ပေးကမ်းခြင်းစိတ်ဓာတ် မွေးမြူပါလေ
ပေးကမ်းခြင်းစိတ်ဓာတ် မွေးမြူပါလေ
ပေးကမ်းခြင်းစိတ်ဓာတ်ဖြင့် မွေးလာသူ မည်သူမျှမရှိပေ။ မွေးစကလေးငယ်၏ ပင်ကိုစိတ်မှာ မိမိလိုချင်ရာနှင့် လိုအပ်ရာများကို အာသာပြေစေခြင်းဖြစ်သည်၊ မိမိအားပြုစုစောင့်ရှောက်နေသူများ၏ အကျိုးကို သတိမမူတတ်ချေ။ သို့သော် အဆိုပါကလေးသည် မိမိတစ်ဦးတည်းသာ လိုအပ်ချက်ရှိသူမဟုတ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာသည်။ အခြားသူများကို ထည့်တွက်စဉ်းစားပေးရမည်၊ ခံယူဖို့ချည်းမဟုတ်ဘဲ ပေးကမ်းဝေမျှတတ်ဖို့လည်း သူသင်ယူရပေမည်။ ပေးကမ်းခြင်းစိတ်ဓာတ်ကို မွေးမြူပေးဖို့လိုသည်။
ပေးကမ်းကြသူတိုင်း၊ ရက်ရက်ရောရော ပေးကမ်းကြသူတို့ပင်လျှင် ပေးကမ်းခြင်းစိတ်ဓာတ်မရှိကြချေ။ တချို့သည် မိမိတို့အကျိုးစီးပွားတိုးတက်စေရန် အဖွဲ့အစည်းတစ်ခုကို ငွေလှူဒါန်းကြပေမည်။ အခြားသူတို့ကမူ လူတို့၏ချီးမွမ်းခြင်းခံရဖို့ လှူဒါန်းကြပေမည်။ သို့ရာတွင် ခရစ်ယာန်စစ်များ၏ ပေးကမ်းခြင်းသည် ကွာခြား၏။ သို့ဆိုလျှင် သမ္မာကျမ်းစာတွင် တိုက်တွန်းထားသည့် ပေးကမ်းခြင်း၏ ဂုဏ်အင်္ဂါရပ်များကား အဘယ်နည်း။ ပထမရာစုခရစ်ယာန်များ ပေးကမ်းခဲ့ကြခြင်းအကြောင်းကို ခေတ္တသုံးသပ်ကြည့်ခြင်းက ထိုမေးခွန်းကို ဖြေဆိုပေးလိမ့်မည်။
ခရစ်ယာန်ပေးကမ်းခြင်း ပုံနမူနာများ
ကျမ်းစာတွင်ဖော်ပြထားသည့် ခရစ်ယာန်ပေးကမ်းခြင်းသည် အများအားဖြင့် အမှန်တကယ်လိုအပ်နေသူတို့အား “ဥစ္စာကိုဝေမျှ” ခြင်းဖြစ်သည်။ (ဟေဗြဲ ၁၃:၁၆; ရောမ ၁၅:၂၆) အတင်းအကျပ်တိုက်တွန်းခြင်းကြောင့် ပေးကမ်းခြင်းမဖြစ်သင့်ချေ။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့၏– “လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။” (၂ ကောရိန္သု ၉:၇) ထို့အပြင် လူအများ အမြင်ကောင်းအောင် ပေးကမ်းရန်လည်းမဟုတ်ချေ။ အာနနိနှင့် ရှဖိရေတို့သည် ဟန်ဆောင်လှူဒါန်းခဲ့ကြသည့်အတွက် ဆိုးကျိုးများ ရိတ်သိမ်းခဲ့ရသည်။—တမန်တော် ၅:၁-၁၀။
ဂျူးလူမျိုးများစွာနှင့် ဘာသာပြောင်းဝင်လာသူတို့သည် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲအတွက် ယေရုရှလင်မြို့တွင် ရပ်ဝေးမှ စုဝေးလာခဲ့ကြသောအခါ ပေးကမ်းဖို့အကြောင်း ပေါ်လာလေသည်။ ထိုတွင် ယေရှု၏နောက်လိုက်များသည် ‘သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ အမျိုးမျိုးသောဘာသာစကားအားဖြင့် စတင်ဟောပြောခဲ့ကြ၏။’ သူတို့အနီးအနားတွင် လူစုဝေးလာရာ ယေရှုခရစ်အကြောင်း တက်တက်ကြွကြွဟောပြောသူ ပေတရု၏စကားကို ကြားခဲ့ရသည်။ တစ်ဖန် ပေတရုနှင့် ယောဟန်တို့သည် ဝတ်ပြုရာအိမ်တော်တံခါးဝ၌ ခြေမစွမ်းသူတစ်ဦးအား မည်သို့ကုသပေးလိုက်သည်ကို လူတို့တွေ့ မြင်ခဲ့ကြသည်၊ ၎င်းနောက် ယေရှုအကြောင်းနှင့် နောင်တယူဖို့လိုကြောင်း ပေတရု ထပ်မံပြောဆိုသည်ကို သူတို့ကြားခဲ့ကြသည်။ လူပေါင်းထောင်နှင့်ချီ နောင်တယူခဲ့ကြကာ ခရစ်တော်၏နောက်လိုက်များအဖြစ် နှစ်ခြင်းခံခဲ့ကြ၏။—တမန်တော်၊ အခန်းကြီး ၂ နှင့် ၃။
ဘာသာပြောင်းဝင်လာခါစ လူသစ်များသည် ယေရုရှလင်မြို့၌ ဆက်နေ၍ ယေရှု၏တမန်တော်တို့ထံမှ သွန်သင်ချက်ကို ပိုကြားနာလိုကြသည်။ သို့သော် အဆိုပါဧည့်သည်အားလုံး၏ လိုအပ်ရာများကို တမန်တော်များ မည်သို့ဖြည့်ဆည်းပေးနိုင်မည်နည်း။ ကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– “အိမ်၊ မြေကွက်ကိုပိုင်သောသူရှိသမျှတို့သည် ရောင်းပြီးလျှင် ရသောအဖိုးကိုယူဆောင်ခဲ့၍ တမန်တော်တို့၏ခြေရင်း၌ထားကြသဖြင့် လူများဆင်းရဲသည်အတိုင်း အသီးသီးတို့အား ဝေငှပေးကမ်းကြ၏။” (တမန်တော် ၄:၃၃-၃၅) တည်ထောင်ခါစ ယေရုရှလင်အသင်းတော်တွင် ပေးကမ်းခြင်းစိတ်ဓာတ် အမှန်ပင် ရှိခဲ့လေသည်။
နောက်ပိုင်းတွင် အခြားသောအသင်းတော်တို့ကလည်း ထပ်တူပေးကမ်းခြင်းစိတ်ဓာတ်ကို တင်ပြခဲ့ကြသည်။ ဥပမာ၊ မက်စီဒိုးနီးယား ခရစ်ယာန်များကိုယ်တိုင် ဆင်းရဲကြသော်လည်း ယုဒပြည်ရှိ ဆင်းရဲနွမ်းပါးသော မိမိတို့ညီအစ်ကိုများအတွက် အလှူငွေထည့်ဝင်ရာ၌ မိမိတို့တတ်နိုင်သမျှထက်မက ပေးကမ်းခဲ့ကြ၏။ (ရောမ ၁၅:၂၆; ၂ ကောရိန္သု ၈:၁-၇) ဖိလိပ္ပိအသင်းတော်သည် ပေါလု၏ဓမ္မအမှုကို ကူညီထောက်ပံ့ပေးရာတွင် ထူးခြားထင်ရှားပေသည်။ (ဖိလိပ္ပိ ၄:၁၅၊ ၁၆) ယေရုရှလင်အသင်းတော်သည် ဆင်းရဲနွမ်းပါးသော မုဆိုးမများကို အစားအသောက် နေ့စဉ်ဝေငှပေးခဲ့ကြသည်၊ ထို့ပြင် တမန်တော်များသည် အကူအညီရသင့်သူ မုဆိုးမများကို လျစ်လျူမရှုမိဖို့ အရည်အချင်းရှိအမျိုးသားခုနစ်ဦးကို ခန့်အပ်ခဲ့သည်။—တမန်တော် ၆:၁-၆။
အစောပိုင်းခရစ်ယာန်အသင်းတော်တို့သည် ဆင်းရဲခက်ခဲမည့်ကာလကို ကြိုမြင်ပြီး အလျင်အမြန် တုံ့ပြန်ကူညီခဲ့ကြသည်။ ဥပမာ၊ ပရောဖက်အာဂဗုက အစာခေါင်းပါးမှု အကြီးအကျယ်ဖြစ်တော့မည့်အကြောင်း ပရောဖက်ပြုသောအခါ ရှုရိပြည် အန္တိအုတ်မြို့အသင်းတော်ရှိ တပည့်နောက်လိုက်များသည် “အသီးအသီးတတ်နိုင်ကြသည်အတိုင်း ယုဒပြည်၌နေသောညီအစ်ကိုတို့အား အကူအမပေးလိုက်မည်” ဟု ဆုံးဖြတ်ခဲ့ကြသည်။ (တမန်တော် ၁၁:၂၈၊ ၂၉) အခြားသူတို့၏ လိုအပ်ရာများကို ဖြည့်ဆည်းပေးရန် ကြိုတင်စီစဉ်ခဲ့ခြင်းသည် အလွန်ချီးမွမ်းဖွယ်ကောင်းသည့် စိတ်ဓာတ်ပါတကား!
