မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မှန်ကန်စွာကိုင်တွယ်လော့’

‘ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မှန်ကန်စွာကိုင်တွယ်လော့’

‘ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို မှန်ကန်​စွာ​ကိုင်တွယ်​လော့’

“သင်​မူ​ကား၊ ဝန်ခံ​တော်​မူ​သော​သူ၊ ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိဘဲ၊ [အမှန်]တရားကို မှန်ကန်​စွာ​ပိုင်းခြား [“ကိုင်တွယ်၊” က​ဘ] တတ်သော ဆရာသမား​ဖြစ်​လျက် ဘုရားသခင့်​ရှေ့၌ ကိုယ်ကို​ကိုယ်​ဆက်သခြင်း​ငှာ ကြိုးစား​အားထုတ်​လော့။”—၂ တိမောသေ ၂:၁၅

၁၊ ၂။ (က) လုပ်သားများ​သည် ကိရိယာ​တန်ဆာ​များ​ကို အဘယ်ကြောင့်​လိုအပ်​သနည်း။ (ခ) အဘယ်​လုပ်ငန်း​၌ ခရစ်ယာန်​များ​ပါဝင်​နေကြ​သနည်း၊ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​ကြောင်း သူတို့​မည်သို့​တင်ပြ​ကြ​သနည်း။

အလုပ်လုပ်သူ​တို့သည် အလုပ်​ပြီးစီး​ရန် အသုံးပြု​စ​ရာ​ကိရိယာ​တန်ဆာ​များ ရှိဖို့လို​သည်။ သို့သော် မည်သည့်​ကိရိယာ​မျိုး​မဆို ရှိ​ရုံ​မျှ​နှင့် မပြီး​ပါ။ လုပ်သား​တစ်ဦး​၌ သင့်လျော်​သည့်​ကိရိယာ​ရှိဖို့လို​ပြီး ယင်းကို နည်း​မှန်​လမ်း​ကျ​အသုံးပြု​တတ်​ရ​ပေမည်။ ဥပမာ၊ ဂိုဒေါင်​တစ်လုံး​ဆောက်လုပ်​နေစဉ် ပျဉ်​နှစ်ချပ်​ကို​ကပ်​ရိုက်​လို​ပါ​က တူ​နှင့်​သံချောင်း​များ​ရှိဖို့​ထက်မက လိုအပ်​မည်။ သံချောင်း​ကို​မ​ကွေး​စေ​ဘဲ သစ်သား​ထဲ ရိုက်သွင်း​တတ်​ရ​ပေမည်။ တူ​ကို​အသုံးမပြု​တတ်​ဘဲ သံ​ရိုက်သွင်း​ဖို့​ကြိုးစား​ခြင်း​သည် အလွန်​ခက်ခဲ​ပြီး စိတ်ပျက်​စ​ရာ​ပင်​ဖြစ်​လိမ့်​မည်။ သို့သော် ကိရိယာ​တန်ဆာ​များ​ကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်​အသုံးပြု​တတ်​ခြင်း​က လုပ်ငန်းများ​ကို ကျေနပ်​အားရ​စွာ ပြီးစီး​စေ​သည်။

ခရစ်ယာန်​များ​အနေ​နှင့် လုပ်ဆောင်​စ​ရာ​လုပ်ငန်း​ရှိ၏။ ထို​လုပ်ငန်း​သည် အလွန်​အရေးကြီး​သည်။ ယေရှု​ခရစ်​က ‘ဘုရားသခင့်​နိုင်ငံတော်​ကို​ရှေးဦး​စွာ​ရှာ’ ပါ​ဟု မိမိ​နောက်လိုက်​များ​ကို တိုက်တွန်း​ခဲ့​သည်။ (မဿဲ ၆:၃၃) ယင်းကို မည်သို့​ပြုလုပ်​နိုင်​မည်​နည်း။ တစ်နည်း​မှာ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ စိတ်အား​ထက်သန်​စွာ ပါဝင်ခြင်း​ဖြင့်​ဖြစ်သည်။ နောက်တစ်နည်း​မှာ ကျွန်ုပ်​တို့၏​ဓမ္မ​အမှုကို သမ္မာကျမ်းစာ​အပေါ် အခြေပြု​ထားခြင်း​ဖြင့်​ဖြစ်သည်။ တတိယ​နည်း​မှာ အမူအကျင့်ကောင်း​ခြင်း​ဖြင့်​ဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; တမန်​တော် ၈:၂၅; ၁ ပေတရု ၂:၁၂) ဤ​ခရစ်ယာန်​လုပ်ငန်း​တာဝန်​ကို ထမ်းဆောင်​စဉ် ထိရောက်​မှု​ရှိပြီး ပျော်ရွှင်မှု​ရှိ​ရန် သင့်လျော်​သည့်​ကိရိယာ​တန်ဆာ​များနှင့် ၎င်းတို့ကို မည်သို့​လျောက်ပတ်​စွာ အသုံးပြုရန်​သိရှိဖို့​လို​သည်။ ဤ​ကိစ္စ​တွင် တမန်​တော်​ပေါလု​သည် ခရစ်ယာန်​လုပ်သား​တစ်ဦး​အဖြစ် ထူးခြားသော​ပုံသက်သေ​ပြ​ခဲ့​ပြီး မိမိကို​အတုယူ​ကြဖို့​လည်း ယုံကြည်သူချင်း​များ​အား တိုက်တွန်း​ခဲ့​သည်။ (၁ ကောရိန္သု ၁၁:၁; ၁၅:၁၀) သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​လုပ်ဖော်ဆောင်ဖက် ပေါလု​ထံ​မှ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

ပေါလု—စိတ်အား​ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ

၃။ တမန်​တော်​ပေါလု​သည် စိတ်​ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော်​လုပ်သား​တစ်ဦး​ဖြစ်သည်ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

