မတိုင်မီနှင့် ပြီးနောက် ကျမ်းစာမူများက ပြောင်းလဲစေခဲ့
“ဘုရားသခင်၌ ချဉ်းကပ်ကြလော့၊ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်”
မတိုင်မီနှင့် ပြီးနောက် ကျမ်းစာမူများက ပြောင်းလဲစေခဲ့
အေဒရီယန်သည် ငယ်ရွယ်စဉ်ကတည်းက စိတ်ခက်ထန်ကြမ်းတမ်းပြီး မကျေမနပ်ဖြစ်တတ်သည်။ စိတ်မြန်လက်မြန်နှင့် ဒေါသအိုးပေါက်ကွဲတတ်သည်။ အရက်သောက်၊ ဆေးလိပ်သောက်ပြီး အကျင့်ယိုယွင်းခဲ့၏။ အေဒရီယန်ကို ပန့်ခ်ခေါ် တေလေဂျပိုးတစ်ဦးအဖြစ် လူသိများပြီး ဆေးမင်ကြောင်ထိုးထားရာ ယင်းက သူသည် မင်းမဲ့စိုးမဲ့ပရမ်းပတာဖြစ်နေကြောင်း ထင်ရှားသည်။ အဆိုပါနှစ်များအကြောင်း သူဤသို့ဖော်ပြသည်– “ကျွန်တော့်ဆံပင်ကို ပန့်ခ်ပုံစံညှပ်ပြီး ထောင်နေအောင် ကော်ရည်သုတ်လိမ်းထားတယ်၊ တစ်ခါတလေ ဆံပင်ကို အနီရောင် ဒါမှမဟုတ် တခြားအရောင်တွေဆိုးထားတယ်။” ထို့အပြင် အေဒရီယန်သည် သူ့နှာခေါင်းကို ဖောက်ထားလိုက်သေးသည်။
အေဒရီယန်သည် ကလန်ကဆန်လုပ်တတ်သည့် အခြားလူငယ်တချို့နှင့်အတူ အိမ်ပျက်ကြီးတစ်ခုတွင် နေထိုင်ခဲ့ကြသည်။ ထိုတွင် သူတို့ သောက်စားကြ၍ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြ၏။ “စပိဒ်စိတ်ကြွဆေးနဲ့ ဗယ်လီယမ်ကိုထိုးရုံမကဘူး၊ တခြားအလွယ်တကူရနိုင်တဲ့ ဘာဆေးမျိုးမဆိုကို ကျွန်တော်သုံးစွဲခဲ့တယ်။ မူးယစ်ဆေး ဒါမှမဟုတ် ရှူရန်ကော် အလွယ်တကူမရတဲ့အခါ လူအလစ်မှာ ကားတွေထဲကနေ ဓာတ်ဆီကို ပြွန်ကောက်နဲ့စုပ်ထုတ်ပြီး ရှူခဲ့တယ်” ဟု အေဒရီယန် ပြန်ပြောင်းပြောပြသည်။ လမ်းပေါ်ရာဇဝတ်မှုကျူးလွန်သည့် ဘဝတွင် ကျင်လည်နေရင်း အေဒရီယန်သည် ပို၍ခြိမ်းခြောက် အကြမ်းဖက်လာလေ၏။ လူအများက သူနဲ့မပတ်သက်လိုကြချေ။ တစ်ချိန်တည်းတွင် သူ၏နာမည်ဆိုးကြောင့် လူမိုက်များက သူနှင့်လာပေါင်းသင်းကြသည်။
သူ၏ “မိတ်ဆွေများ” သည် ကိုယ်ကျိုးအတွက်သာ သူ့ကိုအပေါင်းအသင်းလုပ်ကြကြောင်း အေဒရီယန် တဖြည်းဖြည်းသိလာသည်။ ထို့ပြင် “အမျက်ဒေါသနဲ့ အကြမ်းဖက်မှုက ဘာအကျိုးမှမပေးဘူး” ဟု သူကောက်ချက်ချခဲ့၏။ ရည်ရွယ်ချက်မဲ့ပြီး စိတ်ပျက်လက်ပျက်ဖြင့် အပေါင်းအသင်းများနှင့် အဆက်ဖြတ်လိုက်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ကင်းမျှော်စင်မဂ္ဂဇင်းတစ်စောင်ကို သူတွေ့ ရှိ၍ ၎င်းတွင်ပါသည့် ကျမ်းစာအခြေပြုသတင်းတရားကို သူအလွန်နှစ်သက်သွားပြီး ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာလေသည်။ အေဒရီယန်သည် “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့ ၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟူသော ဖိတ်ခေါ်ချက်ကို စိတ်အားထက်သန်စွာ တုံ့ပြန်လက်ခံလိုက်သည်။ (ယာကုပ် ၄:၈) ယင်းကြောင့် သန့်ရှင်းသောကျမ်းစာစောင်များပါ မူများကို စ၍လက်တွေ့ကျင့်သုံးဖို့လိုကြောင်း အေဒရီယန် မကြာမီသိမြင်လာသည်။
