မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူကိုမဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေလော့

လူကိုမဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေလော့

လူကို​မဟုတ်ဘဲ ဘုရားသခင်​၏​ဘုန်းတော်​ကို​ထင်ရှားစေ​လော့

မကြာသေးမီ​လ​များ​တွင် ကမ္ဘာ​တစ်ဝန်း​မှ ဖြောင့်မတ်ခြင်း​တရား ချစ်​မြတ်နိုးသူ​များသည် “ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​လော့” ဟူသော ယေဟောဝါသက်သေ​များ​၏ ခရိုင်​စည်းဝေးကြီး​တွင် စုရုံး​ကြသောအခါ ဘုရားသခင်​၏​ဘုန်းတော်​ကို မည်သို့​ထင်ရှားစေ​နိုင်​ကြောင်း သင်ယူ​ခဲ့​ကြပြီ။ ထို​တွင် တင်ဆက်​ခဲ့​သော ပညာပေး​အစီအစဉ်ကို ကျွန်ုပ်​တို့ ပြန်လည်​သုံးသပ်ကြည့်​ကြ​စို့။

ကျမ်းစာ​အခြေပြု​အစီအစဉ်မှာ စည်းဝေးကြီး​တက်ရောက်သူ​အများစု​အတွက် သုံးရက်​ဆက်တိုက်​ဖြစ်​ပြီး အပြည်ပြည်ဆိုင်ရာ​အထူး​စည်းဝေးကြီး​များ တက်ရောက်​နိုင်​သူများ​အတွက်​မူ လေး​ရက်​ကြာ​သည်။ ဝိညာဉ်​ရေး​ဆိုင်ရာ​လေးမြတ်မှု​ကို တိုးပွား​စေသော ဟောပြောချက်​များ၊ ယုံကြည်ခြင်း​ခိုင်ခံ့​စေသော တွေ့ကြုံမှု​များ၊ ကျမ်းစာ​မူများ​လက်တွေ့​အသုံးပြုခြင်း​ကို အလေးပေး​သည့် သရုပ်​ပြခန်း​များနှင့် ပထမ​ရာစု​ခရစ်ယာန်​များ ကြုံတွေ့​ခဲ့​ရသော စိန်ခေါ်ချက်​များ​ကို သရုပ်​ဖော်ပြ​သည့် ဝတ်စုံပြည့်​ပြဇာတ်​တစ်ခု​အပါအဝင် ကျမ်းစာ​ဆိုင်ရာ တင်ဆက်မှု​များ စုစုပေါင်း ၃၀ ကျော်​ကို တက်ရောက်​သူများ ကြည့်ရှု​ကြားနာ​ခဲ့​ကြ​ရသည်။ စည်းဝေးကြီး​တစ်ခု​ကို သင်​တက်ရောက်​ခဲ့​ပြီး​ဖြစ်​လျှင် ဤ​ဆောင်းပါး​ကို​ဖတ်ရှု​စဉ် သင်၏​မှတ်စု​ကို ပြန်​လှန်​ကြည့်​ပါ​လေ။ ကြွယ်ဝသော ဝိညာဉ်​ရေး​ခဲ​ဖွယ်​စား​ဖွယ်​များ​ကို ပြန်လည်​အမှတ်ရ​စေသည့်​အပြင် ဗဟုသုတ​လည်း​တိုး​မည်​မှာ သေချာ​ပါ​သည်။

ပထမ​နေ့ အဓိက​အကြောင်း– ‘ယေဟောဝါ၊ ကိုယ်တော်​သည် ဘုန်း​အသရေ​တန်ခိုးတော်​ကို ခံစား​ထိုက်​တော်​မူ​၏’

အဖွင့်​သီချင်း​နှင့် ဆုတောင်းချက်​ပြီး​နောက် ပထမ​ဟောပြောသူ​သည် စည်းဝေးကြီး​၏​အဓိက​အကြောင်းရင်းကို အာရုံစိုက်​စေသော၊ “ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှား​စေရန် စုဝေး​ကြ” ဟူ​သည့် ဟောပြောချက်​ဖြင့် တက်ရောက်သူ​အားလုံး​ကို လှိုက်လှိုက်လှဲလှဲ​ကြိုဆို​ခဲ့​သည်။ ဟောပြောသူ​သည် ဗျာ. ၄:၁၁ ကိုကိုး​ကား​ပြီး စည်းဝေးကြီး​တစ်ခုလုံး​၏ အဓိက​အကြောင်းကို အလေးပေး​ဖော်ပြ​ခဲ့​သည်။ ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​ကြောင်း သူ​အမြန်​ထောက်ပြ​ခဲ့​သည်။ ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​ခြင်း​တွင် ‘ကိုးကွယ်​ခြင်း၊’ ‘ကျေးဇူးတော်​ချီးမွမ်း​ခြင်း’ နှင့် ‘ချီးမွမ်း​ခြင်း’ တို့​ပါဝင်​ကြောင်း ဆာလံကျမ်း​ကို​သုံး​၍ သူ​ပေါ်လွင်​ထင်ရှားစေ​ခဲ့​သည်။—ဆာလံ ၉၅:၆; ၁၀၀:၄၊ ၅; ၁၁၁:၁၊ ၂