ပေါလု​သည် အဘယ်​ကဲ့သို့​သော​လုပ်သား​မျိုး​ဖြစ်သနည်း။ သူသည် အမှန်ပင် စိတ်အား​ထက်သန်​စွာ လုပ်ကိုင်​ခဲ့​သည်။ ပေါလု​သည် မြေထဲပင်လယ်​ဒေသ​တစ်လျှောက် သတင်းကောင်း​ပျံ့နှံ့​အောင် အားသွန်ခွန်စိုက်​ဟောပြောခဲ့​သည်။ ဘုရားသခင့်​နိုင်ငံတော်​ကို စိတ်အား​ထက်သန်​စွာ မိမိ​ကြွေးကြော်​ရသည့်​အကြောင်းရင်းကို ဇွဲကောင်း​သော​တမန်​တော်​က ဤသို့​ဆို​သည်– “ငါသည်​ဧဝံဂေလိတရား​ကို​ဟော​ရုံ​ပြု​လျှင် ဝါကြွားခြင်း​အကြောင်း​မရှိ​သေး။ အဘယ်ကြောင့်​နည်း​ဟူ​မူ​ကား၊ မဟောဘဲ​မနေနိုင်။ မဟောဘဲ​နေလျှင် အမင်္ဂလာ​ရှိ၏။” (၁ ကောရိန္သု ၉:၁၆) ပေါလု​သည် သူ​သာ ကယ်တင်​ခံရ​ဖို့ စိတ်ဝင်စား​ခဲ့​သလော။ မဟုတ်ပါ။ သူသည် တစ်ကိုယ်ကောင်း​ဆန်​သူ​တစ်ဦး​မဟုတ်ဘဲ အခြားသူများ​ကိုလည်း သတင်းကောင်း​၏​အကျိုးကို ခံစား​စေ​လို​သည်။ သူ​ဤသို့​ရေးသားခဲ့​သည်– “ငါသည် သတင်းကောင်းကို အခြားသူများ​နှင့်အတူ ဝေမျှ​သူ​ဖြစ်​ခြင်း​အလို​ငှာ ထို​တရား​အတွက် ခပ်သိမ်း​သော​အရာများ​ကို ငါ​ပြု​၏။”—၁ ကောရိန္သု ၉:၂၃က​ဘ။

၄။ ခရစ်ယာန်​လုပ်သားများ တန်ဖိုး​အထား​ဆုံး​ကိရိယာ​ကား အဘယ်နည်း။

တမန်​တော်​ပေါလု​သည် မိမိ​စွမ်းရည်​ကို​သာ အားမကိုး​နိုင်​ကြောင်း သိထား​သည့် ကျိုးနွံ​သော​လုပ်သားကောင်း​တစ်ဦး​ဖြစ်သည်။ လက်သမား​တစ်ဦး​သည် သံ​ရိုက်​တူ​သုံး​ရသည့်​နည်းတူ ဘုရားသခင့်​အမှန်တရားကို ကြားနာသူ​များ​၏ နှလုံး​ထဲ​ရောက်​စေဖို့ သင့်တော်​သော​ကိရိယာ​ကို ပေါလု​အသုံးပြု​ဖို့​လို​သည်။ အဘယ်​ကိရိယာ​ကို သူ​အဓိက​အသုံးပြု​ခဲ့​သနည်း။ ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ဖြစ်၏။ ထို​နည်းတူ၊ တပည့်​များ​ဖြစ်လာ​စေဖို့ ကျွန်ုပ်​တို့​အဓိက​အသုံးပြု​ရမည့်​ကိရိယာ​မှာ သမ္မာကျမ်းစာ​ဖြစ်သည်။

၅။ ထိရောက်​သော​ဓမ္မ​အမှုဆောင်​များ​ဖြစ်​ရန် ကျမ်းချက်​များ​ကို ကိုးကားခြင်း​အပြင် အဘယ်အရာ​ပြုလုပ်​ဖို့ လို​သေး​သနည်း။

သမ္မာကျမ်းစာ​ကို မှန်ကန်​စွာ​ကိုင်တွယ်​အသုံးပြုခြင်း​တွင် ၎င်း​မှ​ကိုးကားခြင်း​ထက်မက ပြု​ဖို့​လို​ကြောင်း ပေါလု​သိခဲ့​သည်။ “ဖြားယောင်း​သွေးဆောင်” ခြင်း​ကို သူ​သုံးခဲ့​သည်။ (တမန်​တော် ၂၈:၂၃) မည်သို့​အသုံးပြု​ခဲ့​သနည်း။ ပေါလု​သည် ဘုရားသခင့်​နိုင်ငံတော်​အမှန်တရားကို လူအများ လက်ခံ​ယုံကြည်​လာ​စေရန် သမ္မာကျမ်းစာ​ကို အောင်မြင်စွာ အသုံးပြု​ခဲ့​သည်။ သူတို့နှင့် ကျိုးကြောင်း​ဆင်ခြင်​ခဲ့​သည်။ ဧဖက်​မြို့​တရား​ဇရပ်​တစ်ခု​တွင် ပေါလု​သည် သုံးလ​ပတ်လုံး “ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​များ​ကို ဆွေးနွေး​နှီးနှော​၍ ဖြားယောင်း​သွေးဆောင်” ခဲ့​သည်။ “အချို့​သော​သူတို့သည် ခိုင်မာ​သော​စိတ်​ရှိ၍ နားမထောင်​ဘဲ​နေ” ကြသော်လည်း နားထောင်သူ​များစွာ​ရှိ၏။ ဧဖက်​မြို့တွင် ပေါလု​ဓမ္မ​အမှုဆောင်ခဲ့​ခြင်း​ကြောင့် ‘ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​သည် တန်ခိုး​နှင့်​တိုးပွား​၍ အောင်မြင်​လေ​၏။’—တမန်​တော် ၁၉:၈၊ ၉၊ ၂၀သမ္မာ။

၆၊ ၇။ ပေါလု​သည် သူ၏​ဓမ္မ​အမှုကို မည်သို့​ဂုဏ်တင်​ခဲ့​သနည်း၊ ထိုသို့ ကျွန်ုပ်​တို့​မည်သို့​ပြုလုပ်​နိုင်​သနည်း။

