မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု၏မိသားစုသူတို့ကား မည်သူတို့နည်း

ယေရှု၏မိသားစုသူတို့ကား မည်သူတို့နည်း

ယေရှု၏​မိသားစု​သူတို့​ကား မည်သူ​တို့​နည်း

ကမ္ဘာ့​ဒေသ​များစွာ​တွင် ဒီဇင်ဘာ​လ​အတွင်း နို့စို့​သူငယ်​ယေရှု​အား မိခင်​မာရိနှင့် မွေးစား​ဖခင်​ယောသပ်တို့ ပိုက်ပွေ့​ယုယ​နေသည့်​မြင်ကွင်း​များ​ကို သင်​တွေ့​ရလေ့​ရှိသည်။ ဤသို့​သော​မိသားစု​မြင်ကွင်း​များသည် ခရစ်ယာန်​မဟုတ်​သူများ​၏​အာရုံ​ကို​ပင် ဖမ်းစား​ပေမည်။ အဆိုပါ​မြင်ကွင်း​များသည် ယေရှုကို အလေးပေး​ဖော်ပြ​ထားသော​ကြောင့် သမ္မာကျမ်းစာ​က ယေရှု၏ လူ့​မိသားစု​အကြောင်း အဘယ်အရာ​ဆို​သနည်း။

ယေရှု၏​မိသားစု​နောက်ခံ​သည် အလွန်​စိတ်ဝင်စားစရာ​ကောင်း​၏။ မာရိ​အမည်​ရှိ အပျိုစင်​တစ်ဦး​က ကိုယ်တော့်​ကို မွေးဖွား​ခဲ့​ရာ ကိုယ်တော်​သည် လူ့​မိသားစုဝင်​တစ်ဦး​ဖြစ်လာ​လေ​၏။ သမ္မာကျမ်းစာ​အရ၊ ကိုယ်တော်​၏​အသက်တာကို သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ကောင်းကင်​မှ မာရိ​၏​သား​အိမ်ထဲ​သို့ ပြောင်းရွှေ့​ပေး​ခဲ့​သည်။ (လုကာ ၁:၃၀-၃၅) ယေရှုကို အံ့ဖွယ်​နည်းဖြင့် ပဋိသန္ဓေ​စွဲ​မည်​ဟု မကြေညာမီ မာရိသည် ယေရှု၏​မွေးစား​ဖခင်​ဖြစ်လာ​မည့် ယောသပ်​နှင့် စေ့စပ်​ကြောင်း​လမ်း​ပြီး​ဖြစ်သည်။

ယေရှုကို​မွေးဖွားပြီး​နောက် ယောသပ်​နှင့်​မာရိသည် နောက်ထပ်​ကလေး​များ​မွေးဖွား​ခဲ့​သည်၊ သူတို့သည် ယေရှု၏ မိတူဖကွဲ​မောင်နှမ​များ​ဖြစ်​ကြသည်။ နောက်ပိုင်း​တွင် ယေရှု​အကြောင်း နာဇရက်​မြို့သား​များ​မေးခဲ့​သော ဤ​မေးခွန်း​က ထိုသို့​ဖြစ်​ကြောင်း ပေါ်လွင်​စေ​ခဲ့​သည်– “သူသည် လက်သမား​သား​မဟုတ်ပေ​လော။ သူ့​အမိ​ကား မာရိ​အမည်​ရှိသည်​မဟုတ်လော။ သူ့​ညီ​ကား ယာကုပ်၊ ယော​သေ၊ ရှိမုန်၊ ယုဒ​ဟု ဆို​ကြသည်​မဟုတ်လော။ သူ့​နှမ​များ​တို့သည် ငါ​တို့​နှင့် အနီးအပါး​နေကြ​သည်မဟုတ်​လော။” (မဿဲ ၁:၂၅; ၁၃:၅၅၊ ၅၆; မာကု ၆:၃) ယေရှု၏​မိသားစု​ရင်း​ချာ​တွင် ကိုယ်တော်​၏​မိဘများ၊ ညီ​ငယ်​လေးဦးနှင့် အနည်းဆုံး ညီမငယ်​နှစ်ဦး​ရှိကြောင်း အဆိုပါ​မေးခွန်း​မှ ကျွန်ုပ်​တို့ ကောက်ချက်​ချ​နိုင်၏။

