ယုံကြည်ခြင်းဖြင့် အင်အားကြီးသောစစ်တပ်ကို ဗာရက် အပြီးအပိုင်ချေမှုန်းခဲ့
ယုံကြည်ခြင်းဖြင့် အင်အားကြီးသောစစ်တပ်ကို ဗာရက် အပြီးအပိုင်ချေမှုန်းခဲ့
ရန်လိုသော စစ်မက်ဗိုလ်ပါအလုံးအရင်းနှင့် သင်မျက်နှာချင်းဆိုင်နေရသည်ဆိုပါစို့။ သူတို့သည် နောက်ဆုံးပေါ် အကြီးစားစစ်လက်နက်အပြည့်နှင့် တိုက်ခိုက်ဖို့ အသင့်ရှိနေကြ၏။ ထိုစစ်တပ်ရှေ့တွင် သင်နှင့် သင့်အဖော်များသည် လုံးလုံး အကာအကွယ်မဲ့နေ၏။
ဣသရေလတရားသူကြီးများခေတ်တွင် ဗာရက်၊ ဒေဗောရနှင့် ဣသရေလအမျိုးသားချင်း ၁၀,၀၀၀ တို့သည် ထိုသို့သောအဖြစ်အပျက်ကို ရင်ဆိုင်ခဲ့ကြရသည်။ အဆိုပါရန်သူစစ်တပ်သည် စစ်သူကြီးသိသရဦးစီးသော ခါနာန်သားများဖြစ်ကြသည်။ သူတို့၏လက်နက်ခဲယမ်းစုတွင် စစ်မြင်းရထားများပါဝင်ပြီး ၎င်းတို့၏ဘီးများကို သေစေနိုင်သော သံဓားကောက်များတပ်ဆင်ထားသည်။ ဖြစ်ပျက်ရာနေရာက တာဗော်တောင်နှင့် ကိရှုန်တောင်ကျချောင်းချိုင့်ဝှမ်းဖြစ်သည်။ ထိုတွင်ဖြစ်ပျက်ခဲ့သမျှက ဗာရက်အား အတုယူထိုက်သောယုံကြည်ခြင်းရှိသူတစ်ဦးဖြစ်ကြောင်း ခွဲခြားဖော်ပြပေးသည်။ ဤသို့ထိပ်တိုက်ရင်ဆိုင်ရသည့်အခြေအနေကို ဖြစ်ပေါ်စေသည့် အဖြစ်အပျက်များကို သုံးသပ်ကြည့်ကြစို့။
ယေဟောဝါထံ ဣသရေလလူမျိုး အကူအညီအော်တောင်း
ဣသရေလလူမျိုးသည် စင်ကြယ်သောဝတ်ပြုရေးကို ထပ်ခါတလဲလဲ စွန့်ပစ်သည့်အတွက် ဆိုးကျိုးများခံစားခဲ့ရကြောင်း တရားသူကြီးမှတ်စာက ဖော်ပြသည်။ ထိုသို့ဖြစ်ပျက်သည့်အခါတိုင်း ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် အသနားခံကြသောအခါ ဘုရားသခင်သည် ကယ်တင်မည့်သူတစ်ဦးစေလွှတ်လိုက်၍ လွတ်မြောက်လာကြ၏၊ သို့သော် သူတို့သည် နောက်တစ်ဖန် ထပ်၍ပုန်ကန်ကြပြန်သည်။ ထိုအတိုင်းပင် “ဧဟုဒ [မောဘ၏ဖိနှိပ်မှုမှ ကယ်နုတ်ခဲ့သည့် တရားသူကြီး] သေသောနောက် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ တစ်ဖန် [မကောင်းမှု] ကိုပြု” ကြပြန်သည်။ အမှန်ဆိုရလျှင် “[သူ]တို့သည် ဘုရား[သခင်]သစ်တို့ကိုရွေးယူကြ၏။” ရလဒ်ကားအဘယ်နည်း။ “ထာဝရဘုရား[သခင်]သည် ဟာဇော်မြို့၌မင်းပြုသော ခါနာန်ရှင်ဘုရင် ရာဘိန်၌ရောင်းတော်မူ၏။ သူခန့်ထားသောဗိုလ်ချုပ်မင်းကား . . . သိသရတည်း။ ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲသောကြောင့် သူတို့သည် ထာဝရဘုရား[သခင်]ကို အော်ဟစ်ကြ၏။”—တရားသူကြီး ၄:၁-၃; ၅:၈။
