရှိခဲ့တယ်!
၁၉၆၃ ခုနှစ်မှာ ၃၈ ကြိမ်မြောက် ဂိလဒ်သင်တန်းကိုတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒါက ဆယ်လကြာသင်တန်းဖြစ်ပြီး အထူးသဖြင့် ဌာနခွဲအမှုထမ်းတွေကို လေ့ကျင့်ပေးတဲ့သင်တန်းပါ။ ဘရွတ်ကလင်ဗေသလမိသားစုနဲ့ ပြန်တွေ့ဆုံရတာရယ်၊ ဌာနချုပ်လုပ်ငန်းဆောင်တာတွေကို နှစ်အတော်ကြာ လုပ်ဆောင်ခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံကနေ အကျိုးခံစားရတာက တကယ်အားရစရာပဲ။
ဒီသင်တန်းပြီးသွားတော့ ဒိန်းမတ်နိုင်ငံကိုပြန်လာပြီး တာဝန်တွေကို ဆက်ဆောင်ရွက်ခဲ့တယ်။ ဒါ့အပြင် ဇုန်ကြီးကြပ်မှူးအဖြစ် အမှုထမ်းခွင့်ရခဲ့သေးတယ်၊ ဥရောပ အနောက်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ ဌာနခွဲရုံးကအမှုထမ်းတွေကို အားပေးဖို့နဲ့ သူတို့ရဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်ကြဖို့ သွားကူညီပေးရတယ်။ မကြာသေးခင်က အနောက်အာဖရိကနဲ့ ကရစ်ဘီယံတို့မှာ ဇုန်လုပ်ငန်းကို သွားလုပ်ခဲ့ရတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းမှာ ဘာသာပြန်နဲ့ ပုံနှိပ်လုပ်ငန်း တိုးများလာတဲ့အတွက် ပိုကြီးမားတဲ့အဆောက်အဦ ဆောက်နိုင်မယ့် မြေနေရာကို ဒိန်းမတ်ညီအစ်ကိုတွေ ပြန်ရှာရတယ်။ ကိုပင်ဟေဂင်မြို့အနောက်ဘက် မိုင် ၄၀ အကွာလောက်မှာ မြေကွက်ကောင်းတစ်ခုတွေ့တယ်။ ဒီအဆောက်အဦသစ်ကို တခြားသူတွေနဲ့အတူ ဒီဇိုင်းထုတ်၊ ပုံစံရေးဆွဲခဲ့ရတယ်၊ ဒီလှပတဲ့ဗေသလအိမ်အသစ်မှာ ဗေသလမိသားစုနဲ့အတူနေရဖို့ ဂျူလီနဲ့ ကျွန်တော်တို့က မျှော်လင့်ထားကြတာ။ ဒါပေမဲ့ အခြေအနေက အဲဒီလိုဖြစ်မလာခဲ့ဘူး။
ဘရွတ်ကလင်သို့ပြန်ရောက်ခဲ့ရ
၁၉၈၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဂျူလီနဲ့ကျွန်တော့်ကို ဘရွတ်ကလင်ဗေသလမှာ အမှုထမ်းဖို့ ဖိတ်ခေါ်တယ်၊ အဲဒီကို ၁၉၈၁၊ ဇန်နဝါရီလအစောပိုင်းမှာ ကျွန်တော်တို့ရောက်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ အသက် ၆၀ နီးပါးရှိနေပြီ၊ ဒိန်းမတ်က ချစ်မြတ်နိုးရတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့အတူ ကျွန်တော်တို့ရဲ့သက်တမ်းတစ်ဝက်နီးနီး အမှုဆောင်ခဲ့ရပြီးမှ ယူနိုက်တက်စတိတ်ကို ပြန်လာရတာ မလွယ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့နေချင်တဲ့နေရာကိုမဟုတ်ဘဲ လောလောဆယ်ရတဲ့တာဝန်တွေနဲ့ ရင်ဆိုင်ရမယ့်စိန်ခေါ်ချက်တွေကို အာရုံစိုက်ဖို့ ကျွန်တော်တို့ကြိုးစားခဲ့တယ်။
