မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တပည့်များဖြစ်စေရန် ဟောပြောလော့

တပည့်များဖြစ်စေရန် ဟောပြောလော့

တပည့်​များ​ဖြစ်စေ​ရန် ဟောပြော​လော့

“အာကုလ​နှင့် ပြစ်ကိလ​တို့သည် [အာပေါလု] ၏​စကား​ကို​ကြား​သောအခါ၊ သူ့ကို​ယူ၍ ဘုရားသခင်​၏[ခရစ်ယာန်]ဘာသာ​တရားကို သာ၍​သေချာ​စွာ​သင်ကြား​ကြ​၏။”—တမန်​တော် ၁၈:၂၆

၁။ (က) အာပေါလု​သည် “စိတ်အားကြီး” သော်လည်း အဘယ်အရာ​လိုအပ်​ခဲ့​သနည်း။ (ခ) အာပေါလု​သည် ဝိညာဉ်​ရေး​ဘက် မပြည့်​မ​စုံ​ဖြစ်နေ​ခြင်း​ကို ဖြည့်ဆည်း​ရန် အဘယ်အရာ​လိုအပ်​ခဲ့​သနည်း။

ဧဖက်​မြို့ရှိ တရား​ဇရပ်​တစ်ခု​တွင် အာပေါလု​ဟောပြောနေ​သည်ကို ပထမ​ရာစု​မှ ခရစ်ယာန်​မောင်နှံစုံ ပြစ်ကိလ​နှင့် အာကုလ​တို့ မြင်တွေ့ခဲ့ကြ​သည်။ အာပေါလု​သည် စကားပြော​ကောင်းခြင်း​နှင့် သွေးဆောင်နိုင်စွမ်း​တို့​ဖြင့် ပရိသတ်​၏​အာရုံ​ကို ဖမ်းစား​ခဲ့​သည်။ သူသည် “စိတ်အားကြီး” သူ​ဖြစ်​ပြီး ‘ယေရှု​အကြောင်း စေ့စေ့​ဟောပြော​၍ သင်ကြား’ ခဲ့​၏။ သို့သော် အာပေါလု​သည် “ယောဟန်​၏​ဗတ္တိဇံ​ကို​သာ​သိ” ထားခဲ့​ကြောင်း သိသာ​ထင်ရှား​သည်။ ခရစ်တော်​နှင့်​ပတ်သက်​၍ အာပေါလု​ဟောပြောခဲ့​သော အကြောင်းအရာ​သည် မှန်ကန်​ခဲ့​ပါ​သည်။ သို့သော် မပြည့်စုံခဲ့​ပါ။ ယေဟောဝါ​၏​ရည်ရွယ်ချက် အကောင်အထည်​ပေါ်လာ​ရေး​တွင် ယေရှု​ခရစ်​၏​အခန်းကဏ္ဍကို အာပေါလု တိုး​သိ​နားလည်​ဖို့​လို​နေ​သေး​သည်။—တမန်​တော် ၁၈:၂၄-၂၆

၂။ ပြစ်ကိလ​နှင့် အာကုလ​တို့သည် အဘယ်​ခက်ခဲ​သော​လုပ်ငန်း​တစ်ခု​ကို လက်ခံခဲ့​ကြ​သနည်း။

ပြစ်ကိလ​နှင့် အာကုလ​တို့သည် အာပေါလု​အား ခရစ်တော်​မိန့်မှာ​ထား​ရာ ‘မှန်သမျှ’ ကို လိုက်နာ စောင့်ရှောက်​နိုင်​သူ​တစ်ဦး​ဖြစ်လာ​စေရန် ကူညီ​ဖို့​အသင့်​ရှိခဲ့​ကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) သူတို့သည် အာပေါလုကို “ယူ၍ ဘုရားသခင်​၏[ခရစ်ယာန်]ဘာသာ​တရားကို သာ၍​သေချာ​စွာ​သင်ကြား​ကြ​၏” ဟု​မှတ်တမ်းက​ဆို​သည်။ သို့သော် အာပေါလုကို သင်ကြား​ပေး​ရန် အချို့​ခရစ်ယာန်​များ ဝန်​လေး​ခဲ့​ကြ​မည့် အကြောင်း​အချို့​ရှိခဲ့​သည်။ အဘယ်​အကြောင်း​များ​နည်း။ အာပေါလု​နှင့် ကျမ်းစာ​ကို အပတ်တကုတ်​ဆွေးနွေး​ခဲ့​ကြသော ပြစ်ကိလ​နှင့် အာကုလ​တို့၏​ကြိုးစား​မှု​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။ ဤ​သမိုင်းဝင်​အဖြစ်အပျက်​ကို ပြန်လည်​သုံးသပ်ခြင်းက အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ စ​ခြင်း​အပေါ် မည်သို့​အာရုံစိုက်​စေနိုင်​သနည်း။

လူ​တို့ကို အာရုံစိုက်ပါ

၃။ ပြစ်ကိလ​နှင့် အာကုလ​တို့သည် အာပေါလု​၏​နောက်ခံ​ကြောင့် သူ့ကို​သွန်သင်​ပေးဖို့ အဘယ်ကြောင့် မတွန့်​ဆုတ်​ခဲ့​သနည်း။

