တည်ကြည်သောခရစ်ယာန်အမျိုးသမီးများ –ဘုရားသခင်၏ အဖိုးထိုက်ဝတ်ပြုသူများ
တည်ကြည်သောခရစ်ယာန်အမျိုးသမီးများ –ဘုရားသခင်၏ အဖိုးထိုက်ဝတ်ပြုသူများ
‘ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ဘုရားသခင်ကိုကြောက်ရွံ့သောမိန်းမမူကား ချီးမွမ်းခြင်းကိုခံရလိမ့်မည်။’—သု. ၃၁:၃၀။
၁။ အလှအပကို ယေဟောဝါရှုမြင်ပုံနှင့် လောကရှုမြင်ပုံကို နှိုင်းယှဉ်ကြည့်သော် မည်သို့ရှိသနည်း။
ဤလောကသည် အပြင်ပန်းအသွင်အပြင်ကို အလွန်အလေးပေးသည်၊ အထူးသဖြင့် အမျိုးသမီးများနှင့်ပတ်သက်၍ဖြစ်သည်။ ယေဟောဝါမူကား အတွင်းလူကို အဓိကစိတ်ဝင်စားတော်မူ၏၊ ထိုအတွင်းလူသည် အသက်ကြီးလာလေ သာ၍လှပလာလေဖြစ်နိုင်၏။ (သု. ၁၆:၃၁) ထို့ကြောင့် သမ္မာကျမ်းစာက အမျိုးသမီးများကို ဤသို့တိုက်တွန်းသည်– “သင်တို့၌တန်ဆာဆင်ခြင်းမူကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊ ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့။”—၁ ပေတရု ၃:၃၊ ၄။
၂၊ ၃။ ပထမရာစုတွင် သတင်းကောင်းပျံ့နှံ့ရေး၌ အမျိုးသမီးများ မည်သို့ပါဝင်ခဲ့သနည်း၊ ယင်းကို မည်သို့ကြိုဟောထားခဲ့သနည်း။
၂ သမ္မာကျမ်းစာ၌ဖော်ပြထားသော အမျိုးသမီးများစွာတို့သည် အဆိုပါချီးမွမ်းဖွယ်စိတ်ထားကို တင်ပြခဲ့ကြသည်။ ပထမရာစုတွင် သူတို့ထဲမှအချို့သည် ယေရှုနှင့် ကိုယ်တော်၏တမန်တော်များကို လုပ်ကျွေးပြုစုခွင့်ရခဲ့ကြသည်။ (လုကာ ၈:၁-၃) နောက်ပိုင်းတွင် ခရစ်ယာန်အမျိုးသမီးများသည် စိတ်အားထက်သန်သော ဧဝံဂေလိတရားဟောပြောသူများ ဖြစ်လာကြသည်; အခြားသူတို့မူ တမန်တော်ပေါလုအပါအဝင် ဦးစီးဦးဆောင်သူ ခရစ်ယာန်အမျိုးသားများကို အဖိုးဖြတ်မရအောင် ထောက်မကူညီပေးခဲ့ကြသည်; အချို့တို့သည် မိမိတို့နေအိမ်တွင် အသင်းတော်အစည်းအဝေးများ ကျင်းပခွင့်ပေးခြင်းအားဖြင့် အထူးဧည့်ဝတ်ပြုခဲ့ကြသည်။
၃ ယေဟောဝါ၏ရည်ရွယ်ချက် အကောင်အထည်ပေါ်ရေးတွင် အမျိုးသမီးများကို ကိုယ်တော်အကြီးအကျယ်အသုံးပြုမည့်အကြောင်း ကျမ်းစာ၌ကြိုဟောထားသည်။ သာဓကအနေနှင့် ယောလ ၂:၂၈၊ ၂၉ က အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူကြီးမရွေး သန့်ရှင်းသောဝိညာဉ်တော်ရရှိပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဖြန့်ချိကြလိမ့်မည်ဟု တင်ကူးပြောထားသည်။ ထိုပရောဖက်ပြုချက်သည် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် စတင်ပြည့်စုံခဲ့သည်။ (တမန်တော် ၂:၁-၄၊ ၁၆-၁၈) ဝိညာဉ်တော်ဖွားအမျိုးသမီးအချို့သည် ပရောဖက်ပြုနိုင်စွမ်းစသည့် အံ့ဖွယ်ဆုကျေးဇူးများကို ရရှိခဲ့ကြသည်။ (တမန်တော် ၂၁:၈၊ ၉) ပထမရာစုတွင် ဓမ္မအမှုတွင် ဇွဲနှင့်ပါဝင်ခြင်းအားဖြင့် ဤဝိညာဉ်ရေးတပ်မဟာမှ တည်ကြည်မှုရှိသောညီအစ်မများသည် ခရစ်ယာန်ဘာသာတရားကို အလျင်အမြန်ပျံ့နှံ့စေခဲ့သည်။ ယင်းကြောင့် စီ.အီး. ၆၀ ခန့်တွင် သတင်းကောင်းသည် “ကောင်းကင်အောက်၌ရှိသမျှသော . . . သတ္တဝါတို့အား ဟောပြော” နှင့်ပြီးပြီဟု တမန်တော်ပေါလုရေးသားခဲ့သည်။—ကောလောသဲ ၁:၂၂-၂၃။
သူတို့၏သတ္တိ၊ စိတ်ထက်သန်မှုနှင့် ဧည့်ဝတ်ကျေပွန်မှုတို့ အတွက် ချီးမွမ်းခံခဲ့ရ
၄။ ပထမရာစု ခရစ်ယာန်အသင်းတော်ရှိ အမျိုးသမီးအချို့ကို ပေါလု အဘယ်ကြောင့်ချီးမွမ်းခဲ့သနည်း။
