မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတိနှင့်စောင့်နေခြင်း သာ၍အရေးတကြီးဖြစ်လာ

သတိနှင့်စောင့်နေခြင်း သာ၍အရေးတကြီးဖြစ်လာ

သတိ​နှင့်​စောင့်နေ​ခြင်း သာ၍​အရေးတကြီး​ဖြစ်လာ

“သင်တို့​အရှင်​သည် အဘယ်​အချိန်နာရီ​၌ ရောက်လာ​မည်​ကို သင်တို့​မသိသော​ကြောင့် စောင့်နေ​ကြလော့။”—မဿဲ ၂၄:၄၂

၁၊ ၂။ ကျွန်ုပ်​တို့သည် လက်ရှိ​အစီအစဉ်​စနစ်​၏ ဆုံးခန်း​ချိန်​၌ အသက်ရှင်နေ​ကြောင်း အဘယ်အရာက​ဖော်ပြ​သနည်း။

“နှစ်​ဆယ်ရာစု​သည် အခြား​အရာအားလုံး​တို့​ထက် စစ်​၏​လွှမ်းမိုးမှုကို​ခံ​ခဲ့​ရသည်” ဟု​စာရေး​ဆရာ ဘေးလ် အဲ​မော့​ထ်​က​ဆို​၏။ လူ့​သမိုင်း​ခေတ်​ကာလ​အားလုံး​သည် စစ်ပွဲ​များနှင့် အကြမ်းဖက်မှု​တို့၏ ဖိစီး​လွှမ်းမိုးမှုကို ကြုံတွေ့​ခဲ့​ရ​ကြောင်း အသိအမှတ်ပြု​ဝန်ခံ​ရင်း သူ​ဤသို့​ဖြည့်စွက်​ပြော​သည်– “နှစ်​ဆယ်ရာစု ရင်ဆိုင်​ကြုံတွေ့​ရသည်မှာ အမျိုးအစား​အရ မ​ကွာ​သော်လည်း ပြင်းထန်မှု​ပမာဏ​၌​မူ ကွာခြား​၏။ ကမ္ဘာ​တစ်ဝန်း ပဋိပက္ခ​ဖြစ်မှု​ကို ကြုံကြိုက်​ရသော ပထမ​ဆုံး​ရာစု​ဖြစ်၏။ . . . ၎င်း​ပြင် ထို​အချက်​ကို သိသာ​ထင်ရှားစေ​သည့်​အလား၊ ကမ္ဘာချီ​ပဋိပက္ခ​တစ်ခု​သာ​မဟုတ်၊ နှစ်ခု ဖြစ်ပျက်​ခဲ့​သည်။”

‘လူ​တစ်မျိုး​နှင့်​တစ်မျိုး၊ တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ’ ပါဝင်​တိုက်ခိုက်​မည့်​စစ်ပွဲ​များ​အကြောင်းကို ယေရှု​ခရစ်​ကြိုတင်​ဟောပြောခဲ့​သည်။ သို့သော် ၎င်းတို့သည် ‘ခရစ်တော်​ရောက်ရှိ​နေခြင်း​နှင့် ဤ​စနစ်​ဆုံးခန်း​၏​နိမိတ်’ လက္ခဏာ​တစ်ခုမျှသာ​ဖြစ်၏။ ထို​မဟာ​ပရောဖက်ပြုချက်​တွင် ယေရှုသည် ငတ်မွတ်​ခေါင်းပါး​ခြင်း၊ ကပ်ရောဂါ​များနှင့် မြေငလျင်​လှုပ်ခြင်း​များ​အကြောင်းလည်း ဖော်ပြ​သေး​သည်။ (မဿဲ ၂၄:၃၊ ၇၊ ၈; လုကာ ၂၁:၆၊ ၇၊ ၁၀၊ ၁၁) အဆိုပါ​ကပ်ဘေး​များ​၏ အတိုင်းအတာ​နှင့် ပြင်းထန်မှု​သည် နည်း​မျိုးစုံ​ဖြင့် တိုးပွား​များပြား​လာ​ခဲ့ပြီ။ လူ့​ဆိုးသွမ်းမှု ပျံ့နှံ့​လျက်​ရှိကြောင်း ဘုရားသခင်​နှင့် လူ​လူ​ချင်း​အပေါ် လူတို့၏​သဘောထား​က ထင်ရှားစေ​သည်။ ကိုယ်ကျင့်တရား​ယိုယွင်းမှု​နှင့် ရာဇဝတ်မှု၊ အကြမ်းဖက်မှု​တို့ တိုးပွား​များပြား​လာ​ကြောင်း ထင်ရှား​သည်။ လူတို့သည် ဘုရားသခင်​ကို​ချစ်​သည်ထက် ငွေ​ကို​ချစ်​လာကြပြီး အပျော်အပါး​ကို စွဲလမ်း​နေကြ​သည်။ ဤ​အရာအားလုံး​က “ခဲယဉ်း​သော​ကာလ” ၌​ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​ခြင်း​၏ သက်သေ​သာဓက​ဖြစ်သည်။—၂ တိမောသေ ၃:၁-၅

၃။ “ကပ်ကာလ​၏​နိမိတ်​လက္ခဏာ​တို့” သည် ကျွန်ုပ်​တို့ကို မည်သို့​အကျိုး​သက်ရောက်​သင့်​သနည်း။

