မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏နေ့အတွက် ကိုယ်တိုင်အသင့်ရှိနေလော့

ယေဟောဝါ၏နေ့အတွက် ကိုယ်တိုင်အသင့်ရှိနေလော့

ယေဟောဝါ​၏​နေ့​အတွက် ကိုယ်တိုင်​အသင့်ရှိနေ​လော့

“သင်တို့သည်လည်း အသင့်​ရှိနေကြ​လော့။ အကြောင်း​မူ​ကား မထင်မမှတ်​သော​အချိန်နာရီ​၌ လူသား​သည် ကြွလာ​လိမ့်​မည်။”—မဿဲ ၂၄:၄၄၊ သမ္မာ။

၁။ ယေဟောဝါ​၏​နေ့ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​စိတ်ဝင်စား​သင့်​သနည်း။

ယေဟောဝါ​၏​ကြောက်မက်​ဖွယ်​ရာ​နေ့​သည် စစ်​တိုက်၍ အမျက်ထွက်​သော​နေ့၊ ပူပန်​သောကရောက်​သော​နေ့၊ မှောင်မိုက်​၍ သုတ်သင်​ပယ်ရှင်း​ဖျက်ဆီး​ရာ​နေ့​ဖြစ်​လိမ့်​မည်။ နောဧ​လက်ထက်​ရှိ ဆိုးသွမ်း​သော​လောကကို ရေလွှမ်းမိုး​ခဲ့​သည့်​နည်းတူ ဤ​အစီအစဉ်​စနစ်ဆိုး​အပေါ် ယေဟောဝါ​၏ “ကြောက်မက်​ဖွယ်​ရာ​နေ့ကြီး” ဧကန်​အမှန် ရောက်လာ​ပါ​လိမ့်​မည်။ ယင်းကို တိမ်းရှောင်​၍​မရပါ။ သို့သော် ‘ထာဝရ​ဘုရားသခင်​ကို ဆုတောင်း​သော​သူ​ရှိသမျှ​တို့သည် ကယ်တင်​တော်​မူ​ခြင်း​သို့​ရောက်​ရ​ကြ​လတ္တံ့။’ (ယောလ ၂:၃၀-၃၂; အာမုတ် ၅:၁၈-၂၀) ဘုရားသခင်​သည် ရန်သူများ​ကို ချေမှုန်း​ဖျက်ဆီး​ပြီး မိမိ၏​လူမျိုးတော်ကို ကာကွယ်​ပါ​လိမ့်​မည်။ အရေးတကြီး​သဘောထား​ဖြင့် ပရောဖက်​ဇေဖနိ ဤသို့​ကြေညာ​သည်– ‘ထာဝရ​ဘုရားသခင်​၏​နေ့ကြီး​နီးပြီ။ နီးပြီ။ အလျင်အမြန်​လာ​၏။’ (ဇေဖနိ ၁:၁၄) သို့သော် ဘုရားသခင်​၏ ဤ​တရား​စီရင်ခြင်း​သည် အဘယ်​အချိန်၌​ဖြစ်​မည်​နည်း။

၂၊ ၃။ ယေဟောဝါ​၏​နေ့​အတွက် ကျွန်ုပ်​တို့​အသင့်ပြင်​ဆင်​ထား​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

“ထို​အချိန်နာရီ​ကို​ကား အဘယ်သူမျှ​မသိ။ ကောင်းကင်တမန်​မသိ။ ငါ့​ခမည်းတော်​တစ်ပါး​တည်း​သာ သိတော်မူ၏” ဟု​ယေရှု​ပြော​ခဲ့​သည်။ (မဿဲ ၂၄:၃၆) အချိန်​အတိအကျ​ကို ကျွန်ုပ်​တို့​မသိကြ​သောကြောင့် “စောင့်နေ​ကြလော့။ . . . ကိုယ်တိုင် အသင့်​ရှိနေကြ​လော့” ဟူသော ၂၀၀၄ နှစ်ချုပ်​ကျမ်းချက်​ပါ​စကား​များ​ကို နှလုံး​သွင်း​ဖို့​အရေးကြီး​၏။—မဿဲ ၂၄:၄၂၊ ၄၄သ​မ။

အသင့်ရှိနေ​သူများ သိမ်းယူ​ခံရ​စဉ် အခြားသူများ စွန့်ပစ်​ခံရ​ခြင်း​သည် ရုတ်တရက်​ဖြစ်​မည့်​အကြောင်းကို​ဖော်ပြ​ရန် ယေရှု​ဤသို့​ဆို​သည်– “လယ်​၌​ရှိသောသူ​နှစ်ယောက်​တို့​တွင် တစ်ယောက်ကို​သိမ်း​ယူ၍ တစ်ယောက်​မူ​ကား နေရစ်​ရ​လတ္တံ့။ ကြိတ်ဆုံ​ကြိတ်​သော​သူ​နှစ်ယောက်​တို့​တွင် တစ်ယောက်ကို​သိမ်း​ယူ၍ တစ်ယောက်​မူ​ကား နေရစ်​ရ​လတ္တံ့။” (မဿဲ ၂၄:၄၀၊ ၄၁) အဆိုပါ​အထူး​အရေးကြုံ​ချိန်​တွင် ကျွန်ုပ်​တို့​အခြေအနေ မည်သို့​ရှိ​မည်​နည်း။ ကျွန်ုပ်​တို့​အဆင်သင့်​ရှိ​မည်​လော၊ သို့​မဟုတ် သတိ​လက်လွတ်​ဖြစ်နေ​မည်​လော။ ယခု ကျွန်ုပ်​တို့​လုပ်ဆောင်​ရာ​အပေါ် များစွာ​မူတည်​သည်။ ယေဟောဝါ​၏​နေ့​အတွက် အသင့်​ရှိကြောင်း သက်သေထူ​ဖို့ ယနေ့​ပျံ့နှံ့​လျက်​ရှိသော သဘောထား​တစ်ခု​ကို ကျွန်ုပ်​တို့​ရှောင်ရန်​လို​သည်၊ တစ်စုံတစ်ရာ​သော ဝိညာဉ်​ရေး​အခြေအနေ​သို့ မကျရောက်​စေဖို့ ကြိုးစား​တိုက်လှန်​နေ​ရန်​နှင့် ဘဝ​ပုံစံ​အချို့​ကို ရှောင်ကြဉ်​ရန်လို​သည်။

