မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏နှလုံးကို ရွှင်ပြုံးစေသော အမျိုးသမီးများ

ယေဟောဝါ၏နှလုံးကို ရွှင်ပြုံးစေသော အမျိုးသမီးများ

ယေဟောဝါ​၏​နှလုံးကို ရွှင်ပြုံး​စေသော အမျိုးသမီးများ

‘သင်​ပြုလုပ်​သော​အလုပ်​အတိုင်း ဘုရားသခင်​ဆပ်ပေး​တော်​မူ​ပါစေ​သော၊ သင်သည် . . . ဘုရားသခင်​ထံ​တော်​မှ စုံလင်သော ဆုကျေးဇူး​ကို ခံရ​ပါစေ​သော။’—ရုသ ၂:၁၂၊ သမ္မာ။

၁၊ ၂။ ယေဟောဝါ​၏​နှလုံးကို ရွှင်ပြုံး​စေ​ခဲ့​ကြသော သမ္မာ​ကျမ်းစာ​ပါ အမျိုးသမီးများ​၏​ပုံ​နမူနာ​များ​ကို ပြန်​သုံးသပ်ခြင်း​ဖြင့် အဘယ်​အကျိုး​ရရှိနိုင်​သနည်း။

အမျိုးသမီး​နှစ်ဦး​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​သောကြောင့် ဖာရော​ဘုရင်​တစ်ပါး​ကို ဖီဆန်​ဝံ့​ခဲ့​သည်။ ပြည့်တန်ဆာ​တစ်ဦး​သည် ယုံကြည်ခြင်း​ကြောင့် မိမိ​အသက်ကို​စွန့်ပြီး ဣသရေလ​သူလျှို​နှစ်ဦး​ကို ကာကွယ်​ပေး​ခဲ့​သည်။ အမျိုးသမီး​တစ်ဦး​သည် အထူး​အရေးကြုံ​ချိန်​၌ စဉ်းစား​ချင့်ချိန်​တတ်​ခြင်း​နှင့် နှိမ့်ချ​ခြင်း​ကြောင့် လူများစွာကို အသက်ဘေး​မှ​လွတ်မြောက်​စေပြီး ယေဟောဝါ​၏​ဘိသိက်ခံ​တစ်ဦး သွေးပြစ်​မသင့်​ရန် တားဆီး​ပေး​ခဲ့​သည်။ မုဆိုးမ​ဖြစ်သော မိခင်​တစ်ဦး​သည် ယေဟောဝါ​အား ယုံကြည်ခြင်း​နှင့်အတူ ဧည့်ဝတ်​ကျေပွန်​သည့်​စိတ်​ကြောင့် ဘုရားသခင့်​ပရောဖက်​ကို မိမိ၏​နောက်ဆုံး​လက်ကျန်​အစားအစာ ကျွေးမွေး​ခဲ့​သည်။ ၎င်းတို့မှာ ယေဟောဝါ​၏​နှလုံးကို ရွှင်ပြုံး​စေ​ခဲ့​သော သမ္မာ​ကျမ်းစာ​ပါ အမျိုးသမီးများ​အနက် အချို့​မျှ​သာ​ဖြစ်၏။

ထို​အမျိုးသမီးများ​အပေါ် ယေဟောဝါ​၏​သဘောထား​နှင့် ကိုယ်တော်​ပေးသနား​ခဲ့​သော ဆုကျေးဇူး​များ​က ကိုယ်တော်​သည် ယောက်ျား​မိန်းမ​ဖြစ်​ခြင်း​ထက် သာ၍​အရေးပါသော ဝိညာဉ်​ရေးရာ​အရည်အသွေးများ​ကို အနှစ်သက်ဆုံး​ဖြစ်​ကြောင်း ဖော်ပြ​သည်။ ကာယရေး​ကို​စွဲလမ်း​သော မျက်မှောက်ခေတ်​လောကတွင် ဝိညာဉ်​ရေး​ကို ဦးစား​ပေးဖို့​ခက်​သည်။ သို့သော် ယနေ့ ဘုရားသခင့်​လူမျိုးတော်​တွင် အများစု​ဖြစ်သော ဘုရားသခင်​အား​ကြောက်ရွံ့​သူ သန်း​ချီ​သည့်​အမျိုးသမီးများ​က ဝိညာဉ်​ရေးရာ​ကို ဦးစားပေး​နိုင်​ကြောင်း​ဖော်ပြ​သည်။ အဆိုပါ​ခရစ်ယာန်​အမျိုးသမီးများ​သည် သမ္မာ​ကျမ်းစာ​ပါ ဘုရားသခင်​ကို​ကြောက်ရွံ့​သူ အမျိုးသမီးများ​တင်ပြ​ခဲ့​ကြသော ယုံကြည်ခြင်း၊ စဉ်းစား​ချင့်ချိန်​တတ်​ခြင်း၊ ဧည့်ဝတ်​ကျေပွန်ခြင်း​နှင့် အခြား​အရည်အသွေးကောင်း​များ​ကို အတုယူ​တင်ပြ​ကြသည်။ ရှေးခေတ်​မှ ပုံသက်သေ​ကောင်းသော အဆိုပါ​အမျိုးသမီးများ​၏ အရည်အသွေးများ​ကို ခရစ်ယာန်​အမျိုးသားများ​လည်း အတုယူ​လို​ကြ​ပေမည်။ ထို​အရည်အသွေးများ ပိုမို​ရှိစေရန် မည်သို့​ပြုလုပ်​နိုင်​ကြောင်း အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သော အမျိုးသမီးများနှင့်​ပတ်သက်​သည့် ကျမ်းစာ​မှတ်တမ်းများ​ကို အသေအချာ​သုံးသပ်ကြည့်​ကြပါစို့။—ရောမ ၁၅:၄; ယာကုပ် ၄:၈

ဖာရော​ဘုရင်​တစ်ပါး​ကို ဖီဆန်​ခဲ့​ကြ​သည့် အမျိုးသမီးများ

၃၊ ၄။ (က) မွေး​ခါ​စ​ဣသရေလ သား​ယောက်ျား​မှန်သမျှကို သတ်ပစ်ဖို့ ဖာရော​အမိန့်ပေး​သည်ကို ရှိ​ဖ​ရ​နှင့် ပု​အာ​တို့ အဘယ်ကြောင့်​မနာခံ​ခဲ့​ကြ​သနည်း။ (ခ) သူတို့၏​သတ္တိ​နှင့် ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​မှု​အတွက် အဆိုပါ​ဝမ်းဆွဲမ​နှစ်ဦး​ကို ယေဟောဝါ​မည်သို့​ဆုချ​ခဲ့​သနည်း။

