မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် ကျွန်ုပ်တို့၏ နေ့စဉ်လိုအပ်ရာများကို ထောက်ပံ့ပေး

ယေဟောဝါသည် ကျွန်ုပ်တို့၏ နေ့စဉ်လိုအပ်ရာများကို ထောက်ပံ့ပေး

ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ နေ့စဉ်​လိုအပ်ရာ​များ​ကို ထောက်ပံ့​ပေး

“သောက​မွှေနှောက်​ခြင်း​လည်း​မရှိကြ​နှင့်။ ... ထို​အရာများ​ကို သင်တို့သည် အသုံး​လို​ကြောင်းကို သင်တို့​အဘ​သိတော်မူ၏။”—လုကာ ၁၂:၂၉၊ ၃၀

၁။ ယေဟောဝါ​သည် အဟိတ်​တိရစ္ဆာန်​များ​ကို မည်သို့​ထောက်ပံ့​ပေး​တော်​မူ​သနည်း။

စာ​ကလေး သို့​မဟုတ် အခြား​ကျေးငှက်​တစ်ကောင်​ကောင်​သည် အမှိုက်​သ​ရိုက်​ထဲ​တွင် ထိုး​ဆိတ်​အစာ​ရှာနေ​သည်ကို သင်​စောင့်ကြည့်​ဖူး​ပါသလော။ ဤ​နေရာ​မျိုး​တွင် ထိုး​ဆိတ်​ရှာဖွေ​ရာ အဘယ်​စားစရာ​တွေ့​မည်​နည်း​ဟု သင်​တွေးမိ​ပေမည်။ ယေရှု၏ တောင်ပေါ်​တရားတော်​တွင် ကျေးငှက်​များ​ကို ယေဟောဝါ ထောက်ပံ့​ပေး​ပုံ​မှ သင်ခန်းစာ​တစ်ခု ထုတ်ယူ​နိုင်​ကြောင်း ကိုယ်တော်​ပြသ​ခဲ့​သည်။ “မိုးကောင်းကင်​၌​ကျင်လည်​သော​ငှက်​များ​ကို ကြည့်ရှု​ဆင်ခြင်​ကြလော့။ ထို​ငှက်​တို့သည် မျိုးစေ့ကို​မစိုက်​မ​ကြဲ၊ စပါး​ကို​မ​ရိတ်၊ ကျီ​၌​မ​စု​မ​သွင်း။ သို့သော်လည်း ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် သူတို့ကို​ကျွေးမွေး​တော်​မူ​၏။ ထို​ငှက်​တို့​ထက် သင်တို့သည် အလွန်​မြတ်​သည်မဟုတ်​လော” ဟု​ကိုယ်တော်​မိန့်ဆို​သည်။ (မဿဲ ၆:၂၆) ယေဟောဝါ​သည် သတ္တဝါ​အပေါင်း​ကို အံ့ဖွယ်​နည်းများဖြင့် အစာရေစာ ထောက်ပံ့​ပေး​တော်​မူ​သည်။—ဆာလံ ၁၀၄:၁၄၊ ၂၁; ၁၄၇:၉

၂၊ ၃။ အသက်မွေး​လောက်​သော​အစာကို ယနေ့​ပေးသနား​ပါ​ဟု ဆုတောင်း​ရန် ယေရှု​သင်ပေးခဲ့​သည့်​အချက်​မှ အဘယ်​ဝိညာဉ်​ရေး​သင်ခန်းစာများ ထုတ်ယူ​နိုင်​သနည်း။

သို့​ဆိုလျှင် ယေရှုသည် မိမိ၏​စံပြ​ဆုတောင်းနည်း​တွင် “အသက်မွေး​လောက်​သော​အစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနား​တော်​မူ​ပါ” ဟူသော တောင်းလျှောက်​ချက်​ကို အဘယ်ကြောင့်​ထည့်သွင်း​ထား​သနည်း။ (မဿဲ ၆:၁၁) ဤ​ရိုးရှင်း​သော တောင်းလျှောက်​ချက်​မှ နက်နဲ​သော ဝိညာဉ်​ရေး သင်ခန်းစာများ ထုတ်ယူ​နိုင်​ပါ​သည်။ ဦးဆုံး၊ ယေဟောဝါ​သည် မဟာ​ထောက်ပံ့​ပေးရှင်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့အား သတိ​ရစေသည်။ (ဆာလံ ၁၄၅:၁၅၊ ၁၆) လူသား​တို့သည် ထွန်ယက်​စိုက်​ပျိုး​တတ်ကြ​သော်လည်း ဘုရားသခင်​တစ်ပါး​တည်း​သာ ဝိညာဉ်​ရေး​အရ​ကော ရုပ်ပိုင်း​အရ​ပါ ကြီးထွား​စေနိုင်​သည်။ (၁ ကောရိန္သု ၃:၇) ကျွန်ုပ်​တို့​စားသောက်​ရ​သမျှ​တို့သည် ဘုရားသခင်​ထံ​တော်​မှ ဆုကျေးဇူး​ဖြစ်သည်။ (တမန်​တော် ၁၄:၁၇) ကျွန်ုပ်​တို့၏​နေ့စဉ်​လိုအပ်ရာ​များ​ကို ထောက်​မပေး​ပါ​ရန် တောင်းခံ​ခြင်း​အားဖြင့် အထက်ပါ​ထောက်ပံ့​ပေး​မှုများ​ကို လွယ်လွယ်​နှင့်​ရ​၍ အလေး​မထား​ဘဲ​မနေ​ကြောင်း ကိုယ်တော်​အား တင်ပြ​နေခြင်း​ဖြစ်သည်။ ဤသို့​တောင်းလျှောက်​လိုက်ခြင်း​ဖြင့် မိမိ​လုပ်ကိုင်​နိုင်​လျှင် လုပ်​ရမည့်​တာဝန်​မှ ကင်းလွတ်​သွား​သည် မဟုတ်။—ဧဖက် ၄:၂၈; ၂ သက်သာလောနိတ် ၃:၁၀

