မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့”

“ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့”

“ကျေးဇူးတော်​ကို​သိသောစိတ် ရှိကြလော့”

“သင်တို့​စိတ်နှလုံး​အထဲ​၌ ခရစ်တော်​၏​ငြိမ်သက်ခြင်း​အုပ်စိုး​စေ။ . . . ကျေးဇူးတော်​ကို​သိသောစိတ် ရှိကြလော့။”—ကောလောသဲ ၃:၁၅

၁။ ခရစ်ယာန်​အသင်းတော်​နှင့် စာတန်​ချုပ်ကိုင်​ထားသော​လောကတွင် အဘယ်​ခြားနား​ချက်​ကို ကျွန်ုပ်​တို့ သတိပြုမိ​သနည်း။

ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​၏ အသင်းတော် ၉၄,၆၀၀ တွင်​ကျေးဇူး​တင်​တတ်သော​စိတ်​ကို ကျွန်ုပ်​တို့​တွေ့ရ​သည်။ အစည်းအဝေး​တစ်ခုစီ​ကို ယေဟောဝါ​အား ကျေးဇူး​တင်​သည့် ဆုတောင်းချက်​ဖြင့် အစ​ပြုပြီး အဆုံးသတ်​သည်။ လူငယ်​လူကြီး​များ​သာမက လူသစ်​လူဟောင်း​များလည်း အတူတကွ​ဝတ်ပြု​၍ ပျော်ရွှင်စွာ​ပေါင်းသင်း​ကြ​ချိန်​တွင် “ကျေးဇူး​တင်​ပါ​တယ်၊” “ရ​ပါ​တယ်၊” သို့​မဟုတ် အလားတူ​စကား​များ ပြောဆို​တတ်ကြ​သည်ကို ကျွန်ုပ်​တို့ မကြာခဏ​ကြား​ရလေ့​ရှိသည်။ (ဆာလံ ၁၃၃:၁) ယင်းသည် ‘ယေဟောဝါ​ကို မသိသော​သူ၊ ဧဝံဂေလိတရား​ကို နားမထောင်​သော​သူ’ တို့​တွင်​ရှိ တစ်ကိုယ်ကောင်း​စိတ်​နှင့် တခြား​စီ​ပင်! (၂ သက်သာလောနိတ် ၁:၈) ကျေးဇူးကန်း​သော​လောကတွင် ကျွန်ုပ်​တို့ အသက်ရှင်နေ​ထိုင်​ကြသည်။ ဤ​လောက​၏​ဘုရားသခင်၊ တစ်ကိုယ်ကောင်း​ဆန်​ဖို့ အများဆုံး​အားပေးသူ စာတန်​၏​မာန်​မာန​နှင့် ပုန်ကန်​စိတ်​သည် လူ့​အဖွဲ့အစည်း​တွင် ပျံ့နှံ့​စိမ့်ဝင်​လျက်​ရှိသည်​မှာ အံ့အားသင့်​စ​ရာ​မဟုတ်ပေ!—ယောဟန် ၈:၄၄; ၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၅:၁၉

၂။ အဘယ်​သတိပေး​ချက်​ကို ကျွန်ုပ်​တို့ ဂရုစိုက်​ဖို့​လို​သနည်း၊ အဘယ်​မေးခွန်းများကို ဆင်ခြင်​သုံးသပ်​မည်​နည်း။

စာတန်​လောက​၏​ဝိုင်းထား​ခံရ​သော ကျွန်ုပ်​တို့သည် ၎င်း​၏​စိတ်ထား​များ​ကြောင့် အကျင့်​မပျက်​ပြား​စေရန် သတိထား​ရမည်။ ပထမ​ရာစု​တွင် ဧဖက်​ခရစ်ယာန်​များ​ကို တမန်​တော်​ပေါလု ဤသို့​သတိပေး​ခဲ့​သည်– ‘သင်တို့သည် အထက်​က လောက​တရား​သို့​လိုက်၍ အာကာသ​ကောင်းကင်​၏​တန်ခိုး​ကို အစိုး​ရသော​မင်း​တည်း​ဟူသော ငြင်းဆန်​သော​သူတို့၌ ပြုပြင်​သော​ဝိညာဉ်​၏​အလို​နှင့်​အညီ အပြစ်​၌ ကျင်လည်​ကြ​၍ ထို​ငြင်းဆန်​သော​သူတို့နှင့်​တကွ ငါ​တို့​ရှိသမျှသည် အထက်​က ကိုယ်ကာယ​၏​အလို​သို့​လည်းကောင်း၊ စိတ်၏​အလို​သို့​လည်းကောင်း​လိုက်​သဖြင့် ကာ​မ​ဂုဏ်​တို့​၌ ကျင်လည်​သည်​ဖြစ်၍ ကြွင်း​သော​သူတို့​ကဲ့သို့​ပင် ပကတိ​အတိုင်း အမျက်တော်ကို​ခံရ​သော​သူ​ဖြစ်​ကြ​၏။’ (ဧဖက် ၂:၁-၃) ယနေ့ လူအများသည်​လည်း ထို​အတိုင်း​ပင်​ဖြစ်၏။ သို့​ဖြစ်​လျှင် ကျေးဇူး​တင်​တတ်သော​စိတ်​ကို မည်သို့​ဆက်​ထိန်းထား​နိုင်​သနည်း။ ယေဟောဝါ​သည် မည်သို့​ကူညီပေး​သနည်း။ ကျွန်ုပ်​တို့သည် အမှန်ပင်​ကျေးဇူး​တင်​ကြောင်း အဘယ်​လက်တွေ့ကျ​နည်းများဖြင့် ဖော်ပြ​နိုင်​သနည်း။

