မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါ၌ မွေ့လျော်လော့’

‘ယေဟောဝါ၌ မွေ့လျော်လော့’

‘ယေဟောဝါ​၌ မွေ့လျော်​လော့’

‘ယေဟောဝါ​၌ မွေ့လျော်ခြင်း​ရှိ​လော့။ သို့ပြုလျှင် စိတ်နှလုံး​အလို ပြည့်စုံ​ရသော​အခွင့်​ကို ပေး​တော်​မူ​မည်။’ —ဆာလံ ၃၇:၄

၁၊ ၂။ စစ်မှန်သော​ပျော်ရွှင်မှု​၏​ရင်းမြစ်​ကား မည်သူ​နည်း၊ ရှင်ဘုရင်​ဒါဝိဒ်​သည် ယင်းကို မည်သို့​အာရုံစိုက်​စေ​ခဲ့​သနည်း။

‘စိတ်နှလုံး​နှိမ့်ချသော​သူတို့သည် ပျော်ရွှင်​ကြ​၏။ . . . သနားစုံမက်​တတ်သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ . . . သူတစ်ပါး​ခြင်း​ခိုက်ရန်​ပြုခြင်း​ကို ငြိမ်း​စေ​တတ်သော​သူတို့သည် ပျော်ရွှင်​ကြ​၏။’ ခရစ်ဝင်​ကျမ်း​ရေးသူ မဿဲ​မှတ်တမ်းတင်​ခဲ့​သည်​အတိုင်း ယေရှု၏​ကျော်ကြား​သော တောင်ပေါ်​တရားတော်​၏ ထူးခြား​ထင်ရှား​သည့် နိဒါန်း​တွင် ပျော်ရွှင်သူ​များနှင့်​ပတ်သက်​၍ အဆိုပါ​ဖော်ပြချက်များ​အပြင် အခြား​ဖော်ပြချက်​ခြောက်​ခု ပါဝင်​သည်။ (မဿဲ ၅:၃-၁၁) ယေရှု၏​စကား​များ​က ကျွန်ုပ်​တို့ ပျော်ရွှင်​နိုင်​ကြောင်း အာမခံ​၏။

ရှေး​ဣသရေလ​ရှင်ဘုရင်​ဒါဝိဒ် စပ်ဆို​ခဲ့​သည့် မြင့်မြတ်​သော​သီချင်း​တစ်ပုဒ်​သည် စစ်မှန်သော​ပျော်ရွှင်မှု​၏​ရင်းမြစ် ယေဟောဝါ​အား အာရုံစိုက်​စေ​သည်။ ဒါဝိဒ်က ‘ယေဟောဝါ​၌ မွေ့လျော်ခြင်း​ရှိ​လော့။ သို့ပြုလျှင် စိတ်နှလုံး​အလို ပြည့်စုံ​ရသော​အခွင့်​ကို ပေး​တော်​မူ​မည်’ ဟု​ဆို​ခဲ့​သည်။ (ဆာလံ ၃၇:၄) သို့သော် အဘယ်အရာက ယေဟောဝါ​နှင့် ကိုယ်တော်​၏​ကိုယ်​ရည်​ကိုယ်​သွေး​များ​ကို သိကျွမ်းခြင်း​၌ “မွေ့လျော်” စေနိုင်​သနည်း။ ကိုယ်တော်​ပြုလုပ်​ပေး​ခဲ့​ရာ​များနှင့် ကိုယ်တော်​၏​ရည်ရွယ်ချက် ပြီးမြောက်​အောင်မြင်​စေရန် ပြု​တော်​မူ​မည့်​အရာများ​ကို စဉ်းစား​သုံးသပ်ခြင်း​ဖြင့် “စိတ်နှလုံး​အလို ပြည့်စုံ​ရသော​အခွင့်” မည်သို့​ရနိုင်​မည်​နည်း။ ဆာလံကျမ်း​အခန်းကြီး ၃၇၊ အခန်းငယ် ၁ မှ ၁၁ အထိ ခရေစေ့​တွင်း​ကျ​လေ့လာခြင်း​ဖြင့် အဖြေ​များ​ရရှိ​မည်။

“မငြူစူ​နှင့်”

၃၊ ၄။ ဆာလံ ၃၇:၁ တွင်​မှတ်တမ်း​တင်ထား​သည့်​အတိုင်း ဒါဝိဒ်​သည် အဘယ်​အကြံဉာဏ်​ပေး​သနည်း၊ ယနေ့ ယင်းကို​သတိပြု​ခြင်း​သည် အဘယ်ကြောင့်​လျောက်ပတ်​သနည်း။

၃ ကျွန်ုပ်​တို့​အသက်ရှင်​ရသော​အချိန်​သည် “ခဲယဉ်း” ကျပ်တည်း​ပြီး ဆိုးသွမ်း​သော​ကာလ​ဖြစ်သည်။ တမန်​တော်​ပေါလု​၏ ဤ​စကား​များ အမှန်ပင်​ပြည့်စုံ​လာ​သည်ကို ကျွန်ုပ်​တို့ မြင်တွေ့​ကြ​ရပြီ– “ဆိုးညစ်သော​သူ၊ လှည့်ဖြား​သော​သူတို့မူကား သူတစ်ပါးကို​လည်းကောင်း၊ ကိုယ်ကို​လည်းကောင်း လှည့်ဖြား​၍ ဆိုးညစ်ခြင်း​၌ တရွေ့ရွေ့​တိုးပွား​ကြလိမ့်မည်။” (၂ တိမောသေ ၃:၁၊ ၁၃) လူဆိုး​တို့၏ အောင်မြင်​ကြီးပွား​ပုံ​ကြောင့် သူတို့ကို အလွယ်တကူ အားကျမိ​နိုင်၏! ၎င်း​တို့အားလုံး​သည် ကျွန်ုပ်​တို့ကို စိတ်​အနှောင့်အယှက်​ဖြစ်စေ​ပြီး ဝိညာဉ်​ရေး​အမြင်​အာရုံ လွဲသွား​စေနိုင်​သည်။ အဆိုပါ​ဖြစ်လာ​နိုင်​ဖွယ် အန္တရာယ်​အကြောင်း ဆာလံ ၃၇ ၏​အဖွင့်​စကား​များ​က မည်သို့​သတိပေး​နှိုးဆော်​ထား​ကြောင်း သတိပြုပါ– “လူဆိုး​တို့​အကြောင်းကြောင့် စိတ်​မ​ပူ​နှင့်။ မတရား​သဖြင့်​ပြုသောသူ​တို့ကို မငြူစူ​နှင့်။”

