မသေချာမှုကို သင်အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်
မသေချာမှုကို သင်အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်
“သေချာတာပေါ့!” “ကျိန်းသေပဲ!” “စိတ်သာချ!” ထိုသို့သောအသုံးအနှုန်းမျိုးကို ကြိမ်ဖန်များစွာ သင်ကြားဖူးမည်မှာ မလွဲပေ။ သို့ရာတွင်၊ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌ သေချာနိုင်သည့်အရာ များများစားစားမရှိလှချေ။ ဘဝကို ကြိုတင်ခန့်မှန်းရခက်လွန်းသဖြင့် လုံးဝသေချာနိုင်သည့် အရာများရှိပါ့မလားဟူ၍ အခါအားလျော်စွာ ကျွန်ုပ်တို့သိလိုကြသည်။ သံသယဖြစ်မှုနှင့် မသေချာမှုတို့သည် လောကဓံဖြစ်ပုံရ၏။
မိမိတို့နှင့် မိသားစု လုံခြုံ၍ပျော်ရွှင်ရန် လူအများလိုလားကြခြင်းကို နားလည်နိုင်ပေသည်။ သူတို့ကို ပျော်ရွှင်မှုနှင့် လုံခြုံမှုပေးနိုင်သည်ဟုယုံကြည်ရာများ၊ အများအားဖြင့် ငွေနှင့် ရုပ်ပစ္စည်းတို့ ပိုင်ဆိုင်ရန် အပြင်းအထန်ကြိုးစားရလေ့ရှိသည်။ သို့ရာတွင် ငလျင်၊ ဟာရီကိန်းမုန်တိုင်း၊ မတော်တဆဖြစ်မှု၊ သို့မဟုတ် အကြမ်းဖက်သည့်ရာဇဝတ်မှုတို့ကြောင့် အဆိုပါပိုင်ဆိုင်ရာများ ရုတ်ခြည်းပျက်စီးဆုံးရှုံးသွားနိုင်လေသည်။ အကြီးအကျယ်ဖျားနာခြင်း၊ လင်မယားပြတ်စဲခြင်း၊ သို့မဟုတ် အလုပ်လက်မဲ့ဖြစ်ခြင်းတို့ကြောင့်လည်း နေ့ချင်းညချင်း ဘဝအခြေအနေပြောင်းသွားနိုင်သည်။ ထိုသို့သောအရာများကို သင် ကြုံချင်မှကြုံရပေမည်။ သို့တိုင်၊ ဆိုးဝါးသည့်အရာတစ်ခုခု အချိန်မရွေးဖြစ်ပျက်နိုင်ကြောင်း သိထားခြင်းက ပူပန်သောကရောက်စေသည်။ သို့သော် ထိုမျှမကသေးချေ။
မသေချာမှုသည် သံသယဖြစ်မှုနှင့် အဓိပ္ပာယ်ဆင်သည်၊ အဘိဓာန်တစ်ခုက သံသယဖြစ်မှုကို ဆုံးဖြတ်ချက်ချရခက်စေသည့် မသေချာသောခံယူချက် သို့မဟုတ် ထင်မြင်ယူဆချက်ဟု ဆိုထားသည်။ ထို့အပြင်၊ သင့်စိတ်ကို ထိန်းအုပ်နည်းစာအုပ်၏အဆိုအရ “အရေးကြီးသောအရာတစ်ခုခုသည် မသေချာဘဲဖြစ်နေလျှင် ယင်းသည် စိုးရိမ်ပူပန်မှုကိုဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်၏။” သံသယဖြစ်မှုကို မဖြေရှင်းနိုင်သည့်အခါ စိုးရိမ်ပူပန်၍ မချင့်မရဲဖြစ်လာပြီး ဒေါသထွက်လာနိုင်သည်။ မှန်သည်၊ ဖြစ်လာနိုင်မနိုင်နှင့်ပတ်သက်၍ ပူပန်သောကရောက်နေမည်ဆိုလျှင် ကိုယ်စိတ်နှစ်ဖြာကျန်းမာမှုကို ထိခိုက်စေနိုင်သည်။
