မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာဦးကျမ်းမှ ပေါ်လွင်ချက်များ—၂

ကမ္ဘာဦးကျမ်းမှ ပေါ်လွင်ချက်များ—၂

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည်​အသက်ရှင်​၏

ကမ္ဘာဦးကျမ်း​မှ ပေါ်လွင်​ချက်​များ—၂

ကမ္ဘာဦးကျမ်း​တွင် ပထမ​လူသား​အာဒံ​ကို ဖန်ဆင်း​ချိန်​မှ ယာကုပ်​၏​သား ယောသပ် သေဆုံး​ချိန်​အထိ လူ့​သမိုင်း နှစ်ပေါင်း ၂,၃၆၉ ကာလ​ကို ခြုံငုံ​ဖော်ပြ​ထား​၏။ ဤ​မဂ္ဂဇင်း​၏​ရှေ့​စာစောင်​တွင် ဖန်ဆင်း​ခြင်း​မှ ဘေဘယ်လ်​ရဲတိုက် တည်ဆောက်​ခြင်း​ပါဝင်သော ပထမ​အခန်းကြီး ၁၀ ခု​အပြင် အခန်းကြီး ၁၁ ခု​မြောက်​၏ အခန်းငယ် ၉ အထိ ဆွေးနွေး​တင်ပြ​ထား​သည်။ * ဤ​ဆောင်းပါး​တွင်​မူ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၊ ယောသပ်တို့​နှင့် ဘုရားသခင်​ဆက်ဆံ​ရေး​နှင့်​ဆက်စပ်​သည့် ကမ္ဘာဦးကျမ်း​၏​ကျန်​အပိုင်း​များ​မှ ပေါ်လွင်​ချက်​များ​ကို သုံးသပ်​တင်ပြ​ထား​သည်။

အာဗြဟံ ဘုရားသခင်​၏​မိတ်ဆွေ​ဖြစ်လာ

(ကမ္ဘာဦး ၁၁:၁၀–၂၃:၂၀)

ရေလွှမ်းမိုး​ပြီး​နောက် နှစ်ပေါင်း ၃၅၀ ခန့်​တွင် ဘုရားသခင် အလွန်​ရင်းနှီး​ချစ်ခင်​သူ​တစ်ဦး​သည် နောဧ​၏​သား ရှေမ​၏​မျိုးဆက်​မှ မွေးဖွား​လာ​သည်။ သူ၏​အမည်​ကား အာဗြံ​ဖြစ်​ပြီး နောက်ပိုင်း​တွင် အာဗြဟံ​ဟူ၍ အမည်​ပြောင်း​လိုက်​သည်။ ဘုရားသခင်​၏​အမိန့်တော်​အရ အာဗြံ​သည် ခါလဒဲ​ပြည်သား​တို့​နေသော ဥရ​မြို့မှ​ထွက်၍ အာဗြံ​နှင့် သူ၏​သားစဉ်မြေးဆက်​များ​ကို ပေး​မည်​ဟု ယေဟောဝါ​ကတိပြု​ခဲ့​သည့်​ပြည်​တွင် တဲ​ထိုး​၍​နေ​လေ​၏။ အာဗြဟံ​၏​ယုံကြည်ခြင်း​နှင့် နာခံမှု​တို့​ကြောင့် “ဘုရားသခင်​၏​အဆွေ” ဟူ၍ အခေါ်​ခံရ​သည်။—ယာကုပ် ၂:၂၃

