“ကောင်းသောအမှု အမျိုးမျိုးကိုပြုရန် အသင့်ရှိစေ”
“ကောင်းသောအမှု အမျိုးမျိုးကိုပြုရန် အသင့်ရှိစေ”
“လူတို့သည် မင်းအရာရှိ၊ အာဏာပိုင်သူတို့၏ အုပ်စိုးခြင်းကိုဝန်ခံ၍ နားထောင်စေခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုအမျိုးမျိုးကိုပြုရန် အသင့်ရှိစေခြင်းငှာလည်းကောင်း . . . သတိပေးလော့။” (တိတု ၃:၁၊ ၂၊ သမ္မာ) ယုံကြည်သူချင်းတို့ထံ တမန်တော်ပေါလု ဤစာကိုရေးစဉ် အဘယ်ကောင်းမှုကို သူ့စိတ်ထဲတွင်ထားသနည်း။ ကျမ်းစာပညာရှင် အီး. အက်ဖ်. စကော့က ကောင်းမှုတစ်မျိုးကို ဤသို့ထောက်ပြောသည်– “ခရစ်ယာန်တို့သည် အာဏာပိုင်တို့ကို နာခံရမည်သာမက မည်သည့်ကောင်းမှုကိုမဆို ပြုလုပ်ရန် အသင့်ရှိနေရမည်။ . . . အခြေအနေအရ လိုအပ်လာချိန်တွင် ခရစ်ယာန်တို့သည် ရပ်ရေးရွာရေးကိစ္စများတွင် ထိပ်ဆုံးမှပါသင့်သည်။ မီးလောင်မှုများ၊ အမျိုးမျိုးသော ဘေးဆိုးများဖြစ်ပွားနေချိန်တွင် ရပ်ကွက်သားကောင်းပီသသူတို့သည် မိမိတို့၏အိမ်နီးချင်းတို့ကို အကူအညီပေးလိုစိတ်ရှိတတ်ကြသည်။”
ခရစ်ယာန်တို့သည် ဘုရားသခင့်ပညတ်များနှင့် မဆန့်ကျင်သ၍ ပြည်သူ့အကျိုးသယ်ပိုးသည့်လုပ်ငန်းအချို့ကို ထမ်းဆောင်ကြသည်။ (တမန်တော် ၅:၂၉) ဥပမာ၊ ဂျပန်နိုင်ငံ၊ အဲ့ဘီနာမြို့တွင်တည်ရှိသော ယေဟောဝါသက်သေတို့၏ ဌာနခွဲရုံးသည် ဒေသခံမီးသတ်ဌာန၏ညွှန်ကြားချက်ကို လိုက်နာကာ မီးသတ်အစမ်းလေ့ကျင့်မှုကို နှစ်စဉ် ကျင်းပသည်။ ထိုသမယတွင် ဒေသခံမီးသတ်ဌာနမှ ကိုယ်စားလှယ်တစ်ဦး၏ ပို့ချသင်ကြားပေးမှုကို ဗေသလမိသားစုဝင်အားလုံးသည် အတူတကွလာရောက်နားထောင်ကြသည်။
ထို့အပြင် ဤဌာနခွဲရုံးသည် မီးဘေးကြိုတင်ကာကွယ်ရေးကို မပြတ်သတိရှိနေစေရန် စီစဉ်သည့် ပြပွဲများတွင် ဒေသခံအာဏာပိုင်တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်မှာ ဆယ်နှစ်ကျော်ပေပြီ။ ထိုပြပွဲတွင် ၎င်းမြို့မှကုမ္ပဏီများနှင့် အဖွဲ့အစည်းများသည် မီးငြိမ်းသတ်နည်းနှင့် မီးလောင်မှုကိုထိန်းချုပ်ရန် အသင့်ရှိပုံတို့ကို အသီးသီးပြသကြသည်။ ဤဌာနခွဲသည် ကျွမ်းကျင်မှုအတွက်နှင့် ဝန်ထမ်းများအား ပူးပေါင်းလုပ်ဆောင်မှုတို့အတွက် အသိအမှတ်ပြုဆု ချီးမြှင့်ခြင်းခံရလေ့ရှိသည်။ ၂၀၀၁ ခုနှစ်တွင် သူတို့ ပထမဆုရရှိခဲ့သည်။ မီးလောင်ခဲ့သော် အသက်ကယ်နိုင်သောကောင်းမှုကိုပြုရန် သူတို့အသင့်ရှိနေကြသည်။
တန်ဖိုးရှိသော အများအကျိုးဆောင်မှု
သို့ရာတွင် ယေဟောဝါသက်သေတို့သည် အသက်ကယ်လုပ်ငန်းပင်ဖြစ်သော ထိုထက်သာ၍အရေးကြီးသည့် ကောင်းမှုတစ်မျိုးကိုလုပ်ဆောင်ရန် စိတ်ပါနေကြသည်။ သူတို့သည် မိမိတို့၏အိမ်နီးချင်းများထံ မှန်မှန်သွားရောက်ကာ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောဝေမျှပေးကြသည်။ (မဿဲ ၂၄:၁၄) မိမိတို့၏ လက်ငင်း လူနေမှုအဆင့်အတန်းမြင့်လာရန်နှင့် စစ်မှန်သောငြိမ်သက်မှု၊ လုံခြုံမှုအပြည့်ရှိမည့်ကမ္ဘာတွင် ထာဝရအသက်မျှော်လင့်ချက်ရှိစေရန် ကျမ်းစာမူများကို သင်ယူပြီး ဘဝတွင် လက်တွေ့ကျင့်သုံးကြဖို့ ယေဟောဝါသက်သေတို့က လူများကို တိုက်တွန်းကြသည်။
