ယုံကြည်ကိုးစားမှုသည် ဘဝပျော်ရွှင်ရေးအတွက် အရေးပါ
ယုံကြည်ကိုးစားမှုသည် ဘဝပျော်ရွှင်ရေးအတွက် အရေးပါ
အစာအဆိပ်သင့်ခြင်းသည် အလွန်အနေရခက်သည်။ အကြိမ်ကြိမ် အစာအဆိပ်သင့်ဖူးသူသည် အစားအသောက်ကို ပိုဂရုစိုက်ဖို့လို၏။ သို့သော် အစာအဆိပ်မသင့်ရန် အစာလုံးဝမစားခြင်းသည်လည်း လက်တွေ့မကျပေ။ သို့ပြုခြင်းက ကျန်းမာရေးပြဿနာ ပြေလည်စေသည်ထက် ပို၍ပင်များစေနိုင်သည်။ အစာမစားလျှင် အသက်ရှည်နိုင်မည်မဟုတ်ချေ။
ထိုနည်းတူ ယုံကြည်ကိုးစားမှု ချိုးဖျက်ခံရခြင်းသည် အလွန်ခံရခက်၏။ ယုံကြည်ကိုးစားမှု ထပ်ခါတလဲလဲ ချိုးဖျက်ခံရဖူးသူသည် အပေါင်းအသင်းကို အသေအချာ ရွေးပေါင်းဖို့ဖြစ်စေသည်။ သို့သော် စိတ်ပျက်အားလျော့ခြင်းမရှိစေရန် လူတို့နှင့် လုံးဝမပေါင်းသင်းခြင်းသည်လည်း ပြဿနာကို ဖြေရှင်းရာကျမည်မဟုတ်ချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူတစ်ပါးအပေါ် ယုံကြည်ခြင်းကင်းမဲ့ခြင်းက ကျွန်ုပ်တို့၏ပျော်ရွှင်မှုကို ပပျောက်သွားစေနိုင်သောကြောင့်ဖြစ်သည်။ အပြန်အလှန်ယုံကြည်ကိုးစားနိုင်သော အပေါင်းအသင်းများရှိမှ ကျေနပ်ရောင့်ရဲစွာ အသက်ရှင်နေနိုင်မည်ဖြစ်သည်။
“ယုံကြည်ကိုးစားမှုသည် နေ့စဉ် သူတစ်ပါးနှင့် ရိုးရှင်းစွာပေါင်းသင်းခြင်း၏ အခြေခံအချက်တစ်ချက်ဖြစ်သည်” ဟုယူဂျင့်တ် ၂၀၀၂ စာအုပ်ကဖော်ပြသည်။ “ယုံကြည်ကိုးစားမှုကို လူတိုင်း ရရှိလိုကြသည်။ ယုံကြည်ကိုးစားမှုသည် အသက်ဆက်ရေးအတွက် အရေးပါသည့်” အထိ “ဘဝအရည်အသွေးကို တိုးမြှင့်ပေး၏” ဟုနွိုင်း ဇူးခါရ် ဇိုက်တော့န် သတင်းစာက ဖော်ပြသည်။ မှန်ပါ၏၊ ယုံကြည်ကိုးစားမှုမရှိလျှင် “လူတစ်ဦး၏ဘဝ မအောင်မြင်နိုင်” ဟုထိုသတင်းစာက ဆက်ဖော်ပြ၏။
ကျွန်ုပ်တို့တွင် တစ်ဦးတစ်ယောက်ကို ယုံကြည်ကိုးစားနိုင်ရန် အခြေခံလိုအပ်ချက်ရှိနေရာ စိတ်ပျက်အားလျော့ခြင်းမရှိစေဘဲ မည်သူ့ကို ယုံကြည်ကိုးစားနိုင်မည်နည်း။
ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့
သမ္မာကျမ်းစာက ‘ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့’ ဟူ၍ ကျွန်ုပ်တို့ကို မှာကြားသည်။ (သု. ၃:၅) မှန်ပါသည်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးစားရန် သမ္မာကျမ်းစာက ထပ်ခါတလဲလဲ တိုက်တွန်းအားပေးထားသည်။
ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်ကိုးစားနိုင်သနည်း။ ပထမတစ်ချက်အနေနှင့် ယေဟောဝါဘုရားသခင်သည် သန့်ရှင်းသောကြောင့်ဖြစ်၏။ ပရောဖက်ဟေရှာယက ‘ထာဝရဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏’ ဟုရေးသားခဲ့သည်။ (ဟေရှာယ ၆:၃) သန့်ရှင်းခြင်းသဘောတရားက သင့်အတွက် ဆွဲဆောင်မှုမရှိဘဲနေသလော။ အမှန်မှာ သင့်အတွက် ဆွဲဆောင်မှုရှိသင့်သည်၊ အကြောင်းမှာ ယေဟောဝါ၏သန့်ရှင်းမှုကား ကိုယ်တော်သည် စင်ကြယ်ပြီး မှားယွင်းမှုဟူသရွေ့နှင့်ကင်းကွာ၍ အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်သူဖြစ်သည်ဟု အဓိပ္ပာယ်ရသောကြောင့်တည်း။ ကိုယ်တော်သည် ဘယ်သောခါမျှ မဖောက်ပြန်နိုင်၊ မတော်မတရားမပြုနိုင်၍ ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုကို ချိုးဖောက်လိမ့်မည်မဟုတ်ချေ။
ထို့ပြင် ဘုရားသခင်သည် မိမိအား ဝတ်ပြုသူများကို ထောက်ပံ့ပေးနိုင်စွမ်းရှိသည့်အပြင် ကူညီပေးလိုသောဆန္ဒရှိသောကြောင့်လည်း ကိုယ်တော့်အား ကျွန်ုပ်တို့ ယုံကြည်ကိုးစားနိုင်ကြ၏။ ဥပမာ၊ ကိုယ်တော်၏မြင့်မားသောတန်ခိုးတော်ကြောင့် ကိုယ်တော်သည် အရာရာကို ပြုမူဆောင်ရွက်နိုင်သည်။ ကိုယ်တော်၏ပြည့်ဝစုံလင်သော တရားမျှတခြင်းနှင့် ဉာဏ်ပညာက ကိုယ်တော်ပြုလေသမျှကို လမ်းညွှန်ပေးသည်။ ကိုယ်တော်၏တုနှိုင်းမမီသော မေတ္တာတော်သည် ကိုယ်တော့်အား ပြုမူဆောင်ရွက်ရန် လှုံ့ဆော်ပေး၏။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုတမန်တော်ယောဟန် ရေးသားခဲ့သည်။ (၁ ယောဟန် ၄:၈) ဘုရားသခင်၏မေတ္တာတော်သည် ကိုယ်တော်ပြုလေသမျှကို လွှမ်းမိုး၏။ ယေဟောဝါ၏သန့်ရှင်းမှုနှင့် တခြားထင်ရှားသောအရည်အသွေးများက ကိုယ်တော့်ကို ပုံအပ်၍ ယုံကြည်ကိုးစားနိုင်သော စံထားအပ်သည့် ခမည်းတော်ဖြစ်စေ၏။ ယေဟောဝါထက် သာ၍ယုံကြည်ကိုးစားနိုင်ရာ အဘယ်အရာမျှမရှိ၊ အဘယ်သူမျှမရှိချေ။
ယေဟောဝါကို ယုံကြည်ကိုးစား၍ ပျော်ရွှင်လော့
