မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ယုံကြည်စိတ်ချနိုင်သော ကတိများ

သင်ယုံကြည်စိတ်ချနိုင်သော ကတိများ

သင်​ယုံကြည်​စိတ်ချ​နိုင်သော ကတိ​များ

“ကျမ်း​ကျိန်ခြင်း​သည် စကား​မျှ​ဖြစ်​ပြီး စကား​သည် လေ​မျှ​ဖြစ်၏”ဟူ၍​အင်္ဂလိပ်​ကဗျာ​ဆရာ ဆယ်မြူအယ်လ်​ဘတ်တလာ​က ရေးဖွဲ့​ခဲ့​သည်။ ဘုရားသခင်​၏​ပရောဖက်​မိက္ခာ​သည် သူ့​ခေတ်​အခါ​က ထိုသို့​ပင်​ဖြစ်​ကြောင်း သိရှိ​ခဲ့​သည်။ အရင်းနှီးဆုံး​မိတ်ဆွေများ​၏ စကား​ကို​ပင် ယုံကြည်​စိတ်ချ​၍​မရချေ။ ထို့​ကြောင့် မိက္ခာ​က ဤသို့​သတိပေး​ခဲ့​သည်– “အဆွေ​ခင်ပွန်း​ကို မယုံ​နှင့်။ လမ်းပြ​သော​သူကို အ​မှီ​မပြု​နှင့်။ သင့်​ရင်ခွင်​၌​အိပ်​သော​မယား​ကို မယုံ​မူ​၍ သင့်​နှုတ်​တံခါး​ကို ပိတ်​ထား​လော့။”—မိက္ခာ ၇:၅

မိက္ခာ​သည် ဤ​ဝမ်းနည်းဖွယ်​အခြေအနေ​များ​ကြောင့် ကတိ​အားလုံး​ကို အယုံအကြည်မဲ့​ခဲ့​သလော။ မဟုတ်ပါ! သူ၏​ဘုရားသခင် ယေဟောဝါ​၏​ကတိတော်​များ​ကို အပြည့်အဝ​ယုံကြည်​စိတ်ချကြောင်း သူ​ပြော​ခဲ့​သည်။ မိက္ခာ​က ‘ငါ​မူ​ကား ယေဟောဝါ​ကို​မျှော်လင့်​မည်။ ငါ့ကို ကယ်တင်​တော်​မူ​သော ဘုရားသခင်​ကို စောင့်မျှော်​မည်’ ဟု​ရေးသားခဲ့​သည်။—မိက္ခာ ၇:၇သမ္မာ။

မိက္ခာ​သည် အဘယ်ကြောင့် ဤမျှ​ယုံကြည်​စိတ်ချ​ခဲ့​သနည်း။ အကြောင်း​မှာ ယေဟောဝါ​သည် အစဉ်​ကတိတည်​တော်​မူ​သည်ကို သူသိ​ရှိသောကြောင့်​ဖြစ်သည်။ မိက္ခာ​၏​ဘိုးဘေး​များ​ကို ဘုရားသခင်​ကျိန်ဆို​ခဲ့​သမျှ ဧကန်​မုချ​ပြည့်စုံ​ခဲ့​၏။ (မိက္ခာ ၇:၂၀) ယေဟောဝါ​သည် အတိတ်​တွင် သစ္စာရှိခဲ့​သောကြောင့် အနာဂတ်​တွင်​လည်း စကား​တည်​မည်​ကို မိက္ခာ ယုံကြည်​ရန် ခိုင်လုံ​သော​အကြောင်း​ရှိ၏။

“တစ်စုံ​တစ်ပါး​မျှ မယုတ်​မ​လျော့”

