မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသွင်ပြောင်းခဲ့ပြီဖြစ်သောစစ်

အသွင်ပြောင်းခဲ့ပြီဖြစ်သောစစ်

အသွင်ပြောင်း​ခဲ့ပြီ​ဖြစ်သော​စစ်

စစ်သည် အစဉ်သဖြင့် ရက်စက်​ကြမ်းကြုတ်​ခဲ့ပြီ။ အမြဲတစေ ဆုံးရှုံး​ပျက်ပြား​စေပြီး အရပ်သား​များ​ကို ဆင်းရဲ​ဝေဒနာ​ခံစား​စေ​ခဲ့ပြီ။ သို့သော် မကြာသေးမီ​နှစ်များ​အတွင်း စစ်​၏​အသွင်သဏ္ဌာန် ပြောင်းလဲ​သွားခဲ့ပြီ။ အဘယ်​နည်းဖြင့်​နည်း။

ယခု​ခေတ် စစ်ပွဲ​များသည် အများအားဖြင့် ပြည်တွင်းစစ်​များ​ဖြစ်သည်၊ တစ်နိုင်ငံ​တည်း​ရှိ နိုင်ငံသား အချင်းချင်း​တိုက်ခိုက်​သည့် စစ်​များ​ဖြစ်၏။ ပြည်တွင်းစစ်​များသည် ပို​ကြာရှည်​လေ့​ရှိသည်၊ တိုင်းသူပြည်သား​များ​ကို သောက​ပို​ရောက်​စေပြီး တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ​ဆင်နွှဲ​သည့် စစ်ပွဲ​များ​ထက် တိုင်းနိုင်ငံ​များ​ကို ပို​၍​ပြုတ်​ပြုတ်​ပြု​န်း ပျက်စီး​စေ​သည်။ “ပြည်တွင်းစစ်​များ​တွင် လူထောင်ပေါင်း​များစွာ​သေဆုံးမှု၊ လိင်ဆိုင်ရာ ကိုယ်​ထိ​လက်ရောက်​ကျူးလွန်​မှုများ​ဖြစ်​ပြီး အတင်းအကျပ်​ပြည်နှင်ဒဏ်​ပေး​ရုံ​မ​က အဆိုး​ဝါး​ဆုံး​ကား အမျိုး​ဖြုတ်​သတ်ဖြတ်မှု​များ ဖြစ်ပွား​စေ​၏၊ ယင်း​တို့သည် ရက်စက်​ကြမ်းကြုတ်​၍ သွေး​ချောင်း​စီး​စေသော စစ်ဆင်ရေး​များ​ဖြစ်သည်” ဟု​စပိန်​လူမျိုး​သမိုင်း​ပညာရှင် ဂျူလီယန် ခါ​စာ​နို​ဗာ​က မှတ်ချက်ချ​သည်။ အိမ်နီးချင်း​အချင်းချင်း ရက်စက်​ကြမ်းကြုတ်​စွာ တိုက်ခိုက်​သည့်​အခါ ရလာ​သော​စိတ်ဒဏ်ရာ​များ​ကို ကုစား​ရန် နှစ်ပေါင်း​ရာ​ချီ ကြာ​နိုင်​သည်။

စစ်​အေး​ကာလ ပြီးဆုံး​ပြီး​ကတည်းက နိုင်ငံ​အချင်းချင်း​တိုက်ခိုက်​သည့်​စစ်ပွဲ​များ မရှိသလောက်​ပင်။ “၁၉၉၀-၂၀၀၀ ပြည့်နှစ်​အတွင်း​ဖြစ်ပွား​ခဲ့​၍ မှတ်တမ်း​တင်ထားသော လက်နက်ကိုင်​တိုက်ပွဲ​ကြီး သုံးခု​မှ​လွဲ​၍ ကျန်​အားလုံး​မှာ ပြည်တွင်းစစ်​များ​ဖြစ်သည်” ဟု​စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး​သုတေသန​ဌာန (အက်စ်​အိုင်​ပီ​အာရ်​အိုင်) က​ဖော်ပြ​သည်။

