စစ်ငြိမ်းချိန်
စစ်ငြိမ်းချိန်
‘ကျွန်တော်တို့အသက် ၁၂ ပဲရှိကြသေးတယ်။ နိုင်ငံရေး နဲ့ စစ်ကို ကျွန်တော်တို့သြဇာမလွှမ်းနိုင်ပေမဲ့ ကျွန်တော်တို့ အသက်ရှင်ချင်သေးတယ်! ငြိမ်းချမ်းရေးရဖို့ ကျွန်တော် တို့ စောင့်မျှော်နေကြတာ။ အဲဒါကို အသက်ရှင် နေတုန်း တွေ့နိုင်ပါ့မလား။’
—ပဉ္စမတန်းကျောင်းသူကျောင်းသားများ
‘ကျွန်တော်တို့ကျောင်းနေချင်တယ်၊ ချောဆွဲခံရမှာကို ကြောက်စရာအကြောင်းမရှိဘဲ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေဆီ အလည်သွားချင်တယ်။ အစိုးရက ကူညီဆောင်ရွက်ပေးမယ်လို့ မျှော်လင့်တာပဲ။ ကျွန်တော်တို့ ပိုပြီးကောင်းတဲ့ဘဝကို လိုချင်တယ်။ ငြိမ်သက်အေးချမ်းမှု ရချင်တယ်။’
—အဲလ်ဟာဂျီ၊ အသက် ၁၄ နှစ်
အဆိုပါစိတ်ထိခိုက်စရာ စကားများက ပြည်တွင်းစစ်ဒဏ် နှစ်ချီခံခဲ့ရသော လူငယ်ကလေးများ၏ မျှော်လင့်ရာကို ဖော်ပြသည်။ သူတို့လိုလားတောင့်တသည်မှာ သာမန်ဘဝအသက်တာပင်ဖြစ်သည်။ သို့သော် မျှော်လင့်ချက်များကို အကောင်အထည်ဖော်ရန် မလွယ်လှချေ။ စစ်မဲ့ကမ္ဘာကို တွေ့မြင်ရပါဦးမည်လော။
မကြာသေးမီ နှစ်အနည်းငယ်တွင် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးကြရန် ပြိုင်ဘက်အုပ်စုများကို ဖိအားပေးခြင်းဖြင့် ပြည်တွင်းစစ်အချို့ ပြေငြိမ်းသွားစေဖို့ နိုင်ငံတကာကြိုးပမ်းမှုများပြုလုပ်ခဲ့ကြသည်။ အဆိုပါသဘောတူညီချက်များအတိုင်း ပြုလုပ်ဆောင်ရွက်နိုင်ကြရန် နိုင်ငံအချို့က ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်များ စေလွှတ်ပေးခဲ့ကြသည်။ သို့သော် အလှမ်းဝေးသောနိုင်ငံများတွင် မုန်းတီးမှုနှင့် သံသယစိတ် အမြစ်စွဲနေခြင်းကြောင့် အထိမခံစစ်သွေးကြွအုပ်စုများအချင်းချင်း သဘောတူညီမှုပြုစေရန် စောင့်ကြည့်ပေးဖို့ ငွေအင်အားနှင့် ဆန္ဒရှိသည့်နိုင်ငံများ မရှိသလောက်ပင်ဖြစ်သည်။ များသောအားဖြင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီချက် လက်မှတ်ရေးထိုးပြီး အပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်အကြာတွင်ပင် စစ်ပြန်ဖြစ်လေ့ရှိသည်။ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာန ဖော်ပြသည့်အတိုင်း “တိုက်ပွဲဝင်သူများသည် ဆက်၍စစ်ဆင်နွှဲလိုသော ဆန္ဒနှင့်အစွမ်းရှိနေသ၍ ငြိမ်းချမ်းရေးရရှိဖို့ခက်သည်။”