ဂျူး​မျိုးရိုး​မှ ပေါက်ဖွား​လာသော အာပေါလု​သည် အလက်ဇန္ဒြီးယား​မြို့၌ ကြီးပြင်း​လာပုံ​ရသည်။ အလက်ဇန္ဒြီးယား​မြို့​သည် ထို​စဉ်​က အီဂျစ်​၏​မြို့တော်​ဖြစ်​ပြီး ကမ္ဘာ​ကျော်​စာကြည့်တိုက်​တည်ရှိရာ၊ အဆင့်မြင့် ပညာ​သင်​ကျောင်း​များ​စုဝေးရာ​နေရာ​ဖြစ်၏။ ထို​မြို့တွင် ပညာရှင်​များစွာ​အပါအဝင် ဂျူး​ပြည်သား​များစွာ​ရှိသည်။ ယင်းကြောင့် ထို​မြို့တွင် စက်ပ်တွားဂျင့်​ကျမ်း​ဟု​လူသိ​များသော ဟေဗြဲ​ကျမ်း​စာစောင်​များ​၏ ဂရိ​ဘာသာပြန်​ကျမ်း ပေါ်ထွက်​လာ​သည်။ ယင်းကြောင့်​လည်း အာပေါလု​သည် “ကျမ်းစာ​၌​အား​ကြီးသော​သူ​ဖြစ်” ခြင်း​မှာ အဆန်း​မဟုတ်ပေ! အာကုလ​နှင့် ပြစ်ကိလ​တို့သည် တဲရှင်​ချုပ်​သူများ​ဖြစ်​ကြသည်။ အာပေါလု​၏ အဟောအပြော​ကောင်းမှု​ကြောင့် သူတို့​အကူအညီ​မပေး​ရဲ​ဘဲ ဖြစ်​ခဲ့​ကြ​သလော။ မဖြစ်ခဲ့​ကြ​ပါ။ သူတို့၌​မေတ္တာ​ရှိသောကြောင့် ထို​ပုဂ္ဂိုလ်၊ သူ၏​လိုအပ်ရာ​များနှင့် သူ့ကို မည်သို့​ကူညီပေး​နိုင်​ကြောင်း သုံးသပ်​ခဲ့​ကြသည်။

၄။ အာပေါလု​သည် သူလို​အပ်​နေသော​အကူအညီကို အဘယ်​နေရာတွင် မည်သို့​ရရှိခဲ့​သနည်း။

အာပေါလု​သည် မည်မျှ​ပင်​အဟောအပြော​ကောင်း​ပါစေ ညွှန်ကြားမှု​လိုအပ်​နေသည်။ သူလို​အပ်သော​အကူအညီကို မည်သည့်​တက္ကသိုလ်​တွင်​မျှ မ​တွေ့​နိုင်​ပါ၊ ခရစ်ယာန်​အသင်း​သူ​အသင်းသားများ​တွင်​သာ တွေ့​နိုင်​သည်။ အာပေါလု​သည် ဘုရားသခင်​၏​ကယ်တင်ခြင်း​အစီအစဉ်ကို သာ၍​တိကျ​မှန်ကန်​စွာ သိ​နားလည်စေ​မည့်​အချက်များ​မှ အကျိုး​ခံစားရ​တော့​မည်​ဖြစ်၏။ ပြစ်ကိလ​နှင့် အာကုလ​တို့သည် “သူ့ကို​ယူ၍ ဘုရားသခင်​၏[ခရစ်ယာန်]ဘာသာ​တရားကို သာ၍​သေချာ​စွာ​သင်ကြား​ကြ​၏။”

၅။ ပြစ်ကိလ​နှင့် အာကုလ​တို့၏ ဝိညာဉ်​ရေး​အကြောင်း အဘယ်အရာ​ပြော​နိုင်​သနည်း။

ပြစ်ကိလ​နှင့် အာကုလ​တို့သည် ဝိညာဉ်​ရေး​သန်စွမ်း​ပြီး ယုံကြည်ခြင်း​အခြေခိုင်​သူများ​ဖြစ်​ကြ​၏။ ဖြစ်​နိုင်​ဖွယ်​ရှိသည်​မှာ၊ သူတို့သည် ဆင်းရဲ၊ ချမ်းသာ​မရွေး၊ ပညာတတ်​ကို​ဖြစ်စေ၊ ကျွန်​တစ်ဦး​ကို​ဖြစ်စေ ‘သူတို့၏​မျှော်လင့်ခြင်း​၏​အကြောင်းကို မေးမြန်း​သော​သူ​ရှိသမျှ​တို့အား ပြန်​ပြော​ခြင်း​ငှာ အစဉ်မပြတ် အသင့်ရှိနေ’ ခဲ့​ကြသည်။ (၁ ပေတရု ၃:၁၅) အာကုလ​နှင့် သူ၏​ဇနီး​တို့သည် ‘ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို မှန်ကန်​စွာ​ကိုင်တွယ်’ နိုင်​ခဲ့​ကြသည်။ (၂ တိမောသေ ၂:၁၅) သူတို့သည် ကျမ်းစာ​ကို အလေးအနက် သင်ယူ​လေ့လာ​ထား​သူများ​ဖြစ်​ကြ​ကြောင်း ထင်ရှား​ပါ​သည်။ အာပေါလု​သည် နှလုံးကို​ထိမိ​သော၊ ‘အသက်ရှင်​၍ တန်ခိုး​နှင့်​ပြုပြင်​တတ်သော၊ ဘုရားသခင့်​နှုတ်မြွက်​စကားတော်’ ပေါ်​အခြေပြု​သည့် သွန်သင်ချက်​ကို အလွန်​တန်ဖိုး​ထား​လေးမြတ်​ခဲ့​သည်။—ဟေဗြဲ ၄:၁၂

၆။ အာပေါလု​သည် သူ​ရရှိခဲ့​သော​အကူအညီကို တန်ဖိုး​ထား​လေးစားကြောင်း မည်သို့​သိရ​သနည်း။