ဣသရေလနိုင်ငံ၏ဘဝအသက်တာအကြောင်း ကျမ်းစာကဤသို့ဆိုသည်– “[ထိုနေ့ရက်များတွင်] ခရီးသွားလူစုတို့သည် ပြတ်စဲကြ၏။ ခရီးသွားသောသူတို့သည် ကောက်ကွေ့သောတောလမ်းများဖြင့် သွားရကြ၏။ ဣသရေလအမျိုး၌ တောကျေးလက်သားတို့ ပြတ်စဲလျက်ရှိ၏။” (တရားသူကြီး ၅:၆၊ ၇၊ သမ္မာ) လူတို့သည် စစ်မြင်းရထားများနှင့် လာရောက်လုယက်ဖျက်ဆီးသူများကို ကြောက်လန့်နေကြရ၏။ “ဣသရေလနိုင်ငံတွင် လူတို့သည် ကြောက်လန့်နေကြရ၏၊ ရပ်ရွာတစ်ခုလုံးသည် မလှုပ်မရှားဝံ့ဘဲ ခိုကိုးရာမဲ့ဖြစ်နေကြသည်” ဟု ပညာရှင်တစ်ဦးကဆိုသည်။ သို့ဖြစ်၍ အလွန်စိတ်ဓာတ်ကျနေသော ဣသရေလအမျိုးသားတို့သည် ယခင်ကကဲ့သို့ပင် ယေဟောဝါထံ အော်ဟစ်၍ အကူအညီတောင်းခံကြလေတော့သည်။
ခေါင်းဆောင်တစ်ဦး ယေဟောဝါခန့်အပ်
ခါနာန်လူမျိုးတို့၏ ဖိနှိပ်မှုခံနေရခြင်းသည် ဣသရေလတစ်မျိုးသားလုံးအတွက် အကျပ်အတည်းကြုံနေရသည့်အချိန်ဖြစ်ခဲ့သည်။ ထိုအခါ ဘုရားသခင်သည် မိမိ၏စီရင်မှုများနှင့် လမ်းညွှန်ချက်တို့ကို ပရောဖက်မဒေဗောရမှတစ်ဆင့် ကြားသိစေတော်မူခဲ့သည်။ သို့ဖြင့် ယေဟောဝါသည် သူ့အား ဣသရေလနိုင်ငံ၏ ပုံဆောင်မိခင်တစ်ဦးအဖြစ် အမှုဆောင်ခွင့်ပေးခဲ့သည်။—တရားသူကြီး ၄:၄; ၅:၇။
ဒေဗောရသည် ဗာရက်ကိုအခေါ်လွှတ်၍ “‘သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတစ်သောင်းကိုသွေးဆောင်၍ တာဗော်တောင်သို့သွားလော့။ ငါသည်လည်း ယာဘိန်မင်း၏ဗိုလ်ချုပ်သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာကိရှုန် [တောင်ကျချောင်းချိုင့်ဝှမ်း] သို့ သွေးဆောင်၍ သင့်လက်၌အပ်မည်’ ဟု ဣသရေလအမျိုး၏ဘုရားသခင် [ယေဟောဝါ] မှာထားတော်မူသည်” ဟုဆင့်ဆိုလေ၏။ (တရားသူကြီး ၄:၆၊ ၇) ‘ယေဟောဝါမှာထားတော်မူသည်’ ဟုဆိုခြင်းအားဖြင့် ဒေဗောရသည် ဗာရက်ကိုအာဏာမပြကြောင်း အလေးအနက်ဖော်ပြခဲ့သည်။ ဘုရားသခင့်မိန့်မှာချက်ကို ကြားသိစေသည့် ဆက်သွယ်ရေးလမ်းကြောင်းသဖွယ် ဖြစ်ရုံသာဖြစ်ခဲ့၏။ ဗာရက်မည်သို့တုံ့ပြန်ခဲ့သနည်း။
ဗာရက်က “ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူကြွလျှင် အကျွန်ုပ်သွားပါမည်။ ကြွတော်မမူလျှင်မူကား မသွားပါ” ဟုဆိုလိုက်သည်။ (တရားသူကြီး ၄:၈) ဗာရက်သည် ဘုရားသခင်ပေးတာဝန်ကိုလက်ခံရန် အဘယ်ကြောင့် အင်တင်တင်ဖြစ်နေရသနည်း။ သူသည် သူရဲဘောနည်း၍လော။ ဘုရားသခင့်ကတိတော်များကို ယုံကြည်မှုမရှိ၍လော။ မဟုတ်ပါ။ ဗာရက်သည် တာဝန်ကို ငြင်းပယ်နေခြင်းမဟုတ်သကဲ့သို့ ယေဟောဝါအား မနာခံခြင်းလည်းမဟုတ်ချေ။ သို့အစား၊ သူ၏တုံ့ပြန်မှုက ဘုရားသခင့်မိန့်မှာချက်ကို သူတစ်ယောက်တည်းထမ်းဆောင်ရန် အရည်အချင်းမပြည့်မီဟု သူခံစားနေရကြောင်း ဖော်ပြသည်။ ဘုရားသခင့်ကိုယ်စားလှယ်တော်ရှိနေခြင်းက ဘုရားသခင်လမ်းညွှန်မည်ကို အသေအချာသိစေပြီး သူနှင့် သူ၏စစ်သားများကိုလည်း ယုံကြည်စိတ်ချမှုအပြည့် ရှိစေမည်ဖြစ်သည်။ ထို့ကြောင့် စိတ်ဓာတ်ပျော့ညံ့မှု တင်ပြသည့်အစား ဗာရက်၏တောင်းဆိုချက်က ယုံကြည်ခြင်းခိုင်ခံ့ကြောင်း ဖော်ပြသည်။
ဗာရက်၏တုံ့ပြန်မှုကို မောရှေ၊ ဂိဒေါင်နှင့် ယေရမိတို့၏တုံ့ပြန်မှုတို့နှင့် နှိုင်းယှဉ်နိုင်ပေသည်။ အဆိုပါအမျိုးသားများသည်လည်း ဘုရားသခင်ပေးတာဝန်ကို သူတို့ထမ်းဆောင်ရန် မိမိတို့၌အရည်အချင်းမရှိဟု ယူမှတ်ခဲ့ကြသည်။ သို့ဖြစ်သောကြောင့် သူတို့သည် သစ္စာတည်ကြည်မှုလျော့နည်းသည်ဟု ယူမှတ်မခံခဲ့ရပါ။ (ထွက်မြောက်ရာ ၃:၁၁–၄:၁၇; ၃၃:၁၂-၁၇; တရားသူကြီး ၆:၁၁-၂၂၊ ၃၆-၄၀; ယေရမိ ၁:၄-၁၀) ဒေဗောရ၏သဘောထားနှင့်ပတ်သက်၍လည်း မည်သို့ဆိုနိုင်သနည်း။ တာဝန်ကို လွှဲပြောင်းယူဖို့ သူ,မကြိုးပမ်းဘဲ ယေဟောဝါ၏ ကျိုးနွံမှုရှိကျေးကျွန်တစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဗာရက်အား သူက “ငါသည် သင်နှင့်အတူသွားမည်” ဟုဆိုလေသည်။ (တရားသူကြီး ၄:၉) သူသည် ပို၍လုံခြုံမှုရှိသည့် နေအိမ်မှထွက်ခွာ၍ တိုက်ပွဲဝင်မည့် ဗာရက်နှင့်အတူ လိုက်သွားရန် အသင့်ရှိခဲ့သည်။ ဒေဗောရလည်း ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိရှိကြောင်း သိသာပါသည်။
ယုံကြည်ခြင်းဖြင့် ဗာရက်နောက် သူတို့လိုက်ခဲ့ကြ
ရန်သူများနှင့် ဣသရေလစစ်တပ် သွားရောက်တွေ့ဆုံရမည့်နေရာမှာ ထင်ရှားသောတာဗော်တောင်အရပ်ဖြစ်သည်။ ထိုနေရာသည် ကောင်းစွာရွေးချယ်ထားသောနေရာဖြစ်သည်။ အဆိုပါတောင်အနီးအနားတွင် နေထိုင်ကြသည့် နဿလိလူမျိုးနှင့် ဇာဗုလုန်လူမျိုးတို့သည် ဤအရပ်တွင် တွေ့ဆုံစည်းဝေးနေကျဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်မိန့်မှာထားသည့်အတိုင်း စစ်သည်တစ်သောင်းနှင့် ဒေဗောရတို့သည် ဗာရက်နောက်သို့လိုက်၍ ဤတောင်ပေါ်သို့ တက်သွားကြလေသည်။