ပေါလု​သည် စိတ်​ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ​တစ်ဦး​အဖြစ် ‘သူ၏​ဓမ္မ​အမှုကို​ဂုဏ်တင်​ခဲ့’ သည်။ (ရောမ ၁၁:၁၃က​ဘ) မည်သို့​အားဖြင့်​နည်း။ သူသည် မိမိကိုယ်ကို​အမွှမ်းတင်​ဖို့ စိတ်မဝင်စား​ခဲ့​ချေ; ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​တစ်ဦး​အဖြစ် အများ​သိမည်​ကိုလည်း မရှက်​ခဲ့​ပါ။ ယင်းအစား သူ၏​ဓမ္မ​အမှုကို ဂုဏ်​အရှိဆုံး​လုပ်ငန်း​အဖြစ် ရှုမြင်ခဲ့​သည်။ ပေါလု​သည် သမ္မာကျမ်းစာ​ကို ကျွမ်းကျင်​လိမ္မာ၊ ထိရောက်​စွာ ကိုင်တွယ်​အသုံးပြု​ခဲ့​သည်။ သီးပွင့်​သော သူ၏​လုပ်ငန်း​ကို အခြားသူများ​တွေ့​ပြီး အားရှိ​လာ​ရာ မိမိတို့၏​ဓမ္မ​အမှုကို ပိုမို​အပြည့်အဝ​ဆောင်ရွက်ရန် လှုံ့ဆော်​ခံ​ခဲ့​ရသည်။ သူ၏​ဓမ္မ​အမှုသည် ဤနည်းဖြင့်​လည်း ဂုဏ်တင်​ခံ​ခဲ့​ရသည်။

ပေါလု​ကဲ့သို့ ကျွန်ုပ်​တို့​လည်း သမ္မာကျမ်းစာ​ကို မကြာခဏ၊ ထိရောက်​စွာ​အသုံးပြုခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​ဓမ္မ​အမှုဆောင်ခြင်း​လုပ်ငန်း​ကို ဂုဏ်တင်​နိုင်​ကြသည်။ ကျွန်ုပ်​တို့၏​လယ်ကွင်း​ဓမ္မ​အမှု ကဏ္ဍရပ်​အားလုံး​တွင် ကျွန်ုပ်​တို့၏​ပန်းတိုင်​မှာ လူများ​နိုင်​သလော​က်​များစွာ​အား သမ္မာကျမ်းစာ​မှ တစ်စုံတစ်ရာ​ကို ပြောပြ​ဖို့​ဖြစ်​သင့်​သည်။ ထိုသို့​ပြောဆို​ရာ​တွင် မည်သို့​သွေးဆောင်​ပြောဆို​နိုင်​သနည်း။ အရေးပါသော​နည်း သုံးနည်း​ကို သုံးသပ်ကြည့်​ပါ– (၁) သမ္မာကျမ်းစာ​ကို လေးစား​တန်ဖိုး​ထား​စေနိုင်​မည့်​နည်းဖြင့် ယင်းကို အာရုံစိုက်စေပါ။ (၂) သမ္မာကျမ်း​စာပါ​စကား​ကို လိမ္မာ​ပါးနပ်​စွာ​ရှင်းပြ​ပြီး သက်ဆိုင်ပုံ​ကို​တင်ပြ​ပါ။ (၃) ယုံကြည်​လက်ခံ​နိုင်​စေသော​နည်းလမ်း​ဖြင့် ကျမ်းစာ​မှ ကျိုးကြောင်း​ဆင်ခြင်​ပါ။

၈။ ယနေ့ ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​အတွက် အဘယ်​ကိရိယာ​များ​ရှိ​သနည်း၊ ၎င်းတို့ကို သင်​မည်သို့​အသုံးပြု​ခဲ့ပြီ​နည်း။

ပေါလု​ဓမ္မ​အမှုဆောင်​စဉ်​က မရှိခဲ့​သော​ကိရိယာ​များ ယခု​ခေတ် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ ရရှိ​ထား​ကြသည်။ ထို​တွင် စာအုပ်​များ၊ မဂ္ဂဇင်း​များ၊ ဘရိုရှာ​များ၊ လက်ကမ်း​ဝေစာများ၊ ဝေစာများ၊ အော်ဒီယို​နှင့် ဗီဒီယို​တိ​ပ်​ခွေ​များ​ပါဝင်​သည်။ လွန်ခဲ့သော​ရာစုနှစ်​တွင် သက်သေခံ​ကတ်ပြား​များ၊ ဓာတ်ပြား​စက်​များ၊ အသံချဲ့စက်​ပါ​ကား​များနှင့် ရေဒီယို​မှ​အသံလွှင့်​နည်း​များ​ကိုလည်း အသုံးပြု​ခဲ့​ကြသည်။ ကျွန်ုပ်​တို့​အသုံးပြုနိုင်​သည့် အကောင်းဆုံး​ကိရိယာ​မှာ သမ္မာကျမ်းစာ​ပင်​ဖြစ်သည်၊ ဤ​မရှိမဖြစ် ကိရိယာ​တန်ဆာ​ကို ကောင်းစွာ၊ သင့်လျော်​စွာ အသုံးပြု​ဖို့​လို​သည်။

ကျွန်ုပ်​တို့၏​ဓမ္မ​အမှုသည် သမ္မာကျမ်းစာ​အပေါ် အခြေပြု​ရမည်

၉၊ ၁၀။ သမ္မာကျမ်းစာ​ကို အသုံးပြုခြင်း​နှင့်​ပတ်သက်​၍ တိမောသေ​ကို ပေါလု​ပေး​ခဲ့​သော အကြံပေး​ချက်​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