မိမိတို့​ကိုယ်ကို အားရ​ကျေနပ်​နေသော သဘောထားကို​ရှောင်

၄။ နောဧ​လက်ထက်​ရှိ​လူ​တို့​တွင် အဘယ်​သဘောထား​ရှိခဲ့​သနည်း။

နောဧ​ခေတ်​ကို ပြန်​သုံးသပ်ကြည့်​ပါ။ “နောဧ​သည် မမြင်​သေး​သော​အမှုအရာ​တို့ကို​ဖော်ပြ​သော [“ဘုရားသခင့်​သတိပေး​ချက်၊” က​ဘ] ကို​ခံရ​ပြီး​မှ၊ ယုံကြည်ခြင်း​အားဖြင့် ကြောက်ရွံ့​သော​စိတ်​ရှိ၍ မိမိ​အိမ်သူအိမ်သား​တို့ကို​ကယ်တင်ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ​၏” ဟု​ကျမ်းစာ​က​ဖော်ပြ​သည်။ (ဟေဗြဲ ၁၁:၇) နောဧ​၏​သင်္ဘော​သည် တစ်မူထူး​ခြား​ပြီး အတော်အတန် သိသာ​ထင်ရှား​ပေမည်။ ထို့​ပြင် နောဧ​သည် “ဖြောင့်မတ်ခြင်း​တရားကို​ဟော” ခဲ့​သူ​ဖြစ်သည်။ (၂ ပေတရု ၂:၅) နောဧ​၏ ဆောက်လုပ်ရေး​စီမံကိန်း​က​ဖြစ်စေ၊ သူ၏​ဟောပြောခြင်းက​ဖြစ်စေ သူ့​လက်ထက်​ရှိ​လူများ​ကို သဘောထား​မပြောင်းလဲ​စေနိုင်​ခဲ့​ပါ။ အဘယ်ကြောင့်​နည်း။ သူတို့သည် “စားသောက်​လျက်၊ ထိမ်းမြား​စုံဖက်​လျက်​နေ” ခဲ့​ကြသော​ကြောင့်​ဖြစ်သည်။ နောဧ​ဟောပြောခဲ့​သူတို့သည် ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ၊ အပျော်အပါး​တို့​၌ လုံးပန်း​နစ်မွန်း​နေကြ​ရာ “ရေလွှမ်းမိုးခြင်း​ရောက်​သဖြင့် လူ​ခပ်သိမ်း​တို့ကို သုတ်သင်​ပယ်ရှင်း​သည့်​တိုင်အောင် သတိမဲ့​နေ” ခဲ့​ကြသည်။—မဿဲ ၂၄:၃၈၊ ၃၉

၅။ လောတ​ခေတ်​ရှိ သောဒုံ​မြို့သား​များ​၏​သဘောထား မည်သို့​ရှိ​သနည်း။

လောတ​လက်ထက်​တွင်​လည်း ထို​နည်းတူ​ပင်​ဖြစ်​ခဲ့​သည်။ သမ္မာကျမ်းစာ​က ဤသို့​ပြောပြ​သည်– “လူများ​တို့သည် စားသောက်​ရောင်းဝယ်​လျက်၊ စိုက်​ပျိုး​လျက်၊ အိမ်ဆောက်​လျက်​နေ​သကဲ့သို့​လည်းကောင်း၊ လောတ​သည် သောဒုံ​မြို့မှ​ထွက်​သော​နေ့၌ ကောင်းကင်​မှ​ကန့်​နှင့်​ရော​သော​မီး​မိုးရွာ​၍ ထို​သူအပေါင်း​တို့ကို သုတ်သင်​ပယ်ရှင်း” လေ​၏။ (လုကာ ၁၇:၂၈၊ ၂၉) လောတ​သည် ရောက်​အံ့​ဆဲ​ဖျက်ဆီးခြင်း​ဘေး​နှင့်​ပတ်သက်​၍ ကောင်းကင်တမန်​များ​၏ သတိပေး​ခြင်း​ခံရ​ပြီး​နောက် သမက်​များ​ကို သူ​ပြောပြ​ခဲ့​သည်။ သို့သော် သူတို့​အမြင်​တွင် “ကျီစားဟန်​ရှိသည်​ဟု . . . ထင်ကြ​၏။”—ကမ္ဘာဦး ၁၉:၁၄

၆။ အဘယ်​သဘောထားကို ကျွန်ုပ်​တို့​ရှောင်​ရမည်​နည်း။

ယေရှု​က နောဧ​နှင့် လောတ​လက်ထက်မှာ​ကဲ့သို့ “လူသား​ကြွလာ​သောအခါ” ဖြစ်​လိမ့်​မည်​ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၃၉; လုကာ ၁၇:၃၀) မိမိတို့​ကိုယ်ကို အားရ​ကျေနပ်​သော စိတ်သဘောထား​သည် ယနေ့ အမှန်ပင်​ပျံ့နှံ့​လျက်​ရှိသည်။ ထိုသို့​သော​သဘောထားမျိုး လွှမ်းမိုး​မခံ​ရဖို့ ကျွန်ုပ်​တို့​သတိရှိ​ရ​ကြ​မည်။ စားကောင်း​သောက်​ဖွယ်​များ​ကို တော်သင့်ရုံ​စားသုံးခြင်း​သည် ဘာမျှ​မမှား​ပါ။ အလားတူ အိမ်ထောင်ပြုခြင်း​သည် ဘုရားသခင့်​အစီအစဉ်​ဖြစ်၏။ သို့သော် ထိုသို့​သော​ကိစ္စ​များသည် ကျွန်ုပ်​တို့၏ ဘဝတွင်​အဓိက​ဖြစ်လာ​ပြီး ဝိညာဉ်​ရေး​အကျိုး​စီးပွား​ကို လျစ်လျူရှု​ထား​မည်​ဆိုလျှင် ယေဟောဝါ​၏​ကြောက်မက်​ဖွယ်​နေ့​အတွက် ကိုယ်တိုင်​အသင့်ရှိ​ပြီ​ဟု အကျွန်ုပ်​တို့​ဆိုနိုင်​ပါ​မည်​လော။