ဥပမာ၊ ဣသရေလလူ​တို့ကို အီဂျစ်​ပြည်​ကျွန်​သ​ပေါက်​အဖြစ်​မှ ယေဟောဝါ​ကယ်နုတ်​ခဲ့​ကြောင်း မိက္ခာ​သိထား​သည်။ (မိက္ခာ ၇:၁၅) ကျွန်​ဘဝ​မှ လွတ်မြောက်​ခဲ့​သူ ယောရှုက ဘုရားသခင်​၏​ကတိတော်​ရှိသမျှကို ယုံကြည်​ကြ​ရန် ဣသရေလ​အမျိုးသားချင်း​တို့ကို အားပေးခဲ့​၏။ အဘယ်အရာ​အပေါ် အခြေပြု​၍​နည်း။ ယောရှုက ‘သင်တို့၏​ဘုရားသခင် ယေဟောဝါ​သည် သင်တို့​အဖို့ မိန့်တော်မူသော ကောင်းကျိုး​တစ်စုံ​တစ်ပါး​မျှ မယုတ်​မ​လျော့၊ အကုန်အစင်​ပြည့်စုံ​ကြောင်းကို သင်တို့သည် စိတ်နှလုံး​ထဲမှာ သိ​ကြ​၏’ ဟူ၍ သူတို့ကို သတိပေး​ခဲ့​သည်။—ယောရှု ၂၃:၁၄

ယေဟောဝါ​သည် ဣသရေလလူ​တို့အတွက် အံ့ဖွယ်အမှု​များစွာ ပြု​ပေး​ခဲ့​ကြောင်း သူတို့​ကောင်းစွာ​သိရှိ​ကြသည်။ ဘုရားသခင်​ကို ကြောက်ရွံ့​သော သူတို့၏​ဘိုးဘေး​ဖြစ်သူ အာဗြဟံ​၏​မျိုးဆက်​သည် ကြယ်​တ​မျှ များပြား​လာပြီး ခါ​နာ​န်​ပြည်​ကို ပိုင်ဆိုင်​ရမည်ဟု ကိုယ်တော်​ကတိပြု​သည့်​အတိုင်း ဖြစ်လာ​စေ​ခဲ့​သည်။ အာဗြဟံ​၏​သားစဉ်မြေးဆက်​သည် အနှစ် ၄၀၀ အထိ ဆင်းရဲ​ဝေဒနာ​ခံစားရ​မည်​ဖြစ်သော်လည်း “လူမျိုး​လေးဆက်​လွန်​သောအခါ” ခါ​နာ​န်​ပြည်​သို့ ပြန်လာ​လိမ့်​မည်​ဟု​လည်း ယေဟောဝါ​မိန့်ဆိုခဲ့သည်။ ထို​အတိုင်း အားလုံး ဖြစ်ပျက်​လာ​၏။—ကမ္ဘာဦး ၁၅:၅-၁၆; ထွက်မြောက်ရာ ၃:၆-၈

ယာကုပ်​၏​သား ယောသပ်​လက်ထက်​တွင် ဣသရေလလူ​တို့ကို အီဂျစ်​ပြည်​က ကောင်းစွာ​ကြိုဆို​လက်ခံခဲ့သည်။ နောက်ပိုင်း​တွင် အီဂျစ်လူ​တို့သည် သူတို့ကို ရက်စက်​ကြမ်းတမ်း​စွာ အလုပ်​စေခိုင်း​ခဲ့​သော်လည်း ဘုရားသခင် ကတိပြု​သည့်​အတိုင်း အီဂျစ်​ပြည်​ကို ရောက်​ခဲ့​သည့်​အချိန်​မှ​စ၍ လူမျိုးဆက်​လေးဆက်​အတွင်း အာဗြဟံ​၏ ဤ​သားစဉ်မြေးဆက်​များ​မှာ အီဂျစ်​ကျွန်​သ​ပေါက်​အဖြစ်​မှ လွတ်မြောက်​ခဲ့​သည်။ *

ယေဟောဝါ​သည် အမြဲ​ကတိတည်​တော်​မူ​ကြောင်း ဣသရေလလူ​တို့ နောက်​အနှစ် ၄၀ အတွင်း ထပ်ဆင့်​တွေ့ရှိ​ခဲ့​ကြ​ရသည်။ အာမလက်​လူတို့သည် ဣသရေလလူ​တို့ကို အကြောင်းမဲ့ တိုက်ခိုက်​လာသော​အခါ မိမိ၏​လူမျိုးတော်​ဘက်​မှ ဘုရားသခင် တိုက်ခိုက်​ကာကွယ်​ပေး​ခဲ့​၏။ တောကန္တာရ​တွင် အနှစ် ၄၀ ခရီး​လှည့်လည်​နေကြ​စဉ် ကိုယ်တော်​သည် သူတို့ကို လို​လေ​သေး​မရှိ ဖြည့်စွက်​ပေး​ခဲ့​ပြီး နောက်ဆုံး​၌ ကတိထားရာပြည်​တွင် နေရာချ​ပေး​တော်​မူ​ခဲ့​သည်။ အာဗြဟံ​၏ အဆိုပါ​သားစဉ်မြေးဆက်​များနှင့် ယေဟောဝါ​ဆက်ဆံ​တော်​မူ​ခဲ့​သည့် သမိုင်း​ကို ယောရှု​ပြန်ပြောင်း​သုံးသပ်​ပြ​သောအခါ သူက ယုံကြည်​စိတ်ချ​စွာ ဤသို့​ပြော​နိုင်​ခဲ့​သည်– ‘ယေဟောဝါ​သည် ဣသရေလ​အမျိုး​အဖို့ မိန့်တော်မူသော ကောင်းကျိုး​တစ်စုံ​တစ်ပါး​မျှ​မ​လျော့၊ ရှိသမျှ​တို့သည် ပြည့်စုံ​ကြ​၏။’—ယောရှု ၂၁:၄၅