ကျေးဇူး​တင်စရာ​အကြောင်းရင်း​များ

၃။ အဘယ်အရာ​များ​အတွက် ယေဟောဝါ​အား ကျွန်ုပ်​တို့ ကျေးဇူး​တင်​ကြ​ရမည်​နည်း။

အထူးသဖြင့် ကျွန်ုပ်​တို့အား အလျှံပယ်​ပေး​ထားသော ဆုကျေးဇူး​တချို့​ကို သုံးသပ်​သောအခါ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်၊ အသက်ပေး​ပိုင်ရှင်​ဖြစ်သော ယေဟောဝါ​ဘုရားသခင်​အား ကျေးဇူး​တင်စရာ​အကြောင်း​ရှိ၏။ (ယာကုပ် ၁:၁၇) ကျွန်ုပ်​တို့ အသက်ရှင်နေ​ရသည့်​အတွက် ယေဟောဝါ​အား နေ့စဉ် ကျေးဇူး​တင်စရာ​ပင်။ (ဆာလံ ၃၆:၉) ကျွန်ုပ်​တို့​ပတ်လည်​တွင် နေ၊ လ​နှင့် ကြယ်​များ​အစ​ရှိသော ယေဟောဝါ​လက်ရာ အထောက်အထား​များစွာကို​လည်း သတိပြုမိ​ကြသည်။ အသက်ရှင်​သန်​စေသည့် သတ္တု​ဓာတ်​မြောက်မြားစွာ သိုလှောင်​ထားသော ဤ​ကမ္ဘာ​ဂြိုဟ်​မှ​စ၍ အချိုး​ညီ​ညီ ရောနှော​နေသည့် မရှိမဖြစ်​ဓာတ်ငွေ့​များ​ပါရှိ​သော လေထု​နှင့် ရှုပ်ထွေး​သည့် သဘာဝ​သံသရာ​များ​က ကျွန်ုပ်​တို့၏​မေတ္တာရှင် ကောင်းကင်​ခမည်းတော်​ကို ကျေးဇူး​တင်စရာ​ရှိကြောင်း သက်သေထူ​၏။ ရှင်ဘုရင်​ဒါဝိဒ်က ဤသို့​စပ်ဆို​ခဲ့​သည်– ‘အကျွန်ုပ်၏​ထာဝရ​ဘုရားသခင် အကျွန်ုပ်​တို့​အဖို့​ပြု​တော်​မူ​သော အံ့သြဖွယ်​အမှုတို့​နှင့် ကြံစည်​တော်​မူ​သော အကြံအစည်​တို့သည် များ​လှ​ပါ​၏။ ရှေ့တော်၌ အစဉ်​အတိုင်း​လျှောက်​၍ မကုန်နိုင်​ပါ။ အကျွန်ုပ်​ထုတ်ဖော်​ကြား​ပြော​မည်​ဟု​ဆို​သော် ရေတွက်​၍​မကုန်နိုင်​အောင် များ​လှ​ပါ​၏။’—ဆာလံ ၄၀:၅

၄။ အသင်းတော်များ​တွင် ပျော်ရွှင်​အားရစရာ ပေါင်းသင်းမှု​ရှိသည့်​အတွက် ယေဟောဝါ​အား အဘယ်ကြောင့် ကျေးဇူး​တင်​သင့်​သနည်း။

ယနေ့ ယေဟောဝါ​၏​ကျေးကျွန်​များသည် ပကတိ​ပရဒိသု​နှင့် အလှမ်းဝေး​နေ​သေး​သော်လည်း ဝိညာဉ်​ရေး​ပရဒိသု​တွင် နေထိုင်​လျက်​ရှိကြ​၏။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင်၊ စည်းဝေးကြီး​များ​တွင်၊ စည်းဝေးပွဲ​များ​တွင် ကျွန်ုပ်​တို့၏​ယုံကြည်သူချင်း​များသည် ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အသီး သီးပွင့်​နေကြ​ကြောင်း တွေ့ရှိ​ရ၏။ သက်သေခံ​တချို့​သည် [ခရစ်ယာန်]ဘာသာရေး​နောက်ခံ​မရှိသူ​များ​ကို ဟောပြော​သည့်​အခါ ဂလာတိ​မြို့သား​များ​ထံ ပေါလု​ရေးခဲ့​သော​စာ​ကို ကိုးကား​ဖော်ပြ​ကြ​၏။ သူတို့သည် ပထမ​ဦးစွာ “ဇာတိ​ပကတိ​အကျင့်​တို့” ကို​အာရုံစိုက်​စေပြီး နားထောင်​နေ​သူများ အဘယ်အရာကို သတိပြုမိ​သနည်း​ဟု မေးမြန်း​ကြသည်။ (ဂလာတိ ၅:၁၉-၂၃) ယနေ့ လူ့​အဖွဲ့အစည်း​တွင် ထို​အကျင့်​များ​ကို အထင်အရှား​တွေ့ရှိ​နေရ​ကြောင်း လူအများစုက သဘောတူ​လက်ခံ​ကြသည်။ ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အသီးကို သူတို့အား ဖော်ပြ​ပြီး ဒေသခံ​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ ဖိတ်ခေါ်​၍ ထို​ဝိညာဉ်​အသီးကို သူတို့​ကိုယ်တိုင် တွေ့မြင်​သည့်​အခါ လူအများ​က “ဘုရားသခင်​သည် သူတို့တွင် အမှန်​ရှိ​တော်​မူ​သည်” ဟု​ချက်ချင်း​ပင် ဝန်ခံ​ကြ​၏။ (၁ ကောရိန္သု ၁၄:၂၅) ယင်းကို ဒေသခံ​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင်​သာ တွေ့ရှိ​ရခြင်း​မဟုတ်​ချေ။ သင်သည် မည်သည့်​နေရာသို့​သွား​သွား၊ ခြောက်​သန်း​ကျော်​သော ယေဟောဝါသက်သေ​တစ်ဦးဦး​နှင့်​တွေ့လျှင် အလားတူ​ရွှင်လန်း​အားရ​စိတ်​ကို တွေ့ရ​မည်။ မှန်ပါသည်၊ ဤ​တည်ဆောက်​စ​ရာ​ပေါင်းသင်းမှု​ဖြစ်စေ​သည့် သန့်ရှင်းသော​ဝိညာဉ်​တော် ပေးသနား​သော ယေဟောဝါ​အား ကျေးဇူး​တင်စရာ​အကြောင်း​ရှိ၏။—ဇေဖနိ ၃:၉; ဧဖက် ၃:၂၀၊ ၂၁

၅၊ ၆။ ဘုရားသခင်​၏​အကြီးမြတ်ဆုံး ဆုကျေးဇူး​ဖြစ်သည့် ရွေးနုတ်ဖိုး​ကို ကျွန်ုပ်​တို့​ကျေးဇူး​တင်​ကြောင်း မည်သို့​ဖော်ပြ​နိုင်​သနည်း။