၄ တမန်တော်ပေါလုအနေနှင့် အထူးသဖြင့် အမျိုးသမီးအချို့၏ အမှုဆောင်ခြင်းကို အလွန်တန်ဖိုးထားခဲ့သည်နည်းကူ ယနေ့လည်း ခရစ်ယာန်ကြီးကြပ်မှူးများသည် စိတ်ထက်သန်သောအမျိုးသမီးများ၏ ဓမ္မအမှုကို တန်ဖိုးထားကြ၏။ ပေါလုအမည်ဖော်ချီးမွမ်းခဲ့သော အမျိုးသမီးများတွင် “သခင်ဘုရား၏အမှုတော်ကို ကြိုးစားသောမိန်းမ တရုဖဲနနှင့်တရုဖောသ” အပြင် “သခင်ဘုရား၏အမှုတော်ကို အလွန်ကြိုးစား၍ ချစ်အပ်သောမိန်းမ ပေရသိ” တို့ပါဝင်သည်။ (ရောမ ၁၆:၁၂) ဧဝေါဒိနှင့် သုန္တုတ်တို့သည် “ဧဝံဂေလိတရားကိုဟောပြောသောအမှု၌ [သူ့ကို] ကူညီ၍ ကြိုးစားအားထုတ်” ခဲ့ကြသည်ဟု ပေါလုရေးသားခဲ့သည်။ (ဖိလိပ္ပိ ၄:၂၊ ၃) ပြစ်ကိလသည်လည်း ခင်ပွန်းသည်အာကုလနှင့်အတူ ပေါလုနှင့်တွဲဖက်၍ အမှုထမ်းခဲ့သည်။ သူနှင့် အာကုလသည် ပေါလုအတွက် “မိမိတို့လည်ပင်းကိုချထား” ကြရာ “သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏” ဟုပေါလုရေးသားခဲ့လေသည်။—ရောမ ၁၆:၃၊ ၄; တမန်တော် ၁၈:၂။
၅၊ ၆။ ပြစ်ကိလသည် ယခုခေတ်ညီအစ်မများအတွက် အဘယ်နည်းများဖြင့် ပုံသက်သေကောင်းပြခဲ့သနည်း။
၅ ပြစ်ကိလ၌ ဇွဲလုံ့လနှင့် သတ္တိရှိခဲ့ခြင်းသည် အဘယ်ကြောင့်နည်း။ တမန်တော် ၁၈:၂၄-၂၆ ပါမှတ်တမ်းတွင် သဲလွန်စတစ်ခုတွေ့ရှိရသည်၊ ထိုတွင် ကျွန်ုပ်တို့ဖတ်ရသည်ကား ဖွင့်ပြထားသည့် အမှန်တရားနှင့်အညီ ရင်ပေါင်တန်းနေစေဖို့ အဟောအပြောထူးချွန်သူ အာပေါလုကို ခင်ပွန်းသည်ကူညီပေးရာတွင် သူထောက်မပေးခဲ့ကြောင်းဖြစ်သည်။ သို့ဖြစ်၍ ပြစ်ကိလသည် သမ္မာကျမ်းစာနှင့် တမန်တော်များ၏သွန်သင်ချက်များကို လုံ့လရှိရှိ လေ့လာသင်ယူသူဖြစ်ကြောင်း ထင်ရှားသည်။ ယင်းကြောင့် သူသည် အထူးကောင်းမွန်သောအရည်အသွေးများ ရှိလာရာ ၎င်းတို့က သူ့ကို ဘုရားသခင်နှင့် သူ၏ခင်ပွန်းသည်အတွက် အဖိုးထိုက်သူဖြစ်စေသည်၊ အစောပိုင်းအသင်းတော်တွင်လည်း အဖိုးတန်အသင်းသားတစ်ဦး ဖြစ်စေခဲ့သည်။ သမ္မာကျမ်းစာကို အပတ်တကုတ်လေ့လာပြီး ‘သစ္စာရှိသောဘဏ္ဍာစိုး’ မှတစ်ဆင့် ယေဟောဝါပေးသော ဝိညာဉ်အစာကိုလည်း စားသုံးကြသည့် ယခုခေတ် လုံ့လရှိသော ခရစ်ယာန်ညီအစ်မများသည် ထပ်တူပင် အဖိုးတန်ကြ၏။—လုကာ ၁၂:၄၂။
၆ အာကုလနှင့် ပြစ်ကိလတို့သည် သူမတူဧည့်ဝတ်ကျေပွန်ခဲ့ကြသည်။ ပေါလုသည် ကောရိန္သုမြို့တွင် သူတို့နှင့်အတူနေ၍ တဲရှင်ချုပ်သည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ (တမန်တော် ၁၈:၁-၃) ထိုမောင်နှံစုံသည် ဧဖက်မြို့သို့ပြောင်းရွှေ့၍ ၎င်းမှတစ်ဖန် ရောမမြို့သို့ပြောင်းရွှေ့သွားသောအခါ ခရစ်ယာန်ဧည့်ဝတ်ပျူငှာမှုကို ဆက်ပြခဲ့ကြပြီး အသင်းတော်အစည်းအဝေးများအတွက် သူတို့၏နေအိမ်ကိုပင် အသုံးပြုစေခဲ့ကြသည်။ (တမန်တော် ၁၈:၁၈၊ ၁၉; ၁ ကောရိန္သု ၁၆:၈၊ ၁၉) နုံဖနှင့် ယောဟန်မာကု၏မိခင် မာရိတို့သည်လည်း အသင်းတော်အစည်းအဝေးများအတွက် မိမိတို့နေအိမ်ကို အသုံးပြုစေခဲ့ကြသည်။—တမန်တော် ၁၂:၁၂; ကောလောသဲ ၄:၁၅။
ယနေ့ အဖိုးထိုက်သူ
၇၊ ၈။ ယခုခေတ်ခရစ်ယာန်အမျိုးသမီးများစွာသည် မြင့်မြတ်သောလုပ်ငန်းတော်နှင့်ပတ်သက်၍ အဘယ်ချီးမွမ်းဖွယ် နာမည်သတင်း ရရှိထားကြသနည်း၊ သူတို့သည် အဘယ်အရာကို ယုံကြည်စိတ်ချနိုင်သနည်း။
၇ ပထမရာစုတွင်ကဲ့သို့ ယနေ့လည်း တည်ကြည်သောခရစ်ယာန်အမျိုးသမီးများသည် ဘုရားသခင့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရေးတွင်၊ အထူးသဖြင့် ဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်းတွင် အဓိကအပိုင်းမှပါဝင်နေကြသည်။ ဤညီအစ်မများသည် နာမည်သတင်းမွှေးကြသည်! ဥပမာ၊ ၂၀၀၂ ခုနှစ်တွင် သေသည့်အထိ အနှစ် ၅၀ ကျော်တိုင် ယေဟောဝါအား တည်ကြည်စွာအမှုထမ်းခဲ့သူ ဂဝဲန်းအကြောင်း သုံးသပ်ကြည့်ပါ။ “ကျွန်တော်တို့မြို့မှာ ဧဝံဂေလိတရားကို စိတ်ထက်သန်စွာ ဂဝဲန်းဟောပြောခဲ့တာကို