ယေဟောဝါ​သည် လောတ​နှင့် သူ၏​သမီး​များ​ကို ကယ်တင်​ခဲ့​သော်လည်း သောဒုံ​နှင့် ၎င်း​အနီးအနား​ရှိ မြို့များ​မှ ဆိုးသွမ်းသူ​များ​ကို အရေးယူ​ခဲ့​၏။ အာဗြဟံ​၏​သား ဣဇာက်​မွေးဖွား​လာချိန်​တွင် ဘုရားသခင်​၏​ကတိတော်​တစ်ခု ပြည့်စုံ​လာ​၏။ နှစ်​အတန်ကြာ​လေ​သော် ယေဟောဝါ​သည် ဤ​သားကို ယဇ်​ပူဇော်ရာ​အဖြစ် ပူဇော်​ခိုင်း​ချိန်​တွင် အာဗြဟံ​၏​ယုံကြည်ခြင်း စမ်းသပ်ခံ​ခဲ့​ရ၏။ အာဗြဟံ​သည် နာခံ​ရန် အသင့်ရှိ​သော်လည်း ကောင်းကင်တမန်​တစ်ပါး​က ဟန့်တား​လိုက်​၏။ အာဗြဟံ​သည် ယုံကြည်ခြင်း​ရှိသူ​တစ်ဦး​ဖြစ်​ကြောင်း ယုံမှားဖွယ်​မရှိ​ချေ၊ ယင်းကြောင့် သူ၏​မျိုးနွယ်​အားဖြင့် လူမျိုးအပေါင်း ကောင်းချီး​ခံစားရ​လိမ့်​မည်​ဟု အာမခံချက်​ရခဲ့​သည်။ ချစ်​မြတ်နိုး​ရသော​ဇနီး စာရာ​သေဆုံး​သွားသော​အခါ အာဗြဟံ​အလွန်​ဝမ်းနည်း​ကြေကွဲ​ခဲ့​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁၂:၁-၃—အာဗြဟံ​၏​ပဋိညာဉ်​သည် မည်သည့်​အချိန်တွင် စတင်​အကျိုး​သက်ရောက်​၍ မည်မျှ​ကြာရှည်​သနည်း။ “[အာဗြံ] အားဖြင့်လည်း လူမျိုးအပေါင်း​တို့သည် ကောင်းချီး​မင်္ဂလာ​ကို ခံရ​ကြလိမ့်မည်” ဟူ၍ အာဗြံ​နှင့် ယေဟောဝါ​ဖွဲ့​ခဲ့​သော ပဋိညာဉ်​သည် ဥဖရတ်​မြစ်ကို ဖြတ်ကူး​၍ ခါ​နာ​န်​ပြည်​ထဲ​ဝင်ချိန်​တွင် စတင်​အတည်ပြုခဲ့​ပုံ​ရှိ၏။ ထို​အချိန်​သည် အီဂျစ်​ပြည်​မှ ဣသရေလ​လူမျိုး​ကို မ​ကယ်နုတ်​မီ နှစ်ပေါင်း ၄၃၀ က​ဖြစ်သည့် ဘီ.စီး.အီး. ၁၉၄၃၊ နိသန်လ ၁၄ ရက်​က​ဖြစ်​မည်။ (ထွက်မြောက်ရာ ၁၂:၂၊ ၆၊ ၇၊ ၄၀၊ ၄၁) အာဗြဟံ​၏​ပဋိညာဉ်​သည် “ထာဝရ​ပဋိညာဉ်” ဖြစ်၏။ ကမ္ဘာ​မြေ​မှ မိသားစု​များ ကောင်းချီး​မခံစား​ရ​မီ၊ ဘုရားသခင်​၏​ရန်သူ​အားလုံး ဖျက်ဆီး​မခံရ​မချင်း ယင်း​ပဋိညာဉ် အတည်​ဖြစ်နေ​ရမည်။—ကမ္ဘာဦး ၁၇:၇; ၁ ကောရိန္သု ၁၅:၂၃-၂၆

၁၅:၁၃—အာဗြံ​၏​သားစဉ်မြေးဆက်​များ ခံရ​မည့် ကြိုဟော​ထားသော အနှစ် ၄၀၀ ဆင်းရဲ​ရာ​ကာလ​သည် အဘယ်​အချိန်တွင် ပြည့်စုံ​ခဲ့​သနည်း။ အဆိုပါ​ဆင်းရဲ​ရာ​ကာလ​သည် အာဗြဟံ​၏​သား​ဣဇာက် နို့​ဖြတ်​သည့် ၅ နှစ်​ခန့်​အရွယ်​တွင် သူ၏​ဖတူမိကွဲ​အစ်ကို ၁၉ နှစ်​သား ဣရှမေလ​က သူ့ကို “ဆဲရေး” သည့်​အချိန် ဘီ.စီ.အီး. ၁၉၁၃ ခုနှစ်​တွင် စတင်​ခဲ့​သည်။ (ကမ္ဘာဦး ၂၁:၈-၁၄; ဂလာတိ ၄:၂၉) အီဂျစ်​ကျွန်​သ​ပေါက်​ဘဝ​မှ ဣသရေလလူ​တို့ လွတ်မြောက်​ခဲ့​သည့် ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်​တွင် အဆုံးတိုင်​ခဲ့​သည်။

