မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်သာသနာပြုစိတ်ဓာတ် ဆက်မွေးမြူထားသည့်အတွက် ကြွယ်ဝစွာကောင်းချီးခံစားရ

ခရစ်ယာန်သာသနာပြုစိတ်ဓာတ် ဆက်မွေးမြူထားသည့်အတွက် ကြွယ်ဝစွာကောင်းချီးခံစားရ

ဘဝ​အတ္ထုပ္ပတ္တိ

ခရစ်ယာန်​သာသနာပြု​စိတ်ဓာတ် ဆက်​မွေးမြူ​ထား​သည့်​အတွက် ကြွယ်ဝ​စွာ​ကောင်းချီး​ခံစားရ

တောမ်​ကွ​ခ် ပြောပြ​သည်

အေးဆေး​ငြိမ်သက်​နေတဲ့ နေ့လယ်ခင်း​ချိန်​ဟာ သေနတ်သံ​တွေ​ကြောင့် ရုတ်တရက်​ဆူညံ​သွားတယ်။ ကျွန်တော်​တို့ ဥယျာဉ်​ပင်​တွေ​ကြား ကျ​ည်ဆံ​တွေ ဖြတ်သွား​တာ တွေ့​လိုက်ရတယ်။ ဘာဖြစ်​နေပါ​လိမ့်။ ယူဂန္ဓာ​နိုင်ငံ​ရဲ့​အာဏာကို ဗိုလ်ချုပ်ကြီး​အီဒီအာမင် သိမ်း​လိုက်ပြီ​ဆိုတာ မကြာခင်​မှာ သိလိုက်​ရတယ်။ အဲ့​ဒါ ၁၉၇၁ ခုနှစ်​မှာ ဖြစ်ပျက်​ခဲ့​တာ။

အေးချမ်း​တဲ့ အင်္ဂလန်​နိုင်ငံ​ကနေ မငြိမ်မသက်​ဖြစ်နေ​တဲ့ ဒီ​အာဖရိက​ဒေသ​ကို ကျွန်တော့်​ဇနီး အဲ​န်​နဲ့​အတူ ဘာဖြစ်​လို့ ပြောင်း​လာ​ရတာလဲ။ ကျွန်တော့်​မှာ စွန့်စား​ချင်​တဲ့​စိတ် ရှိတာ​တော့​မှန်တယ်၊ ဒါပေမဲ့ အဓိက​တော့ ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်းမှာ ဇွဲ​နဲ့​ပါဝင်​ခဲ့​တဲ့ မိဘတွေရဲ့​ပုံသက်သေ​ကြောင့် ခရစ်ယာန်​သာသနာပြု​စိတ်ဓာတ် ကျွန်တော့်​မှာ ရှိလာ​တာ​ပါ။

ယေဟောဝါသက်သေ​တွေ​နဲ့ ကျွန်တော့်​မိဘတွေ ပထမ​အကြိမ်​တွေ့ဆုံ​ခဲ့​တဲ့ ၁၉၄၆၊ ဩဂုတ်​လရဲ့ ပူအိုက်​တဲ့​နေ့​တစ်နေ့​ကို ကျွန်တော် မှတ်မိ​သေး​တယ်။ အိမ်ရှေ့​တံခါးဝ​မှာ ဧည့်သည်​နှစ်ယောက်​နဲ့ အတော်ကြာကြာ သူတို့​စကားပြော​နေကြ​တယ်။ ဖ​ရေ​ဇာ​ဘ​ရက်​ဒ်​ဘဲ​ရီ​နဲ့ မေ​မီ​ရှ​ရီ​ဗ်​ဆို​တဲ့​အဲ့ဒီ​ဧည့်သည်​နှစ်ယောက် ကျွန်တော်​တို့​ဆီ ခဏ​ခဏ​လာလည်ကြ​တယ်၊ အဲ့ဒီ​လတွေ​မှာ ကျွန်တော်​တို့​မိသားစု​ဘဝ ထူးထူးခြားခြား ပြောင်းလဲ​သွားတယ်။

မိဘတွေရဲ့ ရဲစွမ်းသတ္တိ​ရှိ​ပုံသက်သေ

ကျွန်တော့်​မိဘတွေက ရပ်ကွက်​ရေးရာ​တွေ​မှာ အတော်​ပါဝင်​ခဲ့​ကြ​တာ။ ဥပမာ​ပြော​ရ​ရင်၊ သူတို့​ကျမ်းစာ,စ​မ​လေ့လာ​ခင်​က​ဆိုရင် ဝင်​စတင် ချာ​ချီ​လ်​ရဲ့ ပိုစတာ​တွေ အိမ်ထဲမှာ အပြည့်​ပဲ။ စစ်​ပြီး​ခေတ် ပြည်​သူ့​ရွေးကောက်​ပွဲ​လုပ်​တုန်း​က​လည်း ဒေသခံ​ကွန်​ဆာ​ဗေး​တစ်​ပါတီ​ကော်မတီ​က ကျွန်တော်​တို့​အိမ်မှာ စုဝေး​ခဲ့​တယ်။ အဲ့ဒီ​အပြင် ကျွန်တော်​တို့​မိသားစုဟာ ဘာသာရေး​မှာ​ကော၊ လူမှုရေး​မှာ​ပါ လူကြီး​ပိုင်း​တွေ​နဲ့ အဆက်အသွယ်​ရှိကြတယ်။ အဲ့ဒီ​တုန်း​က ကျွန်တော် ကိုးနှစ်​ပဲ​ရှိသေး​ပေမဲ့ ကျွန်တော်​တို့ ယေဟောဝါသက်သေ​တွေ ဖြစ်နေ​ပြီ​လို့ ဆွေမျိုး​တွေ​သိ​သွားတဲ့အခါ သူတို့ မယုံနိုင်​လောက်​အောင်​ဖြစ်​ခဲ့​တာ​ကို မှတ်မိ​သေး​တယ်။

