မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မည်သူ၏ကတိများကို သင်ယုံကြည်စိတ်ချနိုင်သနည်း

မည်သူ၏ကတိများကို သင်ယုံကြည်စိတ်ချနိုင်သနည်း

မည်သူ​၏​ကတိ​များ​ကို သင်​ယုံကြည်​စိတ်ချ​နိုင်​သနည်း

“သူ၏​ကတိ​များသည် ထို​စဉ်​က သူ့​ကဲ့သို့​ပင် တန်ခိုး​ကြီးမား​ခဲ့​၏; သို့သော် သူ၏​လုပ်ဆောင်မှု​သည် ယခု သူ့​ကဲ့သို့​ပင် ဘာမျှ​မဟုတ်​ချေ။”—ဝီ​လျမ်​ရှိ​တ်​စ​ပီး​ယား​၏ အ​ဋ္ဌ​မ​မြောက်ဘုရင်​ဟ​ယ်​န​ရီ။

ရှိ​တ်​စ​ပီး​ယား​ရည်ညွှန်းခဲ့​သော တန်ခိုး​ကြီးမား​သည့်​ကတိ​များ​မှာ ၁၆ ရာစု​အတွင်း အင်္ဂလန်​နိုင်ငံ​တွင် နိုင်ငံရေး​တန်ခိုး​အာဏာ အကြီးအကျယ်​လွှမ်းမိုး​ခဲ့​သူ အင်္ဂလိပ်​ဗရင်ဂျီ​ဂိုဏ်းချုပ် သော့​မတ်​စ်ဝူလ်​စီ​၏ ကတိ​များ​ဖြစ်၏။ ရှိ​တ်​စ​ပီး​ယား​၏​ရေးသားချက်​သည် ယနေ့ ကြား​ရသော ကတိ​အများစု​နှင့်​လည်း သက်ဆိုင်​သည်​ဟု အချို့​က ဆို​ကြ​ပေမည်။ ကြိမ်ဖန်​များစွာ ကတိ​များ​ပေး​ကြသော်လည်း ကတိ​အတိုင်း မ​ဆောင်ရွက်​ကြ​ပေ။ ထို့​ကြောင့် မည်သည့်​ကတိ​ကို​မဆို အယုံအကြည်​မရှိကြ​ခြင်း​ကို နားလည်​ဖို့​မ​ခက်​ချေ။

စိတ်ပျက်​စ​ရာ​များစွာ​ရှိ

ဥပမာ၊ ၁၉၉၀ ပြည့်လွန်​နှစ်များ​က ဘော်လ်ကန်​ဒေသ​၌ ကြောက်မက်​ဖွယ်​တိုက်ပွဲ​အတွင်း ယူအဲန်​လုံခြုံရေး​ကောင်စီ​သည် ဘော့စနီးယား​ရှိ စ​ရ​ဗ်​ရီ​နီ​ကာ​မြို့ကို “လုံခြုံ​ရာ​ဒေသ” အဖြစ် ကြေညာ​ခဲ့​သည်။ ၎င်း​သည် နိုင်ငံတကာ​လူ့​အဖွဲ့အစည်း​၏ ယုံကြည်​စိတ်ချ​နိုင်​လောက်​သော အာမခံချက်​ဖြစ်ပုံရ​သည်။ စ​ရ​ဗ်​ရီ​နီ​ကာ​မြို့မှ ထောင်နှင့်ချီ​သော​မွတ်​စ​လင်​ခိုလှုံ​သူများ​က ထိုသို့​ယူမှတ်ခဲ့​၏။ သို့သော် အဆုံး​၌ လုံခြုံ​ရာ​အရပ်​ဖြစ်​မည်​ဟူသော​ကတိ​သည် လုံးဝ​အချည်းနှီး​ဖြစ်​ခဲ့​သည်။ (ဆာလံ ၁၄၆:၃) ၁၉၉၅၊ ဇူလိုင်​လ​တွင် တိုက်ခိုက်​ရေး​တပ်​များသည် ယူအဲန်​တပ်​များ​ကို တိုက်ထုတ်​၍ မြို့ကို သိမ်းပိုက်​လိုက်​သည်။ ထို​အချိန်တွင် မွတ်​စ​လင် ၆,၀၀၀ ကျော်​ပျောက်​သွားပြီး အနည်းဆုံး မွတ်​စ​လင်​အရပ်သား ၁,၂၀၀ အသတ်ခံခဲ့ရ​၏။