ဒုတိယ​ကမ္ဘာ​စစ်​ပြီး​နောက် ဂျာမနီ​နိုင်ငံ၊ နျူ​ရင်​ဘာ​ဂ်​စစ်ခုံရုံး​တွင်၊ အစုလိုက်​အပြုံလိုက် သတ်ဖြတ်မှု​အတွက် ပြစ်ဒဏ်ချ​ခံရ​သူ​အများ​က မိမိတို့သည် အထက်​အမိန့်​ကို​နာခံ​ရုံ​မျှ​သာ​ဖြစ်သည်ဟု အကြောင်း​ပြပြီး အပြစ်လွှတ်​ခံရ​ဖို့​ကြိုးစား​ခဲ့​ကြသည်။ ယခု ထို​သူတို့ကို ရှိ​ဖ​ရ​နှင့် ပု​အာ​အမည်​ရှိ ဣသရေလ​ဝမ်းဆွဲမ​တို့​နှင့် နှိုင်းယှဉ်​ကြည့်​ပါ၊ ထို​အမျိုးသမီး​နှစ်ဦး​သည် အီဂျစ်​ပြည်​တွင် အမည်​မဖော်​သော်လည်း နိုင်​လို​မင်း​ထက်​ပြု​ခဲ့​သည့် ဖာရော​ဘုရင်​တစ်ပါး​အုပ်စိုး​စဉ် အသက်ရှင်ခဲ့​ကြသည်။ ဖာရော​ဘုရင်​သည် ဟေဗြဲ​လူဦးရေ လျင်မြန်​စွာ​တိုးပွား​လာ​မည်​ကို​စိုးရိမ်​သဖြင့် မွေး​ခါ​စ​ဟေဗြဲ​သား​ယောက်ျား​မှန်သမျှကို သတ်ပစ်ဖို့ ဝမ်း​ဆွဲ​နှစ်ဦး​အား အမိန့်ပေး​ခဲ့​သည်။ ရက်စက်​ကြမ်းကြုတ်​သော ထို​အမိန့်​ကို ၎င်း​အမျိုးသမီးများ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ “ဝမ်းဆွဲမ​တို့သည် . . . အဲဂုတ္တု​ရှင်ဘုရင် မိန့်တော်မူသည်​အတိုင်း​မပြု၊ ယောက်ျား​တို့ကို အသက်ချမ်းသာ​ပေး​ကြ​၏။” ဤ​အမျိုးသမီးများ​သည် လူကို​မကြောက်​ခဲ့​ခြင်း​မှာ အဘယ်ကြောင့်​နည်း။ သူတို့သည် ‘စစ်မှန်သော​ဘုရားသခင်​ကို ကြောက်ရွံ့’ ကြသော​ကြောင့်​ဖြစ်၏။—ထွက်မြောက်ရာ ၁:၁၅၊ ၁၇; ကမ္ဘာဦး ၉:၆

မှန်ပါသည်၊ ထို​ဝမ်းဆွဲမ​များသည် ယေဟောဝါ​၌​ခိုလှုံ​ခဲ့​ကြ​သဖြင့် ကိုယ်တော်​သည် သူတို့​အဖို့ “ဒိုင်းလွှား” ဖြစ်​ပြန်​ရာ ဖာရော​၏​အမျက်​ဒေါသ​မှ သူတို့ကို​ကာကွယ်​ပေး​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၂၂:၃၁; ထွက်မြောက်ရာ ၁:၁၈-၂၀) သို့သော် ယေဟောဝါ​သည် သူတို့ကို ထို​မျှ​လောက်​သာ ဆုချ​ခဲ့​သည်မဟုတ်​ပါ။ ရှိ​ဖ​ရ​နှင့်​ပု​အာ​တို့အား သူတို့၏​ကိုယ်ပိုင်​မိသားစု​များ ရှိစေ​ခြင်း​ဖြင့် ဆုချ​ခဲ့​သည်။ ထို့​ပြင် နောင်​လာ​နောက်​သားများ​ဖတ်ရှု​ဖို့ သူတို့၏​အမည်​နှင့် လုပ်ရပ်များ​ကို ကိုယ်တော်​၏​သမ္မာကျမ်းစာ​တွင် မှတ်တမ်းတင်​စေခြင်း​ဖြင့် သူတို့ကို ကိုယ်တော်​ဂုဏ်ပြု​ခဲ့​သည်၊ ဖာရော​ဘုရင်​၏​အမည်​မူ​ကား အချိန်​ကုန်လွန်​လာ​သည်​နှင့် မေ့လျော့​ခံရ​လေ​ပြီ။—ထွက်မြောက်ရာ ၁:၂၁; ၁ ဓမ္မ​ရာဇဝင် ၂:၃၀ခ; သု. ၁၀:၇

၅။ ယနေ့ ခရစ်ယာန်​အမျိုးသမီးများ​စွာ​သည် ရှိ​ဖ​ရ​နှင့်​ပု​အာ​တို့၏ စိတ်သဘောထား​မျိုးကို မည်သို့​တင်ပြ​နေကြ​သနည်း၊ သူတို့ကို ယေဟောဝါ​မည်သို့​ဆုချ​မည်​နည်း။

ယနေ့၊ ရှိ​ဖ​ရ​နှင့်​ပု​အာ​တို့​နှင့်​တူ​သည့် အမျိုးသမီးများ​ရှိပါ​သလော။ အမှန်​ရှိပါ​သည်! နှစ်စဉ် မြောက်မြား​လှ​သော အဆိုပါ​အမျိုးသမီးများ​သည် “ရှင်ဘုရင်​အမိန့်” တားမြစ်​ထားသော နိုင်ငံ​များ​တွင် သမ္မာကျမ်းစာ​၏​အသက်ကယ်​သတင်းကို မကြောက်​မ​ရွံ့ ဟောပြောကြ​ခြင်း​အားဖြင့် သူတို့၏​လွတ်လပ်မှု​သာမက အသက်ကို​ပင် စွန့်စား​နေကြ​သည်။ (ဟေဗြဲ ၁၁:၂၃; တမန်​တော် ၅:၂၈၊ ၂၉) ဘုရားသခင်​ကိုလည်း​ကောင်း၊ အိမ်နီးချင်း​ကိုလည်း​ကောင်း ချစ်​ကြသော​ကြောင့် ဤ​သတ္တိ​ရှိ​အမျိုးသမီးများ​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်းကို တားဆီး​ပိတ်ပင်​ဖို့ မည်​သူ့ကို​မျှ ခွင့်​မပြု​ကြ​ချေ။ ယင်းကြောင့် ခရစ်ယာန်​အမျိုးသမီးများ​စွာ​သည် အတိုက်အခံ​နှင့် နှိပ်စက်​ညှဉ်းပန်းမှု ခံရ​ကြသည်။ (မာကု ၁၂:၃၀၊ ၃၁; ၁၃:၉-၁၃) ရှိ​ဖ​ရ​နှင့်​ပု​အာ​တို့၏​အဖြစ်​၌​ကဲ့သို့ ယေဟောဝါ​သည် အဆိုပါ​ထူးချွန်​သော၊ သတ္တိ​ရှိသော​အမျိုးသမီးများ​၏ လုပ်ဆောင်ချက်များ​ကို ကောင်းစွာ​သိရှိ​တော်​မူ​၏၊ သူတို့သည် အဆုံးတိုင်အောင် တည်ကြည်​ကြ​မည်​ဆိုလျှင် သူတို့၏​အမည်များ​ကို “အသက်စာစောင်” တွင် စာရင်း​သွင်း​ခြင်း​အားဖြင့် ကိုယ်တော့်​မေတ္တာကို ဖော်ပြ​ပါ​လိမ့်​မည်။—ဖိလိပ္ပိ ၄:၃သမ္မာ; မဿဲ ၂၄:၁၃