အာပေါလု​သည် သူ့​အား သွန်သင်ပေး​သူတို့၏ ပုံ​နမူနာကို တန်ဖိုး​ထား​လေးစား​ကာ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ သာ၍​ကျွမ်းကျင်​သူ​ဖြစ်လာ​ခဲ့​သည်။ အထူးသဖြင့် ဂျူး​ပြည်သူ​လူထု​အကြား သတင်းကောင်း​ကြွေးကြော်​ခြင်း​လုပ်ငန်း​တွင် သူသိ​ရှိလာ​သမျှ​ကို ကောင်းစွာ​အသုံးချ​ခဲ့​သည်။ အာပေါလု​သည် ခရစ်တော်​အကြောင်း ဂျူး​များ​ကို​သွေးဆောင်​ပြောဆို​ရာ​၌ အထူး​အသုံးဝင်သူ​ဖြစ်​ခဲ့​သည်။ သူသည် ‘ကျမ်းစာ​၌ အား​ကြီးသော​သူ’ ဖြစ်​သဖြင့် ရှေးခေတ်​မှ​ပရောဖက်​များ​အားလုံး ခရစ်တော်​ကြွလာခြင်း​ကို စောင့်မျှော်​ခဲ့​ကြ​ကြောင်း ဂျူး​တို့ကို သက်သေ​ထောက်ပြ​နိုင်​ခဲ့​သည်။ (တမန်​တော် ၁၈:၂၄နိုင်ငံတော်​စာ​ကြောင်း​ကြားညှပ်​ကျမ်း) ထို့နောက် အာပေါလု​သည် အခါယပြည်​သို့​သွား​၍ ထို​တွင် “ကျေးဇူးတော်​အားဖြင့် ယုံကြည်​သော​သူတို့ကို အလွန်​ထောက်မ​လေ​၏။ ယေရှုသည် ခရစ်တော်​ဖြစ်​တော်​မူ​ကြောင်းကို ကျမ်းစာ​အားဖြင့်​ထင်ရှား​စွာ​ပြ​၍၊ လူအပေါင်း​တို့​ရှေ့မှာ ယုဒ​လူတို့၏​စကား​ကို အားကြီး​စွာ​ပယ်ဖျက်​လေ​၏” ဟု​မှတ်တမ်းက​ဆက်​ပြော​သည်။—တမန်​တော် ၁၈:၂၇၊ ၂၈

အခြား​သွန်သင်​သူများ​၏​ပုံ​နမူနာ​မှ သင်ယူပါ

၇။ အာကုလ​နှင့် ပြစ်ကိလ​တို့သည် ကျွမ်းကျင်​သော​သွန်သင်​သူများ မည်သို့​ဖြစ်လာ​ခဲ့​ကြ​သနည်း။

အာကုလ​နှင့် ပြစ်ကိလ​တို့သည် သမ္မာကျမ်းစာ​ကို ကျွမ်းကျင်​စွာ​သွန်သင်ပေး​သူများ မည်သို့​ဖြစ်လာ​ခဲ့​ကြ​သနည်း။ ဝီရိယ​ရှိ​ရှိ ကိုယ်ပိုင်​လေ့လာမှု​ပြုပြီး အစည်းအဝေး​များ တက်ရောက်​ခဲ့​ခြင်း​အပြင် တမန်​တော်​ပေါလု​နှင့် သူတို့​အနီးကပ်​ပေါင်းသင်း​ခဲ့​ခြင်း​က​လည်း များစွာ​ထောက်ကူ​ခဲ့​ပေမည်။ ပေါလု​သည် ကောရိန္သု​မြို့ရှိ ပြစ်ကိလ​နှင့် အာကုလ​တို့၏​နေအိမ်​တွင် ၁၈ လ​တိုင် နေထိုင်ခဲ့​သည်။ သူတို့သည် တဲရှင်​များ​ကို အတူ​ချုပ်လုပ်၊ ပြုပြင်​ခဲ့​ကြသည်။ (တမန်​တော် ၁၈:၂၊ ၃) ထို​အတောအတွင်း ကျမ်းစာ​မှ နက်နဲ​သော​အကြောင်းအရာများ ဆွေးနွေး​နှီးနှော​ဖြစ်​ခဲ့​မည်​ကို မြင်ယောင်​ကြည့်​လိုက်ပါ။ ပေါလု​နှင့် ဤသို့​ပေါင်းဖော်​ရခြင်း​က သူတို့၏​ဝိညာဉ်​ရေး​ကို အမှန်ပင် တိုးတက်စေ​ခဲ့​မည်​တကား! “ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏” ဟု နယပုံပြင် ၁၃:၂၀ က​ဆို​သည်။ အပေါင်းအသင်းကောင်း​ခြင်း​က သူတို့၏​ဝိညာဉ်​ရေး​အလေ့အထ​ကို ကောင်းကျိုး​ပြု​ခဲ့​သည်။—၁ ကောရိန္သု ၁၅:၃၃

၈။ ပြစ်ကိလ​နှင့် အာကုလ​တို့သည် ဓမ္မ​အမှု​တွင် ပေါလု​၏​လုပ်ဆောင်ပုံ​မှ အဘယ်အရာ​သင်ယူ​ခဲ့​ကြ​သနည်း။

