‘ယေဟောဝါ၏ကျေးဇူးကို အဘယ်သို့ဆပ်ရမည်နည်း’
ဘဝအတ္ထုပ္ပတ္တိ
‘ယေဟောဝါ၏ကျေးဇူးကို အဘယ်သို့ဆပ်ရမည်နည်း’
မာရီယာ ကယ်ရာစင်းနစ္စ ပြောပြသည်
အသက် ၁၈ နှစ်အရွယ်မှာ ကျွန်မဟာ မိဘတွေအတွက် အရှက်တကွဲ အကျိုးနည်းစေတဲ့သူ၊ ဆွေမျိုးသားချင်း အလယ်မှာ ဝိုင်းပယ်ခံရသူဖြစ်ပြီး ရွာထဲမှာ လှောင်ပြောင်ခံရသူတစ်ယောက်ဖြစ်တယ်။ ဘုရားသခင်အပေါ် ကျွန်မရဲ့တည်ကြည်မှုကို ချိုးဖျက်ဖို့ကြိုးစားတဲ့အနေနဲ့ တောင်းပန်ကြ၊ အကျပ်ကိုင်ကြပြီး ခြိမ်းခြောက်ကြပေမဲ့ မအောင်မြင်ခဲ့ကြဘူး။ ကျမ်းစာအမှန်တရားကို သစ္စာရှိရှိ စွဲကိုင်ထားတဲ့အတွက် ဘုရားသခင်ဆုချမယ်ဆိုတာ ကျွန်မယုံကြည်စိတ်ချခဲ့တယ်။ ယေဟောဝါကိုအမှုထမ်းခဲ့တဲ့ အနှစ် ၅၀ ကျော်ကို ပြန်ကြည့်တဲ့အခါ ‘ငါ၌ ထာဝရဘုရားသခင်ပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ပေးရမည်နည်း’ ဆိုတဲ့ ဆာလံဆရာရဲ့စကားတွေကို ကျွန်မသဘောတူမိပါတယ်။—ဆာလံ ၁၁၆:၁၂။
၁၉၃၀ ပြည့်နှစ်မှာ အဂါလိုကက်စ္စထရိုရွာမှာ ကျွန်မကိုမွေးဖွားခဲ့ပါတယ်၊ အဲဒီရွာဟာ ပထမရာစုက စစ်မှန်သောခရစ်ယာန်အသင်းတော်တစ်ခု တည်ရှိခဲ့တဲ့ ကောရင့်သ်ကျွန်းဆက်အရှေ့ဘက်မှာရှိတဲ့ စဲန်ခရီယာဆိပ်ကမ်းမြို့ကနေ ၁၂ မိုင်အကွာလောက်မှာရှိတယ်။—တမန်တော် ၁၈:၁၈; ရောမ ၁၆:၁။
ကျွန်မတို့မိသားစုဘဝဟာ အေးအေးချမ်းချမ်းပါပဲ။ အဖေက ရွာသူကြီးဖြစ်ပြီး ရိုသေလေးစားခံခဲ့ရသူဖြစ်တယ်။ သားသမီးငါးယောက်ထဲမှာ ကျွန်မက တတိယမြောက်ပါ။ မိဘတွေက ဘာသာရေးကိုင်းရှိုင်းတဲ့ ဂရိသြသဒေါက်စ်ချာ့ခ်ျအသင်းသားတွေအဖြစ် ကျွန်မတို့ကို ပြုစုပျိုးထောင်ခဲ့တယ်။ တနင်္ဂနွေနေ့တိုင်း ကျွန်မ မားစ်ပွဲတက်တယ်။ . . . အပြစ်ဖြေ၊ ရွာထဲကဘုရားကျောင်းတွေမှာ ဖယောင်းတိုင်ထွန်းပြီး အစာရှောင်ရမယ့်နေ့တိုင်းမှာ အစာရှောင်ခဲ့တယ်။ ခရစ်ယာန်သီလရှင်ဖြစ်ဖို့ ကျွန်မ မကြာမကြာစဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ အတန်ကြာတော့ ကျွန်မဟာ မိသားစုထဲမှာ မိဘတွေကိုစိတ်ပျက်စေတဲ့ ပထမဆုံးသူဖြစ်လာခဲ့တယ်။
ကျမ်းစာအမှန်တရားကြောင့် ဝမ်းသာပီတိဖြစ်ခဲ့