ကျွန်တော်​တို့​ပေါင်းသင်း​တဲ့ သက်သေခံတွေရဲ့ စိုးလ်​အကြွင်းမဲ့​နဲ့ သတ္တိရှိရှိ​လုပ်ဆောင်ကြ​တဲ့ ပုံသက်သေ​က ကျွန်တော့်​မိဘတွေကို ဟောပြောခြင်း​လုပ်ငန်းမှာပါ​ဝင်​ဖို့ တွန်း​အားပေးခဲ့တယ်။ မကြာခင်​မှာပဲ အဖေက ကျွန်တော်​တို့​နေထိုင်တဲ့ စ​ပွန်​ဒါ​န်​ရွာ​ရဲ့ ဈေးကြီး​လေဟာပြင်​မှာ အသံချဲ့စက်​နဲ့ ဟောပြောချက်​တွေ​ပေး​ပါ​လေ​ရော၊ ကျွန်တော်​တို့​ကလေး​တွေ​ကျ​တော့ ကင်းမျှော်စင် နဲ့ နိုးလော့! ကိုင်​ပြီး လူ​မြင်ကွင်း​မှာ ရပ်နေ​ခဲ့​ကြရတယ်။ ကျောင်း​သွား​ဖော်​တွေ​နဲ့​တွေ့​တဲ့​အခါ ထွက်ပြေး​ချင်စိတ်​ပေါက်​လာတာကို ကျွန်တော်​ဝန်ခံ​ရမယ်။

ကျွန်တော့်​မိဘတွေရဲ့​ပုံသက်သေ​ကြောင့် အစ်မကြီး ဒယ်​ဖ​နီ​က ရှေ့ဆောင်​လုပ်ငန်းမှာ စ​ပါဝင်​လာတယ်။ ၁၉၅၅ ခုနှစ်​မှာ ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်​ကျောင်း​ကို အစ်မကြီး တက်ရောက်​ခဲ့​ပြီး ဂျပန်​ပြည်​မှာ ခရစ်ယာန်​သာသနာပြု​တာဝန်ရ​ခဲ့​တယ်။ * ဒါပေမဲ့ ကျွန်တော့်​ညီမ ဇို​အီ​ကျ​တော့ ယေဟောဝါ​ကို မကိုးကွယ်​တော့​ဘူး။

အဲ့ဒီ​အချိန်​မှာ ကျွန်တော်​က ပုံဆွဲ​ဒီဇိုင်း​ပညာ​သင်​ကျောင်း တက်ပြီး​သွားပြီ။ အဲ့ဒီ​တုန်း​က​ဆိုရင် ကျောင်းသား​တွေ​က စစ်မှုထမ်း​ဖို့ အရေးကိစ္စကို ရင်ဆိုင်​နေ​ရတယ်။ ကျွန်တော်​က​တော့ စစ်မှု​ကို​ငြင်းပယ်​သူ​ဖြစ်တယ်​လို့ ပြောပြ​တဲ့​အခါ ကျွန်တော် နောက်​နေတာ​လို့ သူတို့​ထင်​ခဲ့​ကြတယ်။ အဲ့ဒီ​ကိစ္စ​ကြောင့် ကျောင်းသား​တချို့​နဲ့ ကျမ်းစာ​ဆွေးနွေး​ဖြစ်​ခဲ့​တယ်။ မကြာခင်​မှာပဲ ကျွန်တော် စစ်မှု​မ​ထမ်း​လို့ ၁၂ လ​ထောင်ချ​ခံရ​တယ်။ ကျမ်းစာ​သတင်းတရားကို စိတ်ဝင်စား​ခဲ့​တဲ့ အနုပညာ​ကောလိပ်​ကျောင်းသူ​တစ်ယောက်​က နောက်ပိုင်း​မှာ ကျွန်တော့်​ဇနီး​ဖြစ်လာ​တယ်။ ဒါပေမဲ့ အမှန်တရားကို အဲ​န် ဘယ်လို​သိရှိ​လာခဲ့တယ်​ဆိုတာ သူ့ကို ပြော​ခွင့်ပြု​ပါ။

အမှန်တရားကို အဲ​န်​စ​သိရှိ​လာ​ခြင်း

“ကျွန်မ​မိသားစုက ဘာသာ​တရားကို စိတ်မဝင်စား​တဲ့​အတွက် ကျွန်မ​လည်း နှစ်ခြင်း​မခံခဲ့​ဖူး​ဘူး။ ဒါပေမဲ့ ဘာသာ​တရားကို ကျွန်မ​သိချင်​လို့ သူငယ်ချင်းတွေ​နဲ့ ဘယ်​ချာ့ခ်ျ​ကို​မဆို လိုက်​တက်​ကြည့်​တယ်။ ကောလိပ်​ကျောင်း​မှာ တောမ်​နဲ့ နောက်​သက်သေခံ​တစ်ယောက်​က တခြား​ကျောင်းသား​တွေ​နဲ့ အားရပါးရ ကျမ်းစာ​ဆွေးနွေး​နေတာကို ကျွန်မ​နားထောင်​ရင်း သမ္မာကျမ်းစာ​ကို စိတ်ဝင်စား​လာတယ်။ တောမ်​နဲ့ အဲ့ဒီ​သက်သေခံ​ပါ စစ်မှု​မ​ထမ်း​တဲ့​အတွက် ထောင်ချ​ခံရတဲ့​အခါ ကျွန်မ​စိတ်​အနှောင့်အယှက်​ဖြစ်​မိတယ်။

“တောမ်​ထောင်ကျ​နေတုန်း သူ့​နဲ့ စာ​အမြဲ​ဆက်သွယ်​ခဲ့လို့ သမ္မာကျမ်းစာ​ကို ပို​ပြီး​စိတ်ဝင်စား​လာတာ။ ပညာ​ဆက်သင်​ဖို့ လန်ဒန်​မြို့ကို ပြောင်း​သွားတဲ့အခါ မြူ​ရီ​အယ်​လ် အော်​လ်​ဘ​ရက်​ခ်​နဲ့ ကျမ်းစာ​သင်​ဖို့ ကျွန်မ​သဘောတူ​လိုက်တယ်။ မြူ​ရီ​အယ်​လ်​က အက်​စ​တိုး​နီး​ယား​မှာ ခရစ်ယာန်​သာသနာပြု​လုပ်ခဲ့ဖူး​တယ်၊ သူနဲ့ သူ့​အမေ​နှစ်ယောက်စလုံး​က ကျွန်မ​ကို အားပေးခဲ့တယ်။ အပတ်​အနည်းငယ်မှာပဲ အစည်းအဝေးတွေ​စတက်​နေပြီ၊ ဗစ်​တိုး​ရီး​ယား​ဘူတာရုံ​အပြင်မှာ ရပ်​ပြီး ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်း​တွေဝေ​နေပြီ။