လူ့​အရေးကိစ္စ​များ ဆိုး​သည်ထက်​ဆိုး​လာ​ခြင်း​ကို သင်​မည်သို့​ယူဆ​သနည်း။ မျက်မှောက်ခေတ် စိတ်​ဆင်းရဲ​စ​ရာ​အဖြစ်အပျက်​များ​ကို အလေး​ဂ​ရု​မပြု၊ မှု​ပင်မ​မှု​ကြ​သူ များစွာ​ရှိ၏။ ဤ​လောကတွင် ဩဇာ​ရှိသူ​များနှင့် ပညာရှင်​များသည် “ကပ်ကာလ​၏​နိမိတ်​လက္ခဏာ​တို့” ၏​အနက်​အဓိပ္ပာယ်​ကို ပိုင်းခြား​သိမြင်ခြင်း​မရှိကြ; ဘာသာရေး​ခေါင်းဆောင်​တို့​က​လည်း ယင်း​နှင့်​ပတ်သက်​၍ တော်မှန်​သည့်​လမ်းညွှန်မှု မပေး​ကြ​ချေ။ (မဿဲ ၁၆:၁-၃) သို့သော် မိမိ၏​နောက်လိုက်​များ​ကို ယေရှု​ဤသို့​သတိပေး​ခဲ့​သည်– “သင်တို့​အရှင်​သည် အဘယ်​အချိန်နာရီ​၌ ရောက်လာ​မည်​ကို သင်တို့​မသိသော​ကြောင့် စောင့်နေ​ကြလော့။” (မဿဲ ၂၄:၄၂) ဤ​တွင် ယေရှု​က အခါ​အား​လျော်​စွာ စောင့်​ဖို့​သာ​မဟုတ်ဘဲ သတိ​နှင့်​ဆက်၍ “စောင့်​နေကြ” ဖို့ ကျွန်ုပ်​တို့ကို တိုက်တွန်း​ထား​သည်။ ဆက်၍​သတိ​နှင့်​စောင့်နေ​ဖို့ ကျွန်ုပ်​တို့သည် သတိ​ဝီရိယ​နှင့် နိုးနိုးကြားကြား​ရှိနေကြ​ရမည်။ ထိုသို့​ပြု​ရန် ကျွန်ုပ်​တို့သည် နောက်ဆုံး​ကာလ​၌ အသက်ရှင်​နေ၍ အခြေအနေ​များ​ခက်ခဲ​ကြောင်း အသိအမှတ်ပြု​ရုံ​နှင့် မပြီး​ချေ။ “ခပ်သိမ်း​သော​အမှုအရာ​တို့သည် အဆုံး​သို့​ရောက်လု” ပြီ​ဟု အခိုင်အမာ​ခံယူ​ထား​ရမည်။ (၁ ပေတရု ၄:၇) ထိုသို့​ပြု​မှ​သာ အရေးတကြီး​သဘောထား​ဖြင့် သတိ​နှင့်​စောင့်နေ​ကြလိမ့်မည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​ပြန်​သုံးသပ်​ရမည့်​မေးခွန်း​မှာ ‘အဆုံးနီးပြီ​ဟူသော ကျွန်ုပ်​တို့၏​ခံယူ​ချက်​ကို အဘယ်အရာက ခွန်အား​ရှိစေ​မည်​နည်း။’

၄၊ ၅။ (က) ဤ​အစီအစဉ်​စနစ်ဆိုး​၏​အဆုံးနီးလာ​ပြီ​ဟူသော ကျွန်ုပ်​တို့၏​ခံယူ​ချက်​ကို အဘယ်အရာက ခွန်အား​ရှိစေ​မည်​နည်း၊ အဘယ်ကြောင့်​နည်း။ (ခ) နောဧ​ခေတ်​နှင့် လူသား​ရောက်ရှိ​နေခြင်း​တို့၏ ဆင်တူချက်​တစ်ခု​ကား အဘယ်နည်း။

လူ့​သမိုင်း​တွင် တစ်ကြိမ်​တည်း​သာ​ဖြစ်​ခဲ့​ဖူး​သော နောဧ​ခေတ်​ရေလွှမ်းမိုး​ဘေး​ကြီး မတိုင်မီ​က အခြေအနေ​များ​ကို ပြန်​သုံးသပ်ကြည့်​ပါ။ လူ​တို့​အလွန်​ဆိုးသွမ်း​သည့်​အတွက် ယေဟောဝါ​သည် “နှလုံးတော်​ပူပန်​လျက်​ရှိ​တော်​မူ​၏။” ထို့​ကြောင့် ကိုယ်တော်​က “ငါ​ဖန်ဆင်း​သော​လူကို . . . မြေကြီး​မျက်နှာ​မှ ငါ​သုတ်သင်​ပယ်ရှင်း​မည်” ဟု​ကြေညာ​ခဲ့​သည်။ (ကမ္ဘာဦး ၆:၆၊ ၇) ကြေညာ​သည့်​အတိုင်း ကိုယ်တော်​ပြု​တော်​မူ​ခဲ့​သည်။ ထို​ခေတ်​နှင့် ယခု​ခေတ်​ကို ယေရှု​ဤသို့​နှိုင်းယှဉ်​ပြော​ခဲ့​သည်– “လူသား​သည်​ကြွလာ​သောအခါ နောဧ​လက်ထက်​၌​ဖြစ်​သကဲ့သို့ ဖြစ်​လိမ့်​မည်။”—မဿဲ ၂၄:၃၇

ယေဟောဝါ​သည် ရေလွှမ်းမိုး​ဘေး​မတိုင်မီ​က လောက​အပေါ် သဘောထား​ခဲ့​သည့်​နည်းတူ လက်ရှိ​လောကကို သဘောထား​သည်​ဟု ယူဆ​ခြင်း​သည် ကျိုးကြောင်း​ဆီလျော်​ပါ​သည်။ ကိုယ်တော်​သည် နောဧ​ခေတ်​မှ ဘုရားတရား​မဲ့​လောကကို အဆုံးတိုင်​စေ​ခဲ့​သောကြောင့် လက်ရှိ​ဆိုးသွမ်း​သော​လောကကို​လည်း အမှန်​ဖျက်ဆီး​ပစ်​ပါ​လိမ့်​မည်။ ထို​ခေတ်​နှင့် ယခု​ခေတ်​ဆင်တူချက်​များ​ကို ရှင်းရှင်း​နားလည်​ထားခြင်း​က လက်ရှိ​လောက​၏​အဆုံးနီးပြီ​ဟူသော ကျွန်ုပ်​တို့၏​ခံယူ​ချက်​ကို ခိုင်မာ​စေ​သင့်​သည်။ သို့​ဖြစ်၍ အဘယ်​ဆင်တူချက်​များ​ရှိ​သနည်း။ အနည်းဆုံး​ငါး​ခု​ရှိ၏။ ပထမ​တစ်ခု​မှာ ရောက်လာ​တော့​မည့်​ဖျက်ဆီးခြင်း​ဘေး​ကို ရှင်းလင်း​ပြတ်သား​စွာ သတိပေး​ခြင်း​ဖြစ်၏။