ယေဟောဝါအား ယုံကြည်ကိုးစားရန် ခိုင်လုံသောအကြောင်းရင်း နောက်တစ်ခုမှာ ကိုယ်တော်သည် ကျွန်ုပ်တို့ကို တခြားမည်သူထက်မဆို ပို၍နားလည်သိမြင်ခြင်းဖြစ်၏။ လူတိုင်းသည် ဖန်ဆင်းရှင်နှင့် တည်တံ့မြဲမြံပြီး ယုံကြည်ကိုးစားနိုင်သော ဆက်ဆံရေးမျိုးရှိရန် အခြေခံလိုအပ်ချက်တစ်ခုရှိကြောင်း ကိုယ်တော်သိတော်မူ၏။ ဤသို့သောဆက်ဆံရေးမျိုး ရရှိထားကြသူများသည် သာ၍လုံခြုံသည်ဟု ခံစားရ၏။ ရှင်ဘုရင်ဒါဝိဒ်က ‘ထာဝရဘုရားသခင်ကို ကိုးစားသောသူသည် ပျော်ရွှင်၏’ ဟုမှတ်ချက်ချခဲ့သည်။ (ဆာလံ ၄၀:၄) ယနေ့ ဒါဝိဒ်၏စဉ်းစားတွေးခေါ်မှုများကို စိတ်နှလုံးအကြွင်းမဲ့ သံယောင်လိုက်သူ သန်းပေါင်းများစွာရှိသည်။
သာဓကတချို့ကို သုံးသပ်ကြည့်ပါ။ ဒေါရစ္စသည် ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျာမနီ၊ ဂရိနှင့် ယူနိုက်တက်စတိတ်နိုင်ငံတို့တွင် နေထိုင်ခဲ့ဖူးသည်။ သူက ဤသို့ပြောသည်– “ယေဟောဝါကို ယုံကြည်ကိုးစားနိုင်လို့ ကျွန်မသိပ်ပျော်တာပဲ။ ကျွန်မရဲ့ကာယရေး၊ ဝိညာဉ်ရေး၊ စိတ္တရေးကို ကိုယ်တော်ကူညီပေးတတ်တယ်။ ကိုယ်တော်ဟာ အကောင်းဆုံးမိတ်ဆွေပဲ။” ဥပဒေအကြံပေးအရာရှိ ဗော့လ်ဂဲန်က ဤသို့ပြောပြသည်– “သင်၏အကျိုးကို အထူးစိတ်ဝင်စားသူ၊ သင့်အတွက် အကောင်းဆုံးပြုလုပ်ပေးနိုင်ရုံမက အမှန်တကယ်ပြုလုပ်ပေးမည့်သူကို ယုံကြည်ကိုးစားခွင့်ရခြင်းသည် အလွန်ဝမ်းသာစရာကောင်းသည်!” အာရှတွင် မွေးဖွားခဲ့သော်လည်း ယခု ဥရောပနိုင်ငံတွင် နေထိုင်သူ ဟမ်က ဤသို့ဆိုသည်– “ကိစ္စရပ်အားလုံးဟာ ယေဟောဝါလက်ထဲမှာပဲရှိတယ်ဆိုတာ ကျွန်တော်ယုံကြည်စိတ်ချတယ်၊ ကိုယ်တော်ဟာ ဘယ်တော့မှ မမှားဘူး၊ ဒါ့ကြောင့် ကိုယ်တော့်အပေါ် မှီခိုရတာ စိတ်ချမ်းသာတယ်။”
အမှန်ဆိုရသော် ကျွန်ုပ်တို့ယောက်စီယောက်တိုင်းသည် ဖန်ဆင်းရှင်ကိုသာမက လူတို့ကိုပါ ယုံကြည်ကိုးစားဖို့လို၏။ သို့ဖြစ်၍ ယေဟောဝါသည် ပညာရှိပြီး အတွေ့အကြုံများသော မိတ်ဆွေဖြစ်သောကြောင့် ကျွန်ုပ်တို့ ယုံကြည်ကိုးစားအပ်သူများကား မည်သူတို့ဖြစ်ကြောင်း အကြံပေးနိုင်သည်။ သမ္မာကျမ်းစာကို ဂရုတစိုက်ဖတ်ရှုခြင်းအားဖြင့် ၎င်းနှင့်ပတ်သက်၍ ကိုယ်တော်၏အကြံပြုချက်ကို ကျွန်ုပ်တို့မှတ်သားထားနိုင်၏။