ဒုတိယ​မှာ၊ ‘အသက်မွေး​လောက်​သော​အစာကို ယနေ့ ပေးသနား​တော်​မူ​ပါ’ ဟု​ကျွန်ုပ်​တို့​တောင်းခံ​ခြင်း​က အနာဂတ်​ရေး​အတွက် ကျွန်ုပ်​တို့​အစိုးရိမ်လွန်​မနေ​သင့်​ကြောင်း ပြ​သည်။ ယေရှု ထပ်၍​မိန့်မှာ​သည်​မှာ “အဘယ်​သို့​စားသောက်​ရ​အံ့​နည်း၊ အဘယ်​သို့​ဝတ်​ရ​အံ့​နည်း​ဟူ၍ မစိုးရိမ်​ကြ​နှင့်။ ထို​အရာများ​ကို ... လူတို့သည် ရှာဖွေ​တတ်ကြ​၏။ ထို​အရာများ​ကို သင်တို့သည် အသုံး​လို​ကြောင်းကို ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် သိတော်မူ၏။ ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့​ဦးစွာရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့။ ထို့​ကြောင့် နက်ဖြန်​အဖို့ မစိုးရိမ်​ကြ​နှင့်။ နက်ဖြန်နေ့​သည် မိမိ​အဖို့​စိုးရိမ်​လိမ့်​မည်။” (မဿဲ ၆:၃၁-၃၄) “အသက်မွေး​လောက်​သော​အစာကို ... ယနေ့ ပေးသနား​တော်​မူ​ပါ” ဟု​ဆုတောင်းခြင်း​က ‘ရောင့်ရဲသော​စိတ်​နှင့် ဘုရားသခင်​ဝတ်၌​မွေ့လျော်’ ရန် ရိုးရှင်း​သော ဘဝ​ပုံစံ​ကို ချမှတ်​ပေး​သည်။—၁ တိမောသေ ၆:၆-၈

နေ့စဉ် ဝိညာဉ်​အစာ

၄။ ယေရှု​နှင့် ဣသရေလ​လူမျိုး​တို့၏ အသက်တာ​မှ အဘယ်​အဖြစ်အပျက်​များ​က ဝိညာဉ်​အစာ​စားဖို့ အရေးကြီးကြောင်း အလေးပေး​ဖော်ပြ​သနည်း။

