မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု၏လူ့မိသားစုမှ သင်ယူခြင်း

ယေရှု၏လူ့မိသားစုမှ သင်ယူခြင်း

ယေရှု၏​လူ့​မိသားစု​မှ သင်ယူခြင်း

ယေရှု​နှစ်ခြင်း​မခံ​မီ မြေကြီး​အသက်တာ​၏ ဦးဆုံး​အနှစ် ၃၀ အထိ အတူ​နေထိုင်ခဲ့​သော ကိုယ်တော်​၏​လူ့​မိသားစု​အကြောင်း သင်,အဘယ်အရာ​သိရှိ​သနည်း။ ခရစ်ဝင်​ကျမ်း​များ​က အဘယ်အရာ​ဖော်ပြ​သနည်း။ ကိုယ်တော်​၏​မိသားစု​အကြောင်းကို ဆန်းစစ်​လေ့လာ​ကြည့်​ခြင်း​မှ အဘယ်အရာ​သိရှိ​ရသနည်း။ အဖြေ​များ​မှ သင်​အကျိုး​ရယူ​နိုင်​ပါ​သည်။

ယေရှုသည် ရွှေ​လင်ပန်း​နှင့် အချင်း​ဆေး​၍ မွေးဖွား​လာ​သလော။ ကိုယ်တော်​၏​မွေးစား​ဖခင် ယောသပ်​သည် လက်သမား​တစ်ဦး​ဖြစ်၏။ ၎င်း​သည် သစ်သား​ရဖို့ တစ်ခါတစ်ရံ သစ်ပင်​များ​ကို ခုတ်လှဲ​ရသည့် အားအင်​စိုက်ထုတ်​ဖို့​လို​သော ကာယ​အလုပ်​ဖြစ်၏။ ယေရှု​မွေးဖွားပြီး​နောက် ရက် ၄၀ ခန့်​တွင် ကိုယ်တော်​၏​မိဘများသည် ယေရုရှလင်​မြို့​သို့​သွား​၍ ပညတ်တရား​အတိုင်း ယဇ်​ပူဇော်​ခဲ့​ကြသည်။ ပညတ်​ထား​သည့်​အတိုင်း ချိုးကလေး​တစ်ကောင် သို့​မဟုတ် ခို​တစ်ကောင်​နှင့်အတူ သိုး​တစ်ကောင်​ကို သူတို့​ပူဇော်​ခဲ့​သလော။ မ​ပူဇော်​ခဲ့​ပါ။ ဤသို့​သော​ယဇ်များ​ကို သူတို့​တတ်နိုင်​ပုံ​မရချေ။ သို့​တိုင် ဆင်းရဲသား​များ​အတွက် အခြား​ပညတ်​အစီအစဉ်​တစ်ခု​ရှိ၏။ ၎င်း​အစီအစဉ်​အတိုင်း ယောသပ်​နှင့်​မာရိ​တို့သည် ‘ခို​နှစ်ကောင် သို့​မဟုတ် ချိုးကလေး​နှစ်ကောင်’ ကို​ပူဇော်​ခဲ့​ကြသည်။ တန်ဖိုး​နည်းသော​တိရစ္ဆာန်​များ​ကို ရွေးချယ်​ပူဇော်​ခဲ့​ကြ​ခြင်း​က သူတို့​မိသားစု​သည် ဆင်းရဲ​ကြောင်း ဖော်ပြ​၏။—လုကာ ၂:၂၂-၂၄; ဝတ်ပြုရာ ၁၂:၆၊ ၈