ကျွန်ုပ်တို့ ယုံကြည်ကိုးစားနိုင်သူများ
ဆာလံဆရာက “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်” ဟုရေးသားခဲ့သည်။ (ဆာလံ ၁၄၆:၃) မှုတ်သွင်းခံဖော်ပြချက်က ကျွန်ုပ်တို့မယုံထိုက်သူများစွာရှိကြောင်း သိမြင်စေသည်။ အထူးပြုပညာရပ်နယ်ပယ် သို့မဟုတ် လုပ်ငန်းခွင်များတွင် ကျွမ်းကျင်သူများဖြစ်သည့် အလွန်ကြည်ညိုလေးစားခံရသော ဤလောက၏ “ဂုဏ်သရေရှိသူများ” ပင်ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုကို အလိုအလျောက်မရနိုင်ချေ။ သူတို့၏လမ်းညွှန်မှုသည် လွဲမှားတတ်ပြီး ဤသို့သော “ဂုဏ်သရေရှိသူများ” ကိုယုံကြည်ကိုးစားခြင်းသည် အနှေးနှင့်အမြန် စိတ်ပျက်အားလျော့သွားစေနိုင်၏။
ယင်းကြောင့် လူတိုင်းကို မယုံနိုင်ဟု မယူဆသင့်ပေ။ သို့ရာတွင် ကျွန်ုပ်တို့ ယုံကြည်ကိုးစားအပ်သူများကို ရွေးချယ်သည့်အခါ အသေအချာ စိစစ်ရွေးချယ်ဖို့လိုသည်။ အဘယ်စံနှုန်းကို ကျွန်ုပ်တို့ အသုံးပြုသင့်သနည်း။ ရှေးဣသရေလလူမျိုးမှ ပုံနမူနာတစ်ခုက ကျွန်ုပ်တို့အတွက် အကူအညီဖြစ်စေပေမည်။ ဣသရေလလူမျိုးတွင် ကြီးလေးသောတာဝန် ထမ်းဆောင်ရမည့်သူများကို ခန့်အပ်ဖို့လိုလာသည့်အခါ “ဘုရားသခင်ကို ကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ မတရားသောစီးပွားကိုမုန်းလျက်၊ အစွမ်းသတ္တိနှင့်ပြည့်စုံလျက်ရှိသောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်” ရန်မောရှေကို အကြံပြုခဲ့သည်။ (ထွက်မြောက်ရာ ၁၈:၂၁၊ သမ္မာ) ၎င်းမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာ ရနိုင်သနည်း။
ဤသူတို့သည် ယုံကြည်ကိုးစားထိုက်သည့်ရာထူး မရရှိမီ ဘုရားသခင်ရေးရာအရည်အသွေးတချို့ကို ဖော်ပြခဲ့သူများဖြစ်၏။ သူတို့သည် ဘုရားသခင်အား ကြောက်ရွံ့ကြောင်း ဖော်ပြခဲ့နှင့်ပြီ; ဖန်ဆင်းရှင်ကို သဘောထားမှန်ဖြင့် ကြည်ညိုလေးစားပြီး ကိုယ်တော်၏စိတ်တော်နှင့်မတွေ့မည်ကို စိုးရိမ်ကြ၏။ ဤသူတို့သည် ဘုရားသခင်၏စံနှုန်းများကို အတတ်နိုင်ဆုံးထောက်ခံကြောင်း လူတိုင်း သိရှိကြသည်။ မတရားသောစီးပွားကို သူတို့မုန်းတီးခြင်းက အခွင့်အာဏာတလွဲအသုံးပြုခြင်းကို တားဆီးမည့် ကိုယ်ကျင့်တရားအားသာကြောင်း ဖော်ပြ၏။ ထို့ပြင် ကိုယ်ကျိုးအတွက်၊ ဆွေမျိုးများ သို့မဟုတ် မိတ်ဆွေများ၏အကျိုးအတွက် ယုံကြည်ကိုးစားမှုကို သူတို့တလွဲအသုံးပြုမည်မဟုတ်ပါ။