ဘုရားသခင်​၏​ကတိတော်​များ​ကို ယုံကြည်​စိတ်ချ​လော့

မိက္ခာ​နှင့် ယောရှု​တို့​ကဲ့သို့ သင်သည် ယေဟောဝါ​၏​ကတိတော်​များ​ကို မည်သို့​ယုံကြည်​စိတ်ချ​နိုင်​မည်​နည်း။ အခြား​သူများကို သင်​မည်သို့​ယုံကြည်​စိတ်ချ​လာ​သနည်း။ သင်သည် သူတို့ကို သိကျွမ်း​လာ၍​ဖြစ်​မည်။ ဥပမာ၊ သူတို့သည် ကတိ​အတိုင်း အတိအကျ​ပြုလုပ်​ဆောင်ရွက်​သည်ကို တွေ့ရှိ​ခဲ့​ရာ အမှန်တကယ် အားကိုးထိုက်​သူများ​ဖြစ်​ကြောင်း တွေ့ရှိ​လာပေမည်။ ဤသူတို့​အကြောင်း သင်​သိရှိ​လာ​လေ သူတို့ကို တဖြည်းဖြည်း​ယုံကြည်​စိတ်ချ​လာ​လေ​ဖြစ်သည်။ ဘုရားသခင်​၏​ကတိတော်​များ​ကို ယုံကြည်​စိတ်ချ​ခြင်း​နှင့် ပတ်သက်​လာ​လျှင်​လည်း ထိုသို့​ပင်​ဖြစ်​နိုင်၏။

သင်​ပြုလုပ်​နိုင်​သည့် နည်း​တစ်နည်း​မှာ ဖန်ဆင်း​ခြင်း​လက်ရာ​နှင့် ယင်းကို​ထိန်းချုပ်​သည့် နိယာမ​တရား​များ​ကို ဆင်ခြင်​တွေးတောခြင်း​အားဖြင့်​ဖြစ်သည်။ လူ့​ဆဲလ်​တစ်ခု​သည် သင့်​ခန္ဓာကိုယ်​တွင် ပါဝင်​ဖွဲ့စည်းထား​သော သန်းနှင့်ချီ​ဆဲလ်​များ​အဖြစ်သို့ ခွဲခြမ်း​စိတ်ဖြာ​ပွား​များ​လာသော​နည်း အစ​ရှိသော​နိယာမ​များ​ကို သိပ္ပံ​ပညာရှင်​များ​က ယုံကြည်​စိတ်ချ​သည်။ အမှန်​ဆို​ရ​လျှင် စကြဝဠာ​တစ်ခုလုံး​ရှိ အရာဝတ္ထု​များ​၏​တုံ့ပြန်မှု​နှင့် စွမ်းအင်​တို့ကို ထိန်းချုပ်​ထား​သည့် နိယာမ​များ​ကို လုံးလုံးလျားလျား ယုံကြည်​စိတ်ချ​နိုင်သော နိယာမ​တရား​ဖန်တီးရှင်​တစ်ပါး​က ပြုလုပ်​ထားခြင်း​ဖြစ်​ရမည်။ ထို​အရှင်​၏​ဖန်ဆင်း​ခြင်း​လက်ရာကို ထိန်းချုပ်​သည့် နိယာမ​များ​အပေါ် ယုံကြည်​စိတ်ချ​နိုင်​သကဲ့သို့ ၎င်း​၏​ကတိတော်​များ​ကိုလည်း ယုံကြည်​စိတ်ချ​နိုင်​မည်​မှာ သေချာ​သည်။—ဆာလံ ၁၃၉:၁၄-၁၆; ဟေရှာယ ၄၀:၂၆; ဟေဗြဲ ၃:၄