“လန်ဒန်​တောင်ပိုင်း​က ဆောက်​သ်​ဝါ​ခ်​အသင်းတော်မှာ ကျွန်မ​စည်းဝေး​တက်​ခဲ့​တယ်။ အဲ့ဒီ​အသင်းတော်က ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​တွေ​ဟာ လူမျိုး​မတူကြဘူး၊ အများစုက ဆင်းရဲ​ကြတယ်။ ကျွန်မ​က သူစိမ်း​တစ်ယောက်​ဖြစ်​ပေမဲ့ သူတို့​ဆွေမျိုး​လို​ပဲ ကျွန်မ​ကို​ဆက်ဆံ​ခဲ့​ကြတယ်။ အဲ့ဒီ​အသင်းတော်ရဲ့ မေတ္တာ​ကြောင့် ဒါဟာ အမှန်တရား​ပဲ​လို့ ကျွန်မ​ယုံကြည်​စိတ်ချ​လာတာ၊ ဒါနဲ့ ၁၉၆၀ ပြည့်နှစ်​မှာ ကျွန်မ​နှစ်ခြင်း​ခံ​လိုက်တယ်။”

ပန်းတိုင်​တူ—အခြေအနေ​မတူ

၁၉၆၀ ပြည့်နှစ်​နှောင်းပိုင်း​မှာ အဲ​န်​နဲ့​ကျွန်တော် လက်ထပ်​လိုက်ပြီး ခရစ်ယာန်​သာသနာပြု​လုပ်ငန်းမှာ ပါဝင်​ဖို့ ပန်းတိုင်​ထားခဲ့​ကြတယ်။ ဒါပေမဲ့ ကလေး​ရှိနေပြီ​လို့ သိလိုက်​ရတော့ ကျွန်တော်​တို့​အခြေအနေ ပြောင်းလဲ​သွားတယ်။ သမီး​ဆေရာ မွေး​ပြီး​နောက်​မှာ အဲ​န်​နဲ့​ကျွန်တော်​ဟာ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​တွေ တကယ်​လိုအပ်​တဲ့ နိုင်ငံ​မှာ အမှုဆောင်​ချင်​တဲ့​စိတ် ရှိနေသေး​တယ်။ နိုင်ငံ​အတော်များများမှာ အလုပ်​လျှောက်ခဲ့​တယ်၊ နောက်ဆုံး ၁၉၆၆၊ မေလ​မှာ ယူဂန္ဓာ​ပညာရေး​ဝန်ကြီးဌာန​မှာ အလုပ်​ရမယ်ဆို​တဲ့ စာ​တစ်စောင်​ရောက်​လာတယ်။ ဒါပေမဲ့ အဲ့ဒီ​အချိန်​မှာ အဲ​န်​က ဒုတိယ​ကလေး ကိုယ်ဝန်​ရှိနေပြီ။ ပြောင်းရွှေ့​ဖို့ စဉ်းစား​တာ​ကို ပညာ​မရှိဘူးလို့ တချို့က​ထင်ကြ​တယ်။ ဆရာဝန်​နဲ့ တိုင်ပင်​ကြည့်​တော့ “သွားမယ်​ဆိုရင် ခင်ဗျား​ဇနီး ကိုယ်ဝန်​ခု​နစ်​လ​မပြည့်​ခင် သွား​သင့်တယ်” လို့​ပြော​တာ​နဲ့ ယူဂန္ဓာ​နိုင်ငံ​ကို ချက်ချင်း​ထွက်​ခဲ့​ကြတယ်။ ဒါ​ကြောင့် ဒုတိယ​သမီး​ရေချယ်လ် နှစ်နှစ်​အရွယ်ရောက်​မှ ကျွန်တော်​တို့​ရဲ့​မိဘတွေ သူ့ကို​တွေ့ဖူး​ကြ​တာ။ အခု ကျွန်တော်​တို့​ကိုယ်တိုင် ဘိုးဘွား​ဖြစ်​တော့​မှ ကျွန်တော်​တို့​ချစ်​ရတဲ့​မိဘတွေရဲ့ ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ကို အပြည့်အဝ​သဘောပေါက်​တယ်။

ယူဂန္ဓာ​ကို​ရောက်​ခဲ့​တဲ့ ၁၉၆၆ ခုနှစ်​မှာ စိတ်​လှုပ်ရှား​ခဲ့​ရ​သလို စိတ်ပျက်​အားလျော့​စ​ရာ​လည်းကောင်း​ခဲ့​တယ်။ လေယာဉ်​ပေါ်​က​ဆင်း​တာ​နဲ့ အရောင်​မျိုးစုံ​ကို ချက်ချင်း​သတိထား​မိတယ်။ တော်​တော်​အရောင်​တောက်​တာ​ပဲ။ ကျွန်တော်​တို့ ပထမဦးဆုံး​နေတဲ့​အိမ်က နိုင်းလ်​မြစ်ဝမှာ​ရှိတဲ့ ဂျင်း​ဂျာ​မြို့ကနေ မိုင် ၃၀ ဝေး​တဲ့ အီဂါင်ဂါးမြို့​လေး​နား​မှာ​ရှိတယ်။ ကျွန်တော်​တို့​နဲ့ အနီးဆုံး​သက်သေခံတွေ​က ဂျင်း​ဂျာ​မြို့က သီးခြား​အုပ်စု​လေး​ပဲ။ အဲ့ဒီ​အုပ်စု​ကို ခရစ်ယာန်​သာသနာပြု ဂီလ်​ဘာ့တ်​နဲ့ ဂျို​အဲ​န်း​ဝေါလ်တာ​စ်၊ စ​တီး​ဗင်​နဲ့ ဘာ​ဘ​ရာ​ဟာ​ဒီ​တို့​က ကြည့်ရှု​ကူညီ​ပေး​ခဲ့​ကြတယ်။ ဒီ​အုပ်စု​ကို ကျွန်တော်​တို့​လည်း ပို​ပြီး​ကူညီ​ပေး​နိုင်​ဖို့ ဂျင်း​ဂျာ​မြို့ကို အလုပ်​ပြောင်း​ဖို့ လျှောက်လွှာတင်​လိုက်တယ်။ ရေချယ်လ်​မွေး​ပြီး​မကြာခင်​မှာ ကျွန်တော်​တို့ ဂျင်း​ဂျာ​မြို့ကို ပြောင်း​ခဲ့​တယ်။ အဲ့ဒီ​က သစ္စာရှိ​သက်သေခံ အုပ်စုငယ်​နဲ့​ပေါင်း​ပြီး ယူဂန္ဓာ​နိုင်ငံ​မှာ ဒုတိယ​အသင်းတော်​တစ်ခု​ဖြစ်လာ​တဲ့​အထိ အမှုဆောင်​ရလို့ ကျွန်တော်​တို့ ပျော်ရွှင်​အားရခဲ့​ကြတယ်။