ယနေ့ ကျွန်ုပ်တို့ယုံကြည်ကိုးစားနိုင်မည့်သူများကို ရွေးချယ်သည့်အခါ အလားတူစံနှုန်းကို အသုံးပြုခြင်းသည် ပညာရှိရာကျမည်မဟုတ်ပေလော။ ဘုရားသခင်အား ကြောက်ရွံ့ကြောင်း ဖော်ပြသူများကို ကျွန်ုပ်တို့သိသလော။ သူတို့သည် ကိုယ်တော်၏ ကျင့်ဝတ်စံနှုန်းများအတိုင်း လိုက်လျှောက်ရန် သန္နိဋ္ဌာန်ချထားကြသလော။ အမှားကို ရှောင်ကြဉ်ရန် သူတို့၌ သမာဓိရှိကြသလော။ သူတို့အကျိုးအတွက် သို့မဟုတ် သူတို့လိုဘပြည့်စေရန် အခြေအနေတစ်ရပ်ကို မခြယ်လှယ်ဘဲ ရိုးသားဖြောင့်မတ်သလော။ ဤသို့သောအရည်အသွေးများကို ဖော်ပြသည့် အမျိုးသား၊ အမျိုးသမီးများကို ကျွန်ုပ်တို့ အမှန်ပင် ယုံကြည်ကိုးစားထိုက်၏။
အခါအားလျော်စွာ စိတ်ပျက်အားလျော့မှုကြောင့် စိတ်ဓာတ်မကျပါနှင့်
အချိန်အတန်ကြာမှ ယုံကြည်ကိုးစားမှုရရှိနိုင်မည်ဖြစ်ရာ မည်သူအား ယုံကြည်ကိုးစားနိုင်ကြောင်း ဆုံးဖြတ်ရာတွင် စိတ်ရှည်ရမည်။ ပညာရှိလမ်းစဉ်မှာ တစ်ဦးတစ်ယောက်ကို တဖြည်းဖြည်းနှင့် တစ်ဆင့်ပြီးတစ်ဆင့် ယုံကြည်ကိုးစားရန်ဖြစ်၏။ မည်သို့အားဖြင့်နည်း။ လူတစ်ဦးသည် အခြေအနေတချို့တွင် မည်သို့ပြုမူကျင့်ကြံတတ်ကြောင်း သူ၏အမူအကျင့်ကို အတန်ကြာစောင့်ကြည့်ဖို့လိုပေမည်။ သေးငယ်သောကိစ္စရပ်များတွင် ထိုသူကို ယုံကြည်ကိုးစားနိုင်သလော။ ဥပမာ၊ သူသည် ချေးငှားထားသောပစ္စည်းများကို ကတိအတိုင်း ပြန်ပေးသလော၊ ရက်ချိန်းအတိအကျ ပြန်ပေးသလော။ ထိုသို့ပြုမည်ဆိုလျှင် သာ၍အရေးကြီးသောကိစ္စရပ်များတွင် သူ့ကို ယုံကြည်ကိုးစားနိုင်မည်ဟု ကျွန်ုပ်တို့ယူမှတ်ပေမည်။ ယင်းကား “အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်” ဟူသော မူနှင့်ကိုက်ညီသည်။ (လုကာ ၁၆:၁၀) အသေအချာရွေးချယ်ခြင်းနှင့် စိတ်ရှည်ခြင်းတို့သည် အကြီးအကျယ်စိတ်ဓာတ်ကျစေနိုင်မည်မဟုတ်ပေ။
