မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေပရဒိသု ဖြစ်လာမည်ကို သင်ယုံနိုင်

ကမ္ဘာမြေပရဒိသု ဖြစ်လာမည်ကို သင်ယုံနိုင်

ကမ္ဘာ​မြေ​ပရဒိသု ဖြစ်လာ​မည်​ကို သင်​ယုံ​နိုင်

သန်းနှင့်ချီ​သူတို့သည် နောက်ဆုံး​တွင် ဤ​ကမ္ဘာ​မြေ​ကို စွန့်ခွာ​၍ ကောင်းကင်​သွား​ကြ​မည်​ဟု သမိုင်း​တစ်လျှောက် ယုံကြည်​လာ​ခဲ့​ကြသည်။ ဤ​ကမ္ဘာ​မြေပေါ် ကျွန်ုပ်​တို့ ထာဝစဉ်​နေထိုင်ဖို့ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​က တစ်ခါမျှ​မရည်ရွယ်ခဲ့​ဟု အချို့​က ယူဆကြ​၏။ ခြိုးခြံ​စွာ​ကျင့်ကြံ​သူများ​မူ ထို​ထက်​ပင် တစ်ဖက်​စွန်း​ရောက်​ကြ​၏။ ဤ​သူ​အများ​က ကမ္ဘာ​မြေ​နှင့် ပစ္စည်းဥစ္စာ​ရှိရှိသမျှ​သည် မနှစ်မြို့ဖွယ်​ရာ​ဖြစ်​ပြီး စစ်မှန်သော​ဝိညာဉ်​ရေး ကျေနပ်​အားရ​မှု​နှင့် ဘုရားသခင်​နှင့်​ရင်းနှီးမှု​ရှိ​ရန် အတားအဆီး​ဖြစ်စေ​၏​ဟု ယူမှတ်​ကြသည်။

အထက်ပါ​အယူအဆ​များ​ရှိသူတို့​သည် ကမ္ဘာ့​ပရဒိသု​အကြောင်း ဘုရားသခင်​မိန့်ဆို​ရာ​တို့ကို မသိ​ရှိကြ​ချေ၊ သို့​မဟုတ် တမင်တကာ​လျစ်လျူရှု​ထား​ကြ​၏။ အမှန်​ဆို​ရ​လျှင် ဘုရားသခင်​သည် မိမိ၏​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​တွင် ဤ​အကြောင်းအရာကို မည်သို့​မှတ်တမ်းတင်​ရေးသား​စေ​ခဲ့​ကြောင်း ဆန်းစစ်​ကြည့်​ဖို့ ယနေ့ လူအများ စိတ်မဝင်စား​ကြ​ချေ။ (၂ တိမောသေ ၃:၁၆၊ ၁၇) သို့သော် လူတို့၏​သီအိုရီ​များ​ကို ခံယူ​မည့်​အစား ဘုရားသခင့်​စကားတော်​ကို သက်ဝင်​ယုံကြည်ခြင်းက ပညာရှိရာ​ရောက်​သည်မဟုတ်​ပေ​လော။ (ရောမ ၃:၄) အမှန်​မှာ၊ ထိုသို့​သက်ဝင်​ယုံကြည်​ရန် အလွန်​အရေးကြီး​၏၊ အကြောင်း​မှာ တန်ခိုး​ကြီး​ပြီး မျက်မြင်မရ မကောင်းဆိုးဝါး​တစ်ဦး​သည် ဝိညာဉ်​ရေး​အရ လူတို့၏​ဉာဏ်​မျက်စိ​ကို ကွယ်ထား​ပြီး ယခု “ဤ​လောက​တစ်နိုင်ငံ​လုံး​ကို လှည့်ဖြား” လျက်​ရှိကြောင်း သမ္မာကျမ်းစာ​က သတိပေး​ထား​၏။—ဗျာ. ၁၂:၉; ၂ ကောရိန္သု ၄:၄