၁၆:၂—စာရဲ​သည် မိမိ၏​ကျွန်မ ဟာဂရ​ကို အာဗြံ​၏​ဇနီး​အဖြစ် ပေးဆက်ခြင်း​သည် လျောက်ပတ်​သလော။ ထို​ခေတ်​အခါ​၏ ဓလေ့​ထုံးစံ​အရ မြုံနေ​သော​ဇနီးသည် ခင်ပွန်း​၏​အမွေဆက်ခံ​မည့်​သူ​ရှိစေရန် မယားငယ်​ပေးဆက်​ဖို့ တာဝန်​ရှိသည်​နှင့်​အညီ စာရဲ​ပေးဆက်​ခဲ့​ခြင်း​ဖြစ်သည်။ မယား​ပြိုင်​ယူ​သော အလေ့အထ​သည် ကာဣန​၏​ဆွေစဉ်မျိုးဆက်​တွင် ဦးဆုံး​ပေါ်ပေါက်​လာ​သည်။ နောက်ဆုံး​၌ ထိုသို့​ပြုခြင်း​သည် ဓလေ့​ထုံးစံ​တစ်ခု​ဖြစ်လာ​ရာ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူ​အချို့​ပင် ထို​အကျင့်​ရှိလာ​ကြသည်။ (ကမ္ဘာဦး ၄:၁၇-၁၉; ၁၆:၁-၃; ၂၉:၂၁-၂၈) သို့ရာတွင် ယေဟောဝါ​သည် ကိုယ်တော်​၏ တစ်​လင်​တစ်​မယား​ယူ မူလ​စံနှုန်း​ကို တစ်ခါမျှ စွန့်လွှတ်​တော်​မ​မူ​ခဲ့​ချေ။ (ကမ္ဘာဦး ၂:၂၁၊ ၂၂) “များပြား​စွာ​မွေးဖွား​လျက် မြေကြီးကို ပြည့်စေ​ကြလော့” ဟူ၍ ထပ်မံ​အမိန့်ပေး​ခံရ​သော နောဧ​နှင့် သူ၏​သားများ​သည် တစ်​လင်​တစ်​မယား​သာ ပေါင်းဖက်​သူများ​ဖြစ်​ကြသည်။ (ကမ္ဘာဦး ၇:၇; ၉:၁; ၂ ပေတရု ၂:၅) ထို့​ပြင် ယေရှု​ခရစ်​သည် အဆိုပါ​တစ်​လင်​တစ်​မယား​စံနှုန်း​ကို ပြန်လည်​ထောက်ခံ​ခဲ့​သည်။—မဿဲ ၁၉:၄-၈; ၁ တိမောသေ ၃:၂၊ ၁၂

၁၉:၈—လောတ​သည် သောဒုံ​မြို့သား​များ​ကို မိမိ၏​သမီး​များ ပေးဆက်ခြင်း​သည် မမှား​သလော။ အရှေ့တိုင်း​ဥပဒေ​အရ မိမိ​အိမ်​ရှိ ဧည့်သည်​များ​ကို ကာကွယ်​ပေး​ရန် အိမ်ရှင်​၏​တာဝန်ဖြစ်​ပြီး လိုအပ်​လာ​လျှင် မိမိ​အသက်ကို​ပင် ပေး​ရ၏။ လောတ​သည် ထိုသို့​ပြု​ရန် အသင့်​ရှိခဲ့​သည်။ သူသည် သတ္တိရှိရှိ လူအုပ်​နှင့်​ထွက်​တွေ့​ပြီး တံခါး​ကို​ပိတ်​ကာ တစ်ဦးတည်း ရင်ဆိုင်ခဲ့​၏။ သမီး​များ​ကို လောတ​ပေးအပ်​ချိန်​တွင် မိမိ၏​ဧည့်သည်​များသည် ဘုရားသခင်​ထံ​တော်​မှ တမန်​များ​ဖြစ်​ကြောင်း သိနေ​ပုံ​ရှိပြီး အီဂျစ်​ပြည်​တွင် မိမိ၏​အဒေါ် စာရာ​ကို ဘုရားသခင် ကာကွယ်​ပေး​ခဲ့​သကဲ့သို့ သမီး​များ​ကိုလည်း ကာကွယ်​ပေး​မည်​ဟု သူ​ဆင်ခြင်​ခဲ့​ပေမည်။ (ကမ္ဘာဦး ၁၂:၁၇-၂၀) သူ​ထင်​သည့်​အတိုင်း​ပင် လောတ​နှင့် သူ၏​သမီး​များသည် ဘေးကင်း​လုံခြုံ​ခဲ့​ကြသည်။

၁၉:၃၀-၃၈—လောတ အရက်မူး​ပြီး သမီး​နှစ်ဦး​၏​သားတို့ ဖခင်​ဖြစ်လာ​ခြင်း​ကို ယေဟောဝါ အရေးမယူ​ခွင့်လွှတ်​ခဲ့​သလော။ ယေဟောဝါ​သည် သွေး​ချင်း​စပ်ယှက်​မှု​ကိုလည်း​ကောင်း၊ အရက်မူး​ခြင်း​ကိုလည်း​ကောင်း ခွင့်​မလွှတ်​ချေ။ (ဝတ်ပြုရာ ၁၈:၆၊ ၇၊ ၂၉; ၁ ကောရိန္သု ၆:၉၊ ၁၀) သောဒုံ​မြို့သား​များ​၏ “မတရားသော​အမှု​များ” ကို​လောတ​အမှန်ပင်​ရွံမုန်း​ခဲ့​သည်။ (၂ ပေတရု ၂:၆-၈) သမီး​များ​က လောတ​ကို အရက်မူး​အောင်​တိုက်​သည့်​အချက်​က​ပင် လောတ​အရက်​မ​မူး​လျှင် သူတို့နှင့်​လိင်ဆက်ဆံ​မည်​မဟုတ်​ကြောင်း ဖော်ပြ​၏။ တိုင်းတစ်ပါး​တွင် မိမိတို့​ရောက်ရှိ​နေကြ​ရာ လောတ​၏​အမျိုး ဆက်​တည်တံ့ရေး​အတွက် ဤ​နည်း​တစ်နည်း​သာ​ရှိ​တော့​သည်​ဟု သူ၏​သမီး​များ​က ယူမှတ်ခဲ့​ကြသည်။ (မောဘ​မှ​ဆင်းသက်​သည့်) မောဘ​အမျိုးသားများ​နှင့် (ဗေနမ္မိ​မှ​ဆင်းသက်​သည့်) အမ္မုန်​အမျိုးသားများသည် အာဗြဟံ​၏​သားစဉ်မြေးဆက် ဣသရေလ​အမျိုးသားများ​နှင့် အမျိုး​တော်စပ်ပုံ​ကို ဖော်ပြ​ရန် ထို​အကြောင်းကို သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​စေခြင်း​ဖြစ်သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစား​များ–