၇။ အလုပ်​တစ်ခု​ကို​မပြု​လုပ်​မီ အဘယ်​အရေးပါသော​မေးခွန်း​ကို မေးသင့်​သနည်း၊ အဘယ်ကြောင့်​နည်း။

တမန်​တော်​ပေါလု​က “ကာလ​အချိန်တို​လာပြီ။ ယခု​မှ​စ၍ မယား​ရှိသောသူ​သည် မယား​မရှိ​သကဲ့သို့​ဖြစ်​ရမည်” ဟု​ဆို​ခဲ့​သည်။ (၁ ကောရိန္သု ၇:၂၉-၃၁သမ္မာ) ဘုရားသခင်​ပေး​ထားသော ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို ပြီးစီး​ရန် ကျွန်ုပ်​တို့​၌ အချိန်​အကန့်အသတ်​သာ ကျန်​တော့​သည်။ (မဿဲ ၂၄:၁၄) အိမ်ထောင်သည်​များ​ပင်​လျှင် မိမိတို့၏​ဘဝတွင် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ဒုတိယ​နေရာတွင်​ထား​ရသည့်​အထိ မိမိတို့​အိမ်ထောင်ဖက်​ကို အရေးပေး​လွန်း​ခြင်း​မပြုဖို့ ပေါလု​တိုက်တွန်း​ခဲ့​သည်။ ပေါလု​အကြံပြု​ခဲ့​သော စိတ်​နေ​သဘောထား​သည် မိမိတို့​ကိုယ်ကို အားရ​ကျေနပ်​နေခြင်း​နှင့် ဆန့်ကျင်​ကြောင်း ထင်ရှား​၏။ ယေရှု​က “ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို [“ဆက်၍၊” က​ဘ] ရှေ့​ဦးစွာရှာ​ကြလော့” ဟု​မိန့်တော်မူ​ခဲ့​သည်။ (မဿဲ ၆:၃၃) ဆုံးဖြတ်ချက်​တစ်ခု​ချ​သောအခါ သို့​မဟုတ် အလုပ်​တစ်ခု​ကို​မပြု​လုပ်​မီ ‘ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား ဦးစား​ထားခြင်း​ကို ဒါက ဘယ်လို​အကျိုး​သက်ရောက်​မလဲ’ ဟု​မိမိကိုယ်ကို​မေး​ဖို့ အရေးကြီး​သည်။

၈။ နေ့စဉ်​လုပ်ငန်းဆောင်တာ​များ​က ကျွန်ုပ်​တို့​ဘဝတွင် အဓိက​ဖြစ်လာ​ခဲ့​သော် အဘယ်အရာ​ပြုသင့်​သနည်း။

ကျွန်ုပ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို နေရာ​မပေးနိုင်​သည့်​အထိ နေ့စဉ်​လုပ်ငန်းဆောင်တာ​များနှင့် လုံး​လည်​လိုက်နေ​ကြောင်း သိရှိ​လာ​လျှင်​ကော အသို့နည်း။ ကျွန်ုပ်​တို့၏​ဘဝ​ပုံစံ​သည် တိကျ​မှန်ကန်သော ကျမ်းစာ​အသိပညာ​မရှိ၊ ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​မဟုတ်သော အိမ်နီးချင်း​များ​၏​ဘဝ​ပုံစံ​နှင့် ထူး​မခြားနား​ဖြစ်နေ​သလော။ ထိုသို့​ဖြစ်နေ​ပါ​က ယင်း​ကိစ္စ​အတွက် ဆုတောင်း​ဖို့​လို​သည်။ ကျွန်ုပ်​တို့​တွင် စိတ်သဘောထား​မှန်​ရှိလာစေဖို့ ယေဟောဝါ​ပြုလုပ်​ပေး​နိုင်​ပါ​သည်။ (ရောမ ၁၅:၅; ဖိလိပ္ပိ ၃:၁၅) ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ဆက်၍​ရှေ့​ဦး​ရှာနေ​ဖို့၊ မှန်ရာကို​ပြုလုပ်​ဖို့​နှင့် ကိုယ်တော့်​အပေါ် ကျွန်ုပ်​တို့၏​တာဝန်​ကို​ကျေပွန်​ဖို့ ကိုယ်တော်​ကူညီပေး​နိုင်​ပါ​သည်။—ရောမ ၁၂:၂; ၂ ကောရိန္သု ၁၃:၇

ဝိညာဉ်​ရေး​ငိုက်မျဉ်း​ခြင်း​ကို တိုက်လှန်

၉။ ဗျာ. ၁၆:၁၄-၁၆ အရ ဝိညာဉ်​ရေး​ငိုက်မျဉ်း​ခြင်း​ကို တိုက်လှန်​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

ရောက်​အံ့​ဆဲ​ဖြစ်သည့် “[အတိုင်းအဆမဲ့] တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​၏​နေ့ကြီး” အာမဂေဒုန်​အကြောင်း​ဖော်ပြ​သော ပရောဖက်ပြုချက်​က​ပင် အချို့​သူတို့ နိုးနိုးကြားကြား​ရှိ​လိမ့်​မည်​မဟုတ်​ကြောင်း သတိပေး​သည်။ သခင်​ယေရှု​ခရစ်​ဤသို့​ဆို​၏– “သူခိုး​ကဲ့သို့​ငါ​လာ​၏။ အဝတ်အချည်းစည်း​နှင့်​သွား​လာ၍ သူတစ်ပါး​ရှေ့၌ ရှက်​စ​ရာ​အကြောင်း​မရှိစေ​ခြင်း​ငှာ နိုး​လျက်​နေ၍၊ ကိုယ်​အဝတ် [“ဝတ်ရုံ၊” က​ဘ] ကို​စောင့်​သော​သူသည် မင်္ဂလာ​ရှိ၏။” (ဗျာ. ၁၆:၁၄-၁၆) ဤ​တွင်​ဖော်ပြ​ထားသော​ဝတ်ရုံ​သည် ယေဟောဝါ​ခရစ်ယာန်​သက်သေ​များ​အဖြစ် ကျွန်ုပ်​တို့အား အမှတ်အသား​ပြု​ခွဲခြား​ရာ​ကို​ဆိုလို​သည်။ ထို​တွင် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အဖြစ် ကျွန်ုပ်​တို့၏​လုပ်ငန်း​နှင့် ကျွန်ုပ်​တို့၏​ခရစ်ယာန်​အမူအကျင့်​ပါဝင်​သည်။ ကျွန်ုပ်​တို့သည် အိပ်ချင်မူးတူး မလှုပ်မရှား​အခြေအနေ​သို့ မသိမသာ​ရောက်​နေလျှင် ကျွန်ုပ်​တို့၏​ခရစ်ယာန်​အမှတ်အသား​ကို​ချွတ်၍ အဝတ်အချည်းစည်း​ဖြစ်နေ​နိုင်​သည်။ ယင်းသည် ရှက်​စ​ရာ​ဖြစ်​ပြီး အန္တရာယ်​ရှိ၏။ ဝိညာဉ်​ရေး​ငိုက်မျဉ်း​ခြင်း သို့​မဟုတ် ထိုင်း​မှိုင်း​လေး​ကန်​သည့်​အခြေအနေ​သို့ မကျရောက်​စေဖို့ ကျွန်ုပ်​တို့ တိုက်လှန်​နေရ​ကြ​မည်။ ယင်း​သို့​သော​စိတ်​တိမ်း​ညွတ်​မှု​ကို မည်သို့​တိုက်လှန်​နိုင်​သနည်း။