အဘယ်ကြောင့် ရှုပ်ထွေး​ရသနည်း

ဝိညာဉ်​နှင့်​ပတ်သက်​သည့် ဆန့်ကျင်​ကွဲပြား​သော အယူအဆ​များ​က ဤ​ကမ္ဘာ​မြေ​နှင့်​စပ်လျဉ်း၍ ဘုရားသခင်​၏​ရည်ရွယ်ချက်ကို ရှုပ်ထွေး​စေ​ခဲ့​သည်။ လူ့​ကိုယ်ခန္ဓာ​နှင့်​သီးခြား​ရှိပြီး မသေ​ဘဲ အသက်ရှင်​ကျန်ရစ်​သည့် မသေ​နိုင်သော​ဝိညာဉ် ကျွန်ုပ်​တို့​တွင်​ရှိ၏​ဟု လူအများ​က ယုံကြည်​ကြသည်။ အခြားသူများ​က​မူ ဝိညာဉ်​သည် လူ့​ကိုယ်ခန္ဓာ​ကို မဖန်ဆင်းမီ​ကတည်းက ရှိ​နှင့်​သည်​ဟု ယုံကြ​၏။ အကိုးအကား​စာအုပ်​တစ်အုပ်​အရ “ဝိညာဉ်​သည် ကောင်းကင်​တွင် ကျူးလွန်​ခဲ့​သော အပြစ်​များ​အတွက် ဒဏ်ပေး​ခံရ​သည့်​အနေ​ဖြင့် ခန္ဓာကိုယ်​တွင်း ချုပ်နှောင်​ခြင်း​ခံရ​သည်” ဟူ၍ ဂရိ​အတွေးအခေါ်​ပညာရှင် ပ​လေ​တို​က ယူဆ​ခဲ့​ကြောင်း​ဆို​၏။ ထို​နည်းတူ တတိယ​ရာ​နှစ်​မှ ခရစ်ယာန်​ဓမ္မ​ပညာရှင် ဩ​ရီ​ဂျင်​က “ဝိညာဉ်​များသည် ခန္ဓာကိုယ်​တစ်ခု​နှင့် မ​ပေါင်းစပ်​မီ [ကောင်းကင်​တွင်] အပြစ်​ကျူးလွန်​ခဲ့” ရာ “၎င်းတို့၏​အပြစ်​များ​အတွက် ဒဏ်ပေး​ခံရ​သည့်​အနေ​ဖြင့် [ကမ္ဘာ​မြေပေါ်​တွင် ထို​ခန္ဓာကိုယ်​အတွင်း] ချုပ်နှောင်​ခြင်း​ခံရ​သည်” ဟု​ဆို​ခဲ့​၏။ လူ​၏​ကောင်းကင်​ခရီးစဉ်​တွင် ဤ​ကမ္ဘာ​မြေ​သည် စမ်းသပ်​ရာ​အရပ်​မျှ​သာ​ဖြစ်၏​ဟု သန်းနှင့်ချီ​သူတို့က ယူမှတ်​ကြ​၏။

လူတစ်ဦး​သေဆုံးသော​အခါ ဝိညာဉ်​မည်သို့​ဖြစ်သွား​ကြောင်း​နှင့်​ပတ်သက်​၍​လည်း အယူအဆ​အမျိုးမျိုး​ရှိ၏။ အနောက်​တိုင်း​အတွေးအခေါ်​ပညာ​သမိုင်း စာအုပ်​အရ အီဂျစ်လူ​တို့​က “လူသေ​၏​ဝိညာဉ်​သည် မြေအောက်​ကမ္ဘာ​သို့ ရောက်ရှိ​သွား​သည်” ဟု​ယူဆကြ​၏။ နောက်ပိုင်း​တွင် အတွေးအခေါ်​ပညာရှင်​များ​က “လူသေ​၏​ဝိညာဉ်​သည် အမှောင်​မြေအောက်​ကမ္ဘာ​သို့ မ​ရောက်​ဘဲ အမှန်​မှာ ပိုမို​အဆင့်မြင့်​ကောင်းကင်​ဝိညာဉ်ဘုံ​သို့ တက်​သွား​သည်” ဟူ၍ အငြင်းပွား​ခဲ့​ကြ​၏။ လူသေ​၏​ဝိညာဉ်​သည် “မျက်မြင်မရ​လောက​သို့ ရောက်ရှိ​သွားပြီး . . . နတ်​ဘုရား​များနှင့် အတူ​နေသည်” ဟု ဂရိ​အတွေးအခေါ်​ပညာရှင် ဆို​က​ရေး​တီး​က ဖော်ပြ​၏။

