မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်သတင်းကို လက်ခံရန် အခြားသူများအားကူညီ

ဘုရားသခင့်နိုင်ငံတော်သတင်းကို လက်ခံရန် အခြားသူများအားကူညီ

ဘုရားသခင့်​နိုင်ငံတော်​သတင်းကို လက်ခံရန် အခြားသူများ​အား​ကူညီ

“အဂြိပ္ပ​မင်း​က​လည်း၊ သင်သည်​ဖြားယောင်း​သွေးဆောင်​သော​အားဖြင့် ငါသည်​ခရစ်ယာန်​ဖြစ်​လု​ပြီ​ဟု ပေါလု​အား​ပြောဆို . . . ၏။”—တမန်​တော် ၂၆:၂၈

၁၊ ၂။ တမန်​တော်​ပေါလု​သည် ဖေတ္တု​မင်း​နှင့် ဘုရင်​ဟေရုဒ်အဂြိပ္ပ ၂ ရှေ့မှောက် အဘယ်ကြောင့် ရောက်​ခဲ့​ရသနည်း။

စီ.အီး. ၅၈ ခုနှစ်​တွင် ကဲသရိ​မြို့ရှိ ရောမ​ဘုရင်ခံ​ပေါကိဖေတ္တု​ထံ​သို့ ဘုရင်​ဟေရုဒ်အဂြိပ္ပ ၂ နှင့် သူ၏​ညီမ​ဗေရနိတ်​တို့ အလည်​လာ​ကြသည်။ ဖေတ္တု​မင်း​ဖိတ်ခေါ်​သည့်​အတွက် ယေရုရှလင်​မြို့မှ သူတို့​ရောက်လာ​ခြင်း​ဖြစ်သည်။ နောက်​တစ်နေ့​တွင် သူတို့သည် “များစွာသော​ဂုဏ်​အသရေ​ကို​ဆောင်​လျက်၊ စစ်သူကြီး​တို့​မှ​စ၍ ထို​မြို့၌​ထင်ရှားသော​သူများ​တို့​နှင့်​တကွ အိမ်တော်ဦး​သို့​ဝင်​ကြ” ၏။ ဖေတ္တု​၏​အမိန့်​ဖြင့် ခရစ်ယာန်​တမန်​တော်​ပေါလု​ကို ရှေ့တော်​သို့​သွင်း​ကြ​၏။ ယေရှု​ခရစ်​၏ အဆိုပါ​နောက်လိုက်​သည် အဘယ်ကြောင့် ဖေတ္တု​မင်း​၏​တရား​ပလ္လင်​ရှေ့မှောက် ရပ်​ခဲ့​ရသနည်း။—တမန်​တော် ၂၅:၁၃-၂၃

ဧည့်သည်​တော်​များ​ကို ဖေတ္တု​ပြော​ခဲ့​သော​စကား​က ထို​မေးခွန်း​ကို​ဖြေဆို​ပေး​ပါ​သည်။ သူ​ဤသို့​ဆို​၏– “အဂြိပ္ပ​မင်းကြီး​မှ​စ၍ ယခု​ရှိသောသူ​အပေါင်း​တို့၊ ဤ​သူကို​ကြည့်​ကြ​ပါ​လော့။ ယေရုရှလင်​မြို့၌​လည်းကောင်း၊ ဤ​မြို့၌​လည်းကောင်း ယုဒ​လူများ​အပေါင်းတို့သည် ဤ​သူ၏​အကြောင်းကို အကျွန်ုပ်​အား​လျှောက်​၍ သူသည် ခဏမျှ​အသက်မရှင်​ထိုက်​ပါ​ဟု​ဟစ်​ကြ​၏။ သူသည် သေ​ထိုက်​သော​အပြစ်​မပြု​ကြောင်းကို ကျွန်ုပ်​သိမြင်​၍​လည်းကောင်း၊ သူသည် ဘုန်းကြီး​တော်​မူ​သော​ဘုရင်​၏ အယူ​တော်​ကို​ခံ​ပါ​မည်​ဟု​ဆို​၍​လည်းကောင်း သူ့ကို အထံတော်​သို့​စေလွှတ်​စေခြင်း​ငှာ ကျွန်ုပ်​စီရင်​၏။ သူ၏​အကြောင်းကို​ရေးထား​၍ ရှင်ဘုရင်​ထံ​တော်​သို့​ပေး​လိုက်​စ​ရာ​ဖို့၊ သေချာ​သော​အကြောင်း​တစ်စုံတစ်ခု​မျှ ကျွန်ုပ်​၌​မရှိ။ ထို့​ကြောင့် သင်တို့သည် သူ့ကို​စစ်ကြော​ပြီး​မှ ကျွန်ုပ်​ရေး​၍​ပေး​လိုက်​စ​ရာ​အကြောင်း​ရှိစေ​ခြင်း​ငှာ သင်တို့​ရှေ့၌​လည်းကောင်း သူ့ကို​ကျွန်ုပ်​ထုတ်​၍​ပြ​၏။ အကြောင်း​မူ​ကား၊ အကျဉ်း​ခံ​သော​သူကို အပြစ်​မပြ​ဘဲ​စေလွှတ်​သော် မ​လျော်​မသင့်​ဖြစ်​မည်​ထင်​ပါ​သည်။”—တမန်​တော် ၂၅:၂၄-၂၇

