မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ဧလိရှဲ​သည် ဧလိယ​၏​ဝိညာဉ် “နှစ်ဆ​သော​အဖို့” ကို​အဘယ်ကြောင့် တောင်း​ခဲ့​သနည်း။

ဣသရေလ​ပြည်​တွင် ပရောဖက်​တစ်ပါး​အဖြစ် ဧလိယ​၏​တာဝန် မပြီး​ဆုံး​မီ ပို​၍​ငယ်ရွယ်​သော ပရောဖက်​ဧလိရှဲ​က “ကိုယ်တော်​ဝိညာဉ်​နှစ်ဆ​သော​အဖို့​ကို အကျွန်ုပ်​အပေါ်မှာ​ရှိပါစေ​သော” ဟု​တောင်း​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၂:၉) ဝိညာဉ်​ရေး​အရ​ပြော​လျှင် ဧလိရှဲ​သည် သားဦး​ကို​ပေး​ရသည့် နှစ်ဆ​သော​အဖို့​ကို တောင်းဆို​နေကြောင်း ထင်ရှား​၏။ (တရားဟောရာ ၂၁:၁၇) ဤ​မှတ်တမ်း​ကို အကျဉ်းချုပ်​သုံးသပ်ကြည့်​ခြင်း​ဖြင့် ယင်းကို ပေါ်လွင်​ထင်ရှားစေ​ပြီး ဤ​အဖြစ်အပျက်​မှ သင်ခန်းစာယူ​နိုင်​သည်။

ယေဟောဝါ​ညွှန်ကြား​သည့်​အတိုင်း ပရောဖက်​ဧလိယ​က မိမိ၏​အရိုက်အရာ​ဆက်ခံ​မည့်​သူ​အဖြစ် ဧလိရှဲ​ကို ဘိသိက်ပေး​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၉:၁၉-၂၁) ဧလိရှဲ​သည် ဧလိယ​၏​နောက်လိုက်​အဖြစ် ခြောက်​နှစ်​ခန့် တည်ကြည်​စွာ အမှုထမ်းဆောင်​ခဲ့​ပြီး သေ​သည့်​တိုင် ထိုသို့​လုပ်ဆောင်ဖို့ သန္နိ​ဋ္ဌာန်​ချထား​၏။ ဣသရေလ​လူမျိုး၏ ပရောဖက်​အဖြစ် ဧလိယ​၏​နောက်ဆုံး​နေ့ရက်​အထိ​ပင် ဧလိရှဲ​သည် သူ၏​ဆရာ​နောက် လိုက်ခဲ့​သည်။ ဧလိယ​က မိမိ​နောက်​မလိုက်​ရန် ဧလိရှဲ​ကို တား​ခဲ့​သော်လည်း ပိုမို​ငယ်ရွယ်သူ​ပရောဖက်​က “ကိုယ်တော်​နှင့်​အကျွန်ုပ် မ​ကွာ​ရ​ပါ” ဟု​သုံးကြိမ်​တိုင် ငြင်းဆို​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၂:၂၊ ၄၊ ၆; ၃:၁၁) ပိုမို​အသက်ကြီးသူ​ပရောဖက်​ကို မိမိ၏​ဝိညာဉ်​ရေး​ဖခင်သဖွယ် ဧလိရှဲ​ရှုမြင်ခဲ့​၏။—၄ ဓမ္မ​ရာဇဝင် ၂:၁၂