သမ္မာကျမ်းစာ​က မည်သို့​ဆို​သနည်း

လူ​တို့​တွင် မသေ​နိုင်သော​ဝိညာဉ်​ရှိသည်​ဟူ၍ ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​၏ မည်သည့်​နေရာ၌​မျှ မ​တွေ့ရ​ချေ။ ကမ္ဘာဦး ၂:၇ ပါ​မှတ်တမ်း​ကို အသင်​ကိုယ်တိုင်​ဖတ်ပါ။ “ထာဝရ​အရှင်​ဘုရားသခင်​သည် မြေမှုန့်​ဖြင့် လူကို​ဖန်ဆင်း​၍ သူ၏​နှာခေါင်း​ထဲ​သို့ ဇီဝ​အသက်ကို မှုတ်​တော်​မူလျှင် လူသည် အသက်ရှင်​သော​သတ္တဝါ [“ဝိညာဉ်​စိုးလ်၊” က​ဘ] ဖြစ်​လေ​၏” ဟု​ဆို​သည်။ ၎င်း​သည် ရှင်းလင်း​ပြတ်သား​ပါ​သည်။ ဘုရားသခင်​သည် ပထမ​လူသား​အာဒံ​ကို ဖန်ဆင်း​ချိန်​တွင် သူ၏​ခန္ဓာကိုယ်​ထဲ ရုပ်​မဲ့​ပစ္စည်း​တစ်မျိုး​တစ်​မည် မ​ထည့်သွင်း​ပေး​ခဲ့​ချေ။ အကြောင်း​မှာ သမ္မာကျမ်းစာ​က “လူသည် အသက်ရှင်​သော​သတ္တဝါ [“ဝိညာဉ်​စိုးလ်၊” က​ဘ] ဖြစ်​လေ​၏” ဟု​ဆို​ထား​သည်။ ထို​သူ​တွင် ဝိညာဉ်​စိုးလ်​မရှိ​ချေ။ သူ​ကိုယ်နှိုက် ဝိညာဉ်​စိုးလ်​ဖြစ်၏။

ယေဟောဝါ​သည် ကမ္ဘာ​မြေ​နှင့် လူ့​မိသားစုကို ဖန်ဆင်း​ရာ​တွင် လူသေ​ဖို့ တစ်ခါမျှ မရည်ရွယ်ခဲ့​ချေ။ လူတို့သည် ပရဒိသု​အခြေအနေ​ရှိ ကမ္ဘာ​မြေပေါ်​တွင် ထာဝစဉ်​နေထိုင်သွား​ရန် ဘုရားသခင် ရည်ရွယ်​တော်​မူ​၏။ ဘုရားသခင်​၏​ပညတ်​ကို အာဒံ မနာခံ​၍​သာ သေဆုံး​ခဲ့​ရခြင်း​ဖြစ်သည်။ (ကမ္ဘာဦး ၂:၈၊ ၁၅-၁၇; ၃:၁-၆; ဟေရှာယ ၄၅:၁၈) ပထမ​လူသား သေဆုံးသော​အခါ သူသည် ဝိညာဉ်ဘုံ​တစ်ခုခု​သို့ ရောက်သွား​သလော။ မ​ရောက်​ပါ! ဝိညာဉ်​စိုးလ်​အာဒံသည် သူ့ကို ဖန်ဆင်း​ခဲ့​သည့် သက်မဲ့​မြေမှုန့်​ဘဝသို့ ပြန်ရောက်​သွား​သည်။—ကမ္ဘာဦး ၃:၁၇-၁၉

ကျွန်ုပ်​တို့အားလုံး​သည် ဘိုးဘေး​အာဒံ​မှ အပြစ်​နှင့်​သေခြင်းကို အမွေ​ရခဲ့​ကြသည်။ (ရောမ ၅:၁၂) ဤ​သေခြင်း​သည် အသက်ရှင်​တည်ရှိမှု ရပ်စဲ​ခြင်း​ဖြစ်သည်၊ အာဒံ​အသက်ရှင်​မှု ရပ်သွား​သကဲ့သို့ပင်။ (ဆာလံ ၁၄၆:၃၊ ၄) အမှန်​ဆို​ရ​လျှင် သမ္မာကျမ်းစာ​၏ ၆၆ စောင်​စ​လုံး​တွင် “ဝိညာဉ်​စိုးလ်” ကို “မသေ​နိုင်သော” သို့​မဟုတ် “ထာဝစဉ်” ဟူသော စကားလုံး​များနှင့် တစ်ခါမျှ ချိတ်ဆက် မဖော်​ပြ​ထား​ချေ။ ၎င်း​အစား၊ ကျမ်းစာ​က ဝိညာဉ်​စိုးလ်​ဖြစ်သော လူသည် သေ​နိုင်၏​ဟု ရှင်းလင်း​ပြတ်သား​စွာ ဖော်ပြ​သည်။ ဝိညာဉ်​စိုးလ် သေ​၏။—ဒေ. ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄

ပစ္စည်းဥစ္စာ​များ မနှစ်မြို့ဖွယ်​ရာ​များ​လော

ကမ္ဘာ​မြေ​အပါအဝင် ပစ္စည်းဥစ္စာ​များသည် မနှစ်မြို့ဖွယ်​ရာ​ဖြစ်သည်​ဟူသော အယူအဆ​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ စီ.အီး. တတိယ​ရာစု​တွင် ပါးရှား​နိုင်ငံ​မှ မာ​နီ​ဆို​သူ တည်ထောင်​ခဲ့​သော ဝတ်ပြုရေး​အဖွဲ့ မာ​နီ​ခေ​အစ်​ဇ​မ်​၏ နောက်လိုက်​များသည် ထို​အယူအဆကို ခံယူ​ခဲ့​ကြ​၏။ ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း​သစ် က​ဤသို့​ဆို​သည်– “လူ​တို့​အမွေ​ရထား​သော ပူဆွေး​ဝမ်းနည်းဖွယ် အခြေအနေ​ကြောင့် မာ​နီ​ခေ​အစ်​ဇ​မ်​ဘာသာ​တရား ပေါ်ထွက်​လာ​ခြင်း​ဖြစ်သည်။” လူ​ဖြစ်​ရခြင်း​သည် “သဘာဝ​မကျ၊ မခံမရပ်​နိုင်​စ​ရာ၊ လုံးဝ​မနှစ်မြို့ဖွယ်​ရာ” ဖြစ်၏​ဟု မာ​နီ​ယူဆ​ခဲ့​သည်။ အဆိုပါ​ပူဆွေး​ဝမ်းနည်းဖွယ်​အခြေအနေ​မှ လွတ်မြောက်​ရန် တစ်ခု​တည်း​သော​နည်းလမ်း​မှာ ထို​ဝိညာဉ်​သည် ကိုယ်ခန္ဓာ​မှ​ထွက်၍ ကမ္ဘာ​မြေ​ကို​စွန့်ပြီး ဝိညာဉ်​လောကတွင် ဝိညာဉ်​ဘဝ​ရရှိရန်​ဖြစ်သည်​ဟူ၍လည်း သူ​ခံယူ​ခဲ့​၏။

ယင်း​နှင့်​ဆန့်ကျင်​၍ သမ္မာကျမ်းစာ​ဆို​သည်​မှာ ကမ္ဘာ​မြေ​နှင့် လူကို ဘုရားသခင် ဖန်ဆင်း​ချိန်​က “ဖန်ဆင်း​သမျှ​သော​အရာ​တို့” သည် “အလွန်​ကောင်း​သည်” ဟူ၍ ကိုယ်တော်​ရှုမြင်ခဲ့​၏။ (ကမ္ဘာဦး ၁:၃၁) ထို​အချိန်တွင် လူသားများ​နှင့် ဘုရားသခင်​စပ်ကြား အဘယ်​အတားအဆီး​မျှ မရှိခဲ့​ချေ။ စုံလင်သော​လူသား ယေရှု​ခရစ်​သည် ကောင်းကင်​ခမည်းတော်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိသကဲ့သို့​ပင် အာဒံ​နှင့်​ဧဝ​တို့သည်​လည်း ယေဟောဝါ​နှင့် ရင်းနှီး​စွာ​ဆက်ဆံ​ခဲ့​ကြသည်။—မဿဲ ၃:၁၇