အသက်မွေး​လောက်​သော​အစာကို နေ့စဉ်​ပေးသနား​ပါ​ရန် ကျွန်ုပ်​တို့​ဆုတောင်းခြင်း​က ဝိညာဉ်​အစာ နေ့စဉ်​လိုအပ်ကြောင်း​ကိုလည်း သတိပေး​သည်။ ယေရှုသည် ရက်​ရှည်​အစာရှောင်​ပြီး​နောက် အလွန်​ဆာလောင်​နေ​သော်လည်း ကျောက်ခဲ​တို့ကို မုန့်​ဖြစ်အောင်​လုပ်ဖို့ စာတန်​၏​သွေးဆောင်မှု​ကို ကိုယ်တော်​ငြင်းဆန်​ပြီး “လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည် ကျမ်းစာ​လာ​သည်” ဟု​မိန့်တော်မူ​လိုက်​၏။ (မဿဲ ၄:၄) ဤ​တွင် ယေရှုသည် ဣသရေလ​လူမျိုး​အား မောရှေ​ပြော​ခဲ့​သည့် အောက်ပါ​စကား​ကို ကိုးကား​ခဲ့​ခြင်း​ဖြစ်သည်– “ထိုသို့ [ယေဟောဝါ​သည်] သင့်ကို​နှိမ့်ချ၍ အငတ်​အ​မွတ်​ခံစေ​တော်​မူ​သောအခါ သင်သည် ကိုယ်တိုင်​မသိ၊ သင်၏​ဘိုးဘေး​မသိ​ဖူး​သော​မန္န​နှင့် ကျွေးမွေး​တော်​မူ​သဖြင့် လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရသည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်မွေး​ရသည်ကို သိစေ​တော်​မူ​၏။” (တ​ရာ​ဟော​ရာ ၈:၃) မန္န​မုန့်ကို ယေဟောဝါ​ကျွေး​ခဲ့​ပုံ​သည် ဣသရေလလူ​များ​ကို ကာယ​အစာ​ရစေသည်​သာမက ဝိညာဉ်​ရေး​သင်ခန်းစာများ​ပါ ရရှိစေ​ခဲ့​သည်။ တစ်ချက်​အနေ​နှင့် သူတို့သည် “နေ့တိုင်း​ထွက်၍ တစ်နေ့​စား​လောက်​အောင် သိမ်းယူ” ကြ​ရန်ဖြစ်​သည်။ တစ်ရက်​စာ​ထက် သူတို့​ပို​ကောက်​သည့်​အခါ အ​ကျန်​သည် နံ​လာပြီး ပိုး​တက်​လေ​သည်။ (ထွက်မြောက်ရာ ၁၆:၄၊ ၂၀) သို့သော် ခြောက်​ရက်​မြောက်​နေ့တွင်​မူ ဥပုသ်​နေ့​အတွက်​ပါ နှစ်​ရက်​စာ​ကောက်​ရသည့်​အခါ ထိုသို့​မဖြစ်​သွားပါ။ (ထွက်မြောက်ရာ ၁၆:၅၊ ၂၃၊ ၂၄) ထို့​ကြောင့် မန္န​က သူတို့​စိတ်ထဲ​တွင် စွဲမှတ်​သွား​စေ​သည်​မှာ နာခံမှု​ရှိ​ရမည်၊ အစားအစာ​အားဖြင့်​သာ အသက်ကို မွေး​ရသည်​မဟုတ်ဘဲ “ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည်” ဟူ၍​ဖြစ်သည်။

၅။ ယေဟောဝါ​သည် နေ့စဉ် ဝိညာဉ်​အစာကို မည်သို့ ထောက်ပံ့​ပေး​သနည်း။

ကျွန်ုပ်​တို့​လည်း အလားတူ​ပင် သားတော်​မှ​တစ်ဆင့် ယေဟောဝါ​ထောက်ပံ့​ပေး​သည့် ဝိညာဉ်​အစာကို နေ့စဉ်​စားသုံး​ဖို့​လို​သည်။ ဤ​ရည်ရွယ်ချက်​အတွက် ယေရှုသည် ယုံကြည်ခြင်း​အိမ်သူအိမ်သား​တို့အား ‘အချိန်တန် အစားအသောက်​တို့ကို’ စီမံ​ပေး​ရန် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ ကို ခန့်အပ်​ထား​တော်​မူ​သည်။ (မဿဲ ၂၄:၄၅) ဤ​သစ္စာရှိ​ကျေးကျွန်​အတန်းအစား​သည် ကျမ်းစာ​လေ့လာမှု အထောက်အကူ​ပြု ပစ္စည်း​များ​ဖြင့် တစ်မျိုး၊ ကျမ်းစာ​ကို နေ့စဉ်​ဖတ်​ရန် အားပေးခြင်း​ဖြင့် တစ်​ဖုံ ဝိညာဉ်​အစာ အလျှံပယ်​ထောက်ပံ့​ပေး​နေသည်။ (ယောရှု ၁:၈; ဆာလံ ၁:၁-၃) ယေဟောဝါ​၏ အလိုတော်ကို နေ့စဉ် ကြိုးစား​လေ့လာ ထမ်းဆောင်ခြင်း​အားဖြင့် ကျွန်ုပ်​တို့​လည်း ယေရှု​ကဲ့သို့​ပင် ဝိညာဉ်​ရေး​အထောက်အမ ရရှိနိုင်​ကြသည်။—ယောဟန် ၄:၃၄

အပြစ်​များ​ကို ဖြေလွှတ်ခြင်း

၆။ အဘယ်​ကြွေးမြီ​များ​ကို ဖြေလွှတ်​ပေး​ဖို့ ကျွန်ုပ်​တို့ တောင်းခံ​ရမည်​နည်း၊ အဘယ်အရာ​များ​အပေါ်​အခြေပြု​၍ ယင်း​တို့ကို ယေဟောဝါ​ပယ်ဖျက်​ပေး​ရန် အသင့်ရှိ​တော်​မူ​သနည်း။