တစ်ချိန်တည်းတွင် ကမ္ဘာဒေသများစွာ၌ ထိန်းမရသောတိုက်ခိုက်ပွဲများ ဖြစ်ပွားနေခြင်းက ကျမ်းစာပရောဖက်ပြုချက်တစ်ခုကို ခရစ်ယာန်များအား သတိရစေသည်။ လူ့သမိုင်းတွင် ခဲယဉ်းသောကာလတစ်ခုအတွင်း “ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်း” မည့် ပုံဆောင်မြင်းစီးသူရဲတစ်ဦးအကြောင်း ဗျာ.ကျမ်းတွင် ဖော်ပြထားသည်။ (ဗျာ. ၆:၄) ဤသို့မရပ်မနားစစ်ဖြစ်နေခြင်းက စုပေါင်းနိမိတ်တွင်ပါဝင်၏၊ ၎င်းက သမ္မာကျမ်းစာဖော်ပြသည့် ‘နောက်ဆုံးကာလ’ * တွင် ကျွန်ုပ်တို့အသက်ရှင်နေကြောင်း သိသာစေသည်။ (၂ တိမောသေ ၃:၁) သို့သော် ဤနောက်ဆုံးကာလသည် စစ်ငြိမ်းချိန်၏ ရှေ့ပြေးနိမိတ်ဖြစ်သည်ဟု သမ္မာကျမ်းစာက အာမခံသည်။
စစ်မှန်သောငြိမ်းချမ်းမှုရှိဖို့ ကမ္ဘာ့ဒေသတစ်ခု၌သာမဟုတ်၊ ကမ္ဘာတစ်ခွင် စစ်ငြိမ်းဖို့လိုကြောင်း သမ္မာကျမ်းစာက ဆာလံ ၄၆:၉ တွင်ဖော်ပြသည်။ ထို့အပြင် ကျမ်းစာခေတ်မှ လက်နက်များဖြစ်သော လေး၊ လှံနှင့် ရထားများကို ဖျက်ဆီးလိမ့်မည်ဟု ထိုဆာလံကပင် အတိအကျဖော်ပြသည်။ လူတို့သည် ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ ယနေ့ တစ်ဟုန်ထိုး တိုးပွားများပြားလာသော လက်နက်များကိုလည်း ဖျက်ဆီးပစ်ရမည်။
သို့သော် အဆုံးတွင် စစ်ကို မီးထိုးယပ်ခတ်ပေးသည်မှာ ကျည်ဆန်များနှင့် ရိုင်ဖယ်သေနတ်များမဟုတ်၊ မုန်းတီးခြင်းနှင့် လောဘကြီးခြင်းတို့ဖြစ်သည်။ လိုချင်တပ်မက်မှုကြီးခြင်း သို့မဟုတ် လောဘကြီးခြင်းသည် စစ်ဖြစ်ရသည့်အကြောင်းရင်းတစ်ခုဖြစ်ပြီး မုန်းတီးခြင်းက အကြမ်းဖက်မှုဖြစ်ပွားစေလေ့ရှိသည်။ ဤအဖျက်သဘောထားများကို အမြစ်မကျန်ဆွဲနုတ်ပစ်ရန် လူတို့သည် မိမိတို့စဉ်းစားတွေးခေါ်ပုံကို ပြောင်းလဲလိုက်ဖို့လိုသည်။ ငြိမ်းချမ်းစွာနေထိုင်နိုင်သောနည်းလမ်းများကို သူတို့သင်ယူကြဖို့လိုသည်။ ထို့ကြောင့် ရှေးခေတ်ပရောဖက်ဟေရှာယက လူတို့သည် ‘စစ်အတတ်ကို နောက်တစ်ဖန် မသင်’ ကြတော့မှသာ စစ်ငြိမ်းမည်ဟု လက်တွေ့ကျကျဖော်ပြထား၏။—ဟေရှာယ ၂:၄။
သို့သော် ငြိမ်သက်ခြင်း၏တန်ဖိုးကိုမဟုတ်ဘဲ စစ်၏ဂုဏ်ကျက်သရေကို လူကြီးလူငယ်မရွေးအား သင်ကြားပေးနေသည့်လောကတွင် ယခု ကျွန်ုပ်တို့အသက်ရှင်နေကြရသည်။ ကလေးငယ်များကိုပင် သတ်ဖြတ်ဖို့ လေ့ကျင့်ပေးနေခြင်းက အလွန်ဝမ်းနည်းစရာကောင်းသည်။
သူတို့သတ်ဖြတ်တတ်လာကြ