“မမြင်​သေး​သော​အမှုအရာ​တို့” နှင့်​ပတ်သက်​၍ သတိပေး​ခံ​ခဲ့​ရ

၆။ နောဧ​ခေတ်တွင် အဘယ်​ကြိုတင်​သတိပေး​ချက်​ကို ယေဟောဝါ​ပေး​ခဲ့​ပုံ​ရသနည်း။

နောဧ​ခေတ်တွင် ယေဟောဝါ​ဤသို့​ကြေညာ​ခဲ့​သည်– “ငါ့​ဝိညာဉ်​သည်​လူ​တို့​တွင် အစဉ် မဆုံးမ​ရ။ အကြောင်း​မူ​ကား လူတို့သည်​အသား​ဖြစ်၏။ သူ၏​အသက်​တမ်း​သည်လည်း အနှစ်​တစ်​ရာ​နှစ်​ဆယ်​ဖြစ်စေ။” (ကမ္ဘာဦး ၆:၃) ဘီ.စီ.အီး. ၂၄၉၀ ပြည့်နှစ်​တွင်​ထုတ်ဆင့်​ခဲ့​သော ဘုရားသခင့်​ဤ​မိန့်မှာချက်​က ဘုရားတရား​မဲ့​သော အဆိုပါ​လောက​၏​နိဂုံး​စတင်ချိန်​ကို မှတ်သား​ဖော်ပြ​သည်။ ထို​မိန့်မှာချက်​သည် ထို​ခေတ်​ရှိ​သူများ​အတွက် အဘယ်​အဓိပ္ပာယ်​ရှိကြောင်း စဉ်းစား​ကြည့်​ပါ! အနှစ် ၁၂၀ မျှ​သာ​ကျန်​တော့​ကာ ယေဟောဝါ​သည် “အသက်ရှင်​သော​သတ္တဝါ​အပေါင်း​တို့ကို ကောင်းကင်​အောက်​မှ . . . ပယ်ရှင်း​ခြင်း​ငှာ မြေကြီးကို​ရေလွှမ်းမိုး​စေ” တော်​မူ​မည်။—ကမ္ဘာဦး ၆:၁၇

၇။ (က) ရေလွှမ်းမိုး​ဘေး​ဖြစ်​မည်​ဟု သတိပေး​ချက်​ကို နောဧ​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ (ခ) ဤ​အစီအစဉ်​စနစ်​ဆုံးခန်း​၏ သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့ မည်သို့​တုံ့ပြန်​သင့်​သနည်း။

နောဧ​သည် ဖြစ်​အံ့​ဆဲ​ဆဲ​ဘေး​ကြီး​နှင့်​ပတ်သက်​၍ ဆယ်စုနှစ်​နှင့်​ချီ ကြိုတင်​သတိပေး​ခံ​ခဲ့​ရပြီး ကပ်ကျော်​ရန်​ပြင်ဆင်​ဖို့ ကျန်ရှိ​ချိန်​ကို ပညာရှိရှိ​အသုံးပြု​ခဲ့​သည်။ “နောဧ​သည် မမြင်​သေး​သော​အမှုအရာ​တို့ကို​ဖော်ပြ​သော [ဘုရားသခင့်​သတိပေး​ချက်] ကို​ခံရ​ပြီး​မှ . . . ကြောက်ရွံ့​သော​စိတ်​ရှိ၍၊ မိမိ​အိမ်သူအိမ်သား​တို့ကို ကယ်တင်ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ​၏” ဟု​တမန်​တော်​ပေါလု​ဆို​၏။ (ဟေဗြဲ ၁၁:၇) ကျွန်ုပ်​တို့​ကော။ ဤ​အစီအစဉ်​စနစ်​၏ နောက်ဆုံး​နေ့ရက်​များသည် ၁၉၁၄ ခုနှစ်​တွင် စတင်​ပြီး​နောက် ယခု အနှစ် ၉၀ ခန့်​အချိန်​ကုန်လွန်​ခဲ့ပြီ။ ကျွန်ုပ်​တို့သည် “အမှု​ကုန်​ရသည်​ကာလ” တွင် အမှန်​အသက်​ရှင်​နေကြ​ရသည်။ (ဒံယေလ ၁၂:၄) ကျွန်ုပ်​တို့​ရရှိ​ထားသော သတိပေး​ချက်​ကို မည်သို့​တုံ့ပြန်​သင့်​သနည်း။ “ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ . . . ထာဝရ​တည်​၏” ဟု​သမ္မာကျမ်းစာ​ဆို​သည်။ (၁ ယောဟန် ၂:၁၇) ထို့​ကြောင့် ယခု​အချိန်​သည် အရေးတကြီး​သဘောထား ပြင်းပြ​စွာ​ဖြင့် ယေဟောဝါ​၏​အလိုတော်ကို လုပ်ဆောင်​ရမည့်​အချိန်​ဖြစ်၏။

၈၊ ၉။ မျက်မှောက်ခေတ်တွင် အဘယ်​သတိပေး​ချက်​များ ပေး​ထား​သနည်း၊ ယင်း​တို့ကို မည်သို့​ကြေညာ​နေသနည်း။

ယခု​ခေတ် စိတ်ရင်းမှန်​သော ကျမ်းစာ​ကျောင်းသား​များသည် ဤ​အစီအစဉ်​စနစ် ဖျက်ဆီး​ခံရ​တော့​မည့်​အကြောင်း မှုတ်သွင်းခံကျမ်း​စာ​မှ သိရှိ​ခဲ့​ကြသည်။ ယင်းကို ကျွန်ုပ်​တို့​ယုံကြည်ပါ​သလော။ ယေရှု​ခရစ်​က ‘ကမ္ဘာဦး​မှ​စ၍​မဖြစ်​စ​ဖူး နောက်​၌​လည်း​မဖြစ်​လတ္တံ့​သော ကြီးစွာ​သော​ဆင်းရဲခြင်း​သည် ထို​ကာလ​၌​ဖြစ်​လိမ့်​မည်’ ဟု​အတိအလင်း​ဖော်ပြ​ခဲ့​ကြောင်း သတိပြုပါ။ (မဿဲ ၂၄:၂၁) ယေရှု​က မိမိသည် ဘုရားသခင်​၏​ခန့်အပ်​ခံ တရားသူကြီး​အဖြစ် ကြွ​လာ၍ သိုးထိန်း​သည် သိုး​နှင့်​ဆိတ်​တို့ကို တခြား​စီ​ခွဲထား​သကဲ့သို့ လူ​တို့ကို ခွဲခြား​မည်​ဟု​လည်း မိန့်တော်မူ​ခဲ့​သည်။ မထိုက်တန်သူ​များသည် “ထာဝရ​အပြစ်ဒဏ်​ခံ​ရာ​သို့​လည်းကောင်း၊ ဖြောင့်မတ်​သော​သူတို့မူကား ထာဝရ​အသက်ရှင်​ရာ​သို့​လည်းကောင်း သွား​ကြ​လတ္တံ့။”—မဿဲ ၂၅:၃၁-၃၃၊ ၄၆

