မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် တည်ကြည်သောမေတ္တာ အလွန်ကြွယ်ဝ

ယေဟောဝါသည် တည်ကြည်သောမေတ္တာ အလွန်ကြွယ်ဝ

ယေဟောဝါ​သည် တည်ကြည်သော​မေတ္တာ အလွန်​ကြွယ်ဝ

“ယေဟောဝါ​သည် ... ချစ်ခင်​ကြင်နာ​မှု​နှင့် အလွန်​ကြွယ်ဝ​တော်​မူ​၏။”—ဆာလံ ၁၄၅:၈၊ က​ဘ။

၁။ ဘုရားသခင်​၏​မေတ္တာတော်​သည် မည်မျှ​တာသွား​သနည်း။

“ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏။” (၁ ယောဟန် ၄:၈) ယေဟောဝါ​သည် မေတ္တာဖြင့်​အုပ်ချုပ်​ကြောင်း အဆိုပါ​ကြည်နူး​အားရဖွယ်​စကား​များ​က ထောက်ခံ​သည်။ ကိုယ်တော်​၏​စကား​ကို နားမထောင်​သူတို့​ပင် မေတ္တာဖြင့် ကိုယ်တော်​ထွက်​စေသော​နေ၊ ရွာ​စေသော​မိုး​မှ အကျိုးကျေးဇူး​ခံစား​နေရ​ကြသည်! (မဿဲ ၅:၄၄၊ ၄၅) လူအပေါင်း​ကို ဘုရားသခင်​ချစ်တော်မူ​သောကြောင့် ကိုယ်တော်​၏​ရန်သူများ​ပင် နောင်တ​ယူ​ကာ ကိုယ်တော့်​ထံ​လှည့်လာ​ပြီး အသက်​ရနိုင်​ကြ​၏။ (ယောဟန် ၃:၁၆) သို့ရာတွင်၊ ယေဟောဝါ​သည် ဖြောင့်မတ်​သော​ကမ္ဘာသစ်​၌ ကိုယ်တော်​အား​ချစ်​မြတ်နိုးသူ​တို့ ထာဝရ​အသက်​ပျော်မွေ့​ခံစား​နိုင်​ကြ​ရန် ပဲ့ပြင်​ဆုံးမ​၍​မရ​သော လူဆိုး​တို့ကို မကြာမီ ဖျက်ဆီး​တော့​မည်​ဖြစ်သည်။—ဆာလံ ၃၇:၉-၁၁၊ ၂၉; ၂ ပေတရု ၃:၁၃

၂။ ယေဟောဝါ​သည် မိမိ​ထံ​ဆက်ကပ်​အပ်နှံထားသူ​တို့အား မေတ္တာတော်​ဆိုင်ရာ အဘယ်​အထူး​အသွင်အပြင်​ကို ဖော်ပြ​တော်​မူ​သနည်း။

ယေဟောဝါ​သည် မိမိ၏​စစ်မှန်သော​ဝတ်ပြုသူ​များ​အား မြတ်နိုး​စွာ​ဖြင့် မေတ္တာ​အမြဲ​ပြတော်မူ​၏။ ဤသို့​သော​မေတ္တာကို “ချစ်ခင်​ကြင်နာ​မှု၊” သို့​မဟုတ် “တည်ကြည်သော​မေတ္တာ” ဟု​ဘာသာ​ပြန်ဆို​ထား​သည့် ဟေဗြဲ​စကားလုံး​ဖြင့် ဖော်ပြ​နိုင်​သည်။ ရှေး​ဣသရေလ​နိုင်ငံ​၏​ဘုရင် ဒါဝိဒ်​သည် ဘုရားသခင်​၏​ချစ်ခင်​ကြင်နာ​မှု​ကို အလွန်​ပင်​တန်ဖိုး​ထားခဲ့​သည်။ သူသည် ကိုယ်တွေ့​ကြောင့်​လည်းကောင်း၊ အခြား​သူများ​နှင့် ဘုရားသခင်​ဆက်ဆံပုံ​ကို ဆင်ခြင်​တွေးတောခြင်း​ကြောင့်​လည်းကောင်း​ယုံကြည်​စိတ်ချ​စွာ ဤသို့​သီဆို​နိုင်​လေ​သည်– “ယေဟောဝါ​သည် ... ချစ်ခင်​ကြင်နာ​မှု [သို့​မဟုတ်၊ “တည်ကြည်သော​မေတ္တာ”] နှင့် အလွန်​ကြွယ်ဝ​တော်​မူ​၏။”—ဆာလံ ၁၄၅:၈က​ဘ။

ဘုရားသခင်​အား​တည်ကြည်သူ​တို့ကို ခွဲခြား​သိမြင်ခြင်း

၃၊ ၄။ (က) ယေဟောဝါ​အား​တည်ကြည်သူ​တို့ကို ဆာလံ ၁၄၅ က မည်သို့​ခွဲခြား​သိမြင်​စေ​သနည်း။ (ခ) ဘုရားသခင်​အား​တည်ကြည်သူ​တို့သည် ကိုယ်တော့်​ကို မည်သို့ “ကောင်းချီး​ပေး​ကြ” သနည်း။

ယေဟောဝါ​ဘုရားသခင်​နှင့်​စပ်လျဉ်း၍ ပရောဖက်​ရှမွေလ​၏​မိခင် ဟန္န​က “မိမိ​သန့်ရှင်းသူ [“တည်ကြည်သူ၊” က​ဘ] တို့၏​ခြေ​ကို စောင့်မ​တော်​မူ​လိမ့်​မည်” ဟု ဆို​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၂:၉) ဤ “တည်ကြည်သူ​များ” ကား အဘယ်သူ​များ​နည်း။ ထို​မေးခွန်း​ကို ဘုရင်​ဒါဝိဒ် ဖြေဆို​သည်။ ယေဟောဝါ​၏​အံ့ဖွယ်​အရည်အသွေးများ​ကို ချီးမွမ်း​ထောမနာပြု​ပြီး​နောက် သူက “ကိုယ်တော်​၏​သန့်ရှင်းသူ [“တည်ကြည်သူ၊” က​ဘ] တို့သည် ကောင်းချီး​ပေး​ကြ​ပါ​၏” ဟု​ဆို​သည်။ (ဆာလံ ၁၄၅:၁၀) လူတစ်ဦး​အနေ​နှင့် ဘုရားသခင်​ကို မည်သို့​ကောင်းချီး​ပေး​နိုင်​မည်​နည်း​ဟု သင်​သိ​လို​ပေမည်။ ကိုယ်တော်​အား ချီးမွမ်း​ထောမနာပြု​ခြင်း၊ ကိုယ်တော်​အား​ချီးကျူးခြင်း​ဖြင့်​ဖြစ်သည်။