အသက် ၁၄ နှစ်အရွယ်တွင် အဲလ်ဟာဂျီသည် စစ်ထွက်တစ်ဦးဖြစ်နေပြီ။ သူပုန်များ သူ့ကိုဖမ်းဆီးသွားပြီး အေကေ-၄၇ ချေမှုန်းရေးရိုင်ဖယ်နှင့် တိုက်ခိုက်ဖို့ လေ့ကျင့်ပေးခဲ့ချိန်တွင် သူအသက် ၁၀ နှစ်သာရှိသေးသည်။ အတင်းအကျပ်သိမ်းသွင်းခံရသော တပ်သားသစ်တစ်ဦးအဖြစ် သူသည် တိုက်ခိုက်လုယက်၊ စားနပ်ရိက္ခာစုဆောင်းခဲ့ရသည်၊ အိမ်များကို မီးရှို့ပစ်ရသည်။ လူတို့ကို သတ်ရုံမက အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်ပစ်ခဲ့သည်။ ယနေ့ အဲလ်ဟာဂျီသည် သူ၏စစ်အတွေ့အကြုံကို မေ့ပစ်ကာ အရပ်သားဘဝနှင့် နေသားကျဖို့ အခက်တွေ့နေသည်။ ကလေးစစ်သားနောက်တစ်ဦးဖြစ်သူ အေဗရာဟင်သည်လည်း သတ်ဖြတ်တတ်လာ၏၊ သူသည် လက်နက်မချလိုခဲ့ချေ။ သူက “သေနတ်ထားခဲ့ပြီး သွားတော့လို့ ကျွန်တော့်ကိုပြောရင် ကျွန်တော်ဘာလုပ်ရမလဲ၊ ဘယ်လိုအသက်မွေးရမလဲ” ဟုပြောခဲ့သည်။
ယောက်ျားလေးရော မိန်းကလေးပါပါသည့် ကလေးစစ်သည် ၃၀၀,၀၀၀ ကျော်တို့သည် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကို ဘေးသင့်နေစေသည့် မပြီးဆုံးနိုင်သောပြည်တွင်းစစ်များတွင် ပါဝင်တိုက်ခိုက်နေဆဲ၊ သေဆုံးနေဆဲရှိသည်။ သူပုန်ခေါင်းဆောင်တစ်ဦးက ဤသို့ရှင်းပြခဲ့ဖူးသည်– “သူတို့လေးတွေက အမိန့်ကိုနာခံကြတယ်; ဇနီးသည်ဆီ၊ မိသားစုဆီ ပြန်ဖို့ မစဉ်းစားဘူး; ပြီးတော့ သူတို့မှာ ကြောက်စိတ်မရှိကြဘူး။” အမှန်မှာ ဤကလေးငယ်များလည်း သာ၍ကောင်းသောဘဝကို လိုချင်တောင့်တကြ၏၊ ၎င်းကို ရလည်းရထိုက်ပေသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကလေးစစ်သားအဖြစ်၏ ထိတ်လန့်ချောက်ချားစရာအခြေအနေကို စဉ်းစား၍မရနိုင်ချေ။ သို့ဖြစ်သည့်တိုင် အနောက်တိုင်းနိုင်ငံသား ကလေးများစွာတို့သည် အိမ်တွင်း၌ပင် စစ်အတတ်ကို သင်ယူနေကြ၏။ အဘယ်သို့နည်း။
ဥပမာတစ်ခုအနေနှင့် စပိန်အရှေ့တောင်ပိုင်းမှ ဟိုစေး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် ကိုယ်ခံပညာလေ့ကျင့်ခြင်းကို ခုံမင်နှစ်သက်သော ဆယ်ကျော်သက်တစ်ဦးဖြစ်သည်။ သူအထူးတန်ဖိုးထားသောပစ္စည်းတစ်ခုမှာ ခရစ္စမတ်လက်ဆောင်အဖြစ် သူ့ဖခင်ဝယ်ပေးသော ဆာမူရိုင်းဓားဖြစ်သည်။ ထို့ပြင် ဗီဒီယိုဂိမ်းများ၊ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သော ဗီဒီယိုဂိမ်းများကို သူအထူးနှစ်သက်သည်။ ၂၀၀၀ ပြည့်နှစ်၊ ဧပြီ ၁ ရက်နေ့တွင် ဖန်သားပြင်ပေါ်မှ ဇာတ်လိုက်၏ရန်လိုစိတ်ကို သူအတုယူ လက်တွေ့ပြုလုပ်ခဲ့သည်။ အကြမ်းဖက်မြူးထူးပြီး သူ့ဖခင်ပေးထားသည့်ဓားနှင့်ပင် သူ၏ဖခင်၊ မိခင်နှင့် ညီမငယ်တို့ကို သတ်ပစ်ခဲ့သည်။ “လောကကြီးမှာ ကျွန်တော်တစ်ကိုယ်တည်းနေချင်တာ; မိဘတွေ ကျွန်တော့်ကို ရှာနေတာ မလိုချင်ဘူး” ဟုရဲကို သူရှင်းပြခဲ့သည်။