အချို့က ယေဟောဝါသက်သေတို့သည် အနှောင့်အယှက်ပေးသူများဟု ယူဆကာ သူတို့သယ်ပိုးနေသော အများအကျိုးဆောင်မှု၏တန်ဖိုးကို နားလည်ချင်မှနားလည်မည်။ သို့သော် ကနေဒါနိုင်ငံ၊ ကွီဗက် အထက်တရားရုံး၏ တရားသူကြီး ယန်း ခရေပိုကမူ ကောင်းစွာနားလည်၏။ ထိုတွင်ရှိ ယေဟောဝါသက်သေတို့သည် ကွီဗက်ခရိုင်၊ ဘလဲန်းဗီလ်၏ မြို့ပြဥပဒေကို ဆိုင်ပြိုင်ကာ တစ်အိမ်မှတစ်အိမ်သွားရောက်လည်ပတ်ခြင်းအတွက် ခွင့်ပြုချက်ပေးရန် တောင်းခံခဲ့သည်။ တရားရုံးဆုံးဖြတ်ချက်တွင် တရားသူကြီး ခရေပိုက ဤသို့မြွက်ကြားသည်– “ယေဟောဝါသက်သေတို့ လည်ပတ်ကြခြင်းသည် ခရစ်ယာန်တို့၏ ရပ်ကွက်အကျိုးပြုလုပ်ငန်းဖြစ်ပြီး . . . စိတ်ဝင်စားသူများကို သက်သေခံတို့ဝေငှပေးသော စာပေများသည် ဘာသာရေး၊ သမ္မာကျမ်းစာ၊ မူးယစ်ဆေး၊ သောက်ကြူးခြင်း၊ လူငယ်တို့၏ပညာရေး၊ အိမ်ထောင်ရေးပြဿနာနှင့် ကွာရှင်းမှုတို့ကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ပတ်သက်သည့် အရေးကြီးသောစာပေများဖြစ်သည်။” အဆိုပါဆုံးဖြတ်ချက်တွင် ဤသို့ဆက်၍ဖော်ပြသည်– “ယေဟောဝါသက်သေတို့အား လှည့်လည်ဖြားယောင်းသူများနှင့်နှိုင်းခြင်းသည် သူတို့ကို စော်ကားခြင်း၊ သိက္ခာချခြင်း၊ ထိခိုက်စေခြင်းနှင့် အသရေဖျက်ခြင်းသာဖြစ်သည်။”
ယေဟောဝါသက်သေတို့သည် လူသားတို့နေ့စဉ်ကြုံတွေ့ရသည့် ပြဿနာများကို ကျော်လွှားနိုင်စေရန်နှင့် အနာဂတ်မျှော်လင့်ချက်ရှိလာစေရန် မိမိနေထိုင်ရာရပ်ကွက်ရှိသူများအား ကူညီပေးခြင်းဖြင့် ရပ်ရွာအကျိုးသယ်ပိုးပေးကြသည်။ ဤလုပ်ငန်းကို ကျေပွန်နိုင်ရန် သမ္မာကျမ်းစာက သူတို့ကိုပြင်ဆင်ပေးသည်။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ [သွန်သင်]ပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။”—၂ တိမောသေ ၃:၁၆၊ ၁၇။
ယေဟောဝါသက်သေတို့သည် “ကောင်းမှုအမျိုးမျိုးပြုရန်” မည်သို့ “အသင့်ရှိ” လာကြကြောင်း သိလိုပါသလော။ သူတို့ပေးမည့်အကူအညီကို လက်ခံပြီး ကျမ်းစာကိုပိုမိုလေ့လာကာ သင့်ဒေသနှင့် ကမ္ဘာတစ်ဝန်းလုံးတွင် သူတို့သယ်ပိုးပေးနေသည့် အရေးကြီးသောရပ်ရွာအကျိုးဆောင်ရွက်မှုမှ အကျိုးရယူရန် ကျွန်ုပ်တို့ ဖိတ်ခေါ်တိုက်တွန်းလိုက်ပါသည်။
[စာမျက်နှာ ၃၀၊ ၃၁ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေတို့သည် လောကအာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်ရန် ရှာကြံ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
သက်သေခံတို့သည် အိမ်နီးချင်းတို့ကို အကူအညီပေးကြသည်ဟု နာမည်ရ