၃။ ပေါလု​ကို ဝတ်ပြုရေး​ခေါင်းဆောင်​များ အဘယ်ကြောင့်​စွပ်စွဲ​ခဲ့​ကြ​သနည်း။

ပေါလု​သည် ပုန်ကန်​ရန်​လှုံ့ဆော်​သည်​ဟူသော သေဒဏ်​စီရင်​ထိုက်သည့်​ပြစ်မှု​ဖြင့် မတရား​စွပ်စွဲ​ခံ​နေရ​ကြောင်း ဖေတ္တု​၏​စကား​များ​က ဖော်ပြ​သည်။ (တမန်​တော် ၂၅:၁၁) သို့သော် ပေါလု​သည် အပြစ်​မရှိပါ။ ထို​စွပ်စွဲချက်​များ​ကို ယေရုရှလင်​မြို့ရှိ မနာလို​သော​ဘာသာရေး​ခေါင်းဆောင်​များ စတင်​ပြောဆို​ခဲ့​သည်။ သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်း ကြွေးကြော်​သူ ပေါလု​၏​လုပ်ငန်း​ကို အတိုက်အခံပြု​ကြ​ပြီး အခြားသူများ​အား ယေရှု​ခရစ်​၏​နောက်လိုက်​များ​ဖြစ်လာ​စေ​သည်ကို လုံးဝ​မကျေနပ်​ကြ​ချေ။ ပေါလု​သည် အစောင့်အကြပ်​ထူထပ်​စွာ​ဖြင့် ယေရုရှလင်​မြို့မှ ကဲသရိ​ဆိပ်ကမ်း​မြို့​သို့ ခေါ်ဆောင်​ခံ​ခဲ့​ရပြီး ထို​တွင် ကဲသာ​ဘုရင်​ကို သူ​အယူခံဝင်​ခဲ့​သည်။ ထို​နေရာ​မှ​တစ်ဆင့် ရောမမြို့​သို့​ခေါ်ဆောင်​သွား​ကြ​မည်​ဖြစ်သည်။

၄။ အဘယ်​အံ့အားသင့်​စ​ရာ​စကား​ကို အဂြိပ္ပ​မင်း​မြွက်ဆို​ခဲ့​သနည်း။

ဘုရင်ခံ​၏​နန်းတော်​တွင် ရောမ​အင်ပါယာ​၏ အရေးပါသော​ပြည်နယ်​မှ အုပ်စိုးရှင်​ပါဝင်သော လူစု​ရှေ့​ရောက်နေ​သည့် ပေါလု​ကို​မြင်ယောင်​ကြည့်​ပါ။ အဂြိပ္ပ​မင်း​က “သင်သည် . . . ပြော​ရသော​အခွင့်ရှိသည်” ဟု​ပေါလု​အား​ဆို​၏။ ပေါလု​စကားပြော​နေစဉ် ထူးခြားသော​အမှု​တစ်ခု​ဖြစ်လာ​သည်။ ပေါလု​ပြောလိုက်​သော​စကား​သည် ဘုရင်​၏​နှလုံးကို ထိမိ​စ​ပြု​လေ​သည်။ အမှန်​တွင် အဂြိပ္ပ​မင်း​က “သင်သည်​ဖြားယောင်း​သွေးဆောင်​သော​အားဖြင့် ငါသည် ခရစ်ယာန်​ဖြစ်​လု​ပြီ” ဟု​ဆို​ခဲ့​၏။—တမန်​တော် ၂၆:၁-၂၈

၅။ အဂြိပ္ပ​အား​ပြောဆို​ခဲ့​သော ပေါလု​၏​စကား​များသည် အဘယ်ကြောင့် ဤမျှ​ထိရောက်​ခဲ့​သနည်း။

စဉ်းစား​ကြည့်​ပါ! ပေါလု​၏ ကျွမ်းကျင်​လိမ္မာ​သော​ထုချေ​ချက်​ကြောင့် သမ္မာကျမ်းစာ​၏ ထိုးဖောက်​နိုင်စွမ်း​သည် အုပ်စိုးရှင်​တစ်ပါး​၏​နှလုံးကို ထိမိ​ခဲ့​သည်။ (ဟေဗြဲ ၄:၁၂) ပေါလု​၏​ထုချေ​ချက်​ကို ဤမျှ​ထိရောက်​စေ​သည်​ကား အဘယ်နည်း။ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့ကို အထောက်အကူ​ပြု​နိုင်သော အဘယ်အရာကို ပေါလု​ထံ​မှ သင်ယူ​နိုင်​သနည်း။ သူ၏​ထုချေ​ချက်​ကို ကျွန်ုပ်​တို့​ဆန်းစစ်​လေ့လာ​ကြည့်​လျှင် ဤ​အဓိက​အချက်​နှစ်ချက် ပေါ်လွင်​ထင်ရှား​သည်– (၁) ပေါလု​သည် သူ၏​တင်ဆက်မှု​တွင် သွေးဆောင်နိုင်စွမ်း​ရှိခဲ့​သည်။ (၂) လက်မှုပညာ​သည်​တစ်ဦး​သည် ကိရိယာ​တစ်ခု​ကို ထိရောက်​စွာ​အသုံးပြု​သကဲ့သို့ သူသည် သမ္မာကျမ်းစာ​အသိပညာကို ကျွမ်းကျင်​လိမ္မာ​စွာ အသုံးပြု​ခဲ့​သည်။

သွေးဆောင်ခြင်း​နည်း​ပညာ​ကို အသုံးပြု

၆၊ ၇။ (က) သမ္မာကျမ်းစာ​တွင် အသုံးပြု​ထား​သည့်​အတိုင်း ‘သွေးဆောင်ခြင်း’ ၏​အဓိပ္ပာယ်​ကား အဘယ်နည်း။ (ခ) ကျမ်းစာ​သွန်သင်ချက်​တစ်ခု​ကို အခြားသူများ လက်ခံ​လာ​စေ​ရာ​တွင် သွေးဆောင်ခြင်း​သည် အဘယ်​အခန်းကဏ္ဍ​မှ​ပါဝင်​သနည်း။

တမန်​တော်​ကျမ်း​တွင် သွေးဆောင်ခြင်း​ဟူသော ဂရိ​စကားလုံး​ကို ပေါလု​နှင့်​ဆက်စပ်​၍ ကြိမ်ဖန်​များစွာ အသုံးပြု​ထား​သည်။ ထိုစကား​လုံး​သည် ကျွန်ုပ်​တို့၏ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​နှင့်​ပတ်သက်​၍ အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