သူတိုးသိလာသည့် ကျမ်းစာအသိပညာကလည်း အေဒရီယန်၏သိစိတ်ကို အကျိုးပြုသဖြင့် သူ၏ဘဝလမ်းစဉ်ကို ပြုပြင်ပြောင်းလဲစေခဲ့သည်။ စိတ်မြန်လက်မြန်ပြုလုပ်တတ်သည့် သူ၏စိတ်ကိုချိုးနှိမ်ရန်နှင့် ချုပ်တည်းမှုရှိရန် အကူအညီရလေသည်။ သမ္မာကျမ်းစာ၏တန်ခိုးကြောင့် အေဒရီယန်၏ ပင်ကိုအရည်အသွေးသည် အတော်အတန် ပြောင်းလဲသွားသည်။—ဟေဗြဲ ၄:၁၂။
သမ္မာကျမ်းစာသည် မည်သို့ ဤမျှတန်ခိုးပါနိုင်သနည်း။ ကျမ်းစာအသိပညာက ကျွန်ုပ်တို့အား “လူသစ်ကို ယူတင်ဝတ်ဆောင်” စေသည်။ (ဧဖက် ၄:၂၄) မှန်ပါသည်၊ ကျွန်ုပ်တို့၏ပင်ကိုအရည်အသွေးသည် သမ္မာကျမ်းစာပါ တိကျမှန်ကန်သောအသိပညာကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ပြောင်းလဲလာ၏။ သို့သော် ထိုသို့သောအသိပညာက လူတို့ကို မည်သို့ပြောင်းလဲပေးသနည်း။
ဦးဆုံး သမ္မာကျမ်းစာက စွန့်ပစ်ဖို့လိုသည့် နှစ်သက်ဖွယ်မကောင်းသော စရိုက်လက္ခဏာများကို ခွဲခြားဖော်ပြပေးသည်။ (သု. ၆:၁၆-၁၉) ဒုတိယအနေနှင့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အကူအညီဖြင့် နှစ်သက်ဖွယ်ကောင်းသော အရည်အသွေးများကို တင်ပြရန် ကျမ်းစာက တိုက်တွန်းသည်။ ယင်းတွင် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ ချုပ်တည်းခြင်း” တို့ပါဝင်သည်။—ဂလာတိ ၅:၂၂၊ ၂၃၊ ကဘ။
ဘုရားသခင့်တောင်းဆိုချက်များကို လေးလေးနက်နက်သဘောပေါက်လာသောအခါ အေဒရီယန်သည် မိမိကိုယ်ကို ဆန်းစစ်လိုက်ရာ သူမွေးမြူဖို့လိုသည့် အကျင့်စရိုက်များနှင့် ဖယ်ရှားသင့်သည့်ဉာဉ်ဆိုးများကို ခွဲခြားသိမြင်လာလေသည်။ (ယာကုပ် ၁:၂၂-၂၅) သို့သော် ယင်းသည် အစမျှသာဖြစ်၏။ အေဒရီယန်သည် ပြောင်းလဲလိုစိတ်ရှိလာဖို့ အသိပညာအပြင် လှုံ့ဆော်မှုရှိဖို့လိုသည်။
နှစ်သက်ဖွယ်ကောင်းသော ပင်ကိုအရည်အသွေးသစ်ကို “ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဌာန်နှင့်အညီ” ပုံသွင်းထားကြောင်း အေဒရီယန်သိရှိလာသည်။ (ကောလောသဲ ၃:၁၀) ခရစ်ယာန်တစ်ဦး၏ ပင်ကိုအရည်အသွေးသည် ဘုရားသခင့်ပင်ကိုအရည်အသွေးနှင့် တူညီရမည်ဖြစ်ကြောင်း သူသဘောပေါက်လာသည်။ (ဧဖက် ၅:၁) သမ္မာကျမ်းစာကို အေဒရီယန်လေ့လာခြင်းအားဖြင့် လူသားများနှင့် ယေဟောဝါပြုမူဆက်ဆံပုံများအကြောင်း သိရှိလာပြီး ချစ်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သနားညှာတာခြင်းနှင့် ဖြောင့်မတ်ခြင်းအစရှိသည့် ဘုရားသခင်၏ ကောင်းမြတ်သောအရည်အသွေးများကို သူသတိပြုမိလေသည်။ ထိုအခါ ဤအသိပညာက ဘုရားသခင်အားချစ်ရန်နှင့် ယေဟောဝါနှစ်သက်သည့် လူစားမျိုးဖြစ်လာရန် ကြိုးစားဖို့ အေဒရီယန်ကို လှုံ့ဆော်ပေးလေသည်။—မဿဲ ၂၂:၃၇။