သမ္မာကျမ်းစာ​ကို ထိရောက်​သော​ကိရိယာ​တစ်ခု​အဖြစ် မည်သို့​အသုံးပြုနိုင်​သနည်း။ လုပ်ဖော်ဆောင်ဖက် တိမောသေ​အား ပေါလု​ပြောဆို​ခဲ့​သော ဤ​စကား​များ​ကို ဂရုပြု​ခြင်း​အားဖြင့်​ဖြစ်သည်– “သင်​မူ​ကား ဝန်ခံ​တော်​မူ​သော​သူ၊ ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိဘဲ၊ [အမှန်]တရားကို မှန်ကန်​စွာ​ပိုင်းခြား [“ကိုင်တွယ်၊” က​ဘ] တတ်သော ဆရာသမား​ဖြစ်​လျက် ဘုရားသခင့်​ရှေ့၌ ကိုယ်ကို​ကိုယ်​ဆက်သခြင်း​ငှာ ကြိုးစား​အားထုတ်​လော့။” (၂ တိမောသေ ၂:၁၅) ‘အမှန်တရားကို မှန်ကန်​စွာ​ကိုင်တွယ်’ ဖို့ အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

၁၀ ‘မှန်ကန်​စွာ​ကိုင်တွယ်’ ဟု​ဘာသာ​ပြန်ဆို​ထားသော ဂရိ​စကားလုံး​သည် စာသား​အရ “ဖြောင့်တန်း​စွာ​ညှပ်ခြင်း” သို့​မဟုတ် “လမ်းကြောင်း​တည့်တည့်​ဖြတ်​ခြင်း” ဖြစ်သည်။ ခရစ်ယာန်​ဂရိ​ကျမ်းစာ​တွင် တိမောသေ​အား ပေါလု​တိုက်တွန်း​ပြောဆို​ခဲ့​သည့်​စကား​၌​သာ ထို​အသုံးအနှုန်း​ကို အသုံးပြု​ထား​သည်။ လယ်ကွင်းတွင် ထယ်ကြောင်း​ဖြောင့်​ဖြောင့်​ထိုး​ခြင်း​အား ဖော်ပြ​ရန် အဆိုပါ​စကားလုံး​ကို အသုံးပြုနိုင်​သည်။ ဝါရင့်​လယ်သမား​တစ်ဦး၏ ထယ်ကြောင်း​သည် ကွေ့ကောက်​နေလျှင် သူ​အမှန်ပင် စိတ်​အနှောင့်အယှက်​ဖြစ်​ပေမည်။ ‘ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိသော အမှုတော်​ဆောင်​တစ်ဦး’ ဖြစ်​ရန် သမ္မာကျမ်းစာ​၏ စစ်မှန်သော​သွန်သင်ချက်​များ​မှ သွေဖည်​၍​မရ​ဟု တိမောသေ,သတိပေး​ခံ​ခဲ့​ရသည်။ သူသည် ကိုယ်ပိုင်​အယူအဆ​အတိုင်း သွန်သင်ပေး​ခွင့်​မရှိပါ။ သူ၏​ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​ကို ကျမ်းစာ​အပေါ် လုံးလုံး​အခြေပြု​ရ​ပေမည်။ (၂ တိမောသေ ၄:၂-၄) ဤနည်းဖြင့် စိတ်​ရိုး​ဖြောင့်​သူများ​သည် လောက​အတွေးအခေါ်ကို လက်မခံဘဲ၊ ကိစ္စရပ်​များ​ကို ယေဟောဝါ​ရှုမြင်သည့်​နည်းတူ ရှုမြင်​ရန် လမ်းညွှန်​ခံရ​ကြလိမ့်မည်။ (ကောလောသဲ ၂:၄၊ ၈) ယနေ့လည်း ထို​နည်း​အတိုင်း​ပင်​ဖြစ်သည်။

ကျွန်ုပ်​တို့၏​အမူအကျင့် ကောင်း​ရမည်

၁၁၊ ၁၂။ ကျွန်ုပ်​တို့၏​အမူအကျင့်​သည် သမ္မာကျမ်းစာ​ကို မှန်ကန်​စွာ​ကိုင်တွယ်​ခြင်း​အပေါ် အဘယ်​အကျိုး​သက်ရောက်​နိုင်​သနည်း။

၁၁ သမ္မာကျမ်းစာ​၏​စကားတော်​ကို ကြွေးကြော်​ခြင်း​အားဖြင့် ယင်း​၏​အမှန်တရား​များ​ကို မှန်ကန်​စွာ​ကိုင်တွယ်​ရုံ​ထက်မက​ပြုမူ​ရမည်။ ကျွန်ုပ်​တို့၏​အမူအကျင့်​သည် ၎င်းနှင့်​ကိုက်ညီ​ရမည်။ “ငါ​တို့သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​ဖြစ်​ကြ” သောကြောင့် အယောင်ဆောင် လုပ်သားများ မဖြစ်ရ​ပါ။ (၁ ကောရိန္သု ၃:၉သမ္မာ) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ဤသို့​ဆို​၏– “သူတစ်ပါးကို​ဆုံးမ​လျက်​ပင် ကိုယ်ကို​မဆုံးမ​သလော။ ‘သူ့​ဥစ္စာ​ကို​မခိုး​နှင့်’ ဟု​တရားဟော​လျက်​ပင် ကိုယ်တိုင်​ခိုး​သလော။ ‘သူ့​မယား​ကို​မ​ပြစ်မှား​နှင့်’ ဟု​ဆို​လျက်​ပင် ကိုယ်တိုင်​ပြစ်မှား​သလော။ ရုပ်[ပုံ]ကို​စက်ဆုပ်​ရွံရှာ​လျက်​ပင် ဗိမာန်တော်ကို လုယူ​ဖျက်ဆီး​သလော။” (ရောမ ၂:၂၁၊ ၂၂) ထို့​ကြောင့် ယခု​ခေတ် ဘုရားသခင်​၏​လုပ်သားများ​အနေ​နှင့် သမ္မာကျမ်းစာ​ကို မှန်ကန်​စွာ​ကိုင်တွယ်​နည်း​တစ်နည်း​မှာ ဤ​တိုက်တွန်းချက်​ကို လိုက်နာခြင်း​အားဖြင့်​ဖြစ်သည်– ‘ထာဝရ​ဘုရားသခင်​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရားသခင်​ကို​မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။’—သု. ၃:၅၊ ၆