အစောပိုင်းခရစ်ယာန်များကို အလွန်ရက်ရောစွာ မေတ္တာတင်ပြစေသည့်အရာကား အဘယ်အရာနည်း။ အမှန်ဆိုရလျှင် ပေးကမ်းခြင်းစိတ်ဓာတ် မည်သို့ရှိနိုင်မည်နည်း။ ဘုရင်ဒါဝိဒ်၏ပုံနမူနာကို အတိုချုပ်သုံးသပ်ကြည့်ခြင်းမှ ကျွန်ုပ်တို့ များစွာသင်ယူနိုင်ပါသည်။
စစ်မှန်သောဝတ်ပြုရေးကို ဒါဝိဒ် ရက်ရက်ရောရောထောက်မ
ယေဟောဝါတည်ရှိခြင်းကို ကိုယ်စားပြုသည့် မြင့်မြတ်သော ပဋိညာဉ်သေတ္တာတော် ထားစရာနေရာ အတည်တကျမရှိသည်မှာ နှစ်ပေါင်း ၅၀၀ နီးပါးတိုင်ခဲ့ပေပြီ။ ၎င်းသေတ္တာတော်ကို တဲတော်အတွင်း ချထားကြသည်၊ တောကန္တာရအတွင်း ဣသရေလလူမျိုး လှည့်လည်သွားလာစဉ်နှင့် ၎င်းနောက် ကတိထားရာပြည်တော်ထဲဝင်စဉ်အတွင်း ၎င်းသေတ္တာတော်ကို တစ်နေရာမှတစ်နေရာ ပြောင်းရွှေ့ယူဆောင်ခဲ့ကြ၏။ ဘုရင်ဒါဝိဒ်သည် သေတ္တာတော်ကို တဲတော်ထဲမှယူ၍ အဆိုပါမြင့်မြတ်သောသေတ္တာတော်ထားမည့် သင့်လျော်သောအိမ်တော်ကို ယေဟောဝါအတွက် တည်ဆောက်ပေးလိုသည့်ဆန္ဒ ပြင်းပြခဲ့သည်။ သို့နှင့် ပရောဖက်နာသန်အား ဒါဝိဒ်ဤသို့မိန့်ဆိုလေတော့သည်– “ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့်နေ၏။ ထာဝရဘုရား [သခင်] ၏ ပဋိညာဉ်သေတ္တာတော်မူကား ကုလားကာဖြင့်သာ ကွယ်ကာလျက်နေရသည်။”—၁ ရာဇဝင်ချုပ် ၁၇:၁။
သို့သော် ဒါဝိဒ်သည် စစ်သည်တစ်ဦးဖြစ်ခဲ့၏။ ထို့ကြောင့် ယေဟောဝါက သူ၏သားရှောလမုန်သည် ငြိမ်သက်အေးချမ်းစွာအုပ်စိုးနေစဉ်ကာလအတွင်း ပဋိညာဉ်သေတ္တာအတွက် အိမ်တော်တည်ဆောက်ရမည့်သူဖြစ်ကြောင်း မိန့်တော်မူခဲ့၏။ (၁ ရာဇဝင်ချုပ် ၂၂:၇-၁၀) သို့ရာတွင် ယင်းက ဒါဝိဒ်၏ပေးကမ်းခြင်းစိတ်ဓာတ်ကို မဟန့်တားခဲ့ချေ။ အထူးအဖွဲ့တစ်ဖွဲ့ကို စီမံဖွဲ့စည်းပြီး ဝတ်ပြုရာအိမ်တော်တည်ဆောက်ရေးတွင် အသုံးပြုမည့် အသုံးအဆောင်ပစ္စည်းများကို စုဆောင်းပေးရန် သူစီစဉ်လေသည်။ နောက်ပိုင်းတွင် ရှောလမုန်အား သူဤသို့ပြော၏– “ငါသည် . . . ထာဝရဘုရား [သခင်] ၏အိမ်တော်အဖို့ ရွှေအခွက်တစ်ထောင်နှင့် ငွေအခွက်တစ်သောင်းကိုလည်းကောင်း၊ အချိန်မမှတ်နိုင်အောင် များစွာသောကြေးဝါနှင့် သံကိုလည်းကောင်း၊ သစ်သားများနှင့် ကျောက်များကိုလည်းကောင်း ပြင်ဆင်ပြီ။” (၁ ရာဇဝင်ချုပ် ၂၂:၁၄) ယင်းနှင့်အားမရသေး၊ မိမိ၏ကိုယ်ပိုင်စည်းစိမ်မှ ကာလတန်ဖိုး ၁,၂၀၀,၀၀၀,၀၀၀ ဒေါ်လာကျော်ရှိ ရွှေငွေတို့ကို ဒါဝိဒ်လှူဒါန်းလိုက်သေးသည်။ ထို့အပြင် မင်းသားမှူးမတ်များလည်း ရက်ရက်ရောရော ပေးလှူခဲ့ကြ၏။ (၁ ရာဇဝင်ချုပ် ၂၉:၃-၉) ဒါဝိဒ်သည် ရက်ရောသော ပေးကမ်းခြင်းစိတ်ဓာတ်ရှိကြောင်း ဖော်ပြခဲ့သည်တကား!
