မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အံ့ဖွယ်သောအမှုတို့ကို”ကြားပြောရန် ဂိလဒ်ကျောင်းဆင်းများ အားပေးခံခဲ့ရ

“အံ့ဖွယ်သောအမှုတို့ကို”ကြားပြောရန် ဂိလဒ်ကျောင်းဆင်းများ အားပေးခံခဲ့ရ

“အံ့ဖွယ်သော​အမှုတို့​ကို” ကြား​ပြော​ရန် ဂိလဒ်​ကျောင်းဆင်း​များ အားပေး​ခံ​ခဲ့​ရ

၂၀၀၃၊ စက်တင်ဘာ ၁၃ ရက်​နေ့တွင်​ကျင်းပ​သော ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း​၏ ၁၁၅ ကြိမ်​မြောက် ကျောင်းဆင်း​ပွဲ​အစီအစဉ်ကို ထူးခြားသော​လူစုလူဝေး​ဖြစ်သည့် ၅၂ နိုင်ငံ​မှ လူပေါင်း ၆,၆၃၅ ဦး​တက်ရောက်​ခဲ့​သည်။

ထို​သူတို့သည် သင်တန်းသား ၄၈ ဦး​အားပေး​သည့် ကျမ်းစာ​အခြေပြု အားပေးချက်​များ​ကို ကြားနာ​ခဲ့​ကြသည်၊ သင်တန်းသား​များသည် ၁၇ နိုင်ငံ​၌​ရှိသော​လူများ​အား “ဘုရားသခင်​၏ အံ့ဖွယ်သော​အမှု” ကို​ကြား​ပြော​ရန်ဖြစ်​သည်။ (တမန်​တော် ၂:၁၁) ကျောင်းဆင်း​များသည် ယခု ဘုရားသခင်​၏ နှုတ်မြွက်​စကားတော် သွန်သင်​သူများ​အဖြစ် ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ကို ထို​နိုင်ငံ​များ​တွင် လုပ်ဆောင်ကြ​မည်​ဖြစ်သည်။

ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​ဖြစ်​ပြီး ကျောင်းဆင်း​ပွဲ​သဘာပတိ​အဖြစ်​ဆောင်ရွက်​သူ စတီဗင် လက်​တ် က သူ၏​အဖွင့်​ဟောပြောချက်​တွင် ကျောင်းသား​များ​အား ဤသို့​အမှတ်​ရစေ​ခဲ့​၏– “သင်တို့​တာဝန်ကျ​တဲ့​နေရာကို သွားတဲ့အခါ ဘယ်​နေရာ​ဒေသ၊ ဘယ်လို​အခြေအနေ​နဲ့ ကြုံတွေ့​ရ​ပါစေ သင်တို့​ဘက်မှာ​ရှိတဲ့​သူတွေဟာ သင်တို့​တစ်ဖက်​ဆန့်ကျင်သူ​တွေ​ထက် ပို​များတယ်။” ညီအစ်ကို​လက်​တ် သည် ဓမ္မ​ရာဇဝင် စတုတ္ထ​စောင် အခန်းကြီး ၆ တွင်​တွေ့ရ​သော မှတ်တမ်း​ကို​အသုံးပြု​ကာ သင်တန်းသား​များသည် ယေဟောဝါ​ဘုရားသခင်၊ “ဘုရားသခင်​၏ အံ့ဖွယ်အမှု​တို့ကို” ကြားသိ​စေသော ကောင်းကင်တမန်​မြောက်မြားစွာ​၏ ထောက်မ​ကူညီ​မှု​ကို ကိုးစား​နိုင်​ကြောင်း သတိ​ရစေ​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၆:၁၅၊ ၁၆) ပထမ​ရာစု​ခရစ်ယာန်​များ​၏ ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​တွင် ဆန့်ကျင်မှု​များ၊ လျစ်လျူရှု​မှုများ​ကို ကြုံတွေ့​ခဲ့​ရသည်၊ ယနေ့ ခရစ်ယာန်​သာသနာပြု​များလည်း အလားတူ အခြေအနေ​မျိုး​နှင့် ကြုံတွေ့​ကြ​ရသည်။ သို့သော် သူတို့သည် ယေဟောဝါ​၏ မြေကြီး​အဖွဲ့အစည်း​အပြင် ကောင်းကင်​မှ​ထောက်မမှု​ရ​ရန် ကိုးစား​နိုင်​ပါ​သည်။—ဆာလံ ၃၄:၇; မဿဲ ၂၄:၄၅

