မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ ကြီးမြတ်မှုကို စစ်၍မကုန်နိုင်

ယေဟောဝါ၏ ကြီးမြတ်မှုကို စစ်၍မကုန်နိုင်

ယေဟောဝါ​၏ ကြီးမြတ်မှု​ကို စစ်၍​မကုန်နိုင်

“[ယေဟောဝါ] သည်​ကြီးမြတ်​၍ အလွန်​ချီးမွမ်းဖွယ်​ဖြစ်​တော်​မူ​၏။ ကြီးမြတ်​တော်​မူ​ခြင်း​ကို စစ်၍​မကုန်နိုင်။”—ဆာလံ ၁၄၅:၃

၁၊ ၂။ ဒါဝိဒ်​သည် အဘယ်​သို့​သော​လူစားမျိုး​ဖြစ်​ပြီး ဘုရားသခင်​ရှေ့ သူ့ကိုယ်သူ မည်သို့​ရှုမြင်ခဲ့​သနည်း။

ဆာလံ ၁၄၅ ကို စပ်ဆို​သူ​မှာ သမိုင်း​တွင် နာမည်​ကျော်ကြား လူသိ​များသော​ပုဂ္ဂိုလ်​တစ်ဦး​ဖြစ်၏။ သူ ငယ်ရွယ်စဉ်​က လက်နက်ကိုင် ဧရာမ​လူထွားကြီး​တစ်ဦး​ကို ရင်ဆိုင်​ပြီး သတ်ပစ်ခဲ့​၏။ အဆိုပါ​ဆာလံဆရာ​သည် စစ်သူရဲ-ဘုရင်​တစ်ပါး​ဖြစ်​ပြီး ရန်သူ​အမြောက်အမြား​ကို နှိမ်နင်း​နိုင်​ခဲ့​သည်။ ထို​သူ၏​အမည်​မှာ ဒါဝိဒ်​ဖြစ်​ပြီး ရှေး​ဣသရေလ​တိုင်းပြည်​၏ ဒုတိယ​မြောက်​ရှင်ဘုရင်​ဖြစ်သည်။ ဒါဝိဒ်​သေ​ပြီး​နောက်ပိုင်း​တွင်​လည်း သူ၏​ဂုဏ်​သတင်း​မွှေး​ကျန်​ခဲ့​ရာ ယနေ့ သန်းနှင့်ချီ​သော​သူတို့​ပင် သူ့​အကြောင်း အနည်းဆုံး တစ်စုံတစ်ရာ​သိရှိ​ကြ​လေ​သည်။

ဒါဝိဒ်​သည်​အောင်မြင်မှု​များစွာ​ရရှိခဲ့​သော်လည်း သူ့ကိုယ်သူ နှိမ့်ချစွာ ရှုမြင်ခဲ့​၏။ ယေဟောဝါ​အား​ရည်ညွှန်း​၍ သူ​ဤသို့​သီဆို​ခဲ့​၏–“လက်ညှိုးတော်​အလုပ်​တည်း​ဟူသော ကိုယ်တော်​၏​မိုးကောင်းကင်ကို​လည်းကောင်း၊ ပြင်ဆင်​တော်​မူ​သော​လ​နှင့် ကြယ်​များ​ကိုလည်း​ကောင်း အကျွန်ုပ်​ဆင်ခြင်​သော်၊လူသည် အဘယ်​သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည်​အောက်မေ့​တော်​မူ​ရသနည်း။ လူသား​သည်​အဘယ်​သို့​သော​သူ​ဖြစ်၍ အကြည့်​အ​ရှု​ကြွလာ​တော်​မူ​ရသနည်း။” (ဆာလံ ၈:၃၊ ၄) သူ့ကိုယ်သူ ကြီးမြတ်​သည်​ဟု ယူဆ​မည့်​အစား ယေဟောဝါ​ကြောင့်​သာ ရန်သူ​အပေါင်း​၏​လက်​မှ မိမိ​လွတ်မြောက်​ခဲ့​ကြောင်း အသိအမှတ်ပြု​ကာ “ကိုယ်တော်​သည် ကယ်တင်​တော်​မူ​ခြင်း​ဒိုင်းလွှား​ကို​အပ်​၍၊ [နှိမ့်ချ] တော်​မူ​ခြင်း​အားဖြင့် အကျွန်ုပ်သည် ချီးမြှောက်​ခြင်း​သို့​ရောက်​ပါ​၏” ဟု ဘုရားသခင်​အကြောင်း​ပြောဆို​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၂၂:၁၊ ၂၊ ၃၆) ယေဟောဝါ​သည် နှိမ့်ချ​တော်​မူ​သဖြင့် အပြစ်သားများကို သနား​ကြင်နာ​မှု​ပြ​ခြင်း​ဖြစ်သည်၊ ဘုရားသခင်​၏ ဤ​မခံစားထိုက်သော​ကျေးဇူးတော်​ကို ဒါဝိဒ်​အထူး​လေးမြတ်​ခဲ့​လေ​သည်။

‘အကျွန်ုပ်၏​ရှင်ဘုရင် ဘုရားသခင်​ကို ငါ​ချီးမြှောက်​မည်’

၃။ (က) ဣသရေလ​ရှင်ဘုရင်​အရိုက်အရာ​အပေါ် ဒါဝိဒ်​ရှုမြင်ချက်​ကား အဘယ်နည်း။ (ခ) ယေဟောဝါ​အား အဘယ်​အတိုင်းအတာ​အထိ ဒါဝိဒ်​ချီးမွမ်း​လို​ခဲ့​သနည်း။

ဒါဝိဒ်​သည် ဘုရားသခင်​ခန့်အပ်​ထား​သည့် ရှင်ဘုရင်​ဖြစ်သော်လည်း ယေဟောဝါ​အား စစ်မှန်သော ဣသရေလ​ရှင်ဘုရင်​အဖြစ် သူ​ရှုမြင်ခဲ့​သည်။ ဒါဝိဒ်​ဤသို့​ဆို​ခဲ့​သည်– “အို [ယေဟောဝါ]၊ ကိုယ်တော်​သည် အစိုးရ​တော်​မူ​ပါ​၏။ ခပ်သိမ်း​သော​သူတို့​အထွတ်၊ အမြင့်မြတ်ဆုံး​ဖြစ်​တော်​မူ​ပါ​၏။” (၁ ရာဇဝင်ချုပ် ၂၉:၁၁သမ္မာ) ထို့​အပြင် ဒါဝိဒ်​သည် ဘုရားသခင်​၏ အုပ်စိုးရှင်​အရာ​ကို အမှန်တကယ် တန်ဖိုး​ထား​လေးမြတ်​ခဲ့​သည်​တကား! ‘အကျွန်ုပ်၏​ရှင်ဘုရင် ဘုရားသခင်​ကို ငါ​ချီးမြှောက်​မည်။ ကာလ​အစဉ်အဆက်​နာမတော်​ကို ကောင်းချီး​ပေး​ပါ​မည်။ ကိုယ်တော်​ကို နေ့တိုင်း​အစဉ်​ကောင်းချီး​ပေး​ပါ​မည်။ နာမတော်​ကို ကာလ​အစဉ်အဆက်​ချီးမွမ်း​ပါ​မည်’ ဟု သူ​သီဆို​ခဲ့​၏။ (ဆာလံ ၁၄၅:၁၊ ၂) ဒါဝိဒ်​သည် ယေဟောဝါ​ဘုရားသခင်​အား တစ်နေ့လုံး၊ ထာဝရ​ကာလပတ်လုံး ချီးမွမ်း​ရန် အလိုဆန္ဒ​ရှိခဲ့​သည်။