ဤမျှရက်ရောစွာပေးကမ်းရန် ဒါဝိဒ်ကို အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။ သူရရှိစုဆောင်းခဲ့သမျှ၊ အောင်မြင်ခဲ့သမျှသည် ယေဟောဝါကောင်းချီးကြောင့်ဖြစ်ကြောင်း သူသိရှိသည်။ ယင်းကို သူဤသို့ဆုတောင်း၍ အသိအမှတ်ပြုခဲ့၏– “အကျွန်ုပ်တို့၏ဘုရားသခင် . . . ကိုယ်တော်၏နာမအဖို့ ကိုယ်တော်၏အိမ်ကို တည်ဆောက်ခြင်းအလိုငှာ အကျွန်ုပ်တို့ပြင်ဆင်သော ဤဘဏ္ဍာရှိသမျှသည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အလုံးစုံတို့ကို ကိုယ်တော်ပိုင်တော်မူ၏။ အကျွန်ုပ်တို့၏ဘုရားသခင် ကိုယ်တော်သည် စိတ်နှလုံးကိုစစ်၍ ဖြောင့်မတ်ခြင်းသဘောကို နှစ်သက်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းသဘော၊ ကြည်ညိုသောစိတ်ရှိသည်နှင့် ဤဘဏ္ဍာရှိသမျှကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသော ကိုယ်တော်၏လူတို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်ကြသည်ကိုမြင်၍ ဝမ်းမြောက်ပါ၏။” (၁ ရာဇဝင်ချုပ် ၂၉:၁၆၊ ၁၇) ဒါဝိဒ်သည် ယေဟောဝါနှင့်မိမိဆက်ဆံရေးရှိခြင်းကို အမြတ်တနိုးတန်ဖိုးထားခဲ့သည်။ ဘုရားသခင့်အမှုတော်ကို “စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောနှင့်” ထမ်းဆောင်ဖို့လိုကြောင်း သူအသိအမှတ်ပြုခဲ့ပြီး ထိုသို့လုပ်ဆောင်ရ၍ ရွှင်လန်းမှုရရှိခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ဤထပ်တူအရည်အချင်းများရှိ၍လည်း အစောပိုင်းခရစ်ယာန်များသည် ပေးကမ်းခြင်းစိတ်ဓာတ် တင်ပြခဲ့ကြခြင်းဖြစ်သည်။
ယေဟောဝါ—အကြီးမြတ်ဆုံးပေးကမ်းရှင်
ယေဟောဝါသည် ပေးကမ်းခြင်းနှင့်ပတ်သက်၍ အကောင်းဆုံးစံနမူနာရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် အလွန်ချစ်ခင်ကြင်နာတတ်သောကြောင့် “ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” (မဿဲ ၅:၄၅) လူသားအားလုံးကို ကိုယ်တော် “ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို” ပေးတော်မူ၏။ (တမန်တော် ၁၇:၂၅) တပည့်ဖြစ်သူ ယာကုပ်ထောက်ပြသည့်အတိုင်းပင် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့အဘထံတော်က သက်ရောက်သည်ဖြစ်၍ အထက်အရပ်မှလာကြ၏။”—ယာကုပ် ၁:၁၇။
ယေဟောဝါပေးခဲ့သမျှတွင် အကြီးမြတ်ဆုံးဆုကျေးဇူးမှာ ‘ယုံကြည်သောသူအပေါင်း ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေဖို့ မိမိ၏တစ်ပါးတည်းသောသားတော်’ ကို စေလွှတ်လိုက်ခြင်းဖြစ်ပေသည်။ (ယောဟန် ၃:၁၆၊ ကဘ) ထိုသို့သောဆုကျေးဇူးကို ထိုက်တန်သူ မည်သူမျှမရှိချေ၊ အကြောင်းမှာ “လူအပေါင်းတို့သည် [အပြစ်] ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။” (ရောမ ၃:၂၃၊ ၂၄; ၁ ယောဟန် ၄:၉၊ ၁၀) ခရစ်တော်၏ရွေးနုတ်ဖိုးသည် ဘုရားသခင်၏ ‘ပြော၍မကုန်နိုင်သော