၁၃:၈၊ ၉။ သဘောထား​ကွဲလွဲ​မှုများ​ကို အာဗြဟံ​ဖြေရှင်း​ခဲ့​ပုံ​သည် အလွန်​ကောင်းသော​ပုံ​နမူနာ​ဖြစ်သည်​တကား! အမြတ်​ထုတ်​ရန်၊ ကိုယ့်​အကြိုက်​ရွေး​ရန်၊ သို့​မဟုတ် မာနကြီး​သည့်​အတွက် ဆက်ဆံ​ရေး​အသင့်အတင့်​ရှိ​ခြင်း​ကို ဘယ်တော့​မျှ မစွန့်​လွှတ်​သင့်​ချေ။

၁၅:၅၊ ၆။ အာဗြဟံ​သည် အသက်ကြီး​လာ၍ သား​မရသေး​သည့်​အခါ ယင်း​ကိစ္စ​ကို သူ၏​ဘုရားသခင်​အား တင်ပြ​ခဲ့​သည်။ ယေဟောဝါ​က​လည်း သူ့ကို စိတ်ချ​စေ​ခဲ့​သည်။ ရလဒ်​ကား​အဘယ်နည်း။ အာဗြဟံ​သည် ‘ယေဟောဝါ​ကို ယုံကြည်’ လေ​၏။ ကျွန်ုပ်​တို့​လည်း ယေဟောဝါ​အား ရင်ဖွင့်​ဆုတောင်း​မည်၊ သမ္မာ​ကျမ်းစာ​ပါ ကိုယ်တော်​၏​အာမခံချက်​များ​ကို လက်ခံ​မည်၊ နာခံ​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​သည် ခိုင်ခံ့​လာ​ပါ​လိမ့်​မည်။

၁၅:၁၆ယေဟောဝါ​သည် အာမောရိ​လူမျိုး​တို့ (သို့​မဟုတ်၊ ခါ​နာ​န်​လူမျိုး​တို့) ကို​လူမျိုး​လေးဆက်​လွန်​သည့်​အထိ တရား​မစီရင်​ဘဲ​နေခဲ့​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကိုယ်တော်​သည် စိတ်ရှည်​တော်​မူ​သော ဘုရားသခင်​ဖြစ်၏။ တိုး၍​ကောင်း​လာ​စ​ရာ​အကြောင်း မရှိ​နိုင်​တော့​သည့်​အထိ ကိုယ်တော်​စောင့်မျှော်​ခဲ့​သည်။ ယေဟောဝါ​နည်းတူ ကျွန်ုပ်​တို့​လည်း စိတ်ရှည်​ဖို့​လို​၏။

၁၈:၂၃-၃၃ယေဟောဝါ​သည် လူ​တို့ကို မစဉ်း​စား​မဆင်ခြင်ဘဲ မဖျက်ဆီး​ပါ။ ဖြောင့်မတ်​သူများကို ကိုယ်တော် ကာကွယ်​ပေး​၏။

၁၉:၁၆လောတ​သည် “ဖင့်နွှဲ” နေသော​အခါ ကောင်းကင်တမန်​များ​က သူနှင့် သူ၏​မိသားစုကို သောဒုံ​မြို့ပြင်​သို့ ဆွဲထုတ်​ခေါ်သွား​ခဲ့​ကြ​ရသည်။ ဤ​ဆိုးညစ်သော​လောက​၏​ဆုံးခန်း​ကို စောင့်မျှော်​နေကြ​စဉ် ကျွန်ုပ်​တို့၏​အရေးတကြီး​သဘောထားကို မ​ပျောက်လွင့်​သွား​စေခြင်း​သည် ပညာရှိရာ​ရောက်​သည်။

၁၉:၂၆လောကတွင် ကျွန်ုပ်​တို့ ချန်ရစ်​ခဲ့​သော​အရာများ​ကြောင့် အာရုံ​ပျံ့လွင့်​နေ​မည်၊ ၎င်းတို့ကို တမ်းတ​နေ​မည်​ဆိုလျှင် တကယ်​ပင်​မိုက်မဲ​ရာ​ကျ​၏!