လူသား​အပေါင်း​ကို​အုပ်ချုပ်​မည့် အနာဂတ် ရှင်ဘုရင်​ယေရှု​ခရစ်​သည် အထက်တန်းလွှာ​မဟုတ်သော စား​ဝတ်​နေ​ရေး​အတွက် ရုန်းကန်​နေ​သူများ​ကြား​တွင် မွေးဖွား​ခဲ့​သည်ကို သင်​တွေ့မြင်​နိုင်၏။ ကိုယ်တော်​သည် မွေးစား​ဖခင်​ကဲ့သို့​ပင် လက်သမား​ဘဝဖြင့် ကြီးပြင်း​လာ​ခဲ့​၏။ (မဿဲ ၁၃:၅၅; မာကု ၆:၃) ကောင်းကင်​တွင် တန်ခိုး​ကြီး​ဝိညာဉ်​သား​တစ်ပါး​အဖြစ် “ယေရှုသည် စည်းစိမ်​ရှိသော်လည်း” ကျွန်ုပ်​တို့အတွက် “ဆင်းရဲခြင်း​ကို​ခံ​တော်​မူ” ၏​ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ ကိုယ်တော်​သည် နိမ့်ကျသော​လူသား​တစ်ဦး​အဆင့်​ကို​ခံယူ​ကာ သာမန်​လူ့​မိသားစု​မှ ကြီးပြင်း​လာ​ခဲ့​သည်။ (၂ ကောရိန္သု ၈:၉; ဖိလိပ္ပိ ၂:၅-၉; ဟေဗြဲ ၂:၉) ယေရှုသည် လူကုံထံ​မိသားစု​မှ မွေးဖွား​လာ​ခြင်း​မဟုတ်သည့်​အတွက် မိမိတို့​နှင့်​တန်းတူ​ဖြစ်သည်ဟု လူ​အချို့​ကို ခံစား​ရစေ​သဖြင့် ကိုယ်တော်​၏​ဂုဏ်ဒြပ်၊ အဆင့်အတန်း​က သူတို့၏​အာရုံ​ကို မထွေပြား​စေ​ခဲ့​ပါ။ ကိုယ်တော်​၏​သွန်သင်ချက်​များ၊ နှစ်လိုဖွယ်​အရည်အသွေးများနှင့် အံ့ဖွယ်​လုပ်ရပ်များ​ကို သူတို့​လေးမြတ်​တန်ဖိုး​ထား​နိုင်​ခဲ့​ကြသည်။ (မဿဲ ၇:၂၈၊ ၂၉; ၉:၁၉-၃၃; ၁၁:၂၈၊ ၂၉) ယေရှု​အား သာမန်​မိသားစု​မှ မွေးဖွား​လာ​စေသည့် ယေဟောဝါ​ဘုရားသခင်​၏ ဉာဏ်ပညာ​တော်​ကို ကျွန်ုပ်​တို့​သဘောပေါက်​နိုင်၏။

ယခု ယေရှု၏​အိမ်သား​များ​အကြောင်း သုံးသပ်​ပြီး သူတို့​ထံ​မှ အဘယ်​သင်ခန်းစာ​ရနိုင်​ကြောင်း ကြည့်​ကြ​စို့။

ယောသပ်—ဖြောင့်မတ်​သူ​တစ်ဦး

မိမိ​နှင့်​စေ့စပ်​ထား​သူက “မဆက်ဆံ​မီ​တွင်” ပဋိသန္ဓေ​စွဲ​နေကြောင်း ယောသပ်​သိရှိ​သည့်​အခါ မာရိ​ကို​ချစ်​သည့်​မေတ္တာ​နှင့် အကျင့်ပျက်​ပြား​ပုံ​ရ​မှု​ကို စက်ဆုပ်​ရွံရှာ​မှု​စပ်ကြား လွန်ဆွဲ​နေ​ပေမည်။ အခြေအနေ​တစ်ရပ်လုံး​က ခင်ပွန်း​လောင်း​အနေ​ဖြင့် သူ၏​ပိုင်ဆိုင်ခွင့်​ကို ချိုးဖောက်​လိုက်​ပုံ​ရ၏။ သူ့​ခေတ်​သူ့​အချိန်​က စေ့စပ်​ထားသော​အမျိုးသမီး​တစ်ဦး​ကို ဇနီး​တစ်ဦး​အဖြစ် ယူမှတ်​ကြသည်။ ယောသပ်​သည် စဉ်းစား​ချင့်ချိန်​ပြီး​နောက် မာရိ​ကို သူ့​သား​အိမ်ရာ​ပြစ်မှားသူ​အဖြစ် ခဲ​နှင့်​ပေါက်သတ်​မခံရ​စေရန် တိတ်တဆိတ်​ကွာရှင်း​ဖို့ ဆုံးဖြတ်​ခဲ့​သည်။—မဿဲ ၁:၁၈; တရားဟောရာ ၂၂:၂၃၊ ၂၄

ထို​အခါ ကောင်းကင်တမန်​တစ်ပါး​သည် ယောသပ်​၏​အိပ်မက်​တွင် ထင်ရှား​လာပြီး “သင်၏​ခင်ပွန်း​မာရိ​ကို ထိန်းသိမ်း​ရမည့်​အခွင့်​ကို မစိုးရိမ်​နှင့်။ ဤ​ပဋိသန္ဓေ​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကြောင့်​ဖြစ်၏။ သား​ယောက်ျား​ကို ဖွားမြင်​လိမ့်​မည်။ ထို​သား​သည် မိမိလူ​တို့ကို အပြစ်​မှ​ကယ်​ချွတ်​မည့်​သူ​ဖြစ်သော​ကြောင့် ယေရှု​ဟူသော​အမည်​ဖြင့် မှည့်​ရမည်” ဟု​ဆို​၏။ ဘုရားသခင်​ထံ​တော်​မှ ထို​ညွှန်ကြားချက်​ကို ယောသပ်​ရရှိ​သည့်​အခါ ညွှန်ကြားချက်​အတိုင်း လုပ်ဆောင်​၍ မာရိ​ကို အိမ်​သို့​ခေါ်ဆောင်​သွား​လေ​၏။—မဿဲ ၁:၂၀-၂၄