ဘရွတ်ကလင်ရောက်တော့ ပြန်နေသားကျလာပါတယ်။ ဂျူလီက ငွေစာရင်းဌာနမှာ တာဝန်ကျတယ်၊ ဒိန်းမတ်နိုင်ငံမှာ လုပ်ခဲ့တဲ့အလုပ်မျိုးပဲပေါ့။ ကျွန်တော့်ကိုတော့ စာပေထုတ်ဝေတဲ့နည်းစနစ်ကို ဇယားဆွဲစီစဉ်ပေးဖို့ စာပေပြုစုရေးဌာနမှာ တာဝန်ပေးတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေအစောပိုင်းက ဘရွတ်ကလင်မှာ ကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲခဲ့တဲ့အချိန်ပဲ၊ အဲ့ဒီအချိန်မှာ လက်နှိပ်စက်တွေ၊ ခဲစာလုံးပူတွေနဲ့ စာစီတာကနေ ကွန်ပျူတာနည်းစနစ်နဲ့ အော့ဖ်ဆက်ပုံနှိပ်စက်တွေ ပြောင်းပြီးအသုံးပြုလာခဲ့တယ်။ ကွန်ပျူတာအကြောင်း ကျွန်တော်ဘာမှမသိပေမဲ့ အဖွဲ့အစည်းရဲ့လုပ်ထုံးလုပ်နည်းတွေ၊ လူတွေနဲ့အတူတူ တွဲဖက်လုပ်ဆောင်တာတွေကိုတော့ အနည်းအကျဉ်း နားလည်ထားတယ်။
အဲ့ဒီနောက်ပိုင်းမှာ ရောင်စုံသရုပ်ဖော်ပုံတွေနဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ရောင်စုံပြည့်အော့ဖ်ဆက်ပုံနှိပ်နည်းကို ပြောင်းလဲအသုံးပြုလာတော့ ပန်းချီဌာနရဲ့ဖွဲ့စည်းပုံကို တိုးတက်လာစေကြတယ်။ ကျွန်တော် ပန်းချီမဆွဲတတ်ပေမဲ့ အဲဒီဌာနမှာ စနစ်တကျဖြစ်ဖို့ စီစဉ်ပေးနိုင်ပါတယ်။ ဒါကြောင့် အဲဒီဌာနကို ကိုးနှစ် ကြီးကြပ်ခွင့်ရခဲ့တယ်။
၁၉၉၂ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ဝေရေးကော်မတီကို အကူအညီပေးဖို့ တာဝန်ရတယ်၊ ပြီးတော့ ဘဏ္ဍာရေးမှူးရုံးခန်းကို ပြောင်းရွှေ့သွားခဲ့ရတယ်။ ယေဟောဝါသက်သေတွေရဲ့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဒီမှာ ဆက်အမှုဆောင်နေတုန်းပဲ။
ငယ်ရွယ်စဉ်မှစ၍ အမှုဆောင်ခြင်း
ငယ်ရွယ်စဉ်ကစပြီး အနှစ် ၇၀ ကြာ ဆက်ကပ်အပ်နှံအမှုဆောင်ချိန်အတွင်းမှာ ကျွန်တော့်ကို ယေဟောဝါက ကျမ်းစာနဲ့ရော ကိုယ်တော်ရဲ့ အဖွဲ့အစည်းထဲက အကူအညီပေးတတ်တဲ့ ညီအစ်ကိုတွေနဲ့ပါ စိတ်ရှည်ရှည်နဲ့ သွန်သင်ပေးခဲ့တယ်။ အချိန်ပြည့်ဓမ္မအမှုမှာ ၆၃ နှစ်ကျော်ပါဝင်ခဲ့ပြီ၊ အဲဒီနှစ်တွေထဲမှာ ၅၅ နှစ်ကျော် ကျွန်တော့်ရဲ့ တည်ကြည်တဲ့ဇနီး ဂျူလီနဲ့တွဲအမှုဆောင်ခဲ့တယ်။ ကျွန်တော့်ကို ယေဟောဝါ တကယ်ကောင်းချီးပေးတယ်လို့ ခံစားရတယ်။
၁၉၄၀ ပြည့်နှစ်မှာ ရှေ့ဆောင်လုပ်ဖို့ ကျွန်တော်အိမ်ကထွက်လာတုန်းက အဖေက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို လှောင်သလိုနဲ့ “သား၊ ဒီအလုပ်,လုပ်ဖို့ အိမ်ကထွက်မယ်ဆိုရင် အကူအညီလိုတဲ့အခါ အဖေ့ဆီ ပြန်ပြေးလာနိုင်တယ်လို့တော့ မထင်နဲ့” လို့ပြောခဲ့တယ်။ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော် သူ့ဆီ အကူအညီတောင်းဖို့မလိုခဲ့ဘူး။ ကျွန်တော့်လိုအပ်ရာတွေအားလုံးကို အကူအညီပေးတတ်တဲ့ ခရစ်ယာန်ချင်းတွေကတစ်ဆင့် ယေဟောဝါ ရက်ရက်ရောရော ပေးခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းကို အဖေလေးစားလာတယ်၊ ၁၉၇၂ ခုနှစ်မှာ သူဆုံးသွားတယ်၊ သူမဆုံးခင် ကျမ်းစာကို တော်တော်လေးလေ့လာသွားတယ်။ ကောင်းကင်အသက်တာမျှော်လင့်ချက်ရှိတဲ့ အမေကတော့ ၁၉၈၅ ခုနှစ်မှာ ဆုံးသွားတယ်၊ အသက် ၁၀၂ နှစ်အရွယ်အထိ ယေဟောဝါရဲ့အမှုတော်ကို တည်တည်ကြည်ကြည်နဲ့ ဆက်ထမ်းဆောင်သွားခဲ့တယ်။
