မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာဦးကျမ်းမှ ပေါ်လွင်ချက်များ—၁

ကမ္ဘာဦးကျမ်းမှ ပေါ်လွင်ချက်များ—၁

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ကမ္ဘာဦးကျမ်း​မှ ပေါ်လွင်​ချက်​များ—၁

ကမ္ဘာဦးကျမ်း​သည် စကြဝဠာ​တည်ရှိ​လာပုံ၊ ကမ္ဘာ​ဂြိုဟ်​ကို လူသားတို့​အတွက် အသင့်ပြင်​ဆင်​ပေး​ခဲ့​ပုံ​နှင့် ကမ္ဘာ​ပေါ် လူ​တို့​မှီတင်း​နေထိုင်​လာ​ကြ​ပုံ​အကြောင်း ပြောပြ​ပါ​သည်။ ဤ​စာစောင်​ကို သိနာ​တော​ထဲ​တွင် မောရှေ​ရေးသားခဲ့​ပြီး ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်​တွင် အပြီးသတ်​ခဲ့​ပေမည်။

ကမ္ဘာဦးကျမ်း​သည် ရေ​လွှမ်း​ခြင်း​မတိုင်မီ ကမ္ဘာ​အကြောင်း၊ ရေလွှမ်းမိုး​ပြီး နှောင်းပိုင်း​ခေတ်တွင် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​ကြောင်း​နှင့် ယေဟောဝါ​ဘုရားသခင်​သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၊ ယောသပ်တို့​နှင့် မည်သို့​အပြန်အလှန်​ဆက်ဆံ​ခဲ့​ကြောင်း ပြောပြ​သည်။ ဤ​ဆောင်းပါး​တွင် ကမ္ဘာဦးကျမ်း ၁:၁–၁၁:၉ ပါ​ပေါ်လွင်​ချက်​များ​ကို သုံးသပ်ပါ​မည်၊ ယင်းက အခြေခံ​အားဖြင့် ဘိုးဘေး​အာဗြဟံ​နှင့် ယေဟောဝါ စတင်​ဆက်သွယ်​ခဲ့​ချိန်​အထိ ဖြစ်သည်။

ရေလွှမ်းမိုးခြင်း​မတိုင်မီ ကမ္ဘာ

(ကမ္ဘာဦး ၁:၁–၇:၂၄)

“အစအဦး​၌” ဟူသော ကမ္ဘာဦးကျမ်း​၏​အဖွင့်​စကား​သည် လွန်ခဲ့သော​အနှစ်​ဘီလီယံ​များစွာ​ထိ​တိုင်​ကို ရည်ညွှန်း​သည်။ ဖန်ဆင်း​ရာ “နေ့” ခြောက်​ရက် သို့​မဟုတ် အထူး​ဖန်ဆင်း​ရာ​ကာလ​အတွင်း ဖြစ်ပျက်​ခဲ့​ရာ​များ​ကို ဖော်ပြ​ထား​ပုံ​မှာ ထို​စဉ်​အခါ​က ကမ္ဘာ​ပေါ် လူတစ်ဦး​ရှိခဲ့​မည်​ဆိုလျှင် သူ့​အရှေ့​၌ ဖြစ်ပျက်​နေသည့်​အလား ဖော်ပြ​ထား​သည်။ ဘုရားသခင်​သည် ဆဋ္ဌမ​နေ့​အကုန်ပိုင်း​တွင် လူကို​ဖန်ဆင်း​ခဲ့​သည်။ လူ့​မနာခံမှုကြောင့် ပရဒိသု​သည် များ​မကြာမီ ပျောက်ဆုံး​သွား​သော်လည်း ယေဟောဝါ​သည် မျှော်လင့်ချက်​ပေး​တော်​မူ​၏။ အပြစ်​၏​အကျိုးဆက်များ​ကို ပယ်ဖျက်​ပြီး စာတန်​ကို ကြိတ်ပစ်​မည့် “အမျိုးအနွယ်” အကြောင်း သမ္မာကျမ်းစာ​၏ ပထမ​ဆုံး​ပရောဖက်ပြုချက်​က ဖော်ပြ​သည်။