ကျွန်မအသက် ၁၈ နှစ်လောက်မှာ အနီးအနားရွာက ကျွန်မခဲအိုတစ်ယောက်ရဲ့ညီမ ကေတီးနာဟာ ယေဟောဝါသက်သေတွေရဲ့ စာပေတွေဖတ်ပြီး ချာ့ခ်ျမတက်တော့တဲ့အကြောင်း ကြားသိခဲ့ရတယ်။ ဒီသတင်းက ကျွန်မကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေတယ်၊ ဒါနဲ့ လမ်းစဉ်မှန်လို့ ကျွန်မယူဆခဲ့တဲ့လမ်းပေါ် သူပြန်ရောက်လာအောင် ကူညီပေးဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် အိမ်ကို သူအလည်လာတဲ့အခါ ခရစ်ယာန်ဓမ္မဆရာအိမ်ကို ခဏတစ်ဖြုတ်ဝင်လည်ဖို့ရည်ရွယ်ချက်နဲ့ သူ့ကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွားတယ်။ ခရစ်ယာန်ဓမ္မဆရာက ယေဟောဝါသက်သေတွေဟာ ကေတီးနာကို လမ်းလွဲစေတဲ့ အယူလွဲသူတွေဆိုပြီး တရစပ် ပုတ်ခတ်ပြောဆိုတော့တာပဲ။ သုံးညဆက်တိုက် ဆွေးနွေးခဲ့ကြတယ်။ ကေတီးနာက ကောင်းစွာပြင်ဆင်ထားတဲ့ ကျမ်းချက်တွေနဲ့ သူ့ရဲ့စွပ်စွဲချက်အားလုံးကို ပြန်ချေပခဲ့တယ်။ နောက်ဆုံးတော့ ခရစ်ယာန်ဓမ္မဆရာက ကေတီးနာဟာ ရုပ်ချောပြီး ဉာဏ်ထက်မြက်သူဖြစ်လို့ ငယ်စဉ်ဘဝမှာ ပျော်ပျော်နေပြီး အသက်ကြီးမှ ဘုရားသခင်ကိုစိတ်ဝင်စားသင့်တယ်လို့ ပြောတယ်။
အဲဒီလိုဆွေးနွေးခဲ့တဲ့အကြောင်း ကျွန်မမိဘတွေကို ဘာမှမပြောဘဲ နောက်တနင်္ဂနွေနေ့မှာ ကျွန်မချာ့ခ်ျ မသွားဘဲနေလိုက်တယ်။ နေ့လယ်ကျတော့ ကျွန်မတို့ဆိုင်ကို ခရစ်ယာန်ဓမ္မဆရာ ချက်ချင်းရောက်လာပါလေရော။ ဆိုင်မှာ အဖေ့ကိုကူနေရလို့ပါဆိုပြီး ကျွန်မဆင်ခြေပေးလိုက်တယ်။
“တကယ်ဟုတ်ရဲ့လား၊ ဟိုမိန်းကလေးကြောင့်လား” ဆိုပြီး ခရစ်ယာန်ဓမ္မဆရာက မေးတယ်။
“အဲဒီလူတွေရဲ့ ယုံကြည်ချက်တွေဟာ ကျွန်မတို့ထက် ပိုကောင်းတယ်” လို့ကျွန်မပွင့်ပွင့်လင်းလင်း ပြန်ပြောမိတယ်။
ဒါနဲ့ ခရစ်ယာန်ဓမ္မဆရာက ကျွန်မအဖေဘက်လှည့်ပြီး “မစ္စတာ အီကိုနိုမော့စ်၊ ဟိုကလေးမကို အိမ်က ချက်ချင်းနှင်ထုတ်ပစ်လိုက်; မင်းရဲ့အိမ်ကို သူမီးရှို့ပစ်ပြီ” ဆိုပြီးပြောတယ်။
ကျွန်မကို မိသားစုဆန့်ကျင်
အဲဒါက ဂရိနိုင်ငံမှာ ပြည်တွင်းစစ်အကြီးအကျယ်ဖြစ်နေတဲ့ ၁၉၄၀ ပြည့်လွန်နှစ်အကုန်ပိုင်းမှာပေါ့။ ကျွန်မကို ပြောက်ကျားစစ်သားတွေ လာဆွဲသွားမှာစိုးလို့ အဖေက ကေတီးနာရဲ့ရွာမှာနေတဲ့ အစ်မအိမ်ကိုလွှတ်လိုက်တယ်။ အဲဒီမှာနေတုန်း နှစ်လအတွင်းမှာ အကြောင်းအတော်များများကို ကျမ်းစာဘယ်လိုပြောတယ်ဆိုတာ သိနားလည်လာခဲ့တယ်။ ဩသဒေါက်စ်ချာ့ခ်ျရဲ့ အယူဝါဒအတော်များများဟာ ကျမ်းစာနဲ့မကိုက်ညီတာတွေ့ရလို့ ကျွန်မစိတ်ပျက်မိတယ်။ . . . တွေကတစ်ဆင့် ဝတ်ပြုတာကို ဘုရားသခင်လက်မခံကြောင်း၊ . . . ဘာသာရေးထုံးစံအတော်များများဟာ ခရစ်ယာန်ဘာသာက အစပြုတာမဟုတ်ကြောင်းနဲ့ ဘုရားသခင်ရဲ့အလိုတော်နဲ့တွေ့ဖို့ ‘ဝိညာဉ်နှင့် အမှန်တရားဖြင့်’ ဝတ်ပြုကိုးကွယ်ရမယ်ဆိုတာတွေကို ကျွန်မသိလာရတယ်။ (ယောဟန် ၄:၂၃; ထွက်မြောက်ရာ ၂၀:၄၊ ၅) အဲဒါတွေအားလုံးထက် ကျွန်မသိရှိလာတာက မြေကြီးပေါ် ထာဝရအသက်မျှော်လင့်ချက်ကို သမ္မာကျမ်းစာ ကမ်းလှမ်းထားတဲ့အကြောင်းပဲ! ဒီအဖိုးတန်ကျမ်းစာအမှန်တရားတွေဟာ ယေဟောဝါဆီကနေ ကျွန်မကိုယ်တိုင် ဦးဆုံးခံစားခဲ့ရတဲ့ ဆုကျေးဇူးတွေပဲပေါ့။