ခရစ်ယာန်​ဂရိ​ကျမ်းစာ​၏ မူရင်း​ဘာသာ​စကား​တွင် “သွေးဆောင်” ဟူသည် “အောင်နိုင်​သည်” သို့​မဟုတ် “ကျိုးကြောင်း​ဆင်ခြင်မှု သို့​မဟုတ် ကျင့်ဝတ်​ဆိုင်ရာ​သုံးသပ်မှု​များ​၏ ဩဇာ​ဖြင့် စိတ်သဘောထား​ပြောင်းလဲ​စေခြင်း” ဖြစ်သည်ဟု ဗိုင်း​၏​ကျမ်းစာ​စကားလုံး​များ​ဆိုင်ရာ ရှင်းလင်း​ဖော်ပြချက်​အဘိဓာန်​က​ဆို​၏။ ထိုစကား​လုံး​၏​အဓိပ္ပာယ်​ရင်းမြစ်ကို ဆန်းစစ်​ကြည့်​ခြင်း​က ထပ်ဆင့်​အလင်းဖြာ​ပေး​သည်။ ယင်းသည် ယုံကြည်​စိတ်ချ​သည့်​သဘောဆောင်​သည်။ ထို့​ကြောင့် ကျမ်းစာ​သွန်သင်ချက်​တစ်ခု​ကို လူတစ်ဦး​လက်ခံ​စေဖို့ သင်​သွေးဆောင်​နိုင်ပြီ​ဆိုလျှင် ၎င်း​သွန်သင်ချက်​မှန်​ကြောင်း သူ​ယုံကြည်​လာစေဖို့ သူ၏​ယုံကြည်​စိတ်ချမှု​ကို သင်​ရရှိခဲ့​ပြီ။ ရှင်း​နေသည်​ကား၊ သမ္မာကျမ်းစာ​၏​အဆိုကို ယုံကြည်ပြီး ထို​အတိုင်း​လုပ်ဆောင်ဖို့ လူတစ်ဦးကို​ပြော​ရုံ​နှင့် မလုံလောက်​ချေ။ သင့်​အား နားထောင်သူ​သည် ကလေး​တစ်ဦး​ဖြစ်စေ၊ အိမ်နီးချင်း​တစ်ဦး​ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်​တစ်ဦး​ဖြစ်စေ၊ ကျောင်းနေ​ဖက်​တစ်ဦး​ဖြစ်စေ၊ ဆွေမျိုး​တစ်ဦး​ဖြစ်စေ သင်​ပြောဆို​သော​အကြောင်း​သည် မှန်သည်​ဟု ယုံကြည်​စိတ်ချ​ရမည်။—၂ တိမောသေ ၃:၁၄၊ ၁၅

၈။ လူတစ်ဦး​အား ကျမ်းစာ​အမှန်တရားကို ယုံကြည်​လက်ခံ​စေ​လို​ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

သမ္မာကျမ်းစာ​မှ သင်​ပြောဆို​သော​စကား​သည် အမှန်တရား​ဖြစ်​ကြောင်း လူတစ်ဦးကို မည်သို့​လက်ခံ​ယုံကြည်​စေနိုင်​မည်​နည်း။ ကျိုးကြောင်း​ညီညွတ်​စွာ​ဆင်ခြင်ခြင်း၊ ယုတ္တိ​ရှိ​စွာ​အကြောင်းပြ​ခြင်း၊ စိတ်အား​ထက်သန်​စွာ တောင်းပန်​ခြင်း​ဖြင့် ပေါလု​သည် တရား​နာ​သူတို့၏​စိတ် ပြောင်းလဲ​သွား​ရန် ကြိုးစား​အားထုတ်​ခဲ့​သည်။ * ထို့​ကြောင့် အကြောင်းအရာ​တစ်ခု​မှန်သည်​ဟု အခိုင်အမာ​ပြော​ရုံ​ပြော​မည့်​အစား သင်၏​အဆိုကို​ထောက်ခံ​သော ကျေနပ်ဖွယ်​အထောက်အထား​များ ပေးဖို့​လို​သည်။ ယင်းကို သင်​မည်သို့​ပြုလုပ်​နိုင်​သနည်း။ သင်၏​အဆိုကို ကိုယ်ပိုင်​အယူအဆ​ပေါ်​မဟုတ်ဘဲ သမ္မာကျမ်းစာ​ပေါ် အခိုင်အမာ​အခြေပြု​ကြောင်း အသေအချာ​သဘောပေါက်​စေပါ။ ထို့​ပြင် သင်​အခိုင်အမာ​ယုံကြည်​သော ကျမ်းစာ​ဖော်ပြချက်များ​ကို ထောက်ခံ​ရန် အခြား​အထောက်အထား​များ တင်ပြ​ပါ။ (သု. ၁၆:၂၃သမ္မာ) ဥပမာ၊ နာခံမှု​ရှိသူ​များသည် မြေကြီး​ပရဒိသု​တွင် အသက်​ရမည်ဟု သင်​ပြော​လို​ပါ​က ထို​ဖော်ပြချက်​ကို လုကာ ၂၃:၄၃; ဟေရှာယ ၆၅:၂၁-၂၅ စ​သည့် ကျမ်းချက်​များ​ကိုးကား​ပြီး ထောက်ခံ​ပြောဆို​ပါ။ သင်၏​ကျမ်း​ဆိုင်ရာ​အချက်​ကို ထောက်ခံ​ရန် မည်သို့​အထောက်အထား​ပေး​နိုင်​သနည်း။ ကြားနာသူ​၏​အတွေ့အကြုံ​အသိ​မှ ဥပမာ​များ​ကို အသုံးပြုနိုင်​သည်။ နေဝင်​ဆည်း​ဆာ​အလှ​မှ​ဖြစ်စေ၊ ပန်း​တစ်ပွင့်​၏​မွှေး​ရနံ့​မှ​ဖြစ်စေ၊ သစ်သီး​တစ်လုံး​၏​အနံ့​အရသာ​မှ​ဖြစ်စေ၊ သားငယ်​များ​ကို မိခင်​ငှက်​မကြီး အစာ​ကျွေး​နေသည့်​မြင်ကွင်း​မှ​ဖြစ်စေ အခမဲ့ ပျော်ရွှင်မှု​ရိုးရိုးလေး​ကို သူ့​အား​ပြန်သတိရ​စေပါ။ အဆိုပါ​စိတ်​ကြည်နူး​ဖွယ်​ရာ​များသည် မြေကြီး​အသက်တာကို ဖန်ဆင်း​ရှင်​ပျော်မွေ့​စေ​လို​သော သက်သေ​သာဓက​များ​ဖြစ်​ကြောင်း သူ့​အား​သိမြင်စေပါ။—ဒေ. ၃:၁၁၊ ၁၂