ဗာရက်နောက်သို့လိုက်ပါသွားသူအားလုံး ယုံကြည်ခြင်းရှိဖို့လိုကြ၏။ ယေဟောဝါက ခါနာန်လူမျိုးတို့ကို ဗာရက်အနိုင်ရမည်ဟု ကတိပေးထားသော်လည်း ဣသရေလလူမျိုးတွင် အဘယ်စစ်လက်နက်များ ရှိထားသနည်း။ တရားသူကြီး ၅:၈ က ဤသို့ဆိုသည်– “ဣသရေလအမျိုးသားလေးသောင်းတွင် ဒိုင်းလွှားတစ်ခု၊ လှံတစ်စင်းမျှမရှိ။” သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည် လက်နက်အနည်းငယ်သာရှိကြသည်။ သို့တိုင် လှံရှည်များနှင့် ဒိုင်းလွှားများသည် သံဓားကောက်များတပ်ဆင်ထားသည့် စစ်မြင်းရထားများနှင့် နှိုင်းယှဉ်လျှင် မမျှတသည့်စစ်လက်နက်များဖြစ်သည်။ ဗာရက်သည် တာဗော်တောင်ပေါ်သို့တက်သွားကြောင်းကို သိသရကြားသိသည်နှင့် မိမိ၏ စစ်မြင်းရထားနှင့် စစ်သည်အလုံးအရင်းကို ကိရှုန်တောင်ကျချောင်းချိုင့်ဝှမ်း၌ ချက်ချင်းစုဝေးစေခဲ့သည်။ (တရားသူကြီး ၄:၁၂၊ ၁၃) သိသရမသိလိုက်သည်ကား မိမိသည် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်နှင့် တိုက်ခိုက်ရမည်ဖြစ်ခြင်းတည်း။
သိသရ၏စစ်တပ်ကို ဗာရက်အပြီးအပိုင်ချေမှုန်း
ထိပ်တိုက်ရင်ဆိုင်ရမည့်အချိန် ရောက်လာသောအခါ ဗာရက်အား ဒေဗောရက “ထလော့။ ယနေ့ကား ထာဝရဘုရား[သခင်]သည် သိသရကို သင့်လက်၌အပ်တော်မူသောနေ့ဖြစ်၏။ ထာဝရဘုရား[သခင်]သည် သင့်ရှေ့မှာ ကြွတော်မူပြီမဟုတ်လော” ဟုဆိုလေသည်။ ဗာရက်နှင့် သူ၏စစ်သည်တို့သည် တာဗော်တောင်ထိပ်မှ ချိုင့်ဝှမ်းလွင်ပြင်အရပ်သို့ ဆင်းလာကြရမည်ဖြစ်သည်၊ သို့သော် ထိုနေရာတွင် သိသရ၏စစ်မြင်းရထားများက စစ်မဟာဗျူဟာအရ အခွင့်အရေးသာလျက်ရှိပေမည်။ သင်သည် ဗာရက်၏စစ်တပ်တွင် တစ်ဦးပါဝင်နေမည်ဆိုလျှင် မည်သို့ခံစားရမည်နည်း။ ထိုညွှန်ကြားချက်သည် ယေဟောဝါထံတော်မှလာကြောင်းကို သတိရလျက် နာခံဖို့အသင့်ရှိပါမည်လော။ ဗာရက်နှင့် သူ၏လူတစ်သောင်းတို့သည် နာခံခဲ့ကြသည်။ ‘ယေဟောဝါသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များအပေါင်းတို့ကို ဗာရက်ရှေ့မှာ ဓားဖြင့်ရှုံးစေတော်မူ၏။’—တရားသူကြီး ၄:၁၄၊ ၁၅။
ယေဟောဝါ၏ထောက်မကူညီမှုဖြင့် ဗာရက်သည် သိသရ၏စစ်တပ်ကို အပြီးအပိုင်ချေမှုန်းနိုင်ခဲ့သည်။ တိုက်ပွဲ၏မှတ်တမ်းက ဖြစ်ပျက်ခဲ့သမျှကို မဖော်ပြချေ။ သို့ရာတွင် ဗာရက်နှင့် ဒေဗောရ၏အောင်ပွဲခံသီချင်းအရ ‘မိုးကောင်းကင်နှင့် မိုးတိမ်များမှ မိုးရေစက်စက်ကျ’ ခဲ့ကြောင်း သိရှိရသည်။ ဖြစ်နိုင်သည်ကား မိုးသက်မုန်တိုင်းကြောင့် သိသရ၏စစ်မြင်းရထားများ ရွှံ့နွံထဲ နစ်သွားကြရာ ဗာရက်သည်လည်း အခွင့်ကောင်းယူပြီး အနိုင်ရခဲ့ခြင်းဖြစ်မည်။ သို့နှင့် ခါနာန်လူမျိုးတို့၏ အဓိကထိုးစစ်လက်နက်သည် ပြဿနာတက်စေလေ၏။ သိသရစစ်သည်တို့၏အသေကောင်များကိုကား “ကိရှုန် [တောင်ကျချောင်း] သည် ရန်သူတို့ကို ပယ်သွား၏” ဟု ထိုသီချင်းကသိစေသည်။—တရားသူကြီး ၅:၄၊ ၂၁။
