‘ယေဟောဝါ၏သစ်ပင်တို့သည် ရောင့်ရဲလျက်ရှိကြ၏’
ယေဟောဝါ၏ ဖန်ဆင်းခြင်းလက်ရာ ခံ့ညားထည်ဝါမှု
‘ယေဟောဝါ၏သစ်ပင်တို့သည် ရောင့်ရဲလျက်ရှိကြ၏’
သစ်တောတစ်ခုတွင် မိုးထိုးသစ်ပင်ကြီးများကြား နေရောင်ခြည် ဖြာကျနေခြင်းကို သင်မြင်ဖူးသလော။ သစ်ရွက်များကြား လေဝှေ့သွားသောအခါ တရှဲရှဲမြည်သံကို သင်ကြားဖူးသလော။—ဟေရှာယ ၇:၂။
ကမ္ဘာ့ဒေသအချို့တွင် တစ်နှစ်တာ၏ လအနည်းငယ်အတွင်း သစ်ပင်အချို့၏ အရွက်များသည် အရောင်ပြောင်းကြရာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အရောင်မျိုးစုံဖြင့် တောက်ပနေသည်။ ယင်းက သစ်တောမီးလောင်သည့်အတိုင်းပင်! ၎င်းသည် “တောင်များ၊ တောနှင့်တကွ သစ်ပင်များတို့ ကျူးဧသောအသံကို ပေးကြလော့” ဟူသည့်စကားနှင့် ကိုက်ညီလိုက်လေခြင်း!—ဟေရှာယ ၄၄:၂၃။ *
ဤကမ္ဘာဂြိုဟ်၏ ကုန်းမြေသုံးပုံတစ်ပုံနီးပါးသည် သစ်တောများဖြစ်၏။ သစ်တောနှင့် ထိုတွင်ရှိ သက်ရှိများစွာသည် ၎င်းတို့အား ဒီဇိုင်းဆွဲပြီး ဖန်ဆင်းထားသည့်အရှင် ယေဟောဝါဘုရားသခင်၏ ဘုန်းတော်ကို ပြောင်မြောက်စွာချီးမွမ်းကြသည်။ မှုတ်သွင်းခံဆာလံဆရာက ဤသို့သီဆိုခဲ့သည်– ‘အသီးကိုသီးသောအပင်၊ အာရဇ်ပင်ရှိသမျှတို့ ယေဟောဝါကို ချီးမွမ်းကြလော့။’—ဆာလံ ၁၄၈:၇-၁၂။
“သစ်ပင်များသည် လူတို့၏ ရုပ်ပိုင်းလိုအပ်ရာကို ဖြည့်စွက်ပေးရုံမက အလှရသခံစားမှုအတွက်ပါ အရေးပါ၏” ဟု ကျွန်ုပ်တို့ပတ်လည်ရှိသစ်ပင်များ စာအုပ်က ဖော်ပြသည်။ သစ်တောများသည် ကာကွယ်ပေးကာ ထိန်းသိမ်းပေးပြီး လူတို့လိုအပ်သည့် ရေသန့်ကို ရရှိစေ၏။ သစ်ပင်များသည်လည်း လေကို သန့်စင်ပေး၏။ အလင်းမှီစုဖွဲ့ခြင်းဖြစ်စဉ်အားဖြင့် သစ်ရွက်ဆဲလ်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေ၊ သတ္တုဓာတ်နှင့် နေရောင်တို့ကို အာဟာရဓာတ်နှင့် အောက်ဆီဂျင်ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲပေး၏။
သစ်တောသည် အထူးပြောင်မြောက်သော လှပသည့် ဒီဇိုင်းလက်ရာတစ်ခုဖြစ်၏။ သစ်တော၏ စွဲမက်စရာအကောင်းဆုံးမှာ အများအားဖြင့် ဧရာမသစ်ပင်ကြီးများဖြစ်သည်။ ၎င်းတို့ကြားတွင် ဖန်းပင်များ၊ ရေညှိများ၊ နွယ်ပင်များ၊ ချုံပင်များနှင့် ဆေးဖက်ဝင်အပင်များစွာလည်း ပေါက်ရောက်နေ၏။ ဤအပင်ငယ်များသည် အပင်ကြီးများကြောင့် ဖြစ်ပေါ်လာသည့် ဝန်းကျင်အရိပ်အောက်တွင် ရှင်သန်ပေါက်ရောက်လျက်ရှိကြ၏။