ယာကုပ်​တွင် သား ၁၂ ယောက်​ရှိ

(ကမ္ဘာဦး ၂၄:၁–၃၆:၄၃)

အာဗြဟံ​သည် ယေဟောဝါ​ကို​ယုံကြည်သူ ရေဗက္က​နှင့် ဣဇာက်​ကို​လက်ထပ်​ပေး​ဖို့ စီစဉ်​ခဲ့​သည်။ အမြွှာ​ညီအစ်ကို ဧသော​နှင့်​ယာကုပ်​ကို သူ​မွေးဖွား​ခဲ့​၏။ ဧသော​သည် သူ၏​သားဦး​အရာ​ကို တန်ဖိုး​မထား​ဘဲ ယာကုပ်​အား ရောင်းစား​လိုက်​ရာ နောက်ပိုင်း​တွင် ဖခင်​၏​ကောင်းချီး ယာကုပ်​ရရှိခဲ့​၏။ ယာကုပ်​သည် ပါ​ဒနာရံ​ပြည်​သို့ ထွက်ပြေး​သွားပြီး ထို​တွင် လေအာ​နှင့် ရာခေလ​တို့ကို အိမ်ထောင်ပြု​လိုက်​ရာ သူတို့​ဖခင်​၏​သိုးအုပ်​များ​ကို အနှစ် ၂၀ ထိန်းကျောင်း​ပေး​ပြီး ထို​ပြည်​မှ မိသားစု​လိုက်​ထွက်ခွာ​သွားခဲ့သည်။ ယာကုပ်​တွင် လေအာ၊ ရာခေလ​နှင့် သူတို့၏​ကျွန်မ​နှစ်ဦး​တို့​မှ​မွေး​သော သား ၁၂ ယောက်​နှင့် သမီး​များလည်း​ရှိ၏။ ယာကုပ်​သည် ကောင်းကင်တမန်​တစ်ပါး​နှင့် နပန်းလုံး​ပြီး ကောင်းချီး​ရယူ​ကာ သူ၏​အမည်​ကို ဣသရေလ​ဟူ၍ ပြောင်း​လိုက်​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၂၈:၁၂၊ ၁၃—“လှေကား” နှင့်​ပတ်သက်သော ယာကုပ်​အိပ်မက်​၏​အဓိပ္ပာယ်​ကား အဘယ်နည်း။ ကျောက်တုံး​များ​ဖြင့်​ပြုလုပ်​ထား​ပုံ​ရသော ဤ “လှေကား” သည်​ကမ္ဘာ​မြေ​နှင့် ကောင်းကင်​အကြား ဆက်သွယ်မှု​ရှိကြောင်း ထင်ရှားစေ​သည်။ ဘုရားသခင်​၏​ကောင်းကင်တမန်​များသည် ထို​လှေကား​နှင့် တက်​လိုက်၊ ဆင်း​လိုက်​ပြုလုပ်ခြင်း​က သူတို့သည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​မျက်နှာသာ​ရရှိသော လူသားများ​စပ်ကြား အရေးပါသော​နည်းဖြင့် ဆောင်ရွက်​ပေး​ကြောင်း ဖော်ပြ​၏။—ယောဟန် ၁:၅၁

၃၀:၁၄၊ ၁၅—ရာခေလ​သည် အနု​ဆေး​သီး​တချို့​အတွက် ကိုယ်ဝန်​ရရှိ​မည့်​အခွင့်အရေး​နှင့် အဘယ်ကြောင့်​လဲလှယ်​ခဲ့​သနည်း။ ရှေး​အချိန်​က အနု​ဆေး​သီး​ကို အိပ်ဆေး​အဖြစ်၊ အကြော​ဆွဲ​ရောဂါ​ကို ကာကွယ်​ဖို့၊ သို့​မဟုတ် သက်သာ​စေဖို့ အသုံးပြုလေ့​ရှိသည်။ ထို့​ပြင် ဤ​အသီး​သည် လိင်စိတ်​နိုးကြွ​နိုင်စွမ်း​ရှိစေသည်၊ မျိုး​ဥ​အောင်​စေ​သည်၊ သို့​မဟုတ် ပဋိသန္ဓေ​စွဲကပ်​စေ​သည်​ဟု​လည်း ယူမှတ်​ကြ​၏။ (ရှောလမုန်သီချင်း ၇:၁၃) ရာခေလ​၏​ရည်ရွယ်ချက်ကို သမ္မာကျမ်းစာ​က မဖော်ပြသော်လည်း ထို​အသီးများ​သည် သူ့ကို ကိုယ်ဝန်​ရရှိ​စေနိုင်​ပြီး အမြုံ​မ​ဟု ကဲ့ရဲ့​ပြစ်တင်​ခံ​ရတော့မည်​မဟုတ်​ဟု သူ​ယူဆ​ခဲ့​ပေမည်။ သို့သော် နှစ်​အနည်းငယ်​ကြာပြီးနောက် ယေဟောဝါ​သည် သူ့ကို “သားဖွား​သော​အခွင့်” ပေး​ခဲ့​သည်။—ကမ္ဘာဦး ၃၀:၂၂-၂၄