၁၀။ သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ရှုခြင်း​က ဝိညာဉ်ရေးတွင် အဘယ်ကြောင့် နိုးကြား​နေ​စေမည်​နည်း။

၁၀ နိုးနိုးကြားကြား​နှင့် သတိရှိ​ဖို့​လို​ကြောင်း သမ္မာကျမ်းစာ​က အထပ်ထပ်​ဖော်ပြ​ပါ​သည်။ သာဓက​အနေ​နှင့် ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​က– “စောင့်နေ​ကြလော့” (မဿဲ ၂၄:၄၂; ၂၅:၁၃; မာကု ၁၃:၃၅၊ ၃၇); “ကိုယ်တိုင်​အသင့်​ရှိနေကြ​လော့” (မဿဲ ၂၄:၄၄သ​မ); “သတိပြု​လျက်​စောင့်နေ​ကြလော့” (မာကု ၁၃:၃၃သမ္မာ); “အသင့်​ရှိနေကြ​လော့” (လုကာ ၁၂:၄၀) ဟု​ကျွန်ုပ်​တို့ကို​သတိပေး​သည်။ တမန်​တော်​ပေါလု​က ယေဟောဝါ​၏​နေ့​သည် ဤ​လောက​အပေါ်​သို့ အမှတ်မထင်​ရောက်လာ​မည့်​အကြောင်း ဖော်ပြ​ပြီး​နောက် ယုံကြည်သူချင်း​များ​ကို ဤသို့​တိုက်တွန်း​သည်– “အခြားသော​သူတို့သည် အိပ်ပျော်​သကဲ့သို့၊ ငါ​တို့သည် အိပ်မပျော်​ဘဲ [ကောင်းသော] သတိ​ရှိ၍ စောင့်​ကြ​ကုန်​အံ့။” (၁ သက်သာလောနိတ် ၅:၆) သမ္မာကျမ်းစာ​၏​နောက်ဆုံး​စာစောင်​တွင် ဘုန်းပွင့်​သော​ခရစ်တော်​က “ငါသည် အလျင်အမြန်​လာ​မည်” ဟု​ဆို​လျက် မိမိ၏​ရုတ်တရက်​ရောက်ရှိခြင်း​ကို အလေးပေး​ဖော်ပြ​၏။ (ဗျာ. ၃:၁၁; ၂၂:၇၊ ၁၂၊ ၂၀) ဟေဗြဲ​ပရောဖက်​များစွာကလည်း ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့ကြီး​အကြောင်း ဖော်ပြ​၍ သတိပေး​ခဲ့​ကြသည်။ (ဟေရှာယ ၂:၁၂၊ ၁၇; ယေရမိ ၃၀:၇; ယောလ ၂:၁၁; ဇေဖနိ ၃:၈) ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ရှု​ပြီး ဖတ်ရှု​ခဲ့​ရာ​ကို ဆင်ခြင်​သုံးသပ်ခြင်းက ဝိညာဉ်ရေးတွင် နိုးနိုးကြားကြား​ရှိနေဖို့ များစွာ​ထောက်ကူ​ပေး​၏။

၁၁။ ဝိညာဉ်ရေးတွင်​နိုးကြား​နေဖို့ ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်ခြင်း​သည် အဘယ်ကြောင့်​အရေးပါ​သနည်း။

၁၁ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ ထုတ်ဝေ​သော ကျမ်းစာ​အခြေပြု​စာပေ​များ​ကို​အသုံးပြုပြီး အပတ်တကုတ် ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း​သည် ကျွန်ုပ်​တို့၏ ဝိညာဉ်​ရေး​နိုးကြား​မှု​အတွက် တကယ့်​အားဆေး​တစ်ခွက်​ပင်! (မဿဲ ၂၄:၄၅-၄၇) သို့သော် ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်ခြင်း​မှ အကျိုးကျေးဇူးများ​ခံစား​ရဖို့ တိုးတက်မှု​ရှိပြီး မှန်မှန်​ပြုလုပ်​သော လေ့လာမှု​မျိုး​ဖြစ်​ရမည်။ (ဟေဗြဲ ၅:၁၄–၆:၃) ကြေ​ခဲ​သော​ဝိညာဉ်​အစာကို ကျွန်ုပ်​တို့​မှန်မှန်​သုံးဆောင်​ကြ​ရမည်။ ဤ​ခေတ်​အခါ​တွင် ထိုသို့​ပြုလုပ်​ဖို့ အချိန်​ရှာယူ​ခြင်း​သည် အလွန်​ခဲယဉ်း​ပေမည်။ (ဧဖက် ၅:၁၅၊ ၁၆) သို့သော် အဆင်ပြေ​မှ​သာ သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​စာပေ​များ​ကို ကောက်​ဖတ်​ရုံ​နှင့် မလုံလောက်​ချေ။ ကျွန်ုပ်​တို့သည် ‘ယုံကြည်ခြင်း၌​သန်စွမ်း’ ပြီး နိုးနိုးကြားကြား​ရှိနေဖို့ ကိုယ်ပိုင်​လေ့လာမှု​ကို မှန်မှန်​ပြုလုပ်​ဖို့​အရေးကြီး​သည်။—တိတု ၁:၁၄