နောက်​အပိုင်း​တစ်ခု​၏ ခေါင်းစဉ်​မှာ “ဘုရားသခင်​၏​ဘုန်းတော်​ကို​ထင်ရှားစေ​သူများ ကောင်းချီး​ခံစား​ကြ”ဖြစ်သည်။ ဟောပြောသူ​သည် စိတ်ဝင်စားဖွယ်​တွေ့ရှိချက်​တစ်ခု​ကို ဖော်ပြ​သည်။ ကမ္ဘာ​တစ်ဝန်း နိုင်ငံ​ပေါင်း ၂၃၄ နိုင်ငံ​တွင် ယေဟောဝါသက်သေ ခြောက်​သန်း​ကျော်​ရှိသည်​ဖြစ်​ရာ ယေဟောဝါ​၏​ဘုန်းတော်​ကို ထင်ရှားစေ​ကြ​သူများ​အဖို့ တစ်ခါမျှ​နေ​မဝင်​ဟု ဆိုနိုင်​ပါ​သည်။ (ဗျာ. ၇:၁၅) အထူး​အချိန်ပြည့်​လုပ်ငန်း​တွင် တစ်နည်း​နည်းဖြင့် ပါဝင်​နေကြ​သော ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​အတော်များများကို လူတွေ့မေးမြန်း​ခြင်း​သည် နှစ်ထောင်း​အားရစရာ​အပိုင်း​တစ်ခု​ဖြစ်​ပြီး ပရိသတ်​၏​နှလုံးကို နွေးထွေး​စေ​ခဲ့​သည်။

နောက်​ဟောပြောချက်မှာ “ဖန်ဆင်း​ရာ​များသည် ဘုရားသခင်​၏​ဘုန်းတော်​ကို ကြား​ပြော” ဖြစ်၏။ ပကတိ​မိုးကောင်းကင်​သည် စကား​မပြော​သော်လည်း ဘုရားသခင်​၏​ကြီးမြတ်မှု​ကို ဂုဏ်တင်​ချီးမြှောက်​ပြီး ကိုယ်တော်​၏​မေတ္တာပါ​သော​စောင့်ရှောက်မှု​ကို ကျွန်ုပ်​တို့အား တိုး၍​ကျေးဇူး​တင်​လေးမြတ်​စေ​သည်။ ဤ​အချက်​ကို အသေးစိတ်​ရှင်းပြ​ခဲ့​သည်။—ဟေရှာယ ၄၀:၂၆

နှိပ်စက်​ညှဉ်းပန်းမှု၊ အတိုက်အခံ၊ လောက​သြဇာလွှမ်း​မိုး​မှုများ​နှင့် အပြစ်ပြု​လို​သော​သဘော​များ​က ခရစ်ယာန်စစ်​တို့၏​တည်ကြည်မှု​ကို စမ်းသပ်​သည်။ ထို့​ကြောင့် “သမာဓိ​စောင့်သိသော​လမ်းစဉ်၌ လျှောက်လှမ်း​လော့” ဟူ​သည့် ဟောပြောချက်​က ပရိသတ်​၏​အာရုံ​ကို ဆွဲ​ယူ​ခဲ့​သည်။ ဟောပြောသူ​သည် ဆာလံ​အခန်းကြီး ၂၆ ကို အခန်းငယ်​တစ်​ပိုဒ်​ချင်း​စီ ဆွေးနွေး​ပြီး​နောက် ကိုယ်ကျင့်တရား​အတွက် အခိုင်အမာ​ရပ်တည်ခဲ့​သော ကျောင်းနေ​ရွယ်​သက်သေခံ​တစ်ဦး​နှင့် သံသယဖြစ်ဖွယ်​ဖျော်ဖြေမှု​နှင့် အချိန်ကုန်​ခဲ့​သော်လည်း ထို​ပြဿနာ​ကို​ကျော်လွှား​ရန် ခြေလှမ်းလှမ်း​ခဲ့​သူ နောက်​တစ်ဦး​ကို လူတွေ့မေးမြန်း​ခဲ့​သည်။

အဓိက​ဟောပြောချက်​ဖြစ်သော “ဘုန်း​ကျက်သရေ​ရှိသော ပရောဖက်ပြုချက်​ဆိုင်ရာ အဆင်း​အာရုံများ​က ကျွန်ုပ်​တို့အား စိတ်​ထက်သန်မှု​ရှိစေ” ဖြင့်​နံနက်ပိုင်း​အစီအစဉ်ကို နိဂုံး​ချုပ်​ခဲ့​သည်။ ဟောပြောသူ​သည် ဘုရားသခင်​၏​မေရှိယနိုင်ငံတော် တည်ထောင်ခြင်း​နှင့် လုပ်ဆောင်မှု​တို့​ပါဝင်သော ဘုန်း​ရှိသော​ပရောဖက်ပြုချက်​ဆိုင်ရာ အဆင်း​အာရုံများ​ကြောင့် ယုံကြည်ခြင်း​ခိုင်ခံ့​ခဲ့​ကြ​သည့် ပရောဖက်​ဒံယေလ၊ တမန်​တော်​ယောဟန်​နှင့် ပေတရု​တို့၏​ပုံ​နမူနာ​များ​ကို ကိုးကား​ဖော်ပြ​ခဲ့​သည်။ ကျွန်ုပ်​တို့သည် ဆုံးခန်း​ကာလ​၌ အသက်​ရှင်​နေကြ​ကြောင်း အထင်အရှား​သက်သေထူ​သော သာဓက​များ​ကို မျက်ခြည်ပြတ်​သွား​နိုင်​သူ မည်သူ​မဆို​အား ဟောပြောသူက ဤသို့​ပြော​ခဲ့​သည်– “အဲလို​သူတွေဟာ ဘုရားသခင့်​နိုင်ငံတော်​ဘုန်း​တန်ခိုး​နဲ့ ခရစ်တော်​ရောက်ရှိ​နေခြင်း​အဖြစ်မှန်​ကို ပြန်လည်​အာရုံစိုက်​ကြ​ပြီး ဝိညာဉ်​ခွန်အား ပြန်​ရရှိ​လာအောင် အကူအညီယူ​ကြ​မယ်​လို့ ကျွန်တော်​တို့ စိတ်ရင်းမှန်​နဲ့ မျှော်လင့်​ပါ​တယ်။”