ယခင်​က ပြည့်တန်ဆာ​ဖြစ်​ခဲ့​သူ​တစ်ဦး ယေဟောဝါ​၏​စိတ်နှလုံး​ကို​ရွှင်ပြုံး​စေ

၆၊ ၇။ (က) ယေဟောဝါ​နှင့် ကိုယ်တော့်​လူမျိုးတော်​အကြောင်း ရာခပ်​အဘယ်အရာ​သိထား​သနည်း၊ ထို​အသိပညာက သူ့ကို အဘယ်​အကျိုးပြု​ခဲ့​သနည်း။ (ခ) သမ္မာကျမ်းစာ​က ရာခပ်​ကို မည်သို့​ဂုဏ်ပြု​သနည်း။

ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်​တွင် ခါ​နာ​န်​ပြည်၊ ယေရိခေါမြို့​၌ ရာခပ်​အမည်​ရှိ ပြည့်တန်ဆာ​တစ်ဦး​နေထိုင်ခဲ့​သည်။ ရာခပ်​သည် ဗဟုသုတ​ကြွယ်​သူ​တစ်ဦး ဖြစ်ပုံရ​သည်။ ဣသရေလ​သူလျှို​နှစ်ဦး​သည် သူ့​အိမ်​တွင် လာ​ခိုလှုံ​သောအခါ သူသည် အစောပိုင်း​အနှစ် ၄၀ က​ဖြစ်ပျက်​ခဲ့​သည့် အီဂျစ်​ပြည်​မှ ဣသရေလ​လူမျိုး အံ့ဖွယ်​နည်းဖြင့်​လွတ်မြောက်​လာပုံ​ကို အသေးစိတ်​ပြန်​ပြောပြ​နိုင်​ခဲ့​သည်! မကြာသေးမီ​က အာမောရိ​ရှင်ဘုရင် ရှိ​ဟု​န်​နှင့်​သြဃ​တို့ကို ဣသရေလ​လူမျိုး အောင်ပွဲခံ​ခဲ့​ကြောင်းကို​လည်း သူသိ​ထား​သည်။ ထို​အကြောင်းကို သူသိ​ထား​သဖြင့် အဘယ်​အကျိုး​ခံစား​ခဲ့​ရ​ကြောင်း သတိပြုပါ။ သူလျှို​များ​ကို သူ​ဤသို့​ပြော​ခဲ့​သည်– “ထာဝရ​ဘုရား​သည် သင်တို့အား ဤ​ပြည်​ကို​ပေး​တော်​မူ​ကြောင်းကို . . . ကျွန်မ​သိပါ​၏။ . . . အကြောင်း​မူ​ကား သင်တို့၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် အထက်​ကောင်းကင်ဘုံ​၌​လည်းကောင်း၊ အောက်​အရပ်​မြေကြီး​၌​လည်းကောင်း အစိုးရ​သော​ဘုရားသခင်​ဖြစ်​တော်​မူ​၏။” (ယောရှု ၂:၁၊ ၉-၁၁) ယေဟောဝါ​အကြောင်း​နှင့် ဣသရေလ​လူမျိုး​အတွက် ကိုယ်တော်​ပြုလုပ်​ပေး​ရာ​များ​အကြောင်း ရာခပ်​သိရှိ​ခဲ့​ရာ​များ​က သူ့​နှလုံးကို နှစ်လိုဖွယ်​တုံ့ပြန်​စေ​ခဲ့​ပြီး ကိုယ်တော်​အား လက်ခံ​ယုံကြည်​စေ​ခဲ့​သည်။—ရောမ ၁၀:၁၀-၁၁

ရာခပ်​၏​ယုံကြည်ခြင်းက သူ့​အား ပြုမူ​လုပ်ဆောင်​စေ​ခဲ့​သည်။ သူသည် ဣသရေလ​သူလျှို​များ​ကို “အဆွေ​ဖွဲ့​၍” လက်ခံခဲ့​ပြီး ယေရိခေါ​မြို့ကို ဣသရေလ​လူမျိုး တိုက်ခိုက်​သောအခါ အသက်​ချမ်းသာရ​ဖို့ သူတို့၏​ညွှန်ကြားချက်​များ​ကို လိုက်နာ​ခဲ့​သည်။ (ဟေဗြဲ ၁၁:၃၁; ယောရှု ၂:၁၈-၂၁) ရာခပ်​၏​ယုံကြည်ခြင်း​လုပ်ရပ်များ​သည် ယေဟောဝါ​၏​နှလုံးကို ရွှင်ပြုံး​စေ​ခဲ့​ကြောင်း ယုံမှားဖွယ်​မရှိ​ချေ၊ အကြောင်း​မူ​ကား ခရစ်ယာန်​များ​တုပ​ဖို့ ပုံ​နမူနာ​တစ်ခု​အဖြစ်၊ ဘုရားသခင့်​မိတ်ဆွေ အာဗြဟံ​၏​အမည်​နှင့်​တွဲဖက်​၍ သူ့​အမည်​ကို​ဖော်ပြ​ရန် ခရစ်ယာန်​တပည့်​ဖြစ်သူ​ယာကုပ်​အား ယေဟောဝါ မှုတ်သွင်း​ခဲ့​သောကြောင့်​ဖြစ်သည်။ ယာကုပ် ဤသို့​ရေးသားခဲ့​သည်– “ထို​နည်းတူ၊ ပြည့်တန်ဆာ​ရာခပ်​သည်၊ တမန်​တို့ကို [“ဧည့်ဝတ်​ကျေပွန်​စွာ၊” က​ဘ] လက်ခံ​ပြီး​မှ အခြားသော​လမ်းဖြင့်​လွှတ်​လိုက်၍၊ အကျင့်​အားဖြင့် ဖြောင့်မတ်​ရာ​သို့​ရောက်​သည်မဟုတ်​လော။”—ယာကုပ် ၂:၂၅