ထို့ကြောင့်ပင် လူတချို့ တစ်ဖက်စွန်းရောက်သွားကြရ၏။ သူတို့သည် “ဖြစ်လာမယ့်အရေးကို ဘာကြောင့်တွေးပူနေရတာလဲ။ ဒီနေ့က ဒီနေ့ပဲ၊ မနက်ဖြန်က မနက်ဖြန်ပဲ” ဟုဆိုခဲ့သူ ဘရာဇီးလူငယ်တစ်ဦးနှင့်တူသည်။ မလွဲရှောင်နိုင်ဟုယုံကာ “စားကြကုန်အံ့၊ သောက်ကြကုန်အံ့” ဟူသော သဘောထားသည် စိတ်ပျက်မှု၊ ဝမ်းနည်းကြေကွဲမှုနှင့် အဆုံးစွန် အသက်ဆုံးရှုံးရမှုတို့သာ အဖတ်တင်ကျန်နိုင်ပါသည်။ (၁ ကောရိန္သု ၁၅:၃၂) ထို့ကြောင့် ဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်ထံ အကူအညီတောင်းခံခြင်းက ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်သည်၊ ကျမ်းစာက ကိုယ်တော်သည် “ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏” ဟုဆိုသည်။ (ယာကုပ် ၁:၁၇) သမ္မာကျမ်းစာကို ကျွန်ုပ်တို့စစ်ဆေးကြည့်လိုက်လျှင် လူ့ဘဝ၏ မသေချာမရေရာမှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ပုံနှင့်ပတ်သက်၍ ကျိုးကြောင်းညီညွတ်သည့် သွန်သင်ချက်နှင့် လမ်းညွှန်ချက်တို့ကို တွေ့ရှိရမည်။ ထို့ပြင် မသေချာမှု အဘယ်ကြောင့် ဤမျှများပြားရကြောင်း ယင်းက ကျွန်ုပ်တို့ကို နားလည်စေနိုင်သည်။
မသေမချာဖြစ်ရသည့်အကြောင်း
သမ္မာကျမ်းစာသည် လူ့ဘဝအား အရှိကိုအရှိတိုင်းရှုမြင်စေပြီး မသေချာမှုနှင့် ပြောင်းလဲမှုတို့အပေါ် သဘောထားမှန်ရှိစေရန် အကူအညီပေးသည်။ မိသားစုဆက်ဆံရေး၊ လူမှုအဆင့်အတန်း၊ ဉာဏ်ရည်၊ ကျန်းမာရေးကောင်းခြင်းစသည်တို့သည် အတိုင်းအတာတစ်ခုထိ လုံခြုံစိတ်ချမှုပေးနိုင်သော်လည်း ထိုအရာတို့သည် အမြဲတည်နေမည်ဟူ၍ ကျွန်ုပ်တို့မယူဆနိုင်ကြောင်း၊ သို့မဟုတ် အမြဲဘေးမသီရန်မခဖြစ်နေမည်ဟူ၍ ကျွန်ုပ်တို့မမျှော်လင့်နိုင်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ပညာရှိဘုရင်ရှောလမုန်က ဤသို့ဆိုခဲ့သည်– “လျင်မြန်သောသူသည် ပြိုင်၍ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကိုမရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌ မျက်နှာမရတတ်။” အဘယ်ကြောင့်နည်း။ ‘အကြောင်းမှာ၊ ခပ်သိမ်းသောသူတို့၌ အချိန်နှင့် ကြိုတင်မမြင်ရသောအမှု ဖြစ်တတ်သောကြောင့်ဖြစ်၏။’ ထို့ကြောင့်၊ ရှောလမုန်က ဤသို့သတိပေးခဲ့သည်– “ဘေးပြုရာပိုက်ကွန်အုပ်မိသော ငါးကဲ့သို့လည်းကောင်း၊ ကျော့ကွင်း၌ကျော့မိသော ငှက်ကဲ့သို့လည်းကောင်း လူသားတို့သည် ဘေးပြုရာကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။”—ဒေ. ၉:၁၁၊ ၁၂။