စံပြ​ဆုတောင်းနည်း​မှ နောက်​တောင်းလျှောက်​ချက်​တစ်ခု​မှာ– “အပြစ်​မြီစား​တို့​အပေါ်​တွင် ကိုယ်တိုင် ဖြေလွှတ်​ကြ​သကဲ့သို့ အကျွန်ုပ်​တို့၏ အပြစ်​မြီများ​ကို ဖြေလွှတ်​တော်​မူ​ပါ။” (မဿဲ ၆:၁၂သ​မ) ဤ​တွင် ယေရှုသည် ငွေကြေး ကြွေးမြီ​များ​အကြောင်း ပြောနေခြင်း​မဟုတ်ပေ။ ကိုယ်တော်​၏​စိတ်ထဲ​တွင် ကျွန်ုပ်​တို့၏​အပြစ်​များ​ကို ဖြေလွှတ်ခြင်း​အကြောင်း​သာ​ရှိ​နေသည်။ ဤ​တောင်းလျှောက်​ချက်​ကို လုကာ​၏ မှတ်တမ်းပါ စံပြ​ဆုတောင်းနည်း​တွင် ဤသို့​ဖတ်​ရသည်– “အပြစ်​မြီစား​တိုင်း​အပေါ်​တွင် ဖြေလွှတ်​သော အကျွန်ုပ်​တို့​အပြစ်​များ​ကို ဖြေလွှတ်​တော်​မူ​ပါ။” (လုကာ ၁၁:၄သ​မ) ထို့​ကြောင့် ကျွန်ုပ်​တို့​အပြစ်ပြု​လိုက်​သည့်​အခါ ယေဟောဝါ​အပေါ် အကြွေးတင်​သွား​ဘိ​သကဲ့သို့​ဖြစ်သည်။ သို့သော် ကျွန်ုပ်​တို့​ဘက်​မှ အမှန်​နောင်တ​ရ၊ “ပြောင်းလဲ” ကာ ခရစ်တော်​၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်ကို ယုံကြည်ခြင်း​အပေါ်​အခြေပြု​လျက် အပြစ်ဖြေ​လွှတ်​ဖို့​တောင်းခံ​လျှင် မေတ္တာရှင်​ဘုရားသခင်​ဘက်​မှ အပြစ်​များ​ကို ‘ချေ​ပေး’ ရန် သို့​မဟုတ် ပယ်ဖျက်​ပေး​ရန် အသင့်ရှိ​တော်​မူ​သည်။—တမန်​တော် ၃:၂၀သမ္မာ; ၁၀:၄၃; ၁ တိမောသေ ၂:၅၊ ၆

၇။ အပြစ်ဖြေ​လွှတ်​ပေး​ဖို့ အဘယ်ကြောင့် နေ့စဉ်​ဆုတောင်း​သင့်​သနည်း။

နောက်​ရှုထောင့်​တစ်ခု​မှ​ကြည့်​လျှင် ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ဖြောင့်မတ်မှု​စံနှုန်း​များ​အတိုင်း တန်းတန်းမတ်မတ်​မသွား​ခြင်း​သည် အပြစ်​ပင်​ဖြစ်သည်။ ကျွန်ုပ်​တို့သည် အပြစ်​တရား အမွေခံ​ထား​၍​လည်း အပြောအဆို၊ အပြု​အမူ၊ အတွေးအခေါ်​တို့​ဖြင့်​ဖြစ်စေ၊ မိမိတို့​လုပ်ဆောင်​သင့်​လျက်​နှင့် မလုပ်ဘဲ​နေခြင်း​ဖြင့်​ဖြစ်စေ အပြစ်​ကျူးလွန်​တတ်ကြ​သည်။ (ဒေ. ၇:၂၀; ရောမ ၃:၂၃; ယာကုပ် ၃:၂; ၄:၁၇) ထို့​ကြောင့် တစ်နေ့တာ​အတွင်း အပြစ်ပြု​မိ​ကြောင်း သိလိုက်​သည်​ဖြစ်စေ၊ မသိ​သည်​ဖြစ်စေ နေ့စဉ်​ဆုတောင်းချက်​များ​တွင် ကျွန်ုပ်​တို့၏​အပြစ်​များ​ကို ဖြေလွှတ်​ပေး​ဖို့ ထည့်​တောင်းလျှောက်​ရန် လို​သည်။—ဆာလံ ၁၉:၁၂; ၄၀:၁၂

၈။ အပြစ်ဖြေ​လွှတ်​ပေး​ရန် ဆုတောင်းခြင်း​သည် ကျွန်ုပ်​တို့အား အဘယ်​ရာ​ပြု​စေ​သနည်း၊ အဘယ်​အကျိုး​ရရှိ​မည်​နည်း။