အဲဒီအချိန်အတောအတွင်း အစာစားချိန်မှာ ကျွန်မ လက်ဝါးကပ်တိုင်အမှတ်သင်္ကေတ မလုပ်တာ၊ပုံတွေရှေ့ဆုမတောင်းတာကို အစ်မနဲ့ ခဲအို သတိပြုမိခဲ့တယ်။ တစ်ညကျတော့ သူတို့နှစ်ယောက်စလုံး ကျွန်မကိုရိုက်တယ်။ နောက်နေ့မှာပဲ အဒေါ်အိမ်ကို ကျွန်မထွက်သွားတယ်။ ခဲအိုက အဖေ့ကို အကြောင်းကြားလိုက်တာနဲ့ မကြာခင်ပဲ အဖေရောက်လာပြီး မျက်ရည်စက်လက်နဲ့ ကျွန်မစိတ်ပြောင်းလဲအောင် ကြိုးစားခဲ့တယ်။ ခဲအိုက ကျွန်မအရှေ့ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့တောင်းပန်တယ်၊ ကျွန်မခွင့်လွှတ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ချာ့ခ်ျကိုပြန်လာဖို့သူတို့ပြောပေမဲ့ ကျွန်မအလျှော့မပေးခဲ့ဘူး။
အဖေ့ရွာကို ပြန်ရောက်တော့ ဆက်ပြီးဖိအားပေးခံရတုန်းပဲ။ ကေတီးနာနဲ့လည်း အဆက်အသွယ်မရဘူး၊ ဖတ်စရာဆိုလို့ ကျမ်းစာအုပ်တောင် မရှိဘူး။ ကျွန်မရဲ့ဝမ်းကွဲတစ်ယောက်က ကူညီပေးခဲ့လို့ ဝမ်းသာလိုက်တာ။ ကောရင့်သ်မြို့ကို သူရောက်သွားတော့ သက်သေခံတစ်ယောက်နဲ့တွေ့ပြီး ကျွန်မအတွက် “ဘုရားသခင်သစ္စာတော်တည်စေသတည်း” စာအုပ်နဲ့ ခရစ်ယာန်ဂရိကျမ်းစာတစ်အုပ် ယူခဲ့ပေးတယ်၊ အဲဒါတွေကို လူမသိအောင် ကျွန်မစဖတ်တော့တာပဲ။
မထင်မှတ်သော ဘဝအပြောင်းအလဲ
သုံးနှစ်လောက် ဆက်ပြီး အကြီးအကျယ်အတိုက်အခံကြုံခဲ့ရတယ်။ ဘယ်သက်သေခံနဲ့မှ အဆက်အသွယ်မရတဲ့အပြင် ဘာစာပေစာတမ်းမှလည်း မရနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မဘဝ အကြီးအကျယ်ပြောင်းလဲတော့မယ်ဆိုတာကို ကျွန်မ မသိခဲ့ဘူး။
သက်စလိုနီကာမြို့မှာရှိတဲ့ ဦးလေးဆီမှာသွားနေရမယ်လို့ အဖေက ကျွန်မကိုပြောတယ်။ သက်စလိုနီကာမြို့ကိုမသွားခင် ကုတ်အင်္ကျီတစ်ထည်ချုပ်ဖို့ ကောရင့်သ်မြို့က စက်ချုပ်ဆိုင်တစ်ဆိုင်ကိုသွားတော့ အဲဒီမှာ ကေတီးနာအလုပ်လုပ်နေမှန်းသိလိုက်ရလို့ အံ့သြလိုက်တာ! ဒီလောက်ကြာပြီးမှ ပြန်တွေ့ရလို့ ကျွန်မတို့ ဝမ်းသာလိုက်တာ။ ကျွန်မတို့နှစ်ယောက် ဆိုင်ထဲကထွက်လာတော့ အလုပ်ကအပြန် စက်ဘီးစီးလာတဲ့ သိပ်ပြီးယဉ်ကျေးဖော်ရွေတဲ့ လူပျိုတစ်ယောက်နဲ့ ကျွန်မတို့တွေ့တယ်။ သူ့နာမည်က ကေရေလမ်းဘော့စ်တဲ့။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသိကျွမ်းလာပြီးနောက် ကျွန်မတို့ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီအချိန်လောက်မှာပဲ၊ ၁၉၅၂၊ ဇန်နဝါရီ ၉ ရက်မှာ ယေဟောဝါကိုဆက်ကပ်အပ်နှံတဲ့အနေနဲ့ ကျွန်မ ရေမှာ နှစ်ခြင်းခံခဲ့ပါတယ်။
ကေရေလမ်းဘော့စ်က အစောကတည်းက နှစ်ခြင်းခံပြီးသားဖြစ်တယ်။ သူလည်းပဲ သူ့မိသားစုရဲ့အတိုက်အခံကို ခံခဲ့ရတယ်။ ကေရေလမ်းဘော့စ်က သိပ်ပြီး စိတ်ထက်သန်တာပဲ။ လက်ထောက်အသင်းတော်အမှုထမ်းတစ်ဦးဖြစ်တဲ့အပြင် ကျမ်းစာသင်အံမှုအများကြီးရှိတယ်။ မကြာခင်မှာ သူ့အစ်ကိုတွေလည်း အမှန်တရားလက်ခံလာကြတယ်၊ အခုဆိုရင် သူ့မိသားစုအတော်များများဟာ ယေဟောဝါအမှုဆောင်နေကြပြီ။
ကျွန်မရဲ့အဖေက ကေရေလမ်းဘော့စ်ကို တကယ်သဘောကျလို့ လက်ထပ်ခွင့်ပြုပေမဲ့ အမေကတော့ သိပ်မကြိုက်ချင်ဘူး။ ဒီလိုအခက်အခဲတွေကြားထဲကပဲ ၁၉၅၂၊ မတ်လ ၂၉ ရက်နေ့မှာ ကေရေလမ်းဘော့စ်နဲ့ ကျွန်မ လက်ထပ်လိုက်တယ်။ ကျွန်မရဲ့အစ်ကိုအကြီးဆုံးနဲ့ ဝမ်းကွဲတစ်ယောက်ပဲ မင်္ဂလာပွဲကိုလာကြတယ်။ ကေရေလမ်းဘော့စ်ဟာ မနှိုင်းယှဉ်နိုင်တဲ့ကောင်းချီး—ယေဟောဝါဆီက တကယ်ကိုထူးတဲ့ဆုကျေးဇူးဖြစ်လာလိမ့်မယ်လို့ အဲဒီတုန်းက ကျွန်မ,မသိခဲ့ဘူး! သူ့ရဲ့အဖော်အဖက်တစ်ယောက်အနေနဲ့ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကျွန်မဘဝကို မြှုပ်နှံနိုင်ခဲ့တယ်။
ညီအစ်ကိုများကို ကျွန်မတို့အားပေးခြင်း
၁၉၅၃ ခုနှစ်မှာ အေသင်မြို့ကိုပြောင်းရွှေ့ဖို့ ကျွန်မတို့နှစ်ယောက်ဆုံးဖြတ်ခဲ့ကြတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ပိုပါဝင်နိုင်ရအောင် ကေရေလမ်းဘော့စ်က သူ့မိသားစုလုပ်ငန်းကထွက်ပြီး အချိန်ပိုင်းအလုပ်ရှာလုပ်ခဲ့တယ်။ နေ့ခင်းပိုင်းမှာ ကျွန်မတို့နှစ်ယောက် ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ပြီး ကျမ်းစာသင်အံမှုတွေကျင်းပခဲ့ကြတယ်။
ကျွန်မတို့ရဲ့ဓမ္မအမှုကို တရားဝင်ကန့်သတ်ထားတဲ့အတွက် ကြံဖန်ဟောပြောခဲ့ရတယ်။ ဥပမာ၊ ကျွန်မရဲ့ခင်ပွန်း အချိန်ပိုင်းအလုပ်လုပ်တဲ့နေရာ၊ အေသင်မြို့လယ်ခေါင်က လမ်းဘေးသတင်းစာဆိုင်ကလေးမှာ ကင်းမျှော်စင်မဂ္ဂဇင်းတစ်စောင်တင်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ရဲအရာရှိကြီးတစ်ဦးလာပြီး အဲဒီမဂ္ဂဇင်းကို ပိတ်ပင်ထားတာလို့ပြောတယ်။ ဒါပေမဲ့ လုံခြုံရေးရုံးမှာ စုံစမ်းမေးမြန်းကြည့်ဖို့ တစ်စောင်ယူသွားလို့ရမလားလို့မေးတယ်။ ဒီမဂ္ဂဇင်းက တရားဝင်တယ်လို့ လုံခြုံရေးရုံးကပြောတော့ သူပြန်လာပြောပြတယ်။ ဒီအကြောင်းကို သတင်းစာဆိုင်ကလေးတွေရှိတဲ့ တခြားညီအစ်ကိုတွေ ကြားတာနဲ့တစ်ပြိုင်နက် သူတို့ရဲ့ဆိုင်တွေမှာလည်း ကင်းမျှော်စင်တွေ စတင်ကြတော့တယ်။ ကျွန်မတို့ဆိုင်ကနေ ကင်းမျှော်စင်ရသွားတဲ့လူတစ်ယောက်ဟာ သက်သေခံဖြစ်လာပြီး အခု အကြီးအကဲတစ်ယောက်ဖြစ်နေပြီ။
ကျွန်မရဲ့မောင်အထွေးဆုံးလည်း အမှန်တရားသိလာလို့ ဝမ်းသာရတယ်။ ရေကြောင်းကုန်သွယ်ရေးကောလိပ်တက်ဖို့ အေသင်မြို့ကို သူရောက်လာတဲ့အခါ ကျွန်မတို့နဲ့အတူ စည်းဝေးကြီးတစ်ခုကိုခေါ်သွားဖူးတယ်။ အဲဒီတုန်းက စည်းဝေးကြီးတွေကို တောထဲမှာ တိတ်တဆိတ်ကျင်းပခဲ့ရတယ်။ သူကြားသမျှကို သဘောကျခဲ့ပေမဲ့ သိပ်မကြာခင်မှာ ခရီးစထွက်ခဲ့ရတယ်။ ခရီးစဉ်တစ်ခုမှာ အာဂျင်တီးနားဆိပ်ကမ်းတစ်ခုကို သူရောက်သွားတယ်။ ခရစ်ယာန်သာသနာပြုတစ်ယောက်က သင်္ဘောပေါ်တက်လာပြီး ဟောပြောတဲ့အခါ ကျွန်မမောင်လေးက မဂ္ဂဇင်းတွေတောင်းယူခဲ့တယ်။ သူက “အမှန်တရားကို ကျွန်တော်ရှာတွေ့ပြီ။ ကျွန်တော့်အတွက် နှစ်စဉ်ကြေးမှာပေးပါ” ဆိုတဲ့စာကို ကျွန်မတို့ရတော့ ပျော်လိုက်တာ။ အခု သူနဲ့သူ့မိသားစုဟာ ယေဟောဝါကို တည်ကြည်စွာအမှုထမ်းနေကြတယ်။
၁၉၅၈ ခုနှစ်မှာ ကျွန်မရဲ့ခင်ပွန်းဟာ နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုထမ်းဖို့ဖိတ်ခေါ်ခံခဲ့ရတယ်။ ကျွန်မတို့ရဲ့လုပ်ငန်းကို ပိတ်ပင်ထားပြီး အခြေအနေတွေ တော်တော်လေးခက်ခဲတဲ့အတွက် နယ်လှည့်ကြီးကြပ်မှူးတွေက ဇနီးသည်တွေမပါဘဲ အမှုထမ်းကြရတယ်။ ၁၉၅၉၊ အောက်တိုဘာလမှာ၊ သူနဲ့အတူ ကျွန်မလိုက်လို့ရမလားလို့ ဌာနခွဲရုံးက တာဝန်ခံညီအစ်ကိုတွေကို မေးကြည့်တယ်။ သူတို့သဘောတူခဲ့တယ်။ ဂရိနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ အသင်းတော်တွေဆီသွားပြီး ကျွန်မတို့ လည်ပတ်အားပေးရမှာဖြစ်တယ်။
အဲဒီခရီးစဉ်တွေက သိပ်မလွယ်လှဘူး။ လမ်းကောင်းတွေ သိပ်မရှိဘူး။ ကျွန်မတို့မှာလည်း ကားမရှိတော့ ဘတ်စကားနဲ့ ဒါမှမဟုတ် ကြက်တွေ၊ တခြားကုန်ပစ္စည်းတွေတင်တဲ့ ကုန်တင်ကားတွေနဲ့ပဲ ခရီးသွားခဲ့ရတယ်။ ဗွက်ထူတဲ့လမ်းတွေမှာ လျှောက်နိုင်ဖို့ ရော်ဘာဘွတ်ဖိနပ်တွေစီးခဲ့ရတယ်။ ရွာတိုင်းမှာ ပြည်သူ့စစ်တွေရှိတဲ့အတွက် စုံစမ်းမေးမြန်းမခံရအောင် ညအချိန်ကျမှ ရွာထဲဝင်ခဲ့ကြရတယ်။