ထို့ပြင် လူသားမျိုးဆက်တစ်ခုလုံးသည် အလွန်အမင်းစိုးရိမ်လွန်မှုနှင့် မသေချာမှုတို့ တွေ့ကြုံရမည့်ကာလအကြောင်း ယေရှုခရစ် ဤသို့ကွက်ကွက်ကွင်းကွင်း မိန့်ဆိုခဲ့သည်– ‘ထိုအခါ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ နိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက်စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ မြေကြီးပေါ်မှာဖြစ်လတ္တံ့သောဘေးများကိုမျှော်၍ ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။’ သို့တိုင်၊ ယနေ့ စိတ်နှလုံးရိုးဖြောင့်သောသူတို့အတွက် အားတက်စရာကို ဤသို့ထောက်ပြခဲ့သည်– “ထိုအကြောင်းအရာများဖြစ်သည်ကိုမြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည်ကိုသိမှတ်ကြလော့။” (လုကာ ၂၁:၂၅၊ ၂၆၊ ၃၁) အလားတူ၊ မသေချာသည့်အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြနေမည့်အစား ဘုရားသခင်အား ကျွန်ုပ်တို့ယုံကြည်မည်ဆိုလျှင် မသေချာမှုကိုကျော်၍ အံ့ချီးဖွယ်ကောင်းပြီး လုံခြုံစိတ်ချရသောအနာဂတ်ကို လှမ်းမြင်နိုင်မည်ဖြစ်၏။
‘ယုံမှားခြင်းနှင့်ကင်းသောမျှော်လင့်ချက် ရှိထားခြင်း’
ကျွန်ုပ်တို့သည် ကြားရ၊ ဖတ်ရှုရ၊ တွေ့မြင်ရသမျှကို တပ်အပ်မယုံကြည်နိုင်သော်လည်း ဖန်ဆင်းရှင်အားယုံကြည်ရန် အကြောင်းကောင်း ကျွန်ုပ်တို့တွင်ရှိသည်။ ကိုယ်တော်သည် အကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်သာမက မိမိ၏မြေကြီးသားသမီးများကို ဂရုစိုက်နေသည့် မေတ္တာပြည့်ဝသောဖခင်တစ်ဦးလည်း ဖြစ်တော်မူ၏။ မိမိ၏စကားတော်နှင့်စပ်လျဉ်း၍ ဘုရားသခင်က “ငါ၏နှုတ်[မြွက်]စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်” ဟု မိန့်ဆိုတော်မူခဲ့သည်။—ဟေရှာယ ၅၅:၁၁။
ယေရှုခရစ်သည် ဘုရားသခင့်အမှန်တရားကို သွန်သင်ပေးခဲ့ပြီး ကိုယ်တော့်စကားကို နားထောင်ခဲ့သူအများက အဆိုပါအမှန်တရားကို ယုံကြည်စိတ်ချစွာ လက်ခံခဲ့ကြသည်။ ဥပမာ၊ စိတ်နှလုံးရိုးဖြောင့်သော ရှမာရိအုပ်စုတစ်စုသည် ယေရှု၏စကားကို ဦးစွာနားထောင်ခဲ့သောအမျိုးသမီးအား ‘ငါတို့သည် သင်၏စကားကြောင့်သာယုံကြည်သည်မဟုတ်။ စကားတော်ကိုကိုယ်တိုင်ကြားနာရ၍၊ ဤသူသည် လောကသားတို့ကို ကယ်တင်တော်မူသောသခင်တည်းဟူသော ခရစ်တော်အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်’ ဟုဆိုခဲ့ကြသည်။ (ယောဟန် ၄:၄၂) ယနေ့လည်း အလားတူပင်၊ လုံခြုံစိတ်ချမှုမရှိသည့်ခေတ်ကာလတွင် နေထိုင်စေကာမူ အဘယ်အရာကို ယုံကြည်ရမည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ဇဝေဇဝါမဖြစ်ကြပါ။