သို့သော် တစ်ဦးတစ်ယောက်က ကျွန်ုပ်တို့ကို စိတ်ပျက်အားလျော့စေလျှင်ကော အသို့နည်း။ ယေရှုခရစ်အဖမ်းခံရသည့်ညတွင် ကိုယ်တော်၏တမန်တော်များကြောင့် အကြီးအကျယ်စိတ်ပျက်အားလျော့ခဲ့ကြောင်း ကျမ်းစာကျောင်းသားများ သတိရကြပေမည်။ ယုဒရှကာရုတ်သည် ကိုယ်တော့်ကို သစ္စာဖောက်ကာ တခြားတမန်တော်များလည်း ကြောက်ရွံ့သဖြင့် ထွက်ပြေးကုန်ကြ၏။ ပေတရုဆိုလျှင် ယေရှုကို သုံးကြိမ်တိုင် ငြင်းပယ်ခဲ့သည်။ သို့သော် ယုဒတစ်ဦးတည်းသာလျှင် တမင်တကာရည်ရွယ်ပြီး ပြုလုပ်ခဲ့သည်ကို ယေရှုသိမြင်ခဲ့၏။ ယေရှုသည် ဤခက်ခဲချိန်တွင် စိတ်ပျက်အားလျော့ခဲ့ရသည့်အတွက် နောက်ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကျန်ကြွင်းသော တမန်တော် ၁၁ ပါးအပေါ် ယုံကြည်ကိုးစားမှုမရှိနိုင်တော့ဟု မဆိုခဲ့ပေ။ (မဿဲ ၂၆:၄၅-၄၇၊ ၅၆၊ ၆၉-၇၅; ၂၈:၁၆-၂၀) ထိုနည်းတူစွာ ကျွန်ုပ်တို့ယုံကြည်ကိုးစားသူတစ်ဦးက ကျွန်ုပ်တို့ကို သစ္စာဖောက်သည်ဟု ခံစားရလျှင် ထိုသို့သစ္စာဖောက်ခဲ့ပုံရခြင်းသည် မယုံကြည်မကိုးစားထိုက်သော စိတ်ထား၏အထောက်အထားလော၊ အခိုက်အတန့် သွေးသားအားနည်းချက်ကြောင့်လောဟူ၍ ကောင်းစွာသုံးသပ်ကြည့်သင့်သည်။
အကျွန်ုပ်သည် ယုံကြည်ကိုးစားထိုက်သူလော
ယုံကြည်ကိုးစားနိုင်မည့်သူကို ရွေးချယ်မည်ဟု ဆုံးဖြတ်သူသည် မျှတမှုရှိရှိ မိမိကိုယ်ကို ဤသို့မေးရမည်– ‘အကျွန်ုပ်သည် ယုံကြည်ကိုးစားထိုက်သူလော။ ယုံကြည်ကိုးစားထိုက်မှုနှင့်ပတ်သက်၍ အဘယ်အကျိုးသင့်အကြောင်းသင့်ရှိ စံနှုန်းများကို ကိုယ်ကိုယ်တိုင်နှင့် တခြားသူများထံမှ မျှော်လင့်အပ်သနည်း။
ယုံကြည်ကိုးစားထိုက်သူတစ်ဦးသည် အမှန်ကိုသာ ပြောဆိုလေ့ရှိ၏။ (ဧဖက် ၄:၂၅) သူသည် ကိုယ်ကျိုးအတွက် မိမိနှင့် အပြန်အလှန်စကားပြောဆိုနေသူအပေါ်မူတည်၍ အလိုက်သင့်ပြောဆိုလိမ့်မည်မဟုတ်။ ယုံကြည်ကိုးစားထိုက်သူတစ်ဦးသည် ကတိအတိုင်း အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်လိမ့်မည်။ (မဿဲ ၅:၃၇) ယုံကြည်ကိုးစားထိုက်သူသည် မိမိအား တစ်ဦးတစ်ယောက်က အတွင်းရေးကိစ္စများ ပြောမည်ဆိုလျှင် နှုတ်လုံပြီး အတင်းပြောမည်မဟုတ်ပေ။ ယုံကြည်ကိုးစားထိုက်သူသည် မိမိ၏အိမ်ထောင်ဖက်အပေါ်လည်း တည်ကြည်ခြင်းရှိ၏။ သူသည် အပြာစာပေ၊ ရုပ်ရှင်များကြည့်မည်မဟုတ်၊ လိင်အကြောင်း