၁၂ သမ္မာကျမ်းစာ​ကို မှန်ကန်​စွာ​ကိုင်တွယ်​ခြင်း​မှ ကျွန်ုပ်​တို့ အဘယ်​အကျိုးကျေးဇူးများ​ရနိုင်​သနည်း။ စိတ်​ရိုး​ဖြောင့်​သူတို့၏ အသက်တာ​များ​အပေါ် အကျိုး​သက်ရောက်​နိုင်သော ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ အစွမ်း​တန်ခိုး​ကို သုံးသပ်ကြည့်​ပါ။

သမ္မာကျမ်းစာ​သည် ပြောင်းလဲ​စေနိုင်​သော​အစွမ်း​ရှိ

၁၃။ သမ္မာကျမ်းစာ​ကို လိုက်လျှောက်​ကျင့်သုံး​ခြင်း​က လူတစ်ဦး​တွင် အဘယ်အရာ​ဖြစ်စေ​နိုင်​သနည်း။

၁၃ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ယုံကြည်​စိတ်ချ​နိုင်​သည်​ဟု ယူမှတ်​သောအခါ ၎င်း​၏​သတင်းတရားသည် လူတို့၏​အသက်တာကို အံ့ဖွယ်ကောင်း​လောက်​အောင် ပြောင်းလဲ​စေနိုင်​သည့်​အစွမ်း​ရှိ၏။ ပေါလု​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏​လုပ်ဆောင်မှုကို ကိုယ်တိုင်​တွေ့​မြင်ခဲ့​ပြီး ရှေးခေတ်​သက်သာလောနိတ်​မြို့မှ ခရစ်ယာန်​ဖြစ်လာ​သူများ​အပေါ် ယင်း​၏ အကျိုး​သက်ရောက်​ပုံ​ကို တွေ့မြင်​ခဲ့​သည်။ ထို့​ကြောင့် သူတို့ကို သူ​ဤသို့​ပြော​ခဲ့​သည်– “ငါ​တို့​ဟောပြောသော ဘုရားသခင်​၏​နှုတ်[မြွက်]တရားကို သင်တို့သည်​ကြားနာ​၍ ခံယူ​ကြသောအခါ လူ​၏​နှုတ်ထွက်​စကား​ကဲ့သို့ မခံမယူ​ဘဲ၊ ဘုရားသခင်​၏ နှုတ်[မြွက်​စကား]တော်​အမှန်​ဖြစ်သည်​နှင့်​အညီ ယုံကြည်ခြင်း​သို့​ရောက်​သော သင်တို့​အထဲ​၌​ပြုပြင်​သော ဘုရားသခင်​၏​နှုတ်[မြွက်]တရားတော်​ကဲ့သို့ ခံယူ​ကြသည်​အကြောင်းအရာကို​ထောက်၍ ငါ​တို့သည်​လည်း ဘုရားသခင်​၏​ကျေးဇူးတော်​ကို အစဉ်မပြတ်​ချီးမွမ်း​ကြ​၏။” (၁ သက်သာလောနိတ် ၂:၁၃သမ္မာ) ထို​ခရစ်ယာန်​များ​မ​က ခရစ်တော်​၏ တပည့်စစ်​တပည့်​မှန်​အားလုံး​အတွက် မဖြစ်​စ​လောက် လူ့​တွေးခေါ်​နိုင်စွမ်း​သည် ဘုရားသခင်​၏​အမြင့်မြတ်ဆုံး​ဉာဏ်ပညာ​နှင့် နှိုင်းယှဉ်​၍​မရပါ။ (ဟေရှာယ ၅၅:၉) သက်သာလောနိတ်​မြို့သား​များသည် “ကြီးစွာ​သော​ဆင်းရဲခြင်း​ကို​ခံရ​သော်လည်း၊ . . . ဝမ်းမြောက်ခြင်းနှင့်​တကွ နှုတ်[မြွက်]တရားတော်​ကို​ခံယူ” ကြ​ပြီး အခြား​ယုံကြည်သူများ​အတွက် ပုံ​နမူနာ​ကောင်း​များ​ဖြစ်လာ​ခဲ့​ကြသည်။—၁ သက်သာလောနိတ် ၁:၅-၇

၁၄၊ ၁၅။ သမ္မာကျမ်းစာ​၏​သတင်းတရားသည် မည်မျှ​အစွမ်းထက်​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၄ သမ္မာကျမ်းစာ​သည် ယင်း​၏​ရင်းမြစ် ယေဟောဝါ​ကဲ့သို့ အင်အားကြီး​မား​၏။ ၎င်း​သည် “မိုးကောင်းကင်ကို . . . ဖန်ဆင်း” သူ၊ ‘အသက်ရှင်​တော်​မူ​သော​ဘုရားသခင်’ ထံ​မှ​လာသော နှုတ်မြွက်​စကား​ဖြစ်​ပြီး ထို​နှုတ်မြွက်​စကားတော်​သည် အစဉ်သဖြင့် ‘စေခိုင်း​သော​ကိစ္စ​၌ အောင်မြင်’ မှု​ရှိသည်။ (ဟေဗြဲ ၃:၁၂; ဆာလံ ၃၃:၆; ဟေရှာယ ၅၅:၁၁) ကျမ်း​ပညာရှင်​တစ်ဦး​က ဤသို့​မှတ်ချက်ချ​ခဲ့​သည်– “ဘုရားသခင်​သည် မိမိကိုယ်ကို မိမိ၏​နှုတ်မြွက်​စကားတော်​မှ သီးခြားခွဲ​မထား​ချေ။ မိမိ​နှင့်​မဆိုင်သော​အရာ​ပ​မာ ယင်း​နှင့်​ဆက်နွှယ်​နေ​မှု​ကို ကိုယ်တော်​မငြင်းပယ်​ချေ။ . . . ထို့​ကြောင့် ယင်းသည် ဘယ်​သောအခါ​မျှ အသက်မဲ့​နေသော​အရာ​မဟုတ်​ချေ၊ နှုတ်​တော်​မှ​ထွက်​ပြီး​နောက် ဖြစ်ချင်​ရာ​ဖြစ် မ​မှု​တော့​ဟူ​သည့်​သဘော​မဟုတ်​ချေ; အကြောင်း​မှာ ယင်းသည် အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​နှင့် စည်းလုံး​ထားသော​နှောင်ကြိုး​ဖြစ်၏။”