သို့ရာတွင် ယနေ့ လူ​အချို့​က ယေရှု၏​မောင်နှမ​များသည် ယောသပ်​နှင့်​မာရိ​၏ သားသမီး​များ​ဖြစ်သည်​ကို မယုံကြ​ချေ။ အဘယ်ကြောင့်​နည်း။ “မာရိသည် တစ်သက်လုံး အပျိုစင်​ဖြစ်​ခဲ့​သည်​ဟု အစောပိုင်း​ချာ့ခ်ျ​က သွန်သင်​ပေး​ခဲ့​သည်။ ယင်းကြောင့် မာရိ​တွင် နောက်ထပ်​သားသမီး​များ မရှိခဲ့​ကြောင်း စိတ်ချ​နိုင်​သည်” ဟု​ကက်သလစ်​စွယ်စုံ​ကျမ်း​သစ်​က ဆို​၏။ “ညီ​များ” နှင့် “နှမ​များ” ဟူ​သည့်​စကား​သည် “ဘာသာ​တရား​တစ်ခု​တွင် ပါဝင်သူ​များ သို့​မဟုတ် အခြား​ရင်းနှီး​သူများ” သို့​မဟုတ် ဆွေမျိုး​များ၊ ဝမ်းကွဲ​မောင်နှမ​များ​ဖြစ်​ကောင်း​ဖြစ်​နိုင်​သည်​ဟု ထို​အကိုးအကား​စာအုပ်​က​ပင်​ဆို​၏။

၎င်း​သည် အမှန်ပင်​လော။ ကက်သလစ်​ကျမ်း​ပညာရှင်​တချို့က​ပင် မိရိုးဖလာ​အယူဝါဒ​ကို ငြင်းပယ်​ပြီး ယေရှု​တွင် မောင်နှမ​ရင်း​ချာ​များ​ရှိသည့်​အချက်​ကို ထောက်ပြ​ကြသည်။ အမေရိကန်​ကက်သလစ်​ကျမ်းစာ​အဖွဲ့အစည်း​၏ ဥက္ကဋ္ဌ​ဟောင်း ဂျွန် ပီ. မိုင်​ယာ​ရ်​က ဤသို့​ရေးသားခဲ့​သည်– “ဓမ္မသစ်​ကျမ်း​တွင် အ​ဒယ်​လ်​ဖော်​စ် [ညီအစ်ကို] ကို ပုံဆောင်​သဘော၊ သို့​မဟုတ် တင်စား​မှု​အဖြစ်​သာ အသုံးပြုခြင်း​မဟုတ်သည့်​အခါ ပကတိ သို့​မဟုတ် တရားဝင်​ဆွေမျိုး​တော်စပ်​မှု​ကို သတ်မှတ်​ရန် ညီအစ်ကို​ရင်း​ချာ သို့​မဟုတ် မိတူဖကွဲ​ညီအစ်ကို,ကို​သာ ဆိုလို​သည်။” * မှန်ပါသည်၊ ယေရှု​တွင် ယောသပ်​နှင့်​မာရိ​မွေးဖွား​ခဲ့​သည့် မောင်နှမ​များ​ရှိသည်​ဟု သမ္မာကျမ်းစာ​က ဖော်ပြ​၏။

ခရစ်ဝင်​ကျမ်း​များသည် ယေရှု၏​တခြား​ဆွေမျိုး​များ​ကို ဖော်ပြ​ထား​သော်လည်း ယခု ယေရှု၏​မိသားစု​ရင်း​ချာ​ကို အာရုံစိုက်​ပြီး သူတို့​ထံ​မှ အဘယ်​သင်ခန်းစာ​ရနိုင်​ကြောင်း ကြည့်​ကြ​စို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ဂျေ. ပီ. မိုင်​ယာ​ရ်​ရေးသားခဲ့​သော “ယေရှု၏​မောင်နှမ​များနှင့်​ပတ်သက်​၍ ဂိုဏ်း​ပေါင်း​စုံ​၏​အမြင်၊” သုံးလ​တစ်ကြိမ်​ထုတ် ကက်သလစ်​ကျမ်းစာ၊ ဇန်နဝါရီ ၁၉၉၂၊ စာမျက်နှာ ၂၁။