နောက်ပိုင်း ၁၆ ရာစု​အတွင်း စာတန်​သည် အာဗေလ၊ ဧနောက်​နှင့်​နောဧ စ​သည့် တည်ကြည်သူ​အနည်းငယ်​မှ​လွဲ​၍ လူအားလုံး​နီးပါး​ကို ဘုရားသခင်​ထံ​တော်​မှ လှည့်​သွား​စေနိုင်​ခဲ့​သည်။ ဥပမာ၊ ကာဣန​သည် သူ၏​ဖြောင့်မတ်​သော​ညီ အာဗေလ​ကို သတ်ပစ်လိုက်​သည်။ မ​ရိုသေ​မ​ခန့်ညား​သည့်​နည်းဖြင့် ‘ယေဟောဝါ​၏​နာမတော်​ကို​အမှီပြု၍ ကိုးကွယ်​စ​ပြု​ခဲ့​ကြ’ ပုံ​ရှိသည်။ လာ​မက်​သည် မိမိကိုယ်ကို​ကာကွယ်​သည်​ဟု​ဆို​လျက် လူပျို​တစ်ဦး​ကို သတ်ပစ်ခဲ့​ကြောင်း ကဗျာ​တစ်ပုဒ်​စပ်ဆို​ရာ​တွင် အဆိုပါ​ခေတ်​ရှိ အကြမ်းဖက်​စိတ်ဓာတ်​ကို ထင်ဟပ်​ပေါ်လွင်​စေ​သည်။ ဘုရားသခင်​၏ နာခံမှု​မရှိသော ကောင်းကင်သား​များ​က လူ့​သမီး​များ​ကို​ယူပြီး နက်​ဖလင်​ခေါ် ရက်စက်​ကြမ်းကြုတ်​သည့်​လူ့​ဘီလူး​များ​ကို မွေးဖွား​စေသော​အခါ အခြေအနေ​ပို​ဆိုးရွား​လာ​၏။ ဤ​အခြေအနေ​များ​ကြား တည်ကြည်သူ​နောဧ​သည် သင်္ဘော​ကို​ဆောက်လုပ်​စဉ် ကျရောက်​အံ့​ဆဲ ရေလွှမ်းမိုး​ဘေး​အကြောင်း လူ​တို့ကို သတ္တိရှိရှိ​သတိပေး​ကာ ထို​ဖျက်ဆီးခြင်း​ဘေး​ကို သူ့​မိသားစု​နှင့်အတူ ကပ်ကျော်​လေ​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁:၁၆၊ [က​ဘ]—ဘုရားသခင်​သည် စတုတ္ထ​နေ့၌​သာ အလင်း​အိမ်များ​ကို ပြုလုပ်​ခဲ့​လျှင် ပထမ​နေ့တွင် အလင်း​ကို မည်သို့​ဖြစ်စေ​နိုင်​မည်​နည်း။ ကမ္ဘာဦး ၁ အခန်းငယ် ၁၆ တွင် ‘ပြုလုပ်’ (make) ဟု​ဘာသာ​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​သည် ကမ္ဘာဦး ၁:၁၊ ၂၁၊ ၂၇ အခန်းကြီး ၁၊ အခန်းငယ် ၁၊ ၂၁ နှင့် ၂၇ တို့​ပါ “ဖန်ဆင်း” (create) ဟူသော​စကားလုံး​နှင့် မတူ​ချေ။ အလင်း​အိမ်များ​ပါ အပါအဝင် “ကောင်းကင်” ကို “ပထမ​နေ့ရက်” မတိုင်မီ ကြာမြင့်စွာ​က​ပင် ဖန်ဆင်း​ထားပြီး​ဖြစ်သည်။ သို့သော် အလင်း​အိမ်များ​မှ ထုတ်လွှတ်​သော အလင်း​သည် မြေမျက်နှာပြင်​ပေါ်​သို့ မ​ရောက်​နိုင်​ချေ။ ပထမ​နေ့တွင် “အလင်း​ဖြစ်​လေ​၏၊” အကြောင်း​မှာ မိုးတိမ်​လွှာ​များ​ကြား အလင်း​ပျံ့နှံ့​ထိုးဖောက်​ဝင်လာ​ရာ အလင်း​ကို မြေပြင်​ပေါ်​မှ​မြင်ရ​လေ​၏။ သို့ဖြင့် လည်​နေသော​ကမ္ဘာ​ဂြိုဟ်​တွင် နေ့​နှင့်​ည တစ်​လှည့်​စီ​ဖြစ်ပေါ်​စ​ပြု​သည်။ (ကမ္ဘာဦး ၁:၁-၃၊ ၅) အဆိုပါ​အလင်း​ထွက်ပေါ်​သည့် နေရာများ​ကို​ကား မြေပြင်​ပေါ်​မှ မမြင်နိုင်​သေး​ချေ။ သို့သော် စတုတ္ထ​ဖန်ဆင်း​ရာ​ကာလ​အတွင်း ထူးထူးခြားခြား​ပြောင်းလဲ​သွား​သည်။ ယခု နေ၊ လ၊ ကြယ်​တို့၏​အလင်း​ကို “မြေကြီးပေါ်​၌​လင်း​စေ” လေ​၏။ (ကမ္ဘာဦး ၁:၁၇သမ္မာ) ယခု​အချိန်တွင် မြေပြင်​ပေါ်​မှ ၎င်းတို့ကို တွေ့မြင်​နိုင်ပြီ​ဖြစ်​ရာ ‘၎င်းတို့ကို ဘုရားသခင်​ဖြစ်ပေါ်​စေတော်မူ​၏။’