အတန်ကြာလေသော် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် အကူအညီဖြင့် အေဒရီယန်သည် မိမိ၏ကြမ်းတမ်းသောစိတ်ကို ထိန်းချုပ်နိုင်ခဲ့သည်။ ယခု သူနှင့် သူ၏ဇနီးတို့သည် သမ္မာကျမ်းစာအသိပညာ အကူအညီဖြင့် အခြားသူတို့၏ဘဝ ပြောင်းလဲသွားစေရန် ကူညီပေးခြင်းဖြင့် အလုပ်များလျက်ရှိကြ၏။ “အခု သေကုန်ကြပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းတွေနဲ့မတူဘဲ ကျွန်တော်အသက်ရှင်နေတုန်းဖြစ်ပြီး သာယာတဲ့အိမ်ထောင်ရေးလည်းရှိတယ်” ဟု အေဒရီယန်ပြောပြသည်။ သမ္မာကျမ်းစာသည် လူတို့၏ဘဝအသက်တာကို ပိုကောင်းလာစေနိုင်သည့်တန်ခိုးရှိကြောင်း သက်သေအဖြစ် အေဒရီယန်ကို ထောက်ပြနိုင်၏။
[စာမျက်နှာ ၂၅ ပါ အကျဉ်းဖော်ပြချက်]
“အမျက်ဒေါသနဲ့ အကြမ်းဖက်မှုက ဘာအကျိုးမှမပေးဘူး”
[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]
အကျိုးသက်ရောက်သော ကျမ်းစာမူများ
အောက်ဖော်ပြပါ ကျမ်းစာမူအချို့သည် အမျက်ဒေါသကြီးပြီး အကြမ်းဖက်ခဲ့သည့်လူများစွာကို ငြိမ်သက်အေးဆေးသူများ ဖြစ်လာစေခဲ့ပြီ–
“သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့်အသင့်အတင့်နေကြလော့။ ချစ်သူတို့ ကိုယ့်အတွက် ကိုယ်တိုင်လက်စားမချေကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။” (ရောမ ၁၂:၁၈၊ ၁၉၊ သမ္မာ) မည်သည့်အချိန်တွင်၊ မည်သူ့ကို လက်စားချေမည်ဟု ဘုရားသခင် သတ်မှတ်ပိုင်းခြားပါလေစေ။ ကိုယ်တော်သည် အဖြစ်မှန်အားလုံးကို အပြည့်အဝသိရှိနားလည်စွာဖြင့် ထိုသို့ပြုလုပ်နိုင်ပါသည်၊ ကိုယ်တော်တိုင်စီရင်ဆုံးဖြတ်သမျှသည် ပြည့်ဝစုံလင်သော တရားမျှတမှုအတိုင်း ဖြစ်ပါလိမ့်မည်။
“အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ [စာတန်] ကို အခွင့်မပေးကြနှင့်။” (ဧဖက် ၄:၂၆၊ ၂၇) လူတစ်ဦးသည် ရံဖန်ရံခါ အမျက်ထွက်စရာအကြောင်း ရှိနိုင်ပါသည်။ ထိုသို့ဖြစ်မည်ဆိုလျှင် သူသည် “အမျက်မပြေ” ဘဲမနေသင့်ပါ။ အဘယ်ကြောင့်နည်း။ ထိုသို့ဖြစ်ပါက အမှားပြုစေနိုင်သည်၊ သို့ဖြင့် “[စာတန်] ကို အခွင့်” ပေး၍ ယေဟောဝါဘုရားသခင်၏စိတ်တော်နှင့် တွေ့မည်မဟုတ်ပေ။
“အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ အကျိုးယုတ်ခြင်းအကြောင်းမျှသာဖြစ်၏။” (ဆာလံ ၃၇:၈၊ သမ္မာ) စိတ်လှုပ်ရှားမှုများကို မချုပ်တည်းနိုင်ခြင်းသည် ထိန်းချုပ်မှုမရှိသည့်လုပ်ရပ်များကို ပြုမူစေသည်။ လူတစ်ဦးသည် အမျက်ထွက်ခွင့်ပြုလျှင် သက်ဆိုင်သူအားလုံးကို ထိပါးသောစကား သို့မဟုတ် အပြုအမူကို ပြောမိ၊ ပြုမိပေလိမ့်မည်။