ယေဟောဝါ​အကြောင်း အမြဲ​ချီးကျူး​ပြောဆို​နေသူတို့​သည် ယေဟောဝါ​၏​တည်ကြည်သူ​များ​ဖြစ်၏​ဟု ခွဲခြား​သိမြင်​နိုင်​သည်။ ဤ​သူတို့သည် လူမှုရေး​ပေါင်းသင်းမှု​များနှင့် ခရစ်ယာန်​အစည်းအဝေး​များ​တွင် အဘယ်​အကြောင်းအရာကို ပြောဆို​လေ့​ရှိကြ​သနည်း။ ယေဟောဝါ​၏​နိုင်ငံတော်​အကြောင်း​သာ ပြောဆို​လေ့​ရှိသည်! ဘုရားသခင်​အား​တည်ကြည်သော ကျေးကျွန်​တို့သည် ဤသို့​သီဆို​ခဲ့​သူ ဒါဝိဒ်​၏ သဘောထားမျိုး ထပ်တူ​ရှိကြသည်– “[ယေဟောဝါ​၏] နိုင်ငံတော်​၏​ဘုန်း​ကိုလည်း​ကောင်း၊ တန်ခိုးတော်​ကိုလည်း​ကောင်း မြွက်ဆို​ကြား​ပြော [ကြ​ပါ​လိမ့်​မည်။]”—ဆာလံ ၁၄၅:၁၁သမ္မာ။

၅။ ယေဟောဝါ​သည် မိမိ​အပေါ်​တည်ကြည်သူ​တို့ မိမိ​အား​ချီးမွမ်း​ကြသည်​ကို ကိုယ်တော်​သတိပြု​ကြောင်း မည်သို့​သိရ​သနည်း။

ယေဟောဝါ​အား​တည်ကြည်သူ​တို့သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြသောအခါ ကိုယ်တော်​သတိပြုမိ​ပါသလော။ သူတို့​ပြောဆို​သမျှ​ကို ကိုယ်တော်​ဂရုစိုက်​တော်​မူ​၏။ ကျွန်ုပ်​တို့​ခေတ်​ရှိ စစ်မှန်သော​ဝတ်ပြုရေး​နှင့်​စပ်လျဉ်း၍ မာလခိ​က ဤသို့​ပရောဖက်ပြု​ရေးသားခဲ့​သည်– “ထို​အခါ ထာဝရ​ဘုရား[သခင်]ကို​ကြောက်ရွံ့​သော​သူတို့သည် တစ်ယောက်ကို​တစ်ယောက်​နှုတ်​ဆက်၍ ပြောဆို​ကြ​၏။ ထာဝရ​ဘုရား[သခင်]သည်လည်း​နားထောင်​၍ ကြား​တော်​မူ​၏။ ထာဝရ​ဘုရား[သခင်]ကို​ကြောက်ရွံ့​၍ နာမတော်​ကို​အောက်မေ့​သော​သူတို့​အဖို့ ရှေ့တော်တွင် စာရင်း​၌​မှတ်သား​လျက်​ရှိ၏။” (မာလခိ ၃:၁၆) ယေဟောဝါ​သည် မိမိ​အပေါ်​တည်ကြည်သူ​တို့ မိမိ​အား​ချီးမွမ်း​ကြသည်​ကို အလွန်​နှစ်သက်​တော်​မူ​ပြီး သူတို့ကိုလည်း ကိုယ်တော်​သတိရ​တော်​မူ​၏။

၆။ အဘယ်​လှုပ်ရှားမှု​က ဘုရားသခင်​အား​တည်ကြည်သူ​များ​ကို ခွဲခြား​သိမြင်​စေ​သနည်း။

ယေဟောဝါ​၏​တည်ကြည်သော ကျေးကျွန်​များသည် စစ်မှန်သော​ဘုရားသခင်​ကို ဝတ်မပြု​သူတို့အား ရဲစွမ်းသတ္တိ​ရှိ​ရှိ၊ အခွင့်အရေးရှာ​ယူ ဟောပြောကြ​သည့်​အတွက် သူတို့ကို ခွဲခြား​သိမြင်​နိုင်​ပေ​သည်။ ဘုရားသခင်​အား​တည်ကြည်သူ​တို့သည် “တန်ခိုး​ပါ​သော​အမှုတော်များ​နှင့် [ဘုရားသခင့်]နိုင်ငံတော်​၏​ဘုန်း​အသရေ​များ​ကို လူသားတို့အား​ဖော်ပြ​ကြ​ပါ​၏။” (ဆာလံ ၁၄၅:၁၂) သင်သည် သူစိမ်း​များ​ကို ယေဟောဝါ​၏​မင်းရိုက်ရာ​အကြောင်း​ပြောပြ​ဖို့ အခွင့်အရေး​များ​ရှာယူပါ​သလော။ မကြာမီ​ပျောက်လွင့်​သွား​ကြ​တော့​မည့် လူ့​အုပ်စိုးရှင်​များနှင့်​မတူဘဲ ကိုယ်တော်​၏​မင်းရိုက်ရာ​မှာ အမြဲ​ထာဝရ​တည်​၏။ (၁ တိမောသေ ၁:၁၇) လူတို့သည် ယေဟောဝါ​၏ ထာဝရ​မင်းရိုက်ရာ​အကြောင်း​သင်ယူပြီး ၎င်းကို​ထောက်ခံသူ​များ​အဖြစ် ရပ်တည်​ကြ​ရန် အရေးကြီး​လှ​ပေ​သည်။ ဒါဝိဒ်က “ကိုယ်တော်​၏​နိုင်ငံတော်​သည် ... ထာဝရ​နိုင်ငံ​ဖြစ်၍ အာဏာတော်​သည် ကာလ​အစဉ်အဆက်​တည်​ရ​ပါ​၏” ဟု​သီဆို​ခဲ့​သည်။—ဆာလံ ၁၄၅:၁၃

၇၊ ၈။ ၁၉၁၄ ခုနှစ်​တွင် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း၊ ဘုရားသခင်​သည် မိမိ​သားတော်​၏​နိုင်ငံတော်​မှ​တစ်ဆင့် ယခု​အုပ်စိုး​နေ​တော်​မူ​ကြောင်း အဘယ်​အထောက်အထား​ရှိ​သနည်း။