၁၂။ ခရစ်ယာန်​အစည်းအဝေး​များ၊ စည်းဝေးပွဲ​များနှင့် စည်းဝေးကြီး​များ​က ဝိညာဉ်​ရေး​ငိုက်မျဉ်း​ခြင်း​ကို မည်သို့​တိုက်လှန်​စေ​သနည်း။

၁၂ ခရစ်ယာန်​အစည်းအဝေး​များ၊ စည်းဝေးပွဲ​များနှင့် စည်းဝေးကြီး​များ​က​လည်း ဝိညာဉ်​ရေး​ငိုက်မျဉ်း​ခြင်း​ကို ခုခံ​တိုက်လှန်​ရန် ထောက်ကူ​ပေး​သည်။ မည်သို့​အားဖြင့်​နည်း။ ကျွန်ုပ်​တို့​ရရှိသော သွန်သင်ချက်​များ​အားဖြင့်​တည်း။ ဤ​စုဝေးခြင်း​များ​တွင် ယေဟောဝါ​၏​နေ့ ရောက်လု​နီး​ကြောင်း ကျွန်ုပ်​တို့ မှန်မှန်​သတိပေး​ခံရ​သည်မဟုတ်​ပေ​လော။ ခရစ်ယာန်​ပတ်စဉ်​အစည်းအဝေး​များ​တွင်​လည်း ‘မေတ္တာ​စိတ်​ရှိစေရန်၊ ကောင်းသော​အကျင့်ကို​ကျင့်​စေရန် အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် တိုက်တွန်း​နှိုးဆော်’ ခွင့်​များ​ရရှိစေ​သည်။ ဤသို့​တိုက်တွန်း​နှိုးဆော်ခြင်း၊ လှုံ့ဆော်ပေး​ခြင်း​ဖြင့် ဝိညာဉ်ရေးတွင် နိုးနိုးကြားကြား​ရှိစေပါ​သည်။ “ကာလ​အချိန်​ရောက်လု​နီး​သည်ကို သိမြင်” သဖြင့် မှန်မှန်​စုရုံး​ကြဖို့ မိန့်မှာ​ခံရ​ခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပါ။—ဟေဗြဲ ၁၀:၂၄၊ ၂၅သမ္မာ။

၁၃။ ခရစ်ယာန်​ဓမ္မ​အမှု​က ဝိညာဉ်ရေးတွင် နိုးကြား​နေဖို့ မည်သို့​ထောက်ကူ​ပေး​သနည်း။

၁၃ ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့ စိတ်နှလုံး​အကြွင်းမဲ့​ပါဝင်သော​အခါ​၌​လည်း နိုးနိုးကြားကြား​ရှိနေဖို့ အကူအညီ​ရသည်။ ခေတ်​ကာလ​၏​နိမိတ်​များနှင့် ၎င်းတို့၏​အဓိပ္ပာယ်​များ​ကို အခြားသူများ​အား ပြောပြ​ခြင်း​ထက် သာ၍​နိုးကြား​နေ​စေသော​နည်းလမ်း ရှိပါ​ဦး​မည်​လော။ ကျွန်ုပ်​တို့​ကျမ်းစာ​သင်ပေး​သူများ​သည် တိုးတက်လာ​ပြီး သူတို့​သိရှိလာရာ​များ​ကို လက်တွေ့​ကျင့်သုံး​စ​ပြု​ကြောင်း တွေ့ရှိ​ရသောအခါ ကျွန်ုပ်​တို့၏​အရေးတကြီး​သဘောထား ပြင်းပြ​လာ​သည်။ တမန်​တော်​ပေတရု​က “သင်တို့​စိတ်နှလုံး​ကို​ခါးပန်းစည်း​၍ . . . သတိ​ရှိကြလော့” ဟု​ဆို​သည်။ (၁ ပေတရု ၁:၁၃) ဝိညာဉ်​ရေး​ထိုင်း​မှိုင်း​မှု​အတွက် ဆေး​နည်းကောင်း​တစ်လက်​မှာ ‘သခင်​ဘုရား​၏​အမှုတော်​၌ လုပ်ကိုင်​စ​ရာ​များစွာ​ရှိနေခြင်း’ ဖြစ်သည်။—၁ ကောရိန္သု ၁၅:၅၈

ဝိညာဉ်​ရေး​ထိခိုက်​စေသော ဘဝ​ပုံစံ​များ​ကို​ရှောင်

၁၄။ လုကာ ၂၁:၃၄-၃၆ တွင်​ဖော်ပြ​သကဲ့သို့ အဘယ်​ဘဝ​ပုံစံ​များ​ကို ရှောင်ကြဉ်​ရန် ယေရှု​သတိပေး​ခဲ့​သနည်း။

၁၄ ယေရှုသည် မိမိ​ရောက်ရှိခြင်း​ဆိုင်ရာ မဟာ​ပရောဖက်ပြုချက်​တွင် နောက်​တစ်မျိုး​သတိပေး​သည်။ ကိုယ်တော်​ဤသို့​ဆို​၏– “သင်တို့သည် ကိုယ်ကို​ကိုယ်​သတိပြု​ကြလော့။ သို့​မဟုတ် အစားအသောက်​လွန်ကြူး​ခြင်း၊ လော[က]စိုးရိမ်ခြင်း​အားဖြင့် စိတ်နှလုံး​ပင်ပန်း​လျက်​နေစဉ်​တွင်၊ ထို​နေ့ရက်​သည် အမှတ်တမဲ့​သင်တို့​နှင့်​တွေ့ကြုံ​လိမ့်​မည်။ ထို​နေ့ရက်​သည် ပိုက်ကွန်​ကဲ့သို့ မြေတစ်ပြင်လုံး၌​နေသော​လူအပေါင်း​တို့ကို အုပ်မိ​လိမ့်​မည်။ ထို့​ကြောင့် သင်တို့သည် ဖြစ်လတ္တံ့​သော​အမှုအရာ​တို့​နှင့်​ကင်းလွတ်​၍ လူသား​ထံ​သို့​ရောက်​ခြင်း​ကို ခံထိုက်သော​သူ​ဖြစ်သည်ဟု မှတ်တော်မူ​မည်​အကြောင်း၊ အစဉ်​ဆုတောင်း​လျက်​စောင့်နေ​ကြလော့။” (လုကာ ၂၁:၃၄-၃၆) စားကြူး၊ သောက်ကြူး​၍ စိုးရိမ်မှု​များ​စေသော​အသက်ရှင်ပုံ​စ​သည့် လူအများ​လိုက်စား​ကြသော ဘဝ​ပုံစံ​များ​ကို ယေရှု​အတိအကျ​ဖော်ပြ​ခဲ့​သည်။