မှန်ပါသည်၊ ပြည်တွင်း​ပဋိပက္ခ​များသည် အန္တရာယ်​သိပ်​ရှိ​ဟန်​မတူ၊ နိုင်ငံတကာ​သတင်း​တွင် များသောအားဖြင့် မပါဘဲ​နေ​မည်၊ သို့သော် ထို​စစ်မက်​များ​ကြောင့် ဖြစ်ပေါ်​လာသော နာကျင်မှု​ဝေဒနာ​များနှင့် ထိခိုက်​ပျက်စီးမှု​များ​မှာ အတူတူ​ပင်​ဖြစ်သည်။ ပြည်တွင်း​ပဋိပက္ခ​များ​တွင် သေကျေပျက်စီး​သူ သန်းပေါင်း​များစွာ​ရှိ၏။ အမှန်​မှာ လွန်ခဲ့သော​အနှစ်​နှစ်​ဆယ်​အတွင်း စစ်ဒဏ်​ခံ​နေရ​သော​နိုင်ငံ​ဖြစ်သည့် ကွန်ဂို​ဒီမိုကရက်တစ်​သမ္မတနိုင်ငံ၊ဆူ​ဒန်​နိုင်ငံ​နှင့် အာဖဂန်နစ္စတန်​နိုင်ငံ သုံးနိုင်ငံ​တည်း​တွင်​အသက်ဆုံးရှုံး​ခဲ့​သူ ငါး​သန်း​နီးပါး​ရှိသည်။ ဘော်လ်ကန်​နိုင်ငံ​များ​တွင် ကြောက်မက်​ဖွယ်​ကောင်းသော​လူမျိုးစု​တိုက်ခိုက်မှု​များ​ကြောင့် လူပေါင်း ၂၅၀,၀၀၀ နီးပါး​အသက်​စတေး​ခဲ့​ရပြီး ကိုလံဘီယာ​နိုင်ငံ​တွင် အတန်ကြာ​ဖြစ်ပွား​ခဲ့​သော ပြောက်ကျားစစ်​ဆင်​မှု​ကြောင့် လူ ၁၀၀,၀၀၀ သေဆုံး​ခဲ့​ရပြီ။

ပြည်တွင်းစစ်​၏ ရက်စက်​ကြမ်းကြုတ်မှု​ကို ကလေးငယ်​များ​အပေါ် အကျိုး​သက်ရောက်မှု​က သိသာ​ထင်ရှားစေ​သည်။ လွန်ခဲ့သော​ဆယ်စုနှစ်​အတွင်း ပြည်တွင်း​ပဋိပက္ခ​များ​ကြောင့် ကလေး နှစ်​သန်း​ကျော် အသက်ဆုံးရှုံး​ခဲ့​ကြောင်း ယူအဲန် ဒုက္ခသည်​များ​ဆိုင်ရာ မဟာ​မင်းကြီး​ရုံး​၏​အဆို​အရ သိရှိ​ရသည်။ အခြား​ကလေး​ခြောက်​သန်း​တို့​မူ ထိခိုက်​ဒဏ်ရာ​ရခဲ့​သည်။ စစ်သည်​များ​ဖြစ်လာ​သော ကလေး​အရေအတွက်​လည်း တိုးများ​လာပြီ။ ကလေး​စစ်သည်​တစ်ဦး​က ဤသို့​ပြော​သည်– “ကျွန်တော့်​ကို သူတို့​လေ့ကျင့်ပေး​ကြတယ်။ ပြီး​တော့ သေနတ်​တစ်လက်​ပေး​တယ်။ ကျွန်တော် မူးယစ်​ဆေးသုံး​တယ်။ အရပ်သား​တွေ​ကို ပစ်သတ်​ခဲ့​တယ်။ အများကြီး​ပဲ။ ဒါက စစ်ပွဲ​လေ ...။ အမိန့်​ကို နာခံ​တာ​ပဲ။ မကောင်း​ဘူးဆို​တာ ကျွန်တော်​သိပါတယ်။ ကျွန်တော်​လုပ်ချင်​လို့​မဟုတ်ဘူး။’