ပေါလု​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို​ကြွေးကြော်​စဉ် သူသည် ဆရာ​ကောင်း​တစ်ဦး​ဖြစ်​ကြောင်း ပြစ်ကိလ​နှင့် အာကုလ​တို့ တွေ့မြင်​ခဲ့​ကြသည်။ ပေါလု​သည် “ဥပုသ်​နေ့​မပြတ် [ကောရိန္သု​မြို့ရှိ] တရား​ဇရပ်​၌ ဆွေးနွေး​ဟောပြော​၍ ယုဒ​လူ​နှင့် ဂရိ​လူ​တို့ကို ဖြားယောင်း​သွေးဆောင်” ခဲ့​ကြောင်း တမန်​တော်​ကျမ်း​ပါ​မှတ်တမ်းက​ဆို​သည်။ နောက်ပိုင်း​တွင် သိလ​နှင့် တိမောသေ​တို့​ပါ ပေါလု​နှင့်အတူ “တရားဟော​ခြင်း​အမှုကို​သာ​ဆောင်ရွက်၍ ယေရှုသည် ခရစ်တော်​ဖြစ်​ကြောင်းကို ယုဒ​လူ​တို့အား ကြိုး​စား၍​သက်သေခံ​လေ​၏။” တရား​ဇရပ်​အဖွဲ့ဝင်​များ​က စိတ်ဝင်စားမှု​သိပ်​မပြ​ကြသောအခါ ပေါလု​သည် မိမိ၏​ဟောပြောခြင်း​ဆိုင်ရာ​ဗဟို​ကို သာ၍​တလိုတလား​ရှိသော၊ တရား​ဇရပ်​နှင့်​ကပ်လျက်​ရှိသည့်​အိမ်​သို့ ပြောင်းရွှေ့​ခဲ့​သည်ကို ပြစ်ကိလ​နှင့် အာကုလ​တို့ သတိပြုမိ​ခဲ့​ကြသည်။ ထို​တွင် “တရား​ဇရပ်မှူး” က​ရိပ္ပု​ကို ပေါလု​သည် တပည့်​တစ်ဦး​ဖြစ်လာ​စေ​ခဲ့​သည်။ ထို​သူ​တပည့်​ဖြစ်လာ​ခြင်း​သည် ရပ်ကွက်​အပေါ် အလွန်​အကျိုးပြု​ကြောင်း ပြစ်ကိလ​နှင့် အာကုလ​တို့ သတိပြုမိ​ခဲ့​ကြ​ပုံ​ရသည်။ မှတ်တမ်းက ဤသို့​ဖော်ပြ​သည်– “က​ရိပ္ပု​သည် မိမိ​အိမ်သူအိမ်သား​အပေါင်း​တို့​နှင့်​တကွ သခင်​ဘုရား ကို​ယုံကြည်​လေ​၏။ ကောရိန္သု​မြို့သား​အများ​တို့သည်​လည်း ယုံကြည်၍​ဗတ္တိဇံ​ကို​ခံ​ကြ​၏။”—တမန်​တော် ၁၈:၄-၈သမ္မာ။

၉။ ပြစ်ကိလ​နှင့် အာကုလ​တို့သည် ပေါလု​၏​ပုံ​နမူနာကို မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

ပြစ်ကိလ​နှင့် အာကုလ​အစ​ရှိသည့် အခြား​နိုင်ငံတော်​ကြွေးကြော်​သူများ​သည် လယ်ကွင်း​ဓမ္မ​အမှု​တွင် ပေါလု​၏​ပုံ​နမူနာကို အတုယူ​ခဲ့​ကြသည်။ တမန်​တော်​က “ငါသည် ခရစ်တော်​၏​နည်းတူ​ကျင့်​သကဲ့သို့ သင်တို့လည်း ငါ့​နည်းတူ​ကျင့်​ကြလော့” ဟု​အခြား​ခရစ်ယာန်​များ​ကို တိုက်တွန်း​ခဲ့​သည်။ (၁ ကောရိန္သု ၁၁:၁) ပေါလု​၏​ပုံ​နမူနာ​အတိုင်း၊ ပြစ်ကိလ​နှင့် အာကုလ​တို့သည် ခရစ်ယာန်​သွန်သင်ချက်​များ​ကို အာပေါလု ပိုမို​မှန်ကန်​စွာ နားလည်​လာ​စေရန် ကူညီပေး​ခဲ့​ကြသည်။ တစ်ဖန် သူက အခြား​သူများကို ကူညီပေး​ပြန်​သည်။ ပြစ်ကိလ​နှင့် အာကုလ​တို့သည်​လည်း ရောမမြို့၊ ကောရိန္သု​မြို့​နှင့် ဧဖက်​မြို့​တို့​တွင် တပည့်​များ​ဖြစ်စေ​ခဲ့​ကြ​မည်​အမှန်။—တမန်​တော် ၁၈:၁၊ ၂၊ ၁၈၊ ၁၉; ရောမ ၁၆:၃-၅

၁၀။ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ သင့်​အား အထောက်အကူ​ပြု​မည့် အဘယ်​အချက်များ​ကို တမန်​တော်​ကျမ်း​အခန်းကြီး ၁၈ မှ သိရှိ​ခဲ့ပြီ​နည်း။