၁၉၁၄ ခုနှစ်​ကတည်းက ယေဟောဝါ​၏​မင်းရိုက်ရာ​အကြောင်း ပြောဆို​စ​ရာ​များစွာ ထပ်​တိုးလာ​ခဲ့ပြီ။ ထို​နှစ်​တွင် ဘုရားသခင်​သည် ဒါဝိဒ်​၏​သားတော် ယေရှု​ခရစ်​ကို ကောင်းကင်​နိုင်ငံတော်​၏ မေရှိယ​ရှင်ဘုရင်​အဖြစ် နန်းတင်​တော်​မူ​ခဲ့​၏။ သို့ဖြင့် ယေဟောဝါ​သည် ဒါဝိဒ်​၏​မင်းရိုက်ရာ​ကို ထာဝစဉ်​တည်တံ့​စေမည်​ဟူသော ကတိတော်​ကို ပြည့်စုံ​စေတော်မူ​ခဲ့​သည်။—၂ ဓမ္မ​ရာဇဝင် ၇:၁၂၊ ၁၃; လုကာ ၁:၃၂၊ ၃၃

ယေဟောဝါ​သည် မိမိ၏​သားတော် ယေရှု​ခရစ်​၏​နိုင်ငံတော်​အားဖြင့် ယခု အုပ်ချုပ်​နေ​တော်​မူ​ပြီ​ဖြစ်​ကြောင်း ကိုယ်တော်​ရောက်ရှိ​နေခြင်း​နိမိတ် ဆက်လက်​ပြည့်စုံ​နေခြင်း​က သက်သေထူ​သည်။ ထို​နိမိတ်​တွင် အထူးခြားဆုံး​မှာ ဘုရားသခင်​၏​တည်ကြည်သူ​အားလုံး လုပ်ဆောင်ကြ​လိမ့်​မည်​ဟု ယေရှု​ပရောဖက်ပြု​မိန့်တော်မူ​ခဲ့​သော ဤ​လုပ်ငန်း​ဖြစ်သည်– “လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း [ဘုရားသခင့်]နိုင်ငံတော်​နှင့်ယှဉ်သော [သတင်းကောင်း]ကို လော[က]နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့။” (မဿဲ ၂၄:၃-၁၄) ဘုရားသခင်​အား​တည်ကြည်သူ​တို့သည် အဆိုပါ​ပရောဖက်ပြုချက်​ပြည့်စုံစေရန် စိတ်အား​ထက်သန်​စွာ လုပ်ဆောင်​လျက်​ရှိကြ​ရာ ယခု ခြောက်​သန်း​ကျော်​သော အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေး​သူငယ်​တို့သည် ဤ​ကြီးကျယ်​သည့်​လုပ်ငန်း​တွင် ပါဝင်​နေကြ၏၊ ၎င်းကို နောက်နောင် ဘယ်​သော​ခါ​မျှ ပြန်​လုပ်ဆောင်တော့​မည်​မဟုတ်​ချေ။ ယေဟောဝါ​၏​နိုင်ငံတော်​ကို​ဆန့်ကျင်သူ​အားလုံး များ​မကြာမီ အဆုံးစီရင်​ခံရ​ကြ​တော့​မည်။—ဗျာ. ၁၁:၁၅၊ ၁၈

ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​မှ အကျိုး​ခံစား​ရခြင်း

၉၊ ၁၀။ ယေဟောဝါ​နှင့် လူ့​အုပ်စိုးရှင်​များ​စပ်ကြား အဘယ်​ကွာခြား​ချက်​ရှိ​သနည်း။

ကျွန်ုပ်​တို့သည် ဆက်ကပ်​အပ်နှံထားသူ ခရစ်ယာန်​များ​ဖြစ်​ကြ​မည်​ဆိုလျှင် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​ယေဟောဝါ​နှင့် ကျွန်ုပ်​တို့​ဆက်ဆံ​ရေး​ရှိ​ခြင်း​က အကျိုးများစွာ​ဖြစ်ထွန်း​စေ​သည်။ (ဆာလံ ၇၁:၅; ၁၁၆:၁၂) ဥပမာ၊ ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို​ကြောက်ရွံ့​ပြီး ဖြောင့်မတ်​ကြသော​ကြောင့် ကျွန်ုပ်​တို့ကို ကိုယ်တော်​နှစ်သက်​တော်​မူ​၏၊ ဝိညာဉ်​ရေး​သဘော​အရ​လည်း ကိုယ်တော်​နှင့် နီးနီးကပ်ကပ်​နေခွင့်​ရ​ကြ​၏။ (တမန်​တော် ၁၀:၃၄၊ ၃၅; ယာကုပ် ၄:၈) ယင်း​နှင့်​ခြားနား​စွာ လူ့​အုပ်စိုးရှင်​များသည် စစ်ဘက်​ခေါင်းဆောင်​များ၊ ချမ်းသာ​ကြွယ်ဝသော စီးပွားရေး​လုပ်ငန်းရှင်​များ၊ သို့​မဟုတ် အားကစား​နှင့် ဖျော်ဖြေရေး​လောက​မှ အကျော်အမော်​များ​အစ​ရှိသော ထင်ပေါ်​ကျော်ကြား​သူများ​နှင့် ပူးပေါင်း​သွား​လာလေ့​ရှိကြသည်​ကို တွေ့မြင်​ကြ​ရ၏။ အာဖရိက​သတင်းစာ စိုဝှီ​တန်​အရ၊ အထင်ကရ အရာရှိ​တစ်ဦး​က သူ၏​နိုင်ငံ​ရှိ ဆင်းရဲ​မွဲတေ​နေသည့် ဒေသ​များ​အကြောင်း အောက်ပါ​အတိုင်း​ပြောဆို​ခဲ့​သည်​ဟု​ဆို​၏– “ထို​ဆင်းရဲသား​ရပ်ကွက်​များ​ကို ကျွန်ုပ်​တို့​အများစု မသွား​လို​ကြ​ကြောင်း ကျွန်ုပ်​နားလည်​သဘောပေါက်​ပါ​သည်။ ထိုသို့​သော​ရပ်ကွက်​များ​ကို ကျွန်ုပ်​တို့​မေ့ပစ်လို​ကြ​၍​သာ​ဖြစ်၏။ ကျွန်ုပ်​တို့​စီး​နေသည့် တန်ဖိုး​ကြီးသော [မော်တော်ကား​များ] ကြောင့် ယင်း​သို့​သော​နေရာများ​ရှိ​ခြင်း​က ကျွန်ုပ်​တို့၏​သိစိတ်ကို အနှောင့်အယှက်​ပေး​သဖြင့် အနေရခက်​စေ​သည်။”