ယေဟောဝါ​ပေးသနား​သည့် ကောင်းမြတ်​စုံလင်​ဆုံး ဆုကျေးဇူး​သည် ကိုယ်တော်​၏​သားတော် ယေရှု​ဖြစ်၍ ဤ​သားတော်​မှ​တစ်ဆင့် ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်ကို စီစဉ်​ပေး​တော်​မူ​၏။ တမန်​တော်​ယောဟန်​က “ဘုရားသခင်​သည် ငါ​တို့ကို ဤမျှ​လောက်​ချစ်တော်မူ​သည်​မှန်​လျှင် ငါ​တို့သည်​လည်း အချင်းချင်းချစ်​ရ​ကြ​မည်” ဟု​ရေးသားခဲ့​သည်။ (၁ ယောဟန် ၄:၁၁) ကျွန်ုပ်​တို့သည် ယေဟောဝါ​အား ချစ်​မြတ်နိုး​ပြီး ကျေးဇူး​သိ​တတ်​ကြောင်း ဖော်ပြ​ရုံ​မ​က သူတစ်ပါးကို ချစ်​ကြောင်း ထင်ရှားစေ​သည့် ဘဝ​ပုံစံ​အတိုင်း အသက်ရှင်ခြင်း​ဖြင့် ရွေးနုတ်ဖိုး​အတွက် ကျေးဇူး​တင်​နိုင်​ကြသည်။—မဿဲ ၂၂:၃၇-၃၉

ရှေး​ဣသရေလ​လူမျိုး​နှင့် ယေဟောဝါ​ဆက်ဆံပုံ​ကို သုံးသပ်ခြင်း​ဖြင့် ကျေးဇူး​တင်​စိတ်​ကို ဖော်ပြ​ပုံ​နှင့်​စပ်လျဉ်း၍ ပိုမို​သိရှိ​လာ​ပါ​လိမ့်​မည်။ ယေဟောဝါ​သည် မောရှေ​မှ​တစ်ဆင့်​ပေး​ခဲ့​သော ပညတ်တရား​အားဖြင့် ထို​လူမျိုး​ကို သင်ခန်းစာ​များစွာ သွန်သင်​ပေး​ခဲ့​၏။ “ပညတ်တရား​တော်​အားဖြင့် ပညာ​ကိုလည်း​ကောင်း၊ [အမှန်]တရားကို​လည်းကောင်း ရိပ်မိ​သော” ကျွန်ုပ်​တို့သည် “ကျေးဇူးတော်​ကို​သိသောစိတ်​ရှိကြလော့” ဟူသော ပေါလု​၏ အကြံပြုချက်ကို လိုက်လျှောက်​နိုင်​ကြ​ပါ​လိမ့်​မည်။—ရောမ ၂:၂၀; ကောလောသဲ ၃:၁၅

မောရှေ​ပညတ်တရား​မှ သင်ခန်းစာ​သုံးခု

၇။ ဆယ်ဖို့တစ်ဖို့​ပေးခြင်း​အစီအစဉ်​အားဖြင့် ယေဟောဝါ​အား ဣသရေလလူ​တို့ ကျေးဇူး​တင်​ကြောင်း မည်သို့​တင်ပြ​ခွင့်​ရခဲ့​သနည်း။

မောရှေ​ပညတ်တရား​တွင် ယေဟောဝါ​သည် မိမိ၏​ကောင်းမြတ်​မှု​ကို ဣသရေလလူ​တို့ အမှန်ပင်​ကျေးဇူး​တင်​ကြောင်း ဖော်ပြ​နိုင်​သည့် နည်း​သုံးနည်း​ပေး​ခဲ့​၏။ ပထမ​နည်း​မှာ ဆယ်ဖို့တစ်ဖို့​ပေးခြင်း​ဖြစ်၏။ ‘နွား၊ သိုး​ဆိတ်’ တို့​နှင့်အတူ မြေ​က​ဖြစ်သော အသီးအနှံ​ဆယ်စု​တစ်စု​သည် ‘ယေဟောဝါ​အဖို့​သန့်ရှင်း​ရမည်’ ဖြစ်သည်။ (ဝတ်ပြုရာ ၂၇:၃၀-၃၂) ဣသရေလလူ​တို့သည် နာခံကြ​သောအခါ ယေဟောဝါ​သည် သူတို့ကို ကောင်းချီး​အလျှံပယ်​ပေး​၏။ “‘ဆယ်ဖို့တစ်ဖို့​ရှိသမျှကို ဘဏ္ဍာတိုက်​ထဲ​သို့​သွင်း​၍ ငါ့​အိမ်တော်၌ စားစရာ​ရှိစေ​ခြင်း​ငှာ​ပြု​ကြလော့။ ငါသည် မိုးကောင်းကင်​ပြတင်းပေါက်​တို့ကို​ဖွင့်​၍ ကောင်းချီး​မင်္ဂလာ​ကို အကုန်အစင်​သွန်းလောင်း​မည်၊ မ​သွန်းလောင်း​မည်​ကို ထိုသို့​စုံစမ်း​ကြလော့’ ဟု​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား မိန့်တော်မူ၏။”—မာလခိ ၃:၁၀

၈။ ဆယ်ဖို့တစ်ဖို့​ပေးခြင်း​နှင့် စေတနာအလျောက် အလှူ​ထည့်ဝင်​ခြင်း​တို့သည် မည်သို့​ကွာခြား​သနည်း။