ယေဟောဝါ​သည် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ ကျွေးမွေး​သော ဝိညာဉ်​အစာ​မှ​တစ်ဆင့် အချိန်တန်​နှိုးဆော်ချက်​များ​အားဖြင့် မိမိ၏​လူမျိုးတော်​အား ဤ​သတိပေး​ချက်​များ​ကို အာရုံစိုက်​စေ​ခဲ့ပြီ။ (မဿဲ ၂၄:၄၅-၄၇) ထို့​ပြင် ‘တရား​စီရင်တော်မူ​မည့်​အချိန်နာရီ ဆိုက်ရောက်​ပြီ​ဖြစ်၍ ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ဘုန်းတော်​ကို​ချီးမွမ်း​ကြ’ ရန် လူမျိုး၊ အနွယ်၊ ဘာသာ​စကား​နှင့် လူ​အသီးသီး​တို့ကို ဖိတ်ခေါ်​ထား​သည်။ (ဗျာ. ၁၄:၆၊ ၇) မကြာမီ လူ့​အုပ်ချုပ်မှု​ကို ဘုရားသခင့်​နိုင်ငံတော်​က ဖယ်ရှားပစ်​တော့​မည်​ဟူသော သတိပေး​ချက်​သည် ယေဟောဝါသက်သေ​များ ကမ္ဘာ​တစ်ဝန်း ဟောပြောနေ​သော ဘုရားသခင့်​နိုင်ငံတော်​သတင်း​၏ အရေးကြီး​အစိတ်အပိုင်း​ဖြစ်၏။ (ဒံယေလ ၂:၄၄၊ ၄၅) ဤ​သတိပေး​ချက်​ကို ပေါ့ပေါ့ဆဆ သဘော​မထားသင့်​ပါ။ အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​သည် အစဉ်​ကတိတည်​တော်​မူ​၏။ (ဟေရှာယ ၅၅:၁၀၊ ၁၁) နောဧ​ခေတ်​၌ ကိုယ်တော်​ကတိတည်​ခဲ့​သည့်​နည်းတူ ကျွန်ုပ်​တို့​ခေတ်​၌​လည်း ကတိတည်​ပါ​လိမ့်​မည်။—၂ ပေတရု ၃:၃-၇

လိင်​အကျင့်​ယိုယွင်းမှု ပျံ့နှံ့​လာ

၁၀။ နောဧ​ခေတ်​ရှိ လိင်​အကျင့်​ယိုယွင်းမှု​နှင့်​ပတ်သက်​၍ မည်သို့​ဆိုနိုင်​သနည်း။

၁၀ ကျွန်ုပ်​တို့​ခေတ်​သည် နောဧ​ခေတ်​နှင့် အခြား​နည်း​တစ်နည်း​တွင် ဆင်တူ​၏။ ဘုရားသခင်​ပေး​ထားသော လိင်ဆိုင်ရာ​အစွမ်း​ကို အိမ်ထောင်​အစီအစဉ်​အတွင်း အသရေ​ရှိ​စွာ​အသုံးပြုခြင်း​ဖြင့် လူ​တို့​နှင့် “မြေကြီးကို​ပြည့်စေ” ရန် ပထမ​လူသား​မောင်နှံ​ကို ယေဟောဝါ​မိန့်မှာ​ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၈) နောဧ​ခေတ်တွင် နာခံမှု​မရှိသော ကောင်းကင်တမန်​များသည် လိင်​ဖောက်ပြန်မှု​ဖြင့် လူ့​လောကကို ညစ်ညူး​စေ​ခဲ့​ကြသည်။ သူတို့​မြေကြီးပေါ်​သို့​ဆင်း​လာ၍ လူ​ကိုယ်ခန္ဓာ​ယူတင်​ပြီး လှပသော​လူ့​သမီး​များနှင့် အတူ​နေကြ​ကာ လူတစ်ပိုင်း နတ်ဆိုး​တစ်ပိုင်း​ဖြစ်သော နက်​ဖလင်​များ​ကို မွေးဖွား​ခဲ့​ကြသည်။ (ကမ္ဘာဦး ၆:၂၊ ၄) တပ်မက်မှု​ကြီးသော ဤ​ကောင်းကင်တမန်​များ​၏​အပြစ်ကို သောဒုံ​နှင့် ဂေါမောရ​မြို့များ​၏ အကျင့်ပျက်မှု​နှင့် ဆက်စပ်​ထား​သည်။ (ယုဒ ၆၊ ၇) သို့​ဖြစ်၍ ထို​ခေတ်တွင် လိင်​အကျင့်​ယိုယွင်းမှု ပျံ့နှံ့​ခဲ့​သည်။

၁၁။ အဘယ်​ကိုယ်ကျင့်တရား​အခြေအနေ​က ကျွန်ုပ်​တို့​ခေတ်​ကို နောဧ​ခေတ်​နှင့် ဆင်တူ​စေ​သနည်း။

၁၁ မျက်မှောက်ခေတ် ကိုယ်ကျင့်တရား​အခြေအနေ​ကော မည်သို့​ရှိ​သနည်း။ ဤ​နောက်ဆုံး​နေ့ရက်​များ​တွင် များစွာသော​သူတို့သည် လိင်ကို အဓိက​ထား​ကြသည်။ ထိုသို့​သော​သူများ​သည် “အကျင့်​သိက္ခာ​ဆိုင်ရာ​အာရုံ​အားလုံး​ပြီး​သည်​နှင့် ညစ်ညူး​သော​အကျင့်​အမျိုးမျိုးကို အာသာငမ်းငမ်းတက် ကျင့်​ရန်​အတွက် . . . အကျင့်​လျော့​ရဲ” ကာ မိမိတို့​ကိုယ်ကို အပ်​လိုက်​ကြ​၏​ဟု ပေါလု​က ကွက်ကွက်ကွင်းကွင်း​ဖော်ပြ​သည်။ (ဧဖက် ၄:၁၉က​ဘ) အ​ပြာ​စာအုပ်​ရုပ်ရှင်၊ လက်မထပ်မီ​လိင်ဆက်ဆံခြင်း၊ ကလေး​များ​ကို လိင်ဆိုင်ရာ​မတော်မတရား​ပြုကျင့်ခြင်း​နှင့် လိင်​တူ​ဆက်ဆံခြင်း​တို့သည် အဆန်း​မဟုတ်​တော့​ချေ။ အချို့​သူတို့သည် လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​များ၊ မိသားစု​ပြိုကွဲခြင်း​နှင့် အခြား​လူမှုရေး​ပြဿနာ​များ​အသွင်​ဖြင့် “မိမိတို့​အပြစ်ဒဏ်​ကို​ခံရ​ကြ” လေ​ပြီ။—ရောမ ၁:၂၆၊ ၂၇

