မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အနာဂတ် ရာဇဝတ်မှုကင်းမဲ့သည့်ကမ္ဘာ

အနာဂတ် ရာဇဝတ်မှုကင်းမဲ့သည့်ကမ္ဘာ

အနာဂတ် ရာဇဝတ်မှု​ကင်းမဲ့​သည့်​ကမ္ဘာ

ရာဇဝတ်သား​များ​မရှိတော့​သည့် ကမ္ဘာ​ကို သင်​မြင်ယောင်​ကြည့်​နိုင်​လျှင် မြင်ယောင်​ကြည့်​လိုက်ပါ! ထို​တွင် ရဲသား​များ၊ အကျဉ်းထောင်​များ၊ သို့​မဟုတ် စရိတ်​စ​က​များ​ပြီး နက်နဲ​ရှုပ်ထွေး​သည့် ရာဇဝတ်မှု​တရား​စီရင်​ရေး​စနစ်​များ မလို​အပ်​တော့​ပေ။ ထို​ကမ္ဘာ​လောကတွင် သူတစ်ပါး​၏​အသက်​နှင့် ပိုင်ဆိုင်ရာ​များ​ကို လူတိုင်း တန်ဖိုး​ထား​လေးစား​ကြလိမ့်မည်။ ၎င်း​သည် ယုံရခက်​ပုံ​ရှိသလော။ ထိုသို့​ပင် သင်ယူ​မှတ်​ပေမည်၊ သို့သော်လည်း ဤ​အံ့ဖွယ်ကောင်း​သော​ပြောင်းလဲမှု​ကြီး ဖြစ်ပေါ်​လာ​မည်​ကို သမ္မာကျမ်းစာ​က အတိအကျ​ကတိပေး​ထား​သည်။ ဤ​ကမ္ဘာ​ပေါ်​ရှိ ရာဇဝတ်မှု​နှင့် အခြား​မကောင်းမှု​များနှင့်​ပတ်သက်​၍ ကျမ်းစာ​ကြို​ဟောထား​ရာ​များ​ကို သုံးသပ်ကြည့်​ပါ​လေ။

ဆာလံကျမ်း​တွင် ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “လူဆိုး​တို့​အကြောင်းကြောင့် စိတ်​မ​ပူ​နှင့်။ မတရား​သဖြင့်​ပြုသောသူ​တို့ကို မငြူစူ​နှင့်။ အကြောင်း​မူ​ကား သူတို့သည် မကြာမမြင့်မီ မြက်​ပင်​ကဲ့သို့ ရိတ်ခြင်း​ကို​ခံရ​၍ စိမ်း​သော​ပျိုးပင် ညှိုးနွမ်း​သကဲ့သို့ ဖြစ်​ရ​လိမ့်​မည်။ စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။” (ဆာလံ ၃၇:၁၊ ၂၊ ၁၁) ဘုရားသခင်​၏ ဤ​ကတိတော်​နှင့် တခြား​အားရှိဖွယ်​ကတိတော်​အားလုံး ပြီးပြည့်စုံ​လာ​စေရန် ကိုယ်တော်​အား မည်သူကမျှ ဟန့်တား​နိုင်​မည်​မဟုတ်​ချေ။

ဘုရားသခင်​၏​နိုင်ငံတော်​အားဖြင့် အဆိုပါ​ကောင်းချီး​များ​ကို ဆောင်ကြဉ်း​ပေး​မည်။ သခင့်​ဆုတောင်းချက်​တွင် ယေရှု​ခရစ်​က အဆိုပါ​ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​လာရန်​နှင့် ဘုရားသခင်​၏​အလိုတော် “ကောင်းကင်ဘုံ​၌ ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ” လာ​စေရန် ဆုတောင်း​ဖို့ မိမိ၏​နောက်လိုက်​များ​အား သွန်သင်​ပေး​ခဲ့​သည်။ (မဿဲ ၆:၉၊ ၁၀) မကြာမီ ထို​ဘုရားသခင့်​နိုင်ငံတော်​တွင် ဆင်းရဲ​နွမ်းပါး​မှု၊ ဖိနှိပ်မှု၊ သို့​မဟုတ် ကိုယ်ကျိုးရှာ​စိတ်​တို့​ကြောင့် အဘယ်​ကမ္ဘာ​သားက​မျှ ရာဇဝတ်မှု​ကျူးလွန်​လို​တော့​မည်​မဟုတ်​ချေ။ ယင်းအစား၊ သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “ပြည်တော်​၌ များစွာသော​စပါး​ရှိ၍ . . . တောင်ထိပ်​ပေါ်မှာ လှုပ်ရှား​လိမ့်​မည်။” (ဆာလံ ၇၂:၁၆) ယေဟောဝါ​ဘုရားသခင်​သည် ကမ္ဘာ​သား​တိုင်း​ကို ကောင်း​ရာ​များ မပြတ်​တမ်း ခံစား​စေတော်မူ​လိမ့်​မည်။ ထို​ထက်မက လူ့​အဖွဲ့အစည်း​သည် ဘုရားသခင်​နှင့် အိမ်နီးချင်း​ကို ချစ်​သည့်​မေတ္တာ​၌ အမြစ်စွဲ​ကာ ရာဇဝတ်မှု​ကြောင့် ဤ​ကမ္ဘာကြီး​သည် နောက်​တစ်ဖန် မငြိမ်မသက်​ဖြစ်​တော့​မည်​မဟုတ်ပေ။