ဆုကျေးဇူးတော်၊’ “ထူးမြတ်သော ဘုရားသခင့်ဆုကျေးဇူးတော်” ၏အခြေခံဖြစ်ပြီး ၎င်းအတွက် ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ (၂ ကောရိန္သု ၉:၁၄၊ ၁၅) ပေါလုသည် ဘုရားသခင့် ဆုကျေးဇူးကို ကျေးဇူးတင်လေးမြတ်သည့်အနေနှင့် “ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဉ်သော [သတင်းကောင်း] ကို သက်သေခံ” ခြင်းကို သူ့ဘဝလုပ်ငန်း ဖြစ်စေခဲ့သည်။ (တမန်တော် ၂၀:၂၄) ‘လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ အမှန်တရားကိုသိစေ’ ရန် ဘုရားသခင်အလိုတော်ရှိကြောင်း သူအသိအမှတ်ပြုခဲ့သည်။—၁ တိမောသေ ၂:၄။
ယနေ့ ယင်းကို အကြီးအကျယ် ဟောပြောသွန်သင်ခြင်းလုပ်ငန်းအားဖြင့် ပြီးမြောက်အောင်မြင်နေရာ ယခုအခါ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၃၄ နိုင်ငံအထိ တိုးချဲ့ရောက်ရှိနေပြီ။ ယေရှုက ‘လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့’ ဟုမိန့်ဆိုစဉ် ဤတိုးတက်မှုအကြောင်း ကြိုပြောခဲ့သည်။ (မဿဲ ၂၄:၁၄) မှန်ပါသည်၊ “ဧဝံဂေလိတရားကို ရှေးဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။” (မာကု ၁၃:၁၀) လွန်ခဲ့သောနှစ်က ခြောက်သန်းကျော်သော သတင်းကောင်းကြွေးကြော်သူများသည် ဤလုပ်ငန်းတွင် နာရီပေါင်း ၁,၂၀၂,၃၈၁,၃၀၂ သွင်းခဲ့ကြပြီး ကျမ်းစာသင်အံမှုပေါင်း ၅,၃၀၀,၀၀၀ ကျော် ကျင်းပခဲ့ကြသည်။ သေရေးရှင်ရေးကိစ္စဖြစ်နေသဖြင့် ဤသွန်သင်ပြသမှုသည် အလွန်အရေးပါသည်။—ရောမ ၁၀:၁၃-၁၅; ၁ ကောရိန္သု ၁:၂၁။
ကျမ်းစာအမှန်တရား ဆာမွတ်နေသူတို့ကို ကူညီပေးရန် သမ္မာကျမ်းစာအုပ်များ၊ စာအုပ်များနှင့် ဘရိုရှာများအပါအဝင် သန်းနှင့်ချီသော စာပေစာတမ်းများကို နှစ်စဉ် ပုံနှိပ်ထုတ်ဝေ၏။ ထို့အပြင် ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်း စောင်ရေသန်းတစ်ထောင်ကျော်ကိုလည်း ထုတ်ဝေနေသည်။ သတင်းကောင်းကို လူတို့တုံ့ပြန်နေကြသောကြောင့် ကျမ်းစာသွန်သင်ပေးရာနေရာများအဖြစ် ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမများနှင့် စည်းဝေးပွဲခန်းမများ တစ်နေ့တခြားတိုး၍ ဆောက်လုပ်နေကြသည်။ တိုက်နယ်စည်းဝေးပွဲများနှင့် အထူးစည်းဝေးပွဲနေ့များအပြင် ခရိုင်စည်းဝေးကြီးများကိုပါ နှစ်စဉ် စီစဉ်ကျင်းပလျက်ရှိသည်။ ခရစ်ယာန်သာသနာပြုများ၊ နယ်လှည့်ကြီးကြပ်မှူးများ၊ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများကို အဆက်မပြတ် လေ့ကျင့်ပေးနေရ၏။ အဆိုပါအစီအစဉ်အားလုံးကို “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် စီမံပေးတော်မူသည့်အတွက် ယေဟောဝါအား ကျွန်ုပ်တို့ကျေးဇူးတင်ကြပါသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ကိုယ်တော်အား ကျွန်ုပ်တို့ကျေးဇူးတင်ကြောင်း အမှန်တကယ်ပင်ဖော်ပြလိုကြပါသည်!