ဒီလိုလည်ပတ်မှုတွေကို ညီအစ်ကိုတွေ တကယ်တန်ဖိုးထားခဲ့ကြတယ်။ သူတို့အများစုဟာ လယ်ထဲမှာ တစ်နေ့လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ကြပေမဲ့ ညမိုးချုပ်မှ အိမ်တွေမှာ ကျင်းပတဲ့ အစည်းအဝေးတွေကို ကြိုးစားပြီးတက်ခဲ့ကြတယ်။ ညီအစ်ကိုတွေက တကယ်ဧည့်ဝတ်ကျေပွန်ကြတယ်၊ သူတို့မှာ နည်းနည်းလေးပဲရှိပေမဲ့ ကျွန်မတို့ကို အကောင်းဆုံးပေးခဲ့ကြတယ်။ တစ်ခါတလေ အခန်းတစ်ခန်းထဲမှာပဲ တစ်မိသားစုလုံးနဲ့အတူ ကျွန်မတို့အိပ်ခဲ့ကြတယ်။ ညီအစ်ကိုတွေရဲ့ ယုံကြည်ခြင်း၊ ခံနိုင်ရည်နဲ့ စိတ်ထက်သန်မှုက ကျွန်မတို့အတွက် အဖိုးထိုက်တဲ့ နောက်ထပ်ဆုတစ်ခုပါပဲ။
အမှုဆောင်ခြင်းကို တိုးချဲ့ခြင်း
၁၉၆၁၊ ဖေဖော်ဝါရီလမှာ အေသင်ဌာနခွဲရုံးကို သွားလည်ပတ်ခဲ့တဲ့အခါ ဗေသလမှာ အမှုထမ်းချင်သလားလို့ မေးကြတယ်။ “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဆိုတဲ့ ဟေရှာယရဲ့စကားနဲ့ ကျွန်မတို့အဖြေပေးလိုက်တယ်။ (ဟေရှာယ ၆:၈) နှစ်လကြာတော့ ဗေသလကို အမြန်ဆုံးလာဖို့ညွှန်ကြားစာရောက်လာတယ်။ ဒါနဲ့ ၁၉၆၁၊ မေလ ၂၇ ရက်နေ့မှာ ဗေသလအမှု စဆောင်ရွက်ခဲ့တယ်။
ကျွန်မတို့ရဲ့တာဝန်အသစ်ကို တကယ်ကြိုက်တယ်၊ ချက်ချင်းပဲ နေသားကျလာပါတယ်။ ကျွန်မရဲ့ခင်ပွန်းက လုပ်ငန်းတော်ဌာနနဲ့ နှစ်စဉ်ကြေးဌာနတွေမှာ တာဝန်ကျပြီးနောက် ဌာနခွဲကော်မတီမှာ ခဏလောက်အမှုထမ်းခဲ့တယ်။ ကျွန်မကျတော့ တာဝန်အမျိုးမျိုးထမ်းဆောင်ခဲ့ရတယ်။ အဲဒီတုန်းက မိသားစု ၁၈ ယောက်ပဲရှိပေမဲ့ ဗေသလမှာ အကြီးအကဲသင်တန်းတွေ ကျင်းပနေတဲ့အတွက် ငါးနှစ်နီးပါး လူ ၄၀ လောက်ရှိခဲ့တယ်။ မနက်ပိုင်းမှာ ကျွန်မပန်းကန်တွေဆေး၊ ထမင်းချက်ကိုကူ၊ အိပ်ရာ ၁၂ ခုခင်းပေးပြီး နေ့လယ်စာအတွက် စားပွဲခင်းခဲ့ရတယ်။ မွန်းလွဲပိုင်းမှာ အဝတ်အစားတွေ မီးပူတိုက်ပြီး ရေအိမ်နဲ့ အခန်းတွေကို သန့်ရှင်းရေးလုပ်ရတယ်။ အဝတ်လျှော်ဌာနမှာ တစ်ပတ်တစ်ခါဝင်လုပ်ခဲ့ရတယ်။ အလုပ်အရမ်းများပေမဲ့ အကူအညီပေးနိုင်လို့ ကျွန်မဝမ်းသာမိတယ်။
ဗေသလတာဝန်မှာကော လယ်ကွင်းလုပ်ငန်းမှာပါ ကျွန်မတို့အလုပ်အရမ်းများကြတယ်။ ကျမ်းစာသင်အံမှု ခုနစ်ခုအထိ ကျင်းပခဲ့ရတဲ့အခါတွေရှိတယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာ အသင်းတော်တွေဆီ ကေရေလမ်းဘော့စ် ဟောပြောချက်သွားပေးတဲ့အခါ ကျွန်မလိုက်သွားတယ်။ ကျွန်မတို့နှစ်ယောက်က အမြဲတတွဲတွဲပဲ။