ဒုတိယ​နည်း​မှာ ယေဟောဝါ​သည် ဣသရေလလူ​တို့​ထံ​မှ ဆယ်ဖို့တစ်ဖို့​ကို တောင်းဆို​သည့်​အပြင် စေတနာအလျောက် လှူဒါန်း​စေ​ခဲ့​၏။ ဣသရေလလူ​တို့ကို ဤသို့​ဆို​ရန် မောရှေ​အား ကိုယ်တော်​မိန့်မှာ​ခဲ့​သည်– ‘ငါ​ပို့ဆောင်သော​ပြည်​သို့ သင်တို့သည်​ရောက်​၍ ထို​ပြည်​၌​ဖြစ်သော​မုန့်ကို စား​ကြသောအခါ ယေဟောဝါ​အား ချီးမြှောက်​ရာ​ပူဇော်ရာ​ယဇ်ကို ဆက်​ရမည်။’ သူတို့၏​အမျိုး​အစဉ်အဆက်​တို့သည် အ​ဦး​နယ်​သော “မုန့်​စိမ်း​ဖြင့်​လုပ်သော​မုန့်ပြား” အချို့​ကို ‘ယေဟောဝါ​အား ဆက်​ရ​ကြ​မည်’ ဖြစ်သည်။ ဤ​အ​ဦး​နယ်​သော​မုန့်ပြား မည်​ရွေ့​မည်မျှ​ဆက်သ​ရမည်ဟု အတိအကျ​မဖော်​ပြ​ထား​ကြောင်း သတိပြုပါ။ (တောလည်ရာ ၁၅:၁၈-၂၁) ဣသရေလလူ​တို့သည် ကျေးဇူး​တင်​သည့်​အနေ​နှင့် အလှူ​ထည့်ဝင်​သည့်​အခါ ယေဟောဝါ​ထံ​မှ ဧကန်​မုချ ကောင်းချီး​ခံစားရ​ကြ​မည်​ဖြစ်၏။ ထပ်တူ​အစီအစဉ်ကို ယေဇကျေလ​၏​ဝတ်ပြုရာ​အိမ်တော် အမြင်​အာရုံ​တွင် တွေ့ရှိ​ရသည်။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “အ​ဦး​သီး​သော​အသီး​အမျိုးမျိုးနှင့် ချီးမြှောက်​ရာ​ပူဇော်​သကာ​အလုံးစုံ​တို့ကို ယဇ်ပုရောဟိတ်​သည် သိမ်းယူ​ရမည်။ သူသည် သင့်​အိမ်​၌ ကောင်းချီး​မင်္ဂလာ​ကို သက်ရောက်​စေခြင်း​ငှာ အ​ဦး​နယ်​သော​မုန့်​စိမ်း​ကို သူ၌​လှူ​ရမည်။”—ယေဇကျေလ ၄၄:၃၀

၉။ ယေဟောဝါ​သည် ကောက်သင်း​ကောက်ခြင်း​အစီအစဉ်​အားဖြင့် အဘယ်အရာကို သင်ပေးခဲ့​သနည်း။

တတိယ​နည်း​မှာ ကောက်သင်း​ကောက်ခြင်း​အလေ့အထ​ကို ယေဟောဝါ​စီမံ​ပေး​ခဲ့​ခြင်း​ဖြစ်သည်။ ဘုရားသခင်​က “ကိုယ်​မြေ​၌​ဖြစ်သော​စပါး​ကို ရိတ်​သောအခါ လယ်​ထောင့်​တို့ကို အကုန်အစင်​မ​ရိတ်​ရ။ သိမ်း​ရာ​တွင် ကျန်ကြွင်း​သော​အရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။ ကိုယ်​စပျစ်​သီး​ကို အကုန်အစင်​မ​သိမ်း​ရ။ ကျန်ကြွင်း​သော​အသီးကို ပြန်၍​မ​ဆွတ်​ရ။ ထို​အသီးကို ဆင်းရဲသော​သူ ဧည့်သည်. . . အဖို့ ချန်ခြွင်း​ရမည်။ ငါသည် သင်တို့၏​ဘုရားသခင်​ထာဝရ​ဘုရား​ဖြစ်၏” ဟု​မိန့်မှာ​ခဲ့​သည်။ (ဝတ်ပြုရာ ၁၉:၉၊ ၁၀) ဤ​တွင်​တစ်ဖန်၊ မည်​ရွေ့​မည်မျှ​ချန်​ထား​ရမည်ကို အတိအကျ​မဖော်​ပြ​ထား​ချေ။ ဆင်းရဲ​ချို့တဲ့​သူများ​အတွက် မည်​ရွေ့​မည်မျှ​ချန်​ထား​မည်​ကို ဣသရေလ​တစ်ဦးချင်း​စီ​က ကိုယ်တိုင်​ဆုံးဖြတ်​ရမည်​ဖြစ်သည်။ ပညာရှိ​ရှင်ဘုရင်​ရှောလမုန်​သည် လျောက်ပတ်​စွာ ဤသို့​ဆို​ခဲ့​သည်– ‘ဆင်းရဲသား​ကို သနားသော​သူသည် ယေဟောဝါ​အား ချေးငှား​သော​သူ​ဖြစ်၍ သူ​ပြုသော​အမှု​၏​အကျိုးကို ဆပ်ပေး​တော်​မူ​လိမ့်​မည်။’ (သု. ၁၉:၁၇) ဤနည်းဖြင့် ယေဟောဝါ​သည် ဆင်းရဲ​ချို့တဲ့​သူများကို သနား​ကြင်နာ​ဖို့၊ ထောက်ထား​စာနာ​ဖို့ သွန်သင်​ပေး​ခဲ့​၏။

၁၀။ ဣသရေလလူ​တို့သည် ကျေးဇူး​မသိ​တတ်​သည့်​အခါ အဘယ်​အကျိုးဆက်များ​ကို ခံ​ခဲ့​ကြ​ရသနည်း။

၁၀ ဣသရေလလူ​တို့သည် နာခံမှု​ရှိ​ရှိ ဆယ်ဖို့တစ်ဖို့​ယူဆောင်​လာ​ကြ​သည့်​အခါ၊ စေတနာအလျောက် အလှူ​ထည့်ဝင်​သည့်​အခါ၊ ဆင်းရဲ​ချို့တဲ့​သူများ​အတွက် စီစဉ်​ပေး​သည့်​အခါ သူတို့ကို ယေဟောဝါ​ကောင်းချီး​ပေး​ခဲ့​၏။ သို့သော်လည်း ဣသရေလလူ​တို့သည် ကျေးဇူး​မသိ​တတ်​သည့်​အခါ ယေဟောဝါ​၏​မျက်နှာတော် ဆုံးရှုံး​ရ၏။ ယင်းက ဘေးသင့်​စေပြီး နောက်ဆုံး​တွင် ပြည်နှင်ဒဏ်​ခံရ​စေ​၏။ (၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၁) သို့​ဆိုလျှင် ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာများ​ရသနည်း။

ကျွန်ုပ်​တို့​ကျေးဇူး​တင်​ကြောင်း ဖော်ပြချက်များ

၁၁။ ယေဟောဝါ​အား ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​နိုင်​သည့် အဓိက​နည်း​ကား အဘယ်နည်း။