ယေဟောဝါအား ကျေးဇူးတင်ကြောင်းဖော်ပြခြင်း
ဝတ်ပြုရာအိမ်တော်တည်ဆောက်ခြင်းနှင့် အစောပိုင်းခရစ်ယာန်များ၏ လိုအပ်ရာများကို ဖြည့်ဆည်းပေးခြင်းမှာကဲ့သို့ ဤကိစ္စရပ်အားလုံးအတွက် ငွေကြေးထောက်ပံ့မှုသည် စေတနာအလျောက်ထည့်ဝင်သော အလှူငွေများဖြင့်ဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်တို့သတိရကြရမည်ကား အရာခပ်သိမ်းကိုပိုင်ဆိုင်တော်မူသောအရှင် ယေဟောဝါအား မည်သူတစ်ဦးတစ်ယောက်ကမျှ ကြွယ်ဝစေနိုင်မည်မဟုတ်။ (၁ ရာဇဝင်ချုပ် ၂၉:၁၄; ဟဂ္ဂဲ ၂:၈) ထို့ကြောင့် အလှူငွေထည့်ဝင်ခြင်းသည် ယေဟောဝါအားကျွန်ုပ်တို့ချစ်ခြင်းနှင့် စစ်မှန်သောဝတ်ပြုရေးတိုးတက်စေလိုသည့် ဆန္ဒပြင်းပြခြင်း၏ အထောက်အထားဖြစ်သည်။ အဆိုပါရက်ရောသည့်အမူအရာများသည် “ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း” ဖြစ်စေသည်ဟု ပေါလုပြောခဲ့၏။ (၂ ကောရိန္သု ၉:၈-၁၃) ဤသို့ပေးကမ်းခြင်းကို ယေဟောဝါ အားပေးတော်မူ၏၊ အကြောင်းမှာ ကိုယ်တော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့တွင် တော်မှန်သည့်စိတ်ဓာတ်နှင့် စိတ်နှလုံးကောင်းရှိကြောင်း ဖော်ပြသည်။ ရက်ရောပြီး ယေဟောဝါကိုအားကိုးသူတို့သည် ကိုယ်တော်၏ကောင်းချီး ခံစားရမည်ဖြစ်ပြီး ဝိညာဉ်ရေးအရ ကြွယ်ဝချမ်းသာလိမ့်မည်။ (တရားဟောရာ ၁၁:၁၃-၁၅; သု. ၃:၉၊ ၁၀; ၁၁:၂၅) ယေရှုက “ခံယူခြင်းအရာထက် ပေးကမ်းခြင်းအရာသည် သာ၍ [ပျော်ရွှင်စရာဖြစ်] သည်” ဟုမိန့်ဆိုလျက် ကျွန်ုပ်တို့ပျော်ရွှင်ရလိမ့်မည်ဟု စိတ်ချစေသည်။—တမန်တော် ၂၀:၃၅၊ သမ္မာ။
ပေးကမ်းခြင်းစိတ်ဓာတ်ရှိသော ခရစ်ယာန်များသည် လိုအပ်လာမည့်အချိန်ထိ စောင့်ကြည့်နေမည်မဟုတ်ပါ။ သို့ပြုမည့်အစား သူတို့သည် ‘ခပ်သိမ်းသောသူတို့အား ကောင်းမှုပြုကြရန်၊ အထူးသဖြင့် [မိမိတို့] နှင့် ယုံကြည်ခြင်းတူသူတို့ကို ကောင်းမှုပြုကြရန်’ အခွင့်အရေးရှာယူကြသည်။ (ဂလာတိ ၆:၁၀) ဘုရားသခင်ရေးရာရက်ရောမှုကို ပေါလုအားပေးသည့်အနေနှင့် ဤသို့ရေးသားခဲ့သည်– “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။” (ဟေဗြဲ ၁၃:၁၆) ကျွန်ုပ်တို့၏ ပိုင်ဆိုင်ရာများဖြစ်သော အချိန်၊ ခွန်အား၊ ငွေကြေးတို့ကို အသုံးပြုပြီး အခြားသူတို့ကို ကူညီပေးခြင်း၊ စင်ကြယ်သောဝတ်ပြုရေးကို တိုးမြှင့်ပေးခြင်းကို ယေဟောဝါဘုရားသခင် အလွန်အားရနှစ်သက်တော်မူ၏။ ကိုယ်တော်သည် ပေးကမ်းခြင်းစိတ်ဓာတ်ကို အမှန်တကယ်ပင် မြတ်နိုးတော်မူ၏။
[စာမျက်နှာ ၂၈၊ ၂၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
အချို့သူများလှူဒါန်းရန် ရွေးချယ်ကြပုံ နည်းလမ်းများ
ကမ္ဘာချီလုပ်ငန်းအတွက် ပါဝင်လှူဒါန်းခြင်း
များစွာသောသူတို့သည် “ကမ္ဘာချီလုပ်ငန်းအတွက်အလှူငွေ—မဿဲ ၂၄:၁၄” ဟုရေးထားသော အလှူငွေသေတ္တာတွင် ထည့်ဝင်ရန် မိမိတို့၏ငွေကြေးများကို သီးသန့်ဖယ်ထားကြသည်။