၁၀ တမန်​တော်​ကျမ်း အခန်းကြီး ၁၈ ကို​လေ့လာ​သုံးသပ်ခြင်း​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရသနည်း။ အာကုလ​နှင့် ပြစ်ကိလ​တို့သည် ပေါလု​ထံ​မှ များစွာ​သင်ယူ​ခဲ့​ကြ​သည့်​နည်းတူ ကျွန်ုပ်​တို့​လည်း သမ္မာကျမ်းစာ​ကို ကောင်းစွာ​သွန်သင်ပေး​တတ်​သူတို့၏​နမူနာကို လိုက်လျှောက်ခြင်း​ဖြင့် တပည့်​ဖြစ်စေ​ခြင်း​စွမ်းရည်​ကို တိုးတက်​စေနိုင်​ပါ​သည်။ “တရားဟော​ခြင်း​အမှုကို​သာ​ဆောင်ရွက်” ပြီး အခြား​သူများကို “စေ့စပ်​သေချာ​စွာ​သက်သေခံ” သူတို့နှင့် ကျွန်ုပ်​တို့ ပေါင်းဖော်​နိုင်​သည်။ (တမန်​တော် ၁၈:၅နိုင်ငံတော်​စာ​ကြောင်း ကြားညှပ်​ကျမ်း) သွေးဆောင်နိုင်စွမ်း​ကို​အသုံးပြုပြီး လူတို့၏​နှလုံးကို​ထိမိအောင် မည်သို့​သွန်သင်ပေး​သည်ကို ကျွန်ုပ်​တို့ ဂရုစိုက်​မှတ်သား​နိုင်​သည်။ ထိုသို့​သော​စွမ်းရည်​များသည် တပည့်​ဖြစ်စေ​ရာ​တွင် အထောက်အကူ​ပြု​နိုင်​သည်။ လူတစ်ဦး​တစ်ယောက်​သည် ကျွန်ုပ်​တို့​နှင့် ကျမ်းစာ​လေ့လာ​သည့်​အခါ သူ၏​မိသားစု​မှ​အခြားသူများ၊ သို့​မဟုတ် အိမ်နီးချင်း​များ​ကို ဖိတ်ခေါ်​ရန် အကြံပြု​နိုင်​သည်။ သို့​မဟုတ် ကျွန်ုပ်​တို့​ကျမ်းစာ​သင်အံမှု ကမ်း​လှမ်း​နိုင်​မည့်​သူများ​ရှိပါက အသိပေး​ရန် အကူအညီ​တောင်း​နိုင်​သည်။—တမန်​တော် ၁၈:၆-၈

တပည့်​များ​ဖြစ်စေ​ရန် အခွင့်အလမ်း​များ​ဖန်တီး​ပါ

၁၁။ တပည့်​သစ်​များ​ကို အဘယ်​နေရာတွင် တွေ့​နိုင်​သနည်း။

၁၁ ပေါလု​နှင့် သူ၏​ခရစ်ယာန်​ရောင်းရင်း​များသည် တစ်အိမ်​မှ​တစ်အိမ်​ဖြစ်စေ၊ ဈေး​၌​ဖြစ်စေ၊ ခရီး​သွားစဉ်​ဖြစ်စေ၊ အမှန်​အားဖြင့် နေရာတကာ​တွင် ဟောပြောခြင်း​အားဖြင့် တပည့်​ဖြစ်စေ​ဖို့​ကြိုးစား​ခဲ့​ကြသည်။ တပည့်​များ​ဖြစ်စေ​ရန် စိတ်အား​ထက်သန်​စွာ​ဟော​သည့် ဘုရားသခင့်​နိုင်ငံတော်​လုပ်သား​တစ်ဦး​အနေ​နှင့် သင်၏​လယ်ကွင်း​အမှုဆောင်ခြင်း​လုပ်ငန်း​ကို တိုးချဲ့​နိုင်​သလော။ ထိုက်တန်​သူများကို​ရှာဖွေပြီး သူတို့ကို​ဟောပြောရန် အခွင့်အလမ်း​ကို ထိရောက်​စွာ​အသုံးချ​နိုင်​သလော။ သတင်းကောင်း​ကြေညာသူ​ချင်း​များ တပည့်​များ​ရှာတွေ့ခဲ့​ကြ​သည့် နည်းလမ်း​အချို့​ကား အဘယ်နည်း။ တယ်လီဖုန်း​ဖြင့်​သက်သေခံခြင်း​ကဏ္ဍ​ကို ဦးဆုံး ကြည့်​ကြပါစို့။

၁၂-၁၄။ တယ်လီဖုန်း​ဖြင့် သက်သေခံခြင်း​အကျိုးကျေးဇူးများ​ကို ဖော်ပြ​ရန် သင့်​တွေ့ကြုံမှု၊ သို့​မဟုတ် ဤ​အပိုဒ်​များ​မှ တွေ့ကြုံမှု​တစ်ခုခု​ကို ပြောပြ​ပါ။

၁၂ ဘရာဇီး​လ်​နိုင်ငံ​တွင် တစ်အိမ်​မှ​တစ်အိမ်​သက်သေခံ​နေစဉ် မာ​ရီ​ယား​ဟု ကျွန်ုပ်​တို့​အမည်ပေး​မည့် ခရစ်ယာန်​တစ်ဦး​သည် တိုက်ခန်း​တစ်ခု​မှ​ထွက်​တော့​မည့် အမျိုးသမီးငယ်​တစ်ဦး​ကို ဝေစာ​တစ်စောင် ကမ်းပေး​ခဲ့​သည်။ ဝေစာ​၏​ခေါင်းစဉ်​ဖြင့် နိဒါန်း​ပျိုး​ကာ မာ​ရီ​ယား​က “ကျမ်းစာ​အကြောင်း ပို​ပြီး​သိချင်​ပါ​သလား” ဟု​မေး​လေ​သည်။ “သိချင်​တာပေါ့။ ခက်​တာ​က ကျွန်မ​က ဆရာမ​တစ်ယောက်​ဆိုတော့ စာသင်​တာ​နဲ့​ပဲ အချိန်ကုန်​နေတယ်” ဟု​ထို​အမျိုးသမီး​က​ဖြေ​သည်။ ထို​အခါ မာ​ရီ​ယား​က ကျမ်းစာ​အကြောင်း​များ​ကို တယ်လီဖုန်း​ဖြင့် ဆွေးနွေး​သုံးသပ်​နိုင်​ကြောင်း ရှင်းပြ​ခဲ့​သည်။ ထို့နောက် ထို​အမျိုးသမီး​သည် မာ​ရီ​ယား​ကို သူ၏​ဖုန်း​နံပါတ်​ပေး​ခဲ့​ရာ ထို​ညနေခင်း​တွင်​ပင် ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင်​အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း  *ဘရိုရှာ​ကို​သုံး​၍ တယ်လီဖုန်း​ဖြင့် သင်အံမှု​စ​ခဲ့​သည်။