၉။ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​တွင် အကျိုးသင့်အကြောင်းသင့်​ရှိ​ခြင်း​ကို မည်သို့​တင်ပြ​နိုင်​သနည်း။

ကျမ်းစာ​သွန်သင်ချက်​တစ်ခု​ကို လူတစ်ဦး​လက်ခံ​လာ​စေရန် ကြိုးစား​သွေးဆောင်ရာတွင် သင်၏​စိတ်​ထက်သန်မှု​ကြောင့် အကျိုးသင့်အကြောင်းသင့်​မရှိ၊ တစ်ယူသန်​ဆန်​သည့်​ပုံ မ​ထွက်​စေဖို့ သတိပြုပါ၊ သို့​ဖြစ်​လျှင် ကြားနာသူ​၏​စိတ်နှလုံး​တံခါး​ကို ပိတ်​သွား​စေမည်။ ဓမ္မ​အမှု​ကျောင်းစာ​အုပ်​က ဤသို့​သတိပေး​သည်– “သူ​တစ်​ထူး​၏ အမြတ်တနိုး​ယုံကြည်ချက်​တစ်ရပ်​ကို အမှား​ဟု အမှန်အတိုင်း တုံး​တိ​တိ​ပြောဆို​လိုက်ခြင်း​သည် ကျမ်းချက်​တ​သီ​တ​တန်း​ကြီး​က ကျား​ကန်​ပေး​ထား​သည့်​တိုင် ယေဘုယျ​အားဖြင့် ကောင်းကျိုး​ရလေ့​မရှိပေ။ ဥပမာ​အနေ​နှင့် အများ​ကျင်းပ​နေသော အထိမ်းအမှတ်ပွဲ​များသည် အယူ​လွဲ​ဘာသာ​မှ မြစ်ဖျားခံ​သည်​ဟု ရှုတ်ချ​ပြစ်တင်​မည်​ဆိုလျှင် ယင်း​တို့​အပေါ် လူတို့၏​ခံစားချက်​ကို ပြောင်းလဲ​မ​ပစ်​နိုင်​ပေ။ အများအားဖြင့် ကျိုးကြောင်း​ဆင်ခြင်​သည့်​နည်းဖြင့် ချဉ်းကပ်​ပုံ​သည် ပို​၍​အောင်မြင်​လေ့​ရှိသည်။” အကျိုးသင့်အကြောင်းသင့်​ရှိ​ရန် အဘယ်ကြောင့် အစွမ်းကုန်​ကြိုးစား​သင့်​သနည်း။ ထို​စာအုပ်​က ဤသို့​ဆို​၏– “ကျိုးကြောင်း​ဆင်ခြင်​ပုံ​ဖြင့် ပြောဆိုခြင်း​သည် ဆွေးနွေး​လာ​စေရန် အားပေးပြီး နောက်ပိုင်း​တွင် လူ​တို့အား စဉ်းစား​တွေးတော​စေ​သည်၊ နောက်နောင် စကား​လက်ဆုံ​ပြောဆို​ဖို့ လမ်းစ​ဖွင့်ပေး​သည်။ ယင်းသည် တကယ်​ပင် သွေးဆောင်နိုင်စွမ်း​ရှိသည်။”—ကောလောသဲ ၄:၆

နှလုံးကို​ထိမိ​လှုပ်ရှား​စေသော သွေးဆောင်မှု

၁၀။ ပေါလု​သည် အဂြိပ္ပ​မင်း​ရှေ့ သူ၏​ထုချေ​ချက်​ကို မည်သို့​နိဒါန်း​ပျိုး​ခဲ့​သနည်း။

၁၀ တမန်​တော်​ကျမ်း​အခန်းကြီး ၂၆ ပါ ပေါလု​၏​ထုချေ​စကား​များ​ကို အသေအချာ​သုံးသပ်ကြည့်​ကြ​စို့။ သူ၏​ဟောပြောချက်ကို မည်သို့​စတင်​ခဲ့​ကြောင်း သတိပြုပါ။ အဂြိပ္ပ​သည် နှမ​တော်​ဗေရနိတ်​နှင့် ကြားမကောင်း​သော​ဆက်ဆံ​ရေး​ရှိနေ​သော်လည်း ပေါလု​သည် သူ​ဟော​မည့်​အကြောင်းကို နိဒါန်း​ပျိုး​ရန် မင်းကြီး​အား ချီးမွမ်း​ပြောဆို​ဖို့ အကြောင်းကောင်း​တစ်ခု​ကို သူ​ရှာတွေ့ခဲ့​သည်။ ပေါလု​ဤသို့​ဆို​ခဲ့​သည်– “အဂြိပ္ပ​မင်းကြီး၊ ယုဒ​လူတို့သည် အကျွန်ုပ်​ကို​အမှု​လုပ်သမျှ​သော​အရာ​မှာ၊ ရှေ့တော်၌​အပြစ်ဖြေရာ​စကား​ကို ယနေ့​ပြော​ရမည်​အကြောင်းကိုလည်း​ကောင်း၊ ထို​မျှ​မ​က ကိုယ်တော်​သည် ယုဒ​ထုံးတမ်း၊ ပုစ္ဆာ​အမေး​များ​ကို လေ့​ကျက်​တော်​မူ​ကြောင်းကို​လည်းကောင်း အကျွန်ုပ်​ထောက်၍ ကိုယ်​၌​မင်္ဂလာ​ရှိသည်​ဟု ကိုယ်ကို​ထင်မှတ်​ပါ​၏။ ထို့​ကြောင့် သည်းခံသော​စိတ်တော်နှင့် အကျွန်ုပ်​စကား​ကို​နားထောင်​တော်​မူ​မည်​အကြောင်း အသနားတော်ခံ​ပါ​၏။”—တမန်​တော် ၂၆:၂၊ ၃

