ယုံကြည်ရသည့် အကြောင်းမှန်
ယုံကြည်ရသည့် အကြောင်းမှန်
လူအများသည် သူတို့၏မေးခွန်းများအတွက် စိတ်ကျေနပ်ဖွယ်အဖြေများ မရနိုင်သောကြောင့် ချာ့ခ်ျမသွားကြတော့ပါဟု လူငယ်လူရွယ်များ ချာ့ခ်ျကိုစွန့်ခွာကြသည့်အကြောင်းရင်း ၃၁ ခုဟူသော ကိုရီးယားစာအုပ်တစ်စောင်ကဆို၏။ သာဓကအနေနှင့် သူတို့က ‘ဘုရားသခင်ကို ယုံကြည်သူတွေ ဘာကြောင့်ဆင်းရဲဝေဒနာခံရတာလဲ၊’ ထို့အပြင် ‘သွန်သင်ချက်အတော်များများက စိတ်ရှုပ်ထွေးစရာဖြစ်ရုံမက ရှေ့နောက်မညီဖြစ်နေတော့ ချာ့ခ်ျသွန်သင်ပေးသမျှကို ဘာကြောင့်လက်ခံရမှာလဲ’ ဟုမေးမြန်းကြသည်။
ခရစ်ယာန်ဓမ္မဆရာတို့၏အဖြေများသည် စိတ်ပျက်စရာဖြစ်ရာ ကျမ်းစာထဲတွင် အဖြေမရှိဟု ကောက်ချက်ချသူများစွာရှိ၏။ ခရစ်ယာန်ဓမ္မဆရာတစ်ဦးသည် သူ၏ကိုယ်ပိုင်ယူဆချက်ပေါ်သာ အခြေပြု၍ ရှင်းပြသောအခါ နားလည်မှုလွဲစေလေ့ရှိပြီး ဘုရားသခင်နှင့် သမ္မာကျမ်းစာကိုပင် ငြင်းပယ်စေတော့သည်။
တောင်အာဖရိကတွင် လူသာရင်ဘာသာဝင်တစ်ဦးအဖြစ် ကြီးပြင်းလာသူ အေဘယ်လ်သည် ထိုသို့တွေ့ကြုံခဲ့ရသည်။ သူဤသို့ပြန်ပြောပြသည်– “သေသွားသူတိုင်းကို ဘုရားသခင် ‘ခေါ်ဆောင်သွား’ တယ်လို့ ချာ့ခ်ျကသင်ပေးတယ်။ ဒါပေမဲ့ မေတ္တာရှင်ဘုရားသခင်ဟာ မိဘတွေကို သားသမီးတွေဆီက ဘာကြောင့် ‘ခေါ်ဆောင်’ သွားတာလဲ၊ ကျွန်တော်နားမလည်နိုင်ခဲ့ဘူး။ ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ အာဖရိကကျေးလက်ဒေသမှာ ကြက်ကလေးတွေ မကြီးမချင်း ကြက်မကြီးကို မသတ်ဘူး။ နွားမတစ်ကောင် ဇီးရှိနေရင် နွားကလေးပေါက်ပြီး နို့မဖြတ်မချင်း အဲဒီနွားမကို မသတ်ကြဘူး။ မေတ္တာရှိတဲ့ဘုရားသခင်ဟာ လူတွေအပေါ် ဘာဖြစ်လို့ အဲဒီလိုမျိုး စာနာမှုမရှိတာလဲဆိုတာကို ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။”
ကနေဒါပြည်သား အာရမ်သည်လည်း အလားတူသံသယရှိခဲ့သည်။ “ကျွန်တော် ၁၃ နှစ်အရွယ်မှာ အဖေဆုံးသွားတယ်” ဟုသူပြန်ပြောပြသည်။ “အသုဘဝတ်ပြုဆုတောင်းပွဲမှာနာမည်ကြီး ခရစ်ယာန်ဓမ္မဆရာတစ်ဦးက ဘုရားသခင်ဟာ ကောင်းကင်မှာ သူနဲ့အတူနေစေချင်လို့ အဖေ့ကိုသေစေခဲ့တာလို့ ရှင်းပြတယ်။ ‘ဘုရားသခင်က ဖြောင့်မတ်တဲ့သူတွေကိုချစ်လို့ လူကောင်းတွေကို ခေါ်ဆောင်သွားတာ’ လို့သူပြောတယ်။ ဘုရားသခင်ဟာ ဒီလောက်တောင် တစ်ကိုယ်ကောင်းဆန်ရသလားဆိုတာကို ကျွန်တော်နားမလည်နိုင်ခဲ့ဘူး။”