ဘာသာရေးခံယူချက်နှင့်ပတ်သက်လာလျှင် လူအများ၏သဘောထားမှာ နားလည်ဖို့ကြိုးစားမနေတော့ဘဲ ယုံသာယုံကြည်လိုက်ဟူ၍ဖြစ်၏။ သို့ရာတွင်၊ ကျမ်းရေးသူလုကာက ထိုသဘောထားမျိုးကို လက်မခံခဲ့ချေ။ သူရေးသားခဲ့ရာများသည် “ဧကန်အမှန်ဖြစ်ကြောင်း” အခြားသူတို့ “သိစေ” ရန်အလို့ငှာ စေ့စေ့ရှာဖွေသုတေသနပြုခဲ့ပြီး တိတိကျကျမှတ်သားဖော်ပြပေးခဲ့သည်။ (လုကာ ၁:၄) ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်းမတူသည့် မိသားစုနှင့် မိတ်ဆွေများက ကျွန်ုပ်တို့သည် အမှားကို အမှန်ထင်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားမည်ကို စိုးရိမ်ပေးတတ်ကြရာ၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းဘက်မှ ခုခံကာကွယ်ဖို့အရေးကြီးသည်။ (၁ ပေတရု ၃:၁၅) ကျွန်ုပ်တို့ယုံကြည်ရသည့်အကြောင်းရင်းကို တိကျမှန်ကန်စွာနားလည်ထားမှသာ အခြားသူများလည်း ဘုရားသခင်အပေါ် ယုံကြည်ကိုးစားလာနိုင်ရန် အကူအညီပေးနိုင်မည်ဖြစ်သည်။ သမ္မာကျမ်းစာက ဤစကားလုံးများဖြင့် ယေဟောဝါအကြောင်း ဖော်ပြသည်– ‘ကိုယ်တော်သည် ကျောက်ဖြစ်တော်မူ၏။ အမှုတော်သည် စုံလင်ပေ၏။ နည်းလမ်းတော်ရှိသမျှသည် တရားနှင့်ညီလျက် တည်ကြည်သောဘုရားသခင်၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားသခင်ဖြစ်တော်မူ၏။’—တရားဟောရာ ၃၂:၄၊ သမ္မာ။
‘ဟုတ်မှန်ဖြောင့်မတ်သောဘုရားသခင်ဖြစ်တော်မူ၏’ ဟူသော နောက်ဆုံးဖော်ပြချက်ကို သုံးသပ်ကြည့်ပါ။ ယင်းသည် သေချာကြောင်း ကျွန်ုပ်တို့၌ အဘယ်သက်သေအထောက်အထားရှိသနည်း။ ထိုအချက်ကို တမန်တော်ပေတရု လုံးဝယုံကြည်စိတ်ချခဲ့သည်။ ရောမအရာရှိတစ်ဦးနှင့် သူ၏အိမ်ထောင်တစ်စုလုံးကို ဤသို့ပြောဆိုခဲ့လေသည်– “အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏။” (တမန်တော် ၁၀:၃၄၊ ၃၅) ထိုစကားများကို ပေတရုပြောရခြင်းအကြောင်းမှာ ယခင်က မစင်ကြယ်၊ လက်မခံနိုင်ဖွယ်ဟူ၍ ယူမှတ်ထားသည့် တစ်ပါးအမျိုးသားမိသားစုတစ်စုကို ကိုယ်တော်လက်ခံလိုက်ခြင်းနှင့်ပတ်သက်၍ ကိစ္စရပ်များကို