အချိန်ပြည့်ဓမ္မအမှုမှာ ပြဿနာတွေ ပေါ်ပေါက်လာတတ်ပေမဲ့ ဂျူလီနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အလုပ်ကနေထွက်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ကျွန်တော်တို့ရဲ့ ဒီသန္နိဋ္ဌာန်ကို ယေဟောဝါအမြဲ ထောက်မပေးခဲ့တယ်။ ကျွန်တော့်မိဘတွေ အသက်ကြီးလာပြီး အကူအညီလိုအပ်တဲ့အချိန်မှာတောင် ကျွန်တော့်အစ်မ ဗစ်တိုးရီးယား မာလင်က တာဝန်ယူပြီး သူတို့ကို ကြင်ကြင်နာနာ ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ သူ့ရဲ့ မေတ္တာနဲ့ကူညီပေးမှုကြောင့် အချိန်ပြည့်ဓမ္မအမှုမှာ ကျွန်တော်တို့ ဆက်ပါဝင်နိုင်တဲ့အတွက် သူ့ကို တကယ်ကျေးဇူးတင်တယ်။
ကျွန်တော်တို့ကျရာတာဝန်အားလုံးကို ထမ်းဆောင်တဲ့အခါ ဂျူလီက ကျွန်တော့်ကို တည်တည်ကြည်ကြည် ထောက်မကူညီပေးခဲ့တယ်၊ ဒါဟာလည်း သူရဲ့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံမှုလို့ သူရှုမြင်ထားတဲ့အတွက်ပဲ။ အခု ကျွန်တော် အသက် ၈၀ ရှိပြီး ကျန်းမာရေးပြဿနာ အနည်းအကျဉ်းရှိပေမဲ့လည်း ယေဟောဝါ အများကြီးကောင်းချီးပေးခဲ့တယ်လို့ ကျွန်တော်ခံစားရတယ်။ ငယ်စဉ်ကတည်းက သူ့ကို ဘုရားသခင်သွန်သင်ပေးခဲ့တယ်လို့ ပြောပြီးနောက် ‘အိုဘုရားသခင်၊ အသက်ကြီးသည့်တိုင်အောင် နောင်လာနောင်သားတို့အား ကိုယ်တော်၏တန်ခိုးတော်အကြောင်း မပြောပြမီ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်’ လို့တောင်းပန်ခဲ့တဲ့ ဆာလံဆရာရဲ့စကားက ကျွန်တော့်အတွက် တကယ်အားပေးမှုဖြစ်ပါတယ်။—ဆာလံ ၇၁:၁၇၊ ၁၈။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 12 ဝါရင်းသည် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ အမှုထမ်းဆောင်ခဲ့သူ မီလ်တန် ဟဲန်ရှယ်လ်၏ အစ်ကိုဖြစ်သည်။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ကျွန်တော် ရှေ့ဆောင် စလုပ်ချိန် ၁၉၄၀ ပြည့်နှစ်မှာ အမေနှင့်အတူ
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ရှေ့ဆောင်ချင်းများဖြစ်ကြသည့် ဂျိုးနှင့် မာဂရက်ဟာ့တ်တို့နှင့်အတူ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၄၈၊ ဇန်နဝါရီလ ကျွန်တော်တို့လက်ထပ်တဲ့နေ့က
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၅၃ ခုနှစ် ဂိလဒ်အတန်းဖော်များနှင့်အတူ။ လက်ဝဲမှလက်ယာသို့– ဒွန်နှင့် ဗာဂျီးနီးယား ဝါ့ဒ်၊ ဂီယာ ထရူအီဒါ စတီဂျဲန်ဂါ၊ ဂျူလီနှင့်ကျွန်တော်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၆၁ ခုနှစ် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေပင်မြို့တွင် ဖရက်ဒရစ်ခ် ဒဗ္ဗလျူ. ဖရန့်ဇ်နှင့် နေသန် အိပ်ခ်ျ. နောရ်တို့နှင့်အတူ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ယနေ့ ဂျူလီနှင့်အတူ