နောက်ဆုံးတွင် အေဘယ်လ်ကော အာရမ်ပါ ယေဟောဝါသက်သေများနှင့် အဆက်အသွယ်ရပြီး ကျမ်းစာလေ့လာခဲ့ကြရာ အဆုံး၌ သူတို့မေးခွန်းများအတွက် အဖြေရခဲ့ကြသည်။ ဘုရားသခင်ကို သူတို့ပိုမိုချစ်မြတ်နိုးလာပြီး ကိုယ်တော့်အပေါ် အခိုင်အမာယုံကြည်လာကြသည်။ နောက်ဆုံးတွင် ယေဟောဝါထံ သူတို့၏ဘဝကိုဆက်ကပ်အပ်နှံပြီး ကိုယ်တော်၏ တည်ကြည်သောကျေးကျွန်များဖြစ်လာကြလေသည်။
တိကျမှန်ကန်သောအသိပညာ —ဘုရားသခင်ကို ယုံကြည်ဖို့ အဓိကအချက်
အဆိုပါတွေ့ကြုံမှုများမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိနိုင်သနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်လာလျှင် တိကျမှန်ကန်သောကျမ်းစာအသိပညာ မရှိမဖြစ်ကြောင်း ကျွန်ုပ်တို့ကိုသိစေသည်။ ရှေးခေတ်ဖိလိပ္ပိမြို့ရှိ ခရစ်ယာန်များကို တမန်တော်ပေါလု ဤသို့ပြောခဲ့သည်– “ငါဆုတောင်းသောအချက်ဟူမူကား၊ သင်တို့၏မေတ္တာသည် တိကျသောအသိပညာနှင့် ပြည့်ဝစုံလင်သောပိုင်းခြားဝေဖန်နိုင်စွမ်းတို့ဖြင့် တိုး၍ကုံလုံကြွယ်ဝနေ . . . မည်အကြောင်းတည်း။” (ဖိလိပ္ပိ ၁:၉၊ ကဘ) ဤတွင် ပေါလုသည် ဘုရားသခင်နှင့် ယုံကြည်သူချင်းတို့အား ချစ်သည့်မေတ္တာကို ဘုရားသခင်နှင့်ပတ်သက်သော တိကျသည့်အသိပညာ၊ ကိုယ်တော်၏အလိုတော်ကို ပိုင်းခြားသိမြင်ခြင်းတို့နှင့် ဆက်စပ်ပြခဲ့သည်။
ယင်းသည် လျော်ကန်သင့်မြတ်ပါသည်၊ အကြောင်းမှာ လူတစ်ဦးတစ်ယောက်ကို ယုံကြည်စိတ်ချနိုင်ရန် ပထမလိုအပ်ချက်မှာ ထိုသူအကြောင်းသိထားခြင်းဖြစ်သည်၊ သူ့ကိုအတွင်းကျကျသိလေ သူ့ကို ပိုစိတ်ချလေဖြစ်သည်။ အလားတူ ဘုရားသခင်ကို ယုံကြည်ရန်လှုံ့ဆော်ခံရဖို့ တိကျမှန်ကန်သောအသိပညာရှိရမည်။ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏” ဟုပေါလုဆိုခဲ့သည်။ (ဟေဗြဲ ၁၁:၁) ကျမ်းစာဆိုင်ရာ တိကျမှန်ကန်သည့်အသိပညာမရှိဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လေတစ်ချက်မှုတ်လိုက်ရုံနှင့် ပြိုလဲသွားသော စက္ကူဖဲအိမ်နှင့်တူ၏။