၈။ ယေဟောဝါ​သည် ရာခပ်​၏​ယုံကြည်မှု​နှင့် နာခံမှု​ကို မည်သို့​ကောင်းချီး​ပေး​ခဲ့​သနည်း။

ယေဟောဝါ​သည် ရာခပ်​ကို နည်း​များစွာ​ဖြင့်​ဆုချ​ခဲ့​သည်။ တစ်နည်း​မှာ၊ သူနှင့် သူ့​အိမ်​တွင်​ခိုလှုံ​နေ​သူအား​လုံး—အတိအကျ​ပြော​ရ​သော် ‘သူနှင့်​ဆိုင်​သမျှ​သော​သူတို့ကို’ အံ့ဖွယ်​နည်းဖြင့် အသက်ချမ်းသာ​ပေး​ခဲ့​သည်။ ၎င်းနောက် ထို​သူတို့ကို “ဣသရေလ​အမျိုးသား​တို့​တွင်” နေထိုင်ခွင့်​ပေး​ခဲ့​ပြီး ထို​တွင် ဆွေမျိုးသားချင်း​ကဲ့သို့ သူတို့ကို ဆက်ဆံ​စေ​ခဲ့​သည်။ (ယောရှု ၂:၁၃; ၆:၂၂-၂၅; ဝတ်ပြုရာ ၁၉:၃၃၊ ၃၄) ထိုမျှသာ​မဟုတ်ပါ။ ယေဟောဝါ​သည် ရာခပ်​ကို ယေရှု​ခရစ်တော်​၏ ဘေးမ​တစ်ဦး​ဖြစ်လာ​ခွင့်​ပေး​ခဲ့​သည်။ တစ်ချိန်က အရုပ်​ကိုးကွယ်​ခဲ့​သော ခါ​နာ​န်​အမျိုးသမီး​တစ်ဦး​အပေါ် ထူးကဲ​သော​ချစ်ခင်​ကြင်နာ​မှု တင်ပြခြင်း​ပါ​တကား! *ဆာလံ ၁၃၀:၃၊ ၄

၉။ ရာခပ်​နှင့် ပထမ​ရာစု​မှ ခရစ်ယာန်​အမျိုးသမီး​အချို့​အပေါ် ယေဟောဝါ​၏​သဘောထား​သည် မျက်မှောက်ခေတ်​အမျိုးသမီး​အချို့​အတွက် အဘယ်​အားပေးမှု​ဖြစ်​နိုင်​သနည်း။

ပထမ​ရာစု​မှ​စ၍ ယနေ့​အချိန်အထိ ခရစ်ယာန်​အမျိုးသမီး​အချို့​သည် ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ဖို့ ရာခပ်​ကဲ့သို့ သူတို့၏​အကျင့်​ယိုယွင်း​သည့် ဘဝ​ပုံစံ​ကို စွန့်လွှတ်​ခဲ့​ကြပြီ။ (၁ ကောရိန္သု ၆:၉-၁၁) သူတို့​မှ​အချို့​သည် အကျင့်​ယိုယွင်းမှု​များပြား​ပြီး ယင်းကို သာမန်​ကိစ္စ​ဟု​ပင် ယူမှတ်​ကြ​သည့် ရှေးခေတ်​ခါ​နာ​န်​ပြည်​နှင့်​တူသော ဝန်းကျင်​မျိုး​တွင် ကြီးပြင်း​လာ​ခဲ့​ကြ​ပေမည်။ သို့သော် သူတို့သည် သမ္မာကျမ်းစာ​၏ တိကျ​မှန်ကန်သော​အသိပညာကို အခြေပြု​သည့် ယုံကြည်ခြင်း​၏​လှုံ့ဆော်မှု​ခံရ​သောကြောင့် သူတို့၏​ဘဝ​ပုံစံ​များ​ကို ပြောင်းလဲ​ခဲ့​ကြပြီ။ (ရောမ ၁၀:၁၇) ထို့​ကြောင့် အဆိုပါ​အမျိုးသမီးများနှင့်​ပတ်သက်​၍​လည်း “ဘုရားသခင်​သည် သူတို့၏​ဘုရား[သခင်]ဟူ၍​ခေါ်ဝေါ်​ခြင်း​ကို ရှက်​တော်​မ​မူ” ဟု ဆိုနိုင်​ပါ​သည်။ (ဟေဗြဲ ၁၁:၁၆) အမှန်တကယ်​ဂုဏ်ယူ​စ​ရာ​ပါ​တကား!

စဉ်းစား​ချင့်ချိန်​တတ်​ခြင်း​အတွက် ကောင်းချီး​ခံစား​ရသော​အမျိုးသမီး

၁၀၊ ၁၁။ နာဗလ​နှင့် ဒါဝိဒ်​တို့​နှင့်​ပတ်သက်သော အဘယ်​အခြေအနေ​များ​က အဘိဂဲလ​ကို လုပ်ဆောင်​စေ​ခဲ့​သနည်း။

၁၀ ရှေးခေတ်​မှ တည်ကြည်သော​အမျိုးသမီးများ​စွာ​တို့သည် စဉ်းစား​ချင့်ချိန်​တတ်သော​အရည်အသွေးကို ထူးခြား​စွာ​တင်ပြ​ခဲ့​ကြ​ရာ ယေဟောဝါ​၏​လူမျိုးတော်​အတွက် အဖိုးတန်​သူများ​ဖြစ်​ခဲ့​ကြသည်။ ထိုသို့​သော​အမျိုးသမီး​တစ်ဦး​မှာ ဣသရေလ​သူကြွယ် မြေပိုင်ရှင်​နာဗလ​၏​ဇနီး အဘိဂဲလ​ဖြစ်သည်။ အဘိဂဲလ​၏​စဉ်းစား​ချင့်ချိန်​တတ်​မှု​က အသက်​များစွာ​အား​ကယ်​ခဲ့​ပြီး ဣသရေလ​နိုင်ငံ​၏​မင်းလောင်း​ဒါဝိဒ်​ကို သွေးပြစ်​သင့်​သူ​ဖြစ်​မလာ​ရအောင် တားဆီး​ပေး​ခဲ့​သည်။ ၁ ဓမ္မ​ရာဇဝင်​အခန်းကြီး ၂၅ ၌​မှတ်တမ်း​တင်ထားသော အဘိဂဲလ​အကြောင်းကို ကျွန်ုပ်​တို့​ဖတ်​ကြည့်​နိုင်​သည်။