၄ ကမ္ဘာ့​မီဒီယာ​သည် မတရားမှု​စာရင်း​ကို နေ့စဉ်​နှင့်​အမျှ တရ​စပ်​ဖော်ပြ​လျက်​ရှိ၏။ ကောက်ကျစ်​သော စီးပွားရေး​သမားများ​၏ လိမ်လည်မှု​ကို အရေးမယူ​ချေ။ ရာဇဝတ်သား​များသည် ခိုကိုးရာ​မဲ့​သူများကို ခေါင်းပုံဖြတ်​တတ်ကြ​သည်။ လူသတ်သမား​များ​ကို စုံစမ်း​၍​မရ သို့​မဟုတ် ပြစ်ဒဏ်​မပေး​ချေ။ ဤ​ကဲ့သို့​သောမ​တရား​မှုများ​သည် ကျွန်ုပ်​တို့ကို ဒေါသ​ထွက်​စေပြီး စိတ်​တည်ငြိမ်မှု​ကို ပျက်ပြား​စေနိုင်​၏။ လူဆိုးများ အောင်မြင်​နေ​ပုံ​ရခြင်း​ကြောင့် ငြူစူ​စိတ်​ပင် ဝင်လာ​နိုင်​သည်။ သို့သော် ကျွန်ုပ်​တို့ စိတ်​အနှောင့်အယှက်​ဖြစ်နေ​ရုံ​ဖြင့် အခြေအနေ​ကောင်း​သွား​မည်​လော။ လူဆိုးများ ကောင်းစား​ပုံ​ရှိနေခြင်း​ကို ငြူစူ​ခြင်း​ဖြင့် သူတို့ ဆိုးကျိုး​မခံစား​ရ​ဘဲ​နေ​မည်​လော။ လုံးဝ​မဟုတ်ပါ! ထို့​ပြင် ၎င်း​အတွက် ကျွန်ုပ်​တို့ ‘စိတ်ပူ’ စ​ရာ​လည်း လုံးဝ​မလိုပါ။ အဘယ်ကြောင့်​နည်း။

၅။ လူဆိုးများ​ကို မြက်​ပင်​နှင့် အဘယ်ကြောင့်​နှိုင်း​ထား​သနည်း။

ဆာလံဆရာ​က ဤသို့​ဖြေဆို​သည်– “အကြောင်း​မူ​ကား သူတို့သည် မကြာမမြင့်မီ မြက်​ပင်​ကဲ့သို့ ရိတ်ခြင်း​ကို​ခံရ​၍ စိမ်း​သော​ပျိုးပင်​ညှိုးနွမ်း​သကဲ့သို့ ဖြစ်​ရ​လိမ့်​မည်။” (ဆာလံ ၃၇:၂) စိမ်းလန်း​သော​မြက်​နု​သည် ရှုပျော်ဖွယ်​ဖြစ်သော်လည်း မကြာမီ အရွက်​များ ညှိုးနွမ်း​ခြောက်သွေ့​ကုန်​၏။ လူဆိုးများ​လည်း ထို​နည်း​လည်းကောင်း​ပင်​ဖြစ်သည်။ သူတို့​ကြီးပွား​နေ​ပုံ​သည် ထာဝစဉ်​တည်ရှိ​မည်​မဟုတ်​ချေ။ သူတို့​သေဆုံး​သွားသော​အခါ သူတို့​မတရား​ရယူ​ထားသော ပစ္စည်းဥစ္စာ​များသည် သူတို့ကို ကူညီပေး​လိမ့်​မည်​မဟုတ်ပေ။ အဆုံး​တွင် မတရားမှု​ဟူသည် ဖုံးကွယ်​ရာ​မရှိ။ “အပြစ်​တရား​၏​အ​ခ​ကား သေခြင်း​ပေ​တည်း” ဟု​ပေါလု​ရေးသားခဲ့​သည်။ (ရောမ ၆:၂၃) လူဆိုးများနှင့် မဖြောင့်မတ်​သူ​ရှိသမျှ​တို့သည် နောက်ဆုံး​၌ သူတို့၏ “အ​ခ” ကို​ရ​ကြ​ပြီး ပျောက်ကွယ်​သွား​လိမ့်​မည်။ အမှန်တကယ်​ပင် အကျိုးမဲ့​ဘဝ​လမ်းစဉ်​ပါ​တကား!—ဆာလံ ၃၇:၃၅၊ ၃၆; ၄၉:၁၆၊ ၁၇

၆။ ဆာလံ ၃၇:၁၊ ၂ မှ အဘယ်​သင်ခန်းစာ ရနိုင်​သနည်း။

သို့​ဖြစ်​လျှင် လူဆိုးများ တစ်ခဏ​ချမ်းသာ​နေခြင်း​ကို ကျွန်ုပ်​တို့ စိတ်​အနှောင့်အယှက်​ဖြစ်​သင့်​သလော။ ဆာလံ ၃၇ ၏​ပထမ​ဆုံး​အခန်းငယ်​နှစ်ခု​မှ ကျွန်ုပ်​တို့​သင်ခန်းစာ​ရသည်မှာ သူတို့၏​အောင်မြင်မှု​ကြောင့် ယေဟောဝါ​၏​အမှုတော်ကို​ထမ်းဆောင်​ရန် သင်​ရွေးချယ်​ထားသော​လမ်းစဉ်​မှ သွေဖည်​မသွားဖို့​ဖြစ်၏။ ၎င်း​အစား၊ ဝိညာဉ်​ရေး​ကောင်းချီး​များနှင့် ပန်းတိုင်​များ​အပေါ် ဆက်​အာရုံစိုက်​ထား​ပါ။—သု. ၂၃:၁၇

“ယေဟောဝါ​၌​ကိုး​စား၍ ကောင်းမှု​ပြု​လော့”