ဂရိသြသဒေါက်စ်ချာ့ခ်ျနဲ့ တော်တော်လေးရင်းနှီးပြီး အယူလွဲတိုက်ဖျက်ရေးကိုယ်စားလှယ် ချာ့ခ်ျဓမ္မဆရာတစ်ဦးရဲ့ မိတ်ဆွေရင်းတွေဖြစ်တဲ့ မောင်နှံစုံတစ်စုံနဲ့ ကျွန်မတို့ ကျမ်းစာသင်အံမှုလုပ်ခဲ့ဖူးတယ်။ သူတို့အိမ်ထဲမှာဆိုရင် နံ့သာပေါင်းတွေကို မပြတ်မီးရှို့ပြီး ဘိုင်ဇင်တိုင်ဓမ္မသီချင်းတွေ တစ်နေကုန်ဖွင့်ထားတဲ့ သန့်ရှင်းသူတွေပုံ အပြည့်နဲ့ အခန်းတစ်ခန်းရှိတယ်။ ကြာသပတေးနေ့တိုင်း သူတို့အိမ်ကို ကျွန်မတို့ ကျမ်းစာသွားသင်ပေးပြီး သောကြာနေ့တိုင်း သူတို့ရဲ့မိတ်ဆွေဓမ္မဆရာက အလည်လာတတ်တာ အတော်ကြာကြာပဲ။ တစ်ရက်ကျတော့ ကျွန်မတို့ကို အံ့အားသင့်စရာတစ်ခုပြချင်လို့ သူတို့အိမ်ကို မဖြစ်မနေလာဖို့ပြောတယ်။ ပထမဦးဆုံး အဲဒီအခန်းကိုပြတယ်။ ပုံတွေအားလုံးကို သူတို့ဖယ်ရှားပစ်ပြီး အခန်းကို ပြန်ပြုပြင်ထားတယ်။ ဒီမောင်နှံစုံဟာ ဆက်တိုးတက်လာကြပြီး နှစ်ခြင်းခံလိုက်တယ်။ ကျွန်မတို့ကျမ်းစာသင်ပေးခဲ့တဲ့သူ စုစုပေါင်းအယောက် ၅၀ လောက် ယေဟောဝါထံ သူတို့ရဲ့ဘဝကို ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့ကြတာကိုတွေ့ရလို့ ဝမ်းသာခဲ့ရတယ်။
ကျွန်မခံစားခဲ့ရတဲ့ အထူးဆုကျေးဇူးကတော့ ဝိညာဉ်တော်ဖွားညီအစ်ကိုတွေနဲ့ ပေါင်းဖော်ရခြင်းပါပဲ။ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ညီအစ်ကိုနောရ်၊ ဖရန့်ဇ်နဲ့ ဟဲန်ရှယ်လ်တို့ လည်ပတ်လာချိန်တွေဟာ တကယ်ခွန်အားရတဲ့အချိန်တွေပေါ့။ ဗေသလမှာ အမှုထမ်းနေရတာ အနှစ် ၄၀ ကျော်သွားပေမဲ့ တကယ်ဂုဏ်ယူစရာ အခွင့်ထူးကြီးပဲလို့ အခုထိခံစားနေရတုန်းပဲ။
ဖျားနာမှုနှင့် ဆုံးရှုံးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း
၁၉၈၂ ခုနှစ်ကစပြီး ကျွန်မရဲ့ခင်ပွန်းမှာ အဲလ်ဇိုင်းမားရောဂါလက္ခဏာတွေ စပေါ်လာတယ်။ ၁၉၉၀ ပြည့်နှစ်ရောက်တော့ သူ့ရဲ့ကျန်းမာရေး ဆိုးသထက်ဆိုးလာပြီး နောက်ဆုံးတော့ မပြတ်ကြည့်ရှုစောင့်ရှောက်ပေးဖို့ လိုလာတယ်။ သူမသေခင်ရှစ်နှစ်အတွင်းမှာ ဗေသလကနေ ကျွန်မတို့ တစ်ဖဝါးမှမခွာနိုင်ခဲ့ဘူး။ ဗေသလမိသားစုထဲက ချစ်မြတ်နိုးရတဲ့ညီအစ်ကိုတွေအပြင် တာဝန်ရှိကြီးကြပ်မှူးတွေကလည်း ကျွန်မတို့ကိုကူညီပေးဖို့ စီစဉ်ပေးတယ်။ သူတို့ ကြင်ကြင်နာနာကူညီပေးခဲ့ကြပေမဲ့ ကျွန်မကိုယ်တိုင် သူ့ကို နေ့ရောညပါ ကြည့်ရှုပြုစုပေးခဲ့ရတယ်။ တစ်ခါတလေ အခြေအနေသိပ်ဆိုးတယ်၊ မအိပ်ရတဲ့ညတွေ အတော်များတယ်။