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၂၅:၂၃ယေဟောဝါ​သည် သန္ဓေသား​၏​မျိုးရိုး​ဗီဇ​ကို သိရှိနိုင်စွမ်း​ရှိ၍ ကိုယ်တော်​၏​ရည်ရွယ်ချက်များ​နှင့်​စပ်လျဉ်း၍ အသုံးပြု​လို​သူကို တင်ကြို​သိမြင်​ရွေးချယ်​နိုင်စွမ်း​ရှိ၏။ သို့​တိုင် ကိုယ်တော်​သည် တစ်ဦးချင်း​စီ​၏ နောက်ဆုံး​ကြမ္မာ​ကို ကြိုတင်​မစီရင်​ချေ။—ဟောရှေ ၁၂:၃; ရောမ ၉:၁၀-၁၂

၂၅:၃၂၊ ၃၃; ၃၂:၂၄-၂၉သားဦး​အရာ​ကို ယာကုပ်​ရရှိ​လို​ခြင်း​နှင့် ကောင်းချီး​ရ​ရန် ကောင်းကင်တမန်​တစ်ပါး​နှင့် တစ်ညလုံး နပန်းလုံး​ခြင်း​တို့​က သူသည် မြင့်မြတ်​သော​အရာများ​ကို အမှန်တကယ် တန်ဖိုး​ထား​လေးမြတ်​ကြောင်း ဖော်ပြ​သည်။ ယေဟောဝါ​သည် မြင့်မြတ်​သော​အရာများ​ဖြစ်သည့် ကိုယ်တော်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး၊ ကိုယ်တော်​၏​အဖွဲ့အစည်း၊ ရွေးနုတ်ဖိုး၊ သမ္မာကျမ်းစာ၊ ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက် အစ​ရှိသည်​တို့ကို ကျွန်ုပ်​တို့အား အပ်နှင်း​ပေး​ထား​သည်။ ၎င်းတို့ကို ယာကုပ်​ကဲ့သို့ တန်ဖိုး​ထား​လေးမြတ်​ကြပါစို့။

၃၄:၁၊ ၃၀ဒိန​သည် ယေဟောဝါ​အား​မချစ်​သူများ​နှင့် မိတ်ဖွဲ့ခြင်း​ကြောင့် ယာကုပ် “ညှဉ်းဆဲ” ခံ​ခဲ့​ရသည်။ ကျွန်ုပ်​တို့၏​အပေါင်းအသင်းများကို ပညာရှိရှိ​ရွေးချယ်​ရမည်။

အီဂျစ်​ပြည်​တွင် ယောသပ်​ကို ယေဟောဝါ​ကောင်းချီး​ပေး

(ကမ္ဘာဦး ၃၇:၁–၅၀:၂၆)

ယာကုပ်​၏​သားများ​သည် မနာလို​ဝန်တိုစိတ်​ကြောင့် သူတို့၏​ညီ ယောသပ်​ကို ကျွန်​အဖြစ် ရောင်းလိုက်​သည်။ အီဂျစ်​ပြည်​တွင် ယောသပ်​သည် ဘုရားသခင်​၏​ကိုယ်ကျင့်တရား​စံနှုန်း​များ​ကို တည်ကြည်​စွာ၊ သတ္တိ​ရှိ​စွာ စွဲကိုင်​ထားသော​ကြောင့် ထောင်ချ​ခံ​ခဲ့​ရသည်။ အတန်​ကြာသော် ခု​နစ်​နှစ်​အစာရေစာ​ပေါများ​ပြီး နောက်​ခု​နစ်​နှစ်​တွင် အစာ​ခေါင်းပါး​မည်​ဟု ကြိုဟော​ထားသော ဖာရော​၏​အိပ်မက်​ကို အဓိပ္ပာယ်​ဖွင့်ပြ​ရန် ထောင်​မှ​လွှတ်​ပေး​ခံရ​သည်။ ထို​အခါ ယောသပ်​သည် အီဂျစ်​ပြည်​၏​ရိက္ခာဝန်​ဖြစ်လာ​လေ​သည်။ အစာ​ခေါင်းပါး​ခြင်း​ကြောင့် အစာရေစာ​ရှာဖွေ​ရန် အီဂျစ်​ပြည်​သို့ သူ၏​အစ်ကို​များ ရောက်ရှိ​လာ​၏။ မိသားစု ပြန်ပေါင်း​စည်း​ပြီး မြေ​သြဇာ​ကောင်းမွန်သော ဂေါရှင်​ပြည်​တွင် အခြေချ​နေထိုင်ခဲ့​ကြသည်။ ယာကုပ် သေခါနီး​တွင် သားများ​ကို ကောင်းချီး​ပေး​ကာ လာ​မည့်​ရာစုနှစ်များ​တွင် ကောင်းချီး​များစွာ ခံစားရ​ဦး​မည့် မျှော်လင့်ချက်​ရှိစေ​သော ပရောဖက်ပြုချက်​ကို ဖော်ပြ​၏။ ယာကုပ်​၏​ရုပ်ကလာပ်​ကို ခါ​နာ​န်​ပြည်​သို့ သယ်ဆောင်​သင်္ဂြိုဟ်​လေ​သည်။ ယောသပ်​သည် အသက် ၁၁၀ တွင်​ကွယ်လွန်​သွားသော​အခါ နောက်ဆုံး​တွင် သူ၏​ရုပ်ကလာပ်​ကို ဆေး​နှင့်​ပြုပြင်​ထားပြီး အတန်ကြာ​လေ​သော် ကတိထားရာပြည်​သို့ သယ်ဆောင်​သွား​ကြသည်။—ထွက်မြောက်ရာ ၁၃:၁၉