၁၅။ စားကြူး၊ သောက်ကြူး​ခြင်း​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​ရှောင်သင့်​သနည်း။

၁၅ စားကြူး၊ သောက်ကြူး​ခြင်း​တို့သည် ကျမ်းစာမူ​များနှင့် မညီ၊ ရှောင်​ရမည့်​အရာများ​ဖြစ်သည်။ သမ္မာကျမ်းစာ​က “စပျစ်​ရည်​သောက်ကြူး​သော​သူ၊ အ​မဲ​သားစား​ကြူး​သော​သူတို့ကို အပေါင်းအဖော်​မ​လုပ်​နှင့်” ဟု​ဖော်ပြ​သည်။ (သု. ၂၃:၂၀) သို့သော် စားကြူး၊ သောက်ကြူး​သည့်​အဆင့်​ရောက်​မှ အန္တရာယ်​ရှိသည်​မဟုတ်ပါ။ ထို​အဆင့်​မရောက်မီ အလွန်အကျွံ​စားသောက်ခြင်း​သည် လူတစ်ဦးကို ငိုက်မျဉ်း၊ ပျင်းရိ​စေနိုင်​သည်။ ကျမ်းစာ​ပါ ပညာရှိ​စကား​တစ်ခွန်း​က “ပျင်းရိ​သော​သူသည် အဘယ်အရာကို​မျှ တောင့်တ​၍​မရ​တတ်” ဟု​ဆို​၏။ (သု. ၁၃:၄) ထိုသို့​သော​သူ​တစ်ဦး​သည် ဘုရားသခင့်​အလိုတော်ကို ဆောင်ရွက်​လို​သော်လည်း ပေါ့ဆမှု​ကြောင့် သူ့​ဆန္ဒ​မပြည့်​နိုင်​ဘဲ​ရှိ​ပေမည်။

၁၆။ ကျွန်ုပ်​တို့​မိသားစု​အရေး စိုးရိမ်​ပူပန်မှု​များ​ဖြင့် ဝန်​လေး​နေခြင်း​ကို မည်သို့​ရှောင်နိုင်​သနည်း။

၁၆ ယေရှု​သတိပေး​ခဲ့​သော ဘဝ​စိုးရိမ်​ပူပန်မှု​များ​ကား အဘယ်နည်း။ ၎င်း​တို့​တွင် ကိုယ်ရေးကိုယ်တာ စိုးရိမ်​စ​ရာ​ကိစ္စ​များ၊ မိသားစုကို​ကျွေးမွေး​ပြုစု​ခြင်း အစ​ရှိသည်​တို့​ပါဝင်​သည်။ ၎င်း​တို့​နှင့် ဝန်​လေး​နေခြင်း​သည် ပညာ​မဲ့​လိုက်​လေ​ခြင်း! “အဘယ်သူ​သည် စိုးရိမ်ခြင်း​အားဖြင့် မိမိ​အသက်တာကို တစ်​တောင်​ခန့်မျှ တိုးပွား​စေနိုင်​သနည်း” ဟု​ယေရှု​မေးခဲ့သည်။ နားဆင်​သူတို့ကို ကိုယ်တော်​ဤသို့​တိုက်တွန်း​ခဲ့​သည်– “‘အဘယ်​သို့​စားသောက်​ရ​အံ့​နည်း၊ အဘယ်​သို့​ဝတ်​ရ​အံ့​နည်း’ ဟူ၍ မစိုးရိမ်​ကြ​နှင့်။ ထို​အရာများ​ကို လူတို့သည် ရှာဖွေ​တတ်ကြ​၏။ ထို​အရာများ​ကို သင်တို့သည် အသုံး​လို​ကြောင်းကို ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် သိတော်မူ၏။” ဘဝတွင် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ဦးစား​ထားပြီး ကျွန်ုပ်​တို့​လိုအပ်ရာ​ကို ယေဟောဝါ​ဖြည့်စွက်​ပေး​မည်​ဟု ယုံကြည်​စိတ်ချ​နေခြင်း​သည် စိုးရိမ်​ပူပန်မှု​များ​ကို ဟန့်တား​ထားပြီး နိုးနိုးကြားကြား​ရှိစေပါ​လိမ့်​မည်။—မဿဲ ၆:၂၅-၃၄

