ယုံကြည်ကိုးစား ၍ရသူရှိသလော
ယုံကြည်ကိုးစား ၍ရသူရှိသလော
၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းကြီးပြိုလဲပြီးနောက် သိုသိပ်ထားသော လျှို့ဝှက်ချက်များစွာ ပေါ်လာကုန်၏။ ဥပမာ၊ လစ်ဒီယာသည် * အရှေ့ဂျာမနီတွင် ဆိုရှယ်လစ်အုပ်ချုပ်ချိန်အတွင်း ရှတာဇီ သို့မဟုတ် နိုင်ငံတော်လုံခြုံရေးဌာနက သူ၏လျှို့ဝှက်လုပ်ဆောင်မှုများကို ထောက်လှမ်း၍ ဖိုင်တွဲတစ်တွဲ ပြုစုထားကြောင်း သိရှိခဲ့သည်။ ထိုဖိုင်တွဲအကြောင်း လစ်ဒီယာသိလာရ၍ အံ့သြသွားသည်ထက် ရှတာဇီ ထံသတင်းပေးပို့သူမှာ သူ၏လင်ယောက်ျားဖြစ်ကြောင်း သိရသည့်အခါ အလွန်ထိတ်လန့်တုန်လှုပ်သွားလေသည်။ သူသည် မိမိပုံအပ်ယုံကြည်အားထားနိုင်လောက်သူ၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရသည်။
ရောဘတ်သည် မိမိ၏ဒေသခံဆရာဝန်ကို “အလွန်ရိုသေလေးစားကြည်ညိုပြီး ယုံကြည်ကိုးစား” သော သက်ကြီးရွယ်အို လူကြီးလူကောင်းတစ်ဦးဖြစ်သည်ဟု လန်ဒန် တိုင်းမ် ကဖော်ပြ၏။ ထိုဆရာဝန်သည် “သနားကြင်နာပြီး စာနာတတ်သူ” ဖြစ်၏ဟု ဆိုကြသည်။ မကြာမီ ရောဘတ်သည် မမျှော်လင့်ဘဲ ကွယ်လွန်သွားရှာသည်။ နှလုံးရောဂါကြောင့်လော၊ လေဖြတ်သွား၍လော။ မဟုတ်ပါ။ ထိုဆရာဝန်သည် ရောဘတ်အိမ်သို့သွားပြီး ရောဘတ်ရော၊ သူ၏မိသားစုကိုပါ အသိမပေးဘဲ ရောဘတ်ကို ဆေးထိုးသတ်ခဲ့သည်ဟု အာဏာပိုင်များက မှတ်ချက်ချခဲ့သည်။ ရောဘတ်သည် မိမိပုံအပ်ယုံကြည်အားကိုးသူ၏ သတ်ပစ်ခြင်းကို ခံလိုက်ရပုံရသည်။
လစ်ဒီယာနှင့် ရောဘတ်တို့၏ ယုံကြည်ကိုးစားမှုသည် အလွန်ထိတ်လန့်စရာကောင်းအောင် ချိုးဖောက်ခံရပြီး ဆိုးရွားသောအကျိုးဆက်များကို ကြုံတွေ့ခဲ့ရ၏။ အခြားအဖြစ်အပျက်များမှာမူ ထိုမျှလောက် အခြေအနေမဆိုးရွားချေ။ မည်သို့ပင်ဖြစ်ပါစေ၊ ကျွန်ုပ်တို့၏ယုံကြည်ကိုးစားသူတစ်ဦးကြောင့် စိတ်ပျက်သွားရခြင်းသည် မထူးဆန်းပေ။ အရေးပါသော ဂျာမန်မဲအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် အာလန်စ်ဘခါရ် ယာရ်ဘူခ် ဒဲရာ ဒဲမော့စ်ကော့ပီ ၁၉၉၈-၂၀၀၂၊ အစီရင်ခံစာတစ်ခုအရ စစ်တမ်းတစ်ခုတွင် ပါဝင်ဖြေဆိုသူ ၈၆ ရာခိုင်နှုန်းသည် သူတို့ယုံကြည်ကိုးစားခဲ့သူတစ်ဦးကြောင့် စိတ်ပျက်အားလျော့ခဲ့ရကြောင်း ဖော်ပြသည်။ အသင်ကိုယ်တိုင်လည်း ထပ်တူပင် တွေ့ ကြုံခဲ့ရပေမည်။ ထို့ကြောင့် ဆွီသတင်းစာ နွိုင် ဇူးခါရ် ဇိုက်တော့န်က “အနောက်တိုင်းစက်မှုနိုင်ငံများတွင် အပြန်အလှန်ယုံကြည်ကိုးစားရသည့် ဆက်ဆံရေးများ ပျက်ပြားသွားခဲ့သည်မှာ ဆယ်စုနှစ်ချီရှိပြီ” ဟူ၍ ၂၀၀၂ ခုနှစ်က ဖော်ပြခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ။
အချိန်ယူပျိုးထောင်ရငြား တစ်ခဏချင်းပျက်ပြားသွား
ယုံကြည်ကိုးစားမှုကား အဘယ်နည်း။ အဘိဓာန်တစ်အုပ်အရ သူတစ်ပါးကို ယုံကြည်ကိုးစားခြင်းသည် “သူတို့ ရိုးသားဖြောင့်မတ်သည်၊ စိတ်ရင်းမှန်သည်၊ သင့်ကို တမင်တကာ ထိခိုက်နစ်နာစေမည့်အရာ တစ်စုံတစ်ခုမျှ ပြုလုပ်မည်မဟုတ်ဟု ယုံကြည်စိတ်ချခြင်း” ဖြစ်သည်။ ယုံကြည်ကိုးစားမှုကို တဖြည်းဖြည်း ပျိုးထောင်ရသော်လည်း တစ်ခဏအတွင်း ပျက်ပြားသွားနိုင်၏။ ယုံကြည်ကိုးစားမှုကို တလွဲအသုံးပြုခဲ့ပြီဟု လူအများ သိမြင်လာကြရာ တခြားသူများကို ယုံကြည်စိတ်ချမှုမရှိတော့ခြင်းသည် အံ့အားသင့်စရာလော။ ဂျာမနီနိုင်ငံတွင် ၂၀၀၂ ခုနှစ်က ထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ခုအရ “လူငယ် ၃ ဦးလျှင် ၁ ဦးပင် သူတစ်ပါးကို ယုံကြည်အားကိုးမှု မရှိတော့ပေ” ဟုဆို၏။
ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးနိုင်သည်– ‘ကျွန်ုပ်တို့ အမှန်တကယ် ယုံကြည်ကိုးစားနိုင်သူ ရှိပါသလော။ စိတ်ပျက်အားလျော့ဖို့ အကြောင်းရှိလျက်ကယ် တစ်ဦးတစ်ယောက်ကို ယုံကြည်ကိုးစားထိုက်သလော။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 အမည်များပြောင်းထားသည်။
[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]
စစ်တမ်းတစ်ခုတွင် ပါဝင်ဖြေဆိုသူ ၈၆ ရာခိုင်နှုန်းသည် သူတို့ယုံကြည်ကိုးစားခဲ့သူ တစ်ဦးကြောင့် စိတ်ပျက်အားလျော့ခဲ့ ရကြောင်းဖော်ပြသည်