“ဘုရားသခင်​၏ အံ့ဖွယ်အမှု​တို့ကို” ကြား​ပြော​လော့

သဘာပတိ​၏ အဖွင့်​ဟောပြောချက်​ပြီး​နောက် အမေရိကန်​ပြည်ထောင်စု ဌာနခွဲ​ကော်မတီဝင်​ဖြစ်သော ဟ​ယ်​ရ​ယ်လ် ကော့​ကဲ​န်​က “လက်တွေ့ကျ​သော​မျှော်လင့်ခြင်း—ရွှင်လန်း​စေပြီး အောင်မြင်မှု​ရှိစေ​သော​လုပ်ငန်း​အတွက် သော့ချက်” ခေါင်းစဉ်​နှင့်​ဟောပြောခဲ့​သည်။ ညီအစ်ကို ကော့​ကဲ​န်​က နယပုံပြင် ၁၃:၁၂ တွင်​ဖော်ပြ​ထား​သည့်​အတိုင်း မျှော်လင့်ချက်​မပြည့်​ခြင်း​က စိတ်ဓာတ်ကျ​စေနိုင်​ကြောင်း ထောက်ပြ​ခဲ့​သည်။ သို့သော် စိတ်ဓာတ်ကျ​ရခြင်း​မှာ အများအားဖြင့် ဖြစ်​မလာ​သော လက်တွေ့​မကျ​သည့် မျှော်လင့်ချက်များ​ကြောင့် ဖြစ်သည်။ ကျောင်းဆင်း​များသည် မိမိတို့​ကိုယ်တိုင်​နှင့် အခြားသူများ​အပေါ် မျှတ​ပြီး လက်တွေ့ကျ​သော ရှုမြင်ချက်​ရှိဖို့လို​သည်။ သူတို့သည် အမှား​တချို့​ပြုလုပ်​ကြ​မည်​ကို မျှော်လင့်သင့်​သည်၊ သို့သော် အခြားသူများ​အား “ဘုရားသခင်​၏ အံ့ဖွယ်အမှု​တို့ကို” နားလည်​သဘောပေါက်​အောင် ကူညီ​ပေးဖို့ ကြိုးစား​နေစဉ် ယင်း​တို့​ကြောင့် အလွန်အမင်း​ဝမ်းနည်း​ကြေကွဲ​ခြင်း မဖြစ်​သင့်​ပါ။ ခရစ်ယာန်​သာသနာပြု​အသစ်များ​သည် “ရှာ​သော​သူအား အကျိုးပေး​တော်​မူ” သော​ယေဟောဝါ​အား ယုံကြည်​ကိုးစား​ရန် ညီအစ်ကို ကော့​ကဲ​န် က အားပေးခဲ့​သည်။—ဟေဗြဲ ၁၁:၆