၃:၈—ယေဟောဝါ​ဘုရားသခင်​သည် အာဒံ​ကို တိုက်ရိုက်​စကားပြော​ခဲ့​သလော။ ဘုရားသခင်​သည် လူ​တို့ကို ကောင်းကင်တမန်​မှ​တစ်ဆင့် စကားပြော​လေ့​ရှိကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (ကမ္ဘာဦး ၁၆:၇-၁၁; ၁၈:၁-၃၊ ၂၂-၂၆; ၁၉:၁; တရားသူကြီး ၂:၁-၄; ၆:၁၁-၁၆၊ ၂၂; ၁၃:၁၅-၂၂) ဘုရားသခင်​၏ အဓိက​ပြောရေးဆိုခွင့်​ရှိသူ​မှာ ‘နှုတ်မြွက်​စကားတော်’ ဟု​ခေါ်​သော ကိုယ်တော်​၏​တစ်ပါး​တည်း​သော​သားတော်​ဖြစ်၏။ (ယောဟန် ၁:၁) အာဒံ​နှင့်​ဧဝ​တို့ကို ဤ ‘နှုတ်မြွက်​စကားတော်’ မှ​တစ်ဆင့် ဘုရားသခင်​စကားပြော​ခဲ့​ပေမည်။—ကမ္ဘာဦး ၁:၂၆-၂၈; ၂:၁၆; ၃:၈-၁၃

၃:၁၇—မြေကြီး​သည် အဘယ်​နည်းဖြင့် ကျိန်ခြင်း​ခံ​ခဲ့​ရသနည်း၊ မည်မျှ​ကြာ​သနည်း။ မြေ​ကို ကျိန်​ထား​သည့်​အတွက် ထွန်ယက်​စိုက်​ပျိုး​ဖို့ အလွန်​ခက်ခဲ​လိမ့်​မည်​ဖြစ်သည်။ ဆူးပင်​အမျိုးမျိုး​ပေါက်​နေသော အ​ကျိန်​ခံ​မြေ​၏ အကျိုးဆက်များ​ကို အာဒံ​၏​သားစဉ်မြေးဆက်​များ အကြီးအကျယ်​ခံ​ခဲ့​ရ​သဖြင့် နောဧ​၏​ဖခင် လာ​မက်​က “ထာဝရ​ဘုရား​ကျိန်​တော်​မူ​သော​မြေ​၌​လုပ်​၍ ပင်ပန်း​စွာ​ခံရ” ပြီ​ဟု​ပြော​ခဲ့​သည်။ (ကမ္ဘာဦး ၅:၂၉) ရေလွှမ်းမိုး​ဘေး​ပြီး​နောက် ယေဟောဝါ​သည် နောဧ​နှင့် သူ၏​သားများ​ကို ကောင်းချီး​ပေး​ပြီး မြေကြီးကို​ပြည့်စေ​ဖို့ ကိုယ်တော်​၏​ရည်ရွယ်ချက်ကို ဖော်ပြ​ခဲ့​သည်။ (ကမ္ဘာဦး ၉:၁) ထို​အချိန်တွင် မြေကြီး​သည် ဘုရားသခင်​၏​ကျိန်ခြင်း​ကို မခံရ​တော့​ပုံ​ရှိသည်။—ကမ္ဘာဦး ၁၃:၁၀

၄:၁၅—ယေဟောဝါ​သည် ‘ကာဣန​၌’ မည်သို့ “အမှတ်ပေး​တော်​မူ” သနည်း။ ကာဣန​၏​ကိုယ်​ပေါ်​တွင် အမှတ်လက္ခဏာ​တစ်ခုခု တစ်နည်း​တစ်​ဖုံ​ဖြင့် ထား​ရှိသည်​ဟု ကျမ်းစာ​က​မပြော​ပါ။ သို့သော် ထို​အမှတ်လက္ခဏာ​တွင် အခြားသူများ သိရှိ​လိုက်နာ​ခဲ့​ကြ​သည့် အလေးအနက်​ထုတ်ပြန်​ထားသော အမိန့်​တစ်ခု​ပါဝင်​ပုံ​ရ​ကာ ယင်းက သူ့ကို မည်သူမျှ ကလဲ့စားချေ​မ​သတ်ပစ်​ရန် ကာကွယ်​ပေး​သည်။

၄:၁၇—ကာဣန​သည် သူ၏​မိန်းမကို အဘယ်​မှ​ရရှိခဲ့​သနည်း။ အာဒံသည် “သားသမီး​များ​ကို​မြင်​လေ​၏။” (ကမ္ဘာဦး ၅:၄) ထို့​ကြောင့် ကာဣန​သည် သူ၏​ညီမ​တစ်ယောက် သို့​မဟုတ် တူမ​တစ်ယောက်ကို မိန်းမ​အဖြစ်​ယူ​ခဲ့​ပေမည်။ နောက်ပိုင်း​တွင် ဣသရေလ​လူမျိုး​အား ဘုရားသခင်​ပေး​ခဲ့​သော​ပညတ်​က သွေး​ရင်း​ညီအစ်ကို၊ ညီမ​ကို ထိမ်းမြား​ခွင့် မပြု​တော့​ချေ။—ဝတ်ပြုရာ ၁၈:၉