၄။ အဘယ်​အဆို​များသည် မှားယွင်း​ကြောင်း ဆာလံ ၁၄၅ က ဖော်ထုတ်​သနည်း။

ဘုရားသခင်​သည် မိမိ​ဖန်ဆင်း​ထား​ရာ​သတ္တဝါ​တို့ကို လွတ်လပ်ခွင့်​မပေး၊တစ်ကိုယ်ကောင်း​ဆန်​သော အုပ်စိုးရှင်​ဖြစ်၏​ဟူ​သည့် စာတန့်​အဆိုကို ဆာလံ ၁၄၅ က ထိရောက်​စွာ​ချေပ​ထား​သည်။ (ကမ္ဘာဦး ၃:၁-၅) ထို့​ပြင် လူတို့သည် ဘုရားသခင်​ကို ချစ်၍​မဟုတ်ဘဲ အကျိုး​ရ​၍​သာ နာခံကြ​သည်​ဟူသော စာတန့်လိမ်လည်မှု​ကို ဤ​ဆာလံ​က ဖော်ထုတ်​သည်။ (ယောဘ ၁:၉-၁၁; ၂:၄၊ ၅) ဒါဝိဒ်​ကဲ့သို့​ပင် ယနေ့​စစ်မှန်သော​ခရစ်ယာန်​များသည် စာတန်​၏​မတရား​စွပ်စွဲချက်​များ​ကို ချေပ​နေကြ၏။ သူတို့သည် ယေဟောဝါ​အား ထာဝရ​ကာလပတ်လုံး ချီးမွမ်း​လို​ကြ​ရာ ဘုရားသခင့်​နိုင်ငံတော်​အောက် ထာဝစဉ်​အသက်ရှင်​ရမည့် မျှော်လင့်ချက်ကို တန်ဖိုး​ထား​ကြသည်။ ယခု​ပင် သန်းပေါင်း​များစွာသော​သူတို့သည် ယေရှု၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်ကို ယုံကြည်​ကြောင်း တင်ပြခြင်း​အားဖြင့်၊ ကိုယ်တော်​၏​ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ပြီး​သော ဝတ်ပြုသူ​များ​အဖြစ် မေတ္တာ​အပြည့်အဝ​နှင့် နှိမ့်ချစွာ ယေဟောဝါ​၏​အမှုတော်ကို ထမ်းဆောင်​ကြ​ခြင်း​အားဖြင့် ထိုသို့​ပြု​နေကြပြီ။—ရောမ ၅:၈; ၁ ယောဟန် ၅:၃

၅၊ ၆။ ယေဟောဝါ​အားကောင်း​ချီး​ပေး၍ ချီးမွမ်း​ရန် အဘယ်​အခွင့်အရေး​များ​ရှိ​သနည်း။

ကိုယ်တော်​၏​ကျေးကျွန်​များ​အနေ​နှင့်​ယေဟောဝါ​အား ကောင်းချီး​ပေး၍​ချီးမွမ်း​ရသည့် အခွင့်အရေး​များ​ကို စဉ်းစား​ကြည့်​ပါ။ ကိုယ်တော်​နှုတ်မြွက်​ထားသော သမ္မာကျမ်းစာ​ကို​ဖတ်ရှု​ရာ​တွင် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို အလွန်​ထိမိ​စေသည့်​အချက်​တစ်ချက် ဖတ်​လိုက်ရ​သောအခါ ဆုတောင်းခြင်း​ဖြင့် ကျေးဇူးတော်​ချီးမွမ်း​နိုင်​ကြသည်။ မိမိလူ​မျိုး​တော်​နှင့် ဘုရားသခင်​ဆက်ဆံပုံ​ကြောင့် ကျွန်ုပ်​တို့​လှုံ့ဆော်​ခံရ​သည့်​အခါ သို့​မဟုတ် ကိုယ်တော်​၏ အံ့ဖွယ်​ဖန်ဆင်း​ခြင်း​လက်ရာတော် အသွင်အပြင်​တစ်ခု​ကို​မြင်ပြီး ကျွန်ုပ်​တို့ ဘဝင်ခိုက်​မိ​သောအခါ ကျေးဇူးတော်​ချီးမွမ်း​နိုင်​ကြ​ပါ​သည်။ ထို့​ပြင် ခရစ်ယာန်​အစည်းအဝေး​များ​တွင်၊ သီးသန့်​စကားစမြည်​ပြောဆိုချိန်​တွင် ယုံကြည်သူချင်း​များ​အား ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ​အကြောင်း ဆွေးနွေး​တင်ပြ​ပြောဆို​ကြ​သည့်​အခါ ယေဟောဝါ​ဘုရားသခင်​ကို ကျွန်ုပ်​တို့​ချီးမွမ်း​နိုင်​ကြသည်။ အမှန်​မှာ၊ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​အတွက် ပြုလုပ်​သည့် “ကောင်းသော​အကျင့်” အားလုံး​သည် ယေဟောဝါ​အား ချီးမွမ်း​ဂုဏ်တင်​သည်။—မဿဲ ၅:၁၆

မကြာသေးမီ​က​ပြု​ခဲ့​သော ထို​အကျင့်ကောင်း​များ​တွင် ချို့ငဲ့​သော​နိုင်ငံ​များ​ရှိ ယေဟောဝါ​၏​လူမျိုး​အတွက် ဝတ်ပြု​ကိုးကွယ်​ရာ​နေရာများ ဆောက်လုပ်​ပေးခြင်း​ပါဝင်​၏။ ဤသို့​ပြုလုပ်​နိုင်​ရန် အခြား​နိုင်ငံ​များ​မှ ယုံကြည်သူချင်း​များ​၏ ငွေကြေး​ထောက်ပံ့မှု​အပြင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ ဆောက်လုပ်ရေး​တွင်​ပါဝင်​ရန် ထို​ဒေသ​များ​သို့ သွားရောက်​လုပ်အားပေး​နိုင်​ကြ​သည့် ခရစ်ယာန်​တချို့​၏​အကူအညီ​တို့​ဖြင့် ပြုလုပ်​ဆောင်ရွက်​နေကြ​သည်။ ကောင်းသော​အကျင့်​ရှိရှိသမျှ​တို့​တွင် အရေး​အကြီးဆုံး​မှာ ကိုယ်တော်​၏​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​ဖြင့် ယေဟောဝါ​အား ဂုဏ်တင်​ချီးမွမ်း​ခြင်း​ဖြစ်သည်။ (မဿဲ ၂၄:၁၄) ဤ​ဆာလံ​ပါ နောက်ပိုင်း​အခန်းငယ်​များ​က တင်ပြ​သည့်​အတိုင်း ဒါဝိဒ်​သည် ဘုရားသခင့်​အုပ်ချုပ်မှု​ကို ကျေးဇူး​တင်​လေးမြတ်​ခဲ့​ပြီး ကိုယ်တော်​၏​မင်းရိုက်ရာ​ကို ချီးမွမ်း​ထောမနာပြု​ခဲ့​၏။ (ဆာလံ ၁၄၅:၁၁၊ ၁၂) အသင်​လည်း ဘုရားသခင်​၏ မေတ္တာပါ​သော​အုပ်ချုပ်ရေး​ကို ထပ်တူ​ကျေးဇူး​တင်​လေးမြတ်​သလော။ ကိုယ်တော်​၏​နိုင်ငံတော်​အကြောင်း အခြား​သူများကို မှန်မှန်​ပြောပြ​ပါသလော။

