ယေဟောဝါ၏ဘုန်းတော်ကို ကြေညာကြစို့
ယေဟောဝါ၏ဘုန်းတော်ကို ကြေညာကြစို့
‘ယေဟောဝါသည် ဘုန်းတန်ခိုးအစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။ ယေဟောဝါ၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟုဝန်ခံကြလော့။’—ဆာလံ ၉၆:၇၊ ၈။
၁၊ ၂။ ယေဟောဝါအား အဘယ်အရာက ချီးမွမ်းပြီး မည်သူတို့ကိုပါဝင်ရန် နှိုးဆော်ထားသနည်း။
ယေရှဲ၏သား ဒါဝိဒ်သည် ဗက်လင်မြို့ဝန်းကျင်တွင် သိုးကျောင်းသားအဖြစ် ကြီးပြင်းလာခဲ့၏။ သူသည် လူသူကင်းမဲ့သော ထိုသိုးစားကျက်များတွင် ဖခင်၏သိုးအုပ်များကို ထိန်းကျောင်းနေစဉ် တိတ်ဆိတ်ငြိမ်သက်သည့် ညချမ်းချိန်၌ ကြယ်အတိပြီးသော ကောင်းကင်ကျယ်ကြီးကို ကြိမ်ဖန်များစွာ ငေးမောကြည့်ရှုခဲ့ပေမည်! ဆာလံ ၁၉ ပါလှပတင့်တယ်သော ဤစကားများကို ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် မှုတ်သွင်းခြင်းဖြင့် ဒါဝိဒ်ရေးဖွဲ့သီဆိုသောအခါ အဆိုပါမြင်ကွင်းကို စိတ်ထဲမြင်ယောင်မိမည်မှာ သေချာပါသည်– “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။ သူတို့၏အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏။”—ဆာလံ ၁၉:၁၊ ၄။
၂ နှုတ်မြွက်ခြင်း၊ စကားပြောဆိုခြင်း၊ အသံပြုခြင်း မရှိဘဲ ယေဟောဝါ၏ရင်သပ်ရှုမောဖွယ် ဖန်ဆင်းခြင်းလက်ရာတော် မိုးကောင်းကင်သည် ကိုယ်တော်၏ဘုန်းတော်ကို တစ်နေ့ပြီးတစ်နေ့၊ တစ်ညပြီးတစ်ည ကြေညာလျက်ရှိ၏။ ဖန်ဆင်းခြင်းလက်ရာတော်များသည် ဘုရားသခင်၏ဘုန်းတော် ကြေညာခြင်းကို ဘယ်တော့မျှ ရပ်စဲမည်မဟုတ်ချေ၊ “မြေတစ်ပြင်လုံး” တွင်ကမ္ဘာသားအပေါင်း တွေ့မြင်နိုင်သည့် အဆိုပါအသံတိတ်သက်သေခံချက်ကို ဆင်ခြင်တွေးတောသောအခါ ကျွန်ုပ်တို့သည် အလွန်သိမ်ငယ်သွားကြပေသည်။ သို့သော် ဖန်ဆင်းခြင်းလက်ရာတော်များ၏ အသံတိတ်သက်သေခံချက်နှင့် မလုံလောက်သေးချေ။ တည်ကြည်သောလူသားများအား သက်သေအဖြစ် အတူတကွ ပါဝင်ပြောဆိုကြရန် နှိုးဆော်ထား၏။ အမည်မဖော်သော ဆာလံဆရာတစ်ဦးက မှုတ်သွင်းခံစကားများဖြင့် တည်ကြည်သောဝတ်ပြုသူများကို ဤသို့တိုက်ရိုက်ပြောခဲ့သည်– ‘ယေဟောဝါသည် ဘုန်းတန်ခိုးအစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။ ယေဟောဝါ၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။’ (ဆာလံ ၉၆:၇၊ ၈) ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိသူများသည် ထိုနှိုးဆော်ချက်ကို ဝမ်းသာအားရတုံ့ပြန်ကြ၏။ သို့သော် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၃။ လူတို့သည် ဘုရားသခင်၏ဘုန်းတော်ကို အဘယ်နည်းများဖြင့် ချီးမွမ်းကြသနည်း။