အကြမ်းဖက်ဖျော်ဖြေမှု၏ အကျိုးဆက်များကို စာရေးဆရာနှင့် စစ်အရာရှိ ဒေ့ဗ် ဂရော့စ်မဲန်က ဤသို့မှတ်ချက်ချခဲ့သည်– “ကျွန်ုပ်တို့သည် အနာတရဖြစ်စေပြီး ဝေဒနာခံစားစေခြင်းတို့ကို ဖျော်ဖြေမှုတစ်ခုအဖြစ်ပင် ရှုမြင်နိုင်သည်အထိ အရေထူသည့်အဆင့်သို့ ရောက်ရှိနေကြပြီ၊ ယင်းကို စက်ဆုပ်ရွံရှာမည့်အစား ကြည့်ရှုပြီး အားရနှစ်သက်နေကြသည်။ ကျွန်ုပ်တို့သည် သတ်ဖြတ်တတ်ရန် သင်ယူနေကြပြီး ယင်းကို အားရကျေနပ်နေကြသည်။”
အဲလ်ဟာဂျီကော ဟိုစေးပါ သတ်ဖြတ်တတ်လာကြသည်။ လူသတ်သမားများဖြစ်ဖို့ မရည်ရွယ်ကြသော်လည်း သင်တန်းတစ်မျိုးမဟုတ်တစ်မျိုး တက်ထားခြင်းက သူတို့၏အတွေးအခေါ်ကို ဖောက်ပြန်ပျက်ပြားစေခဲ့သည်။ ကလေးများအတွက်ဖြစ်စေ၊ လူကြီးများအတွက်ဖြစ်စေ ထိုကဲ့သို့သောသင်တန်းများသည် အကြမ်းဖက်ဖို့၊ သို့မဟုတ် စစ်ဆိုင်ရာ မျိုးစေ့များချပေးသည်။
စစ်မှုအစား ငြိမ်သက်သင့်တင့်မှုကို သင်ယူခြင်း
လူတို့သည် သတ်ဖြတ်ရန် သင်ယူနေသည့်ကာလပတ်လုံး တည်မြဲသောငြိမ်သက်အေးချမ်းမှုကို ဘယ်သောအခါမျှ ရှိနိုင်မည်မဟုတ်ပါ။ လွန်ခဲ့သောရာစုနှစ်များစွာက ပရောဖက်ဟေရှာယ ဤသို့ရေးသားခဲ့သည်– “သင်သည် [ဘုရားသခင်] ၏ပညတ်များကို စောင့်ရှောက်ခဲ့လျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ကောင်းစားခြင်းသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ် [ရလိမ့်မည်။]” (ဟေရှာယ ၄၈:၁၇၊ ၁၈၊ သမ္မာ) လူတို့သည် သမ္မာကျမ်းစာမှ တိကျမှန်ကန်သောအသိပညာကို ဆည်းပူးလေ့လာပြီး ဘုရားသခင့်ပညတ်တော်ကို ချစ်မြတ်နိုးတတ်လာသည့်အခါ အကြမ်းဖက်မှုနှင့် စစ်မှုသည် စက်ဆုပ်ဖွယ်ရာဖြစ်လာလေသည်။ ယခုပင် မိဘများအနေနှင့် မိမိတို့သားသမီးများ၏ ကစားနည်းများသည် အကြမ်းဖက်မှုကိုအားပေးသော ကစားနည်းများဖြစ်မဖြစ် ဂရုတစိုက်ကြည့်ရှုစစ်ဆေးသင့်သည်။ လူကြီးများအနေနှင့်လည်း မုန်းတီးသော၊ လောဘကြီးသော သဘောထားများကို ချိုးနှိမ်ဖျောက်ဖျက်နိုင်ရန် သင်ယူသင့်သည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်သည် လူ့ပင်ကိုစရိုက်ကို ပြုပြင်ပြောင်းလဲပေးနိုင်ကြောင်း ယေဟောဝါသက်သေများ ကြိမ်ဖန်များစွာ တွေ့ရှိခဲ့ကြရပြီ။—ဟေဗြဲ ၄:၁၂။