ခရစ်တော် သွန်း​တော်​မူ​သည့်​အသွေး​၏ ကယ်လွှတ်​နိုင်စွမ်း​ကို ယုံကြည်ခြင်း​ပေါ် အခြေပြု​လျက် အပြစ်ဖြေ​လွှတ်​ပေး​ဖို့ ဆုတောင်း​ပြီး​နောက် မိမိကိုယ်ကို ရိုးရိုးသားသား​ဆန်းစစ်ခြင်း၊ နောင်တ​ယူခြင်း​နှင့် ဝန်ချ​တောင်းပန်​ခြင်း​တို့ ပြုလုပ်​သင့်​ပေ​သည်။ (၁ ယောဟန် ၁:၇-၉) မိမိတို့၏​ဆုတောင်းချက်​သည် အရိုးခံ​နှင့်​ဖြစ်​ကြောင်း သက်သေထူ​ရန် အပြစ်ဖြေ​လွှတ်​ပေး​ဖို့ တောင်းလျှောက်​ပြီး​နောက် “နောင်တ​ရခြင်း​နှင့်​ထိုက်တန်​သော​အကျင့်” ဖြင့် တင်ပြ​ဖို့​လို​သည်။ (တမန်​တော် ၂၆:၂၀) ထို​အခါ ကျွန်ုပ်​တို့၏​အပြစ်​များ​ကို ယေဟောဝါ ဖြေလွှတ်​ရန်​အသင့်ရှိနေ​ကြောင်း ယုံကြည်​နိုင်​လေ​ပြီ။ (ဆာလံ ၈၆:၅; ၁၀၃:၈-၁၄) သို့​နှင့် “အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း” ဖြစ်သော နှိုင်းယှဉ်​ပြ​၍​မရနိုင်​သည့် စိတ်၏​ငြိမ်သက်မှု​ရ​ကာ ‘ယေရှု​ခရစ်​အားဖြင့် ကျွန်ုပ်​တို့၏​စိတ်နှလုံး​တို့ကို စောင့်​မပေး​လိမ့်​မည်။’ (ဖိလိပ္ပိ ၄:၇) သို့သော် ယေရှု၏ စံပြ​ဆုတောင်းနည်း​က မိမိတို့၏​အပြစ်​များ​ကို ဖြေလွှတ်​မှု​ရ​ရန် ကျွန်ုပ်​တို့ အဘယ်အရာ​လုပ်ဆောင်​ရမည်​ထက်မက သင်ပေး​သည်။

အပြစ်ဖြေ​လွှတ်​ခံရ​ရန် ကိုယ်တိုင် အပြစ်လွှတ်​တတ်​ရ

၉၊ ၁၀။ (က) စံပြ​ဆုတောင်းနည်း​တွင် ယေရှု အဘယ်​သို့ ဖြည့်စွက်​ရှင်းလင်း​ပေး​ခဲ့​သနည်း၊ အဘယ်​အချက်​ကို အလေးပေး​ထား​သနည်း။ (ခ)ကျွန်ုပ်​တို့သည် ခွင့်လွှတ်​ရန်လို​ကြောင်း နောက်ထပ် အဘယ်​ပုံ​ပ​မာ​ကို ယေရှု ပြောပြ​ခဲ့​သနည်း။

စိတ်ဝင်စားဖွယ်​ကောင်း​သည်​မှာ စံပြ​ဆုတောင်းနည်း​မှ “အပြစ်​မြီစား​များ​အပေါ်​တွင် ကိုယ်တိုင်​ဖြေလွှတ်​ကြ​သကဲ့သို့ အကျွန်ုပ်​တို့၏​အပြစ်​မြီများ​ကို ဖြေလွှတ်​တော်​မူ​ပါ” အပိုင်း​ကို​သာ ယေရှု ရှင်းလင်းချက်​ပေး​ခဲ့​ခြင်း​ဖြစ်သည်။ ဆုတောင်းနည်း​ကို နိဂုံး​ချုပ်​ပြီး​နောက် ကိုယ်တော်​ဤသို့ ထပ်၍​ဖြည့်စွက်​သည်– “သင်တို့သည် သူ​တစ်​ထူး​တို့ လွန်ကျူး​မှုများ​ကို ဖြေလွှတ်​ကြ​လျှင် ကောင်းကင်ဘုံ​ရှင် သင်တို့​အဘ​လည်း သင်တို့​အပေါ်​တွင် ဖြေလွှတ်​တော်​မူ​လိမ့်​မည်။ သူ​တစ်​ထူး​တို့ ကျူးလွန်​မှုများ​ကို မဖြေ​လွှတ်​ကြ​လျှင်​မူ​ကား သင်တို့​ကျူးလွန်​မှုများ​ကို သင်တို့​အဘ ဖြေလွှတ်​တော်​မူ​မည်​မဟုတ်။” (မဿဲ ၆:၁၄၊ ၁၅သ​မ) ဤ​အကြောင်းကြောင့် ယေဟောဝါ​ထံ​မှ ဖြေလွှတ်​မှု​ရရှိရန်​မှာ ကျွန်ုပ်​တို့​ဘက်​မှ သူ​တစ်​ထူး​အပေါ် လိုလိုလားလား​ဖြေလွှတ်ခြင်း​ပေါ်​တွင် မူတည်​နေကြောင်း ယေရှု ရှင်းလင်းစွာ ရှင်းပြ​တော်​မူ​ခဲ့​သည်။—မာကု ၁၁:၂၅

