မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဘုရားသခင်သည် လူ့လက်ဖြစ်များတွင် ကျိန်းဝပ်သည်မဟုတ်’

‘ဘုရားသခင်သည် လူ့လက်ဖြစ်များတွင် ကျိန်းဝပ်သည်မဟုတ်’

‘ဘုရားသခင်​သည် လူ့​လက်​ဖြစ်​များ​တွင် ကျိန်းဝပ်​သည်မဟုတ်’

တမန်​တော်​ပေါလု​သည် အသီနာ​ကျောင်းကန်​များစွာကို အမှန်ပင်​တွေ့ဖူး​ပေမည်၊ အကြောင်း​မှာ သူ၏​ခရစ်ယာန်​သာသနာပြု​ခရီးစဉ်​များ​အတွင်း သူ​ရောက်ရှိ​ခဲ့​သည့် မြို့​အများ​၌ အဆိုပါ​ကျောင်းကန်​များ​ကို တွေ့ရှိ​ခဲ့​သောကြောင့်​ဖြစ်သည်။ ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း​အရ အသီနာ​သည် စစ်မှု​နှင့် ဉာဏ်ပညာ​နတ်​ဘုရားမ​ဟူ၍​သာမက “စစ်​မဲ့​ကာလ​တွင် လက်မှုပညာ​နှင့် အထွေထွေ​အတတ်ပညာ” တို့၏​နတ်​ဘုရားမ​အဖြစ် ကျော်ကြား​ခဲ့​သည်။

အကျော်ကြားဆုံး အသီနာ​ကျောင်းကန်​မှာ ထို​နတ်​ဘုရားမ​အမည်​ဖြင့်​တည်ထား​သည့် အေ​သင်​မြို့ရှိ ပါသေနွန်​ကျောင်းကန်​ဖြစ်၏။ ရှေးခေတ်​က အကျော်ကြားဆုံး​ကျောင်းကန်​များ​တွင် တစ်ခု​ပါဝင်​သည်​ဟု ယူဆ​ရသော ပါသေနွန်​ကျောင်းကန်​တွင် ပေ ၄၀ မြင့်​ပြီး ရွှေ​စင်​နှင့်​ဆင်​စွယ်​တို့​ဖြင့် ထုလုပ်​ထားသော အသီနာ​ရုပ်​ရှိသည်။ အေ​သင်​မြို့​သို့ ပေါလု​လည်ပတ်​ရောက်ရှိ​သော​အချိန်၌ အဆိုပါ​စ​ကျင်​ကျောက်ဖြူ​ကျောင်းကန်​သည် ဤ​မြို့တွင် အနှစ် ၅၀၀ ခန့် ကျော်ကြား​ခဲ့ပြီ​ဖြစ်၏။

ပေါလု​သည် ဤ​ပါသေနွန်​ကျောင်းကန်​ကို တွေ့မြင်​ရသော​နေရာ​တစ်​နေရာ​မှ လူ့​လက်​ဖြစ် ကျောင်းကန်​များ​တွင် ကျိန်းဝပ်​တော်​မ​မူ​သော ဘုရားသခင်​အကြောင်း အေ​သင်​မြို့သား​များ​အား ဟောပြောခဲ့​သည်။ (တမန်​တော် ၁၇:၂၃၊ ၂၄) အသီနာ​ကျောင်းကန်​များ​၏​ခမ်းနားမှု၊ ထို​နတ်​ဘုရား​ရုပ်​များ​၏​ထည်ဝါမှု​တို့သည် ပေါလု​၏​တရားကို နာ​သူ​အချို့​အတွက် သူတို့​မသိ​မရှိ​မမြင်​ရသော ဘုရားသခင်​ထက် ပို​၍​စွဲမက်​စ​ရာ​ဖြစ်ပုံရ​၏။ သို့သော် ပေါလု​ညွှန်ပြ​ခဲ့​သည့်​အတိုင်း လူကို​ဖန်ဆင်း​သည့်​အရှင်​အား ‘လူ​တို့​ထုလုပ်​ရာ​နှင့် တူ​တော်​မူ​သည်’ ဟု​မထင်မမှတ်​သင့်​ချေ။—တမန်​တော် ၁၇:၂၉

ကျောင်းကန်​များနှင့် ကျောက်ရုပ်​များ​ကြောင့် ကျော်ကြား​ထင်ရှား​လာ​သည့် နတ်​ဘုရား​များနှင့် အသီနာ​ကဲ့သို့​သော နတ်​ဘုရားမ​များ ဖြစ်ပေါ်​ထင်ရှား​လာ၍ ယခု ကွယ်ပျောက်​သွား​လေ​ပြီ။ အသီနာ​နတ်​ဘုရား​ကျောက်ရုပ်​သည် စီ.အီး. ငါး​ရာစု​တွင် ပါသေနွန်​ကျောင်းကန်​မှ ပျောက်ကွယ်​သွားပြီး ထို​နတ်​ဘုရားမ​ကျောင်းကန်​အချို့​၏ အ​ကျန်​အကြွင်း​များ​သာ ကျန်ရှိ​လေ​တော့​သည်။ ယနေ့ မည်သူသည် အသီနာ​နတ်​ဘုရားမ​ထံ​၌ ဉာဏ်ပညာ​နှင့် လမ်းညွှန်မှု ရှာယူ​ကြ​သနည်း။

အဘယ်သူမျှ မမြင်ဖူး​သော “ထာဝရ​ဘုရားသခင်” ယေဟောဝါ​နှင့် အလွန်​ကွဲပြား​ခြားနား​လိုက်​လေ​ခြင်း။ (ရောမ ၁၆:၂၆သ​မ; ၁ ယောဟန် ၄:၁၂) ကောရ​သားများ​က ‘ထို​ဘုရားသခင်​သည် ကာလ​အစဉ်အမြဲ ငါ​တို့၏​ဘုရားသခင်​ဖြစ်​တော်​မူ​၏။ ငါ​တို့ကို ပို့ဆောင်​တော်​မူ​လတ္တံ့​သတည်း’ ဟု​ရေးသားခဲ့​သည်။ (ဆာလံ ၄၈:၁၄) ယေဟောဝါ​ဘုရားသခင်​၏​လမ်းညွှန်မှု​၌ မွေ့လျော်​နိုင်​သည့် နည်း​တစ်နည်း​မှာ ကိုယ်တော်​၏​နှုတ်ထွက်​စကားတော်၊ သမ္မာကျမ်းစာ​ကို လေ့လာ​ပြီး ယင်း​၏​အကြံပြုချက်များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​ဖြင့်​ဖြစ်သည်။