“နှိမ့်ချ​သူများ​အား ယေဟောဝါ​၏​ဘုန်းတော်​ကို ဖော်ပြ​ခဲ့” ဟူသော ဟောပြောချက်​ဖြင့် မွန်းလွဲပိုင်း​အစီအစဉ်ကို စတင်​ခဲ့​သည်။ ဟောပြောသူက ယေဟောဝါ​သည် စကြဝဠာ​တွင် အမြင့်မြတ်ဆုံး​ပုဂ္ဂိုလ်​ဖြစ်သည့်​တိုင် နှိမ့်ချ​ခြင်း​ဆိုင်ရာ ပုံ​နမူနာ မည်သို့​တင်ပြ​ခဲ့​ကြောင်း ဖော်ပြ​ခဲ့​သည်။ (ဆာလံ ၁၈:၃၅) အမှန်​စိတ်​နှိမ့်ချ​သူများကို ယေဟောဝါ​မျက်နှာသာ​ပေး​တော်​မူ​၏၊ သို့ရာတွင် မိမိတို့​နှင့်​ဂုဏ်ရည်​တူ​သူများ သို့​မဟုတ် မိမိတို့​ထက်သာ​လွန်​သူများ​နှင့် ဆက်ဆံ​သည့်​အခါ​မှ​သာ နှိမ့်ချ​ဟန်ပြ​ပြီး မိမိတို့​လက်အောက်​ရှိသူ​များ​ကို ခက်ထန်​ကြမ်းတမ်း​စွာ ဆက်ဆံ​သူများကို​မူ ကိုယ်တော်​ဆန့်ကျင်​တော်​မူ​၏။—ဆာလံ ၁၃၈:၆

ထို့နောက် “အာမုတ်​၏​ပရောဖက်ပြုချက်—ကျွန်ုပ်​တို့​ခေတ်​အတွက် သတင်း​စကား” ဟူသော အဓိက​အကြောင်းအရာကို အဘ​က်​ဘက်​မှ​အလေးပေး​ဖော်ပြ​သည့် အခန်းဆက်​ဟောပြောချက်​တွင် ကျမ်းစာ​ပရောဖက်ပြုချက်​ကို တင်ဆက်​ခဲ့​သည်။ ပထမ​ဟောပြောသူ​သည် အာမုတ်​၏​ပုံ​နမူနာကို ထောက်ပြ​ပြီး ရောက်လာ​တော့​မည့် ယေဟောဝါ​၏​တရား​စီရင်ခြင်း​အကြောင်း လူ​တို့ကို​သတိပေး​ဖို့ ကျွန်ုပ်​တို့​၌ တာဝန်​ရှိကြောင်း အာရုံစိုက်​စေ​ခဲ့​သည်။ သူ့​ဟောပြောချက်​၏​အဓိက​အကြောင်း​မှာ “ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ရဲရင့်စွာ​ဟောပြော​လော့” ဖြစ်သည်။ ဒုတိယ​ဟောပြောသူက “ဒီ​ကမ္ဘာ​ပေါ်မှာ​ရှိတဲ့ ဆိုးသွမ်းမှု​နဲ့ ဆင်းရဲ​ဝေဒနာတွေကို တစ်ချိန်ချိန်​မှာ ယေဟောဝါ​အဆုံးတိုင်​စေ​မလား” ဟု​မေးခွန်းထုတ်​ခဲ့​သည်။ “ဆိုးညစ်သူ​တို့​တစ်ဖက် ဘုရားသခင့်​တရား​စီရင်ချက်” ဟူသော သူ၏​အပိုင်း​က ဘုရားသခင့်​တရား​စီရင်ချက်​သည် အစဉ်သဖြင့် ထိုက်​သင့်လျော်​ကန်​ပြီး ရှောင်လွှဲ​၍​မရ​သည့်​ပြင် ရွေး​၍​စီရင်​လေ့​ရှိကြောင်း တင်ပြ​သည်။ နောက်ဆုံး​အခန်းဆက်​ဟောပြောသူက “ယေဟောဝါ​သည် စိတ်နှလုံး​ကို စစ်ဆေး​တော်​မူ​၏” ဟူသော​အကြောင်းကို အာရုံစိုက်​စေ​ခဲ့​သည်။ ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​လို​သူများ​သည် “[မကောင်းမှု]ကို​မုန်း​၍ [ကောင်းမှု]ကို​ချစ်​ကြလော့” ဟူသော အာမုတ် ၅:၁၅ ပါ​စကား​ကို လိုက်နာ​ကြ​ပါ​လိမ့်​မည်။