တိုင်းတစ်ပါး​လယ်ကွင်း​မှာ မိသားစု​လိုက် အမှုဆောင်ခြင်း

ကျွန်တော်​တို့​မိသားစုကို ပြုစု​ပျိုးထောင်​ပေး​ဖို့ ဒီထက်​ကောင်း​တဲ့​ဝန်းကျင် ရွေး​စ​ရာ​မရှိ​နိုင်ဘူး​လို့ အဲ​န်​နဲ့​ကျွန်တော်​ထင်​တယ်။ နိုင်ငံ​အသီးသီး​က ခရစ်ယာန်​သာသနာပြုတွေ​နဲ့ တွဲ​အလုပ်လုပ်​ခွင့်​ရပြီး တည်ထောင်​ခါ​စ​အသင်းတော်​လေး တိုးတက်​လာအောင် ကူညီ​ပေး​ရလို့ အတော်​ကို အားရ​ကျေနပ်​ခဲ့​ကြတယ်။ အိမ်ကို မကြာခဏ​လာလည်​တတ်ကြ​တဲ့ ယူဂန္ဓာ​ညီအစ်ကို၊ ညီအစ်မ​တွေ​နဲ့ ပေါင်းသင်း​ရတာ​လည်း ပျော်စရာ​ကောင်းတယ်။ အထူးသဖြင့် စတန်လီ​နဲ့ အာဆီနာလာမာခူမ်ဘာ​တို့​က ကျွန်တော်​တို့ကို အားပေးခဲ့​ကြ​တာ။

ဒါပေမဲ့ ကျွန်တော်​တို့​ဝန်းကျင်​မှာ တောရိုင်း​တိရစ္ဆာန်​အမျိုးမျိုး​နေထိုင်တဲ့​အတွက် ညီအစ်ကို​တွေ​ပဲ အလည်အပတ်​လာကြတာ​မဟုတ်ဘူး။ ည​ဆိုရင် နိုင်းလ်မြစ်​ထဲ​ကနေ ရေမြင်း​တွေ​တက်လာ​ပြီး အိမ်​အနား​ကနေ ဖြတ်လျှောက်​သွား​တတ်ကြ​တယ်။ တစ်ခါ​တုန်း​က ခြံ​ထဲမှာ ၁၈ ပေ​ရှိတဲ့ စပါး​အုံး​မြွေ​တစ်ကောင်​ကို ကျွန်တော်​တွေ့ခဲ့​တာ ကောင်းကောင်း​မှတ်မိ​သေး​တယ်။ တစ်ခါ​တ​လေ ခြင်္သေ့​တွေ​နဲ့ တခြား​တောရိုင်း​တိရစ္ဆာန်​တွေ လွတ်လွတ်လပ်လပ်​သွားလာတဲ့ ဘေးမဲ့​တော​တွေ​ကို သွားလေ့​လာ​ကြည့်​ကြတယ်။

ကျွန်တော်​တို့​အမှုဆောင်ထွက်​တဲ့​အခါ ကလေး​လက်​တွန်း​လှည်း​ကို တစ်ခါ​မှ​မမြင်ဖူး​တဲ့ ဒေသခံ​လူတွေ​အတွက် အထူးအဆန်း​ဖြစ်နေ​တယ်။ ကျွန်တော်​တို့ တစ်အိမ်​မှ​တစ်အိမ်​သွားတဲ့အခါ ကလေး​တွေ​လည်း ပါ​လာ​တတ်တယ်။ လူတွေက ကျွန်တော်​တို့ကို တလေးတစား​နဲ့​ကြည့်​ပြီး လူဖြူ​ကလေး​ကို လာ​ကိုင်ကြည့်​ကြတယ်။ လူတွေက ဖော်ရွေ​ပျူ​ငှာ​ကြ​တဲ့​အတွက် အမှုဆောင်ထွက်​ရတာ ပျော်စရာ​ကောင်းတယ်။ ကျမ်းစာ​သင်အံမှု​စ​ရတာ အရမ်း​လွယ်​လို့ လူတိုင်း အမှန်တရားကို သိလာ​ကြလိမ့်မယ်​လို့ ထင်​ခဲ့​ကြတယ်။ ဒါပေမဲ့ လူ​အတော်များများ​က ကျမ်းစာ​နဲ့​မညီတဲ့ ဓလေ့​ထုံးစံတွေ​ကို မစွန့်​နိုင်​ကြဘူး။ ကျမ်းစာ​ရဲ့​မြင့်မား​တဲ့​ကျင့်ဝတ်​စံနှုန်း​တွေ​ကို လိုက်နာ​ကျင့်သုံး​လာ​ကြ​တဲ့​သူတွေ​ရှိလို့ အသင်းတော်​အရေအတွက် တိုးတက်​လာတယ်။ ၁၉၆၈ ခုနှစ်၊ ဂျင်း​ဂျာ​မြို့မှာ​ကျင်းပ​တဲ့ ပထမဦးဆုံး တိုက်နယ်​စည်းဝေးပွဲ​က သမိုင်း​မှတ်တိုင်​တစ်ခု​ပဲ။ အဲ့ဒီ​အချိန်​မှာ ကျွန်တော်​တို့​နဲ့ ကျမ်းစာ​သင်​ခဲ့​တဲ့​သူ​အချို့ နိုင်းလ်မြစ်​မှာ နှစ်ခြင်း​ခံ​ခဲ့​ကြ​တာ ကျွန်တော်​တို့အတွက် အမှတ်တရ​ဖြစ်​ခဲ့​တယ်။ ဒါပေမဲ့ ကျွန်တော်​တို့​ရဲ့​အေးဆေး​ငြိမ်သက်မှု​ဟာ မကြာခင်​မှာ ဖြို​ခွင်း​ခံ​လိုက်ရတယ်။

