မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရုပ်မြင်သံကြားအစီအစဉ်တစ်ခုက ဘုရားသခင့်ဘုန်းထင်ရှားစေရန် သူ့ကိုလှုံ့ဆော်ပေးခဲ့

ရုပ်မြင်သံကြားအစီအစဉ်တစ်ခုက ဘုရားသခင့်ဘုန်းထင်ရှားစေရန် သူ့ကိုလှုံ့ဆော်ပေးခဲ့

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​မှတ်တမ်း

ရုပ်မြင်သံကြား​အစီအစဉ်​တစ်ခု​က ဘုရားသခင့်​ဘုန်းထင်ရှား​စေရန် သူ့ကို​လှုံ့ဆော်ပေး​ခဲ့

တမန်​တော်​ပေါလု​က “လူ​အချို့​တို့သည် ငြူစူ​ရန်​တွေ့ချင်​သော​သဘော​နှင့် ခရစ်တော်​၏​တရားကို​ဟောပြောကြ​၏။ အချို့​တို့သည် စေတနာ​စိတ်​နှင့်​ဟောပြောကြ​၏” ဟု​ဆို​ခဲ့​သည်။ (ဖိလိပ္ပိ ၁:၁၅) တစ်ခါတစ်ရံ ယေဟောဝါ​၏​လူမျိုးတော်ကို အသရေ​ဖျက်​ဖို့​ကြိုးစား​သူများ​ပင် မရည်ရွယ်​ဘဲ စိတ်​ရိုး​ဖြောင့်​သူတို့ကို အမှန်တရား​ဘက်​သို့ လှည့်လာ​စေ​ခဲ့​ကြပြီ။

၁၉၉၈၊ နိုဝင်ဘာ​လ​တွင် ပြင်သစ်​နိုင်ငံ၊ လူ​ဗီ​ယာ​ရှိ ယေဟောဝါသက်သေ​များ​၏​ဌာနခွဲ၊ ဗေသလ​အဆောက်အအုံ​ပုံ​များ​ကို ပြင်သစ်​ရုပ်မြင်သံကြား​သတင်း​၌ ဖော်ပြ​ခဲ့​သည်။ တုံ့ပြန်မှု​အမျိုးမျိုး​ရရှိခဲ့​သော်လည်း ထို​အစီအစဉ်သည် မမျှော်လင့်​ဘဲ ကောင်းကျိုး​များ​ဖြစ်ပေါ်​စေ​ခဲ့​သည်။

ဗေသလ​မှ ၃၅ မိုင်​ခန့်အကွာ​တွင် နေထိုင်သူ အယ်နာ​ပေါ်လာ​သည် ထို​အစီအစဉ်ကို​ကြည့်မိ​သည်။ ကလေး​နှစ်ယောက်​မိခင်​ဖြစ်သူ အယ်နာ​ပေါ်လာ​သည် အိမ်ထောင်​ကွာရှင်း​ထား​သူ​ဖြစ်​ပြီး အလုပ်ရှာ​နေ​၏။ ထို့​ကြောင့် နောက်​တစ်နေ့​မနက်​တွင် အလုပ်အကိုင်​စုံစမ်း​မေးမြန်း​ရန် ဗေသလ​သို့​ဖုန်း​ဆက်​လေ​သည်။ “တကယ်​ကောင်းမွန်​တဲ့​နေရာ​ဖြစ်​ပြီး အဲဒီ​က​အလုပ်​က​လည်း အကျိုးပြုတဲ့​လုပ်ငန်း​ဖြစ်တယ်​လို့ ကျွန်မ​ထင်​မိတယ်” ဟု​သူ​ပြောပြ​သည်။ ဗေသလ​၌​အမှုထမ်း​နေသူတို့​သည် မိမိတို့​အချိန်ကို စေတနာအလျောက် ပေးဆက်​ကြသော ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များ​ဖြစ်​ကြောင်း​သိလိုက်ရ​၍ သူ​အလွန်​အံ့အားသင့်​ခဲ့​ရသည်! ယေဟောဝါသက်သေ​များ​၏ လုပ်ဆောင်မှုများ​အကြောင်း အကျဉ်းချုပ်​ဆွေးနွေး​ပြီး​နောက် သူ့​အိမ်​သို့ သက်သေခံ​တစ်ဦး​လာ​လည်ပတ်​ဖို့ သူ​သဘောတူ​လက်ခံ​လိုက်​သည်။