အစီအစဉ်​၏ နောက်​အပိုင်း​ကို အုပ်ချုပ်ရေးအဖွဲ့ဝင် ဒယ်နီယယ် ဆစ်​ဒ​လစ်​ခ် က “ခရစ်ယာန်​မျှော်လင့်ချက်—ယင်း​ကား​အဘယ်နည်း” ခေါင်းစဉ်​ဖြင့် ဟောပြောခဲ့​သည်။ သူ​ဤသို့​ဆို​ခဲ့​၏– “မျှော်လင့်ခြင်း​ဟာ ခရစ်ယာန်​အရည်အချင်း​တစ်ခု​ဖြစ်တယ်။ မှန်ကန်​တဲ့​စံနှုန်း​တစ်ခု​ဖြစ်​ပြီး ဘုရားသခင်​နဲ့ လျောက်ပတ်​တဲ့​ဆက်ဆံ​ရေး​ကို ဖြစ်စေ​တယ်။ ခရစ်ယာန်​မဟုတ်တဲ့​သူ​တစ်ယောက်​ဟာ ကျွန်တော်​တို့​လို​မျှော်လင့်ချက်​မျိုး ရှိ​နိုင်​မှာ​မဟုတ်ဘူး။” ညီအစ်ကို ဆစ်​ဒ​လစ်​ခ် က ဘဝ​အခက်အခဲ​များ​ကို ရင်ဆိုင်​ဖြေရှင်း​ရာ​တွင် အပြုသဘောထား ဆက်​ရှိ​ရန် အထောက်အကူ​ပြု​နိုင်သော ခရစ်ယာန်​မျှော်လင့်ချက်​၏ အခြား​အသွင်အပြင်​များ​ကိုလည်း ဖော်ပြ​ခဲ့​သည်။ “ကျွန်တော်​တို့​အနေ​နဲ့ အားသစ်မာန်သစ် အောင်မြင်​တက်ကြွ​တဲ့​စိတ်ဓာတ်​နဲ့ ဘဝကို မျှော်လင့်ချက်​ရှိ​ရှိ ရင်ဆိုင်​သွား​နိုင်​ပါ​တယ်။” ခရစ်ယာန်​မျှော်လင့်ချက်​က ယေဟောဝါ​အား ရည်ရွယ်ချက်​ရှိသော ဘုရားသခင်​အဖြစ် ရှုမြင်​စေပြီး ကိုယ်တော့်​အမှုတော်​ဆောင်ခြင်း​တွင် ရွှင်လန်း​ရန် အထောက်အကူ​ပြု​သည်။—ရောမ ၁၂:၁၂

ဂိလဒ်​ကျောင်း​မော်ကွန်းထိန်း​ဖြစ်သူ ဝေါ​လ်​လေး​စ် လစ်​ဗာ​ရန်​စ် က “ဝိညာဉ်​ပကတိ​အတိုင်း​ကျင့်​ကြ” ရန် သင်တန်းသား​များ​အား အားပေးခဲ့​သည်။ (ဂလာတိ ၅:၁၆) ယေရမိ​၏​စာရေး​ဖြစ်သူ ဗာရုတ်​သည် ဝိညာဉ်​ပကတိ​အတိုင်း လျှောက်လှမ်း​ရာ​မှ လမ်းလွဲ​လု​နီးပါး​ဖြစ်​ခဲ့​ကြောင်းကို ဖော်ပြ​ခဲ့​သည်။ တစ်ချိန်​တွင် ဗာရုတ်​သည် မောပန်း​နွမ်းလျ​လာပြီး ကြီးစွာ​သော​အရာ​တို့ကို ကိုယ့်​အဖို့ စတင်​ရှာဖွေခဲ့​သည်။ (ယေရမိ ၄၅:၂-၅) ယေရှု​နောက်​မလိုက်​ဘဲ ကယ်တင်ခြင်း​အတွက် မရှိမဖြစ်​လိုအပ်သော ဝိညာဉ်​ရေး​အမှန်တရားကို ငြင်းပယ်​ကြ​သူတချို့​အကြောင်း ညီအစ်ကို လစ်​ဗာ​ရန်​စ် ထောက်ပြ​ခဲ့​သည်။ ထို​သူတို့သည် ကိုယ်တော်​၏​သွန်သင်ချက်​များ​ကို နားမလည်​ကြ​ပါ၊ ထို့​ပြင် ထို​အချိန်​က သူတို့၏​လူ့​မျှော်လင့်ချက်များ မဖြစ်​လာ​ခြင်း​ကြောင့် စိတ်ဓာတ်ကျ​ခဲ့​ခြင်း​ဖြစ်သည်။ (ယောဟန် ၆:၂၆၊ ၂၇၊ ၅၁၊ ၆၆) ဖန်ဆင်း​ရှင်​နှင့် ကိုယ်တော်​၏​ရည်ရွယ်ချက်များ​အပေါ် တိုက်ရိုက်​အာရုံစိုက်​ရသည့် လုပ်ငန်း​ကို​ဆောင်ရွက်​သော ခရစ်ယာန်​သာသနာပြု​များသည် ထို​မှတ်တမ်း​မှ အဘယ်အရာ သင်ယူ​နိုင်​သနည်း။ အဆင့်အတန်း​ရှိ​ရန်၊ လူတို့၏​အသိအမှတ်ပြု​ခံရ​ရန်၊ သို့​မဟုတ် ကိုယ်ရေးကိုယ်တာ​အကျိုးအတွက် သီအိုကရက်တစ်​တာဝန်​တစ်ခု​ကို အသုံးပြုခြင်း စ​သည်​တို့ကို​မပြု​လုပ်ရန် သင်တန်းသား​များ​ကို အားပေးခဲ့​သည်။