၁၀ လူ့​အုပ်စိုးရှင်​တချို့​သည် မိမိတို့​လက်အောက်​ငယ်သား​များ​၏ ကောင်းကျိုး​ကို စိတ်ရင်းမှန်​ဖြင့် စိတ်ဝင်စား​ကြသည်​မှန်​၏။ သို့သော် ထို​သူတို့​အထဲ​မှ သဘောထား​အမြင့်မြတ်ဆုံး​သူ​ပင်​လျှင် မိမိတို့၏​လက်အောက်​ငယ်သား​များနှင့် အကျွမ်းတဝင်​မရှိကြ​ချေ။ ယင်းကြောင့် ကျွန်ုပ်​တို့​မေး​လို​မည်​မှာ လက်အောက်​ငယ်သား​တစ်ဦး​တစ်ယောက် အခက်အခဲ​ကြုံ​သည့်​အခါ ချက်ချင်း​အကူအညီ​ပေး​လို​သည်​အထိ မိမိ၏​လက်အောက်​ငယ်သား​အားလုံး​ကို ဂရုစိုက်သော အုပ်စိုးရှင်​တစ်ပါးပါး​ရှိပါ​သလော​ဟူ၍​ဖြစ်သည်။ ရှိပါ​သည်။ ဒါဝိဒ်က ဤသို့​ရေးသားခဲ့​၏– “[ယေဟောဝါ] သည် လဲကျ​သူ​ရှိသမျှကို ထောက်မ​၍ နှိမ့်ချ​ခံရ​သူအပေါင်း​တို့ကို ထူ​ပင့်​တော်​မူ​၏။”—ဆာလံ ၁၄၅:၁၄သမ္မာ။

၁၁။ ဘုရားသခင်​အား​တည်ကြည်သူ​တို့သည် အဘယ်​စမ်းသပ်မှု​များ​ကို ကြုံတွေ့​ကြ​ရပြီး သူတို့ အဘယ်​အကူအညီ​ရရှိ​နေသနည်း။

၁၁ ဘုရားသခင်​အား​တည်ကြည်သူ​တို့သည် မိမိတို့၏​မစုံလင်မှု​နှင့် ‘စာတန်’ လက်​တွင်​ရှိ ဤ​လောက​၌ အသက်ရှင်နေ​ထိုင်​ကြ​ရသော​ကြောင့် စမ်းသပ်မှု​အမျိုးမျိုးနှင့် ဘေးဆိုး​များစွာ ကြုံတွေ့​နေကြ​ရ၏။ (၁ ယောဟန် ၅:၁၉; ဆာလံ ၃၄:၁၉) ခရစ်ယာန်​များသည် နှိပ်စက်​ညှဉ်းပန်း​ခံ​ကြ​ရ၏။ တချို့​မှာ နာတာရှည်​ဖျားနာ​မှု၊ ဝမ်းနည်းပူဆွေးမှု​ကြောင့် ဝေဒနာ​ခံ​ကြ​ရသည်။ ရံဖန်ရံခါ ယေဟောဝါ​အား​တည်ကြည်သူ​တို့၏ အမှား​များ​ကြောင့် စိတ်ပျက်​အားလျော့​ပြီး ‘ညှိုးငယ်’ သွား​ကြ​ပေမည်။ သို့ရာတွင် အဘယ်​စမ်းသပ်မှု​မျိုး​ပင် ခံရ​ပါ​လေ​စေ ယေဟောဝါ​သည် ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​ကို ဝိညာဉ်​ခွန်အား​ပေး၍ နှစ်သိမ့်​ပေး​ဖို့ အမြဲ​အသင့်ရှိ​တော်​မူ​၏။ ဘုရင်​ယေရှု​ခရစ်​သည်လည်း မိမိ​အား​တည်ကြည်သော​လက်အောက်ခံ​များ​ကို ထပ်တူ​ပင်​စိတ်ဝင်​စား၍ မေတ္တာပြ​တော်​မူ​၏။—ဆာလံ ၇၂:၁၂-၁၄

ကျေနပ်​ရောင့်ရဲမှု​ရှိစေ​သော အချိန်တန်​အစာ

၁၂၊ ၁၃။ ယေဟောဝါ​သည် “အသက်ရှင်​သော​သတ္တဝါ​အပေါင်း​တို့” ၏​လိုအပ်ရာ​များ​ကို မည်သို့​ကောင်းစွာ​ဖြည့်ဆည်း​ပေး​တော်​မူ​သနည်း။

၁၂ ယေဟောဝါ​သည် ချစ်ခင်​ကြင်နာ​မှု အလွန်​ကြွယ်ဝ​တော်​မူ​သောကြောင့် မိမိ​ကျေးကျွန်​များ​၏ လိုအပ်ရာ​မှန်သမျှကို ဖြည့်စွက်​ပေး​တော်​မူ​၏။ ဤ​တွင် အာဟာရ​ပြည့်ဝသော​အစာ ကျွေးမွေးခြင်း​ပါဝင်​သည်။ ဘုရင်​ဒါဝိဒ်​ဤသို့​ရေးသားခဲ့​၏– “ခပ်သိမ်း​သော​သတ္တဝါ​တို့သည် [ယေဟောဝါ] ကို​မျှော်ကြည့်​ကြ​၍ အချိန်တန်​မှ သူတို့ကို​ကျွေးမွေး​တော်​မူ​၏။ လက်တော်ကို​ဖွင့်​၍ အသက်ရှင်​သော​သတ္တဝါ​အပေါင်း​တို့ကို ရောင့်ရဲ​စေတော်မူ​၏။” (ဆာလံ ၁၄၅:၁၅၊ ၁၆) ဘေးဆိုး​ကျရောက်ချိန်​၌​ပင် ကိုယ်တော်​အား​တည်ကြည်သော​သူတို့သည် “အသက်မွေး​လောက်​သော​အစာ” ရရှိရန် ယေဟောဝါ စီစဉ်​ပေး​နိုင်​တော်​မူ​၏။—လုကာ ၁၁:၃; ၁၂:၂၉၊ ၃၀

၁၃ “အသက်ရှင်​သော​သတ္တဝါ​အပေါင်း” တို့သည် ကျေနပ်​ရောင့်ရဲ​ရ​လိမ့်​မည်​ဟု ဒါဝိဒ်​ဖော်ပြ​ခဲ့​၏။ ထို​တွင် တိရစ္ဆာန်​များလည်း ပါဝင်​ပေ​သည်။ ကမ္ဘာ​မြေကြီး​၏ စားသုံး​သီးနှံများ​နှင့် ပင်လယ်ရေ​အောက် အပင်များ​သာ ပေါများ​စွာ မ​ပေါက်ရောက်​နေလျှင် ပင်လယ်ရေ​သတ္တဝါများ၊ ငှက်​များနှင့် ကုန်း​သတ္တဝါများ အသက်ရှူ​စ​ရာ အောက်​စီ​ဂျင်​နှင့် စားစရာ​အစာ ရှိ​ပေ​လိမ့်​မည်​မဟုတ်​ချေ။ (ဆာလံ ၁၀၄:၁၄) သို့ရာတွင်၊ သတ္တဝါ​အပေါင်း​သည် ရှိရှိသမျှ​လိုအပ်ရာ​များ ဖြည့်ဆည်း​ခံရ​စေရန် ယေဟောဝါ​စီမံ​ပေး​တော်​မူ​၏။