ဘုရားသခင်​၏​လက်ဆောင်​တစ်ခု​ဖြစ်​ပြီး စိတ်​ရွှင်လန်းစေသည့် အရက်ယမကာ​ကို အလွဲသုံး​မိ​နိုင်​သည်။ “အရက်​သေ​စာ​အလွဲသုံးခြင်း ကျော့ကွင်း​ကို​ရှောင်​လော့” ဟောပြောချက်​တွင် သောက်ကြူး​သူ​တစ်ဦး​မဟုတ်လျှင်​ပင် အရက်​အလွန်အကျွံ​သောက်သုံးခြင်း​၏ ကာယရေး​နှင့် ဝိညာဉ်​ရေး​အန္တရာယ်များ​ကို ဟောပြောသူက စာရင်း​တင်ပြ​ခဲ့​သည်။ လမ်းညွှန်​ပေး​သည့်​ဤ​မူကို သူ​ဖော်ပြ​ခဲ့​သည်– အရက်​ဒဏ်​ခံနိုင်ရည်​မှာ တစ်ဦး​နှင့်​တစ်ဦး​မတူ​သောကြောင့် သင်၏ “လက်တွေ့ကျ​ဉာဏ်ပညာ​နှင့် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း” ကို​ထိခိုက်​စေသည့် မည်သည့်​ပမာဏ​မဆို​သည် သင့်အတွက် များနေ​ပြီ။—သု. ၃:၂၁၊ ၂၂

ခဲယဉ်း​သော​ကာလ​တွင် ကျွန်ုပ်​တို့​အသက်ရှင်​နေကြ​သည်​ဖြစ်၍ “ယေဟောဝါ၊ ‘ဘေးရောက်​သည်​ကာလ​၌’ ကျွန်ုပ်​တို့၏ ‘ခိုလှုံရာ’” ဟူသော နောက်​အကြောင်း​တစ်ခု​က နှစ်သိမ့်မှု​ပေး​ပါ​သည်။ ဆုတောင်းခြင်း၊ သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့် ခရစ်ယာန်​ရောင်းရင်း​တို့​က ကျွန်ုပ်​တို့ကို အောင်မြင်​ကျော်လွှား​စေနိုင်​သည်။

ထို​နေ့​၏​နောက်ဆုံး​ဟောပြောချက်​ဖြစ်သော “ကောင်းမွန်သော​ပြည်—ပရဒိသု​ကြိုတင်​မြင်ကွင်း” က ကျမ်းစာ​မြေပုံများ​စွာ​ပါ​သော စာအုပ်​အသစ်​တစ်အုပ် ထုတ်ဝေ​လိုက်ခြင်း​ဖြင့် အားလုံး​ကို အံ့အားသင့်​သွား​စေပြီး ဝမ်းသာ​အားရ နိဂုံး​ချုပ်​ခဲ့​သည်! ယင်းက ကောင်းမွန်သော​ပြည်​ကို ကြည့်​လော့​အမည်​ရှိ​စာအုပ်​ဖြစ်သည်။

ဒုတိယ​နေ့ အဓိက​အကြောင်း– “ဘုန်းတော်​ကို တစ်ပါး​အမျိုးသား​တို့​၌ ... ဖော်ပြ​ကြလော့”

နေ့စဉ်​ကျမ်းချက်​ကို​သုံးသပ်​ပြီး​နောက် “ယေဟောဝါ​၏ ဘုန်း​အသရေတော်​ကို ကြေး​မုံ​များ​ကဲ့သို့ ရောင်ပြန်ဟပ်​လော့” ဟူသော အဓိက​အကြောင်း​ဖြင့် စည်းဝေးကြီး​၏ ဒုတိယ​အခန်းဆက်​ဟောပြောချက်ကို တင်ဆက်​ခဲ့​သည်။ ပထမ​ဟောပြောသူက “နေရာတိုင်း​တွင် သတင်းကောင်း​ဝေမျှခြင်း” အကြောင်း အကျယ်တဝင့်​ရှင်းပြ​ပြီး လယ်ကွင်း​လုပ်ငန်း​တွင် တွေ့ကြုံ​ခဲ့​သော တွေ့ကြုံမှု​များ​ကို ပြန်​သရုပ်ပြ​စေ​ခဲ့​သည်။ “အလင်းကွယ်​နေ​သူများ​ထံ​မှ မျက်နှာဖုံး​ကို ဖယ်ရှားခြင်း” ဟူသော​အကြောင်းကို ဒုတိယ​ဟောပြောသူက တင်ဆက်​သောအခါ သူသည် ပြန်လည်ပတ်မှု​တစ်ခု​ကို သရုပ်ပြ​စေ​ခဲ့​သည်။ လယ်ကွင်း​မှ စိတ်ဝင်စားဖွယ် တွေ့ကြုံမှု​များ​အကြောင်း လူတွေ့မေးမြန်းခန်း​များ​ပါဝင်​သည့်​အတွက် “ကျွန်ုပ်​တို့၏​ဓမ္မ​အမှု​တွင် ပို​၍​အပြည့်အဝ​လုပ်ဆောင်ခြင်း” အမည်​ရှိ နောက်ဆုံး​အခန်းဆက်​ဟောပြောချက်သည် ပို​၍​စိတ်ဝင်စားစရာ​ဖြစ်​ခဲ့​သည်။