ဤသို့​ဆုံးဖြတ်​ပြုမူ​ခဲ့​သောကြောင့် ဖြောင့်မတ်​ပြီး သစ္စာ​ရှိသော​ထို​သူသည် ပရောဖက်​ဟေရှာယ​အားဖြင့် ယေဟောဝါ​က “ကြည့်ရှု​လော့။ သတို့သမီး​ကညာ​သည် ပဋိသန္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွားမြင်​လတ္တံ့။ ထို​သားကို ဧ​မာ​နွေ​လ​အမည်​ဖြင့် မှည့်​ရ​လတ္တံ့” ဟူ၍​မိန့်ဆိုချက် ပြည့်စုံမှု​တွင် ပါဝင်ခွင့်​ရလေ​သည်။ (ဟေရှာယ ၇:၁၄) မာရိ​၏​သားဦး​သည် မိမိ၏​သားရင်း​ဖြစ်​မည်​မဟုတ်သော်လည်း မေရှိယ​၏​မွေးစား​ဖခင်​ဖြစ်ခွင့်​ရခြင်း​ကို ယောသပ်​တန်ဖိုး​ထား​လေးမြတ်​ခဲ့​သည့် ဝိညာဉ်​ရေး​စိတ်ထား​ရှိသူ​တစ်ဦး​ဖြစ်သည်။

သားဦး​ကို မာရိ​မ​ဖွားမီ​တိုင်အောင် သံဝါသပြု​ခြင်း​ကို ယောသပ် ရှောင်ကြဉ်​ခဲ့​၏။ (မဿဲ ၁:၂၅) ယခု​မှ လက်ထပ်ပြီးခါစ​ဇနီး​မောင်နှံ​အတွက် ထိုသို့​ရှောင်ကြဉ်​ရခြင်း​သည် ခက်ခဲ​မည်​ဖြစ်သော်လည်း သူတို့သည် ကလေး​၏​ဖခင် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အထင်လွဲ​မှား မခံလို​ခဲ့​ကြ​ချေ။ ချီးကျူး​စ​ရာ​ကောင်းသော ချုပ်တည်း​မှု ပုံသက်သေ​ပါ​တကား! ယောသပ်​သည် မိမိ၏​လိုအင်ဆန္ဒ​များ​ထက် ဝိညာဉ်​ရေးရာ​ကို တန်ဖိုး​ထားခဲ့​သည်။

မိမိ​မွေးစား​သားကို မွေးမြူ​ပြုစု​ခြင်း​နှင့်​ပတ်သက်​၍ ကောင်းကင်တမန်​၏ ညွှန်ကြားချက်​ကို လေး​ကြိမ်​တိုင် ယောသပ်​ရရှိခဲ့သည်။ ၎င်း​တို့​အနက် သုံးကြိမ်​တွင် ကလေး​ကို အဘယ်​နေရာ၌ မွေးမြူ​ရမည်​အကြောင်း မှာကြား​ခဲ့​၏။ ကလေး​အသက်ရှင်ရေး​အတွက် ချက်ချင်း​နာခံ​ပြုလုပ်​ဖို့ အရေးကြီး​၏။ ယောသပ်​သည် ထို​ဖြစ်ရပ်​အားလုံး​တွင် မဆိုင်းမတွ​လုပ်ဆောင်ခဲ့​သည်၊ သူငယ်​ကို ဦးဆုံး အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​၏၊ ထို့နောက် ဣသရေလ​ပြည်​သို့ ပြန်​ခေါ်လာ​၏။ ဤသို့​ပြုလုပ်​ခဲ့​သောကြောင့် ကလေးငယ်​များ​ကို ဟေရုဒ်​မင်းကြီး သိမ်း​ရုံး​သတ်ဖြတ်​ခဲ့​ချိန်​တွင် သူငယ်​ယေရှု လွတ်မြောက်​ခဲ့​သည်။ ထို့​ပြင် ယောသပ်​၏​နာခံမှု​ကြောင့် မေရှိယ​နှင့်​ပတ်သက်သော ပရောဖက်ပြုချက်​များ ပြည့်စုံ​လာ​ခဲ့​လေ​သည်။—မဿဲ ၂:၁၃-၂၃

ယေရှုသည် ကိုယ့်​ကိုယ်ကို​ထောက်ပံ့​နိုင်​ရန် သူ့​အား ယောသပ်​သည် အသက်မွေး​လုပ်ငန်း​တစ်ခု​ကို သင်ပေးခဲ့​သည်။ ထို့​ကြောင့် ယေရှုကို “လက်သမား​သား” အဖြစ်​သာမက “လက်သမား” ဟူ၍လည်း လူသိ​များ​ခဲ့​ကြသည်။ (မဿဲ ၁၃:၅၅; မာကု ၆:၃) ယေရှုသည် “ငါ​တို့​ခံရ​သည်​နည်းတူ အမျိုးမျိုးသော​စုံစမ်း​နှောင့်ယှက်ခြင်း​တို့ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ​၏” ဟု​တမန်​တော်​ပေါလု ရေးသားခဲ့​သည်။ ယင်း​တွင် မိသားစုကို​ထောက်ပံ့​ရန် အလုပ်​ကြိုးစား​ခြင်း ပါဝင်​ပေမည်။—ဟေဗြဲ ၄:၁၅

ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​တွင် ယောသပ်​အကြောင်း နောက်ဆုံး ဖော်ပြချက်​၌ စစ်မှန်သော​ဝတ်ပြုရေးကို သူ​မည်မျှ​ဆည်းကပ်​ခဲ့​ကြောင်း တွေ့မြင်​ရ၏။ ယောသပ်​သည် ပသခါပွဲ​တက်ရောက်​ရန် သူ၏​မိသားစုကို ယေရုရှလင်​မြို့​သို့ ခေါ်ဆောင်​သွားခဲ့သည်။ အမျိုးသားများ​သာ တက်ရောက်​ရမည်​ဖြစ်သော်လည်း ယောသပ်​သည် မိသားစုကို ယေရုရှလင်​မြို့​သို့ “နှစ်​တိုင်း​အစဉ်” ခေါ်သွား​သည့် အလေ့အထ ပြုလုပ်​ခဲ့​၏။ သူတို့သည် နာဇရက်​မြို့မှ ယေရုရှလင်​မြို့​သို့ ၆၅ မိုင်​ခန့် လမ်းလျှောက်သွား​ရသည့်​အတွက် အကြီးအကျယ် ကိုယ်ကျိုး​စွန့်ခဲ့​ကြ​ရ​ပေမည်။ သို့သော် သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​သည့် ထို​အဖြစ်အပျက်​တွင် ယေရှုသည် အုပ်စု​ကွဲ​ကျန်ရစ်​ခဲ့​သည်။ နောက်ဆုံး ပြန်တွေ့​သည့်​အခါ ကိုယ်တော်​သည် ဝတ်ပြုရာ​အိမ်တော်တွင် ပညတ်တရား​သွန်သင်ပေး​သူများ​နှင့် ဆွေးနွေး​မေးမြန်း​လျက်​ရှိ၏။ ယေရှု၏​အသက် ၁၂ နှစ်​သာ​ရှိသေး​သော်လည်း မဟာ​ဉာဏ်ပညာ​ရှိပြီး ကျမ်းစာ​အသိပညာ​ကြွယ်ဝ​ကြောင်း ထင်ရှား​သည်။ မိဘများသည် ယေရှုကို ဝိညာဉ်​ရေး​စိတ်ထား​ရှိသော သား​ယောက်ျားလေး​ဖြစ်လာ​စေရန် ပြုစု​ပျိုးထောင်​ပေး​ပြီး ကောင်းစွာ​သွန်သင်​ပေး​ခဲ့​ကြောင်း ဤ​အဖြစ်အပျက်​မှ ကျွန်ုပ်​တို့​သိရှိ​ရ၏။ (လုကာ ၂:၄၁-၅၀) ၎င်းနောက် မကြာမီ​ပင် ယောသပ်​ကွယ်လွန်​သွားခဲ့​ပုံ​ရသည်၊ အကြောင်း​မှာ ကျမ်းစာ​ပါ နောက်ပိုင်း​မှတ်တမ်းများတွင် ယောသပ်​အကြောင်း မဖော်​ပြ​ထား​တော့​ချေ။

မှန်​ပါ​၏၊ ယောသပ်​သည် မိသားစု​၏​ဝိညာဉ်​ရေး​နှင့် ကာယရေး​နှစ်တန်စလုံး​ကို ကောင်းစွာ​ဂရုစိုက်​ပေး​ခဲ့​သည့် ဖြောင့်မတ်​သော​သူ​ဖြစ်၏။ ယနေ့ ဘုရားသခင်​၏​အလိုတော် အဘယ်အရာ​ဖြစ်သည်​ကို ပိုင်းခြား​သိမြင်​လာသော​အခါ ယောသပ်​နည်းတူ သင့်​ဘဝ​အသက်တာတွင် ဝိညာဉ်​ရေး​အကျိုး​စီးပွား​ကို ရှေးဦး​ထား​ပါသလော။ (၁ တိမောသေ ၂:၄၊ ၅) သင်သည် ယောသပ်​ကဲ့သို့ လက်အောက်ခံမှု​ပြ​ကာ ကျမ်းစာ​တွင် ဖော်ပြ​ထား​သည့် ဘုရားသခင်​၏​မိန့်မှာချက်​များ​ကို စိတ်လို​ကိုယ်​လျောက် နာခံ​သလော။ အခြား​သူများ​နှင့် ဝိညာဉ်​ရေးရာ​များ​ကို အဓိပ္ပာယ်ရှိရှိ ပြောဆို​ဆွေးနွေး​နိုင်​ရန် သင်၏​သားသမီး​များ​ကို သင်ပေး​သလော။