ကျမ်းစာ​မေးခွန်းများ အဖြေ–

၄၃:၃၂—အီဂျစ်လူ​တို့သည် ဟေဗြဲ​လူ​တို့​နှင့်အတူ အစာ​စားခြင်း​ကို အဘယ်ကြောင့် ရွံရှာ​ကြ​သနည်း။ ဘာသာရေး​စိတ်​စွန်းကွက်​မှု​နှင့် လူမျိုးရေး​မာန​ကြောင့်​သာ ဖြစ်​ပေမည်။ အီဂျစ်လူ​တို့သည် သိုးထိန်း​များ​ကိုလည်း ရွံရှာ​ကြ​၏။ (ကမ္ဘာဦး ၄၆:၃၄) အဘယ်ကြောင့်​နည်း။ သိုးထိန်း​များသည် အီဂျစ်​၏​အဆင့်အတန်း​ခွဲခြား​မှု​စနစ်​တွင် အလွန်​အဆင့်နိမ့်​သူများ​ဖြစ်​ပေမည်။ သို့​မဟုတ် ထွန်ယက်​စိုက်​ပျိုး​နိုင်သော​မြေ မများ​လှ​သောကြောင့် သိုးအုပ်​များ​အတွက် စားကျက်​ရှာဖွေသူ​များ​ကို အီဂျစ်လူ​တို့​က အထင်သေးခြင်း​လည်း ဖြစ်​နိုင်၏။

၄၄:၅—ယောသပ်​သည် နိမိတ်​ဖတ်​ရန် ဖလား​တစ်လုံး​ကို အမှန်ပင်​အသုံးပြု​ခဲ့​သလော။ ငွေ​ဖလား​နှင့် ယင်း​နှင့်​ပတ်သက်​၍ ပြောဆို​ခဲ့​ရာ​သည် ဉာဏ်ဆင်မှု​တစ်ခု​ဖြစ်​ကြောင်း ထင်ရှား​၏။ ယောသပ်​သည် ယေဟောဝါ​အား သစ္စာရှိ​စွာ​ဝတ်ပြု​ကိုးကွယ်​သူ​တစ်ဦး​ဖြစ်သည်။ ဗင်ယာမိန်​သည် ထို​ခွက်​ကို မခိုး​သကဲ့သို့ ယောသပ်​သည်လည်း နိမိတ်​ဖတ်​ရန် ယင်းကို အသုံးမပြု​ခဲ့​ချေ။

၄၉:၁၀—“ရာဇ​လှံတံ​တော်” နှင့် “လက်ကိုင်​တောင်ဝှေး​တော်” တို့၏​အဓိပ္ပာယ်​ကား အဘယ်နည်း။ ရာဇ​လှံတံ​တော်​ဟူသည် ရာဇ​အာဏာ​ရှိသည့်​အနေ​နှင့် ရှင်ဘုရင်​ကိုင်ဆောင်​သော တုတ်တံ​တို​ဖြစ်၏။ လက်ကိုင်​တောင်ဝှေး​တော်​မှာ​မူ တုတ်တံ​ရှည်​ဖြစ်၍ အမိန့်ပေး​ရန် သူ၌​အာဏာ​ရှိ​ခြင်း​ကို​ဆိုလို​သည်။ ယင်း​တို့ကို ယာကုပ်​ဖော်ပြ​ရခြင်း​မှာ ရှိလော​မလာ​မီ​တိုင်အောင် တန်ခိုး​အာဏာ​သည် ယုဒ​မျိုးနွယ်​မှ မ​ပျောက်​မပျက်​ရ​ဟု ဆိုလို​နေကြောင်း ထင်ရှား​သည်။ အဆိုပါ​ယုဒ​၏​သားစဉ်မြေးဆက်​မှာ ယေရှု​ခရစ်​ဖြစ်၏၊ ယေဟောဝါ​သည် သူ့ကို ကောင်းကင်​အုပ်ချုပ်မှု​အာဏာ ပေးအပ်​ထား​၏။ ခရစ်တော်​သည် ရာဇ​အာဏာ​ဖြင့် အမိန့်ပေး​ပိုင်ခွင့်​ရှိ၏။—ဆာလံ ၂:၈၊ ၉; ဟေရှာယ ၅၅:၄; ဒံယေလ ၇:၁၃၊ ၁၄