၁၄၊ ၁၅။ ယနေ့ ဝိညာဉ်​အစာကို မည်သို့​စီမံ​ပေး​နေသနည်း။

၁၄ တိရစ္ဆာန်​များနှင့်​မတူဘဲ၊ လူတို့သည် ဝိညာဉ်​ရေး​လိုအပ်ရာ​ရှိ၏။ (မဿဲ ၅:၃) ယေဟောဝါ​သည် မိမိ​အပေါ်​တည်ကြည်သူ​တို့၏ ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို အလွန်​ကောင်းမွန်​စွာ ဖြည့်ဆည်း​ပေး​တော်​မူ​သည်! ယေရှု​မသေဆုံးမီ မိမိ၏​နောက်လိုက်​များ​ကို “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” အားဖြင့် ဝိညာဉ်​ရေးရာ ‘အချိန်တန်​အစာ’ ကျွေးမွေး​မည်​ဟု ကတိပြု​ခဲ့​၏။ (မဿဲ ၂၄:၄၅သ​မ) ယနေ့ အဆိုပါ​ကျွန်​အတန်းအစား​တွင် ဝိညာဉ်​တော်​ဖွား​၁၄၄,၀၀၀မှ​အကြွင်းအကျန်​တို့ ပါဝင်​သည်။ ယေဟောဝါ​သည် သူတို့​မှ​တစ်ဆင့် ဝိညာဉ်​အစာကို အလျှံပယ်​ကျွေးမွေး​နေ​တော်​မူ​၏။

၁၅ ဥပမာ​အနေ​နှင့်၊ ယေဟောဝါ​၏​လူမျိုးတော်​အများစု​သည် မိမိတို့၏​ကိုယ်ပိုင်​ဘာသာ​စကား​ဖြင့် ပြန်ဆို​ထား​သည့် သစ်လွင်​တိကျသော ဘာသာပြန်​ကျမ်းစာ ရရှိ​ထား​၍ ယခု အကျိုးများစွာ​ခံစား​နေကြ​ရပြီ။ ကမ္ဘာသစ်​ဘာသာပြန် သမ္မာကျမ်းစာ​သည် ထူးမြတ်​သော ကောင်းချီး​တစ်ရပ်​ဖြစ်သည်! ထို့​ပြင်၊ ကျမ်းစာ​လေ့လာ​ရန် အထောက်အကူ​ပြု စာအုပ်စာတမ်း သန်းနှင့်ချီ​တို့ကို ဘာသာ​စကား​ပေါင်း ၃၀၀ ကျော်​ဖြင့် ဆက်လက်​ထုတ်ဝေ​လျက်​ရှိ၏။ ဤ​ဝိညာဉ်​အစာ​အားလုံး​သည် ကမ္ဘာ​အနှံ့အပြား​ရှိ စစ်မှန်သော​ဝတ်ပြုသူ​တို့အတွက် ကောင်းချီး​တစ်ရပ်​ဖြစ်​ခဲ့ပြီ။ ဤ​အရာအားလုံး​အတွက် မည်​သူ့ကို ဂုဏ်ပြု​ထိုက်​သနည်း။ ယေဟောဝါ​ဘုရားသခင်​သာ​တည်း။ ကိုယ်တော်​၏ အလွန်​ကြွယ်ဝသော ချစ်ခင်​ကြင်နာ​မှု​ဖြင့် ကိုယ်တော်​သည် ကျေးကျွန်​အတန်းအစား​ကို ‘အချိန်တန်​အစာ’ ကျွေးမွေး​ရန် စီမံ​နေ​စေတော်မူ​၏။ ထိုသို့​သော​စီမံ​ပေး​မှု​တို့​ဖြင့် မျက်မှောက်ခေတ် ဝိညာဉ်​ရေး​ပရဒိသု​တွင်​ရှိ “အသက်ရှင်​သော​သတ္တဝါ​အပေါင်း” ကို​ရောင့်ရဲ​စေတော်မူ​ခဲ့ပြီ။ ဤကမ္ဘာ​မြေကြီး ပကတိ​ပရဒိသု​ဖြစ်သွား​သည်ကို မကြာမီ​တွေ့မြင်​ရတော့မည်​ဖြစ်၍ ယေဟောဝါ​၏​ကျေးကျွန်​များ အလွန်​ဝမ်းမြောက်နေ​ကြသည်​တကား!—လုကာ ၂၃:၄၂၊ ၄၃

၁၆၊ ၁၇။ (က) အချိန်တန်​ဝိညာဉ်​အစာ​နှင့်​ပတ်သက်​၍ အဘယ်​နမူနာ​များ​ရှိ​သနည်း။ (ခ) စာတန်​ဖြစ်ပေါ်​စေ​ခဲ့​သည့် အဓိက​အ​ကျဆုံး အရေးကိစ္စ​နှင့်​စပ်လျဉ်း၍ ဘုရားသခင်​အပေါ်​တည်ကြည်သူ​တို့၏ ခံစားချက်​များ​ကို ဆာလံ ၁၄၅ က မည်သို့​ဖော်ပြ​သနည်း။

၁၆ အချိန်တန်​ရရှိခဲ့​သည့် ဝိညာဉ်​အစာ​နှင့်​ပတ်သက်​၍ ထူးခြားသော​နမူနာ​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ ၁၉၃၉ ခုနှစ်​တွင် ဥရောပ​၌ ဒုတိယ​ကမ္ဘာ​စစ် စတင်​ဖြစ်ပွား​ခဲ့​သည်။ အဆိုပါ​နှစ်​တွင်​ပင် နိုဝင်ဘာ ၁ ရက်​နေ့​ထုတ် ကင်းမျှော်စင်​၌ “ကြားနေ​ခြင်း” ဟု ခေါင်းစဉ်​တပ်ထား​သော ဆောင်းပါး​တစ်ပုဒ်​ပါ​လာ​သည်။ ရှင်းလင်း​ပြတ်သား​စွာ ရေးသား​ဖော်ပြ​ထားသော​ကြောင့် ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် စစ်မက်​ဖြစ်ပွား​နေသည့်​နိုင်ငံ​များ​၏ လှုပ်ရှားမှုများ​တွင်​မပါဝင်ဘဲ လုံးလုံး​ကြားနေ​ကြဖို့​လို​ကြောင်း သဘောပေါက်​လာ​ကြ​၏။ ယင်းကြောင့် ထို​ခြောက်​နှစ်​ကြာ​စစ်ပွဲ​တွင် ပါဝင်​တိုက်ခိုက်​ခဲ့​ကြ​သည့် နှစ်ဖက်စလုံး​မှ အစိုးရ​များ​၏​အမျက်​ကို သူတို့​ခံ​ခဲ့​ကြ​ရသည်။ ဘုရားသခင်​အပေါ် တည်ကြည်သော​သူတို့သည် ပိတ်ပင်​ခံရ၊ နှိပ်စက်​ညှဉ်းပန်း​ခံရ​ကြ​ငြား ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဆက်၍​ဟောပြောနေကြ​သည်။ ၁၉၃၉ ခုနှစ်​မှ ၁၉၄၆ ခုနှစ်​အထိ သူတို့သည် အံ့သြ​လောက်​အောင် ၁၅၇ ရာခိုင်နှုန်း တိုးတက်လာ​သည့်​ကောင်းချီး​ကို ခံစား​ခဲ့​ကြ​ရသည်။ ထို့​ပြင်၊ အဆိုပါ​စစ်ပွဲ​အတွင်း သူတို့သည် ထူးခြား​စွာ တည်ကြည်​ဖြောင့်မတ်​ခဲ့​ကြသော​ကြောင့် စစ်မှန်သော​ဘာသာ​ကို လူ​တို့ ခွဲခြား​သိမြင်​လာနိုင်​ခဲ့​ကြသည်။—ဟေရှာယ ၂:၂-၄