မာရိ—ကိုယ်ကျိုး​စွန့်  ဘုရားသခင့်​ကျေးကျွန်​တစ်ဦး

ယေရှု၏​မိခင် မာရိသည် ဘုရားသခင့်​ကျေးကျွန်​ကောင်း တစ်ဦး​ဖြစ်၏။ ကောင်းကင်တမန်​ဂါဗြေလ​က ကလေး​မွေးဖွား​မည်​ဟု အသိပေး​သောအခါ မာရိ အလွန်​အံ့အားသင့်​ခဲ့​သည်။ သူသည် အပျိုစင်​ဖြစ်​သဖြင့် “ယောက်ျား​နှင့်​မဆက်ဆံ” ခဲ့​ဖူး​ချေ။ သို့သော် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ကလေး​မွေး​ရမည်ဟု သိလာ​သောအခါ ထို​အမိန့်တော်ကို နှိမ့်ချစွာ​လက်ခံ​ပြီး ‘အကျွန်ုပ်သည် ထာဝရ​ဘုရားသခင်​၏​ကျွန်မ​ဖြစ်ပါ​၏။ ကိုယ်တော်​၏​စကား​အတိုင်း အကျွန်ုပ်​၌​ဖြစ်ပါစေ​သော’ ဟု​ဆို​၏။ (လုကာ ၁:၃၀-၃၈) ထို​ဝိညာဉ်​ရေး​အခွင့်ထူး​ကို အလွန်​တန်ဖိုး​ထား​သဖြင့် သူ၏​ဆုံးဖြတ်ချက်​ကြောင့် ဖြစ်ပေါ်​လာ​မည့် မည်သည့်​အခက်အခဲ​ကို​မဆို ခံယူ​ဖို့ အသင့်​ရှိခဲ့​သည်။

ဤ​တာဝန်​ကို သူ​လက်ခံ​လိုက်ခြင်း​ကြောင့် အမျိုးသမီး​တစ်ဦး​အဖြစ် သူ၏​ဘဝ​တစ်ခုလုံး ပြောင်းလဲ​သွားလေသည်။ စင်ကြယ်​စေခြင်း​အတွက် ယေရုရှလင်​မြို့​သို့ မာရိ​သွားသော​အခါ ရှု​မောင်​အမည်​ရှိ တရားကို​ရိုသေ​သော အသက်ကြီးသူ​တစ်ဦး​က “သန်လျက်​သည် သင်၏​စိတ်နှလုံး​ကို ခွင်း​လိမ့်​မည်” ဟု​သူ့ကို​ပြော​ခဲ့​သည်။ (လုကာ ၂:၂၅-၃၅) လူအများ​က ယေရှုကို​ငြင်းပယ်​ပြီး နောက်ဆုံး ညှဉ်းဆဲ​ရာ​သစ်တိုင်​တွင် သံ​နှင့်​ရိုက်ခြင်း​ကို တွေ့မြင်​ရသည့်​အခါ မာရိ​မည်သို့​ခံစားရ​မည်​ကို သူ​ရည်ညွှန်း​နေခြင်း​ဖြစ်​ကြောင်း ထင်ရှား​၏။

ယေရှု တဖြည်းဖြည်း​ကြီးပြင်း​လာစဉ် မာရိသည် ကိုယ်တော်​၏​အသက်တာတွင် ဖြစ်ပျက်​ခဲ့​ရာ​များ​ကို စိတ်ထဲ​မှတ်ထားပြီး “စဉ်းစား​ဆင်ခြင်​လျက်​နေ​၏။” (လုကာ ၂:၁၉၊ ၅၁) သူသည် ယောသပ်​နည်းတူ ဝိညာဉ်​ရေး​စိတ်ထား​ရှိသူ​ဖြစ်​ပြီး ပရောဖက်ပြုချက်​များ​ကို ပြည့်စုံ​စေသည့်​အဖြစ်အပျက်​များနှင့် မိန့်ဆိုချက်​များ​ကို စိတ်ထဲ​မှတ်သား​ထားခဲ့​သည်။ မာရိသည် ကောင်းကင်တမန်​ဂါဗြေလ​၏ ဤ​စကား​ကို စွဲမှတ်​ထားခဲ့​ပေမည်– ‘ထို​သား​သည်​ကား ကြီးမြတ်သော​သူ​ဖြစ်​လိမ့်​မည်။ အမြင့်ဆုံး​သော​ဘုရားသခင်​၏​သားတော်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို​ခံရ​လိမ့်​မည်။ သူ့​အဘ ဒါဝိဒ်​၏​ရာဇ​ပလ္လင်​ကို ထာဝရ​အရှင်​ဘုရားသခင်​သည် သူ့​အားပေး​တော်​မူ​မည်။ ထို​သူသည်​လည်း ယာကုပ်​အမျိုးအနွယ်​ကို အစဉ်မပြတ်​အုပ်စိုး​လိမ့်​မည်။ သူ၏​နိုင်ငံ​သည်လည်း ဆုံး​ခြင်း​မရှိ​ရ။’ (လုကာ ၁:၃၂၊ ၃၃) မာရိသည် မေရှိယ​၏​လူသား​မိခင်​ဖြစ်ခွင့်​ရခြင်း​ကို အလေးအနက်​တန်ဖိုး​ထားခဲ့​၏။