မသိသူမရှိဘူး” ဟုသူ၏ခင်ပွန်းပြောပြသည်။ “သူ့အတွက်ဆိုရင် လူတိုင်းဟာ ယေဟောဝါရဲ့မေတ္တာနဲ့ ကတိတော်တွေကို ခံယူဖို့အလားအလာရှိသူချည်းပဲ။ ဘုရားသခင်အပေါ်၊ ကိုယ်တော့်အဖွဲ့အစည်းနဲ့ ကျွန်တော်တို့မိသားစုအပေါ်ပါ သူသစ္စာရှိခဲ့တာ၊ ကျွန်တော်တို့ စိတ်ဓာတ်ကျတဲ့အခါ မေတ္တာနဲ့ သူအားပေးခဲ့တာတွေဟာ ကျွန်တော်တို့ အတူနေခဲ့ချိန်တစ်လျှောက်လုံး ကျွန်တော်နဲ့ ကျွန်တော်တို့သားသမီးတွေအတွက် တကယ့်အားဆေးပဲ။ သူ့ကိုကျွန်တော်တို့ သိပ်လွမ်းကြတယ်။” ဂဝဲန်းနှင့် သူ့ခင်ပွန်း၏ အိမ်ထောင်သက်သည် ၆၁ နှစ်ဖြစ်၏။
၈ လူလွတ်နှင့် အိမ်ထောင်သည်အမျိုးသမီး ထောင်ပေါင်းများစွာတို့သည် ရှေ့ဆောင်ဓမ္မအမှုဆောင်များနှင့် ခရစ်ယာန်သာသနာပြုများအဖြစ် အမှုထမ်းဆောင်ကြ၏၊ သူတို့သည် ပျာယာခတ် လှုပ်ရှားနေသောမြို့များမှသည် သီးခြားဒေသရှိ ရပ်ကွက်များအထိ ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြဲဖြန့်ကြစဉ် အသက်ရှင်ဖို့ လိုအပ်သမျှနှင့်သာ ရောင့်ရဲတင်းတိမ်နေကြသည်။ (တမန်တော် ၁:၈) ဤအမျိုးသမီးများသည် ယေဟောဝါအမှုတော်ကို သာ၍ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန် ကိုယ်ပိုင်အိမ်မရှိဖို့၊ သားသမီးမယူဖို့ ဆုံးဖြတ်ထားကြသည်။ နယ်လှည့်ကြီးကြပ်မှူးများအဖြစ် အမှုထမ်းနေကြသော လင်ယောက်ျားများကို တည်ကြည်စွာ ထောက်ကူပေးနေသူများလည်းရှိသည်၊ ထို့ပြင် ထောင်နှင့်ချီသောညီအစ်မများသည် ကမ္ဘာတစ်ဝန်းရှိ ဗေသလအိမ်များတွင် အမှုထမ်းနေကြသည်။ ကိုယ်ကျိုးစွန့်သော ဤအမျိုးသမီးများသည် ယေဟောဝါ၏အိမ်တော်ကို ဘုန်းနှင့်ပြည့်စေသည့် “လူမျိုးအပေါင်းတို့၏ အဖိုးထိုက်သောအရာများ” တွင် ဧကန်အမှန်ပါဝင်ပါသည်။—ဟဂ္ဂဲ ၂:၇၊ သမ္မာ။
၉၊ ၁၀။ ခရစ်ယာန်ဇနီးသည်များနှင့် မိခင်များဖြစ်သူတို့၏ ပုံသက်သေကောင်းနှင့်ပတ်သက်ပြီး သူတို့၏မိသားစုမှအချို့က အဘယ်ကျေးဇူးတင်စကား ပြောခဲ့ကြသနည်း။
၉ ခရစ်ယာန်အမျိုးသမီးများစွာတို့သည် အိမ်ထောင်တာဝန်များရှိကြသည် မှန်သော်လည်း ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို သူတို့ရှေ့ဦးထားကြသည်။ (မဿဲ ၆:၃၃) လူလွတ်ရှေ့ဆောင်ညီအစ်မတစ်ဦးက ဤသို့ရေးခဲ့သည်– “ကျွန်မအမေရဲ့ မယိမ်းယိုင်တဲ့ ယုံကြည်ခြင်း၊ သူ့ရဲ့ကောင်းတဲ့ပုံသက်သေကြောင့် ကျွန်မမှန်မှန်ရှေ့ဆောင်ဖြစ်လာတာပါ။ တကယ်ပြောရရင် သူဟာ ကျွန်မရဲ့ အကောင်းဆုံး ရှေ့ဆောင်အဖော်တစ်ယောက်ဖြစ်ခဲ့တယ်။” သမီးပျိုငါးယောက်၏မိခင်ဖြစ်သူ ဇနီးသည်အကြောင်းကို ခင်ပွန်းတစ်ဦးက ဤသို့ဆိုသည်– “ကျွန်တော်တို့အိမ်ဟာ အမြဲသန့်ရှင်းသပ်ရပ်နေတာ။ ကျွန်တော်တို့မိသားစုလိုက် ဝိညာဉ်ရေးရာတွေကို အာရုံစိုက်နိုင်အောင် ဘော်နီက အိမ်ကို ရိုးရိုးရှင်းရှင်းထားတယ်။ ဝင်ငွေကို သတိနဲ့ သူကိုင်တွယ်သုံးစွဲတတ်တဲ့အတွက် အချိန်ပိုင်းအလုပ်ကို ကျွန်တော် ၃၂ နှစ်တိုင်လုပ်ကိုင်ပြီး မိသားစုကိုရော၊ ဝိညာဉ်ရေးကိစ္စတွေမှာပါ အချိန်ပိုပေးနိုင်ခဲ့တာ။ လုံ့လဝီရိယရှိရှိ အလုပ်လုပ်ခြင်းရဲ့တန်ဖိုးကိုလည်း သားသမီးတွေကို ကျွန်တော့်ဇနီး သင်ပေးတယ်။ သူဟာ တကယ်ချီးမွမ်းစရာကောင်းတဲ့သူပဲ။” ယနေ့ ထိုဇနီးမောင်နှံသည် ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်တွင် အမှုထမ်းနေကြပါသည်။