၁၇ ယေဟောဝါ​စီမံ​ပေး​တော်​မူ​သည့် ဝိညာဉ်​အစာ​သည် အချိန်တန်​အစာ​ဖြစ်​ရုံ​မ​က အလွန်​ကျေနပ်ဖွယ်​ကောင်း​လှ​ပေ​သည်။ ဒုတိယ​ကမ္ဘာ​စစ်​အတွင်း နိုင်ငံ​အများ​က အကြီးအကျယ်​စစ်တိုက်​နေကြ​စဉ် ယေဟောဝါ​၏​လူမျိုးတော်သည် မိမိတို့​ဘေးလွတ်​ရေး​ထက် ပို​၍​အရေးကြီး​သည့်​ကိစ္စ​ကို အဓိက​ထား​အာရုံစိုက်ရန် ကူညီ​ပေး​ခံ​ခဲ့​ရသည်။ စကြဝဠာ​တစ်ခွင် အဓိက​အ​ကျဆုံး​အရေးကိစ္စမှာ ယေဟောဝါ​၏​တော်မှန်​သော အကြွင်းမဲ့​ပိုင်သ​အုပ်စိုးခွင့်​ဖြစ်​ကြောင်း သူတို့ကို ယေဟောဝါ​နားလည်စေ​တော်​မူ​ခဲ့​၏။ ယေဟောဝါသက်သေ​တစ်ဦးချင်း​စီ​သည် မိမိတို့၏​တည်ကြည်မှု​ဖြင့် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးခွင့်​ကို သံသယ​ကင်းရှင်း​စေ​ရေး​နှင့် စာတန်​သည် မုသာကောင်​ဖြစ်​ကြောင်း သက်သေထူ​ခွင့်​ရ​ရေး​တွင် အနည်း​အကျဉ်း​ပါဝင်​နိုင်​သဖြင့် အလွန် စိတ်​ကျေနပ်​ကြ​ရသည်​တကား! (သု. ၂၇:၁၁) ယေဟောဝါ​အားသာ​မ​က ကိုယ်တော်​၏​အုပ်ချုပ်နည်း​ကို​ပါ အပုပ်ချ​သူ စာတန်​နှင့်​မတူဘဲ ယေဟောဝါ​အပေါ်​တည်ကြည်သူ​တို့​က “[ယေဟောဝါ] သည် နည်းလမ်းတော်​ရှိသမျှ​၌ ဖြောင့်မတ် ... တော်​မူ​၏” ဟူ၍ လူအများရှေ့ ဆက်လက်​ကြွေးကြော်​နေကြ​ပေ​သည်။—ဆာလံ ၁၄၅:၁၇သမ္မာ။

၁၈။ မကြာသေးမီ​က​ပင် အလွန်​ကျေနပ်​ရောင့်ရဲ​စေသည့် အချိန်တန်​ဝိညာဉ်​အစာ​ရခဲ့​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​နမူနာ​ရှိ​သနည်း။

၁၈ ကျေနပ်​ရောင့်ရဲ​စေသည့် အချိန်တန်​ဝိညာဉ်​အစာ​၏ အခြား​နမူနာ​တစ်ခု​မှာ ၂၀၀၂/၀၃ ခုနှစ်​အတွင်း ကမ္ဘာ​တစ်ဝန်း ကျင်းပ​ခဲ့​သည့် “ထက်သန်​သော [ဘုရားသခင့်]နိုင်ငံတော်​ကြွေးကြော်​သူများ” ခရိုင်​စည်းဝေးကြီး ရာ​နှင့်​ချီ​တွင် ထုတ်ဝေ​ခဲ့​သည့် ယေဟောဝါ​ထံ​ချဉ်းကပ်​လော့​စာအုပ်​ဖြစ်သည်။ “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” စီရင်​ရေးသား​ပြီး ယေဟောဝါသက်သေ​များ ထုတ်ဝေ​ခဲ့​သည့် ဤ​စာအုပ်​သည် ဆာလံ ၁၄၅ တွင်​ဖော်ပြ​ထား​သည့် အရည်အသွေးများ​အပါအဝင် ယေဟောဝါ​ဘုရားသခင်​၏ အံ့ချီးဖွယ်​အရည်အသွေး​တော်​များ​ကို အထူး​အာရုံစိုက်​စေ​သည်။ ဤ​ထူးခြား​ကောင်းမွန်​လှ​သော​စာအုပ်​သည် ဘုရားသခင်​အား​တည်ကြည်သူ​တို့ကို ကိုယ်တော့်​ထံ ပို​၍​နီးကပ်​စွာ​ချဉ်းကပ်​နိုင်​စေဖို့ အရေးကြီး​ကဏ္ဍ​မှ ကူညီ​ပေး​ပါ​လိမ့်​မည်။

ယေဟောဝါ​ထံ​ချဉ်းကပ်​ရမည့်​အချိန်

၁၉။ အပြီး​အပြတ်​ပြုလုပ်​ရမည့် အဘယ်​အချိန် နီးကပ်​လာပြီ​နည်း၊ ယင်းကို ကျွန်ုပ်​တို့​မည်သို့ ကိုင်တွယ်​ဖြေရှင်း​နိုင်​မည်​နည်း။