သမ္မာကျမ်းစာကိုလေ့လာလျှင် လူအဘယ်ကြောင့်သေရသနည်းဟူသော အေဘယ်လ်နှင့် အာရမ်တို့ကို အတန်ကြာစိတ်ရှုပ်ထွေးစေခဲ့သည့် မေးခွန်းများ၏အဖြေကို သိရှိစေနိုင်သည်။ သမ္မာကျမ်းစာက “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟုရှင်းပြပါသည်။ (ရောမ ၅:၁၂) လူတို့အသက်ကြီးပြီး သေဆုံးရခြင်းသည် မိမိနှင့်အတူရှိစေရန် ဘုရားသခင်ခေါ်ဆောင်သွားသောကြောင့်မဟုတ်ဘဲ အာဒံအပြစ်ပြုခဲ့သောကြောင့်ဖြစ်၏။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၆၊ ၁၇-၁၉) ထို့ပြင် သမ္မာကျမ်းစာက ယေဟောဝါဘုရားသခင် ကမ်းလှမ်းသည့်မျှော်လင့်ချက်ကို ဖော်ပြပါသည်။ သားတော်ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အပြစ်သားများကို ရှင်ပြန်ထမြောက်ခြင်းရဖို့ မျှော်လင့်ချက်ရှိစေသည်။—ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅။
ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ အမှန်တရားကို ကျွန်ုပ်တို့သဘောပေါက်နားလည်နိုင်စေဖို့ ယေရှုအသက်ပြန်ရှင်စေခဲ့သူအချို့အကြောင်း သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားပါသည်။ (လုကာ ၇:၁၁-၁၇; ၈:၄၀-၅၆; ယောဟန် ၁၁:၁၇-၄၅) အဆိုပါကျမ်းစာမှတ်တမ်းများကို သင်ဖတ်ရှုစဉ် ရှင်ပြန်ထမြောက်လာသူတို့၏ မိတ်ဆွေများနှင့် မိသားစုတို့ ဝမ်းသာပီတိဖြစ်ခဲ့ကြပုံကို သတိပြုပါ။ သူတို့သည် ဘုရားသခင်ကိုချီးမွမ်းပြီး ယေရှုကိုယုံကြည်လာကြသည်ကိုလည်း သတိပြုပါ။
ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်များကို တိကျမှန်ကန်စွာသိစေသော အသိပညာသည် မျက်မှောက်ခေတ်လူတို့အပေါ်၌ အလားတူ အကျိုးပြုနိုင်ပါသည်။ လူအများသည် အရေးကြီးသောမေးခွန်းများအတွက် စိတ်ကျေနပ်ဖွယ်အဖြေများ မရခဲ့သောကြောင့် တစ်ချိန်က စိတ်ရှုပ်ထွေး၊ ဝန်ပိပြီး ထိမိလဲစရာပင်ဖြစ်ခဲ့ကြသည်။ သို့သော် သမ္မာကျမ်းစာကို သူတို့လေ့လာကြသောအခါ အဖြေများရရှိပြီး သူတို့၏ဘဝကို လုံးလုံးပြောင်းလဲခဲ့ကြသည်။
ဘုရားသခင်ကို ချစ်မြတ်နိုးခြင်း —ကိုယ်တော်အားဝတ်ပြုရသည့် အဓိကအကြောင်းရင်း