သို့ရာတွင် ဧလိရှဲ​သည် ဧလိယ​၏ တစ်ဦးတည်း​သော ဝိညာဉ်​ရေးသား​မဟုတ်​ချေ။ ဧလိယ​နှင့် ဧလိရှဲ​တို့သည် “ပရောဖက်​အမျိုးသား” များ​အဖြစ် နာမည်​ရထား​သော​အုပ်စု​တစ်စု​နှင့် ပေါင်းသင်း​ခဲ့​ကြ​၏။ (၄ ဓမ္မ​ရာဇဝင် ၂:၃) အဆိုပါ “အမျိုးသား” များသည်​လည်း သူတို့၏​ဝိညာဉ်​ရေး​ဖခင် ဧလိယ​နှင့် ရင်းနှီးမှု​ရှိခဲ့​ကြ​ကြောင်း ဓမ္မရာဇဝင်စတုတ္ထစောင်​ပါ မှတ်တမ်းက ဖော်ပြ​သည်။ (၄ ဓမ္မ​ရာဇဝင် ၂:၃၊ ၅၊ ၇၊ ၁၅-၁၇) သို့​တိုင် ဘိသိက်ခံ​အရိုက်အရာ​ဆက်ခံသူ​အဖြစ် ဧလိရှဲ​သည် ဧလိယ​၏​ဝိညာဉ်​ရေးသား​များ​တွင် သားဦး​သဖွယ် အ​ဦး​အ​ကျဆုံး​သူ​ဖြစ်၏။ ရှေး​ဣသရေလ​ပြည်​တွင် ပကတိ​သားဦး​သည် ဖခင်​၏​အမွေ နှစ်ဆ​ရရှိ​ပြီး အခြား​သား​အငယ်​များ​မှာ​မူ အမွေ​တစ်​ဆ​သာ​ရရှိ​ကြသည်။ သို့​ဖြစ်၍ ဧလိယ​၏​ဝိညာဉ်​ရေး​အမွေ နှစ်ဆ​သော​အဖို့​ကို ဧလိရှဲ​တောင်းဆို​ခဲ့​ခြင်း​ဖြစ်သည်။

ဧလိရှဲ​သည် ထို​အချိန်တွင် အဘယ်ကြောင့် ဤသို့​တောင်းဆို​ခဲ့​သနည်း။ အကြောင်း​မှာ ဧလိရှဲ​သည် ဣသရေလ​ပရောဖက်​တစ်ပါး​အဖြစ် ဧလိယ​အရိုက်အရာကို ဆက်ခံ​ရမည့် ကြီး​လေး​သော​တာဝန်​ကို ထမ်းဆောင်​ရတော့မည်​ဖြစ်သည်။ ဧလိရှဲ​သည် အဆိုပါ​ထိတ်လန့်ဖွယ်​အလုပ်​နှင့် ဆက်နွှယ်​နေသည့် တာဝန်​များ​ကို ကျေပွန်​စွာ​ထမ်းဆောင်​နိုင်​ရန် မိမိ၏​စွမ်းပကား​ထက်မက​သော ယေဟောဝါ​သာ ပေး​နိုင်​သည့်​ဝိညာဉ်​ခွန်အား ရှိဖို့လို​အပ်​ကြောင်း သဘောပေါက်ခဲ့​သည်။ သူသည် ဧလိယ​ကဲ့သို့ ရဲစွမ်းသတ္တိ​ရှိဖို့လို​သည်။ (၄ ဓမ္မ​ရာဇဝင် ၁:၃၊ ၄၊ ၁၅၊ ၁၆) ထို့​ကြောင့် သူသည် ဧလိယ​ဝိညာဉ်​၏ နှစ်ဆ​သော​အဖို့​ကို တောင်း​ခဲ့​ခြင်း​ဖြစ်သည်၊ ယင်း​တို့​မှာ ဘုရားသခင်​၏​ဝိညာဉ်​တော် ဖြစ်ပေါ်​စေသော နှစ်သက်ဖွယ်​အရည်အသွေးများ​ဖြစ်သည့် ရဲစွမ်းသတ္တိနှင့် ‘ထာဝရ​ဘုရားသခင်​ဘက်၌ စိတ်အားကြီး’ ခြင်း​တို့​ဖြစ်၏။ (၃ ဓမ္မ​ရာဇဝင် ၁၉:၁၀၊ ၁၄) ဧလိယ​သည် မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