အသင်းတော်များသည် ယင်းအလှူငွေများကို မိမိတို့၏သက်ဆိုင်ရာနိုင်ငံရှိ ယေဟောဝါသက်သေများ၏ရုံးသို့ လစဉ်ပေးပို့ကြသည်။ စေတနာအလျောက် ထည့်ဝင်သော ငွေကြေးအလှူငွေများကို Watch Tower Bible and Tract Society of Pennsylvania, c/o Office of the Secretary and Treasurer, 25 Columbia Heights, Brooklyn, New York 11201-2483, သို့မဟုတ် သင့်နိုင်ငံကို တာဝန်ယူပေးရသော ဌာနခွဲရုံးသို့ တိုက်ရိုက်ပေးပို့နိုင်သည်။ ချက်လက်မှတ်များကို “ကင်းမျှော်စင်” သို့ပေးသင့်သည်။ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးရှိအရာများကိုလည်း လှူဒါန်းနိုင်သည်။ ဤသို့ပေးပို့လှူဒါန်းရာတွင် လုံးလုံးလျားလျားလှူဒါန်းကြောင်း ဖော်ပြသည့် စာတိုကလေးပါ ထည့်ပေးသင့်သည်။
ကန့်သတ်ချက်ဖြင့်လှူဒါန်းခြင်း အစီအစဉ်
လှူဒါန်းသူတောင်းခံလာပါက သူ၏အလှူငွေကို ပြန်လည်ပေးအပ်ဖို့ အထူးအစီအစဉ်ဖြင့် ငွေကြေးလှူဒါန်းနိုင်သည်။ ထပ်မံသိလိုပါက အထက်တွင် ဖော်ပြထားသောလိပ်စာရှိ The Office of the Secretary and Treasurer ကို စာရေးမေးမြန်းနိုင်သည်။
လှူဒါန်းရန်စီစဉ်ထားခြင်း
ငွေကြေး လုံးလုံးလျားလျား ပေးအပ်ခြင်းနှင့် ကန့်သတ်ချက်ဖြင့် ငွေလှူဒါန်းခြင်းအပြင် ကမ္ဘာချီနိုင်ငံတော်လုပ်ငန်းကို အထောက်အကူပြုရန် အခြားပေးကမ်းနည်းများရှိသည်။ ၎င်းတို့တွင် အောက်ပါနည်းများပါဝင်သည်–
အာမခံ– ကင်းမျှော်စင်အသင်းအမည်ဖြင့် အသက်အာမခံကြေးခံစားခွင့်များ၊ အငြိမ်းစားခံစားခွင့်များကို ပြုလုပ်ပေးနိုင်သည်။
ဘဏ်စာရင်းများ– ဘဏ်ရှင်းတမ်းများ၊ ငွေစုစာအုပ်များ၊ အငြိမ်းစားခံစားခွင့်စာရင်းများကို ဒေသန္တရဘဏ်စည်းကမ်းများအရ ကင်းမျှော်စင်အသင်းထံ အပ်နှံ သို့မဟုတ် ကာယကံရှင် သေဆုံးမှ လွှဲပြောင်းပေးရန် စီစဉ်နိုင်သည်။
အစုရှယ်ယာလက်မှတ်နှင့် ငွေချေးစာချုပ်များ– အစုရှယ်ယာလက်မှတ်များနှင့် ငွေချေးစာချုပ်များကို ကင်းမျှော်စင်အသင်းသို့ လုံးလုံးလျားလျား ပေးအပ်လှူဒါန်းနိုင်သည်။
အိမ်ရာအဆောက်အအုံများ– ရောင်းချနိုင်သော အိမ်ရာအဆောက်အအုံများကို လှူဒါန်းခြင်းနှင့်ပတ်သက်၍ လုံးလုံးလျားလျားဖြစ်စေ၊ လှူဒါန်းသူ အသက်ရှင်နေသရွေ့ နေထိုင်ရန်အပိုင်းကို ချန်လှပ်၍ဖြစ်စေ ပေးအပ်လှူဒါန်းနိုင်သည်။ ဤသို့ပေးလှူရန် စာချုပ်စာတမ်းမပြုမီ သင့်နိုင်ငံမှ ဌာနခွဲရုံးကို အကြောင်းကြားပါ။
နှစ်စဉ် ထောက်ပံ့ကြေး– နှစ်စဉ်ထောက်ပံ့ကြေးသည် ငွေကြေး သို့မဟုတ် အာမခံပစ္စည်းများကို ကင်းမျှော်စင်အသင်းသို့ လွှဲပြောင်းပေးသော အစီအစဉ်တစ်ခုဖြစ်သည်။ ယင်းအတွက် လှူဒါန်းသူ သို့မဟုတ် လှူဒါန်းသူအမည် သတ်မှတ်ထားသော တစ်ဦးတစ်ယောက်သည် နှစ်စဉ်ထောက်ပံ့ကြေးငွေအပေါ် သတ်မှတ်ထားသည့် ထုတ်ပေးငွေကို တစ်သက်လုံး နှစ်စဉ်ရရှိသွားမည်။ လှူဒါန်းသူသည် နှစ်စဉ်ထောက်ပံ့ကြေး ဝင်ငွေခွန်မှလွတ်ငြိမ်းခွင့်ပြုငွေကို ရရှိသွားမည်။