၁၀ အရွယ်ရောက်နေသော ကလေးများ၏မိခင်၊ သူ၏ဇနီးအကြောင်း ခင်ပွန်းတစ်ဦးက ဤသို့စာရေး အကြောင်းကြားသည်– “ဇူဇန်ရဲ့အရည်အချင်းတွေထဲက ကျွန်တော်သဘောအကျဆုံးကတော့ ဘုရားသခင်နဲ့ လူတွေကို အရမ်းချစ်တဲ့ သူရဲ့စိတ်ပဲ၊ နောက်ပြီးတော့ သူ့မှာ နားလည်မှုရှိတယ်၊ စာနာတတ်တယ်၊ အဲဒီအပြင် ရိုးသားတယ်။ ယေဟောဝါဘုရားသခင်ကို ကျွန်တော်တို့ရဲ့ အကောင်းတကာ့အကောင်းဆုံး ပေးသင့်တယ်လို့ သူအမြဲယူဆတယ်၊ ဒါကြောင့် ဘုရားသခင့်ကျေးကျွန်အနေနဲ့ဖြစ်စေ၊ မိခင်အနေနဲ့ဖြစ်စေ သူကိုယ်တိုင် အဲဒီမူကိုလက်တွေ့ကျင့်သုံးတယ်။” ဇနီးသည်၏ထောက်မကူညီမှုဖြင့် အဆိုပါလင်ယောက်ျားသည် အကြီးအကဲအဖြစ်၊ ရှေ့ဆောင်၊ အရန်တိုက်နယ်ကြီးကြပ်မှူးနှင့် ဆေးရုံဆက်သွယ်ရေးကော်မတီဝင်တစ်ဦးအဖြစ် အမှုထမ်းခြင်းအပါအဝင် ဝိညာဉ်ရေးဆိုင်ရာအခွင့်အရေး အတော်များများကို လက်ခံထမ်းဆောင်နိုင်ခဲ့ပြီ။ ထိုသို့သောအမျိုးသမီးများသည် သူတို့၏လင်ယောက်ျားများအတွက်၊ ခရစ်ယာန်ချင်းများအတွက်နှင့် ထို့ထက်ကား ယေဟောဝါအတွက် အဖိုးတန်လိုက်လေခြင်း!—သု. ၃၁:၂၈၊ ၃၀။
ခင်ပွန်းမရှိသော အဖိုးထိုက်သည့်အမျိုးသမီးများ
၁၁။ (က) ယေဟောဝါသည် အထူးသဖြင့် မုဆိုးမများဖြစ်သည့် တည်ကြည်သောအမျိုးသမီးများအတွက် ပူပန်ကြောင်း မည်သို့ဖော်ပြခဲ့သနည်း။ (ခ) ခရစ်ယာန်မုဆိုးမများနှင့် ခင်ပွန်းမရှိသော အခြားတည်ကြည်သူ အမျိုးသမီးများသည် အဘယ်အရာကို စိတ်ချနိုင်သနည်း။
၁၁ ယေဟောဝါသည် မုဆိုးမများ၏အကျိုးကို စာနာထောက်ထားကြောင်း မကြာခဏဖော်ပြပါသည်။ (တရားဟောရာ ၂၇:၁၉; ဆာလံ ၆၈:၅; ဟေရှာယ ၁၀:၁၊ ၂) ကိုယ်တော်သည် မပြောင်းလဲပါ။ မုဆိုးမများအပြင် ကြင်ဖော်မဲ့မိခင်များကိုသာမက ကိုယ့်သဘောနှင့်ကိုယ် တစ်ကိုယ်ရေနေသော၊ သို့မဟုတ် သင့်တော်သော ခရစ်ယာန်လင်ယောက်ျားတစ်ဦး မတွေ့သေးသော အမျိုးသမီးများကိုပါ ကိုယ်တော်အလွန်စိတ်ဝင်စားဆဲရှိသည်။ (မာလခိ ၃:၆; ယာကုပ် ၁:၂၇) အသင်သည် ခရစ်ယာန်အိမ်ထောင်ဖက်၏ ထောက်မမှုမရှိဘဲ ယေဟောဝါကို တည်ကြည်စွာ အမှုထမ်းနေသူတစ်ဦးဖြစ်လျှင် သင်သည် ဘုရားသခင့်ရှေ့တွင် အဖိုးထိုက်သူတစ်ဦးဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။
၁၂။ (က) ခရစ်ယာန်အမျိုးသမီးအချို့သည် ယေဟောဝါကို တည်ကြည်ကြောင်း မည်သို့တင်ပြကြသနည်း။ (ခ) ညီအစ်မအချို့သည် အဘယ်ခံစားချက်များ ရှိနေကြသနည်း။
၁၂ ဥပမာအနေနှင့်၊ “သခင်ဘုရား၌သာ” အိမ်ထောင်ပြုပါဟူသော ယေဟောဝါ၏သွန်သင်ချက်ကို တည်ကြည်စွာနာခံလိုကြသောကြောင့် အိမ်ထောင်မပြုဘဲနေသည့် ခရစ်ယာန်ညီအစ်မများအကြောင်း သုံးသပ်ကြည့်ပါ။ (၁ ကောရိန္သု ၇:၃၉; သု. ၃:၁) သမ္မာကျမ်းစာက သူတို့ကို ဤသို့စိတ်ချစေသည်– ‘တည်ကြည်သောသူနှင့် ကိုယ်တော် [ယေဟောဝါ] သည်တည်ကြည်စွာစီရင်မည်။’ (၂ ဓမ္မရာဇဝင် ၂၂:၂၆၊ ကဘ) သို့တိုင် တစ်ကိုယ်ရေနေခြင်းသည် သူတို့အများစုအတွက် စိန်ခေါ်ချက်တစ်ခုဖြစ်၏။ ညီအစ်မတစ်ဦးက ဤသို့ဆိုသည်– “သခင်ဘုရား၌သာ အိမ်ထောင်ပြုဖို့ ကျွန်မစိတ်ပိုင်းဖြတ်ထားပေမဲ့ ကျွန်မရဲ့သူငယ်ချင်းတွေ ခရစ်ယာန်အမျိုးသားကောင်းတွေနဲ့ အိမ်ထောင်ကျသွားတာကိုကြည့်ပြီး ကျွန်မမှာတော့ တစ်ကိုယ်တည်းဆက်ဖြစ်နေလို့ ခဏခဏမျက်ရည်ကျမိတယ်။” အခြားညီအစ်မတစ်ဦးက ဤသို့ထုတ်ပြောသည်– “ကျွန်မ ယေဟောဝါအမှုဆောင်တာ ၂၅ နှစ်ရှိပြီ။ ကိုယ်တော်ကို ဆက်လက်တည်ကြည်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်၊ ဒါပေမဲ့လည်း တစ်ခါတလေ အထီးကျန်ဖြစ်လို့ ဝမ်းနည်းမိတယ်။” သူကဤသို့ဆက်ပြောသည်– “ကျွန်မလိုမျိုး ညီအစ်မတွေဟာ အားပေးစကား ကြားချင်ကြတယ်။” ဤသို့သောတည်ကြည်သူများကို ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်မည်နည်း။