၁၃ အီသီယိုးပီးယား​နိုင်ငံ​ရှိ အချိန်ပြည့်​ဓမ္မ​အမှုဆောင်​တစ်ဦး​သည် တယ်လီဖုန်း​ဖြင့် အမျိုးသား​တစ်ဦး​ကို သက်သေခံ​နေစဉ် ရုတ်ရုတ်သဲသဲ​နောက်ခံ​အသံ​ကြောင့် လန့်ဖျပ်​သွားခဲ့သည်။ ထို​အမျိုးသား​က နောက်​မှ​ပြန်​ခေါ်​ရန် ထို​ညီအစ်မ​ကို​ပြော​သည်။ ပြန်​ခေါ်​ကြည့်​သောအခါ သူက တောင်းပန်​စကားပြော​ပြီး အစောပိုင်းက ညီအစ်မ​ဖုန်း​ခေါ်​ချိန်​တွင် သူနှင့်​သူ့​ဇနီး​တို့ အကြီးအကျယ်​ရန်ဖြစ်​နေကြ​ကြောင်း​ပြောပြ​သည်။ ထို​အချက်​ကို အခွင့်ကောင်း​ယူပြီး ညီအစ်မ​က ကျမ်းစာ​တွင် မိသားစု​ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်းရန် ပညာရှိ​လမ်းညွှန်ချက်​ပါရှိကြောင်း ညွှန်ပြ​လေ​သည်။ ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့​သော မိသားစု​ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက်​စာအုပ်​သည် မိသားစု​များစွာကို အကူအညီ​ပေး​ခဲ့​ကြောင်း ပြောပြ​၏။ ထို​စာအုပ်​ကို​ပို့ပေး​ပြီး ရက်​အနည်းငယ်​အကြာတွင် ညီအစ်မ​သည် ထို​သူ​ထံ ဖုန်း​ပြန်​ဆက်​ကြည့်​သည်။ အိမ်ရှင်​က “ကျွန်တော့်​အိမ်ထောင် မ​ပြိုကွဲ​ရအောင် ဒီ​စာအုပ်​က ကာကွယ်​ပေး​ခဲ့တယ်” ဟု​ဝမ်းသာ​အားရ​ပြောပြ​သည်။ ထို​သူသည် စာအုပ်​ထဲ​မှ ကောင်းသော​အချက်များ​ကို လက်ဆင့်ကမ်း​ဝေမျှပေး​ဖို့ မိသားစု​တွေ့ဆုံ​မှု​ပြု​ခဲ့​သည်။ ထို​သူနှင့် အိမ်တွင်း​ကျမ်းစာ​သင်အံမှု စတင်​လိုက်ပြီး များ​မကြာမီ သူသည် ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​လေ​တော့​သည်။

၁၄ တယ်လီဖုန်း​ဖြင့်​သက်သေခံ​ပြီး ကျမ်းစာ​သင်အံမှု​စ​ခဲ့​သူ၊ ဒိန်းမတ်​နိုင်ငံ​မှ ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ​တစ်ဦး​က ဤသို့​ဆို​၏– “တယ်လီဖုန်း​နဲ့​သက်သေခံ​ကြည့်​ဖို့ လုပ်ငန်းတော်​ကြီးကြပ်မှူး​က ကျွန်မ​ကို အားပေးတယ်။ ‘အဲဒါ​က​တော့ ကျွန်မ​အကြိုက်​မဟုတ်ဘူး’ လို့​ပြော​ပြီး အစပိုင်း​မှာ တွန့်ဆုတ်​ခဲ့တယ်။ ဒါပေမဲ့ တစ်ရက်​ကျ​တော့ အားခဲ​ပြီး ပထမ​အိမ်ရှင်​ဆီ​ကို ဖုန်း​ခေါ်​ကြည့်​တယ်။ ဖုန်း​ကိုင်​တဲ့ ဆော်​နီ​ယာ​နဲ့ ခဏလောက် စကားစမြည်​ပြော​ပြီး​နောက် ကျမ်းစာ​အခြေပြု​စာစောင်​တွေ​ကို သူ​လက်ခံ​ယူမယ်​လို့ ပြော​တယ်။ တစ်​ညနေခင်း​မှာ ဖန်ဆင်း​ခြင်း​အကြောင်း ကျွန်မ​တို့​ဆွေးနွေး​ကြတယ်၊ အသက်—ဤ​တွင်​မည်သို့​ရောက်ရှိ​ခဲ့​သနည်း။ ဆင့်ကဲဖြစ်စဉ်​အားဖြင့်​လော၊ ဖန်ဆင်း​ခြင်း​အားဖြင့်​လော [လိပ်] * စာအုပ်​ကို သူ​ဖတ်ချင်​တယ်။ ဒါနဲ့ ကျွန်မ​တို့ လူ​ချင်း​တွေ့​ပြီး အဲဒီ​အကြောင်း ဆွေးနွေး​ရင်​မကောင်း​ဘူးလား​လို့ အကြံပေး​တော့ သူ​သဘောတူတယ်။ ကျွန်မ​ရောက်သွား​တော့ ကျမ်းစာ​လေ့လာ​ဖို့ ဆော်​နီ​ယာ​အသင့်​ပဲ၊ အဲဒီ​အချိန်​ကစပြီး ကျွန်မ​တို့ အပတ်​တိုင်း ကျမ်းစာ​လေ့လာ​ခဲ့​ကြပြီ။” ကျွန်ုပ်​တို့၏​ခရစ်ယာန်​ညီအစ်မ​က ဤသို့​နိဂုံး​ချုပ်​သည်– “ကျမ်းစာ​သင်အံမှု​တစ်ခု​ရဖို့ နှစ်​နဲ့​ချီ​ပြီး ကျွန်မ​ဆုတောင်း​ခဲ့​တာ၊ ဖုန်း​နဲ့​သက်သေခံ​ပြီး သင်အံမှု​တစ်ခု​ရမယ်​လို့ မထင်​ခဲ့​မိ​ဘူး။”