၁၇။ ရုပ်ပစ္စည်း​လိုက်စားခြင်း​က စိုးရိမ်​ပူပန်မှု မည်သို့​များ​စေနိုင်​သနည်း။

၁၇ ရုပ်ပစ္စည်း​လိုက်စားခြင်း​ဖြင့်​လည်း စိုးရိမ်​ပူပန်မှု​ဖြစ်ပေါ်​နိုင်​ပါ​သည်။ ဥပမာ၊ အချို့​သူတို့သည် အသုံးအစွဲ​ကြီး​လွန်း​ခြင်း​ကြောင့် ဘဝကို​ရှုပ်ထွေး​စေ​ကြသည်။ အခြားသူ​တို့​မူ ဖြတ်လမ်းနည်း​ဖြင့်​ချမ်းသာ​ရန် ကြံဖန်​ပြုလုပ်ခြင်း​နှင့် အရဲစွန့်​၍ ငွေ​ရင်းနှီး​မြှုပ်နှံခြင်း​တို့​ဖြင့် သွေးဆောင်​ခံ​ခဲ့​ရပြီ။ အခြားသူ​တို့အတွက်​မူ ငွေကြေး​ချမ်းသာ​ရန် လောက​ပညာရေး​သည် ထောင်ချောက်​ဖြစ်​လေ​ပြီ။ အလုပ်အကိုင်​ရရှိဖို့ အတိုင်းအတာ​တစ်ခု​အထိ ကျောင်း​ပညာ​လိုအပ်​သည်​မှာ မှန်​ပါ​၏။ သို့သော် အချိန်​စား​သော အဆင့်မြင့်​လောက​ပညာရေး​ကို လိုက်စားခြင်း​ဖြင့် အချို့​တို့သည် မိမိတို့​ဝိညာဉ်​ရေး​ကို ထိခိုက်​စေ​ခဲ့​ကြပြီ။ ယေဟောဝါ​၏​နေ့ ရောက်လု​နီးပြီ​ဖြစ်​ရာ ထို​အခြေအနေ​မျိုး​၌​ရှိနေခြင်း​သည် အန္တရာယ်များ​သည်​တကား! သမ္မာကျမ်းစာ​က ဤသို့​သတိပေး​သည်– “ငွေ​ရ​တတ်​ခြင်း​ငှာ​အလိုရှိ​သော​သူတို့သည် အပြစ်​သွေးဆောင်ခြင်း၊ ဖမ်းမိ​ခြင်း၊ မိုက်မဲ​ဖျက်ဆီး​တတ်သော​တပ်မက်​ခြင်း​များ​ထဲ​သို့ ကျရောက်​တတ်ကြ​၏။ ထိုသို့​အားဖြင့် လူတို့သည် အကျိုး​နည်း​ခြင်း၊ ပျက်စီးခြင်း​၌​နစ်မွန်း​တတ်ကြ​၏။”—၁ တိမောသေ ၆:၉

၁၈။ စည်းစိမ်ဥစ္စာ​အဓိက​ထားသော ဘဝ​ပုံစံ​ထဲ​မကျရောက်​စေဖို့ အဘယ်​စွမ်းရည်​ကို ကျွန်ုပ်​တို့ ပြုစု​ပျိုးထောင်​ရမည်​နည်း။

၁၈ ရုပ်ပစ္စည်း​လိုက်စား​သော​ဘဝ​ပုံစံ​ထဲ မကျရောက်​မိ​စေဖို့ ဆုံးဖြတ်ချက်​များ​ချ​သောအခါ အမှား​နှင့်​အမှန် ခွဲခြား​သိမြင်နိုင်စွမ်း​ကို ပြုစု​ပျိုးထောင်​ခြင်း အရေးပါ​သည်။ ‘အရွယ်ရောက်​သူတို့​အဖို့​ဖြစ်သော ကြေ​ခဲ​သော​အစာ​အာဟာရ’ ကို မှန်မှန်​သုံးဆောင်​၍ ‘ကိုယ့်​အာရုံများ​ကို အသုံးပြုပြီး ပိုင်းခြား​သိမြင်’ တတ်​ခြင်း​တို့​ဖြင့် အဆိုပါ​စွမ်းရည်​ကို ဖွံ့ဖြိုး​ရင့်သန်​စေနိုင်​သည်။ (ဟေဗြဲ ၅:၁၃၊ ၁၄) ဦးစားပေး​စ​ရာ​များ​ကို ရွေး​စီစဉ်​ရာ​တွင် ‘သာ၍​အရေးကြီးသော​အရာများ​ကို’ အသေအချာ​သိထားခြင်းက ဆုံးဖြတ်ချက်​မမှား​ဖို့ ကာကွယ်​ပေး​မည်။—ဖိလိပ္ပိ ၁:၁၀၊ ၁၁

၁၉။ ဝိညာဉ်​ရေးရာ​များ​အတွက် အချိန်​နည်း​နေကြောင်း သတိပြုမိ​လျှင် ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​သင့်​သနည်း။

၁၉ စည်းစိမ်ဥစ္စာ​အဓိက​ထား​သည့်​ဘဝ​ပုံစံ​သည် အဖြစ်မှန်​ကို​မမြင်နိုင်​ဘဲ ဝိညာဉ်​ရေးရာ​များ​အတွက် အချိန်​မရှိသလောက်​ဖြစ်စေ​နိုင်​သည်။ ဤသို့​သော​ဘဝ​ပုံစံ​တွင် ကျော့မိ​ခြင်း​ကို ရှောင်နိုင်​ရန် ကိုယ့်​ကိုယ်ကို မည်သို့​ဆန်းစစ်​ကြည့်​နိုင်​သနည်း။ ကျွန်ုပ်​တို့၏​ဘဝကို မည်သို့​နှင့် မည်သည့်​အတိုင်းအတာ​အထိ ရိုးရှင်း​စေနိုင်​ကြောင်းကို ဆုတောင်း​သုံးသပ်​ဖို့​လို​သည်။ ရှေးခေတ်​ဣသရေလ​ဘုရင် ရှောလမုန်က ဤသို့​ဆို​ခဲ့​သည်– “အလုပ်လုပ်​သော​သူသည် များစွာ​စား​သည်​ဖြစ်စေ၊ အနည်းငယ်​စား​သည်​ဖြစ်စေ အ​အိပ်​မြိ​န်​တတ်၏။ ရ​တတ်သော​သူ၏​စည်းစိမ်​မူ​ကား စည်းစိမ်​ရှင်​ကို အအိပ်ပျက်​စေ​တတ်၏။” (ဒေ. ၅:၁၂) မလို​အပ်သော​ပစ္စည်းဥစ္စာ​များ​ကို ကြည့်ရှု​ပြုစု​နေရ​ခြင်း​သည် ကျွန်ုပ်​တို့​အချိန်​နှင့် ခွန်အား​များ​ကို ကုန်ခန်း​စေ​သလော။ ကျွန်ုပ်​တို့​ပစ္စည်း​များများ​ပိုင်ဆိုင်​လေ ပြုပြင်​ရ၊ အာမခံ​ထား​ရပြီး ထိန်းသိမ်း​ရသည့်​ပစ္စည်း​များ​လေ​ဖြစ်သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​ပိုင်ဆိုင်​သော​အရာအချို့​ကို ဖယ်ရှားပစ်​ခြင်း​ဖြင့် မိမိတို့​ဘဝကို ရိုးရှင်း​စေနိုင်​မည်​လော။