၁၃။ (က) ယေဖသ၏သမီးထံ လည်ပတ်သွားရောက်ခဲ့သူများ၏ပုံနမူနာမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရသနည်း။ (ခ) ကျွန်ုပ်တို့အသင်းတော်ရှိ တစ်ကိုယ်ရေညီအစ်မများကို ဂရုစိုက်ကြောင်း အခြားအဘယ်နည်းများဖြင့် တင်ပြနိုင်သေးသနည်း။
၁၃ ကူညီပေးနိုင်သော နည်းတစ်နည်းကို ရှေးပုံနမူနာတစ်ခုက ဖော်ပြသည်။ ယေဖသ၏သမီးသည် အိမ်ထောင်ပြုခွင့်ကိုစွန့်လွှတ်လိုက်သောအခါ သူသည် ကိုယ်ကျိုးစွန့်နေကြောင်း လူတို့အသိအမှတ်ပြုခဲ့ကြသည်။ သူ့ကိုအားပေးဖို့ မည်သို့ပြုခဲ့ကြသနည်း။ “ဣသရေလအမျိုးသမီးတို့သည် ဂိလဒ်အမျိုးသား ယေဖသ၏သမီးကြောင့် တစ်နှစ်တစ်နှစ်လျှင် လေးရက်ပတ်လုံး ငိုကြွေးမြည်တမ်း [“ချီးမွမ်း၊” ကဘ] ခြင်းငှာ သွားရသော ဣသရေလထုံးစံဓလေ့ဖြစ်လေ၏။” (တရားသူကြီး ၁၁:၃၀-၄၀) ထိုနည်းအတိုင်း ကျွန်ုပ်တို့လည်း ဘုရားသခင့်ပညတ်ကို တည်ကြည်စွာနာခံကြသော တစ်ကိုယ်ရေညီအစ်မများကို လှိုက်လှိုက်လှဲလှဲချီးမွမ်းပေးသင့်သည်။ * သူတို့ကိုဂရုစိုက်ကြောင်း အခြားအဘယ်နည်းဖြင့် ပြနိုင်သနည်း။ ချစ်ခင်ဖွယ်ကောင်းသော အဆိုပါညီအစ်မများသည် သူတို့၏အမှုတော်ကို တည်ကြည်စွာ ဆက်ဆောင်ရွက်နိုင်ကြရန် ထောက်မကူညီပေးဖို့ ယေဟောဝါထံအသနားခံ ဆုတောင်းပေးသင့်သည်။ သူတို့ကို ယေဟောဝါနှင့် အသင်းတော်တစ်ခုလုံးက တကယ်ချစ်ခင်ကြောင်းနှင့် အလွန်တန်ဖိုးထားကြောင်း စိတ်ချနေရန် အားပေးစကားကြားသင့်သည်။—ဆာလံ ၃၇:၂၈။
ကြင်ဖော်မဲ့မိဘများ အောင်မြင်ကြပုံ
၁၄၊ ၁၅။ (က) ခရစ်ယာန်ကြင်ဖော်မဲ့မိခင်များသည် ယေဟောဝါထံမှ အဘယ်ကြောင့် အကူအညီတောင်းခံသင့်သနည်း။ (ခ) ကြင်ဖော်မဲ့မိဘများသည် မိမိတို့ဆုတောင်းချက်များနှင့်အညီ မည်သို့လုပ်ဆောင်နိုင်သနည်း။
၁၄ ကြင်ဖော်မဲ့မိဘများဖြစ်ကြသော ခရစ်ယာန်အမျိုးသမီးများလည်း စိန်ခေါ်ချက်အမျိုးမျိုး ရင်ဆိုင်ကြရသည်။ သို့သော် ကျမ်းစာမူများနှင့်အညီ သားသမီးကိုကျွေးမွေးပြုစုပေးရန် ယေဟောဝါထံမှ အကူအညီရယူနိုင်သည်။ အသင်သည် ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်မည်ဆိုလျှင် မိခင်နှင့်ဖခင်ကဏ္ဍ နှစ်ခုစလုံးကို သင်စွမ်းဆောင်နိုင်မည်မဟုတ်ပါ။ သို့တိုင် ယေဟောဝါ၏အကူအညီကို ယုံကြည်စွာ တောင်းခံမည်ဆိုလျှင် သင်၏တာဝန်များကို ကိုယ်တော်ထမ်းကူပါလိမ့်မည်။ ဥပမာအနေနှင့်– အထပ်များသောအဆောက်အအုံကြီးတစ်ခုရှိ သင်၏တိုက်ခန်းသို့ လေးလံသော ကုန်ခြောက်အိတ်တစ်လုံးကို သယ်ဆောင်သွားရမည် ဆိုပါစို့။ အနီးတွင် ဓာတ်လှေကားတစ်ခုရှိမည်ဆိုလျှင် အားကုန်ခံပြီး လှေကားမှ ခက်ခက်ခဲခဲ သယ်ယူသွားမည်လော။ ဝေးလေစွ! ထိုနည်းထပ်တူ ယေဟောဝါထံမှ အကူအညီတောင်းခံနိုင်လျက်နှင့် လေးလံသောစိတ်ဖိစီးမှုများကို သင်တစ်ဦးတည်း ထမ်းထားဖို့ မကြိုးစားပါနှင့်။ ကိုယ်တော်ထံမှ အကူအညီတောင်းဖို့ သင့်အား ဖိတ်ခေါ်ထားပါသည်။ ဆာလံ ၆၈:၁၉ (သမ္မာ) က “ငါတို့၏ဝန်ကို နေ့စဉ်ထမ်းတော်မူသော . . . ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း” ဟုဆို၏။ ထိုနည်းတူ ၁ ပေတရု ၅:၇ က ယေဟောဝါသည် “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့်” စိုးရိမ်ပူပန်မှုမှန်သမျှကို ကိုယ်တော်၌ချထားရန် ဖိတ်ခေါ်ပါသည်။ ထို့ကြောင့် ပြဿနာများနှင့် စိုးရိမ်ပူပန်မှုများဖြင့် သင်ဝန်လေးနေမည်ဆိုလျှင် ကောင်းကင်ခမည်းတော်ထံ “မခြားမလပ်” ဆုတောင်း၍ ရင်ဖွင့်ပြောပြပါလေ။—၁ သက်သာလောနိတ် ၅:၁၇; ဆာလံ ၁၈:၆; ၅၅:၂၂။