ဘုရားသခင့်​ကြီးမြတ်မှု​ဆိုင်ရာ ပုံ​နမူနာ​များ

၇။ ယေဟောဝါ​အား​ချီးမွမ်း​ရခြင်း​၏ အဓိက​အကြောင်းရင်းကို​ဖော်ပြ​ပါ။

ဆာလံ​၁၄၅:၃ က ယေဟောဝါ​အား ချီးမွမ်း​ရခြင်း​၏ အဓိက​အကြောင်းရင်းကို ဖော်ပြ​သည်။ ဒါဝိဒ်​ဤသို့​သီဆို​သည်– “[ယေဟောဝါ]သည် ကြီးမြတ်​၍ အလွန်​ချီးမွမ်းဖွယ်​ဖြစ်​တော်​မူ​၏။ ကြီးမြတ်​တော်​မူ​ခြင်း​ကို စစ်၍​မကုန်နိုင်။” ယေဟောဝါ​၏​ကြီးမြတ်မှု​သည် အတိုင်းအဆမဲ့​ဖြစ်၏။ ယင်းကြောင့် လူတို့သည် ကိုယ်တော်​၏​ကြီးမြတ်မှု​ကို စစ်၍​မကုန်နိုင်၊ နားမလည်​နိုင်၊ တိုင်းတာ​၍​မရနိုင်​ချေ။ သို့သော် ယေဟောဝါ​၏ စစ်၍​မကုန်နိုင်​သော ကြီးမြတ်မှု​ပုံ​နမူနာ​အချို့​ကို ယခု သုံးသပ်ကြည့်​ခြင်း​မှ မုချ​အကျိုး​ရ​ပေ​လိမ့်​မည်။

၈။ ယေဟောဝါ​၏​ကြီးမြတ်မှု​နှင့် တန်ခိုးတော်​တို့​အကြောင်း စကြဝဠာ​က အဘယ်အရာ​ဖော်ပြ​သနည်း။

သင်သည် မြို့​ပြ​၏ ထိ​န်​ထိ​န်​ညီး​သော​အလင်းရောင်​များ​မှ ဝေးကွာ​နေ၍ တိမ်​ကင်းစင်​သော​ည​တစ်ည​ဝယ် ကောင်းကင်​သို့ မော့ကြည့်​ခဲ့​ဖူး​ချိန်​ကို ပြန်​အမှတ်ရ​ရန် ကြိုးစား​ကြည့်​ပါ။ မှောင်​မည်း​နေသည့် အာကာသ​ဟင်းလင်းပြင်​တွင် မြောက်မြား​လှ​သည့်​ကြယ်​ပြော​က်​များ​ကို တွေ့မြင်​၍ အံ့သြ​မိန်းမော​ခဲ့​သည်မဟုတ်​ပေ​လော။ အဆိုပါ​ကောင်းကင်​တန်ဆာ​ရှိရှိသမျှကို ဖန်ဆင်း​ထား​သည့် ကိုယ်တော်​၏​ကြီးမြတ်မှု​အတွက် ယေဟောဝါ​အား​ချီးမွမ်း​ရန် တိုက်တွန်း​လှုံ့ဆော်​မခံရ​ပေ​လော။ သို့ရာတွင် သင်​တွေ့မြင်​လိုက်ရ​သည်​မှာ ကမ္ဘာ​မြေကြီး​ပါဝင်သော ဂလက်ဆီ​တစ်ခု​အတွင်းရှိ ကြယ်တာရာ​တို့၏ အလွန်​သေးငယ်သော အစိတ်အပိုင်း​လေး​တစ်ပိုင်း​မျှ​သာ​ရှိသေး​သည်။ ဤ​ဂလက်ဆီ​အပြင်၊ ဂလက်ဆီ ဘီလီယံပေါင်း ရာ​ကျော်​ရှိသည်​ဟု ခန့်မှန်း​ရသည်၊ ယင်း​တို့​အနက် သုံးခုကို​သာ အဝေးကြည့်​မှန်ပြောင်း အကူအညီ​မပါဘဲ တွေ့မြင်​နိုင်​ပေ​သည်။ ကျယ်ပြော​သော​စကြဝဠာ​တွင်​ရှိ မရေမတွက်​နိုင်သော ကြယ်တာရာ​ပေါင်း​များစွာ​နှင့် ဂလက်ဆီ​များသည် ယေဟောဝါ​၏ ဖန်ဆင်း​နိုင်စွမ်း​နှင့် စစ်၍​မကုန်နိုင်​သော ကြီးမြတ်မှု​တို့ကို သက်သေထူ​သည်။—ဟေရှာယ ၄၀:၂၆

၉၊ ၁၀။ (က) ယေရှု​ခရစ်​နှင့်​စပ်လျဉ်း၍ ယေဟောဝါ​၏​ကြီးမြတ်သော အဘယ်​အသွင်အပြင်​များ ပေါ်လွင်​ထင်ရှား​ခဲ့​သနည်း။ (ခ) ယေရှု၏​ရှင်ပြန်ထမြောက်​မှု​က ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို မည်သို့​အကျိုး​သက်ရောက်​စေ​သင့်​သနည်း။

ယေဟောဝါ​၏​ကြီးမြတ်မှု​ဆိုင်ရာ ယေရှု​ခရစ်​နှင့်​ပတ်သက်သော အခြား​အသွင်အပြင်​များ​ကို သုံးသပ်ကြည့်​ပါ။ ဘုရားသခင်​သည် သားတော်ကို ဖန်ဆင်း​ပြီး မိမိ၏ “လုပ်သား​ချုပ်” အဖြစ် အတိုင်းမသိ ရှည်လျားသော​ကာလ​အတွင်း အသုံးပြု​တော်​မူ​ခဲ့​ခြင်း​ဖြင့် ကိုယ်တော်​၏​ကြီးမြတ်မှု ထင်ရှား​လေ​သည်။ (သု. ၈:၂၂-၃၁က​ဘ) ထို့​အပြင် မိမိ၏​တစ်ပါး​တည်း​သော​သားတော်ကို လူအပေါင်း​အတွက် ရွေးဖိုး​ပူဇော်ရာ​ယဇ်​အဖြစ် ပေးအပ်​ချိန်​တွင် ယေဟောဝါ​၏​မေတ္တာတော် ကြီးမား​ကြောင်း ထင်ရှား​ခဲ့​သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆; ၁ ယောဟန် ၂:၁၊ ၂) လူ့​ဉာဏ်​ဖြင့်​မမီ​နိုင်​သည့် အခြား​အရာတစ်ခု​မှာ ယေရှု​ရှင်ပြန်ထမြောက်​ချိန်​တွင် သားတော်​အတွက် ယေဟောဝါ​ဖန်တီး​ပေး​သော ကြီးကျယ်​ခမ်းနား ဘုန်း​တန်ခိုး​ရှိ မသေနိုင်​သည့်​ဝိညာဉ်​ခန္ဓာကိုယ်​ဖြစ်သည်။—၁ ပေတရု ၃:၁၈