၇။ ယေဟောဝါ​ကို အဘယ်ကြောင့် မှီခို​အားထား​သင့်​သနည်း။

ဆာလံဆရာ​က “ယေဟောဝါ​၌​ကိုး​စား၍ ကောင်းမှု​ပြု​လော့” ဟု​ကျွန်ုပ်​တို့ကို တိုက်တွန်း​ထား​သည်။ (ဆာလံ ၃၇:၃ကက​ဘ) ကျွန်ုပ်​တို့​တွင် စိုးရိမ်​ပူပန်မှု​များ၊ သံသယများ​ရှိ​နေလျှင် ယေဟောဝါ​ကို ပုံအပ်​၍ ယုံကြည်​စိတ်ချ​ဖို့​လို​သည်။ ကိုယ်တော်​တစ်ဦးတည်း​သာ ဝိညာဉ်​ရေး​လုံခြုံမှု အပြည့်အဝ​ပေး​နိုင်​တော်​မူ​၏။ မောရှေ​က ‘အမြင့်ဆုံး​သော​ဘုရားသခင်​၏ ကွယ်ကာ​ရာ​ဌာနတော်​၌​နေသော​သူသည် အဆုံးမဲ့​တန်ခိုးရှင်​၏​အရိပ်​ကို ခို​ရ​လိမ့်​မည်’ ဟူ၍ ရေးသားခဲ့​သည်။ (ဆာလံ ၉၁:၁) ဤ​အစီအစဉ်​စနစ်​တွင် မတရားမှု​တိုးများ​လာသော​ကြောင့် စိတ်​အနှောင့်အယှက်​ဖြစ်​နေလျှင် ယေဟောဝါ​ကို သာ၍​မှီခို​အားထားဖို့လို​၏။ အကယ်၍ ကျွန်ုပ်​တို့​ခြေဆစ်လွဲ​သွား​လျှင် မိတ်ဆွေ​၏​အကူအညီကို အလွန်​တန်ဖိုး​ထား​ပေမည်။ ထို​နည်းတူ တည်ကြည်​စွာ လျှောက်လှမ်း​နိုင်​ရန် ကြိုးစား​သောအခါ ယေဟောဝါ​၏​အကူအညီ​လို​သည်။—ဟေရှာယ ၅၀:၁၀

၈။ လူဆိုး​တို့၏​ကောင်းစား​မှု​ကြောင့် အလွန်အမင်း​စိတ်​အနှောင့်အယှက်​မဖြစ်စေ​ရန် ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပါဝင်ခြင်း​က မည်သို့​အကူအညီ​ဖြစ်စေ​နိုင်​သနည်း။

လူဆိုး​တို့၏​ကောင်းစား​မှု​ကြောင့် စိတ်​အနှောင့်အယှက်​ဖြစ်​ခြင်း​ကို ဖြေရှင်း​နည်း​တစ်နည်း​မှာ သိုး​ကဲ့သို့​သော​သူများကို ရှာဖွေပြီး ယေဟောဝါ​၏​ရည်ရွယ်ချက်​နှင့်​ပတ်သက်​၍ တိကျ​မှန်ကန်သော​အသိပညာ​ပေးခြင်း​တွင် အလုပ်​များနေ​ခြင်း​ဖြစ်သည်။ ဆိုးသွမ်းမှု​တိုးများ​လာ​မည်​ဖြစ်​ရာ သူတစ်ပါးကို​ကူညီ​ပေးခြင်း​တွင် ပိုမို​အလုပ်များ​နေဖို့လို​သည်။ တမန်​တော်​ပေါလု​က “ကျေးဇူး [“ကောင်းမှု၊” က​ဘ] ပြုခြင်း၊ ဥစ္စာ​ဝေမျှခြင်း​အမှုတို့​ကို မမေ့​မ​လျော့​ကြ​နှင့်။ ထိုသို့​သော​ယဇ်ကို ဘုရားသခင်​သည် အားရ​နှစ်သက်​တော်​မူ​၏” ဟု​ရေးသားခဲ့​သည်။ ကျွန်ုပ်​တို့​ပြုလုပ်​နိုင်​သည့် အကောင်းဆုံး “ကောင်းမှု” မှာ​သူတစ်ပါးကို အထူး​ကောင်းမြတ်သော ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ပြောပြ​ခြင်း​ဖြစ်၏။ လူသိရှင်ကြား​ဟောပြောခြင်းသည် အမှန်ပင် “ချီးမွမ်း​ခြင်း​ယဇ်” ဖြစ်သည်။—ဟေဗြဲ ၁၃:၁၅၊ ၁၆; ဂလာတိ ၆:၁၀

၉။ “ပြည်တော်​၌​နေ” ထိုင်​ရန် ဒါဝိဒ်​၏​တိုက်တွန်းချက်​ကို ရှင်းပြပါ။

“ပြည်တော်​၌​နေ၍ [တည်ကြည်​ခြင်း] ကို​ကျက်စား​လော့” ဟု​ဒါဝိဒ်​ဆက်ဆို​သည်။ (ဆာလံ ၃၇:၃ခ) ဒါဝိဒ်​အချိန်​က “ပြည်တော်” သည်​ဣသရေလ​လူမျိုး​ကို ယေဟောဝါ​ပေး​သည့် ကတိထားရာပြည်​ဖြစ်၏။ ရှောလမုန်​အုပ်ချုပ်ချိန်​တွင် ပြည်တော်​၏​နယ်နိမိတ်​သည် မြောက်ဘက်​ဒန်​အရပ်မှ တောင်ဘက်​ဗေရရှေဘ​အရပ်​အထိ ကျယ်ပြန့်​သည်။ ယင်းသည် ဣသရေလ​လူမျိုး နေထိုင်ရာ​အရပ်​ဖြစ်သည်။ (၃ ဓမ္မ​ရာဇဝင် ၄:၂၅) ယနေ့ ကျွန်ုပ်​တို့ အဘယ်​နေရာတွင်​နေထိုင်​ပါစေ ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင် ကမ္ဘာ​ဂြိုဟ်​တစ်ခုလုံး ပရဒိသု​ဖြစ်လာ​မည့်​အချိန်ကို စောင့်မျှော်​နေကြပါ​သည်။ ဤ​အတောအတွင်း ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​လုံခြုံမှု​ဖြင့် နေထိုင်​လျက်​ရှိကြ​၏။—ဟေရှာယ ၆၅:၁၃၊ ၁၄

၁၀။ ကျွန်ုပ်​တို့သည် ‘တည်ကြည်​ခြင်း​ကို​ကျက်စား’ သောအခါ အဘယ်​အကျိုးကျေးဇူး ခံစားရ​သနည်း။