ဘုရားသခင်ကိုယုံကြည်ဖို့ တိကျမှန်ကန်သောအသိပညာ မရှိမဖြစ်လိုအပ်သော်လည်း ကိုယ်တော်အား နာခံ၍ဝတ်ပြုရန် လှုံ့ဆော်ခံရဖို့ ထိုထက်မကလိုအပ်သည်။ ဘုရားသခင့်ပညတ်တွင် အဘယ်ပညတ်သည် အမြတ်ဆုံးဖြစ်ကြောင်း အမေးခံရချိန်တွင် ယေရှုဤသို့ဖြေဆိုခဲ့သည်– “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။” (မာကု ၁၂:၃၀) လူတစ်ဦးသည် ယေရှုဖော်ပြသည့်အတိုင်း ဘုရားသခင်ကိုချစ်မည်ဆိုလျှင် ကိုယ်တော်အား နာခံ၊ ဝတ်ပြုရန် အသင့်ရှိပါလိမ့်မည်။ အသင်ကော ထိုသို့ပင်လော။
ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် ကိုရီးယားနိုင်ငံတွင် ဆယ်စုနှစ်အတော်ကြာ အမှုထမ်းခဲ့သူ ရေချယ်လ်က သူယုံကြည်ရသောအကြောင်းရင်းကို ဤသို့ပြောပြသည်– “ဖန်ဆင်းခံများအပေါ် ယေဟောဝါရက်ရောမှုပြတာ၊ လူမျိုးတော်ကို ကိုယ်တော်ခွင့်လွှတ်ပြီးဆက်ဆံခဲ့တာနဲ့ ကျွန်မတို့ဆီက ဘာတောင်းဆိုတယ်ဆိုတာကို သိစေပြီး ကျွန်မတို့ကို အကျိုးပြုချင်တဲ့ကိုယ်တော်ရဲ့ဆန္ဒကို ကျွန်မ စဉ်းစားဆင်ခြင်တယ်။ အဲဒါတွေအားလုံးက ဘုရားသခင်ကို ပိုချစ်မြတ်နိုးစေတယ်။ အဲဒီချစ်မြတ်နိုးစိတ်က ကိုယ်တော့်အမှုကို ထမ်းချင်စိတ်ပေါ်စေပြန်တယ်။”
ဂျာမနီနိုင်ငံမှ မုဆိုးမဖြစ်သူ မာသာသည် ယေဟောဝါအမှုတော်ကိုထမ်းသည်မှာ ၄၈ နှစ်ရှိခဲ့ပြီ။ သူဤသို့ပြောသည်– “ကျွန်မ ယေဟောဝါအမှုကို ဘာဖြစ်လို့ထမ်းဆောင်တာလဲ။ ကိုယ်တော်ကို ချစ်မြတ်နိုးလို့ပါ။ ကိုယ်တော်ရဲ့ဆုကျေးဇူးအားလုံး၊ အထူးသဖြင့် ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ကျွန်မဘယ်လောက် ကျေးဇူးတင်တယ်ဆိုတာ ညနေတိုင်း ဆုတောင်းတဲ့အခါ ယေဟောဝါကိုပြောပြတယ်။”
မှန်ပါသည်၊ ဘုရားသခင်ကိုချစ်သည့်မေတ္တာက ကိုယ်တော်၏အမှုတော်ကို ထမ်းလိုစိတ်ပေါ်လာစေသည်။ သို့သော် ထိုသို့သောမေတ္တာမျိုး မည်သို့ရှိလာနိုင်သနည်း။ ဘုရားသခင်အား ချစ်သည့်မေတ္တာကို ပြုစုပျိုးထောင်ရန် အကြီးမားဆုံးလှုံ့ဆော်မှုကား ကိုယ်တော်ပြသခဲ့သောမေတ္တာကို အလွန်လေးမြတ်တန်ဖိုးထားခြင်းဖြစ်၏။ သမ္မာကျမ်းစာမှ ကြည်နူးအားရဖွယ် ဤသတိပေးချက်ကို သတိပြုပါ– “ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ သားတော်အားဖြင့် ငါတို့သည်အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ၌ ငါတို့ကိုချစ်တော်မူသောမေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။ ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည်ငါတို့ကိုချစ်၍ ငါတို့အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ သားတော်ကိုစေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။”—၁ ယောဟန် ၄:၈-၁၀။