၃ စကားအားဖြင့်သာမက ပိုမိုလိုအပ်၏။ ဟေရှာယခေတ်မှ ဣသရေလလူတို့သည် နှုတ်ဖြင့် ဘုရားသခင်ကို ချီးမွမ်းကြ၏၊ သို့သော်လည်း အများစုမှာမူ စိတ်ရင်းမမှန်ကြချေ။ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် ဤသို့မိန့်ဆိုခဲ့သည်– “ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။” (ဟေရှာယ ၂၉:၁၃) ဤသူများ၏ ချီးမွမ်းခြင်းသည် အဓိပ္ပာယ်မရှိချေ။ ထို့ကြောင့် အဓိပ္ပာယ်ရှိသော ချီးမွမ်းခြင်းဖြစ်စေရန် ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့ချစ်ရမည်၊ ကိုယ်တော်၏တုနှိုင်းမမီသောဘုန်းတော်ကို စိတ်ရင်းမှန်စွာ အသိအမှတ်ပြုရမည်။ ယေဟောဝါတစ်ပါးတည်းသာလျှင် ဖန်ဆင်းရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် အတိုင်းအဆမဲ့တန်ခိုးရှင်၊ တရားမျှတရှင်၊ မေတ္တာ၏ပြယုဂ်ဖြစ်တော်မူသည်။ ထို့ပြင် ကိုယ်တော်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်၊ ကောင်းကင်၊ မြေကြီးပေါ် ရှိရှိသမျှသောသူတို့ လက်အောက်ခံကြရမည့် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်တော်မူ၏။ (ဗျာ. ၄:၁၁; ၁၉:၁) အဆိုပါအချက်များကို ကျွန်ုပ်တို့ အမှန်တကယ် ယုံကြည်မည်ဆိုလျှင် ကိုယ်တော်၏ဘုန်းတော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းကြပါစို့။
၄။ ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းခြင်းနှင့်ပတ်သက်၍ ယေရှု အဘယ်ညွှန်ကြားချက်များ ပေးခဲ့သနည်း၊ ၎င်းတို့ကို ကျွန်ုပ်တို့ မည်သို့ကျေပွန်စွာလုပ်ဆောင်နိုင်သနည်း။
၄ ဘုရားသခင်၏ဘုန်းတော်ကို ကျွန်ုပ်တို့ မည်သို့ချီးမွမ်းနိုင်ကြောင်း ယေရှုခရစ်မိန့်ဆိုခဲ့သည်။ ကိုယ်တော်က “သင်တို့သည် များစွာသောအသီးကို သီးသောအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်” ဟုမိန့်ဆိုသည်။ (ယောဟန် ၁၅:၈) အသီးများစွာ မည်သို့သီးနိုင်ကြမည်နည်း။ ဦးဆုံးအနေနှင့် ‘ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား’ ကိုစိုးလ်အကြွင်းမဲ့ ပါဝင်ဟောပြောခြင်းအားဖြင့် ဖန်ဆင်းခြင်းလက်ရာတော်အားလုံးနှင့်အတူ ပူးပေါင်း၍ ဘုရားသခင်၏ ‘မျက်မြင်မရသော အရည်အသွေးများ’ ကို “ကြားပြော” ကြမည်ဖြစ်သည်။ (မဿဲ ၂၄:၁၄; ရောမ ၁:၂၀) ဤနည်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ယေဟောဝါဘုရားသခင်အား ချီးမွမ်းသီချင်းဆိုကြသူ တပည့်သစ်များဖြစ်စေခြင်းလုပ်ငန်းတွင် ပါဝင်ကြ၏။ ဒုတိယအနေနှင့် သန့်ရှင်းသောဝိညာဉ်တော်အသီးကို ကျွန်ုပ်တို့ပြုစုပျိုးထောင်ကြပြီး ယေဟောဝါဘုရားသခင်၏ သာလွန်ထူးကဲသောအရည်အသွေးများကို ကြိုးစားတုပကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃; ဧဖက် ၅:၁; ကောလောသဲ ၃:၁၀) ရလဒ်ကား၊ ကျွန်ုပ်တို့၏နေ့စဉ်အကျင့်အကြံသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသည်။
“မြေတစ်ပြင်လုံး၌”
၅။ သူတစ်ပါးကို မိမိတို့၏ယုံကြည်ခြင်းအကြောင်း ပြောပြခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော် ချီးမွမ်းရမည့် ခရစ်ယာန်များ၏တာဝန်ကို ပေါလုမည်သို့အလေးအနက်ဖော်ပြခဲ့ကြောင်း ရှင်းပြပါ။
