မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

နေ့သင့်နံသင့်​ကျောက်​မျက်​များ အသုံးပြုခြင်း​ကို ခရစ်ယာန်​များ မည်သို့​ရှုမြင်​အပ်​သနည်း။

ယဉ်ကျေးမှု​အချို့​တွင် နေ့သင့်နံသင့်​ကျောက်​မျက်​များ​ကို မွေးဖွား​သည့်​လ​နှင့်​ဆက်စပ်​ထား​ကြသည်။ ခရစ်ယာန်​တစ်ဦး​သည် ကျောက်​မျက်​လက်စွပ် ဝတ်​မည်​မ​ဝတ်​မည်​ကို ကိုယ်ပိုင်​ဆုံးဖြတ်​ရမည်။ (ဂလာတိ ၆:၅) ဆုံးဖြတ်​ရာ​တွင် စဉ်းစား​သုံးသပ်​ရမည့် အရေးကြီး​အချက်များ​ရှိပါ​သည်။

“နေ့သင့်နံသင့်​ကျောက်​မျက်​သည် မွေးဖွား​သည့်​ရက်စွဲ​နှင့် ဆက်နွှယ်​ပြီး အတိတ်​နိမိတ်​ကောင်း​စေ​သည် သို့​မဟုတ် ကျန်းမာ​ရေး​ကောင်း​စေ​သည်​ဟူ၍ ယူဆ​ကာ ဝတ်ဆင်​ကြသည်” ဟု​ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း က​ဖော်ပြ​သည်။ အဆိုပါ​ကိုးကား​ဖော်ပြချက်​က ဤသို့​ထပ်ဆင့်​ဆို​၏– “ကျောက်​မျက်​တချို့​သည် ထူးကဲ​သော အစွမ်း​များ​ရှိ၏​ဟု နက္ခတ်​ဗေဒင်​ဆရာများ ယူမှတ်ခဲ့​ကြသည်​မှာ ကြာမြင့်​ပြီ။” ထူး​သဖြင့် ရှေးခေတ်​က နေ့သင့်နံသင့်​ကျောက်​မျက် ဝတ်ဆင်​ထား​သူ​အတွက် အတိတ်​နိမိတ်​ကောင်း​စေနိုင်​သည်​ဟု လူအများ​က ယူမှတ်​ကြ​၏။ စစ်မှန်သော​ခရစ်ယာန်​တစ်ဦး​သည် ထိုသို့​ယူမှတ်​သလော။ မယူမှတ်​ပါ၊ အကြောင်း​မှာ ယေဟောဝါ​သည် မိမိ​အား စွန့်​သွား​သူများ​နှင့် ‘ကံ​ဘုရား’ အား ကိုးစား​သူများကို ပြစ်တင်​ရှုတ်ချ​ကြောင်း သိရှိ​ထားသော​ကြောင့်​ဖြစ်သည်။—ဟေရှာယ ၆၅:၁၁သ​မ။

အလယ်ခေတ်​က ဗေဒင်​ဆရာများ​သည် နှစ်​၏​လတိုင်း​အတွက် ကျောက်​မျက်​တစ်မျိုးစီ​ကို ရွေးချယ်​သတ်မှတ်​ခဲ့​ကြသည်။ သူတို့က မွေး​သည့်​လ​အတွက် ရွေးချယ်​ထားသော ကျောက်​မျက်​ကို ဝတ်ဆင်​ထား​လျှင် ဘေးကင်း​လုံခြုံမည်​ဟု​ဆို​ကာ ယင်းကို ဝတ်ဆင်​စေ​ခဲ့​ကြ​၏။ သို့ရာတွင် ဗေဒင်​ဆရာများ​ကို သမ္မာကျမ်းစာ​က အပြစ်တင်​ထား​ရာ သူတို့​ပြောဆို​သည့်​အတိုင်း ခရစ်ယာန်​များ လုပ်ဆောင်ခြင်း​သည် ကျမ်းစာ​အရ မှား​ပေမည်။—တရားဟောရာ ၁၈:၉-၁၂

