စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
ကမ္ဘာဦး ၃၈:၁၅၊ ၁၆ တွင်ဖော်ပြထားသည့်အတိုင်း၊ ယုဒသည် အဘယ်အခြေအနေများကြောင့် ပြည့်တန်ဆာဟုသူထင်သောအမျိုးသမီးတစ်ဦးနှင့်လိင်ဆက်ဆံခဲ့သနည်း။
ယုဒသည် ပြည့်တန်ဆာဟု သူထင်မှတ်သောအမျိုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံခဲ့သော်လည်း အမှန်စင်စစ် ပြည့်တန်ဆာတစ်ဦးမဟုတ်ခဲ့ပါ။ ကမ္ဘာဦးကျမ်းအခန်းကြီး ၃၈ အရ ဤသို့ဖြစ်ပျက်ခဲ့ပါသည်။
ယုဒ၏သားဦးသည် “ထာဝရဘုရားရှေ့၌ ဆိုးသောသူဖြစ်” သောကြောင့် သူ၏ဇနီးတာမာနှင့် သားတစ်ဦးမျှမရသေးမီ ကွပ်မျက်ခံခဲ့ရသည်။ (ကမ္ဘာဦး ၃၈:၇) ထိုအချိန်က မရီးမတ်ယူသည့်ဓလေ့ထုံးစံရှိ၏။ လူတစ်ဦးသည် အမွေဆက်ခံမည့်သူမရှိဘဲ ကွယ်လွန်သော် အမွေခံသူရှိစေဖို့ သူ၏ညီသည် မုဆိုးမကို သိမ်းယူရ၏။ သို့သော် ယုဒ၏ဒုတိယသား ဩနန်သည် သူ၏တာဝန်ကို ဆောင်ရွက်ဖို့ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင့်စီရင်ချက်ဖြင့် သူသေဆုံးသွားသည်။ ထိုအခါ ယုဒသည် ချွေးမဖြစ်သူကို ဖခင်အိမ်၌ပြန်နေဖို့ လွှတ်လိုက်သည်၊ တတိယသားရှေလသည် ချွေးမနှင့် ပေါင်းဖက်နိုင်သောအရွယ်ရောက်သည့်အထိ စောင့်နေဖို့ဖြစ်သည်။ သို့သော် နှစ်များကုန်လွန်လာသော်လည်း ယုဒသည် ရှေလကို တာမာနှင့် အိမ်ထောင်ချမပေးခဲ့ချေ။ ထို့ကြောင့် ယုဒ၏မယား ကွယ်လွန်သွားသောအခါ တာမာသည် သူ၏ယောက္ခမယောက်ျားသူဖြစ်ခဲ့ဖူးသော ဣသရေလအမျိုးသားယုဒအားဖြင့် အမွေဆက်ခံသူရရှိဖို့ အကြံထုတ်လေသည်။ သို့နှင့် ဝတ်ပြုရာအိမ်တော် ပြည့်တန်ဆာတစ်ဦးယောင်ဆောင်ကာ ယုဒဖြတ်လျှောက်လာမည့်လမ်းတွင် ထိုင်နေလေ၏။
ယုဒသည် တာမာကို မမှတ်မိသဖြင့် သူနှင့်လိင်ဆက်ဆံခဲ့သည်။ တာမာသည် အခွင့်အရေးပေးခြင်းအတွက် သူ့ထံမှ အာမခံပစ္စည်းများကို လိမ္မာပါးနပ်စွာရယူခဲ့ပြီး သူကြောင့် ကိုယ်ဝန်ရှိလာကြောင်းကို ထိုအာမခံပစ္စည်းများဖြင့် သက်သေထူခဲ့သည်။ အဖြစ်မှန်ပေါ်လာသောအခါ ယုဒသည် တာမာအား အပြစ်တင်မည့်အစား နှိမ့်ချစွာဖြင့် “သူ၏အပြစ်ထက် ငါ့အပြစ်သာ၍ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီ” ဟုဆို၏။ အသင့်လျော်ဆုံးမှာ “နောက်တစ်ဖန် သူ့ကိုမချဉ်းမကပ်ဘဲနေ၏။”—ကမ္ဘာဦး ၃၈:၂၆။
ယုဒသည် ကတိထားသည့်အတိုင်း သားရှေလနှင့် တာမာကိုမပေးစားခဲ့ခြင်းဖြင့် အမှားပြုမိခဲ့သည်။ ထို့ပြင် ဝတ်ပြုရာအိမ်တော်ပြည့်တန်ဆာဟု သူယူမှတ်သောအမျိုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံခဲ့သည်။ ယင်းသည် အိမ်ထောင်အစီအစဉ်အတွင်း၌သာ လိင်ဆက်ဆံမှုပြုရန်ဟူသော ဘုရားသခင့်ရည်ရွယ်ချက်နှင့် ဆန့်ကျင်၏။ (ကမ္ဘာဦး ၂:၂၄) သို့သော် အမှန်စင်စစ် ယုဒသည် ပြည့်တန်ဆာတစ်ဦးနှင့် လိင်ဆက်ဆံခဲ့ခြင်းမဟုတ်ပါ။ ယင်းအစား မရီးမတ်ယူစနစ်တွင် မရည်ရွယ်ဘဲ သားရှေလနေရာကိုယူမိသဖြင့် တရားဝင်သား၏ ဖခင်ဖြစ်လာလေသည်။
တာမာ၏လုပ်ရပ်မူကား အကျင့်ယိုယွင်းခြင်း မဟုတ်ခဲ့ပါ။ သူ၏သားအမြွှာသည်လည်း မတရားမေထုန်ပြု၍ရသော သားများအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရပါ။ ဗက်လင်မြို့သားဗောဇသည် မရီးမတ်ယူစနစ်ဖြင့် မောဘအမျိုးသမီးရုသကို သိမ်းယူသောအခါ ဗက်လင်မြို့၏အသက်ကြီးသူများက တာမာ၏သားဖာရက်နှင့်ပတ်သက်၍ အကောင်းပြောခဲ့ပြီး ဗောဇကိုဤသို့ဆို၏– “အသက်ပျိုသော ဤမိန်းမတွင် ထာဝရဘုရားပေးတော်မူလတ္တံ့သောမျိုးစေ့အားဖြင့် သင်၏အမျိုးအနွယ်သည် ယုဒမယားတာမာဖွားမြင်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ဖြစ်ပါစေသော။” (ရုသ ၄:၁၂) ထို့ပြင် ဖာရက်သည် ယေရှုခရစ်၏ဘိုးဘေးများစာရင်းတွင် တစ်ဦးပါဝင်ခဲ့သည်။—မဿဲ ၁:၁-၃; လုကာ ၃:၂၃-၃၃။