အံ့ဖွယ်​နည်းဖြင့် ပဋိသန္ဓေ​စွဲ​ခဲ့​သည့် ဆွေမျိုး​တော်စပ်​သူ ဧလိရှဗက်​နှင့် တွေ့ဆုံ​ခဲ့​ချိန်​၌​လည်း မာရိ​၏​ဝိညာဉ်​ရေး​စိတ်ထား ထင်ရှား​လာ​ပြန်​သည်။ မာရိသည် သူ့ကို​တွေ့သော​အခါ ယေဟောဝါ​အား ချီးမွမ်း​ပြီး ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ချစ်​မြတ်နိုး​ကြောင်း ဖော်ပြ​ခဲ့​သည်။ ၁ ဓမ္မ​ရာဇဝင် အခန်းကြီး ၂ တွင်​မှတ်တမ်း​တင်ထား​သည့် ဟန္န​၏​ဆုတောင်းချက်​နှင့် တခြား​ဟေဗြဲ​ကျမ်း​စာစောင်​များ​မှ စကား​များ​ကို သူ​ရည်ညွှန်းခဲ့​သည်။ ဤ​ကဲ့သို့​ကျမ်းစာ​အသိပညာ​ရှိ​ခြင်း​က သူသည် ဘုရားသခင်​အား ဆည်းကပ်​အပ်နှံ၊ ကြောက်ရွံ့​သော မိခင်​တစ်ဦး​ဖြစ်လာ​ရန် အရည်အချင်း​ပြည့်မီ​ကြောင်း ဖော်ပြ​၏။ သူ၏​သားကို ဝိညာဉ်​ရေး​အရ ပြုစု​ပျိုးထောင်​ရန် ယောသပ်​နှင့် ပူးပေါင်း​လုပ်ဆောင်ခဲ့​ပေမည်။—ကမ္ဘာဦး ၃၀:၁၃; ၁ ဓမ္မ​ရာဇဝင် ၂:၁-၁၀; မာလခိ ၃:၁၂; လုကာ ၁:၄၆-၅၅

မိမိ၏​သား​သည် မေရှိယ​ဖြစ်သည်​ကို မာရိ​အခိုင်အမာ​ယုံကြည်ခဲ့​သည်၊ ယေရှု​သေ​ပြီး​နောက်​၌​ပင် သူ၏​ယုံကြည်ခြင်း မ​လျော့နည်း​သွားခဲ့​ချေ။ ကိုယ်တော်ရှင်​ပြန်ထ​မြောက်ပြီး​နောက် မကြာမီ တမန်​တော်​များနှင့်​အတူ ဆုတောင်း​ရန် စုဝေး​ခဲ့​ကြ​သည့် တည်ကြည်သော​တပည့်​များ​တွင် မာရိသည် တစ်ဦး​ပါဝင်​ခဲ့​သည်။ (တမန်​တော် ၁:၁၃၊ ၁၄) ညှဉ်းဆဲ​ရာ​သစ်တိုင်ပေါ်​တွင် ချစ်​ရသော​သား သေဆုံးရခြင်း​ကို မြင်တွေ့ခဲ့​ရသည့်​အခါ စိတ်ထိခိုက်​ခဲ့​သော်လည်း သူ၏​ယုံကြည်ခြင်းကို ဆက်​ထိန်းထား​ခဲ့​သည်။

မာရိ​၏​ဘဝ​အကြောင်း သင်​သိရှိ​လာ​ခြင်း​မှ အဘယ်​အကျိုးကျေးဇူး​ရရှိနိုင်​သနည်း။ ကိုယ်ကျိုး​စွန့်​ရ​ပါစေ၊ ဘုရားသခင်​၏​အမှုတော် ထမ်းဆောင်​ခွင့်​ရခြင်း​ကို သင်​လက်ခံ​ပါသလော။ ယနေ့ ဤ​အခွင့်ထူး​ကို သင်​အလေးအနက်​ထား အာရုံစိုက်ပါ​သလော။ ယေရှု​ကြို​ဟောခဲ့​ရာ​များ​ကို သင်​စွဲမှတ်​ထားပြီး ယနေ့ ဖြစ်ပျက်​နေရာများ​နှင့် နှိုင်းယှဉ်​ကာ “စဉ်းစား​ဆင်ခြင်​လျက်​နေ” သလော။ (မဿဲကျမ်း​အခန်းကြီး ၂၄ နှင့် ၂၅; မာကု​ကျမ်း​အခန်းကြီး ၁၃; လုကာ​ကျမ်း​အခန်းကြီး ၂၁) ကျမ်းစာ​ကို ပိုင်နိုင်​စွာ​အသုံးပြုပြီး စကားစမြည်​ပြောဆို​ရာ​တွင် ယင်းကို​ထည့်​ပြောဆို​တတ်​ရန် မာရိ​ကို​အတုယူ​သလော။ ယေရှု၏​နောက်လိုက်​ဖြစ်​ခြင်း​ကြောင့် စိတ်​ဆင်းရဲခံ​ရသည့်တိုင် ကိုယ်တော်​အား ဆက်လက်​ယုံကြည်​ကိုးစား​မည်​လော။