၁၁။ အဂြိပ္ပ​အား ပေါလု​ပြောဆို​ခဲ့​သော​စကား​များ​က ရိုသေ​လေးစားမှုကို မည်သို့​ဖော်ပြ​သနည်း၊ အဘယ်​ရလဒ်​ရခဲ့​သနည်း။

၁၁ အဂြိပ္ပ​အား၊ မင်းကြီး​ဟူ​သည့်​သူ၏​ဘွဲ့​ဖြင့်​ခေါ်ဆို​ခြင်း​ဖြင့် သူ၏​အဆင့်မြင့်​ရာထူးကို ပေါလု​အသိအမှတ်ပြု​ခဲ့​ကြောင်း သတိပြုမိ​သလော။ ဤသို့​ပြုခြင်း​က ရိုသေ​လေးစားမှု​ပြ​ရာ​ရောက်​သည်၊ ထို့​ပြင် ပညာရှိ​စွာ စကားလုံး​ရွေးချယ်​ပြောဆိုခြင်း​ဖြင့် ပေါလု​သည် အဂြိပ္ပ​ကို ဂုဏ်တင်​ခဲ့​သည်။ (၁ ပေတရု ၂:၁၇) အဂြိပ္ပ​သည် ဂျူး​ပြည်သူပြည်သား​များ​၏ ရှုပ်ထွေး​သော​ထုံးတမ်းများ​နှင့် ပညတ်​များ​ကို သိကျွမ်းသူ​ဖြစ်​ကြောင်း အသိအမှတ်ပြု​၍ ဤမျှ​ဗဟုသုတ​ကြွယ်​သော​အုပ်စိုးရှင်​အရှေ့ မိမိ​ထုချေ​ပြောဆို​ခွင့်​ရသည့်​အတွက် ဝမ်းသာ​ကြောင်း ပေါလု​ပြော​ခဲ့​သည်။ ခရစ်ယာန်​တစ်ဦး​ဖြစ်သော ပေါလု​သည် ခရစ်ယာန်​မဟုတ်​သူ အဂြိပ္ပ​ထက် သာလွန်​သည့်​အလား မပြုမူ​ခဲ့​ပါ။ (ဖိလိပ္ပိ ၂:၃) ထိုသို့​ပြု​မည့်​အစား မိမိ​အား စိတ်ရှည်​စွာ​နားထောင်​ပေးဖို့ ရှင်ဘုရင်​ကို ပေါလု​အသနားခံ​ခဲ့​သည်။ သို့ဖြင့် ပေါလု​သည် မိမိ​တင်ဆက်​မည့်​အကြောင်းအရာကို အဂြိပ္ပ​နှင့် အခြား​နားဆင်​သူများ​ပါ လက်ခံနိုင်ဖွယ်​ဖြစ်စေ​မည့် ဝန်းကျင်​အခြေအနေ​မျိုးကို ဖြစ်ပေါ်​စေ​ခဲ့​သည်။ သူသည် မိမိ၏​ချေပ​ချက်​များ​ကို တည်ဆောက်​နိုင်​မည့် နှစ်ဦး​နှစ်ဖက်​သဘောတူ​နိုင်သော​အနေအထား​ကို ဖန်တီး​နေခဲ့​ခြင်း​ဖြစ်သည်။

၁၂။ ဘုရားသခင့်​နိုင်ငံတော်​သတင်း ကြွေးကြော်​ခြင်း​လုပ်ငန်း​တွင် နားထောင်သူ​တို့၏​နှလုံးကို မည်သို့​ထိမိ​လှုပ်ရှား​စေနိုင်​သနည်း။

၁၂ အဂြိပ္ပ​အရှေ့​ရောက်နေ​သော ပေါလု​နည်းတူ ကျွန်ုပ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို တင်ဆက်​သောအခါ နိဒါန်း​မှ​သည် နိဂုံး​ချုပ်​အထိ ကြားနာသူ​၏​နှလုံးကို ထိမိ​လှုပ်ရှား​စေဖို့ ကြိုးစား​ကြပါစို့။ ကျွန်ုပ်​တို့​ဟောပြောနေ​သူအား အရိုးခံ​လေးစားမှု​ပြ​ခြင်း၊ ထို​သူ၏​ပုဂ္ဂလိက​နောက်ခံ​နှင့် အတွေးအခေါ်​တို့ကို အမှန်​စိတ်ဝင်စားမှု တင်ပြခြင်း​အားဖြင့် ထိုသို့​ပြု​နိုင်​ပါ​သည်။—၁ ကောရိန္သု ၉:၂၀-၂၃

သမ္မာကျမ်းစာ​ကို ကျွမ်းကျင်​စွာ​အသုံးပြု

၁၃။ သင်သည် ပေါလု​နည်းတူ ကြားနာသူ​တို့ကို မည်သို့​လှုံ့ဆော်ပေး​နိုင်​သနည်း။

၁၃ ပေါလု​သည် သတင်းကောင်း​နှင့်​အညီ လုပ်ဆောင်ရန် မိမိ​အား နားထောင်သူ​တို့ကို လှုံ့ဆော်ပေး​လို​စိတ်​ရှိခဲ့​သည်။ (၁ သက်သာလောနိတ် ၁:၅-၇) ထို့​ကြောင့် သူသည် စေ့ဆော်မှု​ပင်ရင်း​ဖြစ်သော သူတို့၏​ပုံဆောင်​နှလုံးကို ထိမိ​လှုပ်ရှား​စေ​ခဲ့​သည်။ အဂြိပ္ပ​မင်း​အရှေ့ ပေါလု​၏​ထုချေ​ချက်​ကို ပြန်​သုံးသပ်ကြည့်​ရာ​တွင် မောရှေ​နှင့် ပရောဖက်​များ​၏​ဖော်ပြချက်များ​ကို ကိုးကားခြင်း​ဖြင့် ‘ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို’ ပေါလု​မည်သို့ ‘မှန်ကန်​စွာ​ကိုင်တွယ်​ခဲ့’ ကြောင်း သတိပြုပါ။—၂ တိမောသေ ၂:၁၅