၁၁ ဖြစ်ပျက်​ပုံ​အစပိုင်း​တွင်၊ ဒါဝိဒ်​နှင့် သူ၏​နောက်လိုက်​များသည် နာဗလ​၏​သိုးအုပ်​များ​အနီး​တွင် စခန်းချ​ထား​ကြ​ရာ အမျိုးသားချင်း​ဖြစ်သူ​နာဗလ​ကို ကျေးဇူးပြု​သည့်​အနေ​နှင့် သိုးအုပ်​များ​ကို နေ့ရောညပါ သူတို့​အခမဲ့ ကာကွယ်​စောင့်ရှောက်​ပေး​ခဲ့​ကြသည်။ စား​နပ်​ရိက္ခာ​လျော့နည်းလာ​သောအခါ ဒါဝိဒ်​သည် နာဗလ​ထံ​မှ အစာ​တောင်းခံ​ဖို့ လုလင်​ဆယ်ဦး​ကို​စေလွှတ်ခဲ့​သည်။ ယခု နာဗလ​သည် ဒါဝိဒ်​ကို ကျေးဇူး​တုံ့ပြန်​ရုံ​မ​က ယေဟောဝါ​၏​ဘိသိက်ခံ​အဖြစ် ဂုဏ်ပြု​ရန်​အခွင့်အရေး​ရရှိ​သည်။ သို့သော် ယင်း​နှင့်​ဆန့်ကျင်​ပြီး နာဗလ​ပြုလုပ်​ခဲ့​သည်။ သူသည် ဒါဝိဒ်​ကို ဒေါသတကြီး စော်ကား​ပြောဆို​ပြီး လုလင်ပျို​တို့ကို လက်​ချည်း ပြန်လွှတ်​လိုက်​သည်။ ထို​အကြောင်းကို ဒါဝိဒ်​ကြား​သော် လက်နက်ကိုင်​လူ ၄၀၀ ကို​စုရုံး​ပြီး လက်တုံ့ပြန်​ရန် ထွက်သွား​လေ​သည်။ အဘိဂဲလ​သည် ခင်ပွန်း​ဖြစ်သူ​၏ ကြမ်းတမ်းသော​တုံ့ပြန်​ပုံ​ကို​သိသွား​ရာ စား​နပ်​ရိက္ခာ​အလျှံပယ်​ပို့ပေး​ခြင်း​ဖြင့် ဒါဝိဒ်​ကျေအေးစေ​ရန် မဆိုင်းမတွ၊ အမြော်အမြင်​ရှိ​ရှိ ပြုမူ​ဆောင်ရွက်​ခဲ့​သည်။ ထို့နောက် သူကိုယ်တိုင် ဒါဝိဒ်​ထံ​သို့ သွားလေသည်။—အခန်းငယ် ၂-၂၀။

၁၂၊ ၁၃။ (က) အဘိဂဲလ​သည် စဉ်းစား​ချင့်ချိန်​တတ်​ပြီး ယေဟောဝါ​နှင့် ကိုယ်တော်​ခန့်အပ်​ထား​သူ​အပေါ်လည်း တည်ကြည်မှု​ရှိကြောင်း မည်သို့​သက်သေထူ​ခဲ့​သနည်း။ (ခ) အိမ်သို့ပြန်​ရောက်​သောအခါ အဘိဂဲလ​အဘယ်အရာ​ပြုလုပ်​ခဲ့​သနည်း၊ မည်သို့​ဖြစ်ပျက်​ခဲ့​သနည်း။

၁၂ ဒါဝိဒ်​နှင့်​တွေ့ဆုံ​သောအခါ ချမ်းသာပေး​ဖို့ အဘိဂဲလ​၏​နှိမ့်ချသော​အသနားခံချက်​က ယေဟောဝါ​၏​ဘိသိက်ခံ​ကို သူ​အလွန်​ရိုသေ​လေးစားကြောင်း ဖော်ပြ​သည်။ သူက ‘ကျွန်မ​သခင်သည် ဘုရားသခင်​ဘက်မှာ စစ်တိုက်​သောကြောင့် . . . ဘုရားသခင်​သည် ကျွန်မ​သခင်​အဖို့ ခိုင်ခံ့​မြဲမြံ​သော​အိမ်ကို တည်ဆောက်​တော်​မူ​လိမ့်​မည်’ ဟု​ဆိုပြီး ဒါဝိဒ်​ကို ဣသရေလ​လူမျိုး၏​ခေါင်းဆောင်​အဖြစ် ယေဟောဝါ​ခန့်အပ်​လိမ့်​မည်​ဟု ပြောဆို​ခဲ့​သေး​သည်။ (အခန်းငယ် ၂၈-၃၀) တစ်ကြိမ်​တည်း​တွင် အဘိဂဲလ​က လက်စားချေ​လို​စိတ်​ကို ဒါဝိဒ်​မချုပ်တည်း​ပါ​က သွေးပြစ်​သင့်ရောက်​မည်​ဟု ပြောလိုက်​ခြင်း​အားဖြင့် အတော်အတန်​သတ္တိ​ရှိကြောင်း ဖော်ပြ​ခဲ့​သည်။ (အခန်းငယ် ၂၆၊ ၃၁) ဒါဝိဒ်​သည် အဘိဂဲလ​၏​နှိမ့်ချမှု၊ အလွန်​ရိုသေ​လေးစားမှု​နှင့် ထက်မြက်​သော​ဆင်ခြင်​သုံးသပ်မှု​ကြောင့် သတိ​ပြန်လည်​လာ၍ ဤသို့​တုံ့ပြန်​သည်– “ယနေ့​ငါ​နှင့်​တွေ့ဆုံ​စေခြင်း​ငှာ သင့်ကို​စေလွှတ်​တော်​မူ​သော ဣသရေလ​လူမျိုး၏​ဘုရားသခင် . . . သည် မင်္ဂလာ​ရှိ​တော်​မူ​စေ​သတည်း။ ပိုင်းခြား​သိမြင်​သော​သင့်​ဉာဏ်​၌​လည်း မင်္ဂလာ​ရှိစေ​သတည်း။ ယနေ့​ငါသည် အသွေးကို​သွန် . . . မည်​အကြောင်း ဆီးတား​သော​သင်သည်​လည်း မင်္ဂလာ​ရှိစေ​သတည်း။”—အခန်းငယ် ၃၂၊ ၃၃၊ သမ္မာ။