၁၉ ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးခွင့်​နှင့်​ပတ်သက်​သည့် အရေးကိစ္စကို အပြီး​အပြတ်​ဖြေရှင်း​ရမည့်​အဆင့် နီးကပ်​လျက်​လာ​နေပြီ။ ယေဇကျေလ အခန်းကြီး ၃၈ တွင် ကြို​ဟောထား​သည့်​အတိုင်း စာတန်​သည် “မာဂေါဂ​ပြည်သား ဂေါဂ​မင်း” အဖြစ် သူ၏​အခန်းကဏ္ဍ​ကို မကြာမီ အပြီး​ဆောင်ရွက်​တော့​မည်။ ထို​တွင် ယေဟောဝါ​၏​လူမျိုးတော်ကို ကမ္ဘာချီ​တိုက်ခိုက်​ခြင်း ပါဝင်​လိမ့်​မည်။ ဘုရားသခင်​အား​တည်ကြည်သူ​တို့သည် သူတို့၏ သစ္စာ​စောင့်သိ​ခြင်း​ကို ဆက်​မထိန်း​တော့​ဘဲ ချိုးဖျက်​လိုက်​စေရန် စာတန်​မီးကုန်ယမ်းကုန်​ကြိုးပမ်း​ပေ​လိမ့်​မည်။ ထို​အခါ ယေဟောဝါ​အား​ဝတ်ပြုသူ​တို့သည် တစ်ခါ​နှင့်​မျှ​မတူ​အောင် ကိုယ်တော့်​ထံ အားတက်သရော​အကူအညီ​တောင်းခံ​ဖို့​လို​သည်။ ဘုရားသခင်​ကို သူတို့​ရိုသေ​ခန့်ညား​ခြင်း၊ ကိုယ်တော်​ကို သူတို့​ချစ်​မြတ်နိုးခြင်း​သည် အချည်းနှီး​ဖြစ်သွား​မည်​လော။ လုံးဝ​ဖြစ်​မည်​မဟုတ်၊ အကြောင်း​မှာ ဆာလံ ၁၄၅ က ဤသို့​ဆို​သည်– “[ယေဟောဝါ] သည် ဟစ်ခေါ်​သူအပေါင်း၊ [စစ်မှန်​မှု] နှင့်​ဟစ်ခေါ်​သူအပေါင်း​တို့ အနီးအပါး​၌​ရှိ​တော်​မူ​၏။ ကြောက်ရွံ့​ရိုသေ​သော​သူတို့၏ အလိုကို​ပြည့်စုံ​စေ​လျက် မစခြင်း​ခံရန် သူတို့၏​အော်ဟစ်​ခြင်း​ကို​ကြား​၍ ကယ်လွှတ်​တော်​မူ​၏။ [ယေဟောဝါ] သည် ကိုယ်တော်​ကို​ချစ်သော​သူအပေါင်း​တို့အား ကြည့်ရှု​စောင်မ​တော်​မူ​၏။ ဆိုးသော​သူအပေါင်း​တို့ကို​မူ​ကား ဖျက်ဆီး​တော်​မူ​၏။”—ဆာလံ ၁၄၅:၁၈-၂၀သမ္မာ။

၂၀။ ဆာလံ ၁၄၅:၁၈-၂၀ ပါ​စကား​များ စစ်မှန်​ကြောင်း မည်သို့​ထင်ရှား​လာ​သနည်း။

၂၀ ဆိုးယုတ်​သော​သူ​ရှိရှိသမျှကို ယေဟောဝါ​ဖျက်ဆီး​တော်​မူ​သောအခါ ကျွန်ုပ်​တို့​အနီး​တွင်​ကိုယ်တော်​ရှိကြောင်း​သိရ​ပြီး ကိုယ်တော်​၏​ကယ်တင်​နိုင်စွမ်း​ကို တွေ့မြင်​ရသည့်​အခါ မည်မျှ​ပီတိဖြာ​စ​ရာ​ကောင်း​လိုက်​မည်​ဖြစ်​ခြင်း! အဆိုပါ​အရေးကြုံ​သည့်​အခါ ယေဟောဝါ​သည် “စစ်မှန်​မှု​နှင့်​ဟစ်ခေါ်​သူ” တို့၏​အော်ဟစ်​ခြင်း​ကို​သာ အမှန်​ကြား​ပေ​လိမ့်​မည်။ သူတော်ကောင်း ယောင်ဆောင်​သူတို့၏ ဟစ်ခေါ်​သံ​ကို ကိုယ်တော်​ဂရုပြု​လိမ့်​မည်​မဟုတ်။ ကိုယ်တော်​၏​နာမတော်​ကို ဆိုးယုတ်သူ အချိန်​ကပ်​မှ​ဟစ်ခေါ်​ခြင်း​သည် အချည်းနှီးသာ​ဖြစ်​ကြောင်း ကျမ်းစာ​က ရှင်းရှင်းလင်းလင်း​ဖော်ပြ​ထား​သည်။—သု. ၁:၂၈၊ ၂၉; မိက္ခာ ၃:၄; လုကာ ၁၃:၂၄၊ ၂၅

၂၁။ ယေဟောဝါ​အား​တည်ကြည်သူ​တို့သည် မြင့်မြတ်​သော​နာမတော်​ကို နှစ်ထောင်း​အားရ​အသုံးပြု​ကြ​ကြောင်း မည်သို့​ဖော်ပြ​ကြ​သနည်း။

၂၁ ယေဟောဝါ​အား​ကြောက်ရွံ့​သူတို့သည် ယခု တစ်ကြိမ်​တစ်ခါ​နှင့်​မျှ​မတူ​အောင် “စစ်မှန်​မှု​နှင့် ဟစ်ခေါ်” ရမည့်​အချိန်​ဖြစ်၏။ ကိုယ်တော်​အား​တည်ကြည်သူ​တို့သည် ဆုတောင်းရာ​တွင်​လည်းကောင်း၊ အစည်းအဝေး​များ​၌ မှတ်ချက်များ​ပေး​ရာ​တွင်​လည်းကောင်း ကိုယ်တော်​၏​နာမတော်​ကို အသုံးပြုရန် နှစ်ထောင်း​အားရ​ဖြစ်​ခဲ့​ကြသည်။ အချင်းချင်း​စကားဝိုင်း​ဖွဲ့ ပြောဆို​ကြ​သည့်​အခါလည်း မြင့်မြတ်​သော​နာမတော်​ကို သူတို့​ထည့်​ပြောဆို​ကြ​၏။ ထို့​ပြင် လူအများရှေ့ ဓမ္မ​အမှုဆောင်ချိန်​တွင်​လည်း ယေဟောဝါ​၏​နာမတော်​ကို သူတို့​ရဲရင့်စွာ​ကြေညာ​ကြသည်။—ရောမ ၁၀:၁၀၊ ၁၃-၁၅

၂၂။ လောက​စိတ်သဘောထား​များနှင့် လိုအင်ဆန္ဒ​များ​ကို ဆက်၍​ခုခံ​တွန်းလှန်​နေဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