ဟော်ထဲန်ရှို၏ဥပမာကို သုံးသပ်ကြည့်ပါ။ သူသည် လူရွယ်ပိုင်းတွင် စစ်ထဲမဝင်ချင်ဘဲ ဝင်ခဲ့ရသည်။ စစ်လေ့ကျင့်မှုက “တခြားလူတွေကို သတ်ချင်ရအောင်၊ သတ်ဖို့လည်း နည်းနည်းမှမကြောက်ရအောင် သင်ပေးတယ်” ဟု သူရှင်းပြသည်။ အာဖရိကတွင် အချိန်ဆွဲတိုက်ခဲ့သော ပြည်တွင်းစစ်တစ်ခု၌ သူပါဝင်တိုက်ခိုက်ခဲ့သည်။ “အဲဒီစစ်ပွဲက ကျွန်တော့်ပင်ကိုစရိုက်ကို အရမ်းပြောင်းလဲသွားစေတယ်။ ကျွန်တော်လုပ်ခဲ့သမျှကို အခုထိ သတိရနေတုန်းပဲ။ အတင်းခိုင်းလို့လုပ်ခဲ့ရတာတွေအတွက် ဝမ်းနည်းမိတယ်” ဟုသူဝန်ခံသည်။
ရဲဘော်ချင်းတစ်ဦးကသမ္မာကျမ်းစာအကြောင်း ဟော်ထဲန်ရှိုကို ပြောပြသောအခါ သူအတော်ပင်သဘောကျသွားသည်။ ဆာလံ ၄၆:၉ တွင် ဘုရားသခင်က စစ်မက်ဟူသ၍ကို အဆုံးတိုင်စေမည်ဟူသော ကတိတော်ကို သူစွဲမှတ်သွားသည်။ သူသည် ကျမ်းစာကိုလေ့လာလေ စစ်တိုက်လိုစိတ် မရှိလေဖြစ်သည်။ များမကြာမီ သူနှင့် သူ၏အဖော်နှစ်ဦးသည် တပ်မှအထုတ်ခံလိုက်ရရာ ယေဟောဝါဘုရားသခင်ထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံလိုက်လေသည်။ “ကျမ်းစာအမှန်တရားက ရန်သူကိုချစ်တတ်လာစေတယ်။ ဘုရားသခင်က လူလူချင်းမသတ်ရလို့ပြောထားတဲ့အတွက် စစ်တိုက်နေတာဟာ တကယ်တော့ ယေဟောဝါကိုပြစ်မှားနေတာပဲလို့ ကျွန်တော်သဘောပေါက်လာတယ်။ ဒီလိုမေတ္တာပြနိုင်ဖို့ လူတွေကို ရန်သူတွေလို့မမြင်ဖို့ ကျွန်တော့်ရဲ့အတွေးအခေါ်ကို ပြောင်းလဲခဲ့ရတယ်” ဟုဟော်ထဲန်ရှိုရှင်းပြသည်။
သမ္မာကျမ်းစာပညာရေးသည် ငြိမ်သက်အေးချမ်းမှုကို အမှန်ဖြစ်ပေါ်စေကြောင်း အဆိုပါဘဝဖြစ်ရပ်မှန်များက ဖော်ပြသည်။ ယင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ မြင့်မြတ်သောပညာရေးနှင့် ငြိမ်သက်ခြင်းသည် တိုက်ရိုက်ဆက်နွှယ်မှုရှိကြောင်း ပရောဖက်ဟေရှာယက ဖော်ပြခဲ့သည်။ “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရားဆုံးမသွန်သင်တော်မူသောသူဖြစ်၍ များစွာသောစည်းစိမ်ချမ်းသာ [“ငြိမ်သက်ခြင်း၊” ကဘ] နှင့် ပြည့်စုံကြလိမ့်မည်” ဟုသူကြိုဟောခဲ့သည်။ (ဟေရှာယ ၅၄:၁၃) လူမျိုးအပေါင်းမှ လူတို့သည် ဘုရားသခင်၏နည်းလမ်းတော်များကို သင်ယူရန် ယေဟောဝါဘုရားသခင်၏ စင်ကြယ်သောဝတ်ပြုရေးသို့ တဖွဲဖွဲရောက်ရှိလာကြလိမ့်မည့်အချိန်ကို ထိုပရောဖက် ကြို၍မြင်ခဲ့သည်။ အဘယ်ရလဒ်ဖြစ်ပေါ်လာမည်နည်း။ ထိုအခါ “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။”—ဟေရှာယ ၂:၂-၄။