၁၀ ကျွန်ုပ်​တို့သည် “[တည်ကြည်​ခြင်း] ကို​ကျက်စား” သောအခါ အဘယ်​အကျိုးကျေးဇူး ခံစား​ကြ​ရမည်​နည်း။ မှုတ်သွင်းခံ​နယပုံပြင်​ကျမ်း​က “[တည်ကြည်] သော​သူသည် ကောင်းချီး​မင်္ဂလာ​နှင့်​ကြွယ်ဝ​လိမ့်​မည်” ဟု​သတိပေး​သည်။ (သု. ၂၈:၂၀) ကျွန်ုပ်​တို့ မည်သည့်​နေရာ၌​ပင် နေထိုင်​ပါစေ သတင်းကောင်းကို မည်သူ​ကို​မဆို တည်ကြည်​စွဲမြဲ​စွာ ဟောပြော​လျှင် ယေဟောဝါ​ထံ​တော်​မှ ကောင်းချီး​များ​ရရှိ​လိမ့်​မည်။ ဥပမာ၊ ဖရဲ​န့်ခ်​နှင့် သူ့​ဇနီး​ရို့စ်​တို့သည် စကော့တလန်မြောက်ပိုင်း​ရှိ မြို့​တစ်မြို့​တွင် လွန်ခဲ့သော​အနှစ် ၄၀ က​ရှေ့ဆောင်​များ​အဖြစ် တာဝန်​ယူ အမှုဆောင်ခဲ့​ကြသည်။ ထို​တွင် အမှန်တရားကို စိတ်ဝင်စား​ခဲ့​ကြ​သူ လူနည်းစု​လည်း မရှိတော့​ချေ။ ဤ​ရှေ့ဆောင်​ဇနီး​မောင်နှံ​သည် စိတ်မပျက်​ဘဲ ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို စတင်​ထမ်းဆောင်​လေ​သည်။ ယခု​အခါ ထို​မြို့တွင် တိုးတက်​နေသော အသင်းတော်​တစ်ခု​ရှိနေပြီ။ ဤ​ဇနီး​မောင်နှံ​၏​တည်ကြည်မှု​ကို ယေဟောဝါ အမှန်ပင်​ကောင်းချီး​ပေး​ခဲ့ပြီ။ ဖရဲ​န့်ခ်​က “အမှန်တရားမှာ အခုထိ ကျွန်ု​တော်​တို့ ရှိနေကြ​ပြီး ယေဟောဝါ​ရဲ့​အသုံးတော်ခံ​ဖြစ်​ရတာ အကြီးမြတ်ဆုံး​ကောင်းချီး​ပါ​ပဲ” ဟု​နှိမ့်ချစွာ​ပြော​သည်။ မှန်​၏၊ ကျွန်ုပ်​တို့သည် ‘တည်ကြည်​ခြင်း​ကို​ကျက်စား’ သောအခါ ကောင်းချီး​များစွာ ခံစား​ရခြင်း​ကို တန်ဖိုး​ထား​လေးမြတ်​ကြ​၏။

‘ယေဟောဝါ​၌ မွေ့လျော်​လော့’

၁၁၊ ၁၂။ (က) ကျွန်ုပ်​တို့သည် မည်သို့ ‘ယေဟောဝါ​၌ မွေ့လျော်’ နိုင်​သနည်း။ (ခ) ကိုယ်ပိုင်​လေ့လာမှု​နှင့်​စပ်လျဉ်း၍ အဘယ်​ပန်းတိုင်​ချ​နိုင်​သနည်း၊ ရရှိနိုင်​ဖွယ်​ရလဒ်​ကား အဘယ်နည်း။

၁၁ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး ခိုင်ခံ့​စေရန်​နှင့် ကိုယ်တော့်​ကို အမြဲ​ယုံကြည်​ကိုးစား​နေ​ရန် ‘ယေဟောဝါ​၌ မွေ့လျော်’ ရမည်။ (ဆာလံ ၃၇:၄က) ၎င်းကို မည်သို့​ပြုလုပ်​နိုင်​သနည်း။ ကျွန်ုပ်​တို့၏​အခြေအနေ​သည် မည်မျှ​ပင်​ခက်ခဲ​ပါစေ ယင်းကို အာရုံစိုက်​နေ​မည့်​အစား ယေဟောဝါ​အပေါ် အာရုံပြု​ထား​ကြသည်။ ထိုသို့​ပြု​ရန်​နည်း​တစ်နည်း​မှာ အချိန်​ယူ၍ သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​ဖြစ်သည်။ (ဆာလံ ၁:၁၊ ၂) သင်သည် သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​ကို ပျော်မွေ့​ပါသလော။ ယေဟောဝါ​အကြောင်း ပိုမို​သိရှိ​လို​သော​ပန်းတိုင်​ဖြင့် ကျမ်းစာ​ကို​ဖတ်​လျှင် အမှန်တကယ်​ပျော်မွေ့​ပါ​လိမ့်​မည်။ အပိုဒ်​တစ်​ပိုဒ်​ကို​ဖတ်​ပြီး​တိုင်း ခဏ​ရပ်၍ ‘ဤ​အပိုဒ်​က ကျွန်ုပ်​ကို ယေဟောဝါ​အကြောင်း အဘယ်အရာ​သင်ပေး​သနည်း’ ဟု မိမိကိုယ်ကို​မေးပါ။ ကျမ်းစာ​ဖတ်​ချိန်​တွင် အနီးအနား​၌ မှတ်စု​စာအုပ်၊ သို့​မဟုတ် စာရွက်​တစ်​ရွက်​ရှိလျှင် အထောက်အကူ​ဖြစ်​လိမ့်​မည်။ ခဏ​ရပ်၍ သင်​ဖတ်ရှု​ခဲ့​သည့်​အကြောင်း​၏​အဓိပ္ပာယ်​ကို ဆင်ခြင်​သုံးသပ်​တိုင်း ဘုရားသခင်​၏ ချစ်ခင်​စ​ဖွယ်​ဂုဏ်ရည်​တစ်ခုခု​ကို သတိရ​စေသည့်​စကားစု ချရေး​မှတ်​လိုက်ပါ။ အခြား​ဆာလံကျမ်း​တစ်ပုဒ်​တွင် ဒါဝိဒ် ဤသို့​စပ်ဆို​ခဲ့​သည်– ‘အကျွန်ုပ်​ပြော​သော​စကား​နှင့် စိတ်နှလုံး​၏​အကြံအစည်​သည် ရှေ့တော်၌ နှစ်သက်ဖွယ်​ဖြစ်ပါစေ​သော။ အို​ထာဝရ​ဘုရားသခင် အကျွန်ုပ်၏​ကျောက်၊ အကျွန်ုပ်​ကို​ရွေးနုတ်​တော်​မူ​သော​ဘုရားသခင်။’ (ဆာလံ ၁၉:၁၄) သမ္မာကျမ်းစာ​ကို ဤသို့​အာရုံစိုက်​ဖတ်ရှုခြင်း​သည် ယေဟောဝါ​ရှေ့တော်တွင် “နှစ်သက်ဖွယ်” ဖြစ်သည့်​ပြင် ကျွန်ုပ်​တို့​လည်း အားရ​ကျေနပ်​ကြ​၏။