ဘုရားသခင်မည်သို့ကိုင်တွယ်သည်ကို သူတွေ့မြင်လိုက်ရသောကြောင့်ဖြစ်သည်။ ပေတရုကဲ့သို့ပင် ကျွန်ုပ်တို့လည်း မိမိတို့၏ ယခင်ဘဝလမ်းစဉ်ဟောင်းကိုစွန့်လွှတ်ပြီး ဖြောင့်မှန်သည့်လမ်းပေါ်လျှောက်ခဲ့ကြသည့် ကမ္ဘာနှင့်အဝန်း နိုင်ငံပေါင်း ၂၃၀ ကျော်တို့မှ ခြောက်သန်းကျော်သော ‘လူအုပ်ကြီး’ ကို ကျွန်ုပ်တို့ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ တွေ့မြင်ရသောအခါ ဘုရားသခင်၏ မျက်နှာမလိုက်မှုနှင့် ဖြောင့်မှန်မှုကို ကျွန်ုပ်တို့ယုံကြည်စိတ်ချကြပါသည်။—ဗျာ. ၇:၉; ဟေရှာယ ၂:၂-၄။
ခရစ်ယာန်စစ်များဖြစ်ကြသော ကျွန်ုပ်တို့သည် တစ်ယူသန်ဆန်သူ သို့မဟုတ် တထစ်ချပြောဆိုတတ်သူများမဖြစ်လိုဘဲ နှိမ့်ချ၍ အကျိုးသင့်အကြောင်းသင့်ရှိသူများ ဖြစ်လိုကြပါသည်။ သို့တိုင်၊ အနာဂတ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ယုံကြည်ရာနှင့် မျှော်လင့်ရာအပေါ် မသေမချာမဖြစ်ကြပါ။ ပထမရာစုခရစ်ယာန်များထံ တမန်တော်ပေါလုက “အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မျှော်လင့်ခြင်းနှင့်ပြည့်စုံစေခြင်းအလိုငှာ ... လုံ့လဝီရိယကိုထုတ်စေရန် ငါတို့သည်အလိုရှိကြ၏” ဟု ရေးသားခဲ့လေသည်။ (ဟေဗြဲ ၆:၁၂၊ သမ္မာ) ထိုနည်းတူ၊ သမ္မာကျမ်းစာပါသတင်းကောင်းကြောင့် ကျွန်ုပ်တို့တွင် ‘ယုံမှားခြင်းနှင့်ကင်းသော မျှော်လင့်ချက်နှင့်ပြည့်စုံ’ နေပြီ။ ဘုရားသခင့်နှုတ်မြွက်စကားတော်အပေါ် အခိုင်အမာအခြေပြုသော အဆိုပါမျှော်လင့်ချက်သည် ပေါလုရှင်းပြခဲ့သည့်အတိုင်း ‘စိတ်ပျက်စရာအကြောင်းနှင့် ကင်းလွတ်၏။’—ရောမ ၅:၅။
ထို့အပြင်၊ အခြားသူများအား သမ္မာကျမ်းစာသတင်းကောင်း သွန်သင်ပေးခြင်းက သူတို့အား လုံခြုံမှုနှင့် ဝိညာဉ်ရေးအရ သေချာမှုရှိစေသည့်အပြင် စိတ်ပိုင်းနှင့် ကာယပိုင်းဆိုင်ရာတို့၌လည်း လုံခြုံစိတ်ချမှုရှိစေပါသည်။ “ငါတို့ဟောပြောသော [သတင်းကောင်း]သည် သင်တို့၌စကားမျှသာဖြစ်သည်မဟုတ်။ တန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ ... လုံးလုံးစိတ်ချခြင်းနှင့်လည်းကောင်း ပြည့်စုံသောတရားဖြစ်၏” ဟူသော ပေါလု၏စကားအတိုင်း ကျွန်ုပ်တို့လည်းပြောနိုင်ကြပါသည်။—၁ သက်သာလောနိတ် ၁:၅၊ သမ္မာ။
ဝိညာဉ်ရေးလုံခြုံမှုကြောင့်ခံစားရသော လက်ရှိကောင်းချီးများ