ဖြစ်နိုင်ခြေရှိ ဤအဖြစ်အပျက်ကို ယုံနိုင်ပါမည်လော။ ကိရှုန်တောင်ကျချောင်းချိုင့်ဝှမ်းသည် ပုံမှန်အားဖြင့် မိုးတွင်းသာ ရေအနည်းငယ်ရှိသည့် မြစ်ကြမ်းပြင်ဖြစ်သည်။ ဤမြစ်မျိုးများသည် မိုးသက်မုန်တိုင်းကျရောက်ပြီးနောက် သို့မဟုတ် မိုးကြာရှည်ရွာပြီးနောက် ရေကြီးပြီး ရုတ်တရက် အန္တရာယ်ကြီးမားသော တောင်ကျချောင်းဖြစ်သွားလေ့ရှိသည်။ ပထမကမ္ဘာစစ်အတွင်း ထိုဒေသ၏ရွှံ့စေးမြေပေါ် ၁၅ မိနစ်ခန့်သာ မိုးရွာသွန်းခဲ့ရာ မြင်းတပ်စစ်ဆင်ရေး လှုပ်ရှားမှုမှန်သမျှ ပျက်ပြားသွားသည်ဟုဆိုကြ၏။ ၁၇၉၉၊ ဧပြီ ၁၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နပိုလီယံနှင့် တာ့ခ်တို့၏ တာဗော်တောင်တိုက်ပွဲမှတ်တမ်းများအရ “ကိရှုန်တောင်ကျချောင်းချိုင့်ဝှမ်း ရေကြီးခြင်းကြောင့် ၎င်းကိုဖြတ်ကူး၍ ထွက်ပြေးဖို့ကြိုးစားခဲ့သူ တာ့ခ်အတော်များများ ရေနစ်သေဆုံးခဲ့သည်။”
ဂျူးသမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်က သိသရနှင့် ဗာရက်တို့၏စစ်တပ်များ ထိပ်တိုက်တွေ့ဆုံခါနီးတွင် “ကောင်းကင်မှ မိုးသက်လေပြင်းကျရောက်၍ မိုးသီးများကျပြီး၊ လေပြင်းမုန်တိုင်းကြောင့် ခါနာန်လူမျိုးတို့၏အမြင် ဝိုးတိုးဝါးတားဖြစ်သွားရာ သူတို့၏မြားများနှင့် လောက်လွှဲများကို အသုံးမပြုနိုင်ကြတော့ချေ” ဟုဆိုသည်။
တရားသူကြီး ၅:၂၀ က “ကောင်းကင်မှစစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါ သိသရကိုစစ်တိုက်ကြ၏” ဟုဆိုသည်။ ကြယ်များက သိသရကို မည်သို့စစ်တိုက်ကြသနည်း။ တချို့က ဤဖော်ပြချက်သည် ဘုရားသခင့်အကူအညီကို ရည်ညွှန်းသည်ဟု ယူမှတ်ကြသည်။ အခြားသူတို့ကမူ ကောင်းကင်တမန်များအကူအညီရခြင်း၊ ဥက္ကာခဲများကျလာခြင်း၊ နက္ခတ်ဗေဒင်ဟောကိန်းများကို အလွန်ယုံကြည်သူ သိသရအားထားရာ လွဲမှားသွားခြင်းကို ရည်ညွှန်းသည်ဟုဆိုကြသည်။ ဤတိုက်ပွဲတွင် ကြယ်များသည် မည်သို့တိုက်ခိုက်ပေးခဲ့ကြောင်းကို သမ္မာကျမ်းစာက ရှင်းမပြသည့်အတွက် အဆိုပါဖော်ပြချက်က ဘုရားသခင်သည် ဣသရေလစစ်တပ်ကို တစ်နည်းနည်းဖြင့်ဝင်ကူပေးသည်ဟု နားလည်စေသည်။ မည်သို့ပင်ဆိုစေ ဣသရေလလူမျိုးသည် အခြေအနေကို အပြည့်အဝအခွင့်ကောင်းယူခဲ့ကြသည်။ “ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို . . . လိုက်၍ သိသရစစ်သူရဲအပေါင်းတို့သည် တစ်ယောက်မျှမကျန်ကြွင်း ဓားနှင့်သေကြကုန်၏။” (တရားသူကြီး ၄:၁၆) ဗိုလ်ချုပ်သိသရ မည်သို့ဖြစ်သွားသနည်း။