ကျွန်ုပ်​တို့၏​ကနဦး​မိဘ အာဒံ​နှင့်​ဧဝ​တို့သည် အပြစ်​မပြု​ခဲ့​လျှင် သူတို့သည် ကမ္ဘာ့​ပရဒိသု​တွင် ယေဟောဝါ​ဘုရားသခင်​နှင့် ထာဝစဉ်​ရင်းနှီး​စွာ ဆက်ဆံ​ရ​ကြလိမ့်မည်။ သူတို့သည် ပရဒိသု​တွင် ဘဝ​စ​ခဲ့​ကြသည်၊ အကြောင်း​မှာ သမ္မာကျမ်းစာ​က “ထာဝရ​အရှင်​ဘုရားသခင်​သည်လည်း အရှေ့​မျက်နှာ ဧဒင်​အရပ်၌ ဥယျာဉ်​ကို​စိုက်​ပျိုး​ပြီး​လျှင် ဖန်ဆင်း​တော်​မူ​သော​လူကို ထို​ဥယျာဉ်​၌ နေရာချ​တော်​မူ​၏” ဟု​ဆို​သည်။ (ကမ္ဘာဦး ၂:၈) ထို​ပရဒိသု​ဥယျာဉ်​၌​ပင် ဧဝ​ကို ဖန်ဆင်း​တော်​မူ​ခဲ့​၏။ အကယ်၍ အာဒံ​နှင့်​ဧဝ​တို့​သာ အပြစ်​မပြု​ခဲ့​လျှင် သူတို့နှင့် သူတို့၏​စုံလင်သော သားစဉ်မြေးဆက်​များသည် ကမ္ဘာ​မြေ​တစ်ဝန်း ပရဒိသု​ဖြစ်လာ​သည့်​အထိ ပျော်ရွှင်စွာ အတူတူ​လုပ်ဆောင်ကြ​လိမ့်​မည်။ (ကမ္ဘာဦး ၂:၂၁; ၃:၂၃၊ ၂၄) ကမ္ဘာ့​ပရဒိသု​သည် လူသား​တို့ ထာဝစဉ်​နေထိုင်ရာ​စံအိမ် ဖြစ်​လိမ့်​မည်။

ကောင်းကင်​သို့ အချို့ အဘယ်ကြောင့်​သွား​ကြ​သနည်း

‘ဒါပေမဲ့ ကောင်းကင်​သွားမယ့်​သူတွေ​အကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​ထား​တယ်​မဟုတ်လား’ ဟု​သင်​ဆို​ပေမည်။ မှန်ပါသည်။ အာဒံ​အပြစ်ပြု​ပြီး​နောက် ယေဟောဝါ​သည် ကောင်းကင်​နိုင်ငံတော်​တည်ထောင်​ရန် ရည်ရွယ်​တော်​မူ​၏၊ ထို​တွင် အာဒံ​၏​သားစဉ်မြေးဆက်​အချို့​သည် ယေရှု​ခရစ်​နှင့်အတူ ‘မြေကြီးကို​စိုးစံ’ ကြ​ရ​လိမ့်​မည်။ (ဗျာ. ၅:၁၀; ရောမ ၈:၁၇) သူတို့သည် ကောင်းကင်​တွင် မသေ​နိုင်သော​အသက်တာ​ရဖို့ ရှင်ပြန်ထမြောက်​လာ​ကြလိမ့်မည်။ နောက်ဆုံး​တွင် သူတို့၏​အရေအတွက်​သည် ၁၄၄,၀၀၀ ဖြစ်​ပြီး သူတို့​ထဲ​မှ ပထမဦးဆုံး​သော​သူများ​မှာ ယေရှု၏​တည်ကြည်သော ပထမ​ရာစု​တပည့်​များ​ဖြစ်​ကြ​၏။—လုကာ ၁၂:၃၂; ၁ ကောရိန္သု ၁၅:၄၂-၄၄; ဗျာ. ၁၄:၁-၅