၁၂။ မကောင်းမှုကို​မုန်းတီးသော​စိတ် အဘယ်ကြောင့်​ပြုစု​ပျိုးထောင်​သင့်​သနည်း။

၁၂ နောဧ​ခေတ်တွင် ယေဟောဝါ​သည် လိင်​ရူး​ထ​သော​လောကကို ရေလွှမ်းမိုး​ဘေး​ကြီး​ဖြင့် အဆုံးတိုင်​စေ​ခဲ့​သည်။ ယခု​ခေတ်​သည် အမှန်တကယ်​ပင် နောဧ​ခေတ်​နှင့်​တူ​ကြောင်းကို ကျွန်ုပ်​တို့​ဘယ်​သောအခါ​မျှ မမေ့​သင့်​ပါ။ ရောက်လာ​တော့​မည့် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ သည် ‘မတရားသော​မေထုန်​၌​မှီဝဲ​သော​သူ၊ သူ့​မယား​ကို​ပြစ်မှား​သော​သူ၊ ယောက်ျား​ချင်း​မေထုန်​ကို​ပြုသောသူ​နှင့် ထို​အမှုကို​ခံ​သော​သူ’ တို့ကို မြေကြီးပေါ်​မှ ပယ်ရှင်း​ပစ်​ပါ​လိမ့်​မည်။ (မဿဲ ၂၄:၂၁; ၁ ကောရိန္သု ၆:၉၊ ၁၀; ဗျာ. ၂၁:၈) မကောင်းမှုကို​မုန်းတီးသော​စိတ် ပြုစု​ပျိုးထောင်​ပြီး အကျင့်​ယိုယွင်း​စေနိုင်​သည့် အခြေအနေ​များနှင့် ကင်းရှင်း​နေဖို့ အရေးကြီး​လိုက်​လေ​ခြင်း!—ဆာလံ ၉၇:၁၀; ၁ ကောရိန္သု ၆:၁၈

မြေကြီး​သည် “ကြမ်းကြုတ်မှု​နှင့်​ပြည့်” လာ

၁၃။ နောဧ​ခေတ်တွင် မြေကြီး​သည် အဘယ်ကြောင့် “ကြမ်းကြုတ်မှု​နှင့်​ပြည့်စုံ” ရသနည်း။

၁၃ နောဧ​ခေတ်​၏​စရိုက်​လက္ခဏာ နောက်တစ်ခု​ကို သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “မြေကြီး​သည် ဘုရားသခင့်​ရှေ့မှာ ပုပ်စပ်​လျက် ကြမ်းကြုတ်မှု​နှင့်​ပြည့်စုံ​လျက်​ရှိ၏။” (ကမ္ဘာဦး ၆:၁၁သမ္မာ) ရက်စက်​ကြမ်းကြုတ်မှု​သည် အမှန်​အားဖြင့် အသစ်အဆန်း​မဟုတ်ပါ။ အာဒံ​၏​သား ကာဣန​သည် သူ၏​ဖြောင့်မတ်​သော​ညီ​ကို သတ်ပစ်ခဲ့​သည်။ (ကမ္ဘာဦး ၄:၈) လာ​မက်​သည် မိမိကိုယ်ကို​ကာကွယ်​သည်​ဟု​ဆို​လျက် လူပျို​တစ်ဦး​ကို သတ်ပစ်ခဲ့​ကြောင်း ကြွားလုံး​ထုတ်​ထား​သည့် ကဗျာ​တစ်ပုဒ်​စပ်ဆို​ခဲ့​ရာ သူ့​ခေတ်​ရှိ အကြမ်းဖက်​စိတ်ဓာတ်​ကို ထင်ဟပ်​ပေါ်လွင်​စေ​သည်။ (ကမ္ဘာဦး ၄:၂၃၊ ၂၄) နောဧ​ခေတ်တွင် အသစ်အဆန်း​ဖြစ်​ခဲ့​သည်​မှာ ရက်စက်​ကြမ်းကြုတ်မှု အတိုင်းအတာ​ပမာဏ​ဖြစ်သည်။ ဘုရားသခင်​၏​နာခံမှု​မရှိသော ကောင်းကင်သား​များသည် မြေကြီးပေါ်​မှ လူ့​သမီး​များနှင့်​အိမ်ထောင်​ပြုပြီး နက်​ဖလင်​များ မွေးဖွား​လာ​ခဲ့​ပြီး​နောက် အကြမ်းဖက်မှု​သည် တစ်ခါ​နှင့်​မျှ​မတူ​အောင် တိုးပွား​လာ​ခဲ့​သည်။ ဤ​အကြမ်းဖက်​လူ့​ဘီလူးကြီး​များ​ကို​ရည်ညွှန်းသော မူရင်း​ဟေဗြဲ​စကားလုံး​သည် ‘လဲကျ​စေ​သူများ’ သို့​မဟုတ် ‘အခြားသူများ​အား လဲ​စေ​သူများ’ ဟု​အဓိပ္ပာယ်​ရှိကြောင်း ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​က ဖော်ပြ​သည်။ (ကမ္ဘာဦး ၆:၄) ယင်းကြောင့် မြေကြီး​သည် “ကြမ်းကြုတ်မှု​နှင့်​ပြည့်စုံ” လေ​၏။ (ကမ္ဘာဦး ၆:၁၃သမ္မာ) ထိုသို့​သော​ဝန်းကျင်​မျိုး​တွင် သူ၏​မိသားစုကို ကျွေးမွေး​ပြုစု​ခဲ့​ရာ​၌ နောဧ​ကြုံတွေ့​ခဲ့​ရမည့်​ပြဿနာ​များ​ကို စဉ်းစား​ကြည့်​ပါ! သို့​တိုင် နောဧ​သည် ‘ထို​ကာလ​လူမျိုး​တွင် ယေဟောဝါ​ရှေ့၌​ဖြောင့်မတ်​ကြောင်း’ သက်သေထူ​ခဲ့​သည်။—ကမ္ဘာဦး ၇:၁

၁၄။ ယနေ့ ဤ​လောကသည် “ကြမ်းကြုတ်မှု​နှင့်” မည်သို့ “ပြည့်” လာပြီ​နည်း။

၁၄ လူ့​သမိုင်း​တစ်လျှောက် အကြမ်းဖက်မှု တည်ရှိ​ခဲ့​သည်။ နောဧ​လက်ထက်​က​ကဲ့သို့​ပင် ကျွန်ုပ်​တို့​ခေတ်​၌​လည်း ရက်စက်​ကြမ်းကြုတ်မှု​ကို မကြုံစဖူး​အတိုင်းအတာ​ဖြင့် ကြုံတွေ့​နေရ​သည်။ အိမ်တွင်း​အကြမ်းဖက်မှု၊ အကြမ်းဖက်​လုပ်ရပ်များ၊ အမျိုး​ဖြုတ်​သတ်ဖြတ်မှု​များနှင့် အကြောင်းရင်း​မည်မည်ရရ​မရှိဘဲ အစုလိုက်​အပြုံလိုက်​သတ်ဖြတ်မှု​များ​ကို ကျွန်ုပ်​တို့ အမြဲတစေ​ကြားနေ​ကြ​ရသည်။ ယင်း​တို့အားလုံး​အပြင် စစ်​ကြောင့် သွေးထွက်သံယို​မှု များပြားခြင်း​လည်း​ရှိသေး​သည်။ မြေကြီး​သည် ရက်စက်​ကြမ်းကြုတ်မှု​နှင့် တစ်ဖန်​ပြည့်​လာ​ပြန်​ပြီ။ အဘယ်ကြောင့်​နည်း။ အဘယ်အရာက ယင်းကို တိုးပွား​များပြား​လာ​စေ​သနည်း။ ထို​မေးခွန်း​၏​အဖြေ​က နောဧ​ခေတ်​နှင့် ဆင်တူချက် နောက်တစ်ခု​ကို ဖော်ပြ​သည်။