“မိန်းမတစ်ဦးလက်သို့” နိုင်ထက်စီးနင်းပြုသူ ကျရောက်
“သိသရသည် [တိုက်ပွဲမှထွက်ပြေးလာပြီး] ကေနိအမျိုးသားဟေဗာ၏မယား ယေလ၏တဲသို့ ခြေဖြင့်ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင်ယာဘိန်သည် ဟေဗာအမျိုးသားချင်းကေနိလူတို့နှင့် မိတ်သဟာယဖွဲ့လျက်ရှိသတည်း” ဟု ကျမ်းစာကဆိုသည်။ ယေလသည် မောပန်းနွမ်းနယ်နေသော သိသရကို တဲအတွင်းသို့ ဖိတ်ခေါ်ကာ သူ့အား နွားနို့တိုက်၍ စောင်ဖြင့်လွှမ်းခြုံပေးလိုက်ရာ သိသရအိပ်မောကျသွားခဲ့၏။ ထိုအခါ ယေလသည် တဲရှင်ထိုး၍နေထိုင်သူများ အသုံးပြုလေ့ရှိသည့်အရာများဖြစ်သော “တဲတံသင်တစ်ချောင်းနှင့် လက်ရိုက်ကိုကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာသွား၍ တံသင်ကို မြေ၌စွဲစေသည်တိုင်အောင် သူ၏နားပန်းထဲသို့ရိုက်သွင်းသဖြင့် သိသရသည်သေ၏။”—တရားသူကြီး ၄:၁၇-၂၁။
ထို့နောက် ယေလသည် ဗာရက်ကိုထွက်ကြိုဆို၍ “ကျွန်မဆီသို့ဝင်ပါ။ ရှာသောသူကိုပြပါမည်” ဟုဆိုသည်။ ထို့နောက် မှတ်တမ်းက ဤသို့ထပ်ဆင့်ဖော်ပြသည်– “[သူ] သည် တဲထဲသို့ဝင်၍ သိသရသေလျက်၊ နားပန်း၌ တံသင်စူးလျက်ရှိသည်ကို မြင်လေ၏။” ဗာရက်အဖို့ တကယ်ယုံကြည်ခြင်းခိုင်ခံ့စရာ အတွေ့အကြုံပါတကား! အစောပိုင်းက ပရောဖက်မဒေဗောရ သူ့ကို ဤသို့ဆိုခဲ့၏– “သင်သွားရာလမ်း၌ ဂုဏ်အသရေကိုရမည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရား[သခင်]သည် သိသရကို မိန်းမတစ်ဦးလက်သို့ ရောင်းချတော်မူမည်။”—တရားသူကြီး ၄:၉၊ ၂၂၊ သမ္မာ။
ယေလ၏အပြုအမူကို သစ္စာဖောက်မှုဟုဆိုနိုင်မည်လော။ ထိုသို့ ယေဟောဝါ မရှုမြင်ခဲ့ပေ။ ဗာရက်နှင့် ဒေဗောရတို့၏ အောင်ပွဲခံသီချင်းက ‘သူသည် တဲ၌နေသောမိန်းမတကာတို့ထက် ကောင်းချီးခံစားရလိမ့်မည်’ ဟုဆို၏။ ထိုသီချင်းက သိသရ၏သေဆုံးမှုကို မှန်မှန်ကန်ကန်ရှုမြင်စေသည်။ သူ၏မိခင်သည် တိုက်ပွဲမှ သူပြန်အလာကို စိုးရိမ်ပူပန်စွာ စောင့်မျှော်နေရင်း “သူ၏ရထားသည် အဘယ်ကြောင့်လာခဲသနည်း” ဟုမေးသည်။ “ပညာရှိသောနန်းတွင်းသူတို့” က သူသည် လက်ရဥစ္စာများဖြစ်သော ပန်းထိုးထားသည့် အဝတ်အစားအလှအပများနှင့် မိန်းကလေးများကို စစ်သည်တို့အား ခွဲဝေပေးနေပေလိမ့်မည်ဟု