၁၅၊ ၁၆။ နည်း​အမျိုးမျိုးဖြင့် ကျမ်းစာ​သင်အံမှုများ​စ​ရန် သတိရှိခြင်း​၏ အကျိုးကျေးဇူး​ကို​ဖော်ပြ​သော အဘယ်​တွေ့ကြုံမှု​များ​ကို သင်​ပြောပြ​နိုင်​သနည်း။

၁၅ အဘယ်​နေရာတွင်​မဆို​ရှိသော လူ​တို့အား သက်သေခံဖို့ အကြံပြုချက်များ​ကို လက်တွေ့​ကျင့်သုံး​ကြသော​ကြောင့် အောင်မြင်​နေကြ​သူ များစွာ​ရှိ၏။ ယူနိုက်တက်​စ​တိတ်​မှ ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​သည် ယာဉ်​ရပ်နား​စခန်း​ရှိ ကုန်တင်​ယာဉ်​တစ်စီး​ဘေး​တွင် သူ့​ကား​ကို ရပ်နား​ခဲ့​သည်။ အဆိုပါ​ကုန်တင်​ယာဉ်​ထဲ​မှ အမျိုးသမီး​က သူ့ကို​တွေ့သော​အခါ ညီအစ်မ​က ကျမ်းစာ​ပညာပေး​လုပ်ငန်း​အကြောင်း စတင်​ရှင်းပြ​လေ​သည်။ ထို​အမျိုးသမီး​သည် နားထောင်ပြီး သူ၏​ယာဉ်​ထဲ​မှ​ထွက်၍ ညီအစ်မ​၏​ကား​အနီး လျှောက်လာ​သည်။ သူက “ရှင် ကျွန်မ​နဲ့​စကားပြော​လို့ ဝမ်းသာ​လိုက်တာ။ ရှင်တို့​ရဲ့ ကျမ်းစာ​စာပေ​စာတမ်း​တွေ မရတာ အတော်ကြာ​သွားပြီ။ ပြီး​တော့ ကျွန်မ ကျမ်းစာ​ကို ပြန်​လေ့လာ​ချင်​တယ်။ ကျွန်မ​နဲ့​လေ့လာ​နိုင်​မလား” ဟု​ဆို​သည်။ သို့ဖြင့် ကျွန်ုပ်​တို့၏​ညီအစ်မ​သည် သတင်းကောင်း​ဟောပြော​ဝေမျှ​ရန် အခွင့်အခါ​ကောင်း​ကို ဖန်တီး​ခဲ့​သည်။

၁၆ အမေရိကန်​ပြည်ထောင်စု​မှ ညီအစ်မ​တစ်ဦး​သည် ပုဂ္ဂလိက​ဆေးရုံ​တစ်ခု​သို့ သွားရောက်​လည်ပတ်​သောအခါ ဤသို့​တွေ့ကြုံ​ခဲ့​ရသည်– သူသည် ထို​ဆေးရုံ​၏ လုပ်ငန်း​တာဝန်ခံ ဒါရိုက်တာ​လူကြီး​တစ်ဦးထံ ချဉ်းကပ်​ပြီး ထို​တွင်​နေထိုင်သူ​များ​၏ ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို စေတနာအလျောက် ဖြည့်ဆည်း​ပေး​လို​ကြောင်း စကား​ကမ်း​လှမ်း​ခဲ့​သည်။ မိမိ၏​အခမဲ့​ကျမ်းစာ​သင်တန်းကို တက်ရောက်​လို​သူအား​လုံး​နှင့် ကျမ်းစာ​သင်အံမှု အပတ်စဉ်​ကျင်းပ​လို​ကြောင်း​လည်း ထို​ညီအစ်မ​က ပြောပြ​သည်။ ဒါရိုက်တာ​လူကြီး​က သူ့ကို လူနာ​ခန်း​အသီးသီး​သို့ လည်ပတ်​သွားခွင့်​ပြု​သည်။ မကြာမီ သူသည် ထို​ဆေးရုံ​တွင်​နေထိုင်သူ စုစုပေါင်း ၂၆ ဦး​နှင့် တစ်ပတ်​လျှင်​သုံးကြိမ် ကျမ်းစာ​သင်အံမှု​ကျင်းပ​ခွင့်​ရသည်၊ သူတို့​ထဲ​မှ​တစ်ဦး​သည် ကျွန်ုပ်​တို့၏​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​နေပြီ။

၁၇။ အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ စ​ရန် အဘယ်​ချဉ်းကပ်​နည်း​သည် ထိရောက်​လေ့​ရှိ​သနည်း။

၁၇ ဘုရားသခင့် နိုင်ငံတော်​ကြွေးကြော်​သူ အချို့​အတွက် ကျမ်းစာ​သင်အံမှု တိုက်ရိုက်​ကမ်း​လှမ်း​ခြင်း​က အကျိုးပြု​သည်။ ကြေညာသူ ၁၀၅ ဦး​ရှိသော အသင်းတော်​တစ်ခု​သည် နံနက်ခင်း​တစ်ခု​တွင် သူတို့​တွေ့ဆုံ​သမျှ​အိမ်ရှင်​တိုင်း​ကို ကျမ်းစာ​သင်အံမှု​ကမ်း​လှမ်း​ဖို့ အထူး​ကြိုးစား​ခဲ့​ကြသည်။ ထို​နေ့တွင် လယ်ကွင်း​လုပ်ငန်း​၌ ကြေညာသူ​ရှစ်​ဆယ့်ခြောက်​ယောက် ပါဝင်​ခဲ့​ရာ နှစ်နာရီ​ကြာ ဟောပြောပြီး​နောက် အနည်းဆုံး ကျမ်းစာ​သင်အံမှု​အသစ် ၁၅ ခု​စတင်​ခဲ့​ရ​ကြောင်း သူတို့​တွေ့ရှိ​ခဲ့​ကြသည်။