ပြည်တွင်းစစ် ဖြစ်နေ​ကျ​နိုင်ငံ​များ​ရှိ ကလေး​များစွာ​သည် ငြိမ်သက်​အေးချမ်းမှု​ကို မကြုံတွေ့​ဖူး​ဘဲ ကြီးပြင်း​လာ​နေကြ​ရသည်။ ကျောင်း​များ​ဖျက်ဆီး​ခံရ​ပြီး သေနတ်​ဖြင့် အပြန်အလှန်​ဆက်သွယ်​သော​နေရာများ​တွင် သူတို့​နေထိုင်ကြ​ရသည်။ ၁၄ နှစ်​သမီး ဒွန်​ဂျေ​က ဤသို့​ပြောပြ​သည်– “လူတွေ​အများကြီး အသတ်ခံခဲ့ရ​ပြီ။ ... ငှက်​ကလေး​တွေ​ရဲ့​တွန်ကျူးသံ​ကို မကြား​ရတော့​ဘဲ အမေ၊ အဖေ၊ မွေးချင်း​မောင်နှမ​တွေ ပျောက်ဆုံး​လို့ ကလေး​ငို​သံ​တွေ​ပဲ ကြားနေ​ကြ​ရတော့တယ်။”

အကြောင်းရင်း​များ​ကား အဘယ်နည်း

ဤမျှ​ရက်စက်​သော ပြည်တွင်းစစ်​များ​ကို အဘယ်အရာက မီးထိုး​ယပ်ခတ်​ပေး​သနည်း။ လူမျိုးစု​နှင့် မျိုးနွယ်စု​မုန်းတီးမှု၊ ဘာသာရေး​ကွဲပြားမှု​များ၊ မတရားမှု​နှင့် နိုင်ငံရေး​မငြိမ်မသက်​ဖြစ်မှု​တို့​ဖြစ်သည်။ အကြောင်းရင်း​နောက်တစ်ခု​မှာ ဩဇာ​အာဏာ​နှင့် ငွေ​ကို လိုချင်​မက်မောခြင်း​ဖြစ်သည်။ လောဘ​ဇော​တိုက်မှု​ကြောင့် ... စစ်​ကို​မီးထိုး​ယပ်ခတ်​ပေး​သော မုန်းတီးစိတ်​ကို တိုးပွား​စေ​ကြသည်။ လက်နက်ကိုင်​တိုက်ခိုက်​ကြ​သူ​အများ​မှာ “ကိုယ်ကျိုး​အတွက်​တိုက်” ကြသည်​ဟု အက်စ်​အိုင်​ပီ​အာရ်​အိုင်​မှ သတင်း​တစ်ပုဒ်​က ဖော်ပြ​သည်။ မှတ်တမ်းများ​က ဤသို့​ဖြည့်စွက်​ဖော်ပြ​သည်– “လောဘ​ကြီးခြင်း​ကို နည်း​အမျိုးမျိုးဖြင့် တွေ့ရ​သည်၊ ... စိန်​ကုန်ကူး​မှု​ကြီး​မှ​သည် သေနတ်​ကိုင်​လူငယ်များ ရွာ​ထဲ​ဝင်၍ တိုက်ခိုက်​လုယူခြင်း​အထိ​ဖြစ်၏။”