ဤမေတ္တာတော် မည်မျှကြီးမားသည်ကို သင်သဘောပေါက်နားလည်ပါသလော။ သင်သည် အရှိန်နှင့်စီးနေသော ရေစီးကြောင်းတွင် ရေနစ်နေရာ လူတစ်ဦးက သင့်ကို သက်စွန့်ကြိုးပမ်း ကယ်ဆယ်လိုက်သည်ဆိုပါစို့။ ထိုသူကို သင်မေ့ပစ်လိုက်မည်လော၊ သို့မဟုတ် သူ့ကို အလွန်တရာကျေးဇူးတင်မည်မဟုတ်လော။ ထိုသူအတွက် သင်တတ်နိုင်သမျှ လုပ်ဆောင်ပေးရန် အသင့်ရှိမည်မဟုတ်လော။ ဘုရားသခင်သည် မိမိ၏သားတော်၊ ယေရှုခရစ်ကို ရွေးနုတ်ဖိုးပူဇော်ရာယဇ်အဖြစ်ပေးရာ၌ ကိုယ်တော်တင်ပြခဲ့သောမေတ္တာမှာ တုနှိုင်းမရအောင် သာလွန်ကြီးမားပါသည်။ (ယောဟန် ၃:၁၆; ရောမ ၈:၃၈၊ ၃၉) ဘုရားသခင့်မေတ္တာတော်ကြောင့် သင့်နှလုံးထိမိသောအခါ ကိုယ်တော်အား စိတ်နှလုံးအကြွင်းမဲ့ချစ်မြတ်နိုးပြီး ကိုယ်တော့်အမှုတော်ကို ထမ်းလိုပေလိမ့်မည်။
ယခုနှင့် အနာဂတ်ကောင်းချီးများ
ဘုရားသခင့်အလိုတော်ဆောင်ရသော အဓိကအကြောင်းရင်းမှာ ကိုယ်တော်အား ချစ်သောကြောင့်ဖြစ်သင့်သည်မှန်သော်လည်း ဘုရားသခင်သည် မိမိအမှုတော်ကိုထမ်းဆောင်သူတို့အား ဆုချပေးတော်မူကြောင်း သိရခြင်းသည် နှလုံးနွေးထွေးစရာပင်ဖြစ်သည်။ တမန်တော်ပေါလုက ဤသို့ဖော်ပြသည်– “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။”—ဟေဗြဲ ၁၁:၆။
ဘုရားသခင်ကို ချစ်မြတ်နိုးပြီး နာခံသူတို့ကို ကိုယ်တော်အမှန်ကောင်းချီးပေးတော်မူသည်။ ကျမ်းစာမူများကို လိုက်နာခြင်းကြောင့် လူများစွာ ကျန်းမာရေးပိုကောင်းကြသည်။ (သု. ၂၃:၂၀၊ ၂၁; ၂ ကောရိန္သု ၇:၁) ရိုးသားဖြောင့်မတ်ခြင်းနှင့် လုံ့လဝီရိယရှိခြင်းနှင့်ဆိုင်သော ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးသူများသည် အလုပ်ရှင်များ၏ ယုံကြည်စိတ်ချမှုကို အများအားဖြင့်ရရှိကြသဖြင့် ငွေကြေးပိုဖူလုံကြသည်။ (ကောလောသဲ ၃:၂၃) ဘုရားသခင့်ကျေးကျွန်များသည် ယေဟောဝါကို ယုံကြည်ကိုးစားခြင်းကြောင့် ခံရခက်သောအခြေအနေများတွင်ပင် စိတ်ငြိမ်သက်မှုရရှိကြသည်။ (သု. ၂၈:၂၅; ဖိလိပ္ပိ ၄:၆၊ ၇) ထို့ထက်ကား၊ လာမည့်မြေကြီးပရဒိသုတွင် ထာဝရအသက်ကောင်းချီးခံစားရဖို့ သူတို့စိတ်ချလက်ချ စောင့်မျှော်ကြသည်။—ဆာလံ ၃၇:၁၁၊ ၂၉။