၁၅ သမ္မာကျမ်းစာ​တွင်​ပါ​သော သတင်းတရားသည် မည်မျှ​အစွမ်းထက်​သနည်း။ လွန်​စွာ​အားကြီး အစွမ်းထက်​ပါ​သည်။ ယင်းကြောင့် ဆီလျော်​စွာ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ဘုရားသခင်​၏​နှုတ်[မြွက်]တရားတော်​သည် အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်ခြင်း၊ သန်လျက်​တကာ​တို့​ထက် ထက်​ခြင်း​နှင့်​ပြည့်စုံ​သည်​ဖြစ်၍၊ အသက်​နှင့်​စိတ်​ဝိညာဉ်​ကိုလည်း​ကောင်း ပိုင်းခြား​၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်နှလုံး​အကြံအစည်​များ​ကိုလည်း သိမြင်​တတ်၏။”—ဟေဗြဲ ၄:၁၂

၁၆။ သမ္မာကျမ်းစာ​သည် လူတစ်ဦးကို မည်သို့​လုံးလုံးလျားလျား ပြောင်းလဲ​စေနိုင်​သနည်း။

၁၆ သမ္မာ​ကျမ်းစာ​ပါ သတင်းတရားသည် “သန်လျက်​တကာ​တို့​ထက် ထက်” သည်။ သို့​ဖြစ်၍ ထိုးဖောက်​သိမြင်နိုင်စွမ်း ထက်မြက်​သဖြင့် မည်သည့်​လူသား​လက်နက်​ကိရိယာ​ထက်​မဆို သာလွန်​သည်။ သမ္မာကျမ်းစာ​သည် လူတစ်ဦး​၏​အတွင်းအကျဆုံး​အပိုင်း​များ​ကို ထိုးဖောက်​သိ​မြင်နိုင်​ပြီး သူ၏​အတွင်းပိုင်း​ကို ပြုပြင်​ပြောင်းလဲ​ပေး​နိုင်​သည်၊ သူ၏​တွေးခေါ်ပုံ​နှင့် သူ​ကြိုက်​နှစ်သက်ရာ​တို့​အပေါ် သက်ရောက်မှု​ရှိ​ကာ လက်ခံနိုင်ဖွယ်​ဖြစ်သော၊ ဘုရားသခင်​၏​လုပ်သား​တစ်ဦး​ဖြစ်စေ​နိုင်​သည်။ တကယ့်​အစွမ်းထက်​လှ​သော ကိရိယာ​ပင်!

၁၇။ သမ္မာကျမ်းစာ​၏ ပြောင်းလဲ​စေနိုင်​သော​အစွမ်း​တန်ခိုး​ကို ရှင်းပြပါ။

၁၇ လူတစ်ဦး​သည် မိမိကိုယ်ကို မည်သို့​ပင်​ထင်မြင်​ယူဆ​ပါစေ၊ အခြားသူများ​အရှေ့​တွင် မည်​ကဲ့သို့​ပင်​နေ​ပြ​ပါစေ သူ၏​အတွင်းစိတ်​ကို သမ္မာကျမ်းစာ​က​အရှိအတိုင်း ဖော်ထုတ်ပြ​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၆:၇) တစ်ခါတစ်ရံ လူဆိုး​တစ်ဦး​ပင်​လျှင် စေတနာ​ရှိသူ သို့​မဟုတ် ဘုရားတရား​ကြည်ညို​သူ ဖြစ်ယောင်ဆောင်​ပြီး မိမိ၏​အတွင်းသဘော​ကို ဖုံးကွယ်​ထား​နိုင်​သည်။ ဆိုးသွမ်းသူ​များသည် မကောင်းသော​အကြံအစည်​ဖြင့် အရေခြုံ​ဟန်ဆောင်​တတ်ကြ​သည်။ မာနကြီး​သူတို့သည် စိတ်​နှိမ့်ချ​သ​ယောင်​ရှိသော်လည်း စင်စစ်​အားဖြင့် လူတို့၏​ချီးမွမ်းသံ​ကို​ကြား​လို​ကြသည်။ သို့သော် သမ္မာကျမ်းစာ​သည် နှလုံး​ထဲ အမှန်တကယ်​ရှိရာ​ကို လှစ်ဟ​ဖော်ပြခြင်း​ဖြင့် စိတ်​နှိမ့်ချ​သူအား လူဟောင်း​ကို​ချွတ်​ပြီး “မှန်သော​ဖြောင့်မတ်ခြင်း​နှင့် . . . တည်ကြည်​ခြင်း​ဖြင့် ဘုရားသခင်​၏​အလိုတော်နှင့် အတူ​အမျှ​ဖန်ဆင်း​သော​လူသစ်​ကို ယူတင်​ဝတ်ဆောင်” စေနိုင်​သည်။ (ဧဖက် ၄:၂၂-၂၄က​ဘ) ထို့​ပြင် သမ္မာကျမ်းစာ​၏​သွန်သင်ချက်​များသည် ရှက်ကြောက်​တတ်​သူကို ယေဟောဝါ​၏​ရဲရင့်​သော​သက်သေ​များ၊ စိတ်​ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​ဖြစ်စေ​နိုင်​သည်။—ယေရမိ ၁:၆-၉