အစီအစဉ်​၏​နောက်​အပိုင်း​တစ်ခု​မှာ “အကြောင်းမဲ့ မုန်းတီးခြင်း” အမည်​ရှိ၏။ ဤ​အပိုင်း​တွင် အတိုက်အခံ​ကြုံနေ​ရ​စဉ် ဘုရားသခင်​ပေး​သော​ခွန်အား​ဖြင့် ဆက်၍​တည်ကြည်​ခဲ့​ကြ​သူများကို လူတွေ့မေးမြန်း​သည့် အားရှိစရာ​မေးမြန်းခန်း​များ ပါဝင်​သည်။

စည်းဝေးကြီး​များ​တွင် မျှော်လင့်​တ​ကြီး စောင့်စား​ကြသော​ကဏ္ဍ​တစ်ခု​မှာ နှစ်ခြင်း​ဟောပြောချက်​ပြီး​နောက် နှစ်ခြင်း​ခံ​ဖို့ အရည်အချင်း​ပြည့်မီ​သူအား​လုံး​ကို ရေ​တွင်​စုံး​စုံး​မြုပ် နှစ်ခြင်း​ပေးခြင်း​ဖြစ်သည်။ ရေ​တွင်​နှစ်ခြင်း​ခံ​ခြင်း​သည် ယေဟောဝါ​ထံ လုံးလုံး​ဆက်ကပ်​အပ်နှံခြင်း အထိမ်းအမှတ်​ဖြစ်၏။ ထို့​ကြောင့် “ကျွန်ုပ်​တို့၏ ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​က ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ” ဟူသော​အကြောင်း​က အလွန်​လျောက်ပတ်​ပေ​သည်။

“ကြီးမြတ်မှု​ဆိုင်ရာ ခရစ်တော်​၏​အမြင်မျိုး​ကို မွေးမြူခြင်း” ဟူသော မိမိကိုယ်ကို​ဆန်းစစ်​စေသည့် ဟောပြောချက်​ဖြင့် မွန်းလွဲပိုင်း အစီအစဉ်ကို အစပြု​ခဲ့​သည်။ ဟောပြောသူက ကြီးမြတ်မှု​သည် ခရစ်တော်​၏​နှိမ့်ချမှုကို တုပခြင်း​မှ​ဖြစ်လာ​ဟူသော စိတ်ဝင်စားဖွယ်​အချက်​ကို ဖော်ပြ​ခဲ့​သည်။ ထို့​ကြောင့် ခရစ်ယာန်​တစ်ဦး​သည် ပုဂ္ဂိုလ်ရေး​ရည်မှန်းချက်​ပြည့်ဝ​ဖို့ တာဝန်​ရှိ​အခွင့်အရေး​ကို မ​ရှာကြံ​သင့်​ပါ။ ‘ထင်ပေါ်​မှာ​မဟုတ်တဲ့ အထောက်အကူ​ပြု​တာဝန်​တွေ​ကို ထမ်းဆောင်​ဖို့ ငါ​တလိုတလား​ရှိရဲ့လား’ ဟု​မိမိကိုယ်ကို​မေးသင့်​သည်။

သင်​မောပန်း​ဖူး​သလော။ အဖြေ​မှာ ရှင်းနေပါသည်။ “မောပန်းသော်လည်း ပန်း​လျ​နွမ်း​နယ်​မှုမရှိ” ဟူ​သည့်​ဟောပြောချက်ကို အားလုံး​နှစ်ခြိုက်​ခဲ့​ကြသည်။ သက်တမ်းကြာ​သက်သေခံ​များ​ကို လူတွေ့မေးမြန်း​ခြင်း​မှ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို “ဝိညာဉ်​တော်​အားဖြင့် ... ခွန်အား​နှင့်​မြဲမြံ​ခိုင်ခံ့” စေနိုင်​ကြောင်း ပြောပြ​သည်။—ဧဖက် ၃:၁၆

ရက်ရော​ခြင်း​သည် ကျွန်ုပ်​တို့၏​မွေးရာပါ​အရည်အချင်း​တစ်ခု​မဟုတ်ပါ၊ သင်ယူ​ရမည့် အရည်အချင်း​တစ်ခု​ဖြစ်၏။ အရေးပါသော​ဤ​အချက်​ကို ‘စွန့်ကြဲ​ချင်​သော​စေတနာ​စိတ်​ရှိ​လော့’ ဟူ​သည့် ဟောပြောချက်​တွင် အလေးပေး​ဖော်ပြ​ခဲ့​သည်။ စဉ်းစားစရာ​မေးခွန်း​တစ်ခု​ကား “ကျွန်ုပ်​တို့သည် သက်ကြီးရွယ်အို၊ ဖျားနာသူ၊ စိတ်ဓာတ်ကျ​နေ​သူ သို့​မဟုတ် အထီးကျန်​နေ​သူ ညီအစ်ကို၊ ညီအစ်မ​များ​အား ကျွန်ုပ်​တို့၏​အချိန် မိနစ်​အနည်းငယ်​ကို ဝေမျှပေး​ရန် အသင့်ရှိ​သလော” ဖြစ်သည်။