“သင်သည် ပေးကမ်း​စွန့်ကြဲ​သူ​ဖြစ်​မည်​လော သို့​မဟုတ် ရယူ​သူ​ဖြစ်​မည်​လော” ဟူ​သည့်​မေးခွန်း​ကို ဂိလဒ်​သင်တန်းပို့ချ​သူ မာ့ခ် နူ​မဲ​ရ် က မေးခဲ့သည်။ ဗာရက်​၏​စစ်တပ်​တွင် ကိုယ်ကျိုးမဖက် အမှုဆောင်​ကြသော ဣသရေလ​တစ်ဦးစီ​သည် ချီးမွမ်း​ခံရ​ကြောင်း ဖော်ပြ​သည့် တရားသူကြီး ၅:၂ ပေါ်​အခြေခံ​၍ ဟောပြောခဲ့​သည်။ ဂိလဒ်​သင်တန်းသား​များသည် သာ၍​ကြီးမြတ်သော ဗာရက်​ဖြစ်သူ ယေရှု​ခရစ်​၏ ဝိညာဉ်​ရေး​စစ်ပွဲ​တွင် ပို​၍​ပါဝင်​တိုက်ခိုက်​ရန် ဖိတ်ခေါ်ချက်​ကို တုံ့ပြန်​ကြသော သူတို့၏​စိတ်ဓာတ်​အတွက် ချီးမွမ်း​ခဲ့​သည်။ ခရစ်တော်​၏​စစ်သား​များသည် မိမိတို့​အားပါ​ဝင်​စေ​သူ၏ မျက်နှာသာ​ရ​ရန် ကြိုးစား​သင့်​သည်။ ညီအစ်ကို နူ​မဲ​ရ် က သင်တန်းသား​များ​အား ဤသို့​သတိပေး​ခဲ့​သည်– “ကျွန်တော်​တို့​ဟာ ကိုယ့်​အလိုကျ​ဖို့ စပြီး​အာရုံစိုက်​လာပြီ​ဆိုရင် ရန်သူကို​တိုက်ခိုက်​တာ ရပ်​လိုက်ကြတယ်။ . . . ခရစ်ယာန်​သာသနာပြု​လုပ်ငန်းဟာ သင်တို့နဲ့​သာ​သက်ဆိုင်​တဲ့ လုပ်ငန်း​မဟုတ်ဘူး။ ယေဟောဝါ၊ ကိုယ်တော်​ရဲ့ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု၊ ကိုယ်တော့်​အလိုတော် ပြီးမြောက်​အောင်မြင်မှု​တွေ​နဲ့ သက်ဆိုင်​တဲ့ လုပ်ငန်း​ဖြစ်တယ်။ ခရစ်ယာန်​သာသနာပြုတွေ​အဖြစ် အမှုဆောင်​နေတာဟာ ယေဟောဝါ​က ကျွန်တော်​တို့ကို ပျော်ရွှင်မှု​ပေးဖို့ မဟုတ်ဘူး၊ ကိုယ်တော့်​ကို​ချစ်​မြတ်နိုးတဲ့​အတွက် ကိုယ်တော့်​အမှုတော်ကို ဆောင်​နေတာ​ဖြစ်တယ်။”—၂ တိမောသေ ၂:၄