၅ သူတစ်ပါးကို မိမိတို့၏ယုံကြည်ခြင်းအကြောင်း ပြောပြခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းရန် ခရစ်ယာန်များ၏တာဝန်ကို ရောမမြို့သားများထံ ရေးခဲ့သောစာတွင် ပေါလုအလေးအနက်ဖော်ပြခဲ့သည်။ ရောမကျမ်း၏အဓိကခေါင်းစဉ်မှာ ယေရှုခရစ်ကို ယုံကြည်သူများသာ ကယ်တင်ခြင်းရနိုင်မည်ဖြစ်သည်။ မိမိခေတ်က ဇာတိဣသရေလတို့သည် “ခရစ်တော်အားဖြင့် စုံလင်ခြင်း” သို့ရောက်ဖို့ဖြစ်သော်လည်း မောရှေပညတ်ကို လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်သောအနေအထားရရှိရန် ကြိုးစားနေဆဲရှိကြောင်း ရောမကျမ်းအခန်းကြီး ၁၀ တွင်ပေါလုဖော်ပြခဲ့သည်။ ထို့ကြောင့် ပေါလုက “သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့ကိုသေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟုဆို၏။ ထိုအချိန်မှစ၍ ‘ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူအပေါင်းတို့ကိုအစိုးရသော အရှင်တစ်ပါးတည်းရှိ၍ ကိုယ်တော်ကို ဆုတောင်းသောသူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။ အကြောင်းမူကား၊ ယေဟောဝါကို ဆုတောင်းသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။’—ရောမ ၁၀:၄၊ ၉-၁၃။
၆။ ဆာလံ ၁၉:၄ ၏သက်ဆိုင်ပုံကို ပေါလု မည်သို့ဖော်ပြခဲ့သနည်း။
၆ ထို့နောက် ပေါလုသည် ကျိုးကြောင်းဆီလျော်စွာဖြင့် ဤသို့မေး၏– ‘မယုံကြည်လျှင် အဘယ်သို့ဆုတောင်းနိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။’ (ရောမ ၁၀:၁၄၊ ၁၅) ဣသရေလလူမျိုးနှင့်စပ်လျဉ်း၍ ပေါလုက “လူအပေါင်းတို့သည် ဝမ်းမြောက်စရာသတင်းကို နားထောင်ကြသည်မဟုတ်” ဟုဆို၏။ ဣသရေလလူမျိုးသည် အဘယ်ကြောင့် နားမထောင်ခဲ့ကြသနည်း။ သူတို့နားမထောင်ခဲ့ကြခြင်းမှာ ယုံကြည်ခြင်းမရှိသောကြောင့်ဖြစ်သည်၊ အခွင့်မသာသောကြောင့်မဟုတ်ပါ။ ပေါလုသည် ဆာလံ ၁၉:၄ ကိုကိုးကားပြီး ၎င်းသည် ဖန်ဆင်းခြင်းလက်ရာတော်များ အသံတိတ်သက်သေခံခြင်းကိုမဟုတ်ဘဲ ခရစ်ယာန်ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်ကြောင်း ဖော်ပြခဲ့၏။ ပေါလုက “သူတို့၏အသံသည် မြေတစ်ပြင်လုံး၌နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီ” ဟုဆို၏။ (ရောမ ၁၀:၁၆၊ ၁၈) မှန်ပါသည်၊ သက်မဲ့ဖန်ဆင်းရာများသည် ယေဟောဝါ၏ဘုန်းတော်ကို ချီးမွမ်းသကဲ့သို့ ပထမရာစုခရစ်ယာန်များသည်လည်း နေရာတကာတွင် ကယ်တင်ခြင်းသတင်းကောင်းကို ဟောပြောပြီး “မြေတစ်ပြင်လုံး” ၌ဘုရားသခင်ကို ချီးမွမ်းခဲ့ကြသည်။ ပေါလုသည် ကောလောသဲမြို့သားများထံ စာရေးသောအခါ သတင်းကောင်းသည် မည်မျှကျယ်ပြန့်နေကြောင်း ဖော်ပြခဲ့သည်။ သူက “ကောင်းကင်အောက်၌ရှိသမျှသော ... သတ္တဝါတို့အား” သတင်းကောင်းဟောပြောခဲ့ပြီဟု ဆိုသည်။—ကောလောသဲ ၁:၂၂။
စိတ်အားထက်သန်သောသက်သေခံများ
၇။ ယေရှုမိန့်ဆိုသည့်အတိုင်း ခရစ်ယာန်များတွင် အဘယ်တာဝန်ရှိသနည်း။