၁၅။ (က) ဤ​နောက်ဆုံး​ကာလ​တွင် ကြမ်းကြုတ်မှု​ကို အဘယ်အရာက တိုးပွား​စေ​ခဲ့ပြီ​နည်း။ (ခ) အဘယ်အရာ​ဖြစ်ပွား​မည်​ကို ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၅ ၁၉၁၄ ခုနှစ်​တွင် ကောင်းကင်​၌ ဘုရားသခင့်​မေရှိယနိုင်ငံတော် တည်ထောင်သော​အခါ ခန့်အပ်​ခံ​ဘုရင်​ယေရှု​ခရစ်​သည် တစ်ခေတ်​ဆန်း​စေသော​လုပ်ရပ်​တစ်ခု​ကို လုပ်ဆောင်ခဲ့​သည်။ စာတန်​နှင့် သူ၏​နတ်ဆိုး​များသည် ကောင်းကင်​မှ မြေကြီး​ဝန်းကျင်​သို့ ပစ်ချ​ခံ​ခဲ့​ရသည်။ (ဗျာ. ၁၂:၉-၁၂) ရေလွှမ်းမိုး​ဘေး​မတိုင်မီ​က နာခံမှု​မရှိသော ကောင်းကင်တမန်​များသည် ကောင်းကင်​အခွင့်အရာကို စိတ်လို​ကိုယ်​လျောက်​စွန့်ခဲ့​ကြသည်; ယခု​ခေတ်တွင်​မူ သူတို့သည် အတင်းအကျပ် နှင်ချ​ခံ​ခဲ့​ကြ​ရသည်။ ထို့​ပြင် တရား​မဝင်​သော သွေးသား​အပျော်အပါး​များ လိုက်စား​ရန် လူ့​ကိုယ်ခန္ဓာ​ယူတင်​နိုင်စွမ်း ယခု သူတို့၌ မရှိတော့​ချေ။ ထို့​ကြောင့် သူတို့သည် အလိုမကျ​ဖြစ်​ပြီး ဒေါသ​ထွက်​ကာ ရောက်​အံ့​ဆဲ​တရား​စီရင်ခြင်း​ကို ကြောက်ရွံ့​ကြ​သဖြင့် နောဧ​ခေတ်​ထက်​ပင် သာ၍​ကြီးမားသော လူ​မ​ဆန်​သည့်​ရာဇဝတ်မှု​များနှင့် အကြမ်းဖက်မှု​များ​ကို​ပြုလုပ်​ရန် လူ​တို့ကို​ဖြစ်စေ၊ အဖွဲ့အစည်း​များ​ကို​ဖြစ်စေ ဩဇာ​လွှမ်းမိုး တွန်းအား​ပေး​နေကြ​သည်။ နာခံမှု​မရှိသော​ကောင်းကင်တမန်​များနှင့် သူတို့​အမျိုးအနွယ်​သည် ရေလွှမ်းမိုး​ဘေး​မတိုင်မီ​က လောကကို ဆိုးသွမ်းမှု​ဖြင့်​ပြည့်စေ​ပြီး​နောက် ယေဟောဝါ​သည် ၎င်းကို ဖျက်ဆီး​ချေမှုန်း​ပစ်​ခဲ့​သည်။ ကျွန်ုပ်​တို့​ခေတ်တွင်​လည်း အလားတူ​ပြု​တော်​မူ​မည်​ကို ယုံကြည်​စိတ်ချ​ပါ! (ဆာလံ ၃၇:၁၀) သို့သော် ယနေ့ သတိ​နှင့်​စောင့်နေ​သူများ​သည် မိမိတို့​ကယ်လွှတ်​ခံ​ရတော့မည်​ဖြစ်​ကြောင်း သိထားကြသည်။

သတင်းတရား ဟောပြောနေ

၁၆၊ ၁၇။ နောဧ​ခေတ်​နှင့် ကျွန်ုပ်​တို့​ခေတ်​၏ စတုတ္ထ​ဆင်တူချက်​ကား အဘယ်နည်း။

၁၆ မျက်မှောက်ခေတ်​နှင့် ရေလွှမ်းမိုး​ဘေး​မတိုင်မီ​က လောက​၏ စတုတ္ထ​ဆင်တူချက်​ကို နောဧ​ရရှိခဲ့​သော​တာဝန်​၌ တွေ့ရ​သည်။ နောဧ​သည် သင်္ဘော​ကြီး​တစ်စင်း​ကို ဆောက်လုပ်​ခဲ့​သည်။ သူသည် ‘ဟောပြောသူ’ တစ်ဦး​လည်း ဖြစ်​ခဲ့​၏။ (၂ ပေတရု ၂:၅) အဘယ်​သတင်းတရားကို သူ​ဟောပြောခဲ့​သနည်း။ နောဧ​၏​ဟောပြောခြင်း​တွင် နောင်တ​ယူ​ကြဖို့​သာမက ရောက်​အံ့​ဆဲ​ဖျက်ဆီးခြင်း​ဘေး​အကြောင်း သတိပေး​စကား အမှန်​ပါဝင်​ခဲ့​မည်။ နောဧ​လက်ထက်​ရှိ​လူတို့သည် “ရေလွှမ်းမိုးခြင်း​ရောက်​သဖြင့် လူ​ခပ်သိမ်း​တို့ကို သုတ်သင်​ပယ်ရှင်း​သည့်​တိုင်အောင် သတိမဲ့​နေကြ​သည်” ဟု ယေရှု​မိန့်တော်မူ​ခဲ့​သည်။—မဿဲ ၂၄:၃၈၊ ၃၉