၁၃ အဘိဂဲလ အိမ်သို့ပြန်​ရောက်​သောအခါ ဒါဝိဒ်​ကို​လက်ဆောင်​ပေး​လိုက်​ကြောင်း ခင်ပွန်း​သည်ကို ရဲရင့်စွာ​အသိ​ပေးဖို့ လိုက်ရှာ​လေ​သည်။ သို့သော် သူ့ကို​တွေ့သော​အခါ သူသည် “ယစ်​မူး” လျက်​ရှိ၏။ ထို့​ကြောင့် သူ​အ​မူး​ပြေ​သည့်​အထိ​စောင့်​ပြီး​နောက် ပြောပြ​လိုက်​သည်။ နာဗလ​မည်သို့​တုံ့ပြန်​သနည်း။ ကြက်​သေ​သေသွား​ပြီး လေဖြတ်​ရောဂါ​ပုံစံ​တစ်မျိုး​ဖြစ်​နိုင်​သည့် ဝေဒနာ​ကို သူ​ခံစားရ​လေ​သည်။ ဆယ်ရက်​ကြာပြီးနောက် ဘုရားသခင့်​လက်တော်​ဖြင့် သူ​သေဆုံး​သွား​၏။ နာဗလ​သေ​ကြောင်း ဒါဝိဒ်​ကြားသိ​သောအခါ သူ​အမှန်​နှစ်သက်​မြတ်နိုး​ပြီး အလွန်​လေးစား​ခဲ့​ပုံ​ရသူ အဘိဂဲလ​ကို လက်ထပ်ခွင့်​တောင်း​လေ​သည်။ ဒါဝိဒ်​၏​တောင်းဆိုချက်​ကို အဘိဂဲလ​လက်ခံ​လိုက်​သည်။—အခန်းငယ် ၃၄-၄၂။

အဘိဂဲလ​နှင့် သင်​တူ​နိုင်​သလော

၁၄။ အဘိဂဲလ​၏​အဘယ်​အရည်အသွေးများ​ကို ကျွန်ုပ်​တို့​တိုး၍ ပြုစု​ပျိုးထောင်​လို​ကြ​သနည်း။

၁၄ သင်သည် အမျိုးသမီး​တစ်ဦး သို့​မဟုတ် အမျိုးသား​တစ်ဦး​ဖြစ်စေ၊ အဘိဂဲလ​၌​ရှိသော အရည်အသွေး​အချို့​ကို မိမိ​တွင် အတိုင်းအတာ​တစ်ခု​အထိ တိုး၍​ရှိစေရန် သင်​ပြုစု​ပျိုးထောင်​ပေးဖို့​လို​ကြောင်း တွေ့​ပါသလော။ အခက်အခဲ​များ ပေါ်ပေါက်​လာသော​အခါ ပို​၍​စဉ်းစား​ချင့်ချိန်​တတ်သော​နည်းဖြင့် ပြုမူ​ဆောင်ရွက်​လို​ပေမည်။ သို့​မဟုတ် သင့်​အနီးအနား​ရှိသူ​များသည် အလွန်​စိတ်​လှုပ်ရှား​နေချိန်​တွင် အေးဆေး​တည်ငြိမ်​စွာ၊ အကျိုးသင့်အကြောင်းသင့်​ရှိ​ရှိ သင်​စကားပြော​ဆိုလို​ပေမည်။ သို့​ဖြစ်​လျှင် ထို​ကိစ္စ​နှင့်​ပတ်သက်​၍ ယေဟောဝါ​ထံ​ဆုတောင်း​ပါ​လေ။ ကိုယ်တော်​သည် “ယုံကြည်​သော​စိတ်​နှင့် [“အဆက်မပြတ်၊” က​ဘ] တောင်း” သူအား​လုံး​ကို ဉာဏ်ပညာ၊ ပိုင်းခြား​သိမြင်မှု​နှင့် စဉ်းစား​တွေးခေါ်​နိုင်စွမ်း​တို့ကို​ပေး​မည်​ဟု ကိုယ်တော်​ကတိပြု​ပါ​သည်။—ယာကုပ် ၁:၅၊ ၆; သု. ၂:၁-၆၊ ၁၀၊ ၁၁

၁၅။ ခရစ်ယာန်​အမျိုးသမီးများ​သည် အဘိဂဲလ​၏​အရည်အသွေးများ​ကို အဘယ်​အခြေအနေ​မျိုး​များ​တွင် တင်ပြ​ဖို့ အထူး​အရေးကြီး​သနည်း။

၁၅ ကျမ်းစာ​မူများ​ကို ဂရုမစိုက်​လှ​သော မယုံကြည်​သူ လင်ယောက်ျား​ရှိသည့် အမျိုးသမီး​တစ်ဦး​သည် အဆိုပါ​အရည်အသွေးကောင်း​များ​ရှိဖို့ အထူး​အရေးကြီး​သည်။ သူသည် သောက်ကြူး​သူ ဖြစ်​ကောင်း​ဖြစ်​ပေမည်။ ထို​အမျိုးသားများ ပြောင်းလဲ​လာ​လိမ့်​မည်​ဟု မျှော်လင့်​ပါ​သည်။ ဇနီး​မယား​များ​၏ နူးညံ့​သော​သဘော၊ အလွန်​ရိုသေ​လေးစားခြင်း​နှင့် စင်ကြယ်သော​အကျင့်​တို့​ကြောင့် ပြောင်းလဲ​လာ​ခဲ့​ကြ​သူ များစွာ​ရှိ၏။—၁ ပေတရု ၃:၁၊ ၂၊ ၄

၁၆။ အိမ်တွင်း​အခြေအနေ မည်သို့​ပင်​ရှိစေ​ကာ​မူ ခရစ်ယာန်​ညီအစ်မ​တစ်ဦး​သည် ယေဟောဝါ​နှင့်​ဆက်ဆံ​ရေး​ကို အရာခပ်သိမ်း​ထက် တန်ဖိုး​ထား​ကြောင်း မည်သို့​တင်ပြ​မည်​နည်း။