၁၈၊ ၁၉။ ဤ​အပိုဒ်​များ သို့​မဟုတ် လယ်ကွင်း​လုပ်ငန်း​မှ ကိုယ်ပိုင်​တွေ့ကြုံမှု​ကို​အခြေပြု​၍ ကျမ်းစာ​အမှန်တရားသည် လူတစ်ဦး​၏​သဘောထားကို မည်သို့​ပြောင်းလဲ​စေနိုင်​ကြောင်း ဖော်ပြ​ပါ။

၁၈ သမ္မာကျမ်းစာ​၏ ပြောင်းလဲ​စေနိုင်​သော​အစွမ်း​သည် အရပ်ရပ်ရှိ​လူ​တို့ကို ကောင်းကျိုး​ပြု​သည်။ သာဓက​အနေ​နှင့် ကမ္ဘောဒီးယား​နိုင်ငံ၊ ဖနွမ်းပင်​မြို့ရှိ ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​သည် က​မ်​ပို​ကဲ​မ်​ပြည်နယ်​တွင် တစ်လ​နှစ်ကြိမ် ဟောပြောခဲ့​ကြသည်။ ယေဟောဝါသက်သေ​များ​ကို အခြား​တရားဟော​ဆရာများ အတိုက်အခံပြု​ပြောဆို​ကြသည်​ကို​ကြား​ပြီး​နောက် ဒေသခံ​တရားဟော​ဆရာမ​တစ်ဦး​သည် ထို​ပြည်နယ်​သို့ သက်သေခံ​များ​နောက်​တစ်ကြိမ်​ရောက်လာ​လျှင် သူတို့နှင့်​တွေ့ဆုံ​ဆွေးနွေး​ဖို့ စီစဉ်​ခဲ့​သည်။ ပွဲနေ့​များ​ကျင်းပ​ခြင်း​အကြောင်း မေးခွန်းများ​တရ​စပ်​မေးမြန်း​ပြီး သူတို့က ကျမ်းစာ​မှ ကျိုးကြောင်း​ဆင်ခြင်​ပြ​သောအခါ သူ​အာရုံစိုက်​နားထောင်​ခဲ့​သည်။ ထို့နောက် သူ​ဤသို့​ပြောဆို​လိုက်​သည်– “ရှင်တို့​နဲ့​ပတ်သက်ပြီး ကျွန်မ​ရဲ့​လုပ်ဖော်ဆောင်ဖက် တရားဟော​ဆရာ​တွေ​ပြော​တာ မမှန်ဘူး​ဆိုတာ အခု​ကျွန်မ​သိပြီ! ကျမ်းစာ​ကို ရှင်တို့​မ​သုံး​ကြဘူး​လို့ သူတို့က​ပြော​တယ်၊ ဒါပေမဲ့ ဒီ​မနက်​မှာ ရှင်တို့ ကျမ်းစာ​ကိုပဲ​သုံး​နေကြ​တာ!”

၁၉ ဤ​အမျိုးသမီး​သည် သက်သေခံ​များနှင့် ကျမ်းစာ​ဆက်​လေ့လာ​၏၊ တရားဟော​ဆရာမ​အဖြစ်​မှ ဖယ်ရှားပစ်​လိမ့်​မည်​ဟု ခြိမ်းခြောက်​ခံရ​သော်လည်း သူ,မ​မှု​ခဲ့​ပေ။ သူ​ကျမ်းစာ​ဆွေးနွေး​နေကြောင်း မိတ်ဆွေ​တစ်ယောက်ကို ပြောပြ​လိုက်​ရာ မကြာမီ​ပင် သူ၏​မိတ်ဆွေ​သည်လည်း သက်သေခံ​များနှင့် ကျမ်းစာ​စတင်​လေ့လာ​သည်။ ထို​မိတ်ဆွေ​သည် သူ​လေ့လာ​နေသော​အကြောင်းအရာများ​နှင့်​ပတ်သက်​၍ အလွန်​စိတ်​တက်ကြွ​လာ​ရာ ချာ့ခ်ျ​ဝတ်ပြု​စည်းဝေး​တစ်ခု​တွင် “ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ​လေ့လာ​ကြ!” ဟု​ပြောဆို​မိ​သည်။ ထို့နောက် များ​မကြာမီ ချာ့ခ်ျ​အသင်းသား​အဖြစ်​မှ သူ​နုတ်ထွက်​ခဲ့​သည်။ ယခင်​က သင်းအုပ်ဆရာ​မဖြစ်ခဲ့​သူ၊ သူ၏​မိတ်ဆွေ​နှင့် အခြားသူ​တို့သည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​စလေ့လာ​လေ​တော့​သည်။

၂၀။ သမ္မာကျမ်းစာ​၏​အစွမ်း​တန်ခိုး​ကို ဂါနာ​နိုင်ငံ​ရှိ အမျိုးသမီး​တစ်ဦး၏​တွေ့ကြုံမှု​က မည်သို့​ဖော်ပြ​သနည်း။