ဧလိရှဲ​သည် ဧလိယ​ပေး​နိုင်ရာ​ကို​မဟုတ်ဘဲ ဘုရားသခင်​ပေး​နိုင်ရာ​ကို တောင်းဆို​ခဲ့​ကြောင်း ဧလိယ​သိခဲ့​သည်။ သို့​ဖြစ်၍ ဧလိယ​က “သင်သည် ရ​ခဲ​သော​ဆု​ကို​တောင်း​၏။ သင်​နှင့်​ငါ​ကွာ​သည်ကို မြင်လျှင်​ရမည်” ဟု​ကျိုးနွံ​စွာ​ပြော​ခဲ့​၏။ (၄ ဓမ္မ​ရာဇဝင် ၂:၁၀) လေပွေ​ဖြင့် ဧလိယ​တက်​သွား​သည်ကို ဧလိရှဲ​အား ယေဟောဝါ အမှန်ပင်​မြင်တွေ့ ခွင့်ပြု​ခဲ့​၏။ (၄ ဓမ္မ​ရာဇဝင် ၂:၁၁၊ ၁၂) ဧလိရှဲ​တောင်းဆို​သည့်​အတိုင်း ရခဲ့​သည်။ သူ၏​တာဝန်​အသစ်​ကို လက်ခံ​ယူ​နိုင်​ရန်​နှင့် တွေ့ ကြုံ​ရတော့​မည့် စုံစမ်းခြင်း​များ​ကို ရင်ဆိုင်​ဖြေရှင်း​နိုင်​ရန် ဧလိရှဲ​လိုအပ်​သည့်​ဝိညာဉ်​ကို ယေဟောဝါ​ပေးသနား​ခဲ့​သည်။

ယနေ့ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ (တစ်ခါတစ်ရံ ဧလိရှဲ​အတန်းအစား​ဟု​လည်း​ခေါ်) နှင့်​ဘုရားသခင်​၏​ကျေးကျွန်​အများစု​သည် ဤ​ကျမ်းစာ​မှတ်တမ်း​မှ များစွာ​အားယူနိုင်​ပါ​သည်။ တစ်ခါတစ်ရံ ကျွန်ုပ်​တို့သည် တာဝန်​သစ်​တစ်ခု ပေးအပ်​ခံရ​သည့်​အခါ ဝန်ပိ​ပြီး အရည်အချင်း​မရှိ​ဟု ခံစားရ​ပေမည်၊ သို့​မဟုတ် အမှုဆောင်​ရပ်ကွက်တွင် စိတ်ဝင်စားမှု​မရှိခြင်း၊ အတိုက်အခံ​ရင်ဆိုင်​ရခြင်း​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​ကို ဆက်လုပ်​ဆောင်ရန် ရဲစွမ်းသတ္တိ​ပျောက်​သွားပေ​မည်။ သို့​တိုင် ယေဟောဝါ​၏​အကူအညီကို ကျွန်ုပ်​တို့​အသနားခံ တောင်းဆို​မည်​ဆိုလျှင် စိန်ခေါ်ချက်​များနှင့် ပြောင်းလဲ​လာသော​အခြေအနေ​များ​ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန် လိုအပ်​သည်​နှင့်​အမျှ ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို သန့်ရှင်း​တော်​ဝိညာဉ်​တော် ပေး​သနားပါ​လိမ့်​မည်။ (လုကာ ၁၁:၁၃; ၂ ကောရိန္သု ၄:၇; ဖိလိပ္ပိ ၄:၁၃) ယေဟောဝါ​သည် သာ၍​ကြီး​လေး​သော​တာဝန်​များ​ကို ဧလိရှဲ​ထမ်းဆောင်​နိုင်​ရန် ခွန်အား​ပေး​သကဲ့သို့ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို ကျေပွန်​စွာ​ထမ်းဆောင်​နိုင်​ရန် လူကြီးလူငယ်​မရွေး ကျွန်ုပ်​တို့အားလုံး​ကို ကိုယ်တော်​ထောက်ပံ့​ကူညီပေး​ပါ​လိမ့်​မည်။—၂ တိမောသေ ၄:၅