ယနေ့ ဘဝတွင် လုံခြုံစိတ်ချမှုအပြည့်အဝရမည်ကို ကျွန်ုပ်တို့မမျှော်လင့်နိုင်သော်လည်း ဘဝကို အတော်အတန် တည်ငြိမ်၊ စိတ်ချစေရန် ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည့်အရာများရှိပါသည်။ ဥပမာ၊ ခရစ်ယာန်အသင်းတော်အစည်းအဝေးများတွင် မှန်မှန်ပေါင်းသင်းခြင်းက တည်တံ့မြဲမြံစေရန် ထောက်ကူပေးသည်၊ အကြောင်းမှာ ဖြောင့်မှန်၍ကြံ့ခိုင်သောမူများနှင့် စံနှုန်းများကို ကျွန်ုပ်တို့သင်ကြားခံရသောကြောင့်ဖြစ်၏။ ပေါလုက “ယခုဘဝ၌ငွေရတတ်သောသူတို့သည် စိတ်နေမြင့်ခြင်းနှင့်ကင်းလွတ်၍ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာ အလုံးစုံကိုကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်၌ ကိုးစားမျှော်လင့်ရမည်” ဟုရေးသားခဲ့၏။ (၁ တိမောသေ ၆:၁၇၊ သမ္မာ) များစွာတို့သည် မတည်မြဲသော ရုပ်ပစ္စည်းများ သို့မဟုတ် အပျော်အပါးများကို မကိုးစားဘဲ ယေဟောဝါကို ကိုးစားရန်သင်ယူခြင်းအားဖြင့် ယခင်သူတို့ခံစားခဲ့ရသည့် စိုးရိမ်ပူပန်မှုများနှင့် စိတ်ပျက်အားလျော့မှုများကို ဖယ်ထုတ်ပစ်နိုင်ခဲ့ကြပြီ။—မဿဲ ၆:၁၉-၂၁။
အသင်းတော်၌လည်း နည်းအမျိုးမျိုးဖြင့် ကူညီထောက်မပေးတတ်သော နွေးထွေးသည့်ညီအစ်ကိုအသင်းအပင်းကို ကျွန်ုပ်တို့ပိုင်ဆိုင်ထားကြ၏။ တမန်တော်ပေါလုနှင့် သူ၏နယ်လှည့်ဖော်များသည် ဓမ္မအမှု၌ “အလွန်ဆင်းရဲခံ” ရကြပြီး ‘အသက်ဘေးနှင့် မလွတ်နိုင်ဟုထင်’ ခဲ့သည်။ ပေါလုသည် ထောက်မမှုနှင့် နှစ်သိမ့်မှုကို အဘယ်မှရခဲ့သနည်း။ သူသည် ဘုရားသခင်၌ မရွေ့မလျော့ ယုံကြည်ကိုးစားခဲ့ပေမည်။ သည့်အပြင် သူ့အားအကူအညီပေးလှာသည့် ခရစ်ယာန်ချင်းများထံမှလည်း အားပေးနှစ်သိမ့်မှု သူရရှိခဲ့ပေမည်။ (၂ကောရိန္သု ၁:၈၊ ၉; ၇:၅-၇) ယနေ့လည်း သဘာဝဘေးအန္တရာယ်များ သို့မဟုတ် အခြားသော ဘေးဆိုးများကျရောက်သည့်အခါ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများသည် အကူအညီလိုအပ်နေသည့် ခရစ်ယာန်ချင်းများရော အခြားသူများကိုပါ ရုပ်ပစ္စည်းနှင့်ဝိညာဉ်ရေးအရ လိုအပ်သလိုအကူအညီပေးဖို့ ဦးဆုံးရောက်လာခဲ့ကြသည်ကို တွေ့မြင်ရသည်မှာ အကြိမ်ကြိမ်ပင်။