ယေဟောဝါထံတော်မှ အဆိုပါကောင်းချီးများခံစားနေရသူတို့သည် ကိုယ်တော့်အပေါ် အဘယ်စိတ်ထားမျိုးရှိကြသနည်း။ ကနေဒါနိုင်ငံမှ ခရစ်ယာန်တစ်ဦးဖြစ်သူ ဂျက်ကလင်းက ဘုရားသခင်အား ကျေးဇူးတင်ကြောင်း ဤသို့ဖော်ပြသည်– “ကိုယ်တော်ဟာ ကျွန်မတို့ကို တကယ်ကောင်းတဲ့လက်ဆောင်မွန်တွေ အမြဲပေးသနားတော်မူပြီး ထာဝရအသက်ရမယ်လို့လည်း ကျွန်မတို့ကိုစိတ်ချစေတယ်။” အစပိုင်းတွင်ဖော်ပြခဲ့သော အေဘယ်လ်က သူ၏စိတ်ထားကို ဤသို့ဖော်ပြသည်– “မြေကြီးပရဒိသုပေါ်မှာ ထာဝစဉ်အသက်ရှင်ရဖို့မျှော်လင့်ချက်ဟာ ကျွန်တော့်အတွက် အသစ်အဆန်းပဲ၊ အဲဒီအချိန်ကို ကျွန်တော်စောင့်မျှော်နေပါတယ်။ ဒါပေမဲ့ ပရဒိသုမရှိခဲ့ရင်တောင် ဘုရားသခင့်အမှုထမ်းပြီး ကိုယ်တော့်ကိုချစ်ကြောင်း တင်ပြခွင့်ရတာဟာ ကျွန်တော့်အတွက် ပျော်ရွှင်မှုတစ်ခုပဲ။”
အသင်လည်း စစ်မှန်သောယုံကြည်ခြင်းရှိနိုင်
ယေဟောဝါသည် “နှလုံးကျောက်ကပ်ကိုစစ်ကြော၍ တရားသဖြင့်စီရင်တော်မူ” သည်ဟု သမ္မာကျမ်းစာကဆို၏။ (ယေရမိ ၁၁:၂၀) မှန်ပါသည်၊ ယေဟောဝါသည် ကျွန်ုပ်တို့၏ အတွင်းအကျဆုံးစိတ်ထဲ၌ ဝှက်ထားရာတို့ကို ဆန်းစစ်တော်မူ၏။ တစ်ဦးစီသည် ဘုရားသခင်အား အဘယ်ကြောင့်ယုံကြည်ရကြောင်း ဆန်းစစ်ကြည့်သင့်သည်။ ဘုရားသခင်နှင့်ပတ်သက်၍ လွဲမှားသောအယူအဆများကြောင့် အတိတ်တွင် မှားယွင်းသောလုပ်ရပ်များပြုလုပ်မိခဲ့မည်။ သို့သော် တိကျမှန်ကန်သောကျမ်းစာအသိပညာက ဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးရရှိစေနိုင်သည်။—၁ တိမောသေ ၂:၃၊ ၄။
ယေဟောဝါသက်သေများသည် အိမ်များတွင် အခမဲ့ကျမ်းစာသင်ပေးခြင်းအားဖြင့် ဘုရားသခင်၏တိကျမှန်ကန်သောအသိပညာကို လူတို့အား သိရှိစေကြသည်။ (မဿဲ ၂၈:၂၀) ထိုအကူအညီကို လက်ခံခဲ့သူများစွာသည် ဘုရားသခင်ကို ချစ်မြတ်နိုးလာပြီး ကိုယ်တော့်အား အမှန်တကယ်ယုံကြည်အားထားလာခဲ့ကြပြီ။ သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် သူတို့သည် အန္တရာယ်ထူပြောသော ဤအချိန်ကာလတွင် “လုံခြုံစွာသွား” ရန် ထောက်ကူပေးမည့် ‘လက်တွေ့ကျဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း’ ကိုရရှိခဲ့ကြသည်။ (သု. ၃:၂၁-၂၃၊ သမ္မာ) အရေးအကြီးဆုံးမှာ၊ အနာဂတ်အတွက် “မြဲမြံခိုင်ခံ့သော” မျှော်လင့်ချက် ယခု သူတို့တွင်ရှိ၏။ (ဟေဗြဲ ၆:၁၉) အသင်လည်း စစ်မှန်သောယုံကြည်ခြင်းရှိပြီး အဆိုပါကောင်းချီးများကို ခံစားနိုင်ပါသည်။