ယေဟောဝါ​သည် မိက္ခာ​၏​တစ်ခေတ်​တည်း​သား ပရောဖက်​ဟေရှာယ​အားဖြင့် ရာသီဥတု ပုံမှန်​လည်ပတ်ခြင်း​နှင့် အံ့သြဖွယ်​ရေသံသရာ​ကို အသုံးပြု၍ မိမိ၏​စကားတော်​ကို ယုံကြည်​အားထား​နိုင်​ကြောင်း ဖော်ပြ​ခဲ့​သည်။ နှစ်စဉ် မိုးရွာ​၏။ ယင်းကြောင့် မြေကြီး စိုစွတ်​ကာ မျိုးစေ့ကြဲ​၍ ရိတ်သိမ်း​နိုင်​ကြသည်။ ၎င်းနှင့်​ပတ်သက်​၍ ယေဟောဝါ​က “မိုး​ရေ​နှင့်​မိုး​ပွင့်​တို့သည် မိုးကောင်းကင်​မှ​ဆင်းသက်​၍ နောက်​တစ်ဖန်​မပြန်၊ မြေ​သည် မျိုးစေ့ကြဲ​သော​သူအား မျိုးစေ့ကို​လည်းကောင်း၊ အစာစား​သော​သူအား အစာကို​လည်းကောင်း ပေး​မည်​အကြောင်း မြေ​ကို​စို​စေ​သဖြင့် အပင်ပေါက်​စေ​၍ အသီးကို​သီး​စေ​သကဲ့သို့ ထို​အတူ ငါ​၏​နှုတ်[ထွက်]စကား​သည် ဖြစ်​လိမ့်​မည်။ အကျိုးမရှိ​ဘဲ ငါ့​ထံ​သို့​မပြန်​ရ။ ငါ့​အလိုကို ပြည့်စုံ​စေမည်။ ငါ​စေခိုင်း​သော​အမှု၌ အောင်​လိမ့်​မည်” ဟု​မိန့်ဆိုခဲ့သည်။—ဟေရှာယ ၅၅:၁၀၊ ၁၁

တပ်အပ်​သေချာ​သော ပရဒိသု​ကတိတော်​များ

ဖန်ဆင်း​ခြင်း​လက်ရာကို​ဆန်းစစ်ခြင်း​ဖြင့် ဖန်ဆင်း​ရှင်​ကို​ယုံကြည်​စိတ်ချ​လာနိုင်​သော်လည်း ‘[ကိုယ်တော်]၏ နှုတ်[ထွက်]စကား​ဖြစ်’ သော ကတိတော်​များ​အကြောင်း သင်​သိရှိ​လိုလျှင် ထို​ထက်မက ပြုလုပ်​ဖို့​လို​သည်။ အဆိုပါ​ကတိတော်​များ​ကို သိရှိပြီး ယုံကြည်​စိတ်ချ​လာနိုင်​ရန် ကမ္ဘာ​မြေ​နှင့်​ပတ်သက်​သည့် ဘုရားသခင့်​ရည်ရွယ်ချက်​နှင့် လူသားများ​နှင့်​ကိုယ်တော်​ဆက်ဆံပုံ​တို့ကို မှတ်တမ်း​တင်ထားသော ဘုရားသခင့်​မှုတ်သွင်းခံ သမ္မာကျမ်းစာ​ကို ဆန်းစစ်​ဖို့​လို​၏။—၂ တိမောသေ ၃:၁၄-၁၇