ပိတ်ပင်​မှု—ယုံကြည်ခြင်း​စမ်းသပ်မှု​နှင့် ကြံဖန်​လုပ်ဆောင်မှု

၁၉၇၁ ခုနှစ်​မှာ ဗိုလ်ချုပ်ကြီး​အီဒီအာမင် အာဏာ​သိမ်း​လိုက်တယ်။ အဲ့​ဒါ​ကြောင့် ဂျင်း​ဂျာ​မြို့မှာ မင်းမဲ့​အခြေအနေ​ဖြစ်ပေါ်​ခဲ့​တယ်၊ အစပိုင်း​မှာ​ဖော်ပြ​ခဲ့​တဲ့ အဖြစ်အပျက်က ကျွန်တော်​တို့ ခြံ​ထဲမှာ လက်ဖက်ရည်​သောက်​နေတုန်း ဖြစ်ပျက်​ခဲ့​တာ။ နောက်​နှစ်နှစ်​အတွင်းမှာ​အာရှ​တိုက်​သားတွေကို မောင်းထုတ်​လိုက်တယ်။ နိုင်ငံခြားသား​အများစုက ထွက်ခွာ​သွားဖို့ ဆုံးဖြတ်​ကြ​လို့ ကျောင်း​တွေ၊ ဆေးရုံ​တွေ​မှာ အခက်အခဲ​တွေ​ပေါ်လာ​တယ်။ အဲဒီနောက် ယေဟောဝါ​သက်သေတွေကို ပိတ်ပင်​လိုက်ပြီ​လို့ ကြေညာ​တယ်။ ကျွန်တော်​တို့​ရဲ့​လုံခြုံရေး​ကို စိုးရိမ်​တဲ့ ပညာရေး​ဌာန​က က​မ်​ပါ​လာ​မြို့ကို ပြောင်း​ခိုင်းတယ်။ အဲ့ဒီ​ကို​ပြောင်း​လိုက်တာ အကျိုး​နှစ်ခု​ရှိတယ်။ က​မ်​ပါ​လာ​မြို့မှာ ကျွန်တော်​တို့ကို မသိကြ​တဲ့​အတွက် ပို​ပြီး​လွတ်လွတ်လပ်လပ် အမှုဆောင်​နိုင်​ခဲ့​ကြတယ်။ အသင်းတော်​နဲ့ လယ်ကွင်း​ဓမ္မ​အမှုမှာ​ပါ အလုပ်​လုပ်စရာ​အများကြီး​ရှိတယ်။

ဘရိုင်ယန်​နဲ့ မယ်​ရိယန်​ဝေါ​လ်​လေး​စ်​နဲ့​သူတို့က​လေးနှစ်​ယောက်ရဲ့​အဖြစ်​က​လည်း ကျွန်တော်​တို့​နဲ့​အတူတူပဲ၊ သူတို့လည်း ယူဂန္ဓာ​မှာ​ဆက်​နေဖို့ ဆုံးဖြတ်​ခဲ့​တယ်။ ဒီလို​ခက်ခဲ​တဲ့​အချိန်အတွင်း က​မ်​ပါ​လာ​အသင်းတော်မှာ သူတို့နဲ့အတူ ပူးပေါင်း​အမှုဆောင်​ရတာ ကျွန်တော်​တို့ အရမ်းပျော်​ခဲ့​ကြတယ်။ တခြား​နိုင်ငံ​တွေ​မှာ ပိတ်ပင်​ထား​တဲ့​အချိန် အမှုဆောင်ခဲ့​ကြ​တဲ့ ကျွန်တော်​တို့​ညီအစ်ကို​တွေ​ရဲ့​အကြောင်း​တွေ​ဟာ အခု​အချိန်​မှာ ကျွန်တော်​တို့အတွက် အထူး​အားပေးမှု​ဖြစ်​ခဲ့​တယ်။ အုပ်စုငယ်​လေး​တွေ​ဖွဲ့​ပြီး ကျွန်တော်​တို့​စည်းဝေး​ကြတယ်၊ တစ်လ​တစ်ခါ အင်​တက်​ဘီ​ရုက္ခဗေဒ​ဥယျာဉ်​မှာ ပါတီပွဲ​လို​မျိုး​လုပ်ပြီး လူအများ​နဲ့ စည်းဝေး​ခဲ့​ကြတယ်။ ဒီလို​စည်းဝေး​တာ​ကို ကျွန်တော့်​သမီးတွေ​က အရမ်း​သဘောကျ​တယ်။

ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော်​တို့​ပါဝင်​တဲ့​နည်းကို အရမ်း​သတိထား​ရတယ်။ ယူဂန္ဓာ​အိမ်တွေကို လူဖြူ​တွေ လည်ပတ်တာ အရမ်း​ထင်ပေါ်​လွန်း​တယ်။ ဒါ့​ကြောင့် ဆိုင်​ခန်း​တွေ၊ တိုက်ခန်း​တွေ​နဲ့ ပညာရေး​တက္ကသိုလ်​နယ်မြေ​အချို့​က ကျွန်တော်​တို့​ရပ်ကွက် ဖြစ်လာ​တယ်။ ဆိုင်​တွေ​မှာ ကျွန်တော်​သုံးတဲ့ ဟောပြော​နည်း​တစ်ခု​က​တော့ မရနိုင်​တော့​တဲ့ သကြား၊ ဒါမှ​မဟုတ် ဆန်​တို့​လို ပစ္စည်း​တစ်မျိုး​မျိုးကို ကျွန်တော်​တောင်း​ဝယ်​တဲ့​အခါ ဆိုင်​ရှင်​က နိုင်ငံရေး​အခြေအနေ​အကြောင်း​ပြော​လာ​ရင် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို စ​ဟော​လိုက်တယ်။ ဒီလို​ချဉ်းကပ်​တာ အကျိုးရှိ​ခဲ့​တယ်။ မကြာခဏ​ဆို​သလို ဆိုင်​က​ထွက်​ရင် ပြန်လည်ပတ်မှု​ရခဲ့​ရုံ​မ​က​ဘူး၊ ရှားပါး​ပစ္စည်း​တစ်မျိုး​မျိုး နည်းနည်း​တောင် ရ​လိုက်​သေး​တယ်။

အဲ့ဒီ​အချိန်​အတောအတွင်း နေရာတိုင်းမှာ အကြမ်းဖက်​လုယက်​နေကြ​တယ်။ ယူဂန္ဓာ​နဲ့ ဗြိတိန်​နိုင်ငံ​တို့​ရဲ့ ဆက်ဆံ​ရေး​က ပို​တင်းမာ​လာတဲ့​အတွက် အာဏာပိုင်တွေ​က ကျွန်တော့်​ကန်ထရိုက်​ကို အသစ်​မလဲ​ပေး​တော့​ဘူး။ ဒါ့​ကြောင့် ယူဂန္ဓာ​မှာ ရှစ်နှစ်​နေပြီး​နောက် ၁၉၇၄ ခုနှစ်​မှာ ကျွန်တော်​တို့​ရဲ့ ညီအစ်ကို​တွေ​ကို ဝမ်းနည်း​စွာ​နဲ့ နှုတ်ဆက်​ခွဲခွာ​ခဲ့​ရတယ်။ ဒါပေမဲ့​လည်း ကျွန်တော်​တို့​ရဲ့ ခရစ်ယာန်​သာသနာပြု​စိတ်ဓာတ် မ​ပျောက်​သွားပါ​ဘူး။