သို့ရာတွင် ဖြောင့်မတ်​သူများ ကမ္ဘာ​မြေ​ကို​စွန့်​၍ ကောင်းကင်​တက်​သွားခြင်း​သည် ဘုရားသခင်​၏ မူလ​ရည်ရွယ်ချက်​မဟုတ်​ချေ။ ယေရှု ကမ္ဘာ​ပေါ်​ရှိ​စဉ် ကိုယ်တော်​သည် “ကောင်းကင်ဘုံ​က ဆင်းသက်​၍ ကောင်းကင်ဘုံ​၌​ရှိနေ​သော လူသား​မှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံ​သို့​မ​တက်” ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၃:၁၃) “လူသား” ယေရှု​ခရစ်​အားဖြင့် ဘုရားသခင်​သည် ယေရှု၏​ပူဇော်ရာ​ယဇ်ကို ယုံကြည်သူများ ထာဝရ​အသက်​ရရှိ​စေနိုင်​ရန် ရွေးနုတ်ဖိုး​ကို စီစဉ်​ပေး​တော်​မူ​ခဲ့​သည်။ (ရောမ ၅:၈) သို့ရာတွင် ဤ​သန်းနှင့်ချီ​သူတို့သည် အဘယ်​နေရာတွင် ထာဝစဉ်​နေထိုင်ကြ​မည်​နည်း။

ဘုရားသခင်​၏​မူလ​ရည်ရွယ်ချက် ပြည့်စုံ​လိမ့်​မည်

ကောင်းကင်​နိုင်ငံတော်​တွင် ယေရှု​ခရစ်​နှင့်အတူ တွဲဖက်​အုပ်ချုပ်​သူများ​အဖြစ် လူ့​မိသားစု​မှ​အချို့​ကို ခေါ်ယူ​ရန် ဘုရားသခင်​ရည်ရွယ်​ခဲ့​သော်လည်း ယင်းကြောင့် လူကောင်း​အားလုံး ကောင်းကင်​သွား​ရမည်ဟု မဆိုလို​ချေ။ ယေဟောဝါ​သည် ဤ​ကမ္ဘာ​မြေ​ကို လူ့​မိသားစု​၏ ပရဒိသု​စံအိမ်​ဖြစ်စေ​ရန် ဖန်ဆင်း​ခဲ့​ခြင်း​ဖြစ်သည်။ ဘုရားသခင်​သည် ထို​မူလ​ရည်ရွယ်ချက်ကို များ​မကြာမီ ပြည့်စုံ​စေ​လိမ့်​မည်။—မဿဲ ၆:၉၊ ၁၀

ယေရှု​ခရစ်​နှင့် ကိုယ်တော်​၏​ကောင်းကင်​တွဲဖက်​အုပ်ချုပ်​သူများ​၏ လက်အောက်​၌ ဤ​ကမ္ဘာ​ပေါ်​တွင် ငြိမ်သက်မှု​နှင့် ပျော်ရွှင်မှု ရှိပါ​လိမ့်​မည်။ (ဆာလံ ၃၇:၉-၁၁) ဘုရားသခင်​၏​မှတ်ဉာဏ်​၌​ရှိ​သူများ ထမြောက်​လာကြပြီး လုံးဝ​ကောင်းသော ကျန်းမာ​ရေး ခံစား​ကြ​ရ​လိမ့်​မည်။ (တမန်​တော် ၂၄:၁၅) နာခံမှု​ရှိသူတို့​သည် ဘုရားသခင်​ကို တည်ကြည်​ကြသော​ကြောင့် ကျွန်ုပ်​တို့၏​ကနဦး​မိဘများ ဆုံးရှုံး​ခဲ့​သည့် ပရဒိသု​ကမ္ဘာ​မြေပေါ်​တွင် စုံလင်​သူများ​အဖြစ် ထာဝစဉ်​စံစား​ကြ​ရ​လိမ့်​မည်။—ဗျာ. ၂၁:၃၊ ၄

ယေဟောဝါ​ဘုရားသခင်​သည် ရည်ရွယ်​တော်​မူ​သည့်​အတိုင်း ဖြစ်မြောက်​စေ​၏။ ကိုယ်တော်​၏​ပရောဖက်​ဟေရှာယ​အားဖြင့် ဤသို့​ကြေညာ​ခဲ့​သည်– “မိုး​ရေ​နှင့်​မိုး​ပွင့်​တို့သည် မိုးကောင်းကင်​မှ​ဆင်းသက်​၍ နောက်​တစ်ဖန်​မပြန်၊ မြေ​သည် မျိုးစေ့ကြဲ​သော​သူအား မျိုးစေ့ကို​လည်းကောင်း၊ အစာစား​သော​သူအား အစာကို​လည်းကောင်း ပေး​မည်​အကြောင်း မြေ​ကို​စို​စေ​သဖြင့် အပင်ပေါက်​စေ​၍ အသီးကို​သီး​စေ​သကဲ့သို့၊ ထို​အတူ ငါ​၏​နှုတ်[မြွက်]စကား​သည် ဖြစ်​လိမ့်​မည်။ အကျိုးမရှိ​ဘဲ ငါ့​ထံ​သို့​မပြန်​ရ။ ငါ့​အလိုကို ပြည့်စုံ​စေမည်။ ငါ​စေခိုင်း​သော​အမှု၌ အောင်​လိမ့်​မည်။”—ဟေရှာယ ၅၅:၁၀၊ ၁၁