၇ ယေရှုခရစ်ကွယ်လွန်ပြီး ၂၇ နှစ်ခန့်တွင် ကောလောသဲမြို့သားများထံ ပေါလုစာရေးခဲ့ပုံရှိ၏။ ဟောပြောခြင်းလုပ်ငန်းသည် ဤမျှအချိန်တိုအတွင်း ကောလောသဲမြို့အထိ မည်သို့ပျံ့နှံ့လာနိုင်သနည်း။ ပထမရာစုခရစ်ယာန်များသည် စိတ်အားထက်သန်ကြပြီး သူတို့၏ထက်သန်မှုကို ယေဟောဝါ ကောင်းချီးပေးခဲ့သောကြောင့်ဖြစ်၏။ ယေရှုက “ဧဝံဂေလိတရားကို ရှေးဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်” ဟုမိန့်ဆိုစဉ်က ကိုယ်တော်၏နောက်လိုက်များသည် တက်ကြွစွာဟောပြောသူများ ဖြစ်လာကြလိမ့်မည်ဟု ကြိုဟောခဲ့သည်။ (မာကု ၁၃:၁၀) ထိုသို့ပရောဖက်ပြုပြီးနောက် ယေရှုသည် မဿဲခရစ်ဝင်ကျမ်း၏ နောက်ဆုံးအခန်းငယ်များ၌ မှတ်တမ်းတင်ထားသည့် ဤမိန့်မှာချက်ကို ထပ်ဆင့်ဖြည့်စွက်ခဲ့သည်– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ [နှစ်ခြင်း]ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ[သွန်သင်]ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ကောင်းကင်သို့ ယေရှုတက်ကြွသွားပြီးနောက် မကြာမီ ကိုယ်တော်၏နောက်လိုက်များသည် အဆိုပါစကားများအတိုင်း လုပ်ဆောင်ခဲ့ကြလေ၏။
၈၊ ၉။ တမန်တော်ကျမ်းအရ၊ ခရစ်ယာန်များသည် ယေရှု၏မိန့်မှာချက်များကိုမည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၈ စီ.အီး.၃၃၊ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခံရပြီးနောက် ယေရှု၏သစ္စာရှိနောက်လိုက်များ ဦးဆုံးပြုလုပ်ခဲ့ရာမှာ အပြင်ထွက်၍ ယေရုရှလင်မြို့မှ လူအုပ်များအား“ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို” ဟောပြောခဲ့ခြင်းဖြစ်၏။ သူတို့၏ဟောပြောခြင်းလုပ်ငန်းသည် အကျိုးရှိခဲ့သောကြောင့် “သုံးထောင်မျှလောက်သောသူတို့သည်” နှစ်ခြင်းခံခဲ့ကြသည်။ ကိုယ်တော့်တပည့်များသည် ဘုရားသခင်အား လူအများရှေ့ စိတ်အားထက်သန်စွာ အဆက်မပြတ် ချီးမွမ်းထောမနာပြုခဲ့ကြရာ ရလဒ်ကောင်းများ ပေါ်ထွက်ခဲ့၏။—တမန်တော် ၂:၄၊ ၁၁၊ ၄၁၊ ၄၆၊ ၄၇။
၉ မကြာမီ အဆိုပါခရစ်ယာန်များ၏လုပ်ငန်းကို ဘာသာရေးခေါင်းဆောင်များက အာရုံစိုက်လာကြသည်။ ပေတရုနှင့်ယောဟန်တို့၏ ပွင့်လင်းမှုကြောင့် သူတို့စိတ်အနှောင့်အယှက်ဖြစ်ကြရာ ထိုတမန်တော်နှစ်ဦး၏ ဟောပြောခြင်းကို ပိတ်ပင်ခဲ့ကြ၏။ တမန်တော်များက “ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်” ဟုပြန်ပြောကြလေ၏။ ပေတရုနှင့် ယောဟန်တို့သည် အပြစ်ဒဏ်ပေးခံရပြီး ပြန်လွတ်လာပြီးနောက် သူတို့၏ညီအစ်ကိုများထံသွား၍ ယေဟောဝါထံ အတူတကွ ဆုတောင်းကြလေသည်။ သူတို့သည် ယေဟောဝါထံ ဤသို့သတ္တိရှိရှိ တောင်းလျှောက်ခဲ့ကြသည်– “ကိုယ်တော်၏ကျွန်တို့သည် နှုတ်[မြွက်]တရားတော်ကို ရဲရင့်စွာဟောပြောပါမည်အကြောင်း ကယ်မသနားတော်မူပါ။”—တမန်တော် ၄:၁၃၊ ၂၀၊ ၃၀။