ရွက်ပြတ်သစ်တောအချို့တွင် နှစ်ကုန်ပိုင်း၌ တစ်ဧကခန့်ရှိ သစ်တောမြေပြင်ပေါ် သစ်ရွက်ဆယ်သန်းကျော် ကြွေကျလေ့ရှိ၏။ ၎င်းသစ်ရွက်များ မည်သို့ဖြစ်သွားတတ်သနည်း။ အင်းဆက်ပိုးများ၊ မှို၊ တီကောင်များနှင့် အခြားသက်ရှိကောင်များတို့က နောက်ဆုံး၌ အဆိုပါသစ်ရွက်များကို မြေသြဇာကောင်းသောမြေတွင် အဓိကပါဝင်သည့် မြေဆွေးအဖြစ်သို့ ပြောင်းလဲပေးသည်။ မှန်ပါသည်၊ ဤမမြင်သာသည့်လုပ်သားများက အပင်အသစ်များပေါက်လာစေရန် မြေကို အသင့်ပြင်ဆင်ပေးစဉ် အဘယ်အရာကိုမျှ အချည်းနှီးမဖြစ်စေပါ။
သစ်ရွက်ခြောက်များအောက်ရှိ သစ်တောမြေဆီလွှာတွင် သက်ရှိအကောင်များနှင့် ပြည့်နှက်နေသည်။ သစ်တော စာအုပ်အရ “တစ်စတုရန်းပေပတ်လည်၊ တစ်လက်မအနက်တွင် ... သက်ရှိအကောင် ၁,၃၅၀ ခန့်ရှိပြီး ၎င်းတွင် လက်တစ်ဆုပ်စာ မြေကြီး၌ရှိသည့် အဏုကြည့်မှန်ဖြင့်သာမြင်နိုင်သော သန်းနှင့်ချီသက်ရှိအကောင်များ မပါသေးချေ။” ထို့ပြင် သစ်တောတွင် တွားသွားသတ္တဝါများ၊ ငှက်များ၊ အင်းဆက်ပိုးများနှင့် နို့တိုက်သတ္တဝါများလည်းရှိ၏။ အဆိုပါအလှအပနှင့် မျိုးပေါင်းစုံလင်မှုအတွက် မည်သူ့ကို ချီးမွမ်းဂုဏ်တင်သင့်သနည်း။ ၎င်းတို့၏ဖန်ဆင်းရှင်က “တောတိရစ္ဆာန်ရှိသမျှတို့နှင့် တစ်ထောင်သောတောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏” ဟုလျောက်ပတ်စွာ ကြေညာသည်။—ဆာလံ ၅၀:၁၀။
ချမ်းအေးသော ဆောင်းရာသီဒဏ်ကို ခံနိုင်ကာ အတန်ကြာ အစာမစားဘဲ ခိုအောင်းနေနိုင်သည့် ထူးခြားသောအစွမ်းဖြင့် တိရစ္ဆာန်အချို့ကို ဖန်ဆင်းထားသည်။ သို့သော် တိရစ္ဆာန်အားလုံး ဆောင်းမခိုကြချေ။ ဆောင်းလယ်၌ပင် လယ်ကွင်းတွင် ခုန်ပေါက်ပြေးလွှားနေကြသော သမင်အုပ်ကို တွေ့မြင်ရပေမည်။ ဤရုပ်ပုံတွင် သင်တွေ့မြင်ရသည့်အတိုင်း ဂျာမနီနိုင်ငံမှ သမင်သည် ဆောင်းခိုခြင်း၊ အစာရေစာစုဆောင်းခြင်းမရှိဘဲ အခက်အလက်နုများ၊ အဖူးအညွှန့်များကို ရှာစားတတ်ကြ၏။