၂၂ ယေဟောဝါ​ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ခြင်း​မှ ကျွန်ုပ်​တို့​ဆက်လက်​အကျိုး​ခံစားရ​ရန် ဝိညာဉ်​ရေး​ကို​ထိခိုက်​သည့် ရုပ်ပစ္စည်း​လိုက်စားမှု၊ အကျိုး​မပေး​သည့်​ဖျော်ဖြေမှု၊ ခွင့်​မလွှတ်​တတ်​သည့်​စိတ်ထား၊ သို့​မဟုတ် လိုအပ်​နေ​သူများကို လျစ်လျူရှု​ခြင်း​အစ​ရှိသည်​တို့ကို ဆက်၍​ခုခံ​တွန်းလှန်​နေ​ရန်​လည်း အလွန်​အရေးကြီး​လှ​ပေ​သည်။ (၁ ယောဟန် ၂:၁၅-၁၇; ၃:၁၃-၁၇) အကယ်၍ ထိုသို့​သော​စရိုက်​များနှင့် လိုက်စားမှု​များ​ကို မ​ပြုပြင်​ပါ​က ယင်း​တို့သည် ကြီး​လေး​သော​အပြစ် ကျူးလွန်​သော​အကျင့်​ဖြစ်​စေနိုင်​ပြီး နောက်ဆုံး​တွင် ယေဟောဝါ​၏​မျက်နှာသာတော် ဆုံးရှုံး​ရ​ပေ​လိမ့်​မည်။ (၁ ယောဟန် ၂:၁၊ ၂; ၃:၆) ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့​ဆက်​တည်ကြည်​နေ​မှ​သာ ကျွန်ုပ်​တို့ကို ချစ်ခင်​ကြင်နာ​မှု၊ သို့​မဟုတ် တည်ကြည်သော​မေတ္တာ ဆက်၍​ပြတော်မူ​မည်​ဟု စိတ်စွဲ​မှတ်ထားခြင်းက ပညာရှိ​လမ်းစဉ်​ဖြစ်သည်။—၂ ဓမ္မ​ရာဇဝင် ၂၂:၂၆

၂၃။ ဘုရားသခင်​အပေါ်​တည်ကြည်သူ​အားလုံး အဘယ်​ထူးမြတ်​သည့်​အနာဂတ်​ကို စောင့်စား​နေကြ​သနည်း။

၂၃ ထို့​ကြောင့်​ယေဟောဝါ​အပေါ်​တည်ကြည်သူ​အားလုံး မျှော်လင့်​စောင့်စား​နေကြ​သည့် ထူးမြတ်​သော​အနာဂတ်​ကို အဓိက​အာရုံစိုက်​ကြပါစို့။ ထိုသို့​ပြုခြင်း​ဖြင့် ယေဟောဝါ​အား “နေ့တိုင်း​အစဉ်” နှင့် “ကာလ​အစဉ်အဆက်” ကောင်းချီး​ပေး၍​ထောမနာပြု​ကာ ချီးမြှောက်​ကြ​မည့်​သူတို့တွင် ပါဝင်ခွင့်​ရသည့် ဝမ်းသာစရာ​အလားအလာ ရှိ​ပေ​လိမ့်​မည်။ (ဆာလံ ၁၄၅:၁၊ ၂သမ္မာ) ထို့​ကြောင့် ကျွန်ုပ်​တို့သည် ‘ထာဝရ​အသက်​ရ​ရန် ... ဘုရားသခင်​၏​ချစ်ခြင်း​မေတ္တာ​၌ ကိုယ်ကို​စောင့်ရှောက်​၍’ နေကြ​စို့။ (ယုဒ ၂၀၊ ၂၁သမ္မာ) ကိုယ်တော်​အား​ချစ်​မြတ်နိုးသူ​တို့ကို ကိုယ်တော်​ပြသ​သည့် ကြီးမားသော​ချစ်ခင်​ကြင်နာ​မှု​အပါအဝင် ကောင်းကင်​ခမည်းတော်​၏ ထူးမြတ်​သော​အရည်အသွေး​တော်​အကျိုးကို ကျွန်ုပ်​တို့​ဆက်ခံစား​နေကြ​ရ​စဉ် ကျွန်ုပ်​တို့၏​သဘောထား​သည် ဆာလံ ၁၄၅ ပါ နောက်ဆုံး​စကား​များ​တွင် ဒါဝိဒ်​ဖော်ပြ​ခဲ့​သည့် သဘောထား​အတိုင်း အမြဲ​ဖြစ်နေ​ပါ​လေ​စေ။ “[ယေဟောဝါ] ကို​ချီးမွမ်း​လျက် ငါ​မြွက်ဆို​မည်။ ခပ်သိမ်း​သော​လူတို့သည် သန့်ရှင်းသော​နာမတော်​ကို ကမ္ဘာ​အဆက်ဆက်​ကောင်းချီး​ပေး​ကြ​စေ။”—ဆာလံ ၁၄၅:၂၁

သင်​မည်သို့​ဖြေဆို​မည်​နည်း

ဆာလံ ၁၄၅ က ဘုရားသခင်​အား​တည်ကြည်သူ​တို့ကို မည်သို့ ခွဲခြား​သိမြင်​စေ​သနည်း။

‘အသက်ရှင်​သော​သတ္တဝါ​အပေါင်း’ ကို ယေဟောဝါ​မည်သို့ ‘ကျေနပ်​ရောင့်ရဲ’ စေတော်မူ​သနည်း။

ယေဟောဝါ​ထံ ကျွန်ုပ်​တို့​အဘယ်ကြောင့် ချဉ်းကပ်​ဖို့​လို​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဘုရားသခင်​အား​တည်ကြည်သူ​တို့သည် ကိုယ်တော်​၏​တန်ခိုး​ပါ​သော လုပ်ရပ်များ​ကို အားရ​ဝမ်းသာ ဆွေးနွေး​ပြောဆို​ကြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​ကျေးကျွန်​များသည် သူစိမ်း​များ​ကို ကိုယ်တော်​၏​မင်းရိုက်ရာ ဘုန်း​ကျက်သရေ​အကြောင်း​သိရှိ​စေရန် ရဲရင့်စွာ​ကူညီ​ပေး​ကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် “အသက်ရှင်​သော​သတ္တဝါ​အပေါင်း” အတွက် အစားအစာ​စီမံ​ပေး

[Credit Line]

Animals: Parque de la Naturaleza de Cabá​rceno

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် မိမိ​ထံ​ဆုတောင်း၍ အကူအညီ​တောင်းခံ​သော တည်ကြည်သူ​တို့ကို ခွန်အား​နှင့် လမ်းညွှန်မှု​ပေး