၁၆ အိမ်​တွင် မည်သို့သော​အခက်အခဲ​များ​ကို သင်ရင်​ဆိုင်​နေရ​ပါစေ ယေဟောဝါ​သည် သင့်ကို​ထောက်မ​ကူညီ​ရန် အမြဲ​အသင့်​ရှိကြောင်း သတိရပါ။ (၁ ပေတရု ၃:၁၂) ထို့​ကြောင့် ဝိညာဉ်​ရေး​ဘက်​သန်စွမ်း​နေဖို့ ကြိုးစား​ပါ။ ဉာဏ်ပညာ​နှင့် တည်ငြိမ်​သော​နှလုံး​ရရှိဖို့ ဆုတောင်း​ပါ။ ကျမ်းစာ​လေ့လာခြင်း၊ ဆုတောင်းခြင်း၊ တွေးတော​ဆင်ခြင်ခြင်း​နှင့် ခရစ်ယာန်​ချင်း​များနှင့်​ပေါင်းသင်း​ခြင်း​တို့ကို မှန်မှန်​ပြုလုပ်ခြင်း​အားဖြင့် ယေဟောဝါ​ထံ ချဉ်းကပ်​ပါ။ ယေဟောဝါ​အပေါ် အဘိဂဲလ​ထားသော​မေတ္တာ​နှင့် ကိုယ်တော်​၏​ခန့်အပ်​ခံ​ကျေးကျွန်​အပေါ် သူ့​စိတ်ထား​သည် လင်ယောက်ျား​၏ ဝိညာဉ်​ရေး​မ​ဆန်​သော​အမြင်​ကြောင့် မထိခိုက်​ခဲ့​ပါ။ ဖြောင့်မတ်​သော​မူများ​အတိုင်း သူ​ပြုမူ​လုပ်ဆောင်ခဲ့​သည်။ ခင်ပွန်း​ဖြစ်သူ​သည် ဘုရားသခင်​၏ စံပြ​ကျေးကျွန်​တစ်ဦး​ဖြစ်​နေလျှင်​ပင် ခရစ်ယာန်​ဇနီးသည်​တစ်ဦး​သည် မိမိ​ကိုယ်တိုင်​၏​ဝိညာဉ်​ရေး​ကို ကြိုးစား​တည်ဆောက်​၍ ထိန်းသိမ်း​ပေးဖို့​လို​ကြောင်း အသိအမှတ်ပြု​ရမည်။ သူ၏​လင်ယောက်ျား​သည် ဇနီး​၏​ဝိညာဉ်​ရေး​နှင့် ကာယရေး​ကို ကြည့်ရှု​စောင့်ရှောက်​ပေးဖို့ ကျမ်း​ပေး​တာဝန်​ရှိသည်​မှန်​သော်လည်း အဆုံး​တွင်​မူ “ကြောက်ရွံ့​တုန်လှုပ်​သော​စိတ်​နှင့်၊ ကိုယ်ကို​ကယ်တင်ခြင်း​ငှာ” သူကိုယ်တိုင်​ကြိုးစား​ရ​ပေမည်။—ဖိလိပ္ပိ ၂:၁၂; ၁ တိမောသေ ၅:၈

“ပရောဖက်​၏​အကျိုးကို” သူ​ရရှိခဲ့

၁၇၊ ၁၈။ (က) ဇရတ္တ​မြို့သူ​မုဆိုးမ​သည် အဘယ်​ထူးခြားသော ယုံကြည်ခြင်း​စမ်းသပ်မှု ခံ​ခဲ့​ရသနည်း။ (ခ) မုဆိုးမ​သည် ဧလိယ​၏​တောင်းဆိုချက်​ကို မည်သို့​တုံ့ပြန်​ခဲ့​သနည်း၊ ထို​အတွက် သူ့ကို ယေဟောဝါ​မည်သို့​ဆုချ​ခဲ့​သနည်း။

၁၇ ပရောဖက်​ဧလိယ​ခေတ်​မှ ဆင်းရဲ​နွမ်းပါး​သော​မုဆိုးမ​တစ်ဦး​ကို ယေဟောဝါ​ကြည့်ရှု​စောင့်ရှောက်​ခဲ့​ပုံ​က မိမိတို့​ကိုယ်ကို​နှင့် မိမိတို့၏​အစွမ်းအစ​များ​ကို စစ်မှန်သော​ဝတ်ပြုရေး​အတွက် ပေးဆက်​ကြ​သူများ​အား ကိုယ်တော်​အလွန်​တန်ဖိုး​ထား​ကြောင်း ဖော်ပြ​သည်။ ဧလိယ​ခေတ်တွင် အတန်ကြာ​မိုးခေါင်​သောကြောင့် ဇရတ္တ​မြို့​နေ မုဆိုးမ​တစ်ဦး​နှင့် သူ၏​သားငယ်​တို့​အပါအဝင် လူများစွာ အငတ်ဘေး​ကြုံ​ခဲ့​ကြ​ရသည်။ တစ်​နပ်​စာ​သာ ကျန်ကြွင်း​တော့​သည့်​အချိန်တွင် ပရောဖက်​ဧလိယ​သည် ဧည့်သည်​အဖြစ် ရောက်လာ​၏။ သူ၏​တောင်းဆိုချက်​သည် အလွန်​ထူးခြား​သည်။ ထို​အမျိုးသမီး​၏​အခြေအနေ​ကို သိ​လျက်​နှင့် သူ၏​နောက်ဆုံး​လက်ကျန် ဆီ​နှင့်​ဂျုံ​ဖြင့် “မုန့်ပြား​ငယ်​တစ်ပြား” ဖုတ်​ပေးဖို့ တောင်းဆို​ခဲ့​သည်။ သို့သော် သူ​ဤသို့​ဆက်​ပြော​သည်– “ဣသရေလ​အမျိုး​၏​ဘုရားသခင် ထာဝရ​ဘုရား[သခင်]မိန့်တော်မူသည်​ကား ‘ထာဝရ​ဘုရား[သခင်]သည် မြေပေါ်မှာ​မိုးရွာ​စေ​တော်​မ​မူ​မီ​တိုင်အောင် အိုး​၌​ရှိသော​မုန့်​ည​က်​မကုန်။ ဘူး​၌​ရှိသော​ဆီ​မ​လျော့​ရ။’”—၃ ဓမ္မ​ရာဇဝင် ၁၇:၈-၁၄

၁၈ ထူးခြားသော ထို​တောင်းဆိုချက်​ကို သင်​မည်သို့​တုံ့ပြန်​ခဲ့​မည်​နည်း။ ဧလိယ​သည် ယေဟောဝါ​၏​ပရောဖက်​ဖြစ်​ကြောင်း အသိအမှတ်ပြု​ပုံ​ရှိသော ဇရတ္တ​မြို့သူ​မုဆိုးမ​သည် “ဧလိယ​စကား​အတိုင်း​ပြု” လေ​၏။ သူ၏​ဧည့်ဝတ်​ကျေပွန်​မှု​ကို ယေဟောဝါ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ ကိုယ်တော်​သည် မိုးခေါင်​သည့်​ကာလ​အတွင်း ထို​အမျိုးသမီး၊ သူ၏​သား​နှင့် ဧလိယ​တို့ကို အံ့ဖွယ်​နည်းဖြင့်​ကျွေးမွေး​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၇:၁၅၊ ၁၆) ယေဟောဝါ​သည် ဣသရေလ​အမျိုးသမီး​တစ်ဦး​မဟုတ်သော ဇရတ္တ​မြို့သူ​မုဆိုးမ​အား “ပရောဖက်​၏​အကျိုးကို” ပေး​ခဲ့​သည်။ (မဿဲ ၁၀:၄၁) ဘုရားသခင့်​သားတော်​သည် မိမိ၏​ဇာတိ​မြို့​ဖြစ်သော နာဇရက်​မြို့​နေ တည်ကြည်မှု​မရှိ​သူများ​ရှေ့တွင် ထို​အမျိုးသမီးကို​စံပြ​အဖြစ် ဖော်ပြချိန်​၌ အဆိုပါ​မုဆိုးမ​ကို ချီးမွမ်း​ဂုဏ်ပြု​ခဲ့​သည်။—လုကာ ၄:၂၄-၂၆