၁၀။ အဘယ်အတိုက်အခံပြုမှု ဖြစ်ပေါ်လာခဲ့ပြီး စစ်မှန်သောခရစ်ယာန်များသည် မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၁၀ ထိုဆုတောင်းချက်သည် ယေဟောဝါ၏အလိုတော်နှင့် ကိုက်ညီခဲ့ကြောင်း များမကြာမီ သိသာထင်ရှားလာလေသည်။ တမန်တော်များ အဖမ်းခံရပြီးနောက် ကောင်းကင်တမန်တစ်ပါးသည် အံ့ဖွယ်နည်းဖြင့် သူတို့ကို လွတ်မြောက်စေခဲ့သည်။ ကောင်းကင်တမန်က ‘သင်တို့သွားကြလော့။ ဝတ်ပြုရာအိမ်တော်၌ရပ်၍ အသက်ရှင်ခြင်းတရားစကားအလုံးစုံကို လူများတို့အား ဟောပြောကြလော့’ ဟုသူတို့ကို မိန့်ဆိုခဲ့၏။ (တမန်တော် ၅:၁၈-၂၀) တမန်တော်များက နာခံခဲ့သောကြောင့် သူတို့ကို ယေဟောဝါ ဆက်ကောင်းချီးပေးခဲ့သည်။ သို့ဖြစ်၍ သူတို့သည် ‘ဝတ်ပြုရာအိမ်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။’ (တမန်တော် ၅:၄၂) ပြင်းထန်သောအတိုက်အခံက ယေရှုနောက်လိုက်များအား လူအများရှေ့ ဘုရားသခင့်ဘုန်းတော်ချီးမွမ်းခြင်းကို လုံးဝမရပ်တန့်စေနိုင်ခဲ့ကြောင်း ထင်ရှား၏။
၁၁။ ဟောပြောခြင်းလုပ်ငန်းအပေါ် ကနဦးခရစ်ယာန်များ၏စိတ်ထားကား အဘယ်နည်း။
၁၁ များမကြာမီ သတေဖန် အဖမ်းခံရပြီး ကျောက်ခဲနှင့်ပေါက်သတ်ခံခဲ့ရ၏။ သူအသတ်ခံရခြင်းက ယေရုရှလင်မြို့တွင် ပြင်းထန်သောညှဉ်းပန်းနှိပ်စက်မှု စတင်ဖြစ်ပေါ်စေခဲ့ပြီး တမန်တော်များမှအပ တပည့်အားလုံး တိုင်းတစ်ပါးသို့ ကွဲလွင့်သွားကြသည်။ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သူတို့ စိတ်ဓာတ်ကျခဲ့သလော။ လုံးဝမကျခဲ့ပါ။ ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “အရပ်ရပ်သို့ကွဲပြားသောသူတို့သည် လှည့်လည်၍ နှုတ်[မြွက်စကား]တော်တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။” (တမန်တော် ၈:၁၊ ၄) ဘုရားသခင်၏ဘုန်းတော်ကို ကြေညာသည့် စိတ်အားထက်သန်မှုအား ထပ်ခါတလဲတွေ့ခဲ့ကြရသည်။ တာရှုမြို့သား ဖာရိရှဲဖြစ်သူ ရှောလုသည် ယေရှု၏တပည့်များကို ညှဉ်းပန်းနှိပ်စက်ရန် ဒမာသက်မြို့သို့သွားသောအခါ ယေရှု၏အဆင်းအာရုံကိုမြင်တွေ့ပြီး ရုတ်တရက်မျက်စိကွယ်သွားကြောင်း တမန်တော်ကျမ်းအခန်းကြီး ၉ တွင်ကျွန်ုပ်တို့ဖတ်ရှုရ၏။ ဒမာသက်မြို့တွင် အာနနိသည် ရှောလုကို အံ့ဖွယ်နည်းဖြင့် မျက်စိပြန်မြင်စေခဲ့သည်။ နောက်ပိုင်းတွင် တမန်တော်ပေါလုဟု လူသိများလာသော ထိုရှောလုသည် ပထမဦးဆုံး အဘယ်အရာပြုလုပ်ခဲ့သနည်း။ မှတ်တမ်းက ဤသို့ဆို၏– “ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို တရားဇရပ်တို့၌ မဆိုင်းမလင့်ဟောလေ၏။”—တမန်တော် ၉:၂၀။
ဟောပြောခြင်းတွင် လူတိုင်းပါဝင်ခဲ့ကြ
၁၂၊ ၁၃။ (က) သမိုင်းပညာရှင်များ၏အဆိုအရ ကနဦးခရစ်ယာန်အသင်းတော်နှင့်ပတ်သက်၍ အဘယ်အရာသည် မှတ်သားဖွယ်ကောင်းသနည်း။ (ခ) တမန်တော်ကျမ်းသည် သမိုင်းပညာရှင်များ၏ဖော်ပြချက်များနှင့် မည်သို့ကိုက်ညီသနည်း။