၁၁ ထို​နည်းတူ​စွာ ယေဟောဝါ​အား​ချီးမွမ်း​ပြီး ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​နိုင်သော အဓိက​နည်း​တွင် “ဆက်သခြင်း” ပါဝင်​သည်။ အမှန်​ဆို​ရ​လျှင် ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် တိရစ္ဆာန်​များ သို့​မဟုတ် အသီးအနှံ​များ ပူဇော်​ရသည့် မောရှေ၏​ပညတ်တရား​အောက်တွင် မရှိကြ​တော့​ချေ။ (ကောလောသဲ ၂:၁၄) မည်သို့​ပင်​ဆို​စေ၊ တမန်​တော်​ပေါလု​က ဟေဗြဲ​ခရစ်ယာန်​များ​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “ငါ​တို့သည် ဘုရားသခင်​၏​ကျေးဇူးတော်​ကို ဝန်ခံ​လျက်၊ နှုတ်ခမ်း​အသီး​တည်း​ဟူသော ချီးမွမ်း​ခြင်း​ယဇ်ကို . . . ဘုရားသခင့်​ရှေ့တော်၌ အစဉ်​ပူဇော်​ကြ​ကုန်​အံ့။” (ဟေဗြဲ ၁၃:၁၅) လူအများရှေ့​ဖြစ်စေ၊ ခရစ်ယာန်​ချင်း​များ​၏ ‘အသင်းတော်​အလယ်’ တွင်​ဖြစ်စေ ယေဟောဝါ​အား ချီးမွမ်း​ခြင်း​ယဇ်​ပူဇော်​ရန် ကျွန်ုပ်​တို့၏​စွမ်းရည်​များနှင့် ဥစ္စာ​အင်ခွင်များကို အသုံးပြုခြင်း​ဖြင့် ကျွန်ုပ်​တို့၏​မေတ္တာရှင် ကောင်းကင်​ခမည်းတော် ယေဟောဝါ​ဘုရားသခင်​ကို လှိုက်လှိုက်လှဲလှဲ​ကျေးဇူး​တင်​ကြောင်း ဖော်ပြ​နိုင်​သည်။ (ဆာလံ ၂၆:၁၂) ထိုသို့​ပြု​ရာ​တွင် ယေဟောဝါ​အား ဣသရေလလူ​တို့ ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​သည့် နည်း​များ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သိရှိ​နိုင်​သနည်း။

၁၂။ ကျွန်ုပ်​တို့၏​ခရစ်ယာန်​တာဝန်​နှင့်​ပတ်သက်ပြီး ဆယ်ဖို့တစ်ဖို့​ပေးခြင်း​အစီအစဉ်​မှ အဘယ်အရာ​သိရှိ​နိုင်​သနည်း။

၁၂ ကျွန်ုပ်​တို့​ဆွေးနွေး​ခဲ့​ပြီး​သည့်​အတိုင်း ဦးဆုံး​အနေ​နှင့် ဆယ်ဖို့တစ်ဖို့​ပေးခြင်း​အစီအစဉ်သည် မဖြစ်​မနေ​ပြု​ရမည့်​အစီအစဉ်​ဖြစ်သည်; ဣသရေလလူ​တိုင်း ထိုသို့​ပေးဆက်​ရန် တာဝန်​ရှိ၏။ ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ခရစ်ယာန်​ဓမ္မ​အမှု​တွင်​ပါဝင်​ပြီး အစည်းအဝေး​များ​ကို တက်ရောက်​ရန် တာဝန်​ရှိကြသည်။ အဆိုပါ​လုပ်ဆောင်မှုများ​ကို မဖြစ်​မနေ​ပြု​ရမည်။ နောက်ဆုံး​ကာလ​နှင့်​ပတ်သက်​သည့် ယေရှု၏​အရေးကြီး​ပရောဖက်ပြုချက်​တွင် ကိုယ်တော်​က ဤသို့​တိုက်ရိုက်​ဖော်ပြ​ခဲ့​သည်– ‘လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို လောက​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့။’ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) တမန်​တော်​ပေါလု​သည် ခရစ်ယာန်​အစည်းအဝေးများနှင့်​စပ်လျဉ်း၍ ဤသို့​ရေးသား​ရန် မှုတ်သွင်းခံ​ခဲ့​ရသည်– “မေတ္တာ​စိတ်​ရှိစေ​ခြင်း​ငှာ​လည်းကောင်း၊ ကောင်းသော​အကျင့်ကို ကျင့်​စေခြင်း​ငှာ​လည်းကောင်း တိုက်တွန်း​နှိုးဆော်​ရသော​အခွင့်​ကို​ရှာ၍ အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ထောက်စာ​ကြည့်ရှု​ကြ​ကုန်​အံ့။ လူ​အချို့​တို့၏​ထုံးစံ​ရှိသည်​အတိုင်း၊ အချင်းချင်း​စည်းဝေး​ခြင်း​အမှုကို မရှောင်​မလွှဲ​ကြ​နှင့်။ အချင်းချင်း​တို့ကို တိုက်တွန်း​နှိုးဆော်​ကြလော့။ ကာလ​အချိန်​ရောက်လု​နီး​သည်ကို​ထောက်​သဖြင့် သာ၍​ကြိုးစား​ကြလော့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​သာမက ခရစ်ယာန်​အစည်းအဝေး​များ​တွင် ညီအစ်ကို​များနှင့် မှန်မှန်​ပေါင်းသင်း​ခြင်း​တာဝန်​ကို အခွင့်အရေး​အဖြစ်၊ ဂုဏ်ယူ​စ​ရာ​အဖြစ် ရှုမြင်​ကာ အားရ​ဝမ်းသာ လက်ခံ​ပြုလုပ်​သောအခါ ယေဟောဝါ​အား ကျွန်ုပ်​တို့​ကျေးဇူး​တင်​ကြောင်း ဖော်ပြ​ကြ​၏။

၁၃။ စေတနာအလျောက် အလှူ​ထည့်ဝင်​ခြင်း​နှင့် ကောက်သင်း​ကောက်ခြင်း​တို့​မှ အဘယ်​သင်ခန်းစာ​ရရှိ​သနည်း။