၂၀ ဂါနာ​နိုင်ငံ​မှ ပေါ်လီနာ​ဟူသော အမျိုးသမီး​တစ်ဦး၏ အဖြစ်​က​လည်း သမ္မာကျမ်းစာ​၏​အစွမ်း​တန်ခိုး​ကို ဖော်ပြ​သည်။ ဘုရားသခင့်​နိုင်ငံတော်​သတင်းကို အချိန်ပြည့်​ကြွေးကြော်​သူ​တစ်ဦး​သည် ထာဝရ​အသက်ကို​ရစေသော အသိပညာ *စာအုပ်​ဖြင့် သူနှင့်​ကျမ်းစာ​လေ့လာ​ခဲ့​သည်။ ပေါ်လီနာ​သည် မယား​အများယူ​ထား​သည့်​အိမ်ထောင်​မှ ဇနီး​တစ်ဦး​ဖြစ်​ပြီး ပြောင်းလဲ​ဖို့​လို​ကြောင်း သိမြင်ခဲ့​သည်၊ သို့သော် သူ၏​လင်ယောက်ျား​နှင့် ဆွေမျိုး​အားလုံး​တို့​က သူ့ကို အကြီးအကျယ်​အတိုက်အခံပြု​ကြသည်။ အထက်​တရားရုံး​တရားသူကြီး​နှင့် ချာ့ခ်ျ​လူကြီး​တစ်ဦး​ဖြစ်သော သူ၏​အဘိုး​က မဿဲ ၁၉:၄-၆ ကို​တလွဲသုံး​ပြီး သူ့ကို ကြိုးစား​ဖျောင်းဖျ​ခဲ့​သည်။ တရားသူကြီး​ပြော​သည်​မှာ ခိုင်လုံ​စိတ်ချ​ရ​ပုံ​ရှိသည်၊ သို့သော် ယေရှု​ခရစ်​ကို​သွေးဆောင်​စဉ်​က ကျမ်းချက်​များ​ကို စာတန် မ​လိမ့်​တ​ပတ် လှည့်​အသုံးပြု​ခဲ့​ပုံ​နှင့် ဆင်တူ​ကြောင်း ပေါ်လီနာ ချက်ချင်း​သတိပြုမိ​သည်။ (မဿဲ ၄:၅-၇) ဘုရားသခင်​သည် ယောက်ျား​နှင့် မိန်းမ​များ​ကို​မဟုတ်ဘဲ လူယောက်ျား​နှင့်​မိန်းမကို ဖန်ဆင်း​ခဲ့​၍၊ ထို​သူ​သုံးယောက်​မဟုတ်ဘဲ ထို​သူ​နှစ်ယောက်​တို့သည် တစ်​သား​တစ်ကိုယ်တည်း​ဖြစ်လာ​သည်​ဟု အဓိပ္ပာယ်​သက်ရောက်​သော အိမ်ထောင်ရေး​ဆိုင်ရာ ယေရှု၏​ရှင်းလင်း​သော​ဖော်ပြချက်​ကို သူ​ပြန်သတိရ​မိ​သည်။ သူ​ဆုံးဖြတ်​သည့်​အတိုင်း​ပြုလုပ်​ခဲ့​ရာ နောက်ဆုံး​တွင် မယား​ပြိုင်​ထား​သည့်​အိမ်ထောင်​မှ ထုံးတမ်း​ဥပဒေ​အရ ကွာရှင်း​လိုက်​သည်။ မကြာမီ​ပင် သူသည် ပျော်ရွှင်သော၊ နှစ်ခြင်း​ခံ​ပြီး​သည့် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ​တစ်ဦး ဖြစ်လာ​လေ​သည်။

သမ္မာကျမ်းစာ​ကို မှန်ကန်​စွာ​ကိုင်တွယ်​နေပါ

၂၁၊ ၂၂။ (က) ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အနေ​နှင့် ကျွန်ုပ်​တို့ မည်သို့​စိတ်ပိုင်းဖြတ်​လို​ကြ​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း​ဆွေးနွေး​မည်​နည်း။

၂၁ ယေဟောဝါ​ထံ နီးကပ်​လာ​စေရန် သူတို့၏​ဘဝကို ပြောင်းလဲ​နိုင်​ဖို့ သူတစ်ပါး​အား ကူညီပေး​ရာ​တွင် သမ္မာကျမ်းစာ​သည် အမှန်ပင်​အစွမ်းထက်​သော ကိရိယာ​တစ်ခု​ဖြစ်သည်။ (ယာကုပ် ၄:၈) ကျွမ်းကျင်​သော​လုပ်သားများ​သည် လုပ်ငန်း​တစ်ခု​ကို ကောင်းစွာ​ပြီးမြောက်​စေဖို့ ကိရိယာ​များ​ကို အသုံးပြု​ကြ​သည့်​နည်းတူ ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အဖြစ် ကျွန်ုပ်​တို့ကို ဘုရားသခင်​ပေးအပ်​ထားသော​လုပ်ငန်း​တွင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​ကို ကျွမ်းကျင်​ပိုင်နိုင်​စွာ ကြိုးစား​အားထုတ်​အသုံးပြုရန် စိတ်ပိုင်းဖြတ်​ထား​ကြပါစို့။

၂၂ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် သမ္မာကျမ်းစာ​ကို မည်သို့​ပိုမို​ထိရောက်​စွာ ကိုင်တွယ်​အသုံးပြုနိုင်​သနည်း။ တစ်နည်း​မှာ ယုံကြည်​လက်ခံ​လာအောင် သွန်သင်​တတ်​သူများ​အဖြစ် မိမိတို့​စွမ်းရည်​များ​ကို တိုးတက်​စေခြင်း​အားဖြင့်​ဖြစ်သည်။ ကျေးဇူးပြု​၍ နောက်​ဆောင်းပါး​ကို အာရုံစိုက်ပါ၊ ထို​တွင် သွန်သင်နည်း​များနှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို အခြားသူများ​လက်ခံ​လာ​စေနိုင်​သော​နည်း​များ​ကို အကြံပြု​ထား​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့။

သင်​မှတ်မိ​သလော

• ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​သည် အဘယ်​ကိရိယာ​များ​ကို အသုံးပြုနိုင်​သနည်း။

• ပေါလု​သည် အဘယ်​နည်းများဖြင့် အတုယူ​စ​ရာ ဘုရားသခင့် နိုင်ငံတော်​လုပ်သား​တစ်ဦး​ဖြစ်​ခဲ့​သနည်း။

• သမ္မာကျမ်းစာ​ကို မှန်ကန်​စွာ​ကိုင်တွယ်​ခြင်း​တွင် အဘယ်အရာ ပါဝင်​သနည်း။

• ယေဟောဝါ​၏​ရေးသား​ထားသော နှုတ်မြွက်​စကားတော်​သည် မည်မျှ​အစွမ်းထက်​သော ကိရိယာ​ဖြစ်သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​ခြင်း​လုပ်ငန်း​တွင် ခရစ်ယာန်​များ​အသုံးပြု​သော ကိရိယာ​အချို့