ဈေး​မကြီး​သော်လည်း သေစေနိုင်​သော​လက်နက်များ​ကို လွယ်လွယ်​ရခြင်း​က​လည်း သိမ်း​ရုံး​သတ်ဖြတ်မှု​ကို တိုးများ​စေ​သည်။ လက်နက်​ငယ်​ဟု​ခေါ်​ကြသော သေနတ်​များ​ကြောင့် တစ်နှစ်​လျှင် ၅၀၀,၀၀၀ ခန့်​သေဆုံး​ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေး​သူငယ်​များ​ဖြစ်သည်။ အာဖရိက​နိုင်ငံ​တစ်နိုင်ငံ​တွင် အေ​ကေ-၄၇ ရိုင်ဖယ်​တစ်လက်​ကို ကြက်​တစ်ကောင်​အဖိုး​ဖြင့် ဝယ်ယူ​နိုင်​သည်။ အချို့​နေရာများ​တွင် အိမ်မွေး​ကြက်ငှက်​တ​မျှ ရိုင်ဖယ်​သေနတ်​များ များပြား​လာ​ခြင်း​သည် ဝမ်းနည်းစရာပင်။ ယခု​အခါ ကမ္ဘာ​တစ်ဝန်း​တွင် လက်နက်​ငယ်​များ သန်းပေါင်း ၅၀၀ ရှိသည်​ဟု​ခန့်မှန်း​ရပြီး အသက်ရှင်​သူ ၁၂ ဦးလျှင် တစ်လက်​နှုန်း​ဖြစ်သည်။

ရန်လိုသော​ပြည်တွင်း​ပဋိပက္ခ​များသည် ၂၁ ရာစု​၏ ဝိ​သေ​သ​လက္ခဏာ​ဖြစ်လာ​မည်​လော။ ပြည်တွင်းစစ်​များ​ကို ထိန်းချုပ်​ထား​နိုင်​သလော။ နောက်ဆုံး​တွင် လူတို့သည် သတ်ဖြတ်​ခြင်း​ကို ရပ်စဲ​ပါ​မည်​လော။ နောက်​ဆောင်းပါး​က ဤ​မေးခွန်းများကို ဖြေရှင်း​ပေး​လိမ့်​မည်။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

ပြည်တွင်းစစ်​များ​၏ ဝမ်းနည်းဖွယ်​အ​ခ

နည်း​ပညာ​အဆင့်နိမ့်​သော်လည်း ရက်စက်​ကြမ်းကြုတ်​သည့် ပြည်တွင်းစစ်​များ​တွင်​သေကျေပျက်စီး​ထိခိုက်​ဒဏ်ရာ​ရသူ ၉၀ ရာခိုင်နှုန်း​မှာ ပါဝင်​တိုက်ခိုက်သူ​များ​ဖြစ်​မည့်​အစား အရပ်သား​များ​ဖြစ်​ကြသည်။ “ကလေး​သူငယ်​များသည် မတော်တဆ သေကျေပျက်စီး ထိခိုက်​ဒဏ်ရာ​ရသူ​များ​မဟုတ်ဘဲ လက်နက်ကိုင်​တိုက်ခိုက်မှု​များ​၏ ပစ်မှတ်​များ​ဖြစ်​ကြောင်း ပိုမို​ထင်ရှား​လာ​လေ​ပြီ” ဟု ယူအဲန်​အထွေထွေ​အတွင်းရေးမှူး​၏ ကလေး​များ​အပေါ် လက်နက်ကိုင်​တိုက်ခိုက်မှု​များ အကျိုး​သက်ရောက်မှု​ဆိုင်ရာ ကျွမ်းကျင်​သူ ဂ​ရေ​စီ​ယာ မီ​ရှယ်​လ်​က​ဖော်ပြ​သည်။