၁၀ ယေရှု​ရှင်ပြန်ထမြောက်​ချိန်​တွင် ယေဟောဝါ​၏ စစ်၍​မကုန်နိုင်​သော​ကြီးမြတ်မှု​နှင့်​ပတ်သက်​၍ အထူး​စွဲမှတ်စရာ​ကောင်းသော အသွင်အပြင်​များစွာ ပေါ်လွင်​ထင်ရှား​ခဲ့​သည်။ ရူပ​အရာ၊ အ​ရူပ​အရာများ​ကို ဖန်ဆင်း​ချိန်​တွင် ယေရှု​ပြုလုပ်​ဆောင်ရွက်​ခဲ့​ရ​သမျှ​တို့ကို ဘုရားသခင် အမှန်တကယ်​ပြန်​မှတ်မိ​စေ​လိမ့်​မည်​မှာ သေချာ​ပါ​သည်။ (ကောလောသဲ ၁:၁၅၊ ၁၆) ထို​ဖန်ဆင်း​ရာ​တို့​တွင် အခြား​ဝိညာဉ်​သတ္တဝါများ၊ ဤ​စကြဝဠာ၊ မြေဆီမြေနှစ်​ကောင်းသော ဤ​ကမ္ဘာ​ဂြိုဟ်​နှင့် ကမ္ဘာ​မြေကြီးပေါ်​ရှိ သက်ရှိ​အမျိုးမျိုး​ပါဝင်​ပေ​လိမ့်​မည်။ လူ့​ဘဝ​မတိုင်မီ သားတော်​ယေရှု​အသက်ရှင်စဉ်​က ကိုယ်တော်​မျက်မြင်​ကိုယ်တွေ့​ဖြစ်​ခဲ့​သည့် ကောင်းကင်​အသက်တာ၊ မြေကြီး​အသက်တာ​နှင့်​ပတ်သက်သော အဖြစ်အပျက်​အားလုံး​ကို သူ့​အား ပြန်လည်​သတိရ​စေသည့်​အပြင်​စုံလင်သူ​လူသား​တစ်ဦး​အဖြစ် တွေ့ကြုံ​ခဲ့​သမျှ​တို့ကို​ပါ မှတ်မိ​စေတော်မူ​ခဲ့​၏။ မှန်ပါသည်၊ ယေရှု ရှင်ပြန်ထမြောက်​ချိန်​တွင် ယေဟောဝါ​၏ စစ်၍​မကုန်နိုင်​သော ကြီးမြတ်မှု​သည် ထင်ရှား​ခဲ့​သည်။ ထို့​ပြင်၊ အဆိုပါ​ကြီးမြတ်သော​လုပ်ရပ်က အခြားသူများ​လည်း ရှင်ပြန်ထမြောက်​လာ​လိမ့်​မည်​ကို အာမခံ​သည်၊ ၎င်း​က ဘုရားသခင်​၏​စုံလင်သော မှတ်ဉာဏ်တော်​တွင်​ရှိသူ သန်းပေါင်း​များစွာသော သေလွန်သူ​တို့ကို အသက်ပြန်ရှင်​စေနိုင်​တော်​မူ​သည်​ဟူသော ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို ပို​ခိုင်ခံ့​စေ​သင့်​သည်။—ယောဟန် ၅:၂၈၊ ၂၉; တမန်​တော် ၁၇:၃၁

အံ့ဖွယ်အမှု​များနှင့် တန်ခိုး​ကြီး​လုပ်ရပ်များ

၁၁။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့​၌ အဘယ်​အံ့ဖွယ်​အမှုကို ယေဟောဝါ အစပြု​တော်​မူ​ခဲ့​သနည်း။

၁၁ ယေရှု​ရှင်ပြန်ထမြောက်​ချိန်​မှ​စ၍ ယေဟောဝါ​သည် အခြားကြီး​မြတ်​၍ အံ့ဖွယ်သော​အမှု များစွာ​တို့ကို ဆောင်ရွက်​တော်​မူ​ခဲ့ပြီ။ (ဆာလံ ၄၀:၅) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့​၌ သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ဝိညာဉ်​တော်​ဖွား​ဖြစ်လာ​သူ ခရစ်တော်​၏ တပည့်​နောက်လိုက်​များ​ဖြင့် ဖွဲ့စည်းထား​သော “ဘုရားသခင့်​ဣသရေလ” ဖြစ်သည့် လူမျိုးအသစ်​ကို ယေဟောဝါ​တည်ရှိ​စေတော်မူ​ခဲ့​၏။ (ဂလာတိ ၆:၁၆) အဆိုပါ​ဝိညာဉ်​ရေး​လူမျိုးအသစ်​သည် တန်ခိုး​ပါ​စွာ ထို​စဉ်​က သိ​ထားသော​ကမ္ဘာ​တစ်ဝန်း​သို့ ပျံ့နှံ့​သွားလေသည်။ ယေရှု၏​တမန်​တော်​များ သေဆုံး​ပြီး​နောက် ခရစ်ယာန်ဘောင်​ကို​ပေါ်ထွက်​လာ​စေသည့် အယူဖောက်ပြန်မှု​ကြား ယေဟောဝါ​သည် မိမိ၏​ရည်ရွယ်တော်မူချက် ပြည့်စုံ​လာ​စေရန် အံ့ဖွယ်အမှု​များ​ကို ဆက်၍​ပြု​တော်​မူ​ခဲ့​၏။

၁၂။ သမ္မာကျမ်းစာ​ကို ကမ္ဘာ​ပေါ်​ရှိ အဓိက​ဘာသာ​စကား​များ​သို့ ပြန်ဆို​ထား​နိုင်​ခြင်း​သည် အဘယ်အရာကို သက်သေထူ​သနည်း။

၁၂ ဥပမာ​အနေ​နှင့်၊ သမ္မာကျမ်းစာ ကျမ်းဂန်​များ​ကို ထိန်းသိမ်း​စောင့်ရှောက်​ခဲ့​၍ နောက်ဆုံး​၌ ယနေ့​ကမ္ဘာ​ပေါ်​ရှိ အဓိက​ဘာသာ​စကား​အားလုံး​သို့ ဘာသာ​ပြန်ဆို​စေ​ခဲ့​သည်။ စာတန်​၏​လက်​ပါး​စေ​များ​က သတ်ပစ်​မည်​ကို​စိုးရိမ်​နေရ​လျက်​နှင့် သမ္မာကျမ်းစာ​ဘာသာပြန်ခြင်း​ကို ခက်ခက်ခဲခဲ ပြုလုပ်​ခဲ့​ရလေ့​ရှိ၏။ သေချာ​သည်​မှာ စစ်၍​မကုန်နိုင်​အောင် ကြီးမြတ်​တော်​မူ​သော ဘုရားသခင်၊ ယေဟောဝါ​၏ အလိုတော်​မဟုတ်​ခဲ့​ပါ​မူ သမ္မာကျမ်းစာ​ကို ဘာသာ​စကား​ပေါင်း ၂,၀၀၀ ကျော်​သို့ ပြန်ဆို​နိုင်​ခဲ့​မည်​မဟုတ်​ချေ!