၅:၂၄—ဘုရားသခင်​သည် အဘယ်​နည်းဖြင့် ‘ဧနောက်​ကို သိမ်းယူ’ ခဲ့​သနည်း။ ဧနောက်​သည် အသက်​အန္တရာယ်​ရှိခဲ့​ဟန်​တူ​သည်၊ သို့သော် ရန်သူများ​လက်၌ ဝေဒနာ​ခံစား​ရဖို့ ဘုရားသခင်​ခွင့်​မပြု​ခဲ့​ချေ။ “ဧနောက်​သည် သေခြင်းနှင့်​လွတ်​၍ ဘဝ​ပြောင်း​ရ၏” ဟု​တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။ (ဟေဗြဲ ၁၁:၅) ထိုသို့​ဆို​သဖြင့် ဘုရားသခင်​သည် သူ့ကို ကောင်းကင်​သို့​ဆောင်ယူ​သွားပြီး ထို​တွင် သူ​အသက်ဆက်ရှင်​နေသည်​ဟု မဆိုလို​ပါ။ ကောင်းကင်​တက်​သူတို့တွင် ယေရှုသည် ပထမဦးဆုံး​သူ​ဖြစ်​တော်​မူ​၏။ (ယောဟန် ၃:၁၃; ဟေဗြဲ ၆:၁၉၊ ၂၀) ဧနောက်​သည် “သေခြင်းနှင့်​လွတ်” ရန် ပြောင်းရွှေ့​ခံရ​သည့်​အဖြစ်​မှာ သူ့ကို ဘုရားသခင်​သည် ပရောဖက်ပြုချက်​ဆိုင်ရာ​မိန်းမော​နေ​စေ​ခဲ့​ပြီး ထို​အခြေအနေ​မျိုး​၌​ရှိ​စဉ်​ပင် သူ​အသက်​သေဆုံး​သွားခြင်း​ကို ဆိုလို​ပေမည်။ ထိုသို့​သော​အခြေအနေ​မျိုး​တွင် ဧနောက်​သည် ဝေဒနာ​ကို​မခံစား​ရ၊ ရန်သူများ​လက်ချက်​ဖြင့် “သေခြင်းနှင့်​လွတ်” ခဲ့​ခြင်း​ဖြစ်သည်။

၆:၆—လူကို​ဖန်ဆင်း​ခဲ့​ခြင်း​ကို ယေဟောဝါ အဘယ်​နည်းဖြင့် ‘နောင်တ​ရ’ သည်​ဟု​ဆိုနိုင်​သနည်း။ ဤ​တွင် ‘နောင်တ​ရခဲ့’ ဟု​ဘာသာ​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​သည် သဘောထား​နှင့် ရည်ရွယ်ချက်​ပြောင်းလဲခြင်း​နှင့် သက်ဆိုင်​သည်။ ယေဟောဝါ​သည် စုံလင်သော​ကြောင့် လူကို​ဖန်ဆင်း​သည့်​အတွက် မမှား​ခဲ့​ပါ။ သို့ရာတွင် ရေလွှမ်းမိုးခြင်း​မတိုင်မီ​ခေတ်​က လူဆိုး​တို့​နှင့်​ပတ်သက်​၍​မူ ကိုယ်တော့်​စိတ်သဘောထား ပြောင်းလဲ​ခဲ့​သည်။ ဘုရားသခင်​သည် လူတို့၏​ဆိုးယုတ်မှု​ကို မနှစ်သက်​သောကြောင့် လူ့​ဖန်ဆင်း​ရှင်​အဖြစ်​မှ သူတို့ကို​ဖျက်ဆီး​သူ​အဖြစ်သို့ သဘောထား​ပြောင်းလဲ​ခဲ့​သည်။ လူ​အချို့​ကို ကိုယ်တော်​ကယ်တင်​ခဲ့​ခြင်း​က ဆိုးယုတ်​လာ​သူများ​နှင့်​ပတ်သက်​၍​သာ ကိုယ်တော်​နောင်တ​ရခဲ့ကြောင်း ဖော်ပြ​သည်။—၂ ပေတရု ၂:၅၊ ၉