သေတမ်းစာနှင့် လွှဲအပ်စာများ– ပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးများကို ကင်းမျှော်စင်အသင်းသို့ တရားဝင်သေတမ်းစာဖြင့် အမွေပေးလှူဒါန်းနိုင်သည် သို့မဟုတ် လွှဲအပ်စာချုပ်တွင် ကင်းမျှော်စင်အသင်းက အကျိုးခံစားခွင့်ရှိသူအဖြစ် ပါဝင်စေနိုင်သည်။ ဤသို့ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းကို လွှဲအပ်ရာတွင် အခွန်နှင့်ပတ်သက်သည့် အကျိုးအမြတ်တစ်စုံတစ်ရာကို ဖြစ်ထွန်းစေပေမည်။
“လှူဒါန်းရန်စီစဉ်ထားခြင်း” ဝေါဟာရက အဓိပ္ပာယ်သက်ရောက်စေသည့်အတိုင်း ဤသို့လှူဒါန်းသောနည်းများကိုပြုရာတွင် လှူဒါန်းသူဘက်မှ ကြိုတင်စီစဉ်ထားမှုအချို့ လိုအပ်ပေမည်။ လှူဒါန်းရန်စီစဉ်ထားသည့် နည်းတစ်မျိုးမျိုးဖြင့် ယေဟောဝါသက်သေများ၏ ကမ္ဘာချီလုပ်ငန်းကို အကျိုးပြုရန် ဆန္ဒရှိသူများအတွက် အကူအညီဖြစ်ဖို့ ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို အကျိုးပြုဖို့ လှူဒါန်းရန် စီစဉ်ထားခြင်း ဟုခေါင်းစဉ်တပ်ထားသည့် အင်္ဂလိပ်နှင့် စပိန်ဘာသာတို့ ဖြင့် ဘရိုရှာကို အသင်းမက ပြင်ဆင်ပြီးခဲ့ပြီ။ လက်ဆောင်များ၊ သေတမ်းစာများ၊ လွှဲအပ်စာများနှင့်ပတ်သက်၍ ရရှိသည့် မေးမြန်းချက်များကို ဖြေကြားရန် ဤဘရိုရှာကို ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းတွင် မြေယာဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ အခွန်အတုတ်ဆိုင်ရာစီစဉ်ရေးနှင့်ပက်သက်၍ အကျိုးပြုသည့် ထပ်ဆင့်အကြောင်းအရာများလည်း ပါဝင်သည်။ ထို့ပြင် လက်ဆောင်များကို ယခု သို့မဟုတ် သေတမ်းစာဖြင့် ပေးအပ်သည့် နည်းအမျိုးမျိုးကို ဖော်ပြထားသည်။ ဤဘရိုရှာကိုဖတ်ရှုပြီး ဥပဒေအရ သို့မဟုတ် အခွန်အရ အကြံပေးသူများနှင့်သော်လည်းကောင်း၊ လှူဒါန်းခြင်းဆိုင်ရာ စီမံဌာနနှင့်သော်လည်းကောင်း ဆွေးနွေးပြီးနောက် ကမ္ဘာချီ ယေဟောဝါသက်သေများကို ကူညီထောက်ပံ့နိုင်သူများစွာရှိခဲ့ပြီး တစ်ချိန်တည်းတွင် အခွန်ကင်းလွတ်ခွင့် တိုး၍ရရှိစေခဲ့ကြပါသည်။ လှူဒါန်းခြင်းဆိုင်ရာ စီမံဌာနမှ ၎င်းဘရိုရှာကို တိုက်ရိုက်တောင်းယူနိုင်ပေမည်။
ထပ်ဆင့်သိလိုလျှင် အောက်ဖော်ပြပါလိပ်စာ သို့မဟုတ် သင့်နိုင်ငံတွင် လုပ်ငန်းကို စီမံကွပ်ကဲသော ယေဟောဝါသက်သေများ၏ရုံး၊ လှူဒါန်းခြင်းဆိုင်ရာစီမံဌာနသို့ စာရေး၍ဖြစ်စေ၊ တယ်လီဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။
Charitable Planning Office
Watch Tower Bible and Tract Society of Pennsylvania
100 Watchtower Drive,
Patterson, New York 12563-9204
Telephone: (845) 306-0707
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အစောပိုင်းခရစ်ယာန်များကို အဘယ်အရာက ရက်ရော စေရန် လှုံ့ဆော်ပေးခဲ့သနည်း