၁၃။ ၁၉၁၄ ခုနှစ်​ကတည်းက ယေဟောဝါ​၏​နိုင်ငံတော် ရည်ရွယ်ချက်များ​နှင့်​စပ်လျဉ်း၍ ကိုယ်တော်​၏​ကြီးမြတ်မှု​သည် မည်သို့​ပေါ်လွင်​ထင်ရှား​ခဲ့ပြီ​နည်း။

၁၃ ယေဟောဝါ​၏​ကြီးမြတ်မှု​သည် ကိုယ်တော်​၏​နိုင်ငံတော်​ရည်ရွယ်ချက်များ နှင့်​စပ်လျဉ်း၍​ပေါ်လွင်​ထင်ရှား​ခဲ့ပြီ။ ဥပမာ​အနေ​နှင့်၊၁၉၁၄ခုနှစ်​တွင် ကိုယ်တော်​သည် မိမိ၏​သားတော်၊ ယေရှု​ခရစ်​ကို ကောင်းကင်ဘုရင်​အဖြစ် ခန့်အပ်​တော်​မူ​ခဲ့​သည်။ ထို့နောက် မကြာမီတွင် ယေရှုသည် စာတန်​နှင့် သူ၏​နတ်ဆိုး​များ​ကို အရေးယူ​ခဲ့​၏။ ၎င်းတို့သည် ကောင်းကင်​မှ မြေကြီး​ဝန်းကျင်​သို့ နှင်ချ​ခံရ​ပြီး ယခု တွင်း​နက်​ကြီး​ထဲ​ချပစ်​ခံရ​ဖို့ သူတို့​ဆက်​စောင့်နေ​ကြ​၏။ (ဗျာ. ၁၂:၉-၁၂; ၂၀:၁-၃) ထို​အချိန်​ကတည်းက ယေရှု၏​ဝိညာဉ်​တော်​ဖွား နောက်လိုက်​များသည် တိုး၍​နှိပ်စက်​ညှဉ်းပန်း​ခံ​နေရ​၏။ သို့ရာတွင်၊ ခရစ်တော်​၏ မျက်မြင်မရ ရောက်ရှိချိန်​အတွင်း သူတို့ကို ယေဟောဝါ ထောက်မ​ကူညီ​ပေး​တော်​မူ​ခဲ့ပြီ။—မဿဲ ၂၄:၃; ဗျာ. ၁၂:၁၇

၁၄။ ၁၉၁၉ ခုနှစ်​တွင် အဘယ်​အံ့ဖွယ်​အမှုကို ယေဟောဝါ​ပြု​တော်​မူ​ခဲ့​ပြီး ယင်းက အဘယ်အရာကို ပြီးမြောက်​စေ​ခဲ့​သနည်း။

၁၄ ၁၉၁၉ ခုနှစ်​တွင် ယေဟောဝါ​သည် မိမိ၏​ကြီးမြတ်မှု​ကို ပေါ်လွင်​ထင်ရှားစေ​သည့် နောက်ထပ်​အံ့ဖွယ်အမှု​တစ်ခု​ကို ပြုလုပ်​တော်​မူ​ခဲ့​သည်။ ဝိညာဉ်​ရေး​ဘက် မလှုပ်မရှား​ဖြစ်နေ​သည့်​အခြေအနေ​တွင်ရှိသော ယေရှု၏​ဝိညာဉ်​တော်​ဖွား နောက်လိုက်​များ​ကို ပြန်လည်​သက်ဝင်​လှုပ်ရှား​လာ​စေ​ခဲ့​၏။ (ဗျာ. ၁၁:၃-၁၁) ထို​အချိန်​ကတည်းက ၎င်း​ဝိညာဉ်​တော်​ဖွား​တို့သည် တည်ထောင်​ခဲ့ပြီ​ဖြစ်သော ကောင်းကင်​နိုင်ငံတော်​သတင်းကောင်းကို ဇွဲရှိ​ရှိ​ဟောပြောလျက်​ရှိကြ​၏။ ၁၄၄,၀၀၀ အရေအတွက် ပြည့်စေ​ရန် အခြား​ဝိညာဉ်​တော်​ဖွား​တို့ကို​လည်း စုသိမ်း​ခဲ့​၏။ (ဗျာ. ၁၄:၁-၃) ယေဟောဝါ​သည် ခရစ်တော်​၏​ဝိညာဉ်​တော်​ဖွား နောက်လိုက်​များ​အားဖြင့် ဖြောင့်မတ်​သည့်​လူ့​ဘောင်​အဖွဲ့အစည်း​ဖြစ်သော “မြေကြီး​သစ်” ၏​အုတ်မြစ်ကို ချ​တော်​မူ​ခဲ့​သည်။ (ဗျာ. ၂၁:၁) သို့သော် တည်ကြည်သော​ဝိညာဉ်​တော်​ဖွား​အားလုံး ကောင်းကင်​သို့​တက်ကြွ​သွား​ကြ​မည်​ဖြစ်​ရာ အဆိုပါ “မြေကြီး​သစ်” သည် မည်သို့​အမြဲ​တည်ရှိ​နိုင်​မည်​နည်း။

၁၅။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ အဘယ်​လုပ်ငန်း​ကို ဦးဆောင်​နေခဲ့​ကြပြီ​နည်း၊ အဘယ်​ရလဒ်​ရရှိခဲ့​သနည်း။