၁၃ ထို့​ပြင် ဣသရေလလူ​တို့ ကျေးဇူး​တင်​လေးမြတ်​ကြောင်း ပြသ​နိုင်​သည့် အခြား​အစီအစဉ်​နှစ်ခု​ဖြစ်သော စေတနာအလျောက် အလှူ​ထည့်ဝင်​ခြင်း​နှင့် ကောက်သင်း​ကောက်ခြင်း​တို့ကို သုံးသပ်ခြင်း​မှ​လည်း ကျွန်ုပ်​တို့ အကျိုးကျေးဇူး​ရရှိနိုင်​သည်။ သတ်သတ်မှတ်မှတ် တောင်းဆို​ထားသော ဆယ်ဖို့တစ်ဖို့​ပေးခြင်း​နှင့်​ခြားနား​စွာ စေတနာအလျောက် အလှူ​ထည့်ဝင်​ခြင်း​နှင့် ကောက်သင်း​ကောက်ခြင်း​အစီအစဉ်​တွင် မည်​ရွေ့​မည်မျှ​ဟူ၍ သတ်သတ်မှတ်မှတ် မတောင်းဆို​ခဲ့​ချေ။ ၎င်း​အစား၊ ယေဟောဝါ​ကျေးကျွန်​တစ်ဦး၏​စိတ်နှလုံး​တွင်း​ရှိ ကျေးဇူး​တင်​လေးမြတ်မှု အတိမ်အနက်​အတိုင်း လုပ်ဆောင်​စေ​ခွင့်ပြု​၏။ ထို​နည်းတူ၊ ယေဟောဝါ​ကျေးကျွန်​တိုင်း​၏ အခြေခံ​တာဝန်ဖြစ်​သည့် ခရစ်ယာန်​ဓမ္မ​အမှု​တွင်​ပါဝင်​ပြီး အစည်းအဝေး​များ တက်ရောက်ခြင်း​ကို ကျွန်ုပ်​တို့​လေးမြတ်​ကြသော်လည်း စိတ်နှလုံး​အကြွင်းမဲ့၊ စိတ်လို​ကိုယ်​လျောက် ပါဝင်​တက်ရောက်​ကြ​သလော။ ကျွန်ုပ်​တို့အတွက် ယေဟောဝါ​ပြုလုပ်​ပေး​သမျှ အရာအားလုံး​တို့ကို လှိုက်လှိုက်လှဲလှဲ​ကျေးဇူး​တင်​ကြောင်း တင်ပြ​နိုင်​သည့် အခွင့်အရေး​တစ်ခု​အဖြစ် ရှုမြင်​သလော။ ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​၏​အခြေအနေ ခွင့်ပြု​သမျှ အဆိုပါ​လုပ်ဆောင်မှုများ​တွင် အပြည့်အဝ​ပါဝင်​ကြ​သလော။ သို့​မဟုတ် ယင်း​တို့အားလုံး​ကို ကျွန်ုပ်​တို့​လုပ်ဆောင်​ရမည့် တာဝန်​တစ်ခု​အဖြစ်​သာ ရှုမြင်​သလော။ အဆိုပါ​မေးခွန်းများကို ကျွန်ုပ်​တို့​တစ်ဦးစီ ကိုယ်တိုင်​ဖြေဆို​ကြ​ရမည်။ တမန်​တော်​ပေါလု​က ဤသို့​ဖော်ပြ​ခဲ့​သည်– “လူတိုင်း ကိုယ်​ပြုသော​အမှုကို စစ်ကြော​စေ။ သို့ပြုလျှင် သူတစ်ပါး​၌​မဆို​ဘဲ ကိုယ်​၌​သာ ဝါကြွား​ဝမ်းမြောက်စရာ​အကြောင်း​ရှိ​လိမ့်​မည်။”—ဂလာတိ ၆:၄

၁၄။ ယေဟောဝါ​၏​အမှုတော်ကို ထမ်းဆောင်​ရာ​တွင် ကျွန်ုပ်​တို့​ထံ​မှ ကိုယ်တော် အဘယ်အရာ​မျှော်လင့်​သနည်း။

၁၄ ကျွန်ုပ်​တို့၏​အခြေအနေ​များ​ကို ယေဟောဝါ​ဘုရားသခင် ကောင်းစွာ​သိတော်မူ၏။ ကျွန်ုပ်​တို့၏​ကန့်သတ်ချက်​များ​ကိုလည်း သိတော်မူ၏။ ကိုယ်တော်​၏​ကျေးကျွန်​များ စိတ်လို​ကိုယ်​လျောက်​ဆက်သ​သည့် ပူဇော်ရာ​ယဇ် များများ​နည်းနည်း ကိုယ်တော်​တန်ဖိုး​ထား​၏။ ကျွန်ုပ်​တို့အားလုံး တစ်သမတ်တည်း​ပေးဆက်​လိမ့်​မည်​ဟု ကိုယ်တော်​မမျှော်လင့်​သကဲ့သို့ ကျွန်ုပ်​တို့​လည်း ထိုသို့​ပေးဆက်​နိုင်​ကြ​မည်​မဟုတ်​ချေ။ ပစ္စည်း​လှူဒါန်းခြင်း​အကြောင်း ဆွေးနွေး​သောအခါ တမန်​တော်​ပေါလု​က ကောရိန္သု​ခရစ်ယာန်​များ​အား ဤသို့​ဆို​ခဲ့​သည်– “စေတနာ​စိတ်​သည် အသင့်​ရှိလျှင် မတတ်နိုင်​သော​အမှုကို​မ​ထောက်​ဘဲ တတ်နိုင်​သော​အမှုကို​ထောက်၍ နှစ်သက်​တော်​မူ​ဖွယ်​ဖြစ်၏။” (၂ ကောရိန္သု ၈:၁၂) အဆိုပါ​မူ​သည် ဘုရားသခင့်​အမှုတော် ထမ်းဆောင်ခြင်း​နှင့်​လည်း ထပ်တူ​ထပ်​မျှ​သက်ဆိုင်​သည်။ ကျွန်ုပ်​တို့​အမှုဆောင်​နိုင်​သည့်​ပမာဏ​ကို​မဟုတ်ဘဲ အားရ​ဝမ်းသာ၊ စိတ်နှလုံး​အကြွင်းမဲ့ အမှုဆောင်ခြင်းကို ယေဟောဝါ​လက်ခံ​တော်​မူ​၏။—ဆာလံ ၁၀၀:၁-၅; ကောလောသဲ ၃:၂၃