၎င်းနောက် ဂိလဒ်​သင်တန်းပို့ချ​သူ လော​ရဲ​န့်စ် ဘို​ဝင်​န်​က “အမှန်တရား​အားဖြင့် သူတို့ကို သန့်ရှင်း​စေတော်မူ​ပါ” အပိုင်း​၏ ဦးစီး​သဘာပတိ​အဖြစ် ဆောင်ရွက်​ခဲ့​သည်။ (ယောဟန် ၁၇:၁၇) သူက ၁၁၅ ကြိမ်​မြောက် ဂိလဒ်​သင်တန်းသား​များသည် ဘုရားသခင် သီးသန့်​ခွဲခြား​ထားသော ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များ​ဖြစ်သည်ဟု ပြော​ခဲ့​သည်။ သင်တန်းတက်​နေစဉ်​အတွင်း သူတို့သည် အမှန်တရားကို​ချစ်​မြတ်နိုးသော နှလုံး​ရိုး​ဖြောင့်​သူများကို ရှာဖွေခြင်း​ဖြစ်သည့် လယ်ကွင်း​ဓမ္မ​အမှု​တွင် ပါဝင်​ခဲ့​ကြသည်။ ယေရှု​နှင့် ကိုယ်တော်​၏ အစောပိုင်း​တပည့်​များ​ကဲ့သို့ သင်တန်းသား​များသည် “ကိုယ်​အလိုအလျောက်” မဟောပြော​ခဲ့​ကြ​ပါ။ (ယောဟန် ၁၂:၄၉၊ ၅၀) သူတို့သည် မှုတ်သွင်းခံ၊ အသက်ပေး​သော အမှန်တရား​နှုတ်မြွက်​စကားတော်​ကို ထက်သန်​စွာ တင်ပြ​ခဲ့​ကြသည်။ သင်တန်းသား​များ​၏ ပြန်လည်​သရုပ်​ပြခန်း​များနှင့် ပြန်လည်​ပြောပြချက်​များ​က သမ္မာကျမ်းစာ​သည် သူတို့နှင့်​တွေ့ဆုံ​သူများ​အပေါ်​အလွန်​တန်ခိုး​ပါ​စွာ ထိမိ​ခဲ့​ကြောင်း ထင်ရှား​ဖော်ပြ​ခဲ့​သည်။

