မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်

သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်

သင့်​အား လှိုက်လှဲ​စွာ​ဖိတ်ခေါ်ပါ​သည်

လွန်ခဲ့သော​အနှစ် ၂,၀၀၀ ခန့်​က သခင်​ယေရှု​ခရစ်​အစပြု​ခဲ့​သော သခင့်​ညစာ​စားပွဲ​သည် စိတ်ဝင်စားဖွယ်​သမိုင်း​ဖြစ်ရပ်​တစ်ခုမျှသာ​မဟုတ်​ချေ။ ၎င်း​ပွဲ​ကို စတင်​ကျင်းပ​ချိန် ကတည်းက ယင်းသည် လူ​တို့​အပေါ် တန်ခိုး​ပါ​သော​အကျိုး​သက်ရောက်မှု​ရှိခဲ့​ပြီ။ အဆိုပါ​ည​တွင် ဖြစ်ပျက်​ခဲ့​ရာ​များ​ကို ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​၌ ဖတ်ရှု​ပြီး​နောက် များစွာသော​သူတို့သည် သခင့်​ညစာ​စားပွဲ​ကို နည်း​အမျိုးမျိုးဖြင့်​ကျင်းပ​ရန် ကြိုးစား​ခဲ့​ကြသည်။

ဤသို့​ဖြစ်​ရခြင်း​ကို နားလည်​နိုင်​ပါ​သည်၊ အကြောင်း​မှာ ယေရှု​ခရစ်​ကိုယ်တော်တိုင်​က ဤ​ပွဲ​ကို​ကျင်းပ​ရန် မိမိ၏​နောက်လိုက်​များ​အား​မိန့်မှာ​ခဲ့​ပြီး ယင်းကို သူတို့​မှန်မှန်​ကျင်းပ​ကြ​ရမည်​ဖြစ်သည်။ ကိုယ်တော်​က “ငါ့ကို​အောက်မေ့​ဖို့​ရာ ဤသို့​ပြု​ကြလော့” ဟု အတိအလင်း​မိန့်မှာ​ခဲ့​သည်။—လုကာ ၂၂:၁၉; ၁ ကောရိန္သု ၁၁:၂၃-၂၅

ထို​ပွဲ​ကို အမှန်ပင်​အကျိုး​ဖြစ်ထွန်း​စွာ​ကျင်းပ​ဖို့ ၎င်း​ပွဲ​၏​အဓိပ္ပာယ်​ကို သမ္မာကျမ်းစာ​ဖော်ပြ​ထား​သည့်​အတိုင်း တိကျ​မှန်ကန်​စွာ သိ​နားလည်​ထား​ရမည်​ဖြစ်သည်။ ထို့​အပြင် ၎င်း​ပွဲ​ကို အဘယ်​အချိန်တွင်​မည်သို့​ကျင်းပ​ရမည့်​အကြောင်း သမ္မာကျမ်းစာ​အဆိုကို သိထားဖို့​အရေးကြီး​သည်။

ယေရှု၏​မိန့်မှာချက်ကို နာခံ​သည့်​အနေ​နှင့် ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် ယေရှု၏​သေခြင်း အောက်မေ့ရာပွဲကို ကျင်းပ​ရန် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၄ ရက်၊ တနင်္ဂနွေ​နေ့​ညနေပိုင်း​တွင် အတူတကွ​စုရုံး​ကြ​ပါ​မည်။ သူတို့​အတွက် ထို​အချိန်​သည် ကျမ်းစာ​ကို​ဆန်းစစ်​ကြည့်​ရန်​အချိန်​ဖြစ်​မည်၊ ‘ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ၊ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လောကသား​တို့ကို​ချစ်တော်မူ​၏’ ဟု​မိန့်ဆိုခဲ့​သော သခင်​ယေရှု​ခရစ်​အား ယုံကြည်ခြင်း​နှင့် ချစ်ခြင်း​ကို အားသစ်လောင်း​ပေး​သည့် အခါသမယ​လည်း​ဖြစ်ပါ​လိမ့်​မည်။ (ယောဟန် ၃:၁၆) အသင်​လည်း ယေရှု​ခရစ်တော်​နှင့် ကောင်းကင်​ခမည်းတော် ယေဟောဝါ​ဘုရားသခင်​အား ယုံကြည်ခြင်း​နှင့် ချစ်ခြင်း ပိုမို​ခိုင်မြဲ​စေဖို့ အဆိုပါ​ညနေပိုင်း​တွင် သူတို့နှင့်​အတူ​စုရုံး​စည်းဝေး​ရန် သင့်​အား လှိုက်လှဲ​စွာ​ဖိတ်ခေါ်ပါ​သည်။