သူ၏စိုးရိမ်စိတ် လျော့ပါးသွားစေရန် ကြိုးစားပြောဆိုကြသည်။ အမျိုးသမီးများက ဤသို့မေးမြန်းပြောဆိုကြသည်– “သူတို့သည် တွေ့၍ရသောဥစ္စာကို ဝေဖန်လျက်နေကြသည်မဟုတ်လော။ စစ်သူရဲအသီးသီးတို့အား မိန်းမတစ်ယောက်၊ နှစ်ယောက်စီ၊ သိသရဖို့ ပန်းဆိုးသောအထည်၊ . . . ဆင်စရာဖို့ ပန်းဆိုး၍ ပန်းထိုးသောအထည်နှစ်ထည်ကိုလုယူ၍ ဝေဖန်လျက်နေကြသည်မဟုတ်လော။”—တရားသူကြီး ၅:၂၄၊ ၂၈-၃၀၊ သမ္မာ။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ
ဗာရက်၏အဖြစ်အပျက်သည် ကျွန်ုပ်တို့ကို အရေးပါသောသင်ခန်းစာများ သွန်သင်ပေးသည်။ ယေဟောဝါအား မိမိတို့၏ဘဝအသက်တာမှ ထုတ်ပယ်ကြသူမည်သူမဆိုသည် ပြဿနာများနှင့် စိတ်ပျက်စရာများ အမှန်ကြုံတွေ့ရပေလိမ့်မည်။ နောင်တယူ၍ ဘုရားသခင်ထံပြန်လှည့်လာကာ ကိုယ်တော်အား ယုံကြည်ကိုးစားသူတို့သည် ဖိနှိပ်မှုအမျိုးမျိုးမှ လွတ်မြောက်နိုင်ပေသည်။ ထို့ပြင် နာခံတတ်သောစိတ်ဓာတ်ကိုလည်း ကျွန်ုပ်တို့မွေးမြူသင့်သည်မဟုတ်ပေလော။ ဘုရားသခင့်တောင်းဆိုချက်များက လူ့စဉ်းစားဆင်ခြင်ဉာဏ်နှင့် မကိုက်ညီပုံပေါက်နေသည့်တိုင် ကိုယ်တော်၏လမ်းညွှန်ချက်များသည် ကျွန်ုပ်တို့၏ထာဝရကောင်းကျိုးအတွက် အစဉ်အမြဲဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ယေဟောဝါအား ယုံကြည်ကိုးစားပြီး ဘုရားသခင့်လမ်းညွှန်ချက်များကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့်သာ ‘တိုင်းတစ်ပါးစစ်တပ်ကို’ ဗာရက် ‘အပြီးအပိုင်ချေမှုန်း’ နိုင်ခဲ့သည်။—ဟေဗြဲ ၁၁:၃၂-၃၄။
ဒေဗောရနှင့်ဗာရက်တို့သီဆိုခဲ့ကြသည့် သီချင်း၏ထိမိသောနိဂုံးက ‘အိုယေဟောဝါ၊ ကိုယ်တော်၏ရန်သူအပေါင်းတို့သည် ထိုသို့ပျက်စီးခြင်းသို့ရောက်ကြပါစေသော။ ကိုယ်တော်အား ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့်ထွက်သွားသောနေမင်းကဲ့သို့ ဖြစ်ပါစေသော။’ (တရားသူကြီး ၅:၃၁) စာတန်၏ဆိုးယုတ်သောလောကကို ယေဟောဝါအဆုံးတိုင်စေသည့်အခါ ထိုအတိုင်း အမှန်တကယ်ဖြစ်လာလိမ့်မည်တကား!
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ယေဟောဝါသည် ဗာရက်ကိုဆင့်ခေါ်ရန် ဒေဗောရအား အသုံးပြုခဲ့
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ကိရှုန်မြစ်ရေကြီးခဲ့
[Credit Line]
Pictorial Archive (Near Eastern History) Est.
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
တာဗော်တောင်