[စာမျက်နှာ ပါ လေးထောင့်ကွက်]
အဖြေလိုအပ်သော စိတ်ရှုပ်ထွေးစရာမေးခွန်းများ
“ဆေးကျောင်းသားဘဝက ဆေးရုံမှာ ကျွန်တော်လက်တွေ့သင်တန်းဆင်းတဲ့အချိန်မှာ အနာရောဂါနဲ့ ဘေးဆိုးတွေကြောင့် နာကျင်ညည်းတွားနေကြတဲ့ လူကောင်းတွေကို ကျွန်တော်မြင်တွေ့ ခဲ့ရတယ်။ ဘုရားသခင်ရှိမယ်ဆိုရင် ဘာကြောင့် ဒါတွေဖြစ်လာရတာလဲ။ ဘာသာရေးဆိုတာ စိတ်ငြိမ်သက်မှုရဖို့ နည်းလမ်းတစ်ခုဖြစ်ရုံပဲလား။”—ကိုရီးယားနိုင်ငံမှ . . .။
“ကျွန်မရဲ့အဖေ အရက်သမားဟာ ငရဲပဲရောက်နေသလား ဒါမှမဟုတ် ကောင်းကင်ပဲရောက်နေသလားဆိုတာကို ကျွန်မသိချင်တာကြာပြီ။ လူသေတွေနဲ့ မီးငရဲအယူအဆကို ကျွန်မအရမ်းကြောက်တာ။ မေတ္တာရှင်ဘုရားသခင်ဟာ လူတစ်ယောက်ကို ဘယ်လိုလုပ် မီးငရဲမှာ ထာဝရဝေဒနာခံစားစေနိုင်တာလဲဆိုတာ ကျွန်မနားမလည်နိုင်ခဲ့ဘူး။”—ဘရာဇီးမှ . . .။
“ကမ္ဘာမြေကြီးနဲ့ လူသားတို့အတွက် ဘာအနာဂတ်ရှိသလဲ။ လူတွေ ဘယ်လိုထာဝစဉ်အသက်ရှင်နိုင်မလဲ။ စစ်မှန်တဲ့ငြိမ်သက်မှုကို လူတွေဘယ်လိုရနိုင်မလဲ။”—ဂျာမနီမှ . . .။
ကျွန်တော့်အတွက် ပြန်ဝင်စားခြင်းသွန်သင်ချက်ဟာ အဓိပ္ပာယ်မရှိဘူး။ တိရစ္ဆာန်တွေက ဝတ်မှ မပြုတတ်ကြတာ၊ ဒီတော့ အကြောင်းတစ်ခုခုကြောင့် ကိုယ့်အပြစ်တွေကိုပေးဆပ်ဖို့ တိရစ္ဆာန်တစ်ကောင်အဖြစ် ပြန်ဝင်စားရတယ်ဆိုရင် ကိုယ့်အမှားတွေကိုပြုပြင်ပြီး အဲဒီအခြေအနေကနေ ဘယ်လိုတိုးတက်လာနိုင်မလဲ။”—တောင်အာဖရိကမှ . . .။
“ကွန်ဖြူးရှပ်ဘာသာဝင်မိသားစုမှာ ကျွန်တော် ကြီးပြင်းလာခဲ့ပြီး အိပ်စက်နားနေတဲ့ ဘိုးဘေးတွေအတွက် ကျင်းပတဲ့ပွဲတွေမှာ ပါဝင်နေကျဖြစ်တယ်။ ယဇ်ပူဇော်တဲ့စားပွဲကို တည်ခင်းပြီး ဦးချနေတုန်းမှာ ကွယ်လွန်သွားတဲ့ဘိုးဘေးတွေ အစာလာစား၊ မစား ကျွန်တော်တို့ဦးချတာကို သူတို့တွေ့၊ မတွေ့ဆိုတာ ကျွန်တော်သိချင်ခဲ့တယ်။”—ကိုရီးယားမှ . . .။
ထိုသူအားလုံးတို့သည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာသောအခါ သူတို့မေးခွန်းများ၏အဖြေများကို ရသွားကြသည်။