ဘဝ၏မသေချာမရေရာမှုများကို ကိုင်တွယ်ဖြေရှင်းရန် အကူအညီဖြစ်စေသည့်နောက်တစ်နည်းမှာ ဆုတောင်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် မမျှော်လင့်ဘဲ ဖိစီးမှုကြုံရသည့်အခါ ကျွန်ုပ်တို့၏မေတ္တာရှင်ကောင်းကင်ခမည်းတော်ထံ အစဉ်အမြဲ အကူအညီတောင်းခံနိုင်ကြသည်။ “[ယေဟောဝါ]သည် ညှဉ်းဆဲခြင်းကိုခံရသောသူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည်ကာလ ခိုလှုံရာဖြစ်တော်မူ၏။” (ဆာလံ ၉:၉) လူသားမိဘတို့သည် မိမိတို့၏သားသမီးများကို အကာအကွယ်ပေးရာတွင် ပျက်ကွက်ကြပေမည်။ သို့ရာတွင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကြောက်ရွံ့မှုများနှင့် မသေမချာဖြစ်မှုများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကူညီပေးလိုတော်မူသည်။ ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများကို ယေဟောဝါထံ အပ်နှံလိုက်မည်ဆိုလျှင် ကိုယ်တော်သည် ‘ကျွန်ုပ်တို့တောင်းပန်ကြံစည်သမျှထက် အလွန်ကြွယ်ဝစွာပြုခြင်းငှာ တတ်နိုင်တော်မူ’ ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။—ဧဖက် ၃:၂၀၊ သမ္မာ။
ဘုရားသခင်ထံ သင်မှန်မှန်ဆုတောင်းပါသလော။ သင့်ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းပေးသည်ဟု ယုံကြည်စိတ်ချပါသလော။ ဆောပိုလိုမြို့မှ မိန်းမငယ်လေးတစ်ဦးက “ဘုရားသခင်ဆီ ကျွန်မဆုတောင်းသင့်တယ်လို့ ကျွန်မရဲ့အမေကပြောတယ်၊ ‘ကျွန်မမသိတဲ့သူဆီ ဘာဖြစ်လို့ ဆုတောင်းရမှာလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လိုက်တယ်။ ဒါပေမဲ့ ဘုရားသခင့်အကူအညီ ကျွန်မတို့လိုအပ်ကြောင်း၊ ကိုယ်တော့်ဆီ ဆုတောင်းရမှာဖြစ်ကြောင်း နယပုံပြင် ၁၈:၁၀ က ကျွန်မကိုသဘောပေါက်စေခဲ့တယ်” ဟုပြောခဲ့သည်။ အဆိုပါကျမ်းချက်က “[ယေဟောဝါ]၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည်ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏” ဟုဆိုထားသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် မှန်မှန်စကားပြောကျင့်မရှိလျှင် ကျွန်ုပ်တို့ ယေဟောဝါအား ယုံကြည်ကိုးစားလာရန် မည်သို့ ပြုစုပျိုးထောင်နိုင်မည်နည်း။ ဝိညာဉ်ရေးလုံခြုံမှုဆိုင်ရာ ကောင်းချီးများခံစားရရန် ကျွန်ုပ်တို့သည် နေ့စဉ် လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းကို အလေ့အကျင့်တစ်ခုဖြစ်အောင်ပြုဖို့လိုပေမည်။ ယေရှုက “သင်တို့သည် ဖြစ်လတ္တံ့သော ထိုအမှုအရာအလုံးစုံနှင့်ကင်းလွတ်၍ လူသား၏ရှေ့တော်၌ ရပ်နေနိုင်ခွင့်ရကြမည်အကြောင်း အစဉ်ဆုတောင်းလျက် စောင့်နေကြလော့” ဟု မိန့်တော်မူခဲ့၏။—လုကာ ၂၁:၃၆၊ သမ္မာ။