၁၅ ဥပမာ၊ သင်သည် မိခင်တစ်ဦးဖြစ်မည်ဆိုလျှင် ကျောင်းတွင် သင်၏သားသမီးကြုံတွေ့နိုင်သော ရွယ်တူချင်းဖိအား၊ သို့မဟုတ် တည်ကြည်ခြင်းစမ်းသပ်မှုများနှင့် ပတ်သက်၍ စိုးရိမ်နေမည်မှာ မလွဲပေ။ (၁ ကောရိန္သု ၁၅:၃၃) ၎င်းတို့သည် စိုးရိမ်ပူပန်စရာကိစ္စများဖြစ်သည်။ သို့သော် ဆုတောင်းထိုက်သော ကိစ္စရပ်များလည်းဖြစ်ပေသည်။ အမှန်မှာ၊ သင်၏သားသမီးများနှင့်အတူ နေ့စဉ်ကျမ်းချက်ကို ဆွေးနွေးသုံးသပ်ပြီးနောက် သူတို့ကျောင်းမသွားမီအချိန်တွင် အဆိုပါကိစ္စများအကြောင်း အတူတူဆုတောင်းပါလေ။ နှလုံးပါပါ၊ သတ်သတ်မှတ်မှတ် ဆုတောင်းပေးခြင်းက ကလေးများစိတ်ထဲ စွဲမှတ်စရာဖြစ်နိုင်သည်။ ထို့ထက်ကား သားသမီးများ၏နှလုံးထဲ ကိုယ်တော်၏နှုတ်မြွက်စကားကို စွဲမှတ်စေဖို့ စိတ်ရှည်ရှည်ဖြင့်ကြိုးစားချိန်တွင် ယေဟောဝါ၏ထောက်မကူညီမှုကို သင်ရရှိနိုင်ပေသည်။ (တရားဟောရာ ၆:၆၊ ၇; သု. ၂၂:၆) ‘ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ’ ကြောင်း သတိရပါ။—၁ ပေတရု ၃:၁၂; ဖိလိပ္ပိ ၄:၆၊ ၇။
၁၆၊ ၁၇။ (က) မိခင်ဖြစ်သူပြသခဲ့သောမေတ္တာအကြောင်း သားတစ်ဦး မည်သို့ဆိုသနည်း။ (ခ) ထိုမိခင်၏ဝိညာဉ်ရေးအမြင်က သူ၏သားသမီးများကို မည်သို့အကျိုးသက်ရောက်သနည်း။
၁၆ ကလေးခြောက်ယောက်မိခင် အော်လီဗီယာ၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သမီးထွေးမွေးပြီးခါစတွင် သူ၏မယုံကြည်သူ လင်ယောက်ျားက မိသားစုကိုစွန့်ပစ်ခဲ့သည်၊ သို့သော် ဘုရားသခင့်နည်းလမ်းတော်များအတိုင်း သူ့သားသမီးများကို လေ့ကျင့်ပေးဖို့ မဆိုင်းမတွတာဝန်ယူခဲ့သည်။ ထိုအချိန်တွင် အော်လီဗီယာ၏သား၊ ယခု အသက် ၃၁ နှစ်အရွယ်ရှိ ခရစ်ယာန်အကြီးအကဲနှင့် ရှေ့ဆောင်တစ်ဦးဖြစ်သူ ဒဲရဲန်မှာ ၅ နှစ်ခန့်သာရှိသေးသည်။ အော်လီဗီယာ၏ စိုးရိမ်ပူပန်စရာများအပေါ်တွင် ယနေ့တိုင် ဒဲရဲန်ကို ဝေဒနာခံစားစေသော စိုးရိမ်ဖွယ်ကျန်းမာရေးပြဿနာက ထပ်ဆင့်လာပါသည်။ သူ၏ကလေးဘဝကို ပြန်ပြောင်းသုံးသပ်ကြည့်၍ ဒဲရဲန်ဤသို့စာရေးပြောသည်– “ဆေးရုံခုတင်ပေါ်ထိုင်ပြီး အမေ့ကိုမျှော်ခဲ့တာ ကျွန်တော်သတိရတုန်းပဲ။ ကျွန်တော့်ဘေးမှာထိုင်ပြီး အမေ နေ့တိုင်းကျမ်းစာဖတ်ပြမယ်။ ပြီးရင် ‘ကျေးဇူးတင်ပါ၏ ယေဟောဝါ’ * ဆိုတဲ့ ဘုရားသခင့်နိုင်ငံတော်သီချင်းကို သူဆိုပေးတတ်တယ်။ ဒီကနေ့အထိ အဲဒီသီချင်းဟာ ကျွန်တော်အနှစ်သက်ဆုံး ဘုရားသခင့်နိုင်ငံတော်သီချင်းပဲ။”
၁၇ ယေဟောဝါကို အော်လီဗီယာ ယုံကြည်ကိုးစားပြီး ချစ်မြတ်နိုးသည့်အတွက် ကြင်ဖော်မဲ့မိခင်တစ်ဦးအဖြစ် သူအောင်မြင်ခဲ့ခြင်းဖြစ်သည်။ (သု. ၃:၅၊ ၆) သူ၏သဘောထားမှန်ကို သားသမီးများရှေ့ သူချပေးခဲ့သော ပန်းတိုင်များက ပေါ်လွင်ထင်ရှားစေသည်။ ဒဲရဲန်ဤသို့ပြောပြသည်– “အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းကို ပန်းတိုင်ထားဖို့ ကျွန်တော်တို့ကို အမေအမြဲအားပေးတိုက်တွန်းခဲ့တယ်။ အဲဒါကြောင့် ကျွန်တော့်အစ်မနဲ့ညီမ ငါးယောက်ထဲက လေးယောက်ဟာ ကျွန်တော်နဲ့အတူ အချိန်ပြည့်ဓမ္မအမှုဆောင်တွေဖြစ်လာတာ။ ဒါပေမဲ့လည်း ဒီအကြောင်းတွေကို အမေတစ်ခါမှမကြွားခဲ့ဘူး။ သူ့ရဲ့ချီးကျူးစရာကောင်းတဲ့ အရည်အချင်းကို ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားတုပနေပါတယ်။” အော်လီဗီယာ၏ကလေးများကဲ့သို့ ဘုရားသခင်ကိုဝတ်ပြုသူများအဖြစ် သားသမီးအားလုံး ကြီးပြင်းလာမည်မဟုတ်ပါ။ သို့သော် မိခင်တစ်ဦးသည် ကျမ်းစာမူများနှင့်အညီ အတတ်နိုင်ဆုံး ကြိုးစားအသက်ရှင်လျှင် ယေဟောဝါ၏လမ်းညွှန်မှုနှင့် မေတ္တာပါသောထောက်မကူညီမှုရရှိမည်ကို ယုံကြည်စိတ်ချနိုင်ပါသည်။—ဆာလံ ၃၂:၈။
၁၈။ ယေဟောဝါ၏ပြင်ဆင်ပေးချက်များဖြစ်သော ခရစ်ယာန်အသင်းတော်ကို ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။