၁၇ အလားတူ​ပင်၊ ယေဟောဝါသက်သေ​များသည် မိမိတို့၏​ဟောပြောခြင်း​တာဝန်​ကို ဝီရိယ​ရှိ​ရှိ​ကျေပွန်​နေကြ​စဉ် ဘုရားသခင့်​နိုင်ငံတော်​သတင်း​သည် ကမ္ဘာ​တစ်ဝန်း​ကြေညာ​ခံ​နေရ​သည်။ ကမ္ဘာ့​ဒေသ​အများစု​တွင် လူတို့သည် မိမိတို့​ဘာသာ​စကား​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ကြားနာ၊ ဖတ်ရှု​နိုင်​ကြပြီ။ ယေဟောဝါ​၏​နိုင်ငံတော်​ကို​ကြေညာ​သော ကင်းမျှော်စင်​မဂ္ဂဇင်း​ကို ဘာသာ​စကား ၁၄၀ ကျော်​ဖြင့် စောင်ရေ ၂၅,၀၀၀,၀၀၀ ကျော်​ထုတ်ဝေ​ရပြီ။ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ‘လူမျိုးအပေါင်း​တို့အား​သက်သေ​ဖြစ်​မည်​အကြောင်း လောက​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌’ အမှန်တကယ် ဟောပြောနေ​ပြီ။ ဘုရားသခင်​ကျေနပ်​သည့်​အထိ ထို​လုပ်ငန်း​ပြီးမြောက်​သောအခါ အဆုံး​သည် ဧကန်​မုချ ရောက်လာ​ပါ​လိမ့်​မည်။—မဿဲ ၂၄:၁၄

၁၈။ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​ကို လူအများ​တုံ့ပြန်​ပုံ​နှင့် နောဧ​ခေတ်​မှ လူအများ​၏​တုံ့ပြန်​ပုံ​ကို မည်သို့​နှိုင်းယှဉ်​ကြည့်​နိုင်​သနည်း။

၁၈ ရေလွှမ်းမိုး​ဘေး​မတိုင်မီ​ခေတ်​က ဝိညာဉ်​ရေး​နှင့် ကိုယ်ကျင့်တရား​မရှိသော​အခြေအနေ​ကို စဉ်းစား​ကြည့်​လျှင် နောဧ​၏​မိသားစု​သည် မယုံနိုင်​သူ​အိမ်နီးချင်း​များ​၏ ဟားတိုက်​စ​ရာ​နှင့် ဆဲရေး​ပြက်ရယ်ပြု​စ​ရာ ဖြစ်​ခဲ့​မည်​ကို သဘောပေါက်​ရန် လွယ်ကူ​သည်။ သို့သော် အဆုံး အမှန်တကယ်​ရောက်လာ​ခဲ့​သည်။ အလားတူ​ပင် ဤ​နောက်ဆုံး​ကာလ​တွင် “သရော်​တတ်သော​သူ” အများအပြား​ရှိသည်။ ‘သူခိုး​ကဲ့သို့ ထာဝရ​ဘုရားသခင်​၏​နေ့ရက်​သည် လာ​လိမ့်​မည်’ ဟု​သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ (၂ ပေတရု ၃:၃၊ ၄၊ ၁၀သမ္မာ) သတ်မှတ်​ထားချိန်​၌ ဧကန်​အမှန် ရောက်လာ​ပါ​လိမ့်​မည်။ နောက်ကျ​မည်​မဟုတ်ပါ။ (ဟဗက္ကုတ် ၂:၃) သတိ​နှင့်​စောင့်နေ​ခြင်း​သည် အမှန်​ပညာရှိ​သည်​တကား!

အနည်းငယ်​သာ​ကပ်ကျော်

၁၉၊ ၂၀။ ရေလွှမ်းမိုး​ဘေး​နှင့် လက်ရှိ​အစီအစဉ်​စနစ် ဖျက်ဆီး​ခံရ​ခြင်း​တို့​အကြား အဘယ်​ဆင်တူချက် ထုတ်ယူ​နိုင်​သနည်း။

၁၉ နောဧ​ခေတ်​နှင့် ကျွန်ုပ်​တို့​ခေတ် ဆင်တူ​မှု​သည် လူတို့၏​ဆိုးသွမ်းမှု​နှင့် သူတို့​ဖျက်ဆီး​ခံရ​ခြင်း​တို့​ဖြင့် အဆုံးသတ်​မသွား​ပါ။ ရေလွှမ်းမိုး​ဘေး​ကို​ကပ်ကျော်​သူများ​ရှိခဲ့​သည်​နည်းတူ လက်ရှိ​အစီအစဉ်​စနစ်​၏​ဆုံးခန်း​ကို ကပ်ကျော်​မည့်​သူများ​ရှိပါ​လိမ့်​မည်။ ရေလွှမ်းမိုး​ဘေး​ကပ်ကျော်​သူများ​သည် လူအများ​နည်းတူ မနေထိုင်​ခဲ့​ကြသော စိတ်​နှိမ့်ချ​သူများ​ဖြစ်သည်။ သူတို့သည် ဘုရားသခင့်​သတိပေး​ချက်​ကို ဂရုပြု​ခဲ့​ကြ​ပြီး ထို​ခေတ်​က ဆိုးသွမ်း​သော​လောက​နှင့် သီးခြားနေ​ခဲ့​ကြသည်။ ‘နောဧ​မူ​ကား ထာဝရ​ဘုရားသခင်​စိတ်တော်နှင့်​တွေ့သော​သူ​ဖြစ်​သတည်း။ နောဧ​သည် . . . မိမိ​ကာလ​၌​ရှိသော​လူ​တို့​တွင် စုံလင်သော​သူ​ဖြစ်၏’ ဟု​သမ္မာကျမ်းစာ​က​ဆို​သည်။ (ကမ္ဘာဦး ၆:၈၊ ၉သမ္မာ) လူမျိုးနွယ်​အားလုံး​မှ မိသားစု​တစ်စု “နည်းသော​သူ​တည်း​ဟူသော လူ​ရှစ်ယောက်​တို့[သည်] ရေ​အားဖြင့်​ကယ်ဆယ်” ခံ​ခဲ့​ရသည်။ (၁ ပေတရု ၃:၂၀) ထို​သူတို့ကို ယေဟောဝါ​ဘုရားသခင်​က “သင်တို့သည်​များပြား​စွာ​မွေးဖွား​လျက် မြေကြီးကို​ပြည့်စေ​ကြလော့” ဟု​မိန့်မှာ​ခဲ့​သည်။—ကမ္ဘာဦး ၉:၁