၁၉။ ယနေ့ ခရစ်ယာန်​အမျိုးသမီးများ​စွာ​တို့သည် ဇရတ္တ​မြို့သူ​မုဆိုးမ​၏​စိတ်ဓာတ်​မျိုးကို အဘယ်​နည်းများဖြင့် ထင်ဟပ်ပြ​ကြ​သနည်း၊ သူတို့ကို ယေဟောဝါ​မည်သို့​ယူမှတ်​သနည်း။

၁၉ ယနေ့၊ ဇရတ္တ​မြို့သူ​မုဆိုးမ​၏​စိတ်ဓာတ်​မျိုး တင်ပြသော ခရစ်ယာန်​အမျိုးသမီးများ​စွာ​ရှိသည်။ သာဓက​အနေ​နှင့်၊ အများအားဖြင့် ဆင်းရဲ​နွမ်းပါး​ပြီး မိသားစု​များ​ကို ကြည့်ရှု​ပြုစု​ကြ​ရသည့် ကိုယ်ကျိုးမငဲ့​သော ခရစ်ယာန်​ညီအစ်မ​များသည် နယ်လှည့်​ကြီးကြပ်မှူး​များနှင့် သူတို့၏​ဇနီး​များ​ကို ပတ်စဉ်​ဧည့်ဝတ်ပြု​ကြသည်။ အခြားသူ​တို့​မူ ဒေသခံ အချိန်ပြည့်​ဓမ္မ​အမှုဆောင်​များ​ကို ဧည့်ခံ​ကျွေးမွေး​ကြ၊ ဆင်းရဲသူ​များ​ကို အကူအညီ​ပေး​ကြသည်၊ ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို ထောက်ပံ့​ကူညီ​ရန် အခြား​နည်းများဖြင့် မိမိတို့​ကိုယ်ကို​ဖြစ်စေ၊ မိမိတို့၏​အစွမ်းအစ​များ​ကို​ဖြစ်စေ ပေးဆက်​ကြသည်။ (လုကာ ၂၁:၄) ဤသို့​ကိုယ်ကျိုး​စွန့်​ပြုမူခြင်း​ကို ယေဟောဝါ​သတိပြု​သလော။ ဧကန်​အမှန်​သတိပြုမိ​ပါ​သည်! “သင်တို့သည် သန့်ရှင်းသူ​တို့ကို အထက်​က​လုပ်ကျွေး​သည်​သာမက၊ ယခု​ပင်​လုပ်ကျွေး​ခြင်း​အမှုကို​လည်းကောင်း၊ ထိုသို့​ပြုသော​အားဖြင့် နာမတော်​ကို​ထောက်၍​ပြ​သော မေတ္တာကိုလည်း​ကောင်း၊ ဘုရားသခင်​သည် မေ့လျော့​သည်​တိုင်အောင် အဓမ္မအမှု​ကို​ပြု​တော်​မူ​သည်မဟုတ်။”—ဟေဗြဲ ၆:၁၀

၂၀။ နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း ဆွေးနွေး​သုံးသပ်​မည်​နည်း။

၂၀ ပထမ​ရာစု​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​သော အမျိုးသမီး​အချို့​သည် ယေရှု​နှင့် တမန်​တော်​များ​ကို လုပ်ကျွေး​ခွင့်​ရရှိခဲ့​ကြသည်။ ထို​အမျိုးသမီးများ​သည် ယေဟောဝါ​၏​နှလုံးကို မည်သို့​ရွှင်ပြုံး​စေ​ခဲ့​ကြောင်း နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ပါ​မည်၊ ထို့နောက် ခက်ခဲ​သော​အခြေအနေ​များ​၌​ပင် ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့​အမှုထမ်း​ကြသော ယခု​ခေတ်​အမျိုးသမီးများ​၏​ပုံ​နမူနာကို သုံးသပ်ကြ​ပါ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 မဿဲ​မှတ်တမ်းတင်​ခဲ့​သော ယေရှု၏​ဆွေစဉ်မျိုးဆက်​စာရင်း​တွင် အမျိုးသမီး​လေးဦး​ဖြစ်သော တာ​မာ၊ ရာခပ်၊ ရုသ​နှင့် မာရိတို့၏​အမည်များ​ကို ဖော်ပြ​ထား​သည်။ သူတို့​အားလုံး​သည် သမ္မာကျမ်းစာ​တွင် အလွန်​တန်ဖိုး​ထား​လေးစား​ခံရ​ကြသည်။—မဿဲ ၁:၃၊ ၅၊ ၁၆

ပြန်လည်​သုံးသပ်ခြင်း

အောက်​ဖော်ပြ​ပါ​အမျိုးသမီးများ​သည် ယေဟောဝါ​၏​နှလုံးကို မည်သို့ ရွှင်ပြုံး​စေ​ခဲ့​ကြ​သနည်း။

ရှိ​ဖ​ရ​နှင့် ပု​အာ

ရာခပ်

အဘိဂဲလ

ဇရတ္တ​မြို့သူ​မုဆိုးမ

အဆိုပါ​အမျိုးသမီးများ​၏​ပုံသက်သေ​များ​ကို တွေးတော ဆင်ခြင်ခြင်း​က ကျွန်ုပ်​တို့​တစ်ဦးစီ​ကို မည်သို့​ကူညီပေး​နိုင် သနည်း။ ရှင်းပြပါ။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

တည်ကြည်သော​အမျိုးသမီးများ​စွာ​တို့သည် “ရှင်ဘုရင်​အမိန့်” တားမြစ်​သည့်​ကြား ဘုရားသခင့်​အမှုတော်ထမ်း​ခဲ့​ကြ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ရာခပ်​သည် ယုံကြည်ခြင်း ရှိသူ​တစ်ဦး​အဖြစ် အဘယ်ကြောင့် ပုံသက်သေ​ကောင်း​ဖြစ်သနည်း

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အဘိဂဲလ​တင်ပြ​ခဲ့​သော အဘယ်​အရည်အသွေးများ​ကို သင်​တုပ​လို​သနည်း

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယနေ့ ခရစ်ယာန်​အမျိုးသမီးများ​စွာ​တို့သည် ဇရတ္တ​မြို့သူ​မုဆိုးမ​၏ စိတ်ဓာတ်​ကို တင်ပြ​နေကြ