၁၄။ အဂြိပ္ပ​မင်း​ရှေ့တွင် သွေးဆောင်ခြင်း​ကို ပေါလု​မည်သို့​အသုံးပြု​ခဲ့​ကြောင်း ရှင်းပြပါ။

၁၄ အဂြိပ္ပ​မင်း​သည် အမည်ခံ​ဂျူး​တစ်ဦး​သာ​ဖြစ်​ကြောင်း ပေါလု​သိထား​သည်။ ယုဒ​ဘာသာ​နှင့်​ပတ်သက်​၍ အဂြိပ္ပ​သိကျွမ်း​ထား​ရာ​ကို အကြောင်းပြု​ပြီး ပေါလု​က မိမိ​ဟောပြော​သည့်​အကြောင်း​သည် အမှန်​အားဖြင့် မေရှိယ​၏​သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း​နှင့်​ပတ်သက်​သည့် “မောရှေ​မှ​စ​သော ပရောဖက်​များ​တို့​ဟောပြောသော​စကား​ထက် . . . မ​လွန်” ကြောင်း ကျိုးကြောင်း​ဆင်ခြင်​ပြ​ခဲ့​သည်။ (တမန်​တော် ၂၆:၂၂၊ ၂၃) အဂြိပ္ပ​ကို ပေါလု​က “အို​အဂြိပ္ပ​မင်းကြီး၊ ကိုယ်တော်​သည် အနာဂတ္တိ​ကျမ်းစာ​ကို​ယုံ​တော်​မူ​သလော” ဟု တိုက်ရိုက်​မေးမြန်းခဲ့​သည်။ ထို​အခါ အဂြိပ္ပ​မင်း အကျပ်ရိုက်​ခဲ့​သည်။ ပရောဖက်​များ​ကို မယုံ​ဟု​ဆို​လိုက်ပါ​က ယုံကြည်သူ​ဂျူး​တစ်ဦး​အဖြစ် သူ့​အသရေပျက်​ချေ​မည်။ သို့သော် ပေါလု​နှင့် သူ​သဘောတူ​လိုက်ပါ​က တမန်​တော်​နှင့် တစ်တန်း​တစ်စားတည်း​ဖြစ်သွား​ပြီး သူ့ကို ခရစ်ယာန်​တစ်ဦး​ဟု ခေါ်​ကြ​တော့​မည်။ ပေါလု​သည် မိမိ၏​မေးခွန်း​ကို အမြော်အမြင်​ရှိ​ရှိ ဤသို့​ဖြေဆိုခဲ့သည်– “ယုံ​တော်​မူ​သည်ကို အကျွန်ုပ်​သိပါ​သည်။” အဂြိပ္ပ​သည် မည်သို့​ဖြေဆို​ရန် လှုံ့ဆော်​ခံရ​သနည်း။ သူက “သင်သည်​ဖြားယောင်း​သွေးဆောင်​သော​အားဖြင့် ငါသည် ခရစ်ယာန်​ဖြစ်​လု​ပြီ” ဟု​တုံ့ပြန်​ခဲ့​သည်။ (တမန်​တော် ၂၆:၂၇၊ ၂၈) အဂြိပ္ပ​သည် ခရစ်ယာန်​တစ်ဦး​ဖြစ်​မလာ​သော်လည်း ပေါလု​၏​သတင်းတရားသည် သူ့​နှလုံးကို အတော်အတန်​ထိမိ​ခဲ့​ကြောင်း ထင်ရှား​ပါ​သည်။—ဟေဗြဲ ၄:၁၂

၁၅။ သက်သာလောနိတ်​မြို့တွင် အသင်းတော်​တစ်ခု​ကို ပေါလု မည်သို့​တည်ထောင်​နိုင်​ခဲ့​သနည်း။

၁၅ သတင်းကောင်းကို ပေါလု​တင်ဆက်ပုံ​တွင် ကြေညာ​ခြင်း​နှင့် သွေးဆောင်ခြင်း နှစ်မျိုး​စ​လုံး​ပါဝင်​ကြောင်း သတိပြုမိ​သလော။ ‘ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို မှန်ကန်​စွာ​ကိုင်တွယ်’ စဉ် အဆိုပါ​ချဉ်းကပ်​နည်းကို ပေါလု​အသုံးပြု​ခဲ့​သောကြောင့် ကြားနာသူ​အချို့​သည် နားထောင်​ရုံ​မ​က ယုံကြည်သူများ​ဖြစ်လာ​ကြသည်။ သက်သာလောနိတ်​မြို့ရှိ တရား​ဇရပ်​တွင် ဂျူး​များနှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​သော တစ်ပါး​အမျိုးသားများ​ကို ပေါလု​ရှာတွေ့​ချိန်​၌ ထိုသို့​ဖြစ်​ခဲ့​သည်။ တမန်​တော် ၁၇:၂-၄ ပါ​မှတ်တမ်းက​ဤသို့​ဆို​၏– “ပေါလု​သည် မိမိ​ထုံးစံ​ရှိသည်​အတိုင်း ထို​ဇရပ်​သို့​ဝင်၍၊ ဥပုသ်​နေ့​သုံးရက်​တွင် ကျမ်းစာ​ကို​အမှီပြု၍ ထို​သူတို့နှင့်​ဆွေးနွေး​နှီးနှော​သဖြင့်၊ ခရစ်တော်​သည် အသေခံ​ရမည်။ သေခြင်း​မှ​ထမြောက်​ရမည် . . . ဟူသော​အကြောင်းအရာ​တို့ကို ရှင်းလင်းစွာ​ဖွင့်ပြ​လေ​၏။ ထို​သူ​အချို့​တို့သည် ယုံကြည်ခြင်း​သို့​ရောက် . . . ကြ​၏။” ပေါလု​သည် ဖျောင်းဖျ​သွေးဆောင်​ခဲ့​သည်။ ယေရှုသည် ကြာမြင့်စွာ​ကတည်းက ကတိ​ထားခဲ့​သော​မေရှိယ​ဖြစ်​ကြောင်း ကျမ်းစာ​ဖြင့် ကျိုးကြောင်း​ဆင်ခြင်​ပြ၊ ရှင်းပြ​ပြီး သက်သေထူ​ခဲ့​သည်။ ရလဒ်​ကား အဘယ်နည်း။ ယုံကြည်သူများ​ဖြင့် ဖွဲ့စည်းထား​သော အသင်းတော်​တစ်ခု တည်ထောင်​နိုင်​ခဲ့​သည်။