၁၂ လေ့လာ​ဆင်ခြင်​သုံးသပ်ခြင်း​မှ ပျော်ရွှင်မှု မည်သို့​ရနိုင်​သနည်း။ ယေဟောဝါ​နှင့် ကိုယ်တော်​၏​နည်းလမ်းတော်​များ​အကြောင်း တတ်သိ​နိုင်​သ၍ များများ​သိရှိ​လာရန် ပန်းတိုင်​ထား​နိုင်​သည်။ အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား နှင့် ယေဟောဝါ​ထံ ချဉ်းကပ်​လော့ * အစ​ရှိသော​စာအုပ်​များ​တွင် ကျွန်ုပ်​တို့​ကျေးဇူး​တင်​လေးမြတ်စိတ်​ဖြင့် ဆင်ခြင်​သုံးသပ်​နိုင်​သည့် အချက်အလက်​များစွာ​ရှိ၏​၏။ ထို​သို့ပြုလျှင် ယေဟောဝါ​သည် ဖြောင့်မတ်​သူများ​အား “စိတ်နှလုံး​အလို​ပြည့်စုံ​ရသော​အခွင့်​ကို ပေး​တော်​မူ​မည်” ဟု​ဒါဝိဒ်​အာမခံ​သည်။ (ဆာလံ ၃၇:၄ခ) တမန်​တော်​ယောဟန်​သည် ထိုသို့​သော​ယုံကြည်​စိတ်ချမှု​မျိုး​ဖြင့် ဤ​စကား​များ​ကို ရေးသား​ရန် လှုံ့ဆော်​ခံရ​ခြင်း​ဖြစ်​မည်– “ငါ​တို့သည် ဘုရားသခင့်​အထံတော်​၌ ရဲရင့်ခြင်း [“ယုံကြည်​စိတ်ချ​ခြင်း၊” က​ဘ] အကြောင်း​ဟူ​မူ​ကား၊ ငါ​တို့သည် အလိုတော်နှင့်​အညီ တစ်စုံတစ်ခု​သော​ဆု​ကို​တောင်းလျှင် ဘုရားသခင်​သည် နားထောင်​တော်​မူ​၏။ ဆုတောင်း​သမျှ​သော​စကား​တို့ကို နားထောင်​တော်​မူ​သည်ကို ငါ​တို့သည်​သိလျှင် အထံတော်​၌​တောင်း​သော​ဆု​တို့ကို ရမည်ဟု​သိရ​ကြ​၏။”—၁ ယောဟန် ၅:၁၄၊ ၁၅

၁၃။ မကြာသေးမီ​နှစ်များ​က နိုင်ငံ​များစွာ​တွင် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း မည်သို့​တိုးချဲ့​ခဲ့​သနည်း။

၁၃ တည်ကြည်​ဖြောင့်မတ်​သူများ​အနေ​နှင့် ကျွန်ုပ်​တို့ အနှစ်ခြိုက်ဆုံး​အရာ​မှာ ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု သံသယ​ကင်းရှင်းရေး​ဖြစ်သည်။ (သု. ၂၇:၁၁) ကြမ်းတမ်းသော​အုပ်စိုးမှု​အောက်​ရှိ နိုင်ငံ​များ​မှ ကျွန်ုပ်​တို့၏​ညီအစ်ကို​များ လုပ်ဆောင်နေ​သမျှ အံ့မခန်းဖွယ် ဟောပြောခြင်း​လုပ်ငန်း​အကြောင်း ကျွန်ုပ်​တို့​ကြားသိ​ရသောအခါ နှလုံး​ယိုဖိတ်​မတတ် ဝမ်းသာ​ပီတိ​ဖြစ်​ရသည်​မဟုတ်ပေ​လော။ ကျွန်ုပ်​တို့သည် ဤ​အစီအစဉ်​စနစ်​အဆုံး​မတိုင်မီ ထပ်၍ မည်သို့​လွတ်လပ်​လာ​ဦး​မည်​ကို မျှော်လင့်​စောင့်စား​နေကြ​သည်။ လွတ်လပ်​စွာ ဝတ်ပြု​ကိုးကွယ်​ခွင့်​ရှိသည့် အနောက်​နိုင်ငံ​များ​တွင်​နေထိုင်ကြ​သော ယေဟောဝါသက်သေ​များသည် အနောက်​တိုင်း​တွင် ခေတ္တ​ယာယီ​လာ​နေထိုင်ကြ​သော ကျောင်းသား​များ၊ ခိုလှုံ​သူများ​နှင့် အခြား​သူတို့ကို အင်တိုက်အားတိုက်​ဟောပြော​ခွင့်​ရ​လျက်​ရှိ၏။ ကျွန်ုပ်​တို့​အတောင့်တဆုံး​ဆန္ဒ​မှာ အဆိုပါ​သူတို့ နေရင်းပြည်​သို့ ပြန်​သောအခါ ထိုးဖောက်​မြင်နိုင်​ပုံ​မရ​သည့် အမှောင်ထု​၌​ပင် အမှန်တရား​အလင်း​ကို ဆက်လက်​ထွန်းလင်း​သွား​ရန်ဖြစ်​သည်။—မဿဲ ၅:၁၄-၁၆

‘ကိုယ်​အမှုအရာ​ကို ယေဟောဝါ​၌​အပ်​လော့”