၁၈ ခရစ်ယာန်အသင်းတော်တွင် ဝိညာဉ်အစာမှန်မှန်ကျွေးသည့်အစီအစဉ်ရှိခြင်း၊ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းနှင့် ဝိညာဉ်ရေးဘက် ရင့်ကျက်သော ‘လူ့အသွင်ဆုလာဘ်များ’ ရှိခြင်းအားဖြင့် ဘုရားသခင်ထံမှ ကူညီထောက်မမှုများကို ရရှိနေကြပါသည်။ (ဧဖက် ၄:၈) တည်ကြည်သောအကြီးအကဲများသည် အသင်းသူအသင်းသားအားလုံးကို တည်ဆောက်ပေးရန်၊ “မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့” ၏လိုအပ်ရာများကို အထူးဂရုပြုရန် ကြိုးပမ်းနေကြပါသည်။ (ယာကုပ် ၁:၂၇) ထို့ကြောင့် ဘုရားသခင့်လူမျိုးတော်နှင့် အနီးကပ်နေပါ၊ ဘယ်သောအခါမျှ တစ်သီးပုဂ္ဂလမနေပါနှင့်။—သု. ၁၈:၁; ရောမ ၁၄:၇။
လက်အောက်ခံခြင်း၏အလှ
၁၉။ ဇနီးသည်၏လက်အောက်ခံခြင်းက အဆင့်နိမ့်ကျခြင်း အဘယ်ကြောင့်မဟုတ်သနည်း၊ အဘယ်ကျမ်းစာနမူနာက ယင်းကိုထောက်ခံသနည်း။
၁၉ ယေဟောဝါသည် အမျိုးသမီးကို အမျိုးသား၏ဖြည့်ဖက်အဖြစ် ဖန်ဆင်းခဲ့သည်။ (ကမ္ဘာဦး ၂:၁၈) ထို့ကြောင့် ခင်ပွန်းသည်ကို ဇနီးတစ်ဦးလက်အောက်ခံခြင်းသည် အဆင့်နိမ့်ကျသွားစေသည်မဟုတ်။ ထိုသို့ဖြစ်မည့်အစား ယင်းသည် အမျိုးသမီးတစ်ဦးကို ဂုဏ်တင်ပြီး ဘုရားသခင့်အလိုတော်နှင့်အညီ သူ၏ပင်ကိုစွမ်းရည်များကို အသုံးပြုခွင့်ပေးသည်။ နယပုံပြင်ကျမ်းအခန်းကြီး ၃၁ က ရှေးဣသရေလနိုင်ငံမှ အရည်အချင်းပြည့်စုံသောဇနီးတစ်ဦး၏ လုပ်ငန်းအမျိုးမျိုးကို တန်းစီဖော်ပြထားသည်။ သူသည် ဆင်းရဲနွမ်းပါးသူတို့ကို ကူညီပေးသည်၊ စပျစ်ဥယျာဉ်စိုက်ပျိုးသည်၊ မြေယာကိုလည်း ဝယ်ယူတတ်သည်။ ယင်းကြောင့် “သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍ ဆင်းရဲခြင်းနှင့်ကင်းလွတ်” ၏။—အခန်းငယ် ၁၁၊ ၁၆၊ ၂၀။
၂၀။ (က) ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် မိမိအား ဘုရားသခင်ပေးထားသော ပင်ကိုအရည်အချင်းများကို မည်သို့ရှုမြင်သင့်သနည်း။ (ခ) အဘယ်အရည်အချင်းကောင်းများကို ဧသတာတင်ပြခဲ့သနည်း၊ ယင်းကြောင့် သူ့ကို ယေဟောဝါမည်သို့အသုံးပြုနိုင်ခဲ့သနည်း။
၂၀ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေပြီး ကျိုးနွံသည့်အမျိုးသမီးတစ်ဦးသည် ရည်မှန်းချက်ကြီးစွာ မိမိကိုယ်ကိုမြှင့်တင်မည်မဟုတ်၊ သူ၏ခင်ပွန်းနှင့်လည်း ပြိုင်ဆိုင်မည်မဟုတ်။ (သု. ၁၆:၁၈) သူသည် လောကလုပ်ငန်းများနောက် အဓိကလိုက်ခြင်းဖြင့် မိမိလိုအင်ကိုဖြည့်ဆည်းမည်မဟုတ်ဘဲ ဘုရားသခင်ပေးထားသော သူ၏ပင်ကိုအစွမ်းအစများကို သူ့မိသားစု၊ ခရစ်ယာန်ချင်းများ၊ အိမ်နီးချင်းများအကျိုးသယ်ပိုးရန်၊ အရေးအကြီးဆုံးမှာ ယေဟောဝါကိုအမှုဆောင်ရန် အဓိကအသုံးပြုမည်။ (ဂလာတိ ၆:၁၀; တိတု ၂:၃-၅) သမ္မာကျမ်းစာပါ မိဖုရားဧသတာ၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူသည် ရုပ်ရည်လှပသော်လည်း ကျိုးနွံ၍ နာခံမှုရှိသည်။ (ဧသတာ ၂:၁၃၊ ၁၅) သူအိမ်ထောင်ကျသောအခါ ယခင်မိဖုရားဝါရှတိနှင့်မတူဘဲ သူ၏ခင်ပွန်း၊ ဘုရင်အာရွှေရုကို အလွန်ရိုသေလေးစားခဲ့သည်။ (ဧသတာ ၁:၁၀-၁၂; ၂:၁၆၊ ၁၇) ဧသတာသည် မိဖုရားဖြစ်လာပြီးနောက်၌ပင် သင့်လျော်သည့်ကိစ္စရပ်များတွင် သူ၏ဝမ်းကွဲအစ်ကို မော်ဒကဲ၏အကြံဉာဏ်ကို လေးစားစွာလိုက်နာခဲ့သည်။ သို့သော် သူသည် ပျော့ညံ့သူတစ်ဦးမဟုတ်ခဲ့ပါ! ဂျူးတို့ကို သုတ်သင်ပယ်ရှင်းဖို့ကြံစည်သူ၊ ဩဇာအာဏာရှိ၍ ရက်စက်သောဟာမန်ကို ရဲရင့်စွာ ထုတ်ဖော်ခဲ့သည်။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ကာကွယ်စောင့်ရှောက်ဖို့ ဧသတာကို ထူးခြားစွာ အသုံးပြုခဲ့သည်။—ဧသတာ ၃:၈–၄:၁၇; ၇:၁-၁၀; ၉:၁၃။