၁၆။ ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​ခြင်း​တွင် ပျော်ရွှင်မှု မည်သို့​ပို​ရနိုင်​သနည်း။

၁၆ သမ္မာကျမ်းစာ​ကို သင်​ရှင်းပြ​သောအခါ သွေးဆောင်ခြင်း​နည်း​ပညာ၌ သာ၍​ကျွမ်းကျင်​လာနိုင်​သလော။ ထိုသို့​ဖြစ်​လျှင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဟောပြော​သွန်သင်ခြင်း​မှ ကျေနပ်မှု​နှင့် ပျော်ရွှင်မှု​ပို​ရ​ပါ​လိမ့်​မည်။ ဟောပြောခြင်း​လုပ်ငန်း​တွင် ကျမ်းစာ​ကို​ပိုမို​အသုံးပြုပါ​ဟူသော အကြံပြုချက်များ​ကို လိုက်နာ​ကျင့်သုံး​ခဲ့​ကြ​သူ သတင်းကောင်း​ကြေညာသူ​များသည် ထိုသို့​ခံစား​နေကြ​ရပြီ။

၁၇။ ကျွန်ုပ်​တို့၏​ဓမ္မ​အမှု​တွင် ကျမ်းစာ​အသုံးပြုခြင်း​သည် မည်သို့​အကျိုးပြု​ကြောင်း​ဖော်ပြ​ရန် ကိုယ်ပိုင်​တွေ့ကြုံမှု​တစ်ခု​ကို တင်ပြ​ပြောဆို​ပါ၊ သို့​မဟုတ် အပိုဒ်​ထဲ​မှ​တွေ့ကြုံမှု​ကို အတိုချုပ်​ဖော်ပြ​ပါ။

၁၇ သာဓက​အနေ​နှင့် ယေဟောဝါသက်သေ​များ​၏ နယ်လှည့်​ကြီးကြပ်မှူး​တစ်ဦး​က ဤသို့​စာရေး​အကြောင်းကြား​သည်– “ယခု ညီအစ်ကို၊ ညီအစ်မ​အတော်များများ​သည် တစ်အိမ်​မှ​တစ်အိမ် သက်သေခံ​သောအခါ ကျမ်းစာ​ကို လက်ထဲ​ဆောင်ထား​ကြသည်။ ယင်းကြောင့် ကြေညာသူ​အများ​သည် သူတို့​တွေ့ဆုံ​သမျှ​လူ​တို့အား ကျမ်းချက်​တစ်ချက်​နှစ်ချက် ဖတ်ပြ​ခွင့်​ရ​ကြသည်။ ကျွန်ုပ်​တို့၏​ဓမ္မ​အမှု​ဆို​ရာ​၌ မဂ္ဂဇင်း​များနှင့် စာအုပ်​များ​ကို​သာ ဝေ​ခြင်း​မဟုတ်ဘဲ သမ္မာကျမ်းစာ​နှင့်​ပတ်သက်​နေကြောင်း အိမ်ရှင်​နှင့် ကြေညာသူ​ပါ စဉ်းစားမိ​လာကြပြီ။” ဟောပြောခြင်း​လုပ်ငန်း​တွင် ကျမ်းစာ​ကို​မြင်သာအောင် ကိုင်ဆောင်​ထား​မထား​ဆို​သည်​မှာ ဒေသ​ထုံးစံ​အပါအဝင် အကြောင်း​အမျိုးမျိုး​အပေါ် မူတည်​ပေမည်။ မည်သို့​ဆို​စေ ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား လက်ခံ​လာစေဖို့ အခြား​သူများကို​သွေးဆောင်ရာတွင် သမ္မာကျမ်းစာ​ကို ကျွမ်းကျင်​စွာ​အသုံးပြု​တတ်​သူ​ဖြစ်သည်ဟု နာမည်​ကောင်း​ရသူ ဖြစ်​လို​စိတ်​ရှိ​သင့်ပါသည်။

ဓမ္မ​အမှု​အပေါ် ဘုရားသခင့်​အမြင်​ရှိ​ခြင်း

၁၈၊ ၁၉။ (က) ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ဓမ္မ​အမှုကို မည်သို့​ရှုမြင်​သနည်း၊ ကိုယ်တော်​၏​အမြင်မျိုး​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​မွေးမြူ​သင့်​သနည်း။ (ခ) ပြန်လည်ပတ်မှု​များ​ပြုလုပ်​ရာ​တွင် အောင်မြင်​ရန် အဘယ်အရာက အထောက်အကူ​ပြု​မည်​နည်း။ (စာမျက်နှာ ၁၆ ရှိ “ပြန်လည်ပတ်မှု​များ​ပြုလုပ်​ရာ​တွင် အောင်မြင်မှု​ရရှိနိုင်​ပုံ” ခေါင်းစဉ်​ရှိ လေးထောင့်ကွက်​ကို​ရှု။)