၁၄။ ယေဟောဝါ​ကို ကျွန်ုပ်​တို့​မှီခို​အားထား​နိုင်​ကြောင်း အဘယ်​သာဓက​ရှိ​သနည်း။

၁၄ လေးလံ​သော​ဝန်ထုပ်​များ​ဖြစ်ပုံရ​သည့် ကျွန်ုပ်​တို့၏​စိုးရိမ်​ပူပန်မှု​များ ပပျောက်​သွား​နိုင်​သည်​ဟု သိရှိ​ရခြင်း​သည် အမှန်ပင် စိတ်သက်သာရာ​ရစေသည်​တကား! မည်သို့​အားဖြင့်​နည်း။ ဒါဝိဒ်က ‘ကိုယ်​အမှုအရာ​ကို ယေဟောဝါ​၌​အပ်​လော့။ ကိုယ်တော်​ကို ကိုးစား​လော့’ ဟု​ပြော​ပြီး​နောက် ‘သို့ပြုလျှင် စီရင်တော်မူ​မည်’ ဟု​ထပ်ဆင့်​ဆို​၏။ (ဆာလံ ၃၇:၅) ယေဟောဝါ​၏​ထောက်မမှု​ရမည်ကို စိတ်ချ​နိုင်​ကြောင်း ကျွန်ုပ်​တို့၏​အသင်းတော်များ​တွင် သာဓက​များစွာ​ရှိ၏။ (ဆာလံ ၅၅:၂၂) ရှေ့ဆောင်​များ၊ နယ်လှည့်​ကြီးကြပ်မှူး​များ၊ ခရစ်ယာန်​သာသနာပြု​များ၊ ဗေသလ​တွင် စေတနာ့​ဝန်ထမ်း​နေ​သူများ​အဖြစ် အချိန်ပြည့်​အမှုဆောင်​နေ​သူအား​လုံး​သည် ယေဟောဝါ​၏​ကြည့်ရှု​စောင့်ရှောက်မှု​ကို ယုံကြည်​စိတ်ချ​နိုင်​ကြောင်း သက်သေပြ​နိုင်​ကြ​၏။ သင်,သိကျွမ်းသူ​များနှင့် စကားစမြည်​ပြောဆို​ပြီး သူတို့ကို ယေဟောဝါ မည်သို့​ကူမ​ပေး​ခဲ့​ကြောင်း မေးမြန်း​ကြည့်​ပါ​လေ။ ခက်ခဲ​သော​အချိန်​များ​တွင်​ပင် ယေဟောဝါ​၏​လက်တော် တစ်ခါမျှ​မ​တို​ခဲ့​ကြောင်း ဖော်ပြ​သည့်​တွေ့ကြုံမှု​များစွာကို ကြားသိ​ကြ​ရ​လိမ့်​မည်။ ကိုယ်တော်​သည် ဘဝ​လိုအပ်ရာ​များ​ကို အမြဲ​ထောက်ပံ့​ပေး​တော်​မူ​၏။—ဆာလံ ၃၇:၂၅; မဿဲ ၆:၂၅-၃၄

၁၅။ ဘုရားသခင့်​လူတို့၏​ဖြောင့်မတ်မှု​သည် မည်သို့​ထွန်းလင်း​သနည်း။

၁၅ ကျွန်ုပ်​တို့သည် ယေဟောဝါ​အပေါ် လုံးလုံးလျားလျား ယုံကြည်​ကိုးစား​သောအခါ ဆာလံဆရာ ဤသို့​ထပ်ဆင့်​ဆို​သည့်​အတိုင်း “သင်၏​ဖြောင့်မတ်ခြင်း​အကြောင်းကို အလင်းကဲ့သို့​လည်းကောင်း၊ တရား​သဖြင့်​ပြုခြင်း​အရာ​ကို မွန်းတည့်​ရောင်ခြည်​ကဲ့သို့​လည်းကောင်း ဖော်ပြ​တော်​မူ” သည်ကို ခံစား​နိုင်​ကြ​မည်။ (ဆာလံ ၃၇:၆) ယေဟောဝါသက်သေ​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် တစ်ခါတစ်ရံ အထင်လွဲ​မှား​ခံရ​ကြ​၏။ သို့သော် ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့် အိမ်နီးချင်း​ကို​ချစ်​သည့် မေတ္တာ​ကြောင့် လူ​တို့​ထံ​သွား​၍ အမှုဆောင်​နေကြ​ကြောင်း နှလုံး​ရိုး​ဖြောင့်​သူများ​အား ယေဟောဝါ​သိစေ​တော်​မူ​၏။ တစ်ချိန်တည်း​တွင် လူအများ အထင်လွဲ​မှား​နေသည့် ကျွန်ုပ်​တို့၏​ဖြောင့်မတ်​သော​အမူအကျင့်ကို ဖုံးကွယ်​ထား​၍​မရနိုင်​ချေ။ အတိုက်အခံ​နှင့် ညှဉ်းပန်း​နှိပ်စက်မှု​အမျိုးမျိုး​ကြား​မှ ကျွန်ုပ်​တို့ကို ယေဟောဝါ​ထောက်ပံ့​ပေး​တော်​မူ​၏။ ရလဒ်​ကား၊ ဘုရားသခင့်​လူတို့၏ ဖြောင့်မတ်မှု​သည် မွန်းတည့်​နေကဲ့သို့ ထွန်းလင်း​လျက်​ရှိသည်။—၁ ပေတရု ၂:၁၂

“ငြိမ်​ဝပ်​စွာ​နေ၍ . . . ငံ့​လင့်​လော့”

၁၆၊ ၁၇။ ဆာလံ ၃၇:၇ နှင့်​အညီ အဘယ်အရာ​အတွက် အချိန်တန်ပြီ​နည်း၊ အဘယ်ကြောင့်​နည်း။

၁၆ ဆာလံဆရာ​က ‘ထာဝရ​ဘုရားသခင်​ရှေ့မှာ ငြိမ်​ဝပ်​စွာ​နေ၍ ကိုယ်တော်​ကို ငံ့​လင့်​လော့။ မိမိ​အမှု၌ အောင်​တတ်သော​သူ၊ မကောင်းသော​အကြံအစည်​တို့ကို ပြီးစီး​စေသော​သူ၏​အကြောင်းကြောင့် စိတ်​မ​ပူ​နှင့်’ ဟု​ဆက်​ပြော​သည်။ (ဆာလံ ၃၇:၇) ဤ​တွင် ယေဟောဝါ​၏​လုပ်ဆောင်မှုကို စိတ်ရှည်​စွာ စောင့်ဆိုင်း​နေဖို့လို​ကြောင်း ဒါဝိဒ်​အလေးပေး​ဖော်ပြ​သည်။ ဤ​အစီအစဉ်​စနစ် ဆုံးခန်း​မ​တိုင်​သေး​သော်လည်း ညည်းညူ​စ​ရာ​အကြောင်း​မဟုတ်​ချေ။ ယေဟောဝါ​၏​ကရုဏာ​နှင့် စိတ်ရှည်မှု​သည် ကျွန်ုပ်​တို့ အစ​က​ထင်မှတ်​ခဲ့​သည်ထက် ပို​၍​ပင်​ကြီးမား​ကြောင်း တွေ့မြင်​ခဲ့ပြီ​မဟုတ်လော။ ဆုံးခန်း​မတိုင်မီ သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်း​၌ ဆက်​အလုပ်​များနေ​ခြင်း​အားဖြင့် ကျွန်ုပ်​တို့သည်​လည်း စိတ်ရှည်​စွာ စောင့်မျှော်​နေကြ​ကြောင်း ယခု ဖော်ပြ​နိုင်​သလော။ (မာကု ၁၃:၁၀) ကျွန်ုပ်​တို့၏​ရွှင်လန်းမှု​နှင့် ဝိညာဉ်​ရေး​လုံခြုံမှု ပပျောက်​သွား​စေနိုင်​သည့် မဆင်မခြင်​လုပ်ရပ်များ​ကို​ရှောင်ရန် ယခု အချိန်တန်ပြီ။ စာတန်​လောက​၏ အကျင့်ပျက်​ပြား​စေသော သွေးဆောင်မှုများ​ကို သာ၍​ပင်​ကြိုးစား​တွန်းလှန်​ရမည့်​အချိန်​ကား ယခု​အချိန်​ပင်​ဖြစ်သည်။ ထို့​ပြင် ကိုယ်ကျင့်တရား သန့်ရှင်း​စင်ကြယ်မှု​ကို ဆက်​ထိန်းထား​ပြီး ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဖြောင့်မတ်​သော​ဆက်ဆံ​ရေး​ကို ဘယ်တော့​မျှ မပျက်​ပြား​စေ​ရမည့်​အချိန်​သည် ယခု​အချိန်​ဖြစ်၏။ အကျင့်ပျက်​အတွေး​များ​ကို ဖယ်​ထုတ်ပစ်​ပြီး ဆန့်ကျင်ဘက်​လိင် သို့​မဟုတ် လိင်​တူ​များ​အပေါ် မ​လျောက်ပတ်​သော​အပြု​အမူ​များ​ကို ရှောင်ရှား​ကြပါစို့။—ကောလောသဲ ၃:၅