၁၀ နောက်​တစ်ချိန်​၌ ယေရှုသည် ပုံ​ပ​မာ​တစ်ခု​ပေး​ကာ ကျွန်ုပ်​တို့​အပြစ်ကို ယေဟောဝါ​အား​ဖြေလွှတ်​စေ​လိုလျှင် ကျွန်ုပ်​တို့​ကိုယ်တိုင် အပြစ်လွှတ်​တတ်​ဖို့​လို​ကြောင်း ပြသ​တော်​မူ​သည်။ ကျွန်​တစ်ဦး​တွင် တင်​ရှိနေ​သော ကြွေး​အမြောက်အမြား​ကို ရက်ရက်ရောရော​ပယ်ဖျက်​ပေး​သည့် မင်းကြီး​တစ်ပါး​ပုံ​ပ​မာ​ကို ယေရှု​ပြောပြ​ခဲ့​သည်။ နောက်ပိုင်း​တွင် မင်းကြီး​သည် အဆိုပါ​ကျွန်​က မပြော​ပ​လောက်​သော ကျွန်ချင်း​၏​အကြွေး ပယ်ဖျက်​ပေး​ရန် တောင်းပန်​လှာ​ခြင်း​ကို လက်မခံ ငြင်းဆို​သည့်​အတွက် သူ့ကို ပြင်းပြင်းထန်ထန်​အပြစ်ပေး​ခဲ့​သည်။ ထို​ပုံ​ပ​မာ​ကို ယေရှု ဤသို့​နိဂုံး​ချုပ်​ခဲ့​သည်– “သင်တို့သည်လည်း ညီအစ်ကို​အချင်းချင်း​တို့ကို နှလုံး​ပါ​လျက်​ခွင့်​မ​လွှတ်လျှင်၊ ကောင်းကင်ဘုံ​၌​ရှိတော်မူသော​ငါ​၏​အဘသည် ထို​နည်းတူ သင်တို့ကို စီရင်တော်မူ​လတ္တံ့။” (မဿဲ ၁၈:၂၃-၃၅) ရှင်း​နေသည့်​အချက်​မှာ ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​အား ယေဟောဝါ​ရှင် ဖြေလွှတ်​ပေး​ခဲ့​သည့် အပြစ်​ကြွေးမြီ​ပမာဏ​သည် ကျွန်ုပ်​တို့​အပေါ် သူ​တစ်​ထူး​ပြု​မိ​သည့် ကျူးလွန်​မှု​ပမာဏ​ထက် အဆ​မတန်​များနေ​ခြင်း​ဖြစ်သည်။ ထို့​အပြင် ကျွန်ုပ်​တို့ကို ယေဟောဝါ​ရှင် နေ့စဉ်​ခွင့်လွှတ်​ပေး​လျက်​ရှိသည်။ သို့​ဆိုလျှင် သူ​တစ်​ထူး​က ကျွန်ုပ်​တို့​အပေါ် တစ်ခါတစ်ရံ အပြစ်ပြု​မိ​ခြင်း​ကို အမှန်ပင် ခွင့်လွှတ်​နိုင်​ကြ​ပေ​သည်။

၁၁။ ယေဟောဝါ​ထံ​မှ ခွင့်လွှတ်​မှု​ခံရ​လိုလျှင် တမန်​တော်​ပေါလု​၏​အဘယ်​အကြံပေး​စကား​ကို ကျွန်ုပ်​တို့ လိုက်လျှောက်​ကြ​မည်​နည်း၊ အဘယ်​ကောင်းကျိုး​ရှိ​မည်​နည်း။

၁၁ တမန်​တော်​ပေါလု​က “အချင်းချင်း​ကျေးဇူးပြု​ခြင်း၊ သနားစုံမက်​ခြင်း၊ ဘုရားသခင်​သည် ခရစ်တော်​ကြောင့် သင်တို့၏​အပြစ်ကို​လွှတ်တော်​မူ​သကဲ့သို့ အချင်းချင်း​အပြစ်လွှတ်ခြင်း​ရှိကြလော့” ဟု​ရေးသား​လိုက်​သည်။ (ဧဖက် ၄:၃၂) ခရစ်ယာန်​ချင်း​တို့သည် အပြန်အလှန်​ခွင့်လွှတ်​တတ်​လျှင် ပို​၍​ငြိမ်သက်မှု​ရှိသည်။ ပေါလု​က ဤသို့ ထပ်၍​တိုက်တွန်း​သည်– “ထို​ကြောင့် သင်တို့သည် ဘုရားသခင်​ရွေးကောက်​သော​သူ၊ သန့်ရှင်းသော​သူ၊ ချစ်အပ်သော​သူ​ကဲ့သို့ သနားစုံမက်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ စိတ်ရှည်ခြင်း​တို့ကို ယူတင်​ဝတ်ဆောင်​ကြလော့။ တစ်ယောက်​၌​တစ်ယောက် အပြစ်တင်စရာ​အခွင့်​ရှိလျှင် အချင်းချင်း​သည်းခံ၍ အပြစ်ကို​လွှတ်​ကြလော့။ ခရစ်တော်​သည် သင်တို့၏​အပြစ်ကို​လွှတ်တော်​မူ​သကဲ့သို့ ထို​နည်းတူ​ပြု​ကြလော့။ စုံလင်ခြင်း​အဖွဲ့အစည်း​တည်း​ဟူသော ချစ်ခြင်း​မေတ္တာကို ထပ်၍​ယူတင်​ဝတ်ဆောင်​ကြလော့။” (ကောလောသဲ ၃:၁၂-၁၄) ယေရှု​သင်​ပြပေး​ခဲ့​သည့် “အပြစ်​မြီစား​တို့​အပေါ်​တွင် ကိုယ်တိုင်​ဖြေလွှတ်​ကြ​သကဲ့ အကျွန်ုပ်​တို့၏​အပြစ်​မြီများ​ကို ဖြေလွှတ်​တော်​မူ​ပါ” ဟူ​သည့် ဆုတောင်းချက်​တွင် အထက်ပါ​အားလုံး​ပါဝင်​သည်။