သမ္မာကျမ်းစာတွင် အပင်များအကြောင်း ထင်ရှားစွာဖော်ပြထားသည်။ ရေတွက်ချက်တစ်ခုအရ ကျမ်းစာသည် သစ်ပင်အမျိုးပေါင်း ၃၀ ခန့်အပါအဝင် ထူးခြားသောအပင် ၁၃၀ နီးပါးအကြောင်းကို ဖော်ပြထားသည်။ ရုက္ခဗေဒပညာရှင် မိုက်ကယ်လ် ဇိုဟာရီက ထိုကိုးကားချက်၏ အရေးပါမှုကို ဤသို့ဝေဖန်ပြောဆိုသည်– “ဘဝကဏ္ဍအသီးသီးနှင့်ဆက်စပ်၍ အပင်များအကြောင်း သမ္မာကျမ်းစာ ကိုးကားချက် ဤမျှများသည်ကို သာမန်လောကစာပေ၌ပင် မတွေ့ရချေ။”
သစ်ပင်များနှင့် သစ်တောများမှာ မေတ္တာရှိဖန်ဆင်းရှင်၏ ဆုမွန်များဖြစ်သည်။ အကယ်၍ တောမြိုင်တွင်နေဖူးလျှင် ဆာလံဆရာ၏ ဤစကားများကို သဘောတူလက်ခံကြပေမည်– ‘ယေဟောဝါ၏သစ်ပင်၊ စိုက်တော်မူသော လေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။ ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်တတ်ကြ၏။ ထင်းရှူးပင်တို့၌ တောငန်းတို့သည် နေရာကျတတ်ကြ၏။’—ဆာလံ ၁၀၄:၁၆၊ ၁၇။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 ယေဟောဝါသက်သေများ၏ ၂၀၀၄ ပြက္ခဒိန် ဇန်နဝါရီ/ဖေဖော်ဝါရီလကိုရှု။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
အရှေ့အလယ်ပိုင်းရှိစွဲမက်ဖွယ်အကောင်းဆုံး အသီးပင်တစ်ပင်မှာ ဗာဒံသီးပင်ဖြစ်၏။ ထိုသီးပင်သည် အခြားသီးပင်များတို့ထက် နှစ်စပိုင်းတွင် အိပ်ရာမှ နိုးထလာဘိသကဲ့သို့ဦးစွာဖူးပွင့်လေ့ရှိ၏။ ဗာဒံပင်၏စောစီးစွာ သီးပွင့်ခြင်းကို ရည်ညွှန်းပြီး ရှေးဟေဗြဲလူတို့က ၎င်းအပင်ကို နိုးထလာသောအပင်ဟု ခေါ်ဆိုကြသည်။ တစ်ပင်လုံးနီးပါး အဖြူရောင်၊ ပန်းနုရောင်ပွင့်များဖြင့် ဝေဆာနေလေတော့သည်။—ဒေ. ၁၂:၅။
ငှက်မျိုးပေါင်း ၉,၀၀၀ ခန့်တွင် ၅,၀၀၀ ခန့်သည် တေးသီငှက်များဖြစ်ကြ၏။ တောကြီးမျက်မည်း၏တိတ်ဆိတ်ငြိမ်သက်မှုကို သူတို့၏တေးသံသာများက ဖြိုခွင်းလိုက်သည်။ (ဆာလံ ၁၀၄:၁၂) ဥပမာ၊ တေးသီချင်းကျူးရင့်သော စာကလေး၌ မြူးကြွသည့်တေးသီချင်းပေါင်း များစွာရှိသည်။ ဤတွင်တွေ့ရှိရသည့် မီးခိုးရောင်၊ အဝါရောင်နှင့် စိမ်းဝါရောင်ဖျော့ဖျော့ ငိုချင်းသီငှက်မျိုးသည် တေးဆိုငှက်ငယ်များဖြစ်ကြသည်။—ဆာလံ ၁၄၈:၁၊ ၁၀။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ပြင်သစ်နိုင်ငံ၊ နော်မဲန်ဒီဒေသရှိ သစ်တော