၁၇ ဒါဝိဒ်က ‘အမျက်မထွက်​စေ​နှင့်။ ဒေါသ​စိတ်​ကို စွန့်ပယ်​လော့။ ပြစ်မှား​စေခြင်း​ငှာ တိုက်တွန်း​တတ်သော​စိတ်​မရှိစေ​နှင့်။ ပြစ်မှား​သော​သူတို့သည် ပယ်ရှင်း​ခြင်း​ကို​ခံရ​ကြလိမ့်မည်။ ထာဝရ​ဘုရားသခင်​ကို မျှော်လင့်​သော​သူတို့မူကား ပြည်တော်​ကို အမွေခံ​ရ​ကြလိမ့်မည်’ ဟု သတိပေး​ဆုံးမ​၏။ (ဆာလံ ၃၇:၈၊ ၉) မှန်ပါသည်၊ အကျင့်​ယိုယွင်းမှု​နှင့် ယင်းကို​ဖြစ်ပေါ်​စေ​သူ​ရှိသမျှ​တို့ကို ကမ္ဘာ​မြေပေါ်​မှ ယေဟောဝါ​လုံးဝ​ဖယ်ရှား​တော့​မည့် ယခု​အလွန်​နီးကပ်​လျက်​ရှိသော​အချိန်ကို ကျွန်ုပ်​တို့ စိတ်ချ​လက်ချ စောင့်မျှော်​နိုင်​ကြသည်။

“ခဏ​ကြာပြီး​မှ”

၁၈၊ ၁၉။ ဆာလံ ၃၇:၁၀ မှ​အဘယ်​အားပေးမှု ရရှိ​သနည်း။

၁၈ “ခဏ​ကြာပြီး​မှ မတရားသော​သူသည်​မရှိ​ရ။ သူ၏​နေရာကို စေ့စေ့​ရှာ၍​မ​တွေ့ရ။” (ဆာလံ ၃၇:၁၀) ဤ​အစီအစဉ်​စနစ်​အဆုံး၊ ယေဟောဝါ​နှင့်​ကင်းကွာ​နေသည့်​အတွက် ဘေးသင့်​ခြင်း​အဆုံး နီးလာသည်နှင့်​အမျှ အဆိုပါ​စကား​များသည် ကျွန်ုပ်​တို့ကို အမှန်ပင်​အားရှိစေ​၏! လူ​ဖန်တီး​ခဲ့​သော မည်သည့်​အစိုးရ၊ မည်သည့် အာဏာစက်​မဆို လုံးဝ​မအောင်မြင်​ခဲ့​ချေ။ ယခု​အခါ ဘုရားသခင်​အုပ်ချုပ်မှု၊ စစ်မှန်သော​သီ​အို​က​ရေ​စီ၊ ယေရှု​ခရစ်​၏​လက်​တွင်​ရှိ ယေဟောဝါ​၏​နိုင်ငံတော် ရောက်ရှိ​တော့​မည့်​အချိန် နီးကပ်​လာ​လျက်​ရှိသည်။ ၎င်း​သည် ကမ္ဘာ့​ရေးရာ​များ​ကို အပြီးသတ်​ချုပ်ကိုင်​ပြီး ဘုရားသခင့်​နိုင်ငံတော်​ကို ဆန့်ကျင်​ပုန်ကန်​သူ ရှိရှိသမျှကို ဖျက်ဆီး​တော့​မည်။—ဒံယေလ ၂:၄၄၊ ၄၅

၁၉ ဘုရားသခင့်​နိုင်ငံတော်​အောက် ကမ္ဘာသစ်​တွင် သင်သည် “မတရားသော​သူ” ကို​ရှာလျှင်​ပင် တွေ့​နိုင်​တော့​မည်​မဟုတ်​ချေ။ ထို​အချိန်တွင် ယေဟောဝါ​ကို ဆန့်ကျင်​ပုန်ကန်​သူ မည်သူ​မဆို ချက်ချင်း​ဖျက်ဆီး​ခံရ​လိမ့်​မည်။ ထို​တွင် ကိုယ်တော်​၏​ပိုင်သ​အုပ်စိုးမှု​ကို တိုက်ခိုက်​မည့်​သူ၊ ဘုရားသခင့်​ရေးရာ​အာဏာကို လက်အောက်ခံ​ရန် ငြင်းပယ်​မည့်​သူ ရှိတော့မည်​မဟုတ်​ချေ။ သင်၏​အိမ်နီးချင်း​အားလုံး​သည် သင့်​နည်းတူ ယေဟောဝါ​၏​စိတ်တော်နှင့် တွေ့​လို​သူများ​ဖြစ်​ကြလိမ့်မည်။ သော့ခတ်​စ​ရာ​မလို၊ မင်းတုပ်များ​ချထား​စ​ရာ​မလို၊ အပြည့်အဝ​ယုံကြည်​ကိုးစားမှု​နှင့် ပျော်ရွှင်မှု​ရှိသည့် တကယ့်​လုံခြုံ​မည့်​အချိန်​ပါ​တကား!—ဟေရှာယ ၆၅:၂၀; မိက္ခာ ၄:၄; ၂ ပေတရု ၃:၁၃