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၃၈:၂၆ယုဒ​သည် မုဆိုးမ​ဖြစ်သူ သူ၏​ချွေး​မ​တာ​မာ​အပေါ် ပြုမူ​ဆက်ဆံပုံ​မှာ မှားယွင်း​ခဲ့​သည်။ သို့သော် တာ​မာ ကိုယ်ဝန်​ရခြင်း​သည် မိမိ​ကြောင့်​ဖြစ်​ကြောင်း ယုဒ သိရှိ​လာသော​အခါ မိမိ၏​အမှား​ကို နှိမ့်ချစွာ ဝန်ခံခဲ့​သည်။ ကျွန်ုပ်​တို့သည်​လည်း မိမိတို့​အမှား​ကို ချက်ချင်း​ဝန်ခံ​သင့်​၏။

၃၉:၉ပေါတိဖာ​ဇနီး​ကို ယောသပ်​တုံ့ပြန်​ပုံ​က ကိုယ်ကျင့်တရား​နှင့်​ပတ်သက်​၍ သူ၏​စဉ်းစား​တွေးခေါ်မှု​သည် ဘုရားသခင်​နှင့်​တစ်ထပ်တည်း​ဖြစ်​ကြောင်း၊ သူ၏​အသိစိတ်​သည် ဘုရားသခင်​၏​မူများ​အတိုင်း​ဖြစ်​ကြောင်း ဖော်ပြ​သည်။ အမှန်တရား​နှင့်​ပတ်သက်​၍ တိကျ​မှန်ကန်သော​အသိပညာ တိုးများ​လာသော​အခါ ထို​နည်း​အတိုင်း​ဖြစ်လာ​ရန် ကြိုးစား​သင့်​သည်မဟုတ်​ပေ​လော။

၄၁:၁၄-၁၆၊ ၃၉၊ ၄၀ယေဟောဝါ​သည် မိမိ​အား ကြောက်ရွံ့​သူများ​၏​အခြေအနေ​ကို ပြောင်းပြန်​ဖြစ်စေ​နိုင်​သည်။ ဆင်းရဲ​ခက်ခဲ​မှုများ​ကို ကျွန်ုပ်​တို့​တွေ့ကြုံ​ရသောအခါ ယေဟောဝါ​အား ယုံကြည်​ကိုးစား​ပြီး ဆက်​သစ္စာရှိ​သွားခြင်း​သည် ပညာရှိရာ​ရောက်​၏။

သူတို့ တည်ကြည်​ခဲ့​ကြ

အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ယောသပ်တို့သည် တည်ကြည်သော ဘုရားသခင်​အား​ကြောက်ရွံ့​သူများ ဖြစ်​ကြ​၏။ ကမ္ဘာဦးကျမ်း​တွင်​ပါရှိ​သော သူတို့၏​မှတ်တမ်း​သည် အမှန်တကယ်​ပင် ယုံကြည်ခြင်း​ခိုင်ခံ့​စေပြီး တန်ဖိုး​မ​ဖြတ်​နိုင်သော သင်ခန်းစာ​များစွာ​ပေး​၏။

သင်သည် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​အတွက် ပတ်စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း​အစီအစဉ်ကို ပြုလုပ်​စဉ် ဤ​မှတ်တမ်း​မှ အကျိုးကျေးဇူး​ရယူ​နိုင်​ပါ​သည်။ အထက်ပါ​အချက်များ​ကို ဆင်ခြင်​သုံးသပ်ခြင်း​သည် မှတ်တမ်း​ကို အသက်ဝင်​လာ​စေနိုင်​၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 ၂၀၀၄၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်​မှ “ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏—ကမ္ဘာဦးကျမ်း​မှ​ပေါ်လွင်​ချက်​များ—၁” ဆောင်းပါး​ကို​ရှု။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယောသပ်​ကို ယေဟောဝါ​ကောင်းချီး​ပေး

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အာဗြဟံ​သည် ယုံကြည်သူ​ဖြစ်​ခဲ့

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဖြောင့်မတ်​သော​လောတ​နှင့် သူ၏​သမီး​များသည် ကာကွယ်​စောင့်ရှောက်​ခံရ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ယာကုပ်​သည် မြင့်မြတ်​သော​အရာများ​ကို တန်ဖိုး​ထား​လေးမြတ်​ခဲ့။ အသင်​ကော