သွေးဆောင်​ခံရ​ချိန်​တွင် အကာအကွယ်

၁၂၊ ၁၃။ (က) စံပြ​ဆုတောင်းနည်း​မှ နောက်ဆုံး​မတိုင်မီ တောင်းလျှောက်​ချက်​၏ အဓိပ္ပာယ်​မှာ အဘယ်အရာ​မဖြစ်​နိုင်​သနည်း။ (ခ) မည်သူသည်​သာ သွေးဆောင်​သူကြီး ဖြစ်သနည်း၊ အပြစ်​သွေးဆောင်​ရာ​သို့ မလိုက်​မပါ​စေ​နှင့်​ဟု ဆုတောင်းခြင်း​မှာ အဘယ်​အဓိပ္ပာယ်​နည်း။

၁၂ ယေရှု၏ စံပြ​ဆုတောင်းနည်း​မှ နောက်ဆုံး​မတိုင်မီ တောင်းလျှောက်​ချက်​မှာ “အပြစ်​သွေးဆောင်​ရာ​သို့ မလိုက်​မပါ​စေ” နှင့်​ဖြစ်သည်။ (မဿဲ ၆:၁၃) ယေဟောဝါ​ရှင်​က ကျွန်ုပ်​တို့အား သွေး​မ​ဆောင်​ပါ​ရန် တောင်းလျှောက်​သင့်​သည်​ဟု ယေရှု​ဆိုလို​သလော။ ထိုသို့​မဖြစ်​နိုင်​ပါ၊ အကြောင်း​မှာ တပည့်​ဖြစ်သူ​ယာကုပ်​က ဝိညာဉ်​တော်​ရ​၍ ဤသို့​ရေးသားခဲ့​သည်– “အပြစ်​သွေးဆောင်ခြင်း​ကို​ခံရ​သော​သူ​မည်​သည်​ကား ‘ဘုရားသခင်​သည် ငါ့ကို​သွေးဆောင်​တော်​မူ​သည်’ ဟု မပြော​စေ​နှင့်။ မကောင်းသော​အရာ​သည် ဘုရားသခင်​ကို​မ​သွေးဆောင်​နိုင်ရာ။ ကိုယ်တော်​သည်လည်း အဘယ်သူကိုမျှ အပြစ်​သို့​သွေးဆောင်​တော်​မ​မူ။” (ယာကုပ် ၁:၁၃) ထို့​အပြင် ဆာလံဆရာ​က ဤသို့​ရေးသား​သည်– ‘အို​ဘုရားရှင် ထာဝရ​ဘုရားသခင် ကိုယ်တော်​သည် မကောင်းမှု​များ​ကို​မှတ်တော်မူ​လျှင် အဘယ်သူ​ခံရပ်​နိုင်​ပါ​မည်​နည်း။’ (ဆာလံ ၁၃၀:၃) ယေဟောဝါ​ရှင်​သည် ကျွန်ုပ်​တို့​ပြု​သည့်​အမှား​တိုင်း​ကို မှတ်​မနေ​ပါ၊ ကျွန်ုပ်​တို့ကို ထောင်ချောက်​ဆင်​ရန် ကြိုးစား​ခြင်း​မျိုး​လည်း လုံးဝ​မ​လုပ်ပါ။ သို့​ဆိုလျှင် စံပြ​ဆုတောင်းနည်း​၏ ဤ​အပိုင်း​သည် အဘယ်​သို့​ဆိုလို​သနည်း။