၁၂ ကနဦးခရစ်ယာန်အသင်းတော်ရှိသူတိုင်းသည် ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့ကြကြောင်း လူအများက အသိအမှတ်ပြုကြ၏။ ထိုခေတ်က ခရစ်ယာန်များနှင့်ပတ်သက်၍ ဖိလစ်ရှက်ဖ်က ဤသို့ရေးသားသည်– “အသင်းတော်တိုင်းသည် ခရစ်ယာန်သာသနာပြုအဖွဲ့ဖြစ်ပြီး ခရစ်ယာန်ယုံကြည်သူတိုင်းသည် ခရစ်ယာန်သာသနာပြုများဖြစ်ကြသည်။” (ခရစ်ယာန်ချာ့ခ်ျသမိုင်း) လူဝတ်ကြောင်အပေါင်းတို့၏ ဘုန်းထင်ရှားသောဓမ္မအမှု တွင် ဒဗလျူ. အက်စ်. ဝီလျမ်စ်က ဤသို့ဖော်ပြ၏– “ယေဘုယျထွက်ဆိုချက်မှာ ကနဦးချာ့ခ်ျရှိ ခရစ်ယာန်အားလုံး၊ အထူးသဖြင့် ကြည်ညိုဖွယ်ဆု [ဝိညာဉ်တော်ဆုကျေးဇူးများ] ရရှိထားကြသူများသည် သတင်းကောင်းဟောပြောခဲ့ကြသည်။” သူက ဤသို့လည်းအခိုင်အမာဆို၏– “ဟောပြောခြင်းလုပ်ငန်းသည် ခရစ်ယာန်ဓမ္မအမှုဆောင်အချို့သာ အခွင့်ထူးအဖြစ်ခံယူဖို့ ယေရှုခရစ် တစ်ခါမျှမရည်ရွယ်ခဲ့ချေ။” ရှေးခေတ်က ခရစ်ယာန်ဘာသာကို အတိုက်အခံပြုခဲ့သူ စဲလ်စပ်စ်ပင်လျှင် ဤသို့ရေးသားခဲ့သည်– “သိုးမွှေးညှပ်သူများ၊ ဖိနပ်ချုပ်သူများ၊ သားရေနယ်သူများ၊ စာမတတ်သူ သာမညလူတန်းစားတို့သည် သတင်းကောင်းကို ထက်သန်စွာဟောပြောသူများဖြစ်ကြ၏။”
၁၃ အဆိုပါဖော်ပြချက်များ၏ တိကျမှန်ကန်မှုကို သမိုင်းဝင်တမန်တော်ကျမ်းမှတ်တမ်းတွင် တွေ့ရှိရ၏။ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းပြီးနောက် အမျိုးသား၊ အမျိုးသမီးတို့အပါအဝင် တပည့်အားလုံးသည် ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို လူအများရှေ့ ကြေညာခဲ့ကြသည်။ သတေဖန်အသတ်ခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်မှုဖြစ်ပေါ်လာသောအခါ တိုင်းတစ်ပါးသို့ ကွဲလွင့်သွားသော ခရစ်ယာန်အားလုံးသည် နေရာအနှံ့တွင် သတင်းကောင်းဖြန့်ခဲ့ကြသည်။ ၎င်းနောက် ၂၈ နှစ်ခန့်တွင် ပေါလုသည် တရားဟောဆရာ လူတန်းစားအနည်းငယ်ကိုသာမက ဟေဗြဲခရစ်ယာန်အားလုံးထံသို့ စာရေးပြီး ဤသို့ဆိုခဲ့သည်– “ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ဝန်ခံလျက် နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။” (ဟေဗြဲ ၁၃:၁၅) ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပေါလု၏ကိုယ်ပိုင်အမြင်ကိုဖော်ပြရာတွင် သူဤသို့ဆိုခဲ့သည်– “ငါသည် ဧဝံဂေလိတရားကိုဟောရုံပြုလျှင် ဝါကြွားခြင်းအကြောင်းမရှိသေး။ အဘယ်ကြောင့်နည်းဟူမူကား မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။” (၁ ကောရိန္သု ၉:၁၆) ပထမရာစုရှိ တည်ကြည်သောခရစ်ယာန်အားလုံးသည် ထိုနည်းတူခံစားခဲ့ကြရသည်မှာ ထင်ရှား၏။
၁၄။ ယုံကြည်ခြင်းနှင့် ဟောပြောခြင်းသည် မည်သို့ဆက်စပ်မှုရှိသနည်း။