၂၀၊ ၂၁။ (က) ဆာလံ ၃၇:၁၁ ပါ “အ​နွံ​အနာခံ” သူများ​ကား မည်သူ​များ​နည်း၊ သူတို့သည် “များပြား​သော​ငြိမ်သက်ခြင်း” ကို​အဘယ်​နေရာတွင် တွေ့ရှိ​သနည်း။ (ခ) သာ၍​ကြီးမြတ်သော ဒါဝိဒ်​ဖြစ်သူကို ကျွန်ုပ်​တို့​တုပ​လျှင် အဘယ်​ကောင်းချီး​များ​ရရှိ​မည်​နည်း။

၂၀ ထို့နောက် “အ​နွံ​အနာခံ​သော​သူတို့မူကား မြေကြီးကို​ပိုင်ဆိုင်” ရ​ကြလိမ့်မည်။ (ဆာလံ ၃၇:၁၁ကက​ဘ) သို့သော် အဆိုပါ “အ​နွံ​အနာခံ​သော​သူတို့” ကား​မည်သူ​တို့​ဖြစ်သနည်း။ “အ​နွံ​အနာခံ​ခြင်း” ဟု​ပြန်ဆို​ထားသော စကားလုံး​သည် “ဖိစီး​နှိပ်စက်​ခံရ၊ နှိမ့်ချ​ခံရ၊ အရှက်ခွဲ​ခံရ” ဟူ၍ အဓိပ္ပာယ်​ရသော မူရင်း​စကားလုံး​မှ ဆင်းသက်လာ​၏။ “အ​နွံ​အနာခံ​သော​သူတို့” သည် သူတို့​အပေါ် မတရား​အနိုင်ကျင့်မှု​ရှိသမျှကို တည့်မတ်​ပေး​ရန် ယေဟောဝါ​အား နှိမ့်ချစွာ စောင့်ဆိုင်း​နေ​သူများ​ဖြစ်သည်။ သူတို့သည် “များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။” (ဆာလံ ၃၇:၁၁ခ) ယခု​ပင်​လျှင် စစ်မှန်သော​ခရစ်ယာန်​အသင်းတော်​နှင့် ပေါင်းသင်း​ရသည့် ဝိညာဉ်​ရေး​ပရဒိသု​တွင် များပြား​သော​ငြိမ်သက်ခြင်း​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရ၏။

၂၁ ကျွန်ုပ်​တို့သည် ဆင်းရဲ​ခက်ခဲ​မှုများ​ကို ယခု​ခံစား​နေရ​သေး​သော်လည်း အချင်းချင်း​ထောက်မ​ကူညီ​၍ စိတ်ဓာတ်ကျ​သူများကို နှစ်သိမ့်​ပေး​ကြသည်။ ရလဒ်​ကား၊ ယေဟောဝါ​၏​လူ​တို့​တွင် စစ်မှန်သော​အတွင်း​ကျေနပ်​ရောင့်ရဲမှု တိုးများ​လာ​ခြင်း​ဖြစ်သည်။ သိုးထိန်း​များ​အဖြစ် ခန့်အပ်​ထားသော ညီအစ်ကို​များသည် ဖြောင့်မတ်ခြင်း​တရား​အတွက်​ခံရ​သော ဆင်းရဲ​ခက်ခဲ​မှု​ကို ခံနိုင်ရည်​ရှိ​ရှိ ခံရပ်​နိုင်​ဖို့ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ​သာမက တစ်ခါတစ်ရံ ကာယရေး​လိုအပ်ရာ​များ​ကို​ပင် မေတ္တာပါ​စွာ​ကူညီပေး​ကြသည်။ (၁ သက်သာလောနိတ် ၂:၇၊ ၁၁; ၁ ပေတရု ၅:၂၊ ၃) ဤ​ငြိမ်သက်မှု​သည် တကယ်​တန်ဖိုး​မ​ဖြတ်​နိုင်သော​ပိုင်ဆိုင်မှု​တစ်ခု​ပါ​တကား! ထို့​ပြင် လက်တစ်ကမ်း​အလို​တွင်​ရှိသည့် အေးဆေး​ငြိမ်သက်​သော ပရဒိသု​တွင် ထာဝရ​အသက်​ရဖို့​လည်း ကျွန်ုပ်​တို့​မျှော်လင့်​နိုင်​ကြ​၏။ သို့​ဖြစ်၍ ယေဟောဝါ​အတွက်​ဇွဲ​ကြောင့် အဆုံးတိုင် တည်ကြည်​စွာ​အမှုဆောင်ရန် လှုံ့ဆော်ပေး​ခံရ​သော သာ၍​ကြီးမြတ်​သည့်​ဒါဝိဒ်​ဖြစ်သူ ယေရှု​ခရစ်​ကို ကျွန်ုပ်​တို့​အတုယူ​ကြပါစို့။ (၁ ပေတရု ၂:၂၁) ဤသို့​ပြုခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် အဆက်မပြတ်​ပျော်ရွှင်​ကြ​ပြီး ကျွန်ုပ်​တို့​မွေ့လျော်​ကြ​ရသည့် ဘုရားသခင် ယေဟောဝါ​ကို ချီးမွမ်း​နိုင်​ကြလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

သင်​ဖြေဆို​နိုင်​သလော

ဆာလံ ၃၇:၁၊ ၂ မှ အဘယ်​သင်ခန်းစာများ ရရှိခဲ့​သနည်း။

• သင်သည် မည်သို့ ‘ယေဟောဝါ​၌​မွေ့လျော်’ နိုင်​သနည်း။

• ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို မှီခို​အားထား​နိုင်​ကြောင်း အဘယ်​အထောက်အထား​ရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ခရစ်ယာန်​များသည် “မတရား​သဖြင့်​ပြုသောသူ​တို့ကို မငြူစူ” ကြ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

‘ယေဟောဝါ​၌​ကိုး​စား၍ ကောင်းမှု​ပြု​လော့’

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

သင်သည် ယေဟောဝါ​အကြောင်း တတ်နိုင်​သလော​က် သင်ယူခြင်း​အားဖြင့် ကိုယ်တော်၌ မွေ့လျော်​ပါ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

“အ​နွံ​အနာခံ​သော​သူတို့မူကား မြေကြီးကို ပိုင်ဆိုင်​ကြလိမ့်မည်”