မုဒိမ်းကျင့်​ခြင်း​သည် တမင်​ရည်ရွယ်​၍​ပြုသော စစ်​နည်း​ဗျူဟာ​တစ်ခု​ဖြစ်လာ​ခဲ့ပြီ။ စစ်ဒဏ်​ခံ​နေရ​သော​ဒေသ​အချို့​တွင် သောင်းကျန်း​သူများ​သည် သူတို့​ဝင်ရောက်​စီးနင်း​သော ကျေးရွာ​များ​ရှိ မြီး​ကောင်​ပေါက်​မိန်းကလေး အားလုံးနီးပါး​ကို မုဒိမ်းကျင့်​လေ့​ရှိသည်။ ထို​မုဒိမ်းကျင့်​မှု​၏​ရည်ရွယ်ချက်မှာ လူမျိုးစု​ရန်သူများ အထိတ်တလန့်​ဖြစ်စေ​ဖို့​နှင့် မိသားစု​နှောင်ကြိုး​များ​ကို ဖျက်ဆီး​ပစ်​ဖို့​ဖြစ်သည်။

စစ်​ဖြစ်​ပြီး​နောက် အစာ​ငတ်မွတ်​ခြင်း​နှင့် အနာ​ရောဂါ​တို့ ထက်​ကြပ်​မ​ကွာ​လိုက်​လာ​တတ်၏။ ပြည်တွင်းစစ်​တစ်ခု​ဖြစ်​လျှင် ကောက်ပဲသီးနှံ စိုက်​ပျိုး​ရိတ်သိမ်း​မှု မရှိသလောက်​ဖြစ်​မည်၊ ဆေး​ဘက်​ဆိုင်ရာ​ဌာန​များ​ရှိလျှင်​လည်း လည်ပတ်မှု​အနည်းငယ်​သာ​ရှိပြီး လိုအပ်​နေ​သူများ​သည် နိုင်ငံတကာ​အထောက်အပံ့​ကို အနည်းငယ်​သာ ရရှိကြလိမ့်မည်။ အာဖရိက​ပြည်တွင်းစစ်​တစ်ခု​တွင် ထိခိုက်​ဒဏ်ရာ​ရသူ ၂၀ ရာခိုင်နှုန်း​မှာ အနာ​ရောဂါ​ကြောင့်၊ ၇၈ ရာခိုင်နှုန်း​မှာ ငတ်မွတ်မှု​ကြောင့် သေဆုံး​ခဲ့​ကြောင်း လေ့လာမှု​တစ်ရပ်​က ဖော်ပြ​သည်။ စစ်​တိုက်၍​သေဆုံး​သူ ၂ ရာခိုင်နှုန်း​သာ​ရှိ၏။

ပျမ်းမျှ​အားဖြင့် ၂၂ မိနစ်​တိုင်း​တွင် လူတစ်ဦး​သည် မြေ​မြှုပ်​မိုင်း​နင်း​မိ​သောကြောင့် ခြေလက်​အင်္ဂါ​တစ်ခု၊ သို့​မဟုတ် အသက် ဆုံးရှုံး​နေရ​သည်။ နိုင်ငံ​ပေါင်း ၆၀ ကျော်​တွင် မြေ​မြှုပ်​မိုင်း​သန်းပေါင်း ၆၀ မှ ၇၀ ကို ဖြန့်ကြဲ​ထား​သည်​ဟု ခန့်မှန်း​ရသည်။

မိမိတို့​နေအိမ်များ​မှ မဖြစ်​မနေ ထွက်ပြေး​ခဲ့​ကြ​ရသူ​များလည်း​ရှိသည်။ ကမ္ဘာ​တစ်ဝန်း​တွင် ယခု ဒုက္ခသည်​နှင့် စစ်ပြေး​များ သန်း ၅၀ ရှိ၍ ထက်ဝက်​မှာ ကလေး​သူငယ်​များ​ဖြစ်နေ​ကြသည်။

[Picture Credit Line on page 2]

COVER: Boy: Photo by Chris Hondros/Getty Images

[Picture Credit Line on page 3]

Photo by Chris Hondros/Getty Images