၁၄ အမှန်ဆိုသော် ခရစ်ယာန်စစ်တစ်ဦးသည် ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ရ၏၊ အကြောင်းမှာ ဟောပြောခြင်းလုပ်ငန်းနှင့် ယုံကြည်ခြင်းသည် ခွဲ၍မရအောင် ဆက်စပ်နေသောကြောင့်ဖြစ်၏။ ပေါလုက “ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏” ဟုပြောခဲ့သည်။ (ရောမ ၁၀:၁၀၊ ၁၁) အသင်းတော်ရှိ တရားဟောဆရာအဖွဲ့ကဲ့သို့ အုပ်စုငယ်တစ်စုသာ ယုံကြည်ခြင်းတင်ပြပြီး ဟောပြောရန် တာဝန်ရှိပါသလော။ လုံးဝမဟုတ်ပါ! ခရစ်ယာန်စစ်အားလုံးသည် သခင်ယေရှုခရစ်ကို အခိုင်အမာယုံကြည်ပြီး ထိုယုံကြည်ခြင်းကို လူအများအား ကြေညာရန် လှုံ့ဆော်ခံရ၏။ ထိုသို့မပြုလုပ်ပါက သူတို့၏ယုံကြည်ခြင်းသည် အသေဖြစ်၏။ (ယာကုပ် ၂:၂၆) ကျွန်ုပ်တို့၏ခရစ်နှစ် ပထမရာစုမှ သစ္စာရှိခရစ်ယာန်အားလုံးသည် ဤနည်းဖြင့် သူတို့၏ယုံကြည်ခြင်းကို တင်ပြခဲ့ကြသောကြောင့် ယေဟောဝါ၏နာမတော်အား ချီးမွမ်းသံကို ကျယ်လောင်စွာ ကြားခဲ့ရ၏။
၁၅၊ ၁၆။ ပြဿနာများရှိလင့်ကစား ဟောပြောခြင်းလုပ်ငန်း တိုးတက်ခဲ့ကြောင်းဖော်ပြရန် သာဓကများပေးပါ။
၁၅ ပထမရာစုတွင် အသင်းတော်အတွင်းအပြင်၌ ပြဿနာများစွာရှိနေသော်လည်း မိမိ၏လူမျိုးတော်အရေအတွက် တိုးတက်စေခြင်းဖြင့် ယေဟောဝါကောင်းချီးပေးခဲ့သည်။ ဥပမာ၊ တမန်တော်ကျမ်းအခန်းကြီး ၆ တွင်ဟေဗြဲစကားပြောနှင့် ဂရိစကားပြော ဘာသာဝင်သူများစပ်ကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေကြောင်း မှတ်တမ်းကတင်ပြသည်။ ထိုပြဿနာကို တမန်တော်များ ဖြေရှင်းပေးခဲ့ကြသည်။ ရလဒ်ကား ဤသို့ဖြစ်ကြောင်း ကျွန်ုပ်တို့ဖတ်ရှုရသည်– “ဘုရားသခင်၏သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တို့သည် အလွန်ပွားများ၍ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။”—တမန်တော် ၆:၇။
၁၆ နောက်ပိုင်းတွင် ယုဒရှင်ဘုရင် ဟေရုဒ်အဂြိပ္ပမင်းနှင့် တုရုမြို့သားများ၊ ဇိဒုန်မြို့သားများစပ်ကြား နိုင်ငံရေးတင်းမာမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါမြို့သားများက မြှောက်ပင့်ခယ၍ ငြိမ်းချမ်းရေးကမ်းလှမ်းသောအခါ ဟေရုဒ် မိန့်ခွန်းပြောခဲ့သည်။ စုဝေးရောက်ရှိနေသောလူအုပ်က “ဤအသံသည် လူ၏အသံမဟုတ်။ ဘုရားသခင်၏အသံဖြစ်၏” ဟုကြွေးကြော်လေသည်။ ဟေရုဒ်အဂြိပ္ပသည် “ဘုရားသခင်၏ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်” ထိုခဏချင်းတွင် ယေဟောဝါ၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်လိုက်ရာ သေဆုံးသွား၏။ (တမန်တော် ၁၂:၂၀-၂၃) လူ့အုပ်စိုးရှင်များကို မျှော်လင့်အားကိုးကြသူများအတွက် တုန်လှုပ်ချောက်ချားစရာပါတကား! (ဆာလံ ၁၄၆:၃၊ ၄) သို့သော် ခရစ်ယာန်များမူ ယေဟောဝါ၏ဘုန်းတော်ကို ချီးမွမ်းမြဲချီးမွမ်းလျက်နေကြ၏။ ထို့ကြောင့် ဤကဲ့သို့သောနိုင်ငံရေး မရေရာမသေချာမှုများကြား “ဘုရားသခင်၏သာသနာတော်သည် တိုးပွားများပြား” လျက်ရှိ၏။—တမန်တော် ၁၂:၂၄။
ထိုစဉ်ကနှင့် ယခု
၁၇။ ပထမရာစုတွင် တိုးပွားများပြားလာသူတို့သည် အဘယ်အမှုတွင် ပါဝင်လုပ်ဆောင်ခဲ့ကြသနည်း။