“‘သူစိမ်း​များ​၏​စကားသံ’ ကို​သတိပြု​ကြလော့” က ပရိသတ်​၏​အာရုံ​ကို​ဖမ်းစား​ခဲ့​သည်။ ထို​ဟောပြောချက်​က “ကောင်းသော​သိုးထိန်း” ဖြစ်သူ ယေရှု၏​စကားသံ​ကို​သာ နားထောင်ပြီး စာတန့်​ဩဇာ​အောက်​ရှိ ကိုယ်စားလှယ် ‘သူစိမ်း​များ​၏​စကားသံ’ ကို နားမထောင်​ကြသော ကိုယ်တော့်​နောက်လိုက်​များ​ကို သိုးများ​နှင့်​နှိုင်းယှဉ်​ပြ​ခဲ့​သည်။—ယောဟန် ၁၀:၅၊ ၁၄၊ ၂၇

သံ​ပြိုင်​သီဆို​သည့်​သီချင်းသည်​စု​သည် အသံ​တညီတည်း သီဆို​ကြ​ရ​ပေမည်။ကမ္ဘာ​တစ်ဝန်း​ရှိ စစ်မှန်သော​ဝတ်ပြုသူ​များသည် ဘုရားသခင့်​ဘုန်းတော်​ထင်ရှားစေ​ဖို့​စည်းလုံး​ရ​ကြ​မည်။ထို့​ကြောင့် “စင်ကြယ်သော​ဘာသာ​စကား” တစ်မျိုးတည်း​ကို​ပြောဆို​၍ ယေဟောဝါ​၏​အမှုတော်ကို “ပခုံး​ချင်း​ယှဉ်” ထမ်းဆောင်​နိုင်​ဖို့ မည်သို့​ပြုလုပ်​ရမည်​အကြောင်း “‘တစ်သံ​တည်း​ဖြင့်’ ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​လော့” က​သွန်သင်ပေး​သည်။—ဇေဖနိ ၃:၉က​ဘ။

မိဘများ၊ အထူးသဖြင့် ကလေးငယ်​ရှိသည့်​မိဘများသည် “ကျွန်ုပ်​တို့၏​သားသမီး​များ—အဖိုးတန်​အမွေဥစ္စာ” ဟူသော အဆိုပါ​နေ့​၏​နောက်ဆုံး​ဟောပြောချက်ကို အလွန်​ကြိုက်​နှစ်သက်ခဲ့​ကြသည်။ ၂၅၆ မျက်နှာ​ရှိ စာအုပ်​အသစ်​တစ်အုပ်​ထုတ်ဝေ​ခဲ့​ရာ ပရိသတ်​ကို နှစ်ထောင်း​အားရ​ဖြစ်စေ​ခဲ့​သည်။ ဘုရားသခင်​ထံ​မှ ဆုကျေးဇူး​ဖြစ်သော သားသမီး​များနှင့်​အတူ မိဘများ​ရှိ​နေချိန်​ကို ဝိညာဉ်​ရေးရာ အကျိုး​ဖြစ်ထွန်း​စေဖို့ ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့​စာအုပ်​က ကူညီ​ပေး​ပါ​လိမ့်​မည်။

တတိယ​နေ့ အဓိက​အကြောင်း– “ဘုရားသခင်​၏​ဘုန်းတော်​ကို​ထောက်၍ ခပ်သိမ်း​သော​အမှုကိစ္စ​ကို​ပြု​ကြလော့”

နေ့စဉ်​ကျမ်းချက်​မှ သတိပေး​ချက်​များ​က ဝိညာဉ်​ရေး​ဆိုင်ရာ စကား​များ​ဖြင့် စည်းဝေးကြီး​နောက်ဆုံး​နေ့ကို အစပြု​ခဲ့​သည်။ ဤ​နေ့​၏​ပထမ​ပိုင်း​အစီအစဉ်​က မိသားစု​အစီအစဉ်ကို အထူး​အာရုံစိုက်​စေ​ခဲ့​သည်။ “မိဘများ၊ မိသားစုကို ဆောက်​တည်​ပေး​ကြလော့” ဟူသော ပထမ​ဟောပြောချက်​က ပရိသတ်​၏​စိတ်​အနေအထား​ကို အသင့်ပြင်​ဆင်​ပေး​လိုက်​သည်။ ဟောပြောသူ​သည် မိသားစု​၏​ကာယရေး​အတွက် မိဘ​ဝတ်များ​ကို ပြန်လည်​သုံးသပ်​တင်ပြ​ပြီး​နောက် မိဘများ​၏​အဓိက​တာဝန်​မှာ ဝိညာဉ်​ရေး​အရ ကြည့်ရှု​ပြုစုပေး​ဖို့​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​သည်။