နယူးဂီနီ​သို့ ပြောင်းရွှေ့ခြင်း

၁၉၇၅၊ ဇန်နဝါရီ​လမှာ ပါပူဝါနယူးဂီနီ​မှာ ကျွန်တော်​တို့ အလုပ်လုပ်​ခွင့်​ရခဲ့ကြတယ်။ ဒါနဲ့​ပဲ ပစိဖိတ်​ဒေသမှာ လုပ်ငန်းတော်​ကို ရှစ်နှစ်​အထိ တ​ပျော်​တ​ပါး​ဆောင်ရွက်​ခဲ့​ကြတယ်။ ညီအစ်ကို​တွေ​နဲ့​အတူ အမှုဆောင်ခဲ့​ရလို့ အကျိုးကျေးဇူး​အတော်များများ​ရခဲ့တယ်။

ပါပူဝါနယူးဂီနီ​မှာ ကျွန်တော်​တို့​မိသားစု နေထိုင်ခဲ့​တဲ့​အချိန်​ဟာ ကျမ်းစာ​ပြဇာတ်​တွေ​နဲ့ အလုပ်များ​ခဲ့​ရတယ်။ နှစ်​တိုင်း ခရိုင်​စည်းဝေးကြီး​ပြဇာတ်​တွေ တိုက်​လိုက်ရ​တာ တကယ်​ပျော်စရာ​ပဲ! ဝိညာဉ်​ရေး​စိတ်ထား​ရှိတဲ့ မိသားစု​အတော်များများ​နဲ့ ပေါင်းသင်း​ခဲ့​ရတာ ကျွန်တော်​တို့​သမီးတွေ​အတွက် အကျိုးရှိ​ခဲ့​တယ်။ သမီးကြီး​ဆေရာ​က အထူး​ရှေ့ဆောင် ရေ​စ​မ​စ်သ်​နဲ့ အိမ်ထောင်​ပြုပြီး အီရီယန်ဂျာယာ​နယ်စပ်​နား​မှာ အထူး​ရှေ့ဆောင်​အဖြစ် အမှုဆောင်ခဲ့ကြတယ်။ ရွာ​ထဲမှာ​ဆောက်​ထား​တဲ့ သက်​ငယ်​ပျစ်​တဲ​တစ်လုံး​က သူတို့​အိမ်​ပဲ၊ အဲ့ဒီ​မှာ​တာဝန်ကျ​တဲ့​အချိန်​မှာ လေ့ကျင့်မှု​ကောင်းကောင်း​ရခဲ့တယ်​လို့ ဆေရာ​က ပြောပါ​တယ်။

ပြောင်းလဲ​သွားသော​အခြေအနေ​နှင့်​အညီ နေထိုင်ခြင်း

အဲ့ဒီ​နောက်ပိုင်း​မှာ ကျွန်တော့်​မိဘတွေကို ပြုစု​စောင့်ရှောက်​ပေး​ဖို့ လိုအပ်​လာတယ်။ ကျွန်တော်​တို့ အင်္ဂလန်​ကို​မပြန်​ဘဲ ကျွန်တော့်​မိဘတွေက ကျွန်တော်​တို့​နဲ့​အတူ လာ​နေဖို့ သဘောတူ​လိုက်ကြတယ်၊ ဒါနဲ့ ၁၉၈၃ ခုနှစ်​မှာ ကျွန်တော်​တို့အားလုံး ဩစတြေးလျ​ကို ပြောင်း​သွား​ကြတယ်။ ဂျပန်​မှာ​ရှိနေသေး​တဲ့ အစ်မ​ဒယ်​ဖ​နီ​နဲ့​လည်း အတော်ကြာကြာ မိဘတွေ သွား​နေကြ​သေး​တယ်။ ကျွန်တော့်​မိဘတွေ ဆုံး​သွားပြီး​နောက်​မှာ အဲ​န်​နဲ့​ကျွန်တော်​ဟာ မှန်မှန်ရှေ့ဆောင်​လုပ်ဖို့ ဆုံးဖြတ်​လိုက်တယ်၊ အဲဒါနဲ့ ကျွန်တော်​အတွက် ခက်ခဲ​တဲ့ အခွင့်ထူး​တစ်ခု​ရခဲ့တယ်။

ကျွန်တော်​တို့ ရှေ့ဆောင်​စ​လုပ်​ရုံ​ပဲ​ရှိသေးတယ်၊ တိုက်နယ်​လုပ်ငန်းမှာပါ​ဝင်​ဖို့ ဖိတ်ခေါ်​ခံရ​တယ်။ ကျွန်တော်​ငယ်ငယ်​ကတည်းက တိုက်နယ်​ကြီးကြပ်မှူး​လည်ပတ်ချိန်​ကို အထူး​အဖြစ်အပျက်​လို့ ယူမှတ်ခဲ့​တာ။ အခု ဒီ​တာဝန်​ကို ကျွန်တော်​ထမ်းဆောင်​နေ​ရတယ်။ ကျွန်တော်​တို့​ဘဝမှာ ဒီ​အချိန်အထိ လုပ်ဆောင်ခဲ့​သမျှ​မှာ တိုက်နယ်​လုပ်ငန်း​က အခက်ဆုံး​ပဲ၊ ဒါပေမဲ့ တစ်ခါ​မှ​မကြုံဖူး​တဲ့​နည်းတွေနဲ့ ကျွန်တော်​တို့ကို ယေဟောဝါ ခဏ​ခဏ​ကူညီ​ပေး​တယ်။