ဘဝ​ကဏ္ဍ​တိုင်း​တွင်​ပင် ကတိဖျက်​မှုများ ဒုနှင့်ဒေး​ရှိသည်။ ယနေ့ လူတို့သည် တရ​စပ်​ကြေညာ​နေသည့် “မရေမတွက်​နိုင်သော မဟုတ်မမှန်​ကြော်ငြာ​များ” ကြောင့်​လှည့်စား​ခံ​နေကြ​ရ၏။ သူတို့သည် “ထောင်ပေါင်း​များစွာသော နိုင်ငံရေး​ဆိုင်ရာ​များ​၏ ကတိ​ဖောက်ဖျက်​မှု” ကြောင့်​စိတ်ပျက်​လျက်​ရှိကြသည်။ (ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း​သစ်၊ အတွဲ ၁၅၊ စာမျက်နှာ ၃၇) မိမိတို့​သိုးအုပ်​များ​ကို ကြည့်ရှု​စောင့်ရှောက်​ပါ​မည်​ဟု ကတိပြု​ကြသော ယုံကြည်​စိတ်ချ​ခံရ​သူ ဝတ်ပြုရေး​ခေါင်းဆောင်​များသည် သိုးစု​တို့ကို မနှစ်မြို့ဖွယ်​နည်းဖြင့် မတရား​ပြုကျင့်​ကြသည်။ တခြားသူ​များ​ကို သနား​ကြင်နာ​ပြီး ဂရုစိုက်​သည်​ဟု​ဆို​ကြသော ပညာရေး​နှင့် ဆေး​ဘက်​ဆိုင်ရာ အတတ်ပညာ​ရှင်​များ​ပင် ယုံကြည်​ကိုးစားမှု​ကို ဖောက်ဖျက်​ကြ​ပြီး သူတို့​စောင့်ရှောက်မှု​အောက်​ရှိသူ​များ​ကို မတရား​ခေါင်းပုံဖြတ်​၍ လုပ်ကြံ​ခဲ့​ကြပြီ။ ယင်းကြောင့် ပြော​သမျှ​ကို​မယုံဖို့ သမ္မာကျမ်းစာ​က သတိပေး​ထား​သည်​မှာ အံ့ဩစရာ​မဟုတ်ပေ!—သု. ၁၄:၁၅

ပြည့်စုံ​လာ​မည့်​ကတိတော်​များ

ကတိ​အတိုင်း အမှန်တကယ် ပြုလုပ်​ကြ​သူများစွာ​သည် တစ်ခါတစ်ရံ သူတို့​ကိုယ်တိုင် အနစ်နာခံ​၍​ပင် လုပ်ဆောင်ကြ​သည်။ (ဆာလံ ၁၅:၄) ဤ​သူတို့သည် ကတိတည်​သူများ​ဖြစ်​ကြ​ပြီး ကတိ​အတိုင်း ပြုလုပ်​ကြသည်။ အခြားသူများ​လည်း စိတ်​စေတနာ​အပြည့်​ဖြင့် အမှန်ပင်​ကတိတည်​လို​ကြသည်။ ဤ​သူတို့သည် ကတိ​အတိုင်း​ပြုလုပ်​ရန် စိတ်ဆန္ဒ​အပြည့်​ရှိကြ​သော်လည်း ကတိတည်​ရန် လုံးဝ​မတတ်နိုင်​ကြ​ချေ။ အကောင်းဆုံး​အစီအစဉ်များ​ပင် အခြေအနေ​များ​ကြောင့် ကတိ​မတည်​နိုင်​ဘဲ​ဖြစ်သွား​ပေမည်။—ဒေ. ၉:၁၁

မည်သည့်​အကြောင်းကြောင့်​ဖြစ်ပါစေ၊ မည်သူ​၏​ကတိ​ကို​မျှ ယုံကြည်​စိတ်ချ​၍​မရ​ကြောင်း လူအများ အမှန်​တွေ့ရှိ​ခဲ့​ကြ​ရပြီ။ ထို့​ကြောင့် ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်သော ကတိ​တစ်စုံတစ်ရာ​ရှိ​နိုင်​ပါသလော​ဟူ၍ မေးစရာ​ပေါ်ပေါက်​လာ​၏။ ရှိပါ​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​တွင်​ပါ​သော ကတိတော်​များ​ကို ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်၏။ ဤ​အကြောင်း​နှင့်​ပတ်သက်​၍ နောက်​ဆောင်းပါး​က မည်သို့​ဆို​ထား​ကြောင်း ဆန်းစစ်​ကြည့်​ပါ​လေ။ ဘုရားသခင်​၏​ကတိတော်​များ​ကို အမှန်ပင် ယုံကြည်​စိတ်ချ​နိုင်​ကြောင်း သန်းနှင့်ချီ​သူတို့ ကောက်ချက်​ချ​ခဲ့​သကဲ့သို့ အသင်​လည်း ကောက်ချက်​ချ​ပေမည်။

[Picture Credit Line on page 3]

AP Photo/Amel Emric