အယ်နာ​ပေါ်လာ​အိမ်​သို့ ဒေသခံ​အသင်းတော်​မှ အချိန်ပြည့်​ဓမ္မ​အမှုဆောင်​တစ်ဦး​ဖြစ်သူ လေ​နာ​ရောက်သွား​သောအခါ အတန်ကြာ​စကား​လက်ဆုံ​ပြောဆို​ကြ​ပြီး​နောက် ထာဝရ​အသက်​ရစေသော အသိပညာ *စာအုပ်​ကို သူ​လက်ခံခဲ့သည်။ နောက်​တစ်ကြိမ်​ပြန်လည်ပတ်​ချိန်​တွင် အယ်နာ​ပေါ်လာ​သည် ထို​စာအုပ်​တစ်အုပ်လုံး​ကို ဖတ်​ပြီးပြီ​ဖြစ်၍ မေးခွန်း​များစွာ​ရှိ၏။ ကျမ်းစာ​သင်အံမှု​ကို သူ​ချက်ချင်း​လက်ခံ​လိုက်​သည်။ “ကျွန်မ​အတွက်​ဆိုရင် ဒါဟာ ကျမ်းစာ​ကို​သဘောပေါက်​နားလည်​ဖို့ အခွင့်အရေး​ပဲ။ ကျမ်းစာ​ကို ကျွန်မ​တစ်ခါ​မှ လက်ထဲမှာ​မကိုင်​ခဲ့​ဖူး​ဘူး” ဟု အယ်နာ​ပေါ်လာ ပြောပြ​သည်။

ဇန်နဝါရီ​လ​တွင် ဗေသလ​သို့ အယ်နာ​ပေါ်လာ သွားရောက်​လည်ပတ်​ပြီး နောက်​အပတ်​တွင် ခရစ်ယာန်​အစည်းအဝေး​ကို ပထမဦးဆုံး​အကြိမ်​စတက်​ခဲ့​သည်။ နောက်​များ​မကြာမီ သူ၏​ကလေး​များ​ကို ကျမ်းစာ​သင်ပေး​ပြီး မိတ်ဆွေများ​ကို သက်သေခံ​စ​ပြု​လေ​သည်။ သူက “သင်ယူ​သိရှိလာတဲ့​အကြောင်း​တွေ​ကို ကျွန်မ မပြောပြ​ဘဲ​မနေနိုင်​ခဲ့​ဘူး။ လူတွေကို ကျမ်းစာ​အမှန်တရား သိစေချင်တယ်၊ သူတို့ကို​နှစ်သိမ့်​ပေး​ချင်​တယ်” ဟု​ပြောပြ​သည်။ ကိုယ်ရေးကိုယ်တာ​ပြဿနာ​အချို့​ကို ကျော်လွှား​ရန် အပြင်းအထန်​ကြိုးပမ်း​ပြီး​နောက် အယ်နာ​ပေါ်လာ​သည် အစည်းအဝေး​များ​ကို မှန်မှန်​တက်​တော့​သည်။ အလျင်အမြန်​တိုးတက်လာ​ပြီး ၂၀၀၂၊ မေလ ၅ ရက်​တွင် သူ​နှစ်ခြင်း​ခံ​ခဲ့​သည်။

ထို့​အပြင် အယ်နာ​ပေါ်လာ​၏​ပုံသက်သေ​ကောင်း​နှင့် ထက်သန်​စွာ​ဟောပြောခြင်း​ကြောင့် သူ၏​မိခင်လည်း ကျမ်းစာ​စလေ့လာ​ခဲ့​ရာ မကြာသေးမီ​က နှစ်ခြင်း​ခံ​ခဲ့​သည်။ အယ်နာ​ပေါ်လာ ဤသို့​ပြောပြ​သည်– “ကျွန်မ​ဘယ်လောက်​ဝမ်းသာတယ်​ဆိုတာ​ကို မပြောပြ​တတ်​အောင်​ပဲ။ ယေဟောဝါ​ကို​သိရှိ​လာပြီး ကိုယ်တော့်​ကို​ဝတ်ပြုခွင့်​ရတဲ့​အတွက်၊ ကိုယ်တော်​ပေးသနား​တဲ့ ဆုကျေးဇူး​အားလုံး​အတွက် နေ့တိုင်း​ကျေးဇူး​တင်​မိ​ပါ​တယ်။”

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

အထက်​ပုံ– အယ်နာ​ပေါ်လာ

အောက်​ပုံ– ပြင်သစ် ဌာနခွဲရုံး​ဝင်ပေါက်