ရှေ့ဆောင်​စိတ်ဓာတ်​ကို ပျိုးထောင်​ပြီး ဆက်​ထိန်းထား​လော့

၁၅၊ ၁၆။ (က) ရှေ့ဆောင်​ဓမ္မ​အမှု​နှင့် ကျေးဇူး​တင်​ခြင်း​စပ်ကြား အဘယ်​ဆက်နွှယ်မှု​ရှိ​သနည်း။ (ခ) ရှေ့ဆောင်​အဖြစ် အမှု​မဆောင်နိုင်​သူများ​သည် ရှေ့ဆောင်​စိတ်ဓာတ်​ကို မည်သို့​တင်ပြ​နိုင်​သနည်း။

၁၅ ယေဟောဝါ​အား ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​သည့် အထိရောက်ဆုံး​နည်း​မှာ အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပါဝင်ခြင်း​ဖြစ်သည်။ ယေဟောဝါ​အား​ချစ်​မြတ်နိုး​ပြီး ကိုယ်တော်​၏​မခံစားထိုက်သော​ကရုဏာ​ကို ကျေးဇူး​တင်သော​ကြောင့် ဆက်ကပ်​အပ်နှံ​ကျေးကျွန်​များစွာ​သည် ယေဟောဝါ​၏​အမှုတော်ကို အချိန်​များများ​ထမ်းဆောင်​နိုင်​ရန် သူတို့၏​အသက်တာကို အကြီးအကျယ်​ပြောင်းလဲ​ခဲ့​ကြပြီ။ သို့ဖြင့် အချို့​သည် သတင်းကောင်း​ဟောပြောခြင်း​နှင့် အမှန်တရား​သွန်သင်ခြင်း​လုပ်ငန်း​အတွက် လစဉ် ပျမ်းမျှ​နာရီ ၇၀ သွင်း​ရသော မှန်မှန်ရှေ့ဆောင်​များ ပြုလုပ်​နိုင်​ခဲ့​ကြ​၏။ အခြေအနေ​အမျိုးမျိုး​ကြောင့် ကန့်သတ်ချက်​များ​ရှိသော အခြားသူများ​မှာ​မူ လစဉ် နာရီ ၅၀ သွင်း​ရသော အရန်ရှေ့ဆောင်​များ​အဖြစ် အခါ​အား​လျော်​စွာ ဟောပြောခြင်း​လုပ်ငန်း​၌ ပါဝင်​ကြသည်။

၁၆ သို့သော် မှန်မှန်ရှေ့ဆောင်​များ​အနေ​နှင့်​ဖြစ်စေ၊ အရန်ရှေ့ဆောင်​များ​အနေ​နှင့်​ဖြစ်စေ အမှု​မဆောင်နိုင်​ကြသော ယေဟောဝါ​၏​ကျေးကျွန်​များစွာ​ကော အသို့နည်း။ သူတို့သည် ရှေ့ဆောင်​စိတ်ဓာတ်​ကို ပျိုးထောင်​ပြီး ဆက်​ထိန်းသိမ်း​ထားခြင်း​အားဖြင့် ကျေးဇူး​တင်​ကြောင်း ဖော်ပြ​နိုင်​ကြ​ပါ​သည်။ မည်သို့​အားဖြင့်​နည်း။ ရှေ့ဆောင်​နိုင်​သူများကို အားပေးခြင်း​အားဖြင့်၊ အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုဆောင်ခြင်းကို မိမိ၏​ဘဝ​လုပ်ငန်း​အဖြစ် သားသမီး​များ​အား လုပ်ကိုင်​စေရန် ရွေးချယ်​စေခြင်း​အားဖြင့်၊ အခြေအနေ​ပေါ်​မူတည်၍ ဟောပြောခြင်း​တွင် ဇွဲရှိ​ရှိပါ​ဝင်​ခြင်း​အားဖြင့်​ဖြစ်သည်။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့​ပေးဆက်​ရာ​သည် ကျွန်ုပ်​တို့အတွက် ယေဟောဝါ​ပြုလုပ်​ပေး​ခဲ့​သည့်၊ ပြုလုပ်​နေဆဲ​ရှိသည့်၊ ပြုလုပ်​ပေး​မည့်​အရာများ​အတွက် ကျေးဇူး​တင်​လေးမြတ်စိတ် အတိမ်အနက်​အပေါ် များစွာ​မူတည်​၏။

ကျွန်ုပ်​တို့၏ “အဖိုးထိုက်​သော​အရာများ” ဖြင့် ကျေးဇူး​တင်​ခြင်း

၁၇၊ ၁၈။ (က) ကျွန်ုပ်​တို့၏ “အဖိုးထိုက်​သော​အရာများ” နှင့်​ကျေးဇူး​သိတတ်စိတ်ကို မည်သို့​ပြ​နိုင်​သနည်း။ (ခ) မုဆိုးမ​ထည့်ဝင်​သော အလှူဒါန​ကို ယေရှု မည်သို့​ဝေဖန်​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၇ နယပုံပြင် ၃:၉ [က​ဘ] က “သင်၏​အဖိုးထိုက်​သော​အရာများ​နှင့် အ​ဦး​သီး​သော​အသီးအနှံ​ရှိသမျှ​တို့​ဖြင့် ယေဟောဝါ​အား ဂုဏ်ပြု​လော့” ဟု​ဆို​သည်။ ယေဟောဝါ​၏​ကျေးကျွန်​များသည် ဆယ်ဖို့တစ်ဖို့​ပေး​စ​ရာ​မလို​တော့​ချေ။ ၎င်း​အစား၊ ကောရိန္သု​အသင်းတော်​ထံ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “လူတိုင်း ကိုယ်​အလိုအလျောက်​လှူ​ရ၏။ နှမြော​သော​စိတ်​နှင့်​မ​လှူ​ရ။ မ​လှူ​ဘဲ​မနေ​ရ​ဟု စိတ်ထင်​နှင့်​မ​လှူ​ရ။ အကြောင်း​မူ​ကား စေတနာ​စိတ်​နှင့်​လှူ​သော​သူကိုသာ ဘုရားသခင်​နှစ်သက်​တော်​မူ​၏။” (၂ ကောရိန္သု ၉:၇) ကမ္ဘာချီ​ဘုရားသခင့်​နိုင်ငံတော် ဟောပြောခြင်း​လုပ်ငန်း​ကို ထောက်ပံ့​ရန် စေတနာအလျောက် အလှူငွေ​ထည့်ဝင်​ခြင်း​သည်လည်း ကျေးဇူး​တင်​ရာ​ရောက်​၏။ လှိုက်လှိုက်လှဲလှဲ ကျေးဇူး​တင်​လေးမြတ်​သော​စိတ်​ရှိ​ခြင်း​က ကျွန်ုပ်​တို့ကို မှန်မှန်​အလှူငွေ​ထည့်ဝင်​စေ​သည်၊ အစောပိုင်း​ခရစ်ယာန်​များ​ပြု​သကဲ့သို့ ဖြစ်​နိုင်​လျှင် အပတ်စဉ် တစ်စုံတစ်ရာ​ထည့်ဝင်​ရန် သတ်​မှတ်၍ ဖယ်​ထား​ပေမည်။—၁ ကောရိန္သု ၁၆:၁၊ ၂