၇:၂—တိရစ္ဆာန်​များ သန့်ရှင်း၊ မသန့်ရှင်း​ကို အဘယ်အရာ​ပေါ်​မူတည်ပြီး ခွဲခြား​ခဲ့​သနည်း။ ခွဲခြား​မှု​မှာ အဘယ်​တိရစ္ဆာန်​ကို စား​နိုင်၊ မစားနိုင်​အပေါ် မူ​မတည်​ဘဲ ဝတ်ပြုရေးတွင် ပူဇော်ရာ​ယဇ်​အဖြစ် အသုံးပြုခြင်း​အပေါ်​မူတည်​ခဲ့​ကြောင်း ထင်ရှား​သည်။ ရေလွှမ်းမိုး​ဘေး​မတိုင်မီ​က တိရစ္ဆာန်​အသားကို လူ​တို့​မစား​ခဲ့​ပါ။ စားသုံး​ဖို့ “စင်ကြယ်၊” “မစင်ကြယ်” သည်ကို မောရှေ​ပညတ်​ပေါ်ထွက်​လာချိန်​၌​သာ သတ်မှတ်​ခဲ့​၍ ထို​ပညတ် အပယ်ခံ​ရချိန်​၌ ၎င်း​ကန့်သတ်ချက်​များ အဆုံးတိုင်​ခဲ့​သည်။ (တမန်​တော် ၁၀:၉-၁၆; ဧဖက် ၂:၁၅) ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ရာ​၌ အဘယ်​တိရစ္ဆာန်​ကို ပူဇော်​ဖို့​သင့်လျော်​ကြောင်း နောဧ​သိရှိ​ထား​ပုံ​ရသည်။ အကြောင်း​မှာ သင်္ဘော​ပေါ်​မှ​ဆင်း​သည်​နှင့် သူသည် “ထာဝရ​ဘုရား​အဖို့ ယဇ်ပလ္လင်ကို​တည်​ပြီး​မှ စင်ကြယ်သော​သား၊ စင်ကြယ်သော​ငှက်​အမျိုးမျိုး​ထဲ​က​ယူ၍ ယဇ်​ပလ္လင်​ပေါ်မှာ မီးရှို့​သော​ယဇ်ကို ပူဇော်​လေ​၏။”—ကမ္ဘာဦး ၈:၂၀

၇:၁၁—ကမ္ဘာချီ​ရေလွှမ်းမိုး​စေသော ရေ​များသည် အဘယ်​မှ​လာ​သနည်း။ ဒုတိယ​ဖန်ဆင်း​ရာ​ကာလ၊ သို့​မဟုတ် “နေ့” အတွင်း၊ ကမ္ဘာ့​လေထု “မိုး​မျက်နှာကြက်” ဖြစ်ပေါ်​လာသော​အခါ “မိုး​မျက်နှာကြက်​အောက်​၌” ရှိသော​ရေ​နှင့် “မိုး​မျက်နှာကြက်​အပေါ်​၌” ရှိသော​ရေ​များ တည်ရှိ​လာ​သည်။ (ကမ္ဘာဦး ၁:၆၊ ၇) “အောက်​၌” ရှိသော​ရေ​များ​မှာ မြေကြီးပေါ်​၌ ရှိ​ထား​နှင့်​ပြီး​ဖြစ်သည်။ “အပေါ်​၌” ရှိသော​ရေ​များ​မှာ မြေမျက်နှာပြင်​အထက်တွင် ဆိုင်း​နေသော​ရေ​ငွေ့​ထု​ကြီး​ဖြစ်​ပြီး “ကြီးစွာ​သော​နက်နဲရာ​ရေပေါက်​ရေတွင်း​တို့” ဖြစ်လာ​သည်။ အဆိုပါ​ရေ​များသည် နောဧ​ခေတ်တွင် မြေပေါ်​ရွာသွန်း​ခဲ့​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ

၁:၂၆ဘုရားသခင့်​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခံ​ထား​ရ​ကား လူတို့သည် ဘုရားသခင့်​ဂုဏ်ရည်တော်​များ​ကို ရောင်ပြန်ဟပ်​နိုင်သော​အစွမ်း​ရှိ၏။ ဖန်ဆင်း​တော်​မူ​သော​အရှင်ကို ကျွန်ုပ်​တို့​ရောင်ပြန်ဟပ်​ကာ ချစ်ခြင်း​မေတ္တာ၊ ကရုဏာ၊ ကြင်နာ​ခြင်း၊ ကောင်းမြတ်​ခြင်း​နှင့် သည်းခံခြင်း​စ​သည့် အရည်အသွေးများ​ကို ပြုစု​ပျိုးထောင်​ရန် အမှန်​ကြိုးစား​သင့်ပါသည်။

၂:၂၂-၂၄အိမ်ထောင်မင်္ဂလာ​သည် ဘုရားသခင့်​အစီအစဉ်​ဖြစ်၏။ လင်ယောက်ျား​သည် အိမ်ထောင်ဦးစီး​အဖြစ် တာဝန်​ထမ်းဆောင်​ရ​၍ အိမ်ထောင်ရေး​နှောင်ကြိုး​သည် ထာဝရ​ဖြစ်​ပြီး မြင့်မြတ်​၏။

၃:၁-၅၊ ၁၆-၂၃ပျော်ရွှင်မှု​သည် ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာတွင် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို အသိအမှတ်​ပြုခြင်း​အပေါ် မူတည်​သည်။