၁၉၉၀ ပြည့်နှစ်​မှာ ဩစတြေးလျ​ကို ဇုန်​ကြီးကြပ်မှူး​အဖြစ် ညီအစ်ကို​သီအိုဒေါရ်​ဂျဲရက်စ် လည်ပတ်​လာ​တုန်း​က ပင်လယ်​ရပ်​ခြား​မှာ အချိန်ပြည့်​လုပ်ငန်း ကျွန်တော်​တို့​ပါဝင်​နိုင်​ဖို့ အသက်ကြီး​လွန်းတယ်လို့ ထင်​သလား​လို့ သူ့ကို မေးလိုက်​မိတယ်။ သူက “စော်လမွန်​ကျွန်း​ကို ဘယ်လို​သဘော​ရသလဲ” တဲ့။ ဒါနဲ့ နောက်ဆုံး​တော့ အဲ​န်​နဲ့​ကျွန်တော်​ဟာ အသက် ၅၀ ကျော်​တော့​မှ ပထမဦးဆုံး တရားဝင်​ခရစ်ယာန်​သာသနာပြု​တာဝန်​ကို ထမ်းဆောင်​ဖို့ ခရီးထွက်​ခဲ့​ကြတယ်။

“ပျော်ရွှင်ဖွယ်​ကျွန်း​များ” တွင်​အမှုဆောင်ခြင်း

စော်လမွန်​ကျွန်း​တွေ​ကို ပျော်ရွှင်ဖွယ်​ကျွန်း​တွေ​လို့​ခေါ်​ကြတယ်၊ လွန်ခဲ့တဲ့​ဆယ်စုနှစ်​ကျော်​က ဒီ​ကျွန်း​တွေ​မှာ ကျွန်တော်​တို့​အမှုဆောင်​ရတဲ့​အချိန်​ဟာ တကယ်​ပျော်စရာ​ကောင်းတယ်။ ခရိုင်​ကြီးကြပ်မှူး​အဖြစ် ကျွန်တော်​အမှုဆောင်​ရင်း စော်လမွန်​ကျွန်း​က ညီအစ်ကို၊ ညီအစ်မ​တွေ​ရဲ့ ချစ်ခင်​ကြင်နာ​မှု​ကို အဲ​န်​နဲ့​ကျွန်တော်​တို့ သိလိုက်​ရတယ်။ သူတို့ရဲ့​ဧည့်ဝတ်​ပျူ​ငှာ​မှု​က တကယ်​စွဲမှတ်စရာ​ပဲ၊ နားလည်​နိုင်​ကြလိမ့်မယ်​လို့ ကျွန်တော်​ထင်​တဲ့ စော်လမွန်​ကျွန်း​ပီ​ဂျင်​စကား​နဲ့ ကြိုးစား​ရှင်းပြ​တာ​ကို လူတိုင်း​က စိတ်ရှည်ရှည်​နဲ့ နားထောင်ပေး​ကြတယ်၊ အဲ့ဒီ​ဘာသာ​စကား​က ကမ္ဘာ​ပေါ်မှာ စကားလုံး​အနည်းဆုံး​စကား​ဖြစ်တယ်။

စော်လမွန်​ကျွန်း​ကို ကျွန်တော်​တို့​ရောက်​ပြီး မကြာခင်​မှာပဲ စည်းဝေးပွဲ​ခန်းမ​အသုံးပြု​တာ​ကို အတိုက်အခံ​သ​မား​တွေ​က ဝင်​ဖျက်​ဖို့ ကြိုးစား​တယ်။ ဟို​နီး​ယာ​ရာ​မှာ​ရှိတဲ့ ကျွန်တော်​တို့ စည်းဝေးပွဲ​ခန်းမ​အသစ်ဟာ အင်္ဂလီကန်​ချာ့ခ်ျ​ပိုင် မြေကွက်​ပေါ်မှာ ကျူးကျော်​ဆောက်​ထား​တယ်လို့ ယေဟောဝါ​သက်သေတွေကို တရားစွဲ​ခဲ့​တယ်။ အစိုးရ​က သူတို့ရဲ့​စွဲချက်​ကို ထောက်ခံ​တဲ့​အတွက် တရားရုံး​ချုပ်​ကို ကျွန်တော်​တို့ အယူခံဝင်​ခဲ့​တယ်။ အယူခံဝင်​လိုက်လို့ ထိုင်ခုံ ၁,၂၀၀ ဆံ့​တဲ့ ကျွန်တော်​တို့​ရဲ့ စည်းဝေးပွဲ​ခန်းမ​အသစ်​ကို ဖြို​ရ၊ မ​ဖြို​ရ သိရမှာ​ဖြစ်တယ်။

ဒီ​အမှုကို တရားရုံး​မှာ တစ်ပတ်လုံး​လုံး အမှု​စစ်​ကြတယ်။ အတိုက်အခံ​ဘက်​ရှေ့နေ​က​ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ ကျွန်တော်​တို့ကို​ဆန့်ကျင်​ပြီး​အမှုကို​တင်ပြ​ခဲ့​တယ်။ အဲ့ဒီ​နောက် တစ်ယောက်​တစ်​လှည့်​ပြောဆို​ရင်း ကျွန်တော်​တို့​ရဲ့​ရှေ့နေ န​ယူးဇီ​လ​န်​က ညီအစ်ကို​ဝေါ​ရဲ​န်​ကာ​သ်​ကာ​တ်​က အတိုက်အခံ​ဘက်က အကြောင်းပြချက်​တစ်ခုစီ​ကို ဖော်ထုတ်​ပယ်ဖျက်​ခဲ့​တယ်။ သောကြာ​နေ့​ကျ​တော့ ဒီ​တရားရုံး​သတင်းက ဟိုးလေးတကျော်​ဖြစ်သွား​လို့ ချာ့ခ်ျ​လူကြီးတွေ၊ အစိုးရ​အရာရှိ​တွေ​က​အစ ကျွန်တော်​တို့​ခရစ်ယာန်​ညီအစ်ကို​တွေ​ပါ တရားရုံး​ထဲ စု​ပြုံ​ရောက်​နေကြ​တယ်။ တရားရုံး​ကြေညာ​ချက်​အမှား​ကို ကျွန်တော်​မှတ်မိ​သေး​တယ်။ ကြေညာ​ချက်​က “စော်လမွန်​ကျွန်း​အစိုးရ​နှင့် မက်​လ​နီး​ရှား​ချာ့ခ်ျ တစ်ဖက် ယေဟောဝါ” တဲ့။ အဲ့ဒီ​အမှုကို ကျွန်တော်​တို့ အနိုင်​ရ​လိုက်တယ်။