ထိုက်တန်​သူများကို ဆက်လက်​ရှာဖွေ​နေပါ

၁၈၊ ၁၉။ ယေရှု​ထံ​မှ​လာသော အဘယ်​အရေးကြီး​သည့်​ညွှန်ကြားချက်​ကို ကျွန်ုပ်​တို့​စိတ်​စွဲမှတ်​ထား​သင့်​သနည်း၊ ထိုသို့​ဖြစ်စေ​ရန် အဘယ်အရာ​ပြုလုပ်​ဖို့ ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​ထား​သင့်​သနည်း။

၁၈ ဘုရားသခင့် နိုင်ငံတော်​ကြွေးကြော်​သူ​တစ်ဦး​အနေ​နှင့် အသင်​သည် ဤ​ဆောင်းပါး​တွင်​ဖော်ပြ​ထားသော အကြံပြုချက်များ​ကို စမ်းသပ်​ကြည့်​လို​ပေမည်။ သက်သေ​ခံနိုင်​သည့်​နည်းလမ်းများ​ကို သုံးသပ်​ဆင်ခြင်​သောအခါ ဒေသခံ​ထုံးတမ်းများ​ကို ထည့်တွက်​လျှင် ပညာရှိရာ​ရောက်​ပေမည်။ ထို့​ထက်​ကား ထိုက်တန်​သူများကို​ရှာဖွေပြီး သူတို့ကို တပည့်​ဖြစ်လာ​စေရန် ကူညီပေး​ပါ​ဟူသော ယေရှု၏​ညွှန်ကြားချက်​ကို စိတ်​စွဲမှတ်​ထား​ကြ​စို့။—မဿဲ ၁၀:၁၁; ၂၈:၁၉

၁၉ ထိုသို့​ပြု​နိုင်​ရန် ‘အမှန်တရားကို မှန်ကန်​စွာ​ကိုင်တွယ်’ ကြပါစို့။ ကျမ်းစာ​အပေါ် အခိုင်အမာ​အခြေပြု​သော သွေးဆောင်​နည်းကို​အသုံးပြုခြင်း​ဖြင့် ထိုသို့​ပြု​နိုင်​ကြသည်။ ဤသို့​ပြုခြင်း​က လက်ခံ​နားထောင်သူ​တို့၏​နှလုံးကို ထိမိ​ပြီး ပြုမူ​လုပ်ဆောင်ရန် လှုံ့ဆော်ပေး​ပါ​လိမ့်​မည်။ ယေဟောဝါ​ကို မှီခို​အားထား​ဆုတောင်း​ကြ​စဉ် ယေရှု​ခရစ်​၏​တပည့်​များ​ဖြစ်လာ​စေရန် အချို့​သူများကို​ကူညီပေး​နိုင်​မည်။ ဤ​လုပ်ငန်း​သည် အလွန်​အကျိုးပြုသော​လုပ်ငန်း​ပါ​တကား! ထို့​ကြောင့် ကျွန်ုပ်​တို့သည် တပည့်​များ​ဖြစ်စေ​ရန် ရည်ရွယ်ချက်​ဖြင့် ဟောပြောပြီး စိတ်အား​ထက်သန်​စွာ​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​သတင်း​ကြွေးကြော်​၍ ယေဟောဝါ​ကို အစဉ်​ဂုဏ်တင်​ကာ ‘ဘုရားသခင့်​ရှေ့၌ နှစ်သက်​တော်​မူ​ဖွယ်​သော​သူများ​အဖြစ် မိမိတို့​ကိုယ်ကို​ဆက်သခြင်း​ငှာ ကြိုးစား​အားထုတ်’ ကြပါစို့။—၂ တိမောသေ ၂:၁၅

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 12 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့။

^ အပိုဒ်၊ 14 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့။

သင်​မှတ်မိ​သလော

• အာပေါလု​သည် ဘုရားသခင်​၏​နည်းလမ်းတော်​များ​ကို သာ၍​သေချာ​စွာ​သင်ကြား​ခံရ​ဖို့ အဘယ်ကြောင့် လိုအပ်​ခဲ့​သနည်း။

• ပြစ်ကိလ​နှင့် အာကုလ​တို့သည် တမန်​တော်​ပေါလု​ထံ​မှ အဘယ်​နည်းများဖြင့် သင်ယူ​ခဲ့​ကြ​သနည်း။

• တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​နှင့်​ပတ်သက်​၍ တမန်​တော်​ကျမ်း​အခန်းကြီး ၁၈ မှ သင်​အဘယ်အရာ သင်ယူ​ခဲ့ပြီ​နည်း။

• တပည့်​များ​ဖြစ်စေ​ရန် အခွင့်အလမ်း​များ​ကို သင်​မည်သို့​ဖန်တီး​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ပြစ်ကိလ​နှင့် အာကုလ​တို့သည် အာပေါလု​အား “ဘုရားသခင်​၏[ခရစ်ယာန်]ဘာသာ​တရားကို သာ၍​သေချာ​စွာ​သင်ကြား​ကြ​၏”

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အာပေါလု​သည် တပည့်​များ​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် သာ၍​ကျွမ်းကျင်​သူ​ဖြစ်လာ​ခဲ့

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ပေါလု​သည် သွား​လေ​ရာ​အရပ်၌ ဟောပြောခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဟောပြောရန် အခွင့်အလမ်း​များ​ဖန်တီး​ပေး​ပါ