၃:၁၈၊ ၁၉; ၅:၅; ၆:၇; ၇:၂၃ယေဟောဝါ​၏​နှုတ်မြွက်​စကား​များသည် အစဉ်​ဖြစ်ပျက်​လာ​သည်။

၄:၃-၇အာဗေလ​သည် ယုံကြည်ခြင်း​ရှိသော ဖြောင့်မတ်​သူ​ဖြစ်သော​ကြောင့် သူ၏​ယဇ်ကို ယေဟောဝါ​နှစ်သက်​လက်ခံခဲ့သည်။ (ဟေဗြဲ ၁၁:၄) ကာဣန​မှာ​မူ ယုံကြည်ခြင်း​မရှိကြောင်း သူ၏​လုပ်ရပ်များ​က ဖော်ပြ​သည်။ သူ၏​အကျင့်​များ ဆိုးယုတ်​ကြောင်း မနာလိုမှု၊ မုန်းတီးမှု​နှင့် လူသတ်မှု​တို့​က​ဖော်​၏။ (၁ ယောဟန် ၃:၁၂) ထို့​ပြင် သူ၏​ပူဇော်ရာ​ယဇ်ကို အပေါ်ယံ​သဘောဖြင့်​သာ ပူဇော်​ပြီး ဝတ်​ကျေ​တမ်း​ကျေ​မျှ ဆက်သ​ခဲ့​ပုံ​ရသည်။ ယေဟောဝါ​ထံ ကျွန်ုပ်​တို့​ဆက်သ​သော ချီးမွမ်း​ခြင်း​ယဇ်များ​သည် နှလုံး​အကြွင်းမဲ့​ဖြစ်​ပြီး သဘောထား​မှန်​ဖြင့်​ပြုလုပ်​သော အကျင့်ကောင်း​များနှင့် ဒွန်တွဲ​နေ​သင့်​သည်မဟုတ်​လော။

၆:၂၂နောဧ​သည် သင်္ဘော​ဆောက်လုပ်​ဖို့ နှစ်များ​စွာ​ကြာသော်​လည်း ဘုရားသခင်​မိန့်မှာ​သည့်​အတိုင်း ပြုလုပ်​ခဲ့​သည်။ ထို့​ကြောင့် နောဧ​နှင့် သူ့​မိသားစု​သည် ရေလွှမ်းမိုး​ဘေး​ကို ကပ်ကျော်​ခဲ့​ကြ​၏။ ယေဟောဝါ​သည် ရေးသား​ထားသော ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​မှ​တစ်ဆင့် ကျွန်ုပ်​တို့ကို စကားပြော​ဆို​တော်​မူ​၍ ကိုယ်တော်​၏​အဖွဲ့အစည်း​မှ​တစ်ဆင့် လမ်းညွှန်​ပေး​ပါ​သည်။ ကျွန်ုပ်​တို့​နားထောင်​၍ နာခံမှု​ပြ​လျှင် အကျိုး​ခံစားရ​မည်။

၇:၂၁-၂၄ယေဟောဝါ​သည် ဖြောင့်မတ်​သူများကို လူဆိုး​တို့​နှင့်အတူ မဖျက်ဆီး​ပါ။

လူသားတို့​အတွက် တစ်ခေတ်​ဆန်း​လာ

(ကမ္ဘာဦး ၈:၁–၁၁:၉)