၁၈ ကျွန်ုပ်​တို့ အလှူ​ထည့်ဝင်​သော​ပမာဏ​က ယေဟောဝါ​အား ကျွန်ုပ်​တို့​မည်မျှ​ကျေးဇူး​တင်​ကြောင်း ဖော်ပြခြင်း​မဟုတ်ပါ။ ယင်းအစား၊ ကျွန်ုပ်​တို့​လှူဒါန်း​သည့် စိတ်ထား​က ဖော်ပြ​ပါ​သည်။ ဝတ်ပြုရာ​အိမ်တော်တွင် ဘဏ္ဍာတိုက်​များ​ထဲ​သို့ လှူဒါန်း​သူတို့ကို ကြည့်ရှု​နေစဉ် ယင်းကို ယေရှု​သတိပြုမိ​သည်။ “ကြေးနီ​ဒ င်္ဂါး​နှစ်ပြား​သွင်းချ” သည့်​ဆင်းရဲသော​မုဆိုးမ​တစ်ဦး​ကို မြင်​သော် ယေရှု​က “ငါ​အမှန်​ဆိုသည်ကား၊ ထို​ဆင်းရဲသော​မုဆိုးမ​သည် အခြားသော​သူအပေါင်း​ထက် သာ၍​သွင်းချ​ပြီ။ အကြောင်း​မူ​ကား၊ ထို​သူအပေါင်း​တို့သည် မိမိတို့​ကြွယ်ဝသော စည်းစိမ်​ထဲ​က​နုတ်​၍ ဘုရားသခင်​၏​အလှူ​တော်​စု​ထဲ​သို့ သွင်းချ​ကြ​၏။ ထို​မိန်းမ​မူ​ကား၊ အလွန်​ဆင်းရဲ​လျက်​ပင် မိမိ​အသက်မွေး​စ​ရာ​ဥစ္စာ​ရှိသမျှကို သွင်းချ​လေ​ပြီ” ဟု​မိန့်တော်မူ၏။”—လုကာ ၂၁:၁-၄

၁၉။ ကျွန်ုပ်​တို့၏​ကျေးဇူး​တင်​နည်း​များ​ကို ပြန်လည်​ဆန်းစစ်​ရန် အဘယ်ကြောင့်​ကောင်း​သနည်း။

၁၉ ကျွန်ုပ်​တို့ မည်သို့​ကျေးဇူး​တင်​နိုင်​ကြောင်း ဆွေးနွေး​ထား​သည့် ဤ​လေ့လာ​သုံးသပ်ချက်​က ကျေးဇူး​သိ​တတ်​စိတ် ဖော်ပြ​နည်း​များ​ကို ပြန်လည်​ဆန်းစစ်​ကြည့်​ရန် ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​ပါ​လေ​စေ။ ယေဟောဝါ​အား ကျွန်ုပ်​တို့​ဆက်သ​သည့် ချီးမွမ်း​ခြင်း​ယဇ်ကို​သာမက ဥစ္စာ​အင်​ခွင်​အားဖြင့် ကမ္ဘာချီ​လုပ်ငန်း​ကို ထောက်ပံ့​ပေးခြင်း​ကို​ပါ တိုးမြှင့်​ပေး​နိုင်​သလော။ ထိုသို့ ကျွန်ုပ်​တို့ ပြုလုပ်​လာ​လေ ရက်ရော​တော်​မူ​သော ကျွန်ုပ်​တို့၏​မေတ္တာရှင်​ခမည်းတော် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ကျေးဇူး​တင်​တတ်သော​စိတ်​ကို နှစ်သက်​လာ​လေ​ဖြစ်​မည်​ဟု ယုံကြည်​စိတ်ချ​နိုင်​ပါ​၏။

သင်​မှတ်မိ​သလော

• အဘယ်​အကြောင်း​များ​ကြောင့် ယေဟောဝါ​အား ကျေးဇူး​တင်​သင့်​သနည်း။

• ဆယ်ဖို့တစ်ဖို့​ပေးခြင်း၊ စေတနာအလျောက် အလှူ​ထည့်ဝင်​ခြင်း​နှင့် ကောက်သင်း​ကောက်ခြင်း​တို့​မှ အဘယ်​သင်ခန်းစာများ ရရှိ​သနည်း။

• ရှေ့ဆောင်​စိတ်ဓာတ်​ကို မည်သို့​ပျိုးထောင်​နိုင်​သနည်း။

• ယေဟောဝါ​အား ကျေးဇူး​တင်​ရန် ကျွန်ုပ်​တို့၏ “အဖိုးထိုက်​သော​အရာများ” ကို​မည်သို့​အသုံးပြုနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

“ကောင်းမြတ်​စုံလင်သော​ဆုကျေးဇူး​ရှိသမျှ​တို့သည် . . . အထက်​အရပ်မှ​လာ​ကြ​၏”

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဤ​တွင် ပညတ်တရား​မှ အဘယ်​သင်ခန်းစာ​သုံးခု​ကို ဖော်ပြ​ထား​သနည်း

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အဘယ်​ပူဇော်ရာ​ယဇ်များ​ကို ကျွန်ုပ်​တို့ ပူဇော်​နိုင်​သနည်း