ယေရှု၏​ညီ​များ—ပြောင်းလဲမှု​ရှိ​နိုင်

ယေရှု၏​ညီ​များသည် ယေရှု​သေဆုံး​ပြီး​နောက်​မှ ကိုယ်တော့်​ကို ယုံကြည်ခဲ့​ကြ​ပုံ​ရှိသည်။ ညှဉ်းဆဲ​ရာ​သစ်တိုင်ပေါ်​တွင် ကိုယ်တော်​အသတ်ခံရ​စဉ်​က သူတို့​တစ်ဦးမျှ​မရှိသည့်​အတွက် မိခင်​ကို တမန်​တော်​ယောဟန်ထံ အပ်​ခဲ့​ခြင်း​သည် တိုက်ဆိုင်မှု​မဖြစ်​နိုင်​ချေ။ ဆွေမျိုး​များ​က ယေရှုကို လေးစားမှု​မရှိကြ​ရာ တစ်ကြိမ်​တစ်ခါ​တွင် ယေရှု​အား “အရူး” ဟူ၍ပင် ခေါ်ဆို​ခဲ့​ကြသည်။ (မာကု ၃:၂၁) ယေရှု၏​မိသားစုတွင် မယုံကြည်​သူများ​ရှိသောကြောင့် မယုံကြည်​သူ​အိမ်သား​များနှင့် အတူ​နေထိုင်​ရသူ​များသည် ဆွေမျိုး​များ​၏ ပြောင်လှောင်​ကဲ့ရဲ့​ခြင်း ခံရ​သည့်​အခါ မည်သို့​ခံစားရ​မည်​ကို ယေရှု​ကောင်းစွာ​သဘောပေါက်​ကြောင်း စိတ်ချ​နိုင်၏။

သို့သော် ယေရှု​ရှင်ပြန်ထမြောက်​ပြီး​နောက် ကိုယ်တော်​၏​ညီ​များသည် ကိုယ်တော့်​ကို ယုံကြည်​လာ​ကြ​ပုံ​ရ၏။ စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲ​မတိုင်မီ ယေရုရှလင်​မြို့တွင် စုဝေး​ပြီး တမန်​တော်​များနှင့်​အတူ ဆုတောင်း​ခဲ့​ကြ​သည့် အုပ်စု​တွင် သူတို့လည်း​ပါ​သည်။ (တမန်​တော် ၁:၁၄) သူတို့၏​မိတူဖကွဲ​အစ်ကို ရှင်ပြန်ထမြောက်​လာ​ခြင်း​သည် သူတို့၏​နှလုံးကို​ပြောင်းလဲ​စေ​၍ အစ်ကို​၏​တပည့်​များ​ဖြစ်လာ​ရန် စေ့ဆော်​ပေး​ခဲ့​သည်​မှာ ထင်ရှား​၏။ ယုံကြည်ခြင်း​မတူ​သူ ဆွေမျိုး​များ​ကို ဘယ်တော့​မျှ လက်မလျှော့​လိုက်​သင့်​ချေ။