ရေလွှမ်းမိုးခြင်း​မတိုင်မီ​က လောက မရှိတော့​သည့်​အခါ ခေတ်​သစ်​တစ်ခေတ်​သို့ လူသား​တို့​ဝင်ရောက်​လာ​ခဲ့​ကြသည်။ ဤ​အချိန်​မှ​စ၍ လူတို့သည် အသားစား​ခွင့်​ရ​သော်လည်း အသွေးကို​ရှောင်ကြဉ်​ဖို့ မိန့်မှာ​ခံ​ကြ​ရသည်။ ယေဟောဝါ​သည် လူသတ်မှု​ကို သေဒဏ်​ချမှတ်​ပြီး သက်​တံ့​ပဋိညာဉ်ဖွဲ့​ကာ မြေကြီးကို ရေလွှမ်းမိုး​ဘေး​ဖြင့် ဘယ်တော့​မျှ မဖျက်ဆီး​တော့​ဟု ကတိပြု​ခဲ့​သည်။ နောဧ​၏​သား​သုံးဦးသည် လူသား​မျိုးနွယ်​တစ်ခုလုံး​၏ ဘိုးဘေး​များ​ဖြစ်လာ​ကြသည်၊ သို့သော် သူ၏​မြစ် နိမ်ရောဒ​သည် ‘ယေဟောဝါ​ကို​ဆန့်ကျင်​သည့် အား​ကြီးသော​မုဆိုး​ဖြစ်’ လာ​လေ​သည်။ မြေကြီး​အနှံ့အပြား သွားရောက်​နေထိုင်ကြ​မည့်​အစား လူတို့သည် မိမိတို့၏​နာမည်​ကျော်စော​စေဖို့ ဘေဘဲလ်​ဟု​ခေါ်​သော မြို့​တစ်မြို့​နှင့် ရဲတိုက်​တစ်ခု​ကို ဆောက်လုပ်​ရန် ဆုံးဖြတ်​ခဲ့​ကြသည်။ သို့သော် ယေဟောဝါ​သည် သူတို့၏​ဘာသာ​စကား​ကို ရှုပ်ထွေး​စေပြီး မြေတစ်ပြင်လုံး​သို့ ပျံ့နှံ့​သွား​စေသော​အခါ သူတို့၏​အကြံအစည်​များ ပျက်ပြား​လေ​၏။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၈:၁၁—ရေလွှမ်းမိုးခြင်း​ကြောင့် သစ်ပင်​များ​ပျက်စီး​ခဲ့​လျှင် ချိုးငှက်​သည် သံလွင်​ရွက်​ကို အဘယ်​မှ​ရသနည်း။ ဖြစ်​နိုင်​ခြေ​နှစ်ခု​ရှိသည်။ သံလွင်ပင်​သည် အတော်ပင် ကြံ့ခိုင်​သော​အပင်​ဖြစ်​ရာ ရေလွှမ်းမိုး​စဉ် လအနည်းငယ်​အတောအတွင်း ရေ​အောက်​၌ ဆက်​အသက်ရှင်​နိုင်​ခြင်း​ဖြစ်သည်။ ရေ​လွှမ်း​ခံရ​သော သံလွင်ပင်​တစ်ပင်​သည် ရေ​ကျ​သွား​သည်​နှင့် ကုန်းမြေ​ပေါ် ပြန်ရောက်​လာပြီး အရွက်​များ ပြန်​ပေါက်​နိုင်​ပါ​သည်။ နောဧ​ထံ​သို့ ချိုးငှက်​ချီ​လာသော သံလွင်​ရွက်​မှာ ရေ​ကျ​သွားပြီး​နောက် ထွက်​လာသော​ရွက်​နု​ဖြစ်​နိုင်​ပေ​သည်။

၉:၂၀-၂၅—နောဧ​သည် ခါ​နာ​န်​ကို အဘယ်ကြောင့်​ကျိန်ဆဲ​ခဲ့​သနည်း။ ခါ​နာ​န်​သည် အဘိုး​ဖြစ်သူ နောဧ​ကို ရင့်သီး​ရိုင်းစိုင်း​စွာ​ပြောဆို​ပြုမူ​ခဲ့​သည့် အပြစ်ရှိ​ခြင်း​ကြောင့်​ဖြစ်​နိုင်​သည်။ ခါ​နာ​န်​၏​ဖခင် ဟာ​မ​သည် ယင်းကို သိ​လျက်​နှင့် ဝင်​မဆုံးမ​ဘဲ သတင်းဖြန့်​ခဲ့​ပုံ​ရှိသည်။ သို့သော် နောဧ​၏​အခြား​သား​နှစ်ဦး​ဖြစ်သော ရှေမ​နှင့် ယာ​ဖက်​တို့​မူ ဖခင်​ကို အဝတ်​နှင့်​ဖုံး​ပေး​ခဲ့​ကြသည်။ ထို့​ကြောင့် သူတို့​ကောင်းချီး​ရခဲ့ပြီး ခါ​နာ​န်​မူ​ကား ကျိန်ခြင်း​ခံ​ခဲ့​ရသည်၊ ဟာ​မ​သည် သူ၏​သား​အပေါ် ရောက်ရှိ​လာသော အရှက်ကွဲခြင်း​အကျိုးဆက်ကို ခံစား​ခဲ့​ရသည်။

၁၀:၂၅—ဖာလက်​ခေတ်တွင် မြေကြီးကို မည်သို့ “ခွဲဝေ” ခဲ့​ကြ​သနည်း။ ဖာလက်​သည် ဘီ.စီ.အီး. ၂၂၆၉ မှ ၂၀၃၀ အထိ အသက်ရှင်ခဲ့​သည်။ “သူ့​လက်ထက်​၌” ဘေဘဲလ်​ဆောက်လုပ်​သူများ​၏ ဘာသာ​စကား​ကို ယေဟောဝါ​ရှုပ်ထွေး​စေ​ခဲ့​၍ မြေမျက်နှာပြင် အရပ်ရပ်​သို့ သူတို့ကို ကွဲလွင့်​စေခြင်း​ဖြင့် ကြီးစွာ​သော​ခွဲဝေ​ခြင်း​ကို ဖြစ်ပေါ်​စေတော်မူ​ခဲ့​သည်။ (ကမ္ဘာဦး ၁၁:၉) သို့ဖြင့် “မြေကြီး [သို့​မဟုတ်၊ ကမ္ဘာ့​လူဦးရေ] ကို” ဖာလက်​ခေတ်​၌ “ခွဲဝေ​ကြ​၏။”