ကျွန်ုပ်တို့သေချာရေရာနိုင်သည့်အရာတစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်ကို မျှော်လင့်နေခြင်းဖြစ်၏။ ‘ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ တိုင်းနိုင်ငံရှိရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်’ ဟူသော ဒံယေလ ၂:၄၄၊ ၄၅ ပါစကားများကို သတိပြုကြည့်ပါ။ အဆိုပါမျှော်လင့်ချက်သည် ခိုင်မြဲပြီး ကျွန်ုပ်တို့အတွက် သေချာသောအရာဖြစ်သည်။ လူတို့သည် ကတိပျက်ကြသော်လည်း ယေဟောဝါ၏စကားတော်ကိုမူ ကျွန်ုပ်တို့အမြဲယုံကြည်ကိုးစားနိုင်ပါသည်။ ဘုရားသခင်သည် အားကိုး၍မရသောအရှင်မဟုတ်ဘဲ ကျွန်ုပ်တို့အားထားမှီခိုနိုင်သော ကျောက်ဆောင်ကဲ့သို့သော အရှင်ဖြစ်တော်မူသည်။ ဒါဝိဒ်ဆိုခဲ့သကဲ့သို့ “ငါ၏ဘုရားသခင်၊ ငါခိုလှုံရာကျောက်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ရာဦးချို၊ ငါ၏ရဲတိုက်၊ ငါခိုလှုံရာ၊ ကြမ်းကြုတ်ခြင်းမှ ငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏” ဟု ကျွန်ုပ်တို့လည်း ခံစားနိုင်ကြပါသည်။—၂ ဓမ္မရာဇဝင် ၂၂:၃။
အထက်တွင်ဖော်ပြခဲ့ပြီးသော သင့်စိတ်ကို ထိန်းအုပ်နည်းစာအုပ်က “ဖြစ်ပျက်လာနိုင်မည့် ဆိုးဝါးသည့်အရာများကို ပို၍စဉ်းစားလေ၊ ကျွန်ုပ်တို့စိတ်တွင် ယင်းတို့ကို အရှိအတိုင်းမြင်လာလေဖြစ်ကာ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို မသိရလေဖြစ်သည်” ဟုဆိုသည်။ သို့ဖြစ်လျှင် ဤလောက၏ သံသယဖြစ်မှုများနှင့် စိုးရိမ်ပူပန်မှုများဖြင့် မိမိတို့ကိုယ်ကို အဘယ်ကြောင့် ဝန်ပိနေစေရမည်နည်း။ သို့အစား၊ ဤလောက၏ မရေရာမှုများကို ဘုရားသခင်ပြင်ဆင်ပေးတော်မူမည့် သေချာရေရာမှုများဖြင့် အစားထိုးလိုက်ပါလေ။ ယေဟောဝါ၏ စိတ်ချရသောကတိတော်များ၌ ကျွန်ုပ်တို့ စွဲမြဲစွာယုံကြည်ထားခြင်းကြောင့် ဤအာမခံချက်ကို ကျွန်ုပ်တို့ရရှိကြသည်– “ကိုယ်တော်ကိုယုံကြည်သောသူမည်သည်ကား [စိတ်မပျက်ရ]။”—ရောမ ၁၀:၁၁၊ သမ္မာ။
[စာမျက်နှာ ၂၉ ပါ အကျဉ်းဖော်ပြချက်]
ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာက လူသားတို့အတွက် အနာဂတ်ကောင်းချီးများ အာမခံထား
[စာမျက်နှာ ၃၀ ပါ အကျဉ်းဖော်ပြချက်]
“ကိုယ်တော်ကို ယုံကြည်သောသူမည်သည်ကား [စိတ်မပျက်ရ]”
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းသည် လူတို့အား လုံခြုံစိတ်ချမှုပေး