၁၇ မှန်ပါသည်၊ ပထမရာစု ကမ္ဘာချီခရစ်ယာန်အသင်းတော်သည် ယေဟောဝါဘုရားသခင်အား စိတ်အားထက်သန်၊ တက်ကြွစွာ ချီးမွမ်းသူများဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုတည်ကြည်သောခရစ်ယာန်အားလုံးသည် သတင်းကောင်းဖြန့်ချိရေးတွင် ပါဝင်ခဲ့ကြသည်။ သတင်းကောင်းလက်ခံသူများနှင့် အချို့တွေ့ဆုံကြသည့်အခါ ယေရှုမိန့်မှာခဲ့သည့်အတိုင်း ကိုယ်တော်ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ သူတို့အား သွန်သင်ပေးခဲ့ကြသည်။ (မဿဲ ၂၈:၁၉) ရလဒ်အနေနှင့် အသင်းတော်သားများ တိုးပွားများပြားလာရာ ရှေးခေတ်ဒါဝိဒ်နှင့်အတူ ယေဟောဝါအား ချီးမွမ်းသူအရေအတွက် တိုး၍တိုး၍များပြားလာလေသည်။ သူတို့အားလုံးသည် ဤမှုတ်သွင်းခံစကားများကို ပဲ့တင်ထပ်ခဲ့ကြ၏– “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်း၍ နာမတော်ကို အစဉ်အမြဲချီးမြှောက်ပါမည်။ အကျွန်ုပ်ခံရသော ကရုဏာတော်ကြီးလှပါ၏။”—ဆာလံ ၈၆:၁၂၊ ၁၃။
၁၈။ (က) ပထမရာစုခရစ်ယာန်အသင်းတော်နှင့် မျက်မှောက်ခေတ် ခရစ်ယာန်ဘောင်စပ်ကြား အဘယ်ခြားနားချက်ကို သတိပြုမိသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းအရာကို သုံးသပ်မည်နည်း။
၁၈ ယင်းကြောင့် ခရစ်ယာန်ဓမ္မပညာပါမောက္ခ အဲလီဆင် အေ. ထရိုက်၏စကားများက စဉ်းစားတွေးတောစရာဖြစ်စေသည်။ ပထမရာစုခရစ်ယာန်ဘာသာနှင့် မျက်မှောက်ခေတ် ခရစ်ယာန်ဘောင်ကို နှိုင်းယှဉ်၍ သူဤသို့ပြောခဲ့သည်– “ယနေ့ ချာ့ခ်ျများသည် အများအားဖြင့် သဘာဝနည်းဖြင့် (ဒေသန္တရချာ့ခ်ျမိသားစုမှ ကလေးများကိုယ်တိုင် ယုံကြည်လာ၍) သို့မဟုတ် ပြောင်းရွှေ့ခြင်းဖြင့် (လူသစ်တစ်ဦးသည် တခြားဒေသန္တရချာ့ခ်ျမှ ပြောင်းရွှေ့လာ၍) တိုးတက်လေ့ရှိ၏။ သို့ရာတွင် တမန်တော်ကျမ်းတွင်ဖတ်ရသည့် တိုးတက်မှုမှာ ဘာသာပြောင်းဝင်လာခြင်းဖြင့်ဖြစ်သည်၊ အကြောင်းမှာ ထိုစဉ်က ချာ့ခ်ျတည်ထောင်ခါစရှိသေးသည်။” ထို့ကြောင့် စစ်မှန်သောခရစ်ယာန်ဘာသာသည် ယေရှုမိန့်မှာခဲ့သည့်နည်းအတိုင်း တိုးတက်မှုမရှိတော့ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ စစ်မှန်သောခရစ်ယာန်များသည် ပထမရာစုရှိခရစ်ယာန်များကဲ့သို့ပင် နည်းအမျိုးမျိုးဖြင့် လူအများရှေ့ ဘုရားသခင်အား ဇွဲရှိရှိ ချီးမွမ်းလျက်ရှိကြသည်။ နောက်ဆောင်းပါးတွင် ယင်းအကြောင်းကို ကျွန်ုပ်တို့သိရှိကြရလိမ့်မည်။
သင်ရှင်းပြနိုင်သလော
• အဘယ်နည်းများဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ကျွန်ုပ်တို့ ချီးမွမ်းကြသနည်း။
• ဆာလံ ၁၉:၄ ၏သက်ဆိုင်ပုံကို ပေါလုမည်သို့ဖော်ပြခဲ့သနည်း။
• ယုံကြည်ခြင်းနှင့် ဟောပြောခြင်းသည် မည်သို့ဆက်စပ်သနည်း။
• ပထမရာစုခရစ်ယာန်အသင်းတော်နှင့်ပတ်သက်၍ အဘယ်အရာသည် မှတ်သားဖွယ်ကောင်းသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
မိုးကောင်းကင်သည် ယေဟောဝါ၏ဘုန်းတော်ကို အဆက်မပြတ်ကြေညာလျက်ရှိ
[Credit Line]
Courtesy of Anglo-Australian Observatory, photograph by David Malin
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
ဟောပြောခြင်းလုပ်ငန်းနှင့် ဆုတောင်းခြင်းသည် ပူးတွဲဆက်စပ်နေ