၁၉၉၈ ခုနှစ် ဇူလိုင်လမှာ ကျွန်မချစ်ရတဲ့ခင်ပွန်း ကွယ်လွန်သွားရှာတယ်။ သူ့ကို ကျွန်မအရမ်းသတိရလွမ်းဆွတ်ပေမဲ့ ဘုရားသခင့်လက်ထဲမှာရှိတဲ့အတွက် ကျွန်မစိတ်သက်သာရာရပါတယ်၊ ပြီးတော့ ရှင်ပြန်ထမြောက်ချိန်ကျရင် တခြားသူသန်းပေါင်းများစွာနဲ့အတူ သူ့ကိုပါ ယေဟောဝါသတိရမှာပါ။—ယောဟန် ၅:၂၈၊ ၂၉။
ယေဟောဝါရဲ့ဆုကျေးဇူးများအတွက် ကျေးဇူးတင်ခြင်း
ကျွန်မရဲ့ခင်ပွန်းကို ဆုံးရှုံးခဲ့ရပေမဲ့ ကျွန်မ အထီးကျန်မနေပါဘူး။ ဗေသလမှာ ဆက်အမှုထမ်းခွင့်ရနေတုန်းပဲ၊ ဗေသလတစ်မိသားစုလုံးရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကိုလည်း ခံစားနေရတယ်။ ကျွန်မရဲ့ဆွေမျိုးသားချင်းတွေထဲမှာ ဂရိနိုင်ငံတစ်ဝန်းလုံးက ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မတွေလည်းရှိသေးတယ်လေ။ အခု ကျွန်မအသက် ၇၀ ကျော်လာပေမဲ့ မီးဖိုဆောင်နဲ့ စားသောက်ခန်းမှာ တစ်နေကုန်အလုပ်လုပ်နိုင်တုန်းပဲ။
၁၉၉၉ ခုနှစ်မှာ နယူးယောက်မြို့၊ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကိုအလည်သွားတဲ့အခါ ကျွန်မရဲ့စိတ်ကူးယဉ်အိပ်မက် အကောင်အထည်ပေါ်လာခဲ့တယ်။ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ပြောမပြနိုင်အောင်ပါပဲ။ တကယ်တည်ဆောက်မှုပေးပြီး မမေ့နိုင်တဲ့ တွေ့ကြုံမှုတစ်ခုပဲ။
နောက်ကြောင်းကို ပြန်ကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ဘဝကို ဒီထက်ကောင်းတဲ့နည်းနဲ့ အသုံးပြုနိုင်ခဲ့မှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ ယေဟောဝါကို အချိန်ပြည့်အမှုထမ်းခြင်းဟာ အကောင်းဆုံးဘဝလုပ်ငန်းတစ်ခုပါပဲ။ ကျွန်မအတွက် လိုလေသေးမရှိပြည့်စုံခဲ့တယ်လို့ စိတ်ချလက်ချပြောနိုင်တယ်။ ကျွန်မခင်ပွန်းသည်နဲ့ ကျွန်မရဲ့ဝိညာဉ်ရေး၊ ကာယရေးနှစ်တန်စလုံးကို ယေဟောဝါဟာ မေတ္တာနဲ့ ကြည့်ရှုစောင့်ရှောက်ပေးခဲ့ပါတယ်။ ဆာလံဆရာက ‘ငါ၌ ထာဝရဘုရားသခင်ပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း’ လို့ ဘာကြောင့်မေးခဲ့ရတာကို ကိုယ့်ဘဝအတွေ့အကြုံကနေ နားလည်လာမိတယ်။—ဆာလံ ၁၁၆:၁၂။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကေရေလမ်းဘော့စ်နဲ့ ကျွန်မက အမြဲတတွဲတွဲပဲ
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ကျွန်မရဲ့ခင်ပွန်း ဌာနခွဲက သူရဲ့ရုံးခန်းထဲမှာ
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ဗေသလမှာအမှုထမ်းရတာ တကယ်ဂုဏ်ယူစရာပဲလို့ ကျွန်မခံစားရတယ်