ပရောဖက်​မိက္ခာ​သည် ယေဟောဝါ​၏​ကတိတော်​များ​ကို ယုံကြည်​စိတ်ချ​ခဲ့​၏။ အသင်​မူ မိက္ခာ​ထက်​ပင် ဘုရားသခင့်​မှုတ်သွင်းခံ​မှတ်တမ်းများ ရရှိ​ထား​၏။ သမ္မာကျမ်းစာ​ကို ဖတ်ရှု​ဆင်ခြင်​တွေးတော​သောအခါ အသင်​လည်း ဘုရားသခင့်​ကတိတော်​များ ပြည့်စုံ​လာ​မည်​ကို တဖြည်းဖြည်း​ယုံကြည်​လာနိုင်​သည်။ ဤ​ကတိတော်​များသည် အာဗြဟံ​၏​သားစဉ်မြေးဆက်​များ​အတွက်သာ​မဟုတ်ဘဲ လူသား​အားလုံး​နှင့်​ဆိုင်​သည်။ ဘုရားသခင်​အား​ကြောက်ရွံ့​သော ထို​ဘိုးဘေး​ကို ယေဟောဝါ ဤသို့​ကတိပြု​ခဲ့​သည်– “သင်၏​အမျိုးအနွယ်​အားဖြင့် လူမျိုးအပေါင်း​တို့သည် ကောင်းချီး​မင်္ဂလာ​ကို ခံရ​ကြလိမ့်မည်​ဟု ငါ​၏​စကား​ကို သင်​နားထောင်​သောကြောင့် ငါသည် ကိုယ်ကို​ကိုယ် တိုင်တည်​၍​ကျိန်ဆို​၏။” (ကမ္ဘာဦး ၂၂:၁၈) အာဗြဟံ​၏​အဓိက​မျိုးနွယ်​မှာ မေရှိယ​ဖြစ်သူ ယေရှု​ခရစ်​ဖြစ်သည်။—ဂလာတိ ၃:၁၆

ယေဟောဝါ​သည် ယေရှု​ခရစ်​မှ​တစ်ဆင့် နာခံ​သော​လူသားများ​ကို ထို​ကောင်းချီး​များ အမှန်တကယ်​ပေး​မည်​ဖြစ်သည်။ ထို့​ပြင် ကျွန်ုပ်​တို့​အချိန်တွင် အဘယ်အရာ​ပြု​လုပ်ပေး​မည်​ဟု ဘုရားသခင်​ကတိပြု​ခဲ့​သနည်း။ မိက္ခာ ၄:၁၊ ၂ က ဤ​ပရောဖက်ပြု​စကား​များ​ဖြင့် ဖြေဆို​ပေး​သည်– ‘နောက်ဆုံးသော​ကာလ​၌ ယေဟောဝါ​၏​အိမ်တော်​တည်​သော​တောင်​သည် တောင်ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်မှာ ချီး​မြှောက်၍​တည်​လိမ့်​မည်။ ခပ်သိမ်း​သော​လူစု​တို့သည် ထို​တောင်​သို့ စည်းဝေး​ကြလိမ့်မည်။ များပြား​သော​လူမျိုး​တို့​က​လည်း လာ​ကြလော့။ ယေဟောဝါ​၏​တောင်တော်၊ ယာကုပ်​အမျိုး​၏​ဘုရားသခင့်​အိမ်တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်းခရီးတော်​တို့ကို ပြသ​သွန်သင်​တော်​မူ​၍ ငါ​တို့သည် ခြေရာ​သို့ လိုက်သွား​ကြ​မည်​ဟု ခရီး​သွား​လျက်​ပြောဆို​ကြလိမ့်မည်။’

ယေဟောဝါ​၏​နည်းလမ်းတော်​များ​အကြောင်း သိရှိ​လာ​သူများ​သည် “ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ လှံ​များ​ကို တံစဉ်​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း ထုလုပ်​ကြလိမ့်မည်။” စစ်တိုက်​လို​တော့​မည်​မဟုတ်​ချေ။ မကြာမီတွင် ကမ္ဘာ​မြေပေါ် ဖြောင့်မတ်​သူများ ပြည့်နှက်​နေ​မည်​ဖြစ်​ပြီး ကြောက်ရွံ့​ရမည့်​သူ ရှိတော့မည်​မဟုတ်ပေ။ (မိက္ခာ ၄:၃၊ ၄) မှန်ပါသည်၊ ယေရှု​ခရစ်​အုပ်ချုပ်​မည့် ဘုရားသခင့်​နိုင်ငံတော်​အောက်တွင် ယေဟောဝါ​သည် ဖိနှိပ်​ဆန့်ကျင်သူ​ရှိသမျှကို ကမ္ဘာ​မြေ​မှ ပယ်ရှား​တော့​မည်​ဟု ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ကတိပြု​ထား​သည်။—ဟေရှာယ ၁၁:၆-၉; ဒံယေလ ၂:၄၄၊ ၄၅; ဗျာ. ၁၁:၁၈