၂၀ ‘လူအုပ်ကြီး’ သည် ‘ကြီးစွာ​သော​ဆင်းရဲ​ထဲ​က ထွက်မြောက်’ လာ​လိမ့်​မည်​ဟု သမ္မာကျမ်းစာ​က အာမခံ​သည်။ (ဗျာ. ၇:၉၊ ၁၄) လူအုပ်ကြီး​အရေအတွက် မည်မျှ​ရှိ​လိမ့်​မည်​နည်း။ ယေရှု​ကိုယ်တိုင်​က “အသက်ရှင်ခြင်း​သို့​ရောက်​သော လမ်း​နှင့်​တံခါး​သည် အလွန်​ကျဉ်း​မြောင်း​သည်​ဖြစ်၍ တွေ့​ဝင်​သော​သူတို့သည် နည်း​ကြ​၏” ဟု​မိန့်တော်မူ​ခဲ့​သည်။ (မဿဲ ၇:၁၃၊ ၁၄) ဖြစ်လုဆဲ​ရှိသည့် ကြီးစွာ​သော​ဆင်းရဲခြင်း​ကို​ကပ်ကျော်​မည့်​သူ အရေအတွက်​ကို ယခု မြေကြီးပေါ်​ရှိ ဘီလီယံ​နှင့်​ချီ​သော​လူ​တို့​နှင့် နှိုင်းယှဉ်​ကြည့်​သော် အနည်းငယ်​သာ​ရှိပါ​လိမ့်​မည်။ သို့သော် ရေလွှမ်းမိုး​ဘေး ကပ်ကျော်​သူများ​ရရှိခဲ့​သော အခွင့်အရေး​မျိုးကို သူတို့လည်း ရရှိ​စ​ရာ​အကြောင်း​ရှိသည်။ ကပ်ကျော်​သူများ​သည် မြေကြီးဆိုင်ရာ​လူ့​ဘောင်​သစ်​၏ အစိတ်အပိုင်း​တစ်ခု​အဖြစ် အချိန်​အခိုက်အတန့် သားသမီး​များ​ယူ​နိုင်​ပါ​လိမ့်​မည်။—ဟေရှာယ ၆၅:၂၃

“စောင့်နေ​ကြလော့”

၂၁၊ ၂၂။ (က) ရေလွှမ်းမိုး​ဘေး​မှတ်တမ်း​ကို ပြန်​သုံးသပ်ကြည့်​ခြင်း​က သင့်ကို မည်သို့​အကျိုးပြု​သနည်း။ (ခ) ၂၀၀၄ နှစ်ချုပ်​ကျမ်းချက်​ကား အဘယ်နည်း၊ ၎င်း​အကြံပေး​ချက်​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် ဂရုပြု​သင့်​သနည်း။

၂၁ ရေလွှမ်းမိုး​ဘေးသည် ကျွန်ုပ်​တို့​ခေတ်​နှင့် အလှမ်းဝေး​လွန်း​ပုံ​ရှိသော်လည်း ကျွန်ုပ်​တို့​လျစ်လျူ​မ​ရှု​သင့်​သော သတိပေး​ချက်​တစ်ခု​ကို အထင်အရှား​ဖော်ပြ​ပေး​သည်။ (ရောမ ၁၅:၄) နောဧ​ခေတ်​နှင့် ကျွန်ုပ်​တို့​ခေတ်​၏ ဆင်တူချက်​များ​က ဖြစ်ပျက်​နေ​သမျှ​၏​အဓိပ္ပာယ်​ကို တိုး၍​သတိမူ​စေပြီး လူဆိုးများ​ကို တရား​စီရင်​ရန် သူခိုး​ကဲ့သို့ ယေရှု​ကြွလာ​မည့်​အချိန်ကို နိုးနိုးကြားကြား​စောင့်မျှော်​စေ​သင့်​သည်။

၂၂ ယနေ့ ယေရှုသည် အလွန်​ကြီးမားသော ဝိညာဉ်​ရေး​ဆောက်လုပ်​ခြင်း​လုပ်ငန်း​ကို ညွှန်ကြား​နေပါ​သည်။ စစ်မှန်သော​ဝတ်ပြုသူ​များ လုံခြုံမှု​ရပြီး ကပ်ကျော်​နိုင်​ဖို့ သင်္ဘော​နှင့်​တူသော ဝိညာဉ်​ရေး​ပရဒိသု ရှိပါ​သည်။ (၂ ကောရိန္သု ၁၂:၃၊ ၄) ကြီးစွာ​သော​ဆင်းရဲခြင်း​တစ်လျှောက် ကာကွယ်​စောင့်ရှောက်​ခံရ​ဖို့ ထို​ပရဒိသု​တွင် ကျွန်ုပ်​တို့​ရှိနေကြ​ရမည်။ ဝိညာဉ်​ရေး​ပရဒိသု​နယ်ပယ်​ကို စာတန့်​လောကက ဝိုင်းရံ​ထားပြီး ဝိညာဉ်​ရေး​ဘက် ငိုက်မျဉ်း​လာ​သူ​မည်သူ​မဆို​ကို ဖျက်ဆီး​ဝါးမျို​ဖို့​အသင့်ရှိနေ​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့ သတိ​နှင့်​ဆက်၍ “စောင့်​နေကြ” ပြီး ယေဟောဝါ​၏​နေ့​အတွက် ကိုယ်တိုင်​အသင့်ရှိနေ​ကြဖို့ အလွန်​အရေးကြီး​၏။—မဿဲ ၂၄:၄၂၊ ၄၄

သင်​မှတ်မိ​သလော

• ယေရှုသည် မိမိ​ကြွလာခြင်း​နှင့်​ပတ်သက်​၍ မည်သို့​တိုက်တွန်း ခဲ့​သနည်း။

• မိမိ​ရောက်ရှိ​နေချိန်​ကို အဘယ်အရာ​နှင့် ယေရှု​နှိုင်းယှဉ်ခဲ့​သနည်း။

• ကျွန်ုပ်​တို့​ခေတ်​သည် နောဧ​လက်ထက်​နှင့် အဘယ်​နည်းများဖြင့် ဆင်တူ​သနည်း။

• နောဧ​ခေတ်​နှင့် ကျွန်ုပ်​တို့​ခေတ်​၏ ဆင်တူချက်​များ​ကို ပြန်​သုံးသပ်ခြင်းက ကျွန်ုပ်​တို့၏​အရေးတကြီး​သဘောထားကို မည်သို့​အကျိုး​သက်ရောက်​စေ​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ အကျဉ်း​ဖော်ပြချက်]

၂၀၀၄ ခုနှစ်​အတွက် နှစ်ချုပ်​ကျမ်းချက်​သည် ဤသို့​ဖြစ်​မည်– “စောင့်နေ​ကြလော့။ . . . ကိုယ်တိုင် အသင့်​ရှိနေကြ​လော့။”—မဿဲ ၂၄:၄၂၊ ၄၄၊ သ​မ။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဘုရားသခင့်​သတိပေး​ချက်​ကို နောဧ​ဂရုပြု​ခဲ့။ ကျွန်ုပ်​တို့​လည်း အလားတူ တုံ့ပြန်​သလော

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

“လူသား​သည်​ကြွလာ​သောအခါ နောဧ​လက်ထက်​၌​ဖြစ်​သကဲ့သို့ ဖြစ်​လိမ့်​မည်”