စိတ်ကူးယဉ်နေမည်မဟုတ်၊ လော်လည်ဖောက်ပြားမည်လည်းမဟုတ်ချေ။ (မဿဲ ၅:၂၇၊ ၂၈) ယုံကြည်ကိုးစားထိုက်သူသည် သူနှင့် သူ၏မိသားစု ဝမ်းစာရေးအတွက် ကြိုးစားအလုပ်လုပ်၍ အခြားသူများကို အခွင့်အရေးယူပြီး အလွယ်နည်းဖြင့် ငွေရှာမည်မဟုတ်ပေ။ (၁ တိမောသေ ၅:၈) ဤအကျိုးသင့်အကြောင်းသင့်ရှိ ကျမ်းစာစံနှုန်းများကို စိတ်စွဲမှတ်ထားခြင်းဖြင့် ကျွန်ုပ်တို့သည် ယုံကြည်ကိုးစားနိုင်သူတို့ကို ခွဲခြားသိမြင်နိုင်ရန် အထောက်အကူရပေမည်။ ထို့ပြင် ထပ်တူကိုယ်ကျင့်တရားစံနှုန်းများကို ကိုင်စွဲထားခြင်းဖြင့် ကျွန်ုပ်တို့တစ်ဦးစီသည် သူတစ်ပါး၏ ယုံကြည်ကိုးစားနိုင်သူ ဖြစ်လာပေလိမ့်မည်။
လူတိုင်းသည် ယုံကြည်ကိုးစားထိုက်သူများဖြစ်ကြပြီး ယုံကြည်ကိုးစားမှု ချိုးဖျက်ခံရခြင်းကြောင့် စိတ်ပျက်အားလျော့မှုများ မရှိတော့သည့်ကမ္ဘာတွင် အသက်ရှင်နေထိုင်ရခြင်းသည် အားရကြည်နူးစရာပင်! ၎င်းသည် အိပ်မက်မျှသာလော။ သမ္မာကျမ်းစာပါ ကတိတော်များကို အလေးအနက်ထားသူများအတွက် အိပ်မက်မျှမဟုတ်ပါ၊ အကြောင်းမူကား သမ္မာကျမ်းစာက လှည့်စားခြင်း၊ လိမ်လည်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းအပြင် ဝမ်းနည်းခြင်း၊ ဖျားနာခြင်းနှင့် သေခြင်းတို့ပင် ပပျောက်သွားမည့် လှပသော “မြေကြီးသစ်” ရောက်ရှိလာတော့မည်ဟု ကြိုတင်ဟောထားသောကြောင့်တည်း! (၂ ပေတရု ၃:၁၃; ဆာလံ ၃၇:၁၁၊ ၂၉; ဗျာ. ၂၁:၃-၅) ဤမျှော်လင့်ချက်အကြောင်း ပိုမိုသိရှိရန် ကြိုးစားခြင်းသည် အကျိုးရှိမည်မဟုတ်ပေလော။ ဤအကြောင်းအရာနှင့် တခြားအရေးပါသောအချက်အလက်များကို ပိုမိုသိရှိစေရန် သင့်အား ယေဟောဝါသက်သေများ ဝမ်းမြောက်ဝမ်းသာ ကူညီပေးလိုကြပါလိမ့်မည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ယုံကြည်ကိုးစားမှုကင်းမဲ့ခြင်းက ပျော်ရွှင်မှုကို ပပျောက်သွားစေနိုင်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ယေဟောဝါသည် ကျွန်ုပ်တို့ ယုံကြည်ကိုးစားအထိုက်ရဆုံးသူဖြစ်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အပြန်အလှန်ယုံကြည်ကိုးစားမှုအပေါ် အခြေခံသည့် ဆက်ဆံမှုများကို ကျွန်ုပ်တို့အားလုံးလိုအပ်