ဘုရားသခင်​ကို ပုန်ကန်​ခဲ့​သောကြောင့် ဆင်းရဲ​ဝေဒနာ​ခံရ​ပြီး သေဆုံး​သွား​ကြ​သူများ​ပင် ကမ္ဘာ​မြေပေါ်​တွင် ထာဝစဉ်​နေရ​မည့်​မျှော်လင့်ချက်​ဖြင့် ရှင်ပြန်ထမြောက်​လာ​ကြ​မည်။ (ယောဟန် ၅:၂၈၊ ၂၉) ဆိုးသွမ်းမှု​ကို တိုးများ​စေ​ခဲ့​သော စာတန်​နှင့် သူ၏​နတ်ဆိုး​များ မကြာမီ ပျောက်ကွယ်​သွား​မည်​ဖြစ်​ပြီး အာဒံ​၏​အပြစ်​ကြောင့် ခံစား​ရသော​ဆိုးကျိုး​များ​ကို ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်​အားဖြင့် ပယ်ရှား​ပေး​တော့​မည်။ (မဿဲ ၂၀:၂၈; ရောမ ၃:၂၃၊ ၂၄; ၅:၁၂; ၆:၂၃; ဗျာ. ၂၀:၁၀) နာခံမှု​ရှိသော​လူသားများ​ကော မည်သို့​ဖြစ်​မည်​နည်း။ သူတို့သည် ပရဒိသု​ကမ္ဘာ​မြေပေါ်​တွင် ကျန်းမာ​စွာ​ဖြင့် ထာဝစဉ်​အသက်ရှင်ခွင့်​ရရှိကြ​မည်။—ဆာလံ ၃၇:၁၀၊ ၁၁; လုကာ ၂၃:၄၃; ဗျာ. ၂၁:၃-၅

တကယ်​ကောင်းသော ကတိတော်​များ​ပါ​တကား! သို့သော် အဆိုပါ​ကတိတော်​များ​ကို သင်​ယုံကြည်​စိတ်ချ​နိုင်​ပါသလော။ စိတ်ချ​လက်ချ ယုံကြည်​နိုင်​ပါ​သည်။ ၎င်းတို့သည် စိတ်ရင်းကောင်း​ကြသော်လည်း လုပ်ဆောင်ပေး​နိုင်စွမ်း​မရှိသော လူသားများ​၏​ကတိ​များ​မဟုတ်ပေ။ ယင်း​တို့​မှာ မုသာ​နှင့်​ကင်းစင်​ပြီး “ကတိတော်​အရာ​မှာ နှေး​တော်​မ​မူ” သော အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​၏​ကတိတော်​များ​ဖြစ်သည်။ (၂ ပေတရု ၃:၉; ဟေဗြဲ ၆:၁၃-၁၈) သမ္မာကျမ်းစာ​တွင်​ပါရှိ​သော ကတိတော်​ရှိရှိသမျှ​၏​ရင်းမြစ်​သည် ‘အမှန်တရား​၏​ဘုရားသခင် ယေဟောဝါ’ ဖြစ်​တော်​မူ​သောကြောင့် ယင်း​တို့ကို သင်​လုံးလုံးလျားလျား ယုံကြည်​စိတ်ချ​နိုင်​ပေ​သည်။—ဆာလံ ၃၁:၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သော သမ္မာကျမ်းစာ​စောင်​အပေါ် ထိုးထွင်း​အမြင်[လိပ်] အတွဲ ၁၊ စာမျက်နှာ ၉၁၁-၁၂ ကို​ရှု။

[စာမျက်နှာ ၆ ပါ အကျဉ်း​ဖော်ပြချက်]

‘သင်တို့၏​ဘုရားသခင် ယေဟောဝါ​သည် သင်တို့​အဖို့​မိန့်တော်မူသော ကောင်းကျိုး​တစ်စုံ​တစ်ပါး​မျှ မယုတ်​မ​လျော့။’ –ယောရှု​၂၃:၁၄။

[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို ပင်လယ်နီ​နှင့် တောကန္တာရ တွင် ကတိပြု​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် အာဗြဟံ​ကို ကတိတည်​ခဲ့။ သူ၏​မျိုးနွယ် ယေရှု​ခရစ်​သည် လူမျိုးအပေါင်း​အား ကောင်းချီး​ဆောင်ကြဉ်း​ပေး​မည်