နောက်​ဟောပြောသူက “ယေဟောဝါ​အား လူငယ်များ ချီးမွမ်း​နေကြ​ပုံ” အကြောင်း ဆန်းစစ်​ပြီး ကလေးငယ်​များ​ကို တိုက်ရိုက်​ဟောခဲ့​သည်။ လူငယ်​အများအပြား​ရှိပြီး လူငယ့်​ဇွဲ​မှာ လန်းဆန်း​စေသော​ကြောင့် သူတို့သည် “ဆီးနှင်း” ပေါက်​များနှင့်​တူ​သည်​ဟု သူ​ပြောဆို​၏။ ယေဟောဝါ​၏​လုပ်ငန်းတော်တွင် သူတို့နှင့်​အတူ လုပ်ဆောင်​ရသည့်​အတွက် လူကြီး​များ ဝမ်းမြောက်​ကြသည်။ (ဆာလံ ၁၁၀:၃) ဤ​အပိုင်း​တွင် စံ​ထား​လောက်​သော လူငယ်​လူရွယ်​များနှင့် နှစ်လိုဖွယ်​ကောင်း​သည့် လူတွေ့မေးမြန်းခန်း​များ​ပြုလုပ်​ပါ​သည်။

ဝတ်စုံပြည့် ကျမ်းစာ​ပြဇာတ်​များသည် ခရိုင်​စည်းဝေးကြီး​များ​၏ စိတ်​လှုပ်ရှား​ဖွယ်​အစီအစဉ်​တစ်ခု အစဉ်​ဖြစ်​ခဲ့ပြီ၊ ဤ​စည်းဝေးကြီး​တွင်​လည်း ပြဇာတ်​ပါရှိ​သည်။ “ဆန့်ကျင်မှု​ကြား ရဲရင့်စွာ​သက်သေခံခြင်း” ပြဇာတ်​က ပထမ​ရာစု​မှ ယေရှု၏​နောက်လိုက်​များ​အကြောင်း သရုပ်ဖော်​ပြ​ခဲ့​သည်။ စိတ်ဝင်စားစရာ​ကောင်း​ရုံ​မ​က သာ၍​အရေးကြီး​သည်​မှာ ဗဟုသုတ​ရစေသည်။ ပြဇာတ်​ပြီး​နောက် ဆက်လက်​တင်ဆက်​သော “သတင်းကောင်းကို ‘မပြတ်’ ကြေညာ​ကြ” ဟူ​သည့်​ဟောပြောချက်​က ပြဇာတ်​၏​အဓိက​အချက်များ​ကို ပေါ်လွင်​စေ​ခဲ့​သည်။

တနင်္ဂနွေ​နေ့​အစီအစဉ်​၏ ပေါ်လွင်​ချက်​တစ်ခု​ဖြစ်သော “ယနေ့ မည်သူ​တို့ ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှား​နေ​စေ​ကြ​သနည်း” ဟူ​သည့် လူထု​ဟောပြောချက်ကို တက်ရောက်သူ​အားလုံး​က စောင့်မျှော်​နေကြ​သည်။ အများအားဖြင့် သိပ္ပံ​ပညာ​နယ်ပယ်​နှင့် ကိုးကွယ်​မှု​ဆိုင်ရာ အဖွဲ့အစည်း​တို့သည် ဘုရားသခင်​၏​ဘုန်းတော်​ထင်ရှား​စေရန် မလုပ်ဆောင်​ခဲ့​ကြ​ကြောင်း ဟောပြောသူက အထောက်အထား​နှင့်​တင်ပြ​ခဲ့​သည်။ ကိုယ်တော်​၏​နာမကို​ခံယူ​ထား​သူ၊ ယေဟောဝါ​နှင့်​ပတ်သက်သော​အမှန်တရားကို ဟောပြော၊ သွန်သင်​နေ​သူများ​သာ​လျှင် ယနေ့ ကိုယ်တော်​၏​နာမတော်​ကို အမှန်တကယ်​ဂုဏ်တင်​နေကြ​သည်။

လူထု​ဟောပြောချက်​ပြီး​နောက် ထို​အပတ်​အတွက် ကင်းမျှော်စင် သင်တန်း အကျဉ်းချုပ်​နှင့် “ယေဟောဝါ​၏​ဘုန်းတော်​ထင်ရှားစေ​ဖို့ ‘များစွာသော​အသီးကို သီး​နေလော့’” ဟူသော နိဂုံး​ချုပ်​ဟောပြောချက်​တို့ကို ဆက်၍​တင်ဆက်​ခဲ့​သည်။ ဖန်ဆင်း​ရှင်၊ ယေဟောဝါ​ကို ဘုန်းထင်ရှား​စေနိုင်​သော နည်း​အမျိုးမျိုးကို အဓိက​ထား​သည့် အဓိဋ္ဌာန်​ပြုချက်​ဆယ်ခု​ကို တက်ရောက်သူ​အားလုံး ခံယူ​နိုင်​ဖို့ ဟောပြောသူက တင်ပြ​ဟောပြောခဲ့​သည်။ မြေကြီး​တစ်​စွန်း​မှ တစ်​စွန်း​တိုင်အောင် ကျင်းပ​လျက်​ရှိသော စည်းဝေးကြီး​အားလုံး​တွင် “တူ​ပါ​တယ်” ဟု​တစ်သံ​တည်း ထွက်ဆို​ခဲ့​ကြသည်။

“ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​လော့” ဟူသော​အဓိက​အကြောင်း​ဖြင့် စည်းဝေးကြီး​ကို​နိဂုံး​ချုပ်​ခဲ့​ရာ တက်ရောက်သူ ယောက်စီ​ယောက်​တိုင်း​၏​နား​တွင် ထိုစကား​များ ပဲ့​တင်​ရိုက်ခတ်​နေသည်။ ယေဟောဝါ​၏​ဝိညာဉ်​တော်​နှင့် ကိုယ်တော့်​မျက်မြင်ရ​အဖွဲ့အစည်း​၏ အကူအညီ​ဖြင့် လူကို​မဟုတ်ဘဲ ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှား​စေရန် အစဉ်​ရှာကြံ​ကြ​စို့​လေ။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​များ

အာရှ၊ ဩစတြေးလျ၊ ဥရောပ၊ မြောက်​အမေရိက​နှင့်​တောင်​အမေရိက​တို့​တွင် လေး​ရက်​ကြာ အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​များ​ကို ကျင်းပ​ခဲ့​ပါ​သည်။ ကမ္ဘာ​တစ်ဝန်း​မှ သက်သေခံ​များသည် ဤ​စည်းဝေးများ​တွင် ကိုယ်စားလှယ်​များ​အဖြစ်​တက်ရောက်​ရန် ဖိတ်ခေါ်​ခံ​ခဲ့​ကြ​ရသည်။ သို့ဖြင့် ဧည့်သည်​များနှင့် အိမ်ရှင်​များသည် ‘အချင်းချင်း​အားပေး’ တည်ဆောက်​ခွင့် ရရှိခဲ့​ကြသည်။ (ရောမ ၁:၁၂) အသိ​မိတ်ဆွေဟောင်း​များ ပြန်တွေ့​ဆုံ​ကြ​ပြီး မိတ်ဆွေသစ်​များနှင့်​လည်း မိတ်ဖွဲ့​ခဲ့​ကြသည်။ အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​များ​၏ အထူး​အစီအစဉ်​တစ်ခု​မှာ “အခြား​နိုင်ငံ​များ​မှ သတင်း​များ” အမည်​ရှိ အစီအစဉ်​အပိုင်း​ဖြစ်သည်။

[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဘုရားသခင့်​ဘုန်းတော်​ကို ထင်ရှားစေ​သော စာစောင်​အသစ်များ

“ဘုရားသခင်​၏​ဘုန်းတော်​ကို​ထင်ရှားစေ​လော့” ခရိုင်​စည်းဝေးကြီး​များ​တွင် စာစောင်​အသစ်​နှစ်အုပ်​ကို​ထုတ်ဝေ​ခဲ့​ပါ​သည်။ ကောင်းမွန်သော​ပြည်​ကို ကြည့်​လော့​ဟူသော ၃၆ မျက်နှာ​ရှိ ကျမ်းစာ​မြေပုံ​စာအုပ်​သည် တာရှည်ခံ​အဖုံး​နှင့်​ဖြစ်​ပြီး ကျမ်းစာ​နယ်မြေ​၏ မြေပုံများ​နှင့်​ဓာတ်​ပုံ​များ​ပါရှိ​သည်။ စာမျက်နှာ​တိုင်း​မှာ​ရောင်စုံ​ဖြစ်​ပြီး အာဆီးရီးယား၊ ဗာဗုလုန်၊ မီဒို-ပါးရှား၊ ဂရိ​နှင့် ရောမ​အင်ပါယာ​များ​၏ မြေပုံများ ပါရှိ​သည်။ ယေရှု၏​ဓမ္မ​အမှု​နှင့် ခရစ်ယာန်​ဘာသာ​ပြန့်ပွားမှု​တို့ကို ဖော်ပြ​သော သီးခြား​မြေပုံများ​လည်း ပါရှိ​သည်။

၂၅၆ မျက်နှာ​ရှိ ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့​စာအုပ်​တွင် ရုပ်ပုံ​ပေါင်း ၂၃၀ ခန့်​ပါရှိ​သည်။ ရုပ်ပုံများ​ကို​ကြည့်​ပြီး စာအုပ်​တွင်​ပါ​သော စဉ်းစား​တွေးတော​စ​ရာ​မေးခွန်းများကို ဖြေဆို​ရုံ​ဖြင့် ကလေး​များနှင့် ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်း​နိုင်​ပါ​သည်။ ကျွန်ုပ်​တို့​လူငယ်များ​၏ ကိုယ်ကျင့်တရား​ကို ယိုယွင်း​စေဖို့​ချိန်ရွယ်​ထားသော စာတန်​၏​တိုက်ခိုက်မှု​ကို တိုက်ဖျက်​ရန်​ရည်ရွယ်​လျက် ဤ​စာအုပ်​အသစ်​ကို ထုတ်ဝေ​ထား​ပါ​သည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယုံကြည်ခြင်း​ခိုင်ခံ့​စေသော တွေ့ကြုံမှု​များ​ကို ခရစ်ယာန်​သာသနာပြု​များ ပြန်​ပြောပြ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

နှစ်ခြင်း​ခံ​ခြင်း​သည် “ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​လော့” စည်းဝေးကြီး​များ​၏ အရေးပါသော​အပိုင်း​ဖြစ်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ကျမ်းစာ​ပြဇာတ်​များ​ကို ကြီးငယ်မဟူ ကြိုက်​နှစ်သက်ခဲ့​ကြ