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၉:၁; ၁၁:၉မည်သည့်​လူ့​အကြံအစည်၊ သို့​မဟုတ် လူ့​ကြိုးပမ်းမှု​က​မျှ ယေဟောဝါ​၏​ရည်ရွယ်ချက် မပြည့်စုံ​စေ​အောင် ဟန့်တား​နိုင်​မည်​မဟုတ်​ချေ။

၁၀:၁-၃၂။ အခန်းကြီး ၅ နှင့် ၁၀ တွင်​ဖော်ပြ​ထားသော ရေလွှမ်းမိုးခြင်း​မတိုင်မီ​နှင့် ပြီး​နောက် ဆွေစဉ်မျိုးဆက်​မှတ်တမ်း​နှစ်ခု​က ပထမ​လူသား​အာဒံ​မှ​သည် နောဧ​၏​သား​သုံးဦး​မှ​တစ်ဆင့် လူသား​မျိုးနွယ်​တစ်ရပ်လုံး​ကို ဆွေမျိုး​စပ်​ပြ​သည်။ အာရှုရိလူမျိုး၊ ခါလဒဲ​လူမျိုး၊ ဟေဗြဲ​လူမျိုး၊ ဆီးရီးယား​လူမျိုး​နှင့် အာရပ်မျိုးနွယ်​အချို့​တို့သည် ရှေမ​၏ သားစဉ်မြေးဆက်​များ​ဖြစ်​ကြ​၏။ အီသီယိုးပီးယား၊ အီဂျစ်၊ ခါ​နာ​န်​အပြင် အာဖရိက​နှင့် အာရပ်မျိုးနွယ်​အချို့​သည် ဟာ​မ​မှ ဆင်းသက်လာ​ကြ​၏။ အင်​ဒို-ဥရောပ​သားများ​သည် ယာ​ဖက်​၏​သားစဉ်မြေးဆက်​များ​ဖြစ်​ကြ​၏။ လူသား​အားလုံး ဆွေမျိုး​တော်စပ်​ပြီး ဘုရားသခင်​ရှေ့တွင် တန်းတူ​ညီမျှ မွေးဖွား​လာ​ကြ​၏။ (တမန်​တော် ၁၇:၂၆) ဤ​အမှန်တရားက အခြား​သူများကို ကျွန်ုပ်​တို့​ရှုမြင်၊ ဆက်ဆံပုံ​အပေါ် ဩဇာ​သက်ရောက်​စေ​ရ​ပေမည်။

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​သည် တန်ခိုး​နှင့်​ပြုပြင်​နိုင်

ကမ္ဘာဦးကျမ်း​၏​ပထမ​ပိုင်း​တွင် လူ့​အစောပိုင်း​သမိုင်း​မှတ်တမ်း​၏ တစ်ခု​တည်း​သော တိကျ​မှန်ကန်​သည့် သမိုင်း​မှတ်တမ်း ပါရှိ​သည်။ ဤ​စာမျက်နှာ​များ​က လူကို မြေကြီးပေါ် ဘုရားသခင်​ထားခဲ့​ရသည့် ရည်ရွယ်ချက်​အမှန်​ကို ထိုးထွင်း​သိမြင်​စေ​သည်။ ထို​ရည်ရွယ်ချက်​ပြည့်စုံ​ရန် နိမ်ရောဒ​၏​ကြိုးပမ်းမှု​ကဲ့သို့​သော အဘယ်​လူ့​ကြိုးပမ်းမှု​မျှ မ​ဟန့်တား​နိုင်​ကြောင်း သိမြင်​ရခြင်း​သည် အားတက်စရာ​ပါ​တကား!

သင်သည် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​အတွက် ပြင်ဆင်​ရာ​၌ ပတ်စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း​ကို ပြုလုပ်​စဉ် “ကျမ်းစာ​မေးခွန်းများ အဖြေ” အပိုင်း​အောက် ဖော်ပြ​ထား​ရာ​များ​ကို သုံးသပ်​ဆင်ခြင်​သည့်​အခါ ခက်ခဲ​သော​ကျမ်းပိုဒ်​အချို့​ကို နားလည်​လာ​ပါ​လိမ့်​မည်။ ပတ်စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း​အစီအစဉ်​မှ မည်သို့​အကျိုး​ရယူ​နိုင်​ကြောင်းကို “ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ” အောက်​ရှိ​မှတ်ချက်များ​က ဖော်ပြ​ပါ​မည်။ သင့်လျော်​သည့်​အခါ လုပ်ငန်းတော်​အစည်းအဝေး​တွင် ဒေသ​လိုအပ်ရာ​များ​အတွက် အခြေခံ​အဖြစ်​လည်း ၎င်းတို့ကို အသုံးပြုနိုင်​ပါ​သည်။ ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အမှန်ပင် အသက်ရှင်ပြီး ကျွန်ုပ်​တို့၏​ဘဝကို တန်ခိုး​နှင့်​ပြုပြင်​နိုင်​ပါ​သည်။—ဟေဗြဲ ၄:၁၂