ပရဒိသု​ကမ္ဘာ​မြေပေါ်​တွင် အဘယ်​သို့​နေထိုင်​ရမည်ကို ဟေရှာယကျမ်း​မှ ကျွန်ုပ်​တို့ ကြိုသိ​ရသည်။ ပရဒိသု​တွင်​နေထိုင်သူ မည်သူ​မဆို “ငါ​နာ​သည်” ဟု​ပြောဆို​ကြ​မည်​မဟုတ်ပေ။ (ဟေရှာယ ၃၃:၂၄) တိရစ္ဆာန်​များသည် လူကို အန္တရာယ်​ပြု​တော့​မည်​မဟုတ်။ (ဟေရှာယ ၁၁:၆-၉) လူတို့သည် လှပသော​အိမ်များ​ကို ဆောက်လုပ်​နေထိုင်ကြ​ပြီး ကောက်ပဲသီးနှံ​များ​ကို စိုက်​ပျိုး​၍ စိတ်တိုင်းကျ စားသုံး​ကြ​ရ​လိမ့်​မည်။ (ဟေရှာယ ၆၅:၂၁-၂၅) ထို့​ပြင် ဘုရားသခင်​သည် ‘သေခြင်းကို​လည်း နစ်မွန်း​ဆုံးရှုံး​စေတော်မူ​လိမ့်​မည်။ အရှင်​ထာဝရ​ဘုရားသခင်​သည်လည်း ခပ်သိမ်း​သော​မျက်နှာ​တို့​မှ မျက်ရည်​ကို သုတ်​တော်​မူ​လိမ့်​မည်။’—ဟေရှာယ ၂၅:၈

နာခံမှု​ရှိသူတို့​သည် ဤသို့​သော​ကောင်းချီး​များ​ကို များ​မကြာမီ ခံစားရ​တော့​မည်။ သူတို့သည် “ဘုရားသခင်​သားတို့​၏ ထူးမြတ်​သော လွတ်ခြင်း​ချမ်းသာ​တည်း​ဟူသော ဖောက်ပြန်​ပျက်စီးခြင်း​အနှောင်အဖွဲ့​မှ ကယ်လွှတ်​ချမ်းသာ​ကို ဝင်စား” ရတော့မည်။ (ရောမ ၈:၂၁) ကတိထားရာ​ကမ္ဘာ့​ပရဒိသု​တွင် ထာဝစဉ်​နေထိုင်​ရခြင်း​သည် တကယ့်ကို​ကောင်း​လိုက်​မည်​ဖြစ်​ခြင်း! (လုကာ ၂၃:၄၃) သင်သည် တိကျ​မှန်ကန်သော ကျမ်းစာ​အသိပညာ​အတိုင်း ပြုမူ​လုပ်ဆောင်​ပြီး ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့ကို ယုံကြည်​မည်​ဆိုလျှင် ထို​တွင် နေထိုင်​ရ​လိမ့်​မည်။ ထို့​ပြင် သင်သည် ကမ္ဘာ့​ပရဒိသု​ဖြစ်လာ​မည်​ကို ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ကမ္ဘာ​မြေ​ပရဒိသု​တွင် ထာဝစဉ်​နေထိုင်ရန် အာဒံ​နှင့်​ဧဝ​ကို ဖန်ဆင်း​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကမ္ဘာ​မြေ​ပရဒိသု​တွင် . . .

သူတို့ အိမ်များ​ဆောက်​ကြလိမ့်မည်

စပျစ်​ဥယျာဉ်​များ စိုက်​ကြလိမ့်မည်

သူတို့ကို ယေဟောဝါ ကောင်းချီး​ပေး​လိမ့်​မည်

[Picture Credit Line on page 4]

U.S. Fish & Wildlife Service, Washington, D.C./NASA