ယေရှု​ကိုယ်ယောင်​ထင်ရှားပြ​ခြင်း​ကို တွေ့မြင်​ခဲ့​သော မိတူဖကွဲ​ညီ ယာကုပ်​သည် ခရစ်ယာန်​အသင်း​တွင် အရေးကြီး​အခန်းကဏ္ဍ​မှ ပါဝင်​လှုပ်ရှား​ခဲ့​သူ​တစ်ဦး​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​ထား​၏။ သူသည် ခရစ်ယာန်​ချင်း​များ​ထံ ဘုရားသခင့်​မှုတ်သွင်းခံ စာ​တစ်စောင်​ရေးသား​ပြီး ယုံကြည်ခြင်းကို ဆက်​ထိန်းထား​ကြ​ရန် သူတို့အား အကြံပေး​ခဲ့​၏။ (တမန်​တော် ၁၅:၆-၂၉; ၁ ကောရိန္သု ၁၅:၇; ဂလာတိ ၁:၁၈၊ ၁၉; ၂:၉; ယာကုပ် ၁:၁) မိတူဖကွဲ​ညီ နောက်​တစ်ဦး​ဖြစ်သူ ယုဒ​သည် ယုံကြည်ခြင်း​အတွက် ကြိုးစား​တိုက်လှန်​ကြ​ရန် ယုံကြည်သူချင်း​များ​ကို မှုတ်သွင်းခံ​အားပေးစာ​တစ်စောင် ရေးသားခဲ့​သည်။ (ယုဒ ၁) သူတို့ကို ခရစ်ယာန်​ချင်း​များ အထင်ကြီး​ပြီး လက်ခံ​စေရန် ယေရှု​နှင့် သွေးသား​တော်စပ်​ကြောင်း ယာကုပ်​ရော၊ ယုဒ​ပါ သူတို့၏​စာ​ထဲ​တွင် မ​ရေးသား​ထား​သည်​မှာ မှတ်သားထိုက်​ပေ​သည်။ သူတို့​ထံ​မှ ကျွန်ုပ်​တို့​သင်ယူ​နိုင်​သည့် ချီးကျူး​ဖွယ်​ကျိုးနွံ​မှု သင်ခန်းစာ​ပါ​တကား!

သို့​ဖြစ်၍ ယေရှု၏​မိသားစု​မှ ကျွန်ုပ်​တို့​သင်ယူ​နိုင်​သည့်​အချက်​အချို့​ကား အဘယ်နည်း။ ဤသို့​သော​နည်းများဖြင့် ပြသ​နိုင်​သည့် ဆည်းကပ်​ဝတ်ပြုခြင်း သင်ခန်းစာများ​မှာ အောက်ပါ​အတိုင်း​ဖြစ်၏– (၁) ဖော်ပြ​ထားသော ဘုရားသခင့်​အလိုတော်ကို တည်ကြည်​စွာ လက်အောက်ခံ​ပြီး ထိုသို့​ပြုခြင်း​ကြောင့် ဖြစ်ပေါ်​လာသော စမ်းသပ်မှု​အားလုံး​ကို ရင်ဆိုင်​ပါ။ (၂) ကိုယ်ကျိုး​စွန့်​ရသည့်တိုင် ဝိညာဉ်​ရေး​စံနှုန်း​များ​ကို ရှေးဦး​ထား​ပါ။ (၃) သင်၏​သားသမီး​များ​ကို သမ္မာကျမ်းစာ​နှင့်​အညီ လေ့ကျင့်ပေး​ပါ။ (၄) ယုံကြည်ခြင်း​မတူ​သော အိမ်သား​များ​ကို လက်မလျှော့​လိုက်ပါ​နှင့်။ (၅) ခရစ်ယာန်​အသင်းတော်တွင် ထင်ပေါ်သူ​များနှင့် အမျိုး​တော်စပ်​ပါ​သည်​ဟု မကြွားဝါ​ပါ​နှင့်။ မှန်ပါသည်၊ ယေရှု၏​လူ့​မိသားစု​အကြောင်း သိရှိ​ရခြင်း​သည် ကိုယ်တော်​နှင့် ပိုမို​ရင်းနှီး​စေပြီး ယေရှု​ငယ်​စဉ်​ဘဝက ကိုယ်တော်​အား ပြုစု​စောင့်ရှောက်​ရန် သာမန်​မိသားစုကို ယေဟောဝါ​ရွေးချယ်​တော်​မူ​ခဲ့​ခြင်း​အတွက် ကျွန်ုပ်​တို့၏​ကျေးဇူး​တင်​စိတ် တိုးပွား​လာ​စေ​သည်။

[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]

ယောသပ်​သည် မာရိ​ကို ဇနီး​အဖြစ် ယူ​ခဲ့​ကာ မေရှိယ​နှင့်​ဆိုင်သော ပရောဖက်ပြုချက်​များ ပြည့်စုံ​လာ​ခြင်း​တွင် ပတ်သက်​လာ​ခဲ့

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ယောသပ်​နှင့် မာရိသည် သားသမီး​များ​ကို ဝိညာဉ်​ရေး​စံနှုန်း များနှင့် အလုပ်​ဆိုင်ရာ​ကို သင်ပေးခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှု၏​ညီ​များသည် ဝိညာဉ်​ရေး​စိတ်ထား​ရှိသော အိမ်ထောင်စု​တွင် ကြီးပြင်း​လာ​ကြသော်လည်း ကိုယ်တော်​သေဆုံး​ပြီး​နောက်​မှ ကိုယ်တော့်​ကို ယုံကြည်ခဲ့​ကြ

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ယေရှု၏​မိတူဖကွဲ​ညီ​များ​ဖြစ်သူ ယာကုပ်နှင့် ယုဒ​တို့သည် ခရစ်ယာန်​ချင်း​တို့ကို အားပေးခဲ့​ကြ