၁၃ ကျွန်ုပ်​တို့ကို ထောင်​ဖမ်း​ရန်၊ က​လိမ်​ဉာဏ်သုံး​ကာ ထောင်ချောက်​ဆင်​ရန်​သာမက ဝါးမျို​ရန်​ပင် ကြိုးစား​နေ​သူ​မှာ စာတန်​သာ​ဖြစ်သည်။ (ဧဖက် ၆:၁၁) သူ​သာ​လျှင် သွေးဆောင်​သူကြီး​ဖြစ်သည်။ (၁ သက်သာလောနိတ် ၃:၅) အပြစ်​သွေးဆောင်​ရာ​သို့ မလိုက်​မပါ​စေရန် ဆုတောင်းခြင်း​မှာ ကျွန်ုပ်​တို့​သွေးဆောင်​ခံရ​ချိန်​တွင် ကျော့မိ​သွားခွင့်​မပေး​ရန် ယေဟောဝါ​ထံ တောင်းလျှောက်​နေခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့သည် သွေးဆောင်မှု​ကို ဒူးထောက်​အညံ့​ခံ​မိ​ကာ ‘စာတန် အနိုင်’ ရသွား​ခြင်း​မျိုး​မဖြစ်စေ​ရန် ကူ​မပေးဖို့ ကိုယ်တော်​ထံ ကျွန်ုပ်​တို့ တောင်းလျှောက်​နေခြင်း​ဖြစ်သည်။ (၂ ကောရိန္သု ၂:၁၁) ကျွန်ုပ်​တို့သည် ‘အမြင့်ဆုံး​သော​ဘုရားသခင်​၏ ကွယ်ကာ​ရာ​ဌာနတော်​၌’ ဆက်နေ​ခွင့်​ရ​ကာ ပြု​လေ​သမျှ​တွင် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို အသိအမှတ်ပြု​သူများ​အတွက် စီမံ​ပေး​ထားသော ဝိညာဉ်​ရေး​အကာအကွယ်​ရရှိရန် ဆုတောင်း​ကြသည်။—ဆာလံ ၉၁:၁-၃

၁၄။ ကျွန်ုပ်​တို့ သွေးဆောင်​ခံရ​ချိန်​တွင် ယေဟောဝါ​ကို မျှော်ကိုး​လျှင် ကိုယ်တော် ပစ်ထား​မည်​မဟုတ်​ကြောင်း တမန်​တော်​ပေါလု ကျွန်ုပ်​တို့အား မည်သို့​အာမခံ​ပေး​ထား​သနည်း။

၁၄ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များနှင့် လုပ်ဆောင်မှု​တို့သည် အရိုးခံ​စိတ်ဖြင့်​ဖြစ်​လျှင် ယေဟောဝါ​ရှင် ဘယ်​သောအခါ​မျှ ပစ်ထား​မည်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ပါ​သည်။ တမန်​တော်​ပေါလု​က ကျွန်ုပ်​တို့အား ဤသို့​အာမခံ​ထား​သည်– “လူ​၌​ဖြစ်တတ်သော စုံစမ်း​နှောင့်ယှက်ခြင်း​ကို​သာ သင်တို့သည်​ခံရ​ကြ​၏။ ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်တို့​မခံနိုင်​သော​စုံစမ်း​နှောင့်ယှက်ခြင်း​ကို သင်တို့၌​ရောက်​စိမ့်​သော​ငှာ အခွင့်ပေး​တော်​မ​မူ။ သင်တို့သည်​ခံနိုင်​မည်​အကြောင်း စုံစမ်း​နှောင့်ယှက်ခြင်း​အရာ​နှင့်​တကွ၊ ထွက်မြောက်​သော​လမ်းကို​လည်း စီရင်​ပြုပြင်​တော်​မူ​လိမ့်​မည်။”—၁ ကောရိန္သု ၁၀:၁၃

‘ဆိုးညစ်သူ​လက်​မှ ကယ်နုတ်​တော်​မူ​ပါ’

၁၅။ ဆိုးညစ်သူ​လက်​မှ ကယ်လွှတ်​ပေး​ရန်​ဆုတောင်း​ဖို့ အဘယ်ကြောင့် ယခင်​က​ထက် သာ၍​အရေးကြီး​လာ​သနည်း။

၁၅ ခရစ်ယာန်​ဂရိ​ကျမ်း​အပိုင်း​အတွက် အား​အထား​ရ​ဆုံး လက်ရေး​စာမူ​များ​အရ ယေရှု၏​စံပြ​ဆုတောင်းနည်း​ကို ဤ​စကား​များ​ဖြင့် အဆုံးသတ်​ထား​သည်– “မကောင်းသော​အမှုအရာ [“ဆိုးညစ်သူ​လက်၊” က​ဘ] မှ​လည်း ကယ်နုတ်​တော်​မူ​ပါ။” * (မဿဲ ၆:၁၃) ဤ​ဆုံးခန်း​ကာလ​တွင် စာတန်​၏​လက်​မှ ကာကွယ်​ပေး​ရန် သာ၍​ပင်​လိုအပ်​သည်၊ အကြောင်း​မှာ စာတန်​နှင့် သူ၏​နတ်ဆိုး​တို့သည် ကောင်းကင်​မှ နှင်ချ​ခံ​ထား​ရ​သဖြင့် “ဘုရားသခင်​၏​ပညတ်တော်​တို့ကို​ကျင့်​၍၊ ယေရှု၏​