ကြံဉာဏ်​များနှင့် တွေ့ ကြုံ​မှုများ​က အားပေးမှု​ဖြစ်စေ

အမေရိကန်​ပြည်ထောင်စု​ဌာနခွဲ လုပ်ငန်းတော်​ဌာန​မှ အဖွဲ့ဝင်​များ​ဖြစ်သော အန်​တိုနီ ပဲ​ရက်စ် နှင့် အန်​တိုနီ က​ရ​စ်ဖ်ဖင်​တို့​က ကမ္ဘာ​တစ်ဝန်း​မှ ဌာနခွဲ​ကော်မတီဝင်​များနှင့် လူတွေ့မေးမြန်း​ရာ​တွင် ဦးစီး​ခဲ့​ကြသည်။ ထို​သူတို့​ထဲ​မှ​အချို့​သည် ခရစ်ယာန်​သာသနာပြု​များ​အဖြစ် အမှုဆောင်​ကြသည်။ ထို​အမျိုးသားများ​က ခရစ်ယာန်​သာသနာပြု​အသစ်များ ကြုံတွေ့​ရမည့် စိန်ခေါ်ချက်​များ​အကြောင်း ဆွေးနွေး​ဖော်ပြ​ခဲ့​ပြီး သူတို့၏​ကိုယ်ပိုင်​အတွေ့အကြုံ​ပေါ်​အခြေခံ​၍ လက်တွေ့ကျ​အကြံဉာဏ်​ပေး​ခဲ့​သည်။ စိန်ခေါ်ချက်​တချို့​မှာ ကျောင်းသား​များ နေသားကျ​နေသည့်​အရာများ​နှင့် ကွဲပြား​ခြားနား​သည့် ယဉ်ကျေးမှု​မတူ၊ တစ်နှစ်​ပတ်လုံး အပူပိုင်း​ဒေသ​ရာသီဥတု၊ သို့​မဟုတ် ဘာသာရေး​နှင့် နိုင်ငံရေး​ဝန်းကျင် ကွဲပြား​ခြားနား​မှု​တို့​ဖြစ်သည်။ ခရစ်ယာန်​သာသနာပြု​အသစ်များ​သည် ထို​ဝန်းကျင်​အသစ်​နှင့် နေသား​တ​ကျ​ဖြစ်​ရန် အဘယ်အရာက အထောက်အကူ​ပြု​နိုင်​သနည်း။ ယေဟောဝါ​အား​ချစ်​သည့်​မေတ္တာ၊ လူများ​ကို​ချစ်​သည့်​မေတ္တာ​ဖြစ်သည်၊ နောက်ကြောင်းပြန်​ဖို့၊ အလောတကြီး​နှင့် ပြုမူ​ဆောင်ရွက်ဖို့​မဟုတ်ပါ။ ဌာနခွဲ​ကော်မတီဝင်​တစ်ဦး ဤသို့​ပြော​၏– “ကျွန်တော်​တို့​တာဝန်ကျ​တဲ့​ဒေသက လူတွေဟာ အဲ့ဒီ​ဒေသမှာ ကျွန်တော်​တို့​ထက် ရာစုနှစ်​နဲ့​ချီ​ပြီး နေထိုင်ခဲ့​ကြတယ်။ ကျွန်တော်​တို့​လည်း အဲ့ဒီ​နေရာမှာ​နေနိုင်​ပါ​တယ်၊ အလိုက်သင့် ပြုပြင်​ပြောင်းလဲ​နိုင်​ပါ​တယ်။ အခက်အခဲ​တွေ​နဲ့ ကြုံ​ရတဲ့အခါ​တိုင်း သူတို့တွေဟာ ကျွန်တော်​တို့​ရဲ့ အကျင့်​စရိုက်​တွေ​ကို တိုးတက်​အောင် လုပ်ပေးမယ့်​သူတွေ​အဖြစ် ရှုမြင်ခဲ့​တယ်။ ဆုတောင်း​ပြီး ယေဟောဝါ​ရဲ့ ဝိညာဉ်​တော်​ကို ယုံကြည်​ကိုးစား​မယ်​ဆိုရင် ‘ငါသည်​လည်း သင်တို့​နှင့်အတူ​ရှိ​မည်’ ဆို​တဲ့​ယေရှုရဲ့​စကား မှန်ကန်​တယ်​ဆိုတာ​ကို သင်တို့​ကြုံတွေ့​ရမယ်။”—မဿဲ ၂၈:၂၀

အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်မြူအယ်လ် ဟာ့ဒ် က “ဘုရားသခင်​၏ အံ့ဖွယ်အမှု​တို့ကို ဆက်​ကြား​ပြော​နေလော့” ဟောပြောချက်​ဖြင့် အစီအစဉ်ကို အထွတ်အထိပ်​သို့ ပို့ပေး​ခဲ့​သည်။ စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​ပေး​မှု​ကြောင့် ယေရှု၏​တပည့်​များသည် “ဘုရားသခင်​၏ အံ့ဖွယ်အမှု​တော်​တို့ကို” ဟောပြောရန် ခွန်အား​ပြည့်​လာ​ခဲ့​ကြသည်။ ယနေ့ ခရစ်ယာန်​သာသနာပြု​အသစ်များ​လည်း ဘုရားသခင့်​နိုင်ငံတော်​အကြောင်းကို အလားတူ​ထက်သန်မှု​ဖြင့်​ဟောပြောရန် အဘယ်အရာက ထောက်ကူ​နိုင်​သနည်း။ သန့်ရှင်းသော​ဝိညာဉ်​တော်​သာ​ဖြစ်သည်။ ညီအစ်ကို ဟာ့ဒ် က ကျောင်းဆင်း​သင်တန်းသား​များ​အား “ဝိညာဉ်​တော်​အားဖြင့် စိတ်အား​ထက်သန်” ရန်၊ သူတို့၏​တာဝန်​များနှင့်​ပတ်သက်​၍ တက်တက်ကြွကြွ​ရှိ​ရန်၊ သူတို့​ရရှိခဲ့​သော လေ့ကျင့်မှု​ကို ဘယ်တော့​မျှ​မမေ့​ရန် အားပေးခဲ့​သည်။ (ရောမ ၁၂:၁၁က​ဘ) “သမ္မာကျမ်းစာ​ဟာ ဘုရားသခင်​ရဲ့ ကြီးကျယ်​ခမ်းနား​တဲ့ အံ့ဖွယ်ရာ​ဖြစ်တယ်” ဟု​ညီအစ်ကို ဟာ့ဒ်​ပြော​ခဲ့​သည်။ “ကျမ်းစာ​ရဲ့​တန်ဖိုး​ကို ဘယ်တော့မှ​လျှော့မတွက်​သင့်​ဘူး။ ကျမ်းစာ​ထဲမှာ​ပါ​တဲ့ သတင်း​စကား​ဟာ အသက်ရှင်​စေတယ်။ ကိစ္စရပ်​တွေ​ရဲ့ အရေး​အကြီးဆုံး​အရာ​တွေ​ကို ပိုင်းခြား​သိမြင်​စေတယ်။ သင်တို့ရဲ့​အသက်တာကို ဖြောင့်မတ်​စွာ​ပြုပြင်ပေး​ဖို့ ကျမ်းစာ​ကို အသုံးပြုပါ။ သင်​တွေးတော​တဲ့​နည်းလမ်းတွေကို ကျမ်းစာ​က​ပြောင်းလဲ​စေပါ။ ကျမ်းစာ​လေ့လာခြင်း၊ ဖတ်ရှုခြင်း၊ ဆင်ခြင်​တွေးတောခြင်း​အားဖြင့် သင်တို့ရဲ့ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို ထိန်းသိမ်း​စောင့်ရှောက်​ပါ။ . . . ဂိလဒ်​က​လေ့ကျင့်ပေး​ခဲ့​ရာ​ကို ‘ဘုရားသခင်​ရဲ့ အံ့ဖွယ်ရာတွေ’ ဆက်​ကြား​ပြော​ရာ​မှာ အသုံးပြု​ဖို့ စိတ်​ဆုံးဖြတ်​ရည်ရွယ်​ထား​ပါ။”