နေ့သင့်နံသင့်​ကျောက်​မျက်​လက်စွပ်​ကို အထူး​အဓိပ္ပာယ်​ဖြင့် ခရစ်ယာန်​များ ဝတ်ဆင်​ထားခြင်း​သည်လည်း မသင့်​လျော်​ပေ။ ယေဟောဝါသက်သေ​များသည် မွေးနေ့ပွဲများ မ​ကျင်းပ​ကြ​ချေ။ ဤသို့​သော​ပွဲ​များသည် လူတစ်ဦးကို အလွန်အမင်း​အာရုံစိုက်​စေပြီး ကျမ်းစာ​တွင် မှတ်တမ်း​တင်ထားသော မွေးနေ့​များသည် ဘုရားသခင်​အား ဝတ်မပြု​ကြသော အုပ်စိုးရှင်​များ​၏​မွေးနေ့​များ​သာ​ဖြစ်သော​ကြောင့်​တည်း။—ကမ္ဘာဦး ၄၀:၂၀; မဿဲ ၁၄:၆-၁၀

နေ့သင့်နံသင့်​ကျောက်​မျက်​လက်စွပ် ဝတ်ဆင်​ထားခြင်း​သည် ဝတ်ဆင်​သူ၏​ဥပဓိရုပ်​ကို အကျိုးပြု​စေ​သည်​ဟု လူ​အချို့​က ယူမှတ်​ကြ​၏။ သို့သော် ယင်းကို ခရစ်ယာန်စစ်​များ မယုံကြ​ချေ၊ အကြောင်း​မှာ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​၏ လွှမ်းမိုးမှုကို​ခံယူ​ပြီး ကျမ်းစာ​မူများ​ကို လိုက်နာ​ကျင့်သုံး​ခြင်း​အားဖြင့်​သာ “ဥပဓိရုပ်​သစ်” ကို​ယူတင်​ဝတ်ဆင်​နိုင်​ကြောင်း သဘောပေါက်​ထား​၏။—ဧဖက် ၄:၂၂-၂၄က​ဘ။

အလွန်​အရေးပါသော​အချက်​ကား ရည်ရွယ်ချက်​ဖြစ်၏။ ခရစ်ယာန်​တစ်ဦး​သည် နေ့သင့်နံသင့် ကျောက်​မျက်​လက်စွပ်​ကို ဝတ်​သင့်၊ မ​ဝတ်​သင့်​ဆုံးဖြတ်​ရာ​တွင် မိမိကိုယ်ကို ဤသို့​မေး​ရမည်– ‘နေ့သင့်နံသင့်​ကျောက်​မျက်​ဖြစ်နေ​သော်လည်း ဤ​ကျောက်​မျက်​လက်စွပ်​ကို အကျွန်ုပ်​ကြိုက်​နှစ်သက်၍​သာ ဝတ်ဆင်​လို​ခြင်း​လော။ သို့​မဟုတ် ထိုသို့​သော​ကျောက်​မျက်​များနှင့် စပ်လျဉ်း၍ လူ​အချို့​တွင်​ရှိသည့် အယူသီးမှု​များ​က အကျွန်ုပ်​ကို အတော်အတန် လွှမ်းမိုး​ထား​၍​လော။’

ခရစ်ယာန်​တစ်ဦး​သည် မိမိ​ရည်ရွယ်ချက်ကို​စိစစ်​ရန် သူ၏​နှလုံးကို ဆန်းစစ်​သင့်​သည်။ “နှလုံး​သည် အသက်​၏​အခြေအမြစ်​ဖြစ်သော​ကြောင့် သင်၏​နှလုံးကို အထူးသဖြင့် စောင့်ရှောက်​လော့” ဟု​သမ္မာကျမ်းစာ​က ဆို​၏။ (သု. ၄:၂၃) ခရစ်ယာန်​တိုင်း​သည် နေ့သင့်နံသင့်​ကျောက်​မျက်​များနှင့်​ပတ်သက်​၍ ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ချ​ရာ​တွင် မိမိ၏​ရည်ရွယ်ချက်​အပြင် မိမိ​လုပ်ရပ်​ကြောင့် မိမိကိုယ်ကို​နှင့် သူတစ်ပါး​အပေါ် အကျိုး​သက်ရောက်​နိုင်​မှုများ​ကို စဉ်းစား​သုံးသပ်​လျှင် ကောင်း​ပေမည်။—ရောမ ၁၄:၁၃