၂၁။ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ယေဟောဝါအတွက် ပို၍အဖိုးထိုက်သူတစ်ဦး မည်သို့ဖြစ်လာနိုင်သနည်း။
၂၁ အတိတ်နှင့် ယခုခေတ်တွင် ဘုရားတရားကြည်ညိုသော အမျိုးသမီးများသည် ယေဟောဝါနှင့် ကိုယ်တော်၏ဝတ်ပြုရေးကို အကြွင်းမဲ့ဆည်းကပ်၍ မိမိတို့ကိုယ်ကိုပေးဆက်ကြကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် ဘုရားသခင်ကိုကြောက်ရွံ့သောအမျိုးသမီးများသည် ယေဟောဝါရှေ့ အဖိုးထိုက်သူများဖြစ်ကြသည်။ ခရစ်ယာန်ညီအစ်မတို့၊ သင်တို့သည် “ကောင်းသောအမှုများအဖို့အလိုငှာ ပြင်ဆင်” ခံရသော၊ နှစ်လိုဖွယ်ကောင်းသည်ထက်ကောင်းလာသော “တန်ဆာ” ဖြစ်လာစေဖို့ ဝိညာဉ်တော်အားဖြင့် ယေဟောဝါ အဆင့်ဆင့်ပုံသွင်းပေးသည်ကို ခံယူပါလေ။ (၂ တိမောသေ ၂:၂၁၊ ရောမ ၁၂:၂) ဤအဖိုးထိုက်သော ဝတ်ပြုသူများနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆို၏– “သူပြုလုပ်သောအကျိုးကျေးဇူးကို သူ့အားပေးလော့။ ပြုသောအမှုအရာများလည်း မြို့တံခါးများ၌ သူ့ကိုချီးမွမ်းပါစေ။” (သု. ၃၁:၃၁၊ သမ္မာ) သင်တို့တစ်ဦးစီသည် ထိုသို့သောသူဖြစ်နိုင်ပါစေ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 13 မည်သို့ချီးမွမ်းနိုင်ကြောင်းနှင့် ပတ်သက်၍ ကင်းမျှော်စင် ၂၀၀၂၊ မတ် ၁၅၊ စာမျက်နှာ ၂၆-၈ ကိုရှုပါ။
^ အပိုဒ်၊ 16 ယေဟောဝါသက်သေများထုတ်ဝေခဲ့သော ယေဟောဝါအား ချီးမွမ်းကျူးဧခြင်းမှ သီချင်းနံပါတ် ၂၁၂။
သင်မှတ်မိသလော
• ပထမရာစုမှ ခရစ်ယာန်အမျိုးသမီးအချို့သည် ယေဟောဝါရှေ့ အဖိုးထိုက်သူများ မည်သို့ဖြစ်လာခဲ့ကြသနည်း။
• ကျွန်ုပ်တို့ခေတ်ရှိ ညီအစ်မများစွာတို့သည် မိမိတို့ကိုယ်ကို ယေဟောဝါရှေ့ မည်သို့အဖိုးထိုက်စေခဲ့ကြပြီနည်း။
• ယေဟောဝါသည် ကြင်ဖော်မဲ့မိခင်များနှင့် ခင်ပွန်းမရှိသော အခြားညီအစ်မများကို အဘယ်နည်းများဖြင့် ထောက်မပေးသနည်း။
• အမျိုးသမီးတစ်ဦးသည် ဦးစီးမှုအစီအစဉ်ကို မည်သို့ နှလုံးပါစွာလေးစားမှုပြနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]
ပြန်လည်သုံးသပ်စရာ ပုံနမူနာများ
သမ္မာကျမ်းစာတွင် ဖော်ပြထားသော တည်ကြည်မှုရှိသည့် အခြားအမျိုးသမီးများအကြောင်း သင်သုံးသပ်လိုပါသလော။ သို့ပြုလျှင် အောက်ဖော်ပြပါ ကျမ်းချက်များကို ကျေးဇူးပြု၍ဖတ်ကြည့်ပါ။ နာမည်စာရင်းပါသူ အသီးသီးတို့အကြောင်း သင်တွေးတောဆင်ခြင်နေစဉ် သင့်ဘဝအသက်တာတွင် တိုးချဲ့ကျင့်သုံးနိုင်မည့်မူများကို ပိုင်းခြားသိမြင်ဖို့ကြိုးစားပါ။—ရောမ ၁၅:၄။
❖ စာရာ– ကမ္ဘာဦး ၁၂:၁၊ ၅; ၁၃:၁၈က; ၂၁:၉-၁၂;၁ ပေတရု ၃:၅၊ ၆။
❖ ရက်ရောသော ဣသရေလအမျိုးသမီးများ– ထွက်မြောက်ရာ ၃၅:၅၊ ၂၂၊ ၂၅၊ ၂၆; ၃၆:၃-၇; လုကာ ၂၁:၁-၄။
❖ ဒေဗောရ– တရားသူကြီး ၄:၁–၅:၃၁။
❖ ရုသ– ရုသ ၁:၄၊ ၅၊ ၁၆၊ ၁၇; ၂:၂၊ ၃၊ ၁၁-၁၃; ၄:၁၅။
❖ ရှုနင်မြို့သူအမျိုးသမီးတစ်ဦး– ၄ ဓမ္မရာဇဝင် ၄:၈-၃၇။
❖ ဖိုနီးရှားအမျိုးသမီး– မဿဲ ၁၅:၂၂-၂၈။
❖ မာသနှင့် မာရိ– မာကု ၁၄:၃-၉; လုကာ ၁၀:၃၈-၄၂; ယောဟန် ၁၁:၁၇-၂၉; ၁၂:၁-၈။
❖ တဗိသ– တမန်တော် ၉:၃၆-၄၁။
❖ ဖိလိပ္ပု၏သမီးများ– တမန်တော် ၂၁:၉။
❖ ဖိဗေ– ရောမ ၁၆:၁၊ ၂။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဘုရားသခင့်ပညတ်ကို တည်ကြည်စွာနာခံကြသော တစ်ကိုယ်ရေတစ်ကာယ ညီအစ်မများကို သင်ချီးမွမ်းသလော
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
သားသမီးများ ကျောင်းသို့မသွားမီ ဆုတောင်းချက်တွင် အဘယ်အကြောင်းများကို အတိအကျဖော်ပြနိုင်သနည်း