ဒါပေမဲ့ ပျော်ရွှင်ဖွယ်​ကျွန်း​တွေ​ရဲ့ ငြိမ်သက်မှု​က တာ​ရှည်​မခံခဲ့​ဘူး။ စစ်​အာဏာ​သိမ်း​ပွဲ​ရဲ့ ရု​န့်​ရင်း​ကြမ်းတမ်းမှု​ကို အဲ​န်​နဲ့​ကျွန်တော် တစ်ခါ​ပြန်​ကြုံ​ခဲ့​ရတယ်။ လူမျိုးရေး​ပြိုင်ဆိုင်မှု​ကြောင့် ပြည်တွင်းစစ်​ဖြစ်လာ​ပါ​လေ​ရော။ ၁၉၉၉၊ ဇွန် ၂ ရက်​နေ့မှာ အစိုးရ​ကို ဖြုတ်ချ​ပြီး လက်နက်ကိုင်​စစ်​သွေး​ကြွ​သူတွေက မြို့တော်​ကို သိမ်း​လိုက်တယ်။ အပတ်​အနည်းငယ်မှာ ကျွန်တော်​တို့​ရဲ့ စည်းဝေး​ခန်းမ​ကြီး​ဟာ အိုးအိမ်​မဲ့​သူတွေ စုဝေးရာ​နေရာ​ဖြစ်​ခဲ့​တယ်။ တိုက်ခိုက်​နေကြ​တဲ့ လူမျိုးရေး​အုပ်စု​တွေ​က ကျွန်တော်​တို့​ခရစ်ယာန်​ညီအစ်ကို​တွေ စည်းဝေး​ခန်းမ​ကြီး​မှာ အေးဆေး​ငြိမ်သက်​တဲ့​မိသားစု​သဖွယ် နေထိုင်​နေကြ​တာ​ကို အာဏာပိုင်တွေ​က အံ့ဩ​ကြတယ်။ ဒါက တကယ်​ကောင်း​တဲ့ သက်သေခံချက်​ပဲ!

စစ်​သွေး​ကြွ​သူတွေတောင် ယေဟောဝါသက်သေ​တွေ​ရဲ့ ကြားနေ​မှု​ကို လေးစား​ခဲ့​ကြတယ်။ အဲ့​ဒါ​ကြောင့်​လည်း အတိုက်အခံ​တပ် နယ်နိမိတ်​မှာ အဆက်အသွယ်​ပြတ်​နေကြ​တဲ့ ကျွန်တော်​တို့​ညီအစ်ကို​အုပ်စုငယ်​တစ်ခု​ဆီ စာပေ​စာတမ်း​တွေ​နဲ့ တခြား​လိုအပ်ရာ​တွေ​ပို့ပေး​ဖို့ စစ်ဗိုလ်​တစ်ယောက်​ဆီကနေ ထရပ်ကား​တောင်း​လို့​ရခဲ့တယ်။ ကျွန်တော်​တို့​နဲ့ လအနည်းငယ် ကွဲကွာ​နေတဲ့ မိသားစု​တွေ​ကို ပြန်​ရှာတွေ့​တဲ့​အခါ ကျွန်တော်​တို့​တစ်ယောက်မှ မျက်ရည်​မ​ဆယ်​နိုင်​ခဲ့​ကြ​ပါ​ဘူး။

ကျေးဇူး​တင်စရာ​များစွာ​ရှိ

ယေဟောဝါ​လုပ်ငန်းတော်မှာ ကျွန်တော်​တို့​ဘဝကို ပြန်​စဉ်းစား​ကြည့်​လိုက်ရင် ကျေးဇူး​တင်စရာ​တွေ အများကြီး​ပဲ။ ကျွန်တော်​တို့​သမီး​နှစ်ယောက်​နဲ့ သူတို့​ခင်ပွန်း ရေ​နဲ့​ဂျွန်​တို့​လည်း ယေဟောဝါ​ရဲ့​အမှုတော်ကို သစ္စာရှိ​ရှိ​ဆောင်ရွက်​နေကြ​လို့ မိဘတွေ​အနေ​နဲ့ ကျွန်တော်​တို့အတွက် ကောင်းချီး​တစ်ခု​ပဲ။ ခရစ်ယာန်​သာသနာပြု​တာဝန်​ကို ကျွန်တော်​တို့ ထမ်းဆောင်​နိုင်​ဖို့ သူတို့ အားပေးခဲ့​ကြတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်အထိ အဲ​န်​နဲ့​ကျွန်တော်​ဟာ စော်လမွန်​ကျွန်း​ဌာနခွဲရုံး​မှာ အမှုဆောင်ခွင့်​ရခဲ့တယ်၊ အဲ့ဒီ​အတောအတွင်း စော်လမွန်​ကျွန်း​မှာ​ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ ၁,၈၀၀ ကျော်​အထိ နှစ်ဆ​တိုးတက်​လာတာကို တွေ့မြင်​ခဲ့​ရတယ်။ မကြာခင်​က နယူးယောက်၊ ပက်​တာ​စင်​မှာ ဌာနခွဲ​ကော်မတီဝင်​တွေ​အတွက် ဖွင့်​ထား​တဲ့​ကျောင်း​ကို​တက်​ရတဲ့ ထပ်ဆင့်​အခွင့်အရေး​ရခဲ့တယ်။ ခရစ်ယာန်​သာသနာပြု​စိတ်ဓာတ်​ကို ကျွန်တော်​တို့ ဆက်​မွေးမြူ​ထား​လို့ အားရ​ကျေနပ်စရာ​အသက်တာနဲ့ ကောင်းချီး​တွေ​အများကြီး ခံစား​ခဲ့​ရ​ပါ​ပြီ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ၁၉၇၇၊ ဇန်နဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] မှ “ကျွန်ုပ်​တို့သည် မ​ဖင့်နွှဲ​ခဲ့” ဆောင်းပါး​ကို​ရှု။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

၁၉၆၀ ပြည့်နှစ်​က ကျွန်တော်​တို့ လက်ထပ်​သည့်​နေ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ယူဂန္ဓာ​နိုင်ငံ​တွင် စတန်လီ​နဲ့ အာဆီနာလာမာခူမ်ဘာ​တို့​က ကျွန်တော်​တို့​မိသားစု​အတွက် တကယ်​အားပေးမှု​ဖြစ်​ခဲ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အိမ်နီးချင်း​တစ်ဦး၏​တဲ​ထဲ ဝင်​သွားသော ဆေရာ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

စော်လမွန်​ကျွန်း​သူ​ကျွန်းသား​များ​ကို ပုံဆွဲ​၍​သင်ပေး​နိုင်​ခဲ့

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

စော်လမွန်​ကျွန်း​များ​မှ သီးခြား​အသင်းတော်​တစ်ခု​နှင့် တွေ့ဆုံ​စည်းဝေး​ခြင်း

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယနေ့ ကျွန်တော်​တို့​မိသားစု