၁၅ ၁၉၃၅ ခုနှစ်​တွင် ဤ​ဂျာနယ်​၏ ဩဂုတ်​လ ၁ ရက် နှင့် ဩဂုတ်​လ ၁၅ ရက်ထုတ်​စာစောင်​များ​၌ သမ္မာကျမ်းစာ နောက်ဆုံး​ကျမ်းစောင်​၏ အခန်းကြီး ၇ တွင်​ဖော်ပြ​ထား​သည့် “လူအုပ်ကြီး” အကြောင်း အဓိက​ဆောင်းပါး​များ ပါရှိ​ခဲ့​သည်။ ဤ​ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ဘာသာ​စကား​အမျိုးမျိုး​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​မှ အဆိုပါ​ဝတ်ပြုသူချင်း​များ​ကို ဇွဲရှိ​ရှိ​စတင်​ရှာဖွေ​၍ မိမိတို့​နှင့်​ပူးပေါင်း​စေ​ခဲ့​ကြသည်။ ဤ “လူအုပ်ကြီး” သည် “မြေကြီး​သစ်” ၏ အမြဲတမ်း​အဖွဲ့ဝင်​များ​အဖြစ် ပရဒိသု​တွင် ထာဝရ​အသက်ရှင်​ရန်​မျှော်လင့်ချက်​ဖြင့် ကျရောက်​အံ့​ဆဲ​ဆဲ​ရှိ “ကြီးစွာ​သော​ဆင်းရဲ[ခြင်း]” ကို​ကျော်​ကြလိမ့်မည်။ (ဗျာ. ၇:၉-၁၄) ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ ဦးစီး​ဦးဆောင်​သော ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကြောင့် ယခု ခြောက်​သန်း​ကျော်​သော​သူတို့သည် မြေကြီး​ပရဒိသု​တွင် အဆုံးမဲ့​အသက်တာ​ရမည့်​မျှော်လင့်ချက် ရှိနေကြပြီ။ စာတန်​နှင့် သူ၏​ပျက်စီး​ယိုယွင်းသော​လောက​မှ အတိုက်အခံ​များ​ကြား ဤသို့​တိုးတက်လာ​ခြင်း​သည် မည်သူ​ကြောင့်​နည်း။ (ဟေရှာယ ၆၀:၂၂; ၁ ယောဟန် ၅:၁၉) သန့်ရှင်းသော​ဝိညာဉ်​တော်​ကို​အသုံးပြု​ကာ ဤ​အမှု​အားလုံး အောင်မြင်​ပြီးမြောက်​လာ​စေ​သူ​မှာ ယေဟောဝါ​တစ်ပါး​တည်း​သာ ဖြစ်​တော်​မူ​၏။—ဇာခရိ ၄:၆

ယေဟောဝါ​၏​ဘုန်း​တန်ခိုး

၁၆။ ‘ယေဟောဝါ​၏​ဘုန်း​တန်ခိုးတော်’အာနုဘော်​တော်​ကို ပကတိ​မျက်စိဖြင့် လူ​တို့ အဘယ်ကြောင့် မမြင်နိုင်​ကြ​သနည်း။

၁၆ ယေဟောဝါ​၏ “အံ့ဖွယ်အမှု​များ” နှင့် “တန်ခိုး​ကြီး​လုပ်ရပ်များ” သည် အဘယ်အရာ​ပင်​ဖြစ်ပါစေ မေ့ပျောက်​နိုင်​လိမ့်​မည်​မဟုတ်ပေ။ ဒါဝိဒ်​ဤသို့​ရေးသားခဲ့​၏– “အမှုတော်​တို့ကို လူမျိုး​အဆက်ဆက်​တို့သည် ချီးမွမ်း​၍ တန်ခိုးတော်​များ​ကို ဟောပြောကြ​ပါ​လိမ့်​မည်။ အကျွန်ုပ်သည်​လည်း ဘုန်း​တန်ခိုး အာနုဘော်​တော်​တော်​ကို လည်းကောင်း၊ အံ့ဖွယ်သော​အမှုတော်​တို့ကို​လည်းကောင်း မြွက်ဆို​ပါ​မည်။ သူတို့သည် ကြောက်မက်​ဖွယ်​သော​အမှုတော်​တို့​၌​ပါ​သော တန်ခိုး​ကို​မြွက်ဆို​၍ အကျွန်ုပ်သည်​လည်း ကြီးမြတ်​တော်​မူ​ခြင်း​အကြောင်းကို ကြား​ပြောပါ​မည်။” (ဆာလံ ၁၄၅:၄-၆) သို့သော် “ဘုရားသခင်​သည် ... ဝိညာဉ်​ဖြစ်​တော်​မူ” ၍ လူ့​မျက်စိဖြင့်​မမြင်နိုင်​သောကြောင့် ယေဟောဝါ​၏​ဘုန်း​တန်ခိုးတော်​အာနုဘော်​ကို ဒါဝိဒ်​မည်မျှ​သိရှိ​နိုင်​ပါ​မည်​နည်း။—ယောဟန် ၁:၁၈; ၄:၂၄

၁၇၊ ၁၈။ ‘ယေဟောဝါ​၏​ဘုန်း​တန်ခိုးတော်’အာနုဘော်​တော်​ကို ဒါဝိဒ်​မည်သို့ တိုး၍​တန်ဖိုး​ထား​လေးမြတ်​လာနိုင်​ခဲ့​မည်​နည်း။

၁၇ ဘုရားသခင်​ကို ဒါဝိဒ်​မမြင်နိုင်​သော်လည်း ယေဟောဝါ​၏​ဘုန်း​တန်ခိုးတော်​ကို သူ​တိုး၍​အထင်ကြီး​လေးစား​နိုင်​သည့် နည်းလမ်းများ​ရှိပါ​သည်။ ဥပမာ​အနေ​နှင့်၊ ဆိုးယုတ်​သော​လောကကို ကမ္ဘာချီ​ရေ​လွှမ်းမိုး၍ ဖျက်ဆီး​ပစ်​ခဲ့​ခြင်း​အစ​ရှိသည့် ဘုရားသခင်​၏ တန်ခိုး​ပါ​သည့်​လုပ်ရပ်များ​အကြောင်း ကျမ်းစာ​မှတ်တမ်း​တွင် သူ​ဖတ်ရှု​နိုင်ခဲ့​သည်။ ဣသရေလ​လူမျိုး​ကို အီဂျစ်​အချုပ်အနှောင်​မှ ဘုရားသခင်​ကယ်နုတ်​သောအခါ အီဂျစ်​ပြည်​၏ မှားယွင်းသော​ကိုးကွယ်​မှုများ အရှက်တကွဲ​အကျိုး​နည်း​ဖြစ်​ခဲ့​ရ​ကြောင်းကို သူသိ​ရှိခဲ့​ပေမည်။ ထိုသို့​သော​ဖြစ်ရပ်​များ​က ယေဟောဝါ​၏​ဘုန်း​တန်ခိုးတော် ကြီးမြတ်​ကြောင်းကို သက်သေထူ​ပါ​သည်။