၁၈ နားထောင်သူ​များ​၏ နှလုံးကို​ထိမိ​ရန် အခြား​နည်း​တစ်နည်း​မှာ ကျွန်ုပ်​တို့၏​ဓမ္မ​အမှုကို ဘုရားသခင့်​အမြင်​ဖြင့် ကြည့်မြင်​ခြင်း​နှင့် စိတ်ရှည်​သည်းခံခြင်း​ရှိဖို့​ဖြစ်သည်။ ဘုရားသခင်​၏​အလိုတော်​မှာ လူအပေါင်း​တို့သည် ‘တိကျ​မှန်ကန်သော အမှန်တရား​အသိပညာကို​သိစေ​ခြင်း​ငှာ’ ဖြစ်၏။ (၁ တိမောသေ ၂:၃၊ ၄) ကျွန်ုပ်​တို့၏​ဆန္ဒ​လည်း ထိုသို့​ဖြစ်သည်​မဟုတ်လော။ ယေဟောဝါ​သည် သည်းခံ​စိတ်ရှည်​တော်​မူ​သောကြောင့် လူများစွာ​အား နောင်တ​ယူ​ခွင့်​ရရှိစေ​သည်။ (၂ ပေတရု ၃:၉) ထို့​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို နားထောင်​လို​သူ​တစ်ဦး​နှင့် တွေ့ဆုံ​သည့်​အခါ ထို​စိတ်ဝင်စားမှု​ကို ပြုစု​ပျိုးထောင်​ပေး​ရန် အကြိမ်ကြိမ်​ပြန်​သွားဖို့​လို​ပေမည်။ အမှန်တရား​မျိုးစေ့ ကြီးထွား​လာ​သည်ကို​စောင့်ကြည့်ဖို့ အချိန်​နှင့် သည်းခံမှု​လို​၏။ (၁ ကောရိန္သု ၃:၆) “ပြန်လည်ပတ်မှု​များ​ပြုလုပ်​ရာ​တွင် အောင်မြင်မှု​ရရှိနိုင်​ပုံ” ခေါင်းစဉ်​ရှိ ပူးတွဲ​ပါ​လေးထောင့်ကွက်​၌ ထို​စိတ်ဝင်စားမှု​ကို ပြုစု​ပျိုးထောင်​ပေး​ရန် အကြံပြုချက်များ​ဖော်ပြ​ထား​သည်။ လူတို့၏​အသက်တာ​များ—သူတို့၏​ပြဿနာ​များနှင့် အခြေအနေ​များ—သည် အမြဲ​ပြောင်းလဲ​နေကြောင်း သတိရပါ။ သူတို့ကို အိမ်​တွင်​တွေ့​ဖို့ အကြိမ်ကြိမ်​ပြန်​သွားဖို့ လို​မည်​ဖြစ်သော်လည်း ကြိုးစား​ရကျိုးနပ်​ပါ​သည်။ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​ကယ်တင်ခြင်း​သတင်းကို သူတို့အား ကြားနာ​စေ​လို​ကြသည်။ ထို့​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို အခြားသူများ လက်ခံ​လာစေဖို့ ကူညီပေး​သည့်​လုပ်ငန်း​တွင် သွေးဆောင်နိုင်စွမ်း တိုးတက်လာ​စေရန် လိုအပ်သော​ဉာဏ်ပညာ​ရရှိဖို့ ယေဟောဝါ​ဘုရားသခင်​ထံ ဆုတောင်း​ပါ​လေ။

၁၉ ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ပိုမို​ကြားသိ​လို​သူ​တစ်ဦး​ကို တွေ့သော​အခါ ခရစ်ယာန်​လုပ်သားများ​အနေ​နှင့် ကျွန်ုပ်​တို့​အဘယ်အရာ​ပြုလုပ်​နိုင်​သေး​သနည်း။ နောက်​ဆောင်းပါး​တွင် အကြံပြုချက်များ​ပါရှိ​သည်။

[အောကိ​ခြေ​မှတ်ချက်]

^ အပိုဒ်၊ 8 သွေးဆောင်ခြင်း​နှင့်​ပတ်သက်​၍ ထပ်ဆင့်​သိ​လို​ပါ​က ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့​သော သီအိုကရက်တစ် ဓမ္မ​အမှု​ကျောင်း ပညာရေး​မှ အကျိုး​ရယူ​စာအုပ် သင်ခန်းစာ ၄၈ နှင့် ၄၉ ကို​ရှု။

သင်​မှတ်မိ​သလော

• အဂြိပ္ပ​မင်း​ရှေ့ ပေါလု​၏​ထုချေ​ချက်​ကို အဘယ်အရာက ထိရောက်​စေ​ခဲ့​သနည်း။

• ကျွန်ုပ်​တို့၏​သတင်းတရားသည် စိတ်နှလုံး​ကို မည်သို့ ထိမိ​လှုပ်ရှား​စေနိုင်​သနည်း။

• စိတ်နှလုံး​ကို​ထိမိ​ရန် သမ္မာကျမ်းစာ​ကို ထိရောက်​စွာ​အသုံးပြု​ဖို့ အဘယ်အရာက ထောက်ကူ​မည်​နည်း။

• ဓမ္မ​အမှုကို ဘုရားသခင်​၏​ရှုထောင့်​မှ မည်သို့​ရှုမြင်​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်း]

[စာမျက်နှာ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ပြန်လည်ပတ်မှု​များ​ပြုလုပ်​ရာ​တွင် အောင်မြင်မှု​ရရှိနိုင်​ပုံ

လူ​တို့ကို အမှန်တကယ်​ပုဂ္ဂိုလ်ရေး​စိတ်ဝင်စားမှု ရှိကြောင်း​ဖော်ပြ​ပါ။

နှစ်သက်ဖွယ်​ကျမ်းစာ​အကြောင်းအရာ​တစ်ခု​ကို ဆွေးနွေး​ရန် ရွေးချယ်​ထား​ပါ။

ဆက်တိုက်​ပြန်လည်ပတ်​နိုင်​ဖို့ လမ်းခင်း​ထား​ပါ။

ထို​သူနှင့်​ခွဲခွာ​ပြီး​နောက် သူ့​အကြောင်း ဆက်​စဉ်းစား​တွေးတောပါ။

စိတ်ဝင်စားမှု​ကို ဆက်​ပျိုးထောင်​ပေး​နိုင်​ရန် တစ်ရက် နှစ်​ရက်​အတွင်း​ပြန်သွား​ပါ။

သင့်​ရည်ရွယ်ချက်မှာ ကျမ်းစာ​သင်အံမှု​စ​ရန်ဖြစ်​ကြောင်း စိတ်ထဲ​စွဲမှတ်​ထား​ပါ။

စိတ်ဝင်စားမှု​တိုးလာ​စေရန် ယေဟောဝါ​ထံ ဆုတောင်း​ပါ။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဘုရင်ခံ​ဖေတ္တု​နှင့် အဂြိပ္ပ​မင်း​ရှေ့​ရောက်ရှိ​ခဲ့​စဉ်​က ပေါလု သွေးဆောင်​ပြောဆို​ခဲ့