ထိုပရောဖက်ပြုချက်နှင့်အညီ ယေဟောဝါသက်သေများသည် လူ့စစ်ပွဲများ၏ဇာစ်မြစ်ဖြစ်သော မုန်းတီးမှုကို ချိုးနှိမ်ဖျောက်ဖျက်နိုင်စေသည့် ကမ္ဘာချီပညာပေးလုပ်ငန်းတွင် ပါဝင်နေကြပြီး သန်းနှင့်ချီသောသူတို့ကို ကူညီပေးခဲ့ပြီ။
ကမ္ဘာ့ငြိမ်းချမ်းမှုအတွက် အာမခံချက်
ပညာပေးလုပ်ငန်းအပြင် ကမ္ဘာချီငြိမ်းချမ်းမှု အမှန်တကယ်ရှိစေနိုင်သော အစိုးရ သို့မဟုတ် “နိုင်ငံတော်” တစ်ခုကို ဘုရားသခင်တည်ထောင်ထားပြီ။ ဘုရားသခင်ရွေးချယ်ထားသော ဘုရင်ယေရှုခရစ်ကို “ငြိမ်သက်ခြင်းမင်း” ဟု သမ္မာကျမ်းစာခေါ်ဆိုခြင်းက အလွန်ထူးခြားသည်။ ထို့ပြင် “အာဏာတော်နှင့် ငြိမ်သက်ခြင်းသည် မကုန်မဆုံး ... အမြဲတိုးတက်လိမ့်မည်” ဟူ၍လည်း အာမခံသည်။—ဟေရှာယ ၉:၆၊ ၇၊ သမ္မာ။
ခရစ်တော်၏အုပ်ချုပ်မှုသည် စစ်ဟူသ၍ကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်မည်ဖြစ်ကြောင်း အဘယ်အာမခံချက်ရှိသနည်း။ ပရောဖက်ဟေရှာယက “ဗိုလ်ခြေတို့အရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍ ထိုအမှုကိုပြီးစီးစေတော်မူလိမ့်မည်” ဟုထပ်ဆင့်ဆိုခဲ့သည်။ (ဟေရှာယ ၉:၇၊ သမ္မာ) ဘုရားသခင်သည် တည်မြဲသောငြိမ်သက်ခြင်းကို အစဉ်အဆက်တည်ရှိစေလိုသည်သာမက တည်ရှိစေနိုင်စွမ်းရှိ၏။ ဤကတိတော်ကို ယေရှုအကြွင်းမဲ့ယုံကြည်စိတ်ချတော်မူ၏။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်လာဖို့နှင့် မြေကြီးပေါ်တွင် ဘုရားသခင့်အလိုတော်ပြည့်စုံစေဖို့ ဆုတောင်းကြရန် မိမိ၏နောက်လိုက်များကို သွန်သင်ပေးတော်မူခဲ့သည်။ (မဿဲ ၆:၉၊ ၁၀) စိတ်ရင်းမှန်ဖြင့်တောင်းဆိုသော အဆိုပါဆုတောင်းချက်သည် နောက်ဆုံး ပြည့်စုံလာသောအခါ မြေကြီးပေါ်တွင် ဘယ်သောအခါမျှ စစ်ပြန်ဖြစ်တော့မည်မဟုတ်ပါ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 8 နောက်ဆုံးကာလ၌ ကျွန်ုပ်တို့အသက်ရှင်နေကြောင်း သာဓကကိုဆန်းစစ်ကြည့်ဖို့ ယေဟောဝါသက်သေများထုတ်ဝေခဲ့သော ထာဝရအသက်ရစေသော အသိပညာစာအုပ် အခန်း ၁၁ ကိုရှု။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာပညာရေးက စစ်မှန်သော ငြိမ်သက်ခြင်းကိုဖြစ်ပေါ်စေ