ကမ္ဘာ​တစ်ဝန်း​မှ​ပေး​ပို့​သော နှုတ်​ခွန်း​ဆက်​စာ​များ​ကို ဖတ်ပြ​ကာ သင်တန်းသား​များ​အား ဒီ​ပ​လို​မာ​လက်မှတ်​ပေး​ပြီး​နောက် ကျောင်းဆင်း​တစ်ဦး​က သင်တန်းသား​များ​ရရှိခဲ့​သော လေ့ကျင့်မှု​အတွက် ကျေးဇူး​တင်​လေးမြတ်မှု​ကို ဖော်ပြ​ထား​သည့် စာ​ကို​ဖတ်ပြ​သည်။ ထို့နောက် ညီအစ်ကို လက်​တ် က ၂ ရာဇဝင်ချုပ် ၃၂:၇ နှင့် တရားဟောရာ ၂၀:၁၊ ၄ ကို​ရည်ညွှန်း​ကိုးကား​ကာ ပျော်ရွှင်ဖွယ်​အခါသမယ​နှင့် သင့်လျော်​စွာ နိဂုံး​ချုပ်​ပေး​ခဲ့​သည်။ အဖွင့်​တွင်​ပြော​ခဲ့​သော မှတ်ချက်​ကို နောက်ဆုံး​ဟောပြောချက်​တွင် ပြန်လည်​ချိတ်ဆက်​ကာ ဤသို့ နိဂုံး​ချုပ်​ခဲ့​၏– “ချစ်လှစွာ​သော ကျောင်းဆင်း​များ၊ သင်တို့ရဲ့ တာဝန်​အသစ်၊ ဝိညာဉ်​ရေး​တိုက်ပွဲ​ကို ရှေ့​ချီတက်​တိုက်ခိုက်​ရာ​မှာ ယေဟောဝါ​ဟာ သင်တို့နဲ့​အတူ ချီတက်​နေတယ်​ဆိုတာ​ကို သတိရ​ကြ​ပါ။ သင်တို့​ဘက်မှာ​နေတဲ့​သူဟာ သင်တို့​တစ်ဖက်​မှာ​နေတဲ့​သူ​ထက် ပို​များတယ်​ဆိုတာ​ကို ဘယ်တော့မှ​မမေ့​ကြ​ပါ​နဲ့။”

[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]

သင်တန်း​ဆိုင်ရာ အချက်အလက်​များ

ကိုယ်စား​ပြု​နိုင်ငံ​အရေအတွက်– ၇

တာဝန်​ပေးအပ်​ခံရ​သည့် နိုင်ငံ​အရေအတွက်– ၁၇

ကျောင်းသား/သူ​အရေအတွက်– ၄၈

ပျမ်းမျှ​အသက်– ၃၃.၇

ပျမ်းမျှ​အမှန်တရား​သက်တမ်း– ၁၇.၈

ပျမ်းမျှ​အချိန်ပြည့်​အမှုဆောင် သက်တမ်း– ၁၃.၅

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း​၏ ၁၁၅ ကြိမ်​မြောက် ဂိလဒ်​သင်တန်း

အောက်ပါ​စာရင်း​တွင် အတန်း​များ​ကို ရှေ့တန်း​မှ နောက်​တန်း​သို့ ရေတွက်​ပြီး အမည်များ​ကို လက်ဝဲ​မှ လက်ယာဘက်​သို့ စီ​ထား​သည်။

(1) Brown, T.; Goller, C.; Hoffman, A.; Bruzzese, J.; Trahan, S. (2) Smart, N.; Cashman, F.; Garcia, K.; Lojan, M.; Seyfert, S.; Gray, K. (3) Beckett, M.; Nichols, S.; Smith, K.; Gugliara, A.; Rappenecker, A. (4) Gray, S.; Vacek, K.; Fleming, M.; Bethel, L.; Hermansson, T.; Hermansson, P. (5) Rappenecker, G.; Lojan, D.; Dickey, S.; Kim, C.; Trahan, A.; Washington, A.; Smart, S. (6) Goller, L.; Burghoffer, T.; Gugliara, D.; Nichols, R.; Washington, S.; Kim, J. (7) Beckett, M.; Dickey, J.; Smith, R.; Garcia, R.; Hoffman, A.; Seyfert, R.; Brown, H. (8) Fleming, S.; Bruzzese, P.; Burghoffer, W.; Bethel, T.; Cashman, J.; Vacek, K.