သို့​ဖြစ်၍ ကိုယ်တိုင်​အသင့်ရှိနေ​လော့

၂၀၊ ၂၁။ (က) တမန်​တော်​ပေတရု​သည် ယေဟောဝါ​၏​နေ့​နှင့်​စပ်လျဉ်း၍ အဘယ်​အာမခံချက်​ပေး​ထား​သနည်း။ (ခ) ယေဟောဝါ​၏​နေ့​အတွက် ကျွန်ုပ်​တို့​အသင့်​ရှိကြောင်း​သက်သေထူ​စဉ် အဘယ်​လုပ်ဆောင်မှုများ​ကို ကျွန်ုပ်​တို့ ဆက်​လုပ်ဆောင်​ရမည်​နည်း။

၂၀ နောဧ​လက်ထက်​ရှိ လောက​အတွက် အချိန်ကုန်​ဆုံး​ခဲ့​သည်၊ လက်ရှိ​အစီအစဉ်​စနစ်​အတွက်​လည်း အချိန်ကုန်​ဆုံး​ပါ​တော့​မည်။ တမန်​တော်​ပေတရု​က ကျွန်ုပ်​တို့ကို ဤသို့​အသေအချာ​သတိပေး​သည်– “သူခိုး​သည် ည​ဉ့်​အခါ​လာ​သကဲ့သို့၊ ထာဝရ​ဘုရား​၏​နေ့ရက်​သည်​လာ​လိမ့်​မည်။ ထို​နေ့၌ မိုးကောင်းကင်​သည် ကြီးစွာ​သော​အသံ​နှင့်​တကွ ပျောက်​သွား​လိမ့်​မည်။ လောကဓာတ်​တို့သည် ပူ​အားကြီး​၍ ပျက်​ကြလိမ့်မည်။ မြေကြီး​ကိုယ်​မှ​စ၍၊ မြေကြီး​ပေါ်မှာ ပြုလုပ်​သမျှ​သော​အရာ​တို့သည် ကျွမ်းလောင်​ကြလိမ့်မည်။” ပုံဆောင်​ကောင်းကင်​ဖြစ်သည့် ဆိုးသွမ်း​သော​အုပ်ချုပ်ရေး​များ​ဖြစ်စေ၊ ပုံဆောင်​မြေကြီး​ဖြစ်သည့် ဘုရားသခင်​နှင့်​ကင်းကွာ​နေသော လူသားထု​ဖြစ်စေ ဘုရားသခင့်​ဒေါသ​အမျက်မီး​ကို လွတ်မြောက်​လိမ့်​မည်​မဟုတ်ပါ။ အဆိုပါ​နေ့ရက်​အတွက် ကျွန်ုပ်​တို့​အသင့်ရှိနေ​ကြောင်း မည်သို့​သက်သေထူ​နိုင်​သည်ကို ပေတရု ဤသို့​ဖော်ပြ​သည်– “သို့​ဖြစ်၍၊ ဤ​အရာအလုံးစုံ​တို့သည် ကုန်စင်​မည်​မှန်သော​ကြောင့်၊ မိုးကောင်းကင်​သည် မီး​နှင့်​ပျက်​၍ လောကဓာတ်​တို့သည် ပူ​အားကြီး​လျက်၊ အရည်ကျို​ခြင်း​ကို​ခံရ​သော​နေ့​တည်း​ဟူသော ဘုရားသခင်​၏​နေ့​ရောက်​လိမ့်​မည်​ဟု သင်တို့သည် မျှော်လင့်​တောင့်တ​လျက်၊ သန့်ရှင်းသော​အကျင့်ကို​ကျင့်​ခြင်း၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း​အားဖြင့်၊ အဘယ်​သို့​သော​သူ​ဖြစ်​အပ်​ကြ​သနည်း။”—၂ ပေတရု ၃:၁၀-၁၂

၂၁ အဆိုပါ​ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း အကျင့်​နှင့် အပြု​အမူ​များ​တွင် ခရစ်ယာန်​အစည်းအဝေး​များ မှန်မှန်​တက်​ခြင်း​နှင့် သတင်းကောင်း​ဟောပြောခြင်း​တို့ ပါဝင်​သည်။ ယေဟောဝါ​၏​နေ့ကြီး​ကို စိတ်ရှည်​စွာ​စောင့်မျှော်​နေစဉ် ဘုရားသခင်​ကို​ဆည်းကပ်​ဝတ်ပြုမှု​ဖြင့် အဆိုပါ​လုပ်ရပ်များ​ကို စိတ်ရောကိုယ်ပါ လုပ်ဆောင်ကြပါစို့။ “[ဘုရားသခင့်] မျက်မှောက်တော်၌ အစွန်းအကွက်​ကင်းစင်​၍ အပြစ်တင်​ခွင့်​မရှိဘဲ ငြိမ်သက်​စွာ​ရှိ​နေနိုင်​ကြ​မည်​အကြောင်း [“အစွမ်းကုန်၊” သတင်းကောင်း] ကြိုးစား​အားထုတ်​ကြ” ပါ​စို့။—၂ ပေတရု ၃:၁၄သမ္မာ။

သင်​မှတ်မိ​သလော

• ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​နေ့​အတွက် အသင့်ရှိနေ​ကြောင်း အဘယ်ကြောင့် သက်သေထူ​သင့်​သနည်း။

• သာမန်​ကိစ္စရပ်​များသည် ကျွန်ုပ်​တို့​ဘဝတွင် အဓိက​ဖြစ်လာ​ပါ​က မည်သို့​ပြုသင့်​သနည်း။

• ဝိညာဉ်​ရေး​ငိုက်မျဉ်း​ခြင်း​ကို တိုက်လှန်​ရန် အဘယ်အရာက ကျွန်ုပ်​တို့ကို ထောက်ကူ​ပေး​မည်​နည်း။

• အန္တရာယ်​ရှိသော အဘယ်​ဘဝ​ပုံစံ​များ​ကို ကျွန်ုပ်​တို့​ရှောင်​ရမည်​နည်း၊ မည်သို့​အားဖြင့်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀၊ ၂၁ ပါ ရုပ်ပုံ]

နောဧ​ခေတ်​ရှိ​လူတို့သည် ရောက်​အံ့​ဆဲ တရား​စီရင်ခြင်း​ကို အလေး​မထားခဲ့ကြ​ချေ —အသင်​ကော

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဝိညာဉ်​ရေးရာ​များ​ကို အချိန်ပို​ပေး​ရန် သင့်​ဘဝကို​ရိုးရှင်း​စေနိုင်​သလော