၁၈ ဒါဝိဒ်​သည် သမ္မာကျမ်းစာ​ကို ဖတ်ရှုခြင်း​ဖြင့်​သာမက ဖတ်ရှု​ခဲ့​ရာ​များ​အပေါ် ဆင်ခြင်​တွေးတောခြင်း​ဖြင့်​လည်း ဘုရားသခင်​၏​ဘုန်းတော်​ကို တိုး၍​တန်ဖိုး​ထား​လေးမြတ်​ခဲ့​ပေမည်။ ဥပမာ​အနေ​နှင့်၊ ယေဟောဝါ​သည် ဣသရေလ​လူမျိုး​အား ပညတ်​ဥပဒေ​ပြဋ္ဌာန်း​ပေး​ချိန်​က ဖြစ်ပျက်​ခဲ့​ရာ​များ​ကို သူ​ဆင်ခြင်​တွေးတော​ခဲ့​ပေမည်။ ထို​စဉ်​က မိုးချုန်းသံ​များ၊ လျှပ်စီးလက်​ခြင်း၊ တိမ်ထူ​ထပ်​စွာ​ကျ​လာ​ခြင်း​နှင့် ကျယ်လောင်​သော​တံပိုးမှုတ်​သံ​တို့ ထွက်ပေါ်​လာ​ခဲ့​၏။ သိနာ​တောင်​သည် သိမ့်​သိမ့်​တုန်​၍ အ​ခိုး​အငွေ့​များ​ထွက်​လာ​၏။ ၎င်း​ပြင် ဣသရေလ​လူမျိုး​သည် တောင်​ခြေ​၌​စုရုံး​နေကြ​စဉ် ကောင်းကင်တမန်​ကိုယ်စားလှယ်​တစ်ပါး​အားဖြင့် ယေဟောဝါ​စကားပြော​ဆို​ချိန်​တွင် သူတို့သည် မီး​နှင့်​မိုးတိမ်​ကြား​မှ “ပညတ်တော်​ဆယ်ပါး” ကို​ကြားနာ​ခဲ့​ကြ​ရ၏။ (တရားဟောရာ ၄:၃၂-၃၆; ၅:၂၂-၂၄; ၁၀:၄; ထွက်မြောက်ရာ ၁၉:၁၆-၂၀; တမန်​တော် ၇:၃၈၊ ၅၃) ယေဟောဝါ​၏​ခန့်ညား​ထည်ဝါမှု​သည် အလွန်​ပင် ရင်သပ်​ရှုမောဖွယ် ကောင်း​လေ​စွ! အဆိုပါ​မှတ်တမ်းများ​ကို ဆင်ခြင်​တွေးတော​ကြ​သည့် ဘုရားသခင့်​စကားတော်​ကို ချစ်​မြတ်နိုးသူ​များသည် ‘ယေဟောဝါ​၏​ဘုန်း​တန်ခိုးတော်’အာနုဘော်​တော်​ကြောင့် တိုက်တွန်း​လှုံ့ဆော်မှု အမှန်​ခံရ​မည်။ ယနေ့ ကျွန်ုပ်​တို့သည် ကျမ်းစာ​တစ်အုပ်လုံး​ကို ရရှိ​ထား​ကြသည်၊ ၎င်း​တွင် ယေဟောဝါ​၏​ကြီးမြတ်မှု​ကို စွဲမက်​စေသည့် ဘုန်း​အသရေ​အပြည့်​ပါ​သော အဆင်းအာရုံ အမြောက်အမြား​ပါရှိ​၏။—ယေဇကျေလ ၁:၂၆-၂၈; ဒံယေလ ၇:၉၊ ၁၀; ဗျာ. အခန်းကြီး ၄

၁၉။ ယေဟောဝါ​၏​ဘုန်းတော်​ကို အဘယ်အရာက ကျွန်ုပ်​တို့အား ပိုမို​တန်ဖိုး​ထား​လေးမြတ်​လာ​စေမည်​နည်း။

၁၉ ဘုရားသခင်​၏​ဘုန်းတော်​ကို ဒါဝိဒ်​စွဲမက်​နိုင်​ခဲ့​သည့် နောက်တစ်နည်း​မှာ ဣသရေလ​လူမျိုး​တို့အား ဘုရားသခင်​ပေး​သည့် ပညတ်တော်​များ​ကို လေ့လာခြင်း​အားဖြင့်​ဖြစ်သည်။ (တရားဟောရာ ၁၇:၁၈-၂၀; ဆာလံ ၁၉:၇-၁၁) ယေဟောဝါ​၏​ပညတ်တော်​များ​ကို နာခံခြင်း​က ဣသရေလ​လူမျိုး​ကို ဂုဏ်တက်​စေပြီး အခြား​လူမျိုး​အားလုံး​နှင့် တ​သီး​တခြား​ကွဲပြား​စေ​၏။ (တရားဟောရာ ၄:၆-၈) ဒါဝိဒ်​နည်းတူ ကျွန်ုပ်​တို့​လည်း ကျမ်းစာ​မှန်မှန်​ဖတ်ရှုခြင်း၊ ဖတ်ရှု​ရာ​အပေါ် နက်နက်နဲနဲ ဆင်ခြင်​တွေးတောခြင်း​နှင့် ဝီရိယ​ရှိ​ရှိ လေ့လာခြင်း​အားဖြင့် ယေဟောဝါ​၏​ဘုန်းတော်​ကို ပိုမို​တန်ဖိုး​ထား​လေးမြတ်​လာ​ပေ​လိမ့်​မည်။

ဘုရားသခင်​၏ ကျင့်ဝတ်​အရည်အသွေးများ ကြီးမြတ်​လှ​စွ​တကား!

၂၀၊ ၂၁။ (က) အဘယ်​အရည်အသွေးများနှင့်​စပ်လျဉ်း၍ ဆာလံ ၁၄၅:၇-၉ က ယေဟောဝါ​၏​ကြီးမြတ်မှု​ကို ပိုမို​ကြီးကျယ်​စေ​သနည်း။ (ခ) ဤ​တွင်​ဖော်ပြ​ထား​သည့် ဘုရားသခင့်​အရည်အသွေး​တော်​များသည် ကိုယ်တော်​အား​ချစ်​မြတ်နိုးသူ​အားလုံး​အပေါ် အဘယ်​အကျိုး​သက်ရောက်​သနည်း။

၂၀ ကျွန်ုပ်​တို့​သိရှိ​ခဲ့​ကြ​ရသည့်​အတိုင်း ဆာလံ ၁၄၅ ၏ ပထမ​အခန်းငယ်​ခြောက်​ခု​သည် ကိုယ်တော်​၏​စစ်၍​မကုန်နိုင်​သော ကြီးမြတ်မှု​နှင့်​စပ်လျဉ်း၍ ယေဟောဝါ​အား​ချီးမွမ်းစရာ အကြောင်းကောင်း​ရှိစေသည်။ အခန်းငယ် ၇ မှ ၉ ၌ ကိုယ်တော်​၏​ကျင့်ဝတ်​အရည်အသွေးများ​ကို ရည်ညွှန်းခြင်း​အားဖြင့် ဘုရားသခင်​၏​ကြီးမြတ်မှု​ကို တိုး၍​ကြီးကျယ်​စေ​သည်။ ဒါဝိဒ်​ဤသို့​သီဆို​လေ​သည်– “သူတို့သည် အလွန်​ကောင်းမြတ်​တော်​မူ​ခြင်း​ကို အောက်မေ့​ဖို့​ရာ​မြွက်ဆို​၍၊ ဖြောင့်မတ်​တော်​မူ​ခြင်း​အရာ​ကို ရွှင်လန်းစွာ​သီချင်းဆို​ကြ​ပါ​လိမ့်​မည်။ ထာဝရ​ဘုရား​သည် ကျေးဇူးပြု​တတ်သော​သဘော၊ သနားစုံမက်​တတ်သော​သဘော​နှင့်​ပြည့်စုံ​၍၊ [အမျက်ထွက်​နှေး​ခြင်း] နှင့် [ချစ်ခင်​ကြင်နာ​မှု] သည် အလွန်​ကြွယ်ဝ​ပါ​၏။ ထာဝရ​ဘုရား​သည် ခပ်သိမ်း​သော​သူတို့အား ကျေးဇူးပြု​ချင်​သော​သဘော​ရှိ၍၊ ဖန်ဆင်း​တော်​မူသမျှ​တို့ကို သနားစုံမက်​တော်​မူ​၏။”

၂၁ ဤ​တွင် ဒါဝိဒ်​သည် စာတန်​စောဒကတက်​ခဲ့​သည့် ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​နှင့် ဖြောင့်မှန်ခြင်း​တို့ကို ဦးစွာ မီး​မောင်း​ထိုး​ပေး​သည်။ အဆိုပါ​အရည်အသွေးများ​က ဘုရားသခင်​အား​ချစ်​မြတ်နိုး​ပြီး ကိုယ်တော်​၏​အုပ်ချုပ်မှု​ကို လက်အောက်ခံ​ကြ​သူအား​လုံး​အပေါ် အဘယ်​အကျိုး​သက်ရောက်​သနည်း။ ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​နှင့် ကိုယ်တော်​၏​ဖြောင့်မှန်​သော​အုပ်ချုပ်နည်း​တို့​က ကိုယ်တော်​အား​ဝတ်ပြုသူ​တို့ကို အလွန်​ပျော်ရွှင်မှု​ပေး​သဖြင့် သူတို့သည် ကိုယ်တော်​အား ချီးမွမ်းဝတ် မပြု​ဘဲ​မနေနိုင်​ကြ​ချေ။ ထို့​ပြင်၊ ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​သည် “အားလုံး” အတွက်​ဖြစ်သည်။ ထို့​ကြောင့် အချိန်မနှောင်း​မီ လူများစွာ​တို့ နောင်တ​ယူပြီး စစ်မှန်သော​ဘုရားသခင်​အား ဝတ်ပြုသူ​များ​ဖြစ်လာ​နိုင်​ကြ​မည်​ဟု မျှော်လင့်​ပါ​သည်။—တမန်​တော် ၁၄:၁၅-၁၇

၂၂။ ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​ကို မည်သို့​ဆက်ဆံ​တော်​မူ​သနည်း။

၂၂ ဘုရားသခင်​သည် “မောရှေ​ရှေ့၌ ကြွသွား​တော်​မူ​လျက် ‘ယေဟောဝါ၊ ယေဟောဝါ၊ ချစ်​သနားခြင်း​မေတ္တာ ... နှင့်​ပြည့်စုံ​၍ အမျက်ထွက်​နှေး​ခြင်း၊ ချစ်ခင်​ကြင်နာ​ခြင်း​နှင့် အမှန်တရားဖြင့် ပြည့်စုံ​တော်​မူ​ထ​သော ဘုရားသခင်​ဖြစ်​ပေ​၏’ ဟု ကြေညာ” ခဲ့​သောအခါ ကိုယ်တော်တိုင် အလေးပေး​ခဲ့​သည့် အဆိုပါ​အရည်အသွေးများ​ကိုလည်း ဒါဝိဒ်​တန်ဖိုး​ထား​သည်။ (ထွက်မြောက်ရာ ၃၄:၆က​ဘ) ထို့​ကြောင့် ဒါဝိဒ်က “ယေဟောဝါ​သည် ချစ်​သနားခြင်း​မေတ္တာ၊ အမျက်ထွက်​နှေး​ခြင်း​နှင့် ချစ်ခင်​ကြင်နာ​မှု​နှင့် ပြည့်စုံ​၏” ဟူ၍ ကြေညာ​နိုင်​လေ​သည်။ ယေဟောဝါ​သည် စစ်၍​မကုန်နိုင်​လောက်​အောင် ကြီးမြတ်​တော်​မူ​သော်လည်း မိမိ၏​လူသား​ကျေးကျွန်​များ​ကို ကျေးဇူးပြု​ခြင်း​အားဖြင့် သူတို့ကို ဂုဏ်တင်​တော်​မူ​၏။ ထို့​ပြင် ကိုယ်တော်​သည် သနား​ညှာတာ​ပြီး ယေရှု၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်​အပေါ်​အခြေပြု​၍ နောင်တ​ယူ​သော အပြစ်သားများကို ခွင့်လွှတ်​တော်​မူ​လို​၏။ ယေဟောဝါ​သည် အမျက်ထွက်​နှေး​တော်​မူ​၏၊ အကြောင်း​မှာ မိမိ၏​ကျေးကျွန်​များ​အား ကိုယ်တော်​၏ ဖြောင့်မတ်​သော​ကမ္ဘာသစ်​ထဲ​မဝင်နိုင်​စေသည့် အားနည်းချက်​တို့ကို အနိုင်ယူ​ခွင့် ပေးသနား​တော်​မူ​သည်။—၂ ပေတရု ၃:၉၊ ၁၃၊ ၁၄

၂၃။ နောက်​ဆောင်းပါး​တွင် အဘယ်​အဖိုးထိုက်​သော အရည်အသွေးကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်​နည်း။

၂၃ ဒါဝိဒ်​သည် ဘုရားသခင်​၏ ချစ်ခင်​ကြင်နာ​မှု၊ သို့​မဟုတ် တည်ကြည်သော​မေတ္တာတော်ကို​လည်း ထောမနာပြု​လေ​သည်။ အမှန်​မှာ၊ ဆာလံ ၁၄၅ ၏​ကျန်​အပိုင်း​က ဤ​အရည်အသွေးကို ယေဟောဝါ​မည်သို့​တင်ပြ​ကြောင်း၊ ကိုယ်တော်​၏​တည်ကြည်သော​ကျေးကျွန်​များသည် ကိုယ်တော်​၏​ချစ်ခင်​ကြင်နာ​မှု​ကို မည်သို့​တုံ့ပြန်​ကြောင်း ဖော်ပြ​သည်။ ဤ​အကြောင်းအရာများ​ကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ကြ​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

ယေဟောဝါ​အား “တစ်နေ့လုံး” ချီးမွမ်း​ရန် အဘယ်​အခွင့်အရေး​များ​ရှိ​သနည်း။

ယေဟောဝါ​၏​ကြီးမြတ်မှု​သည် စစ်၍​မကုန်နိုင်​ကြောင်း အဘယ် ပုံ​နမူနာ​များ​က ဖော်ပြ​သနည်း။

ယေဟောဝါ​၏​ဘုန်း​အသရေတော်​ကို ကျွန်ုပ်​တို့ မည်သို့​တိုး၍ လေးမြတ်​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

စကြဝဠာ​ရှိ ဂလက်ဆီ​များသည် ယေဟောဝါ​၏​ကြီးမြတ်မှု​ကို သက်သေထူ

[Credit Line]

Courtesy of Anglo-Australian Observatory, photograph by David Malin

[စာမျက်နှာ ၁၂ ရုပ်ပုံ]

ယေဟောဝါ​၏​ကြီးမြတ်မှု​သည် ယေရှု​ခရစ်​နှင့်​စပ်လျဉ်း၍ မည်သို့ ပေါ်လွင်​ထင်ရှား​ခဲ့ပြီ​နည်း

[စာမျက်နှာ ၁၃ ရုပ်ပုံ]

သိနာ​တောင်​၌ ပညတ်တော်​ကို ဣသရေလ​လူမျိုး ရရှိခဲ့​သော အခါ ယေဟောဝါ​၏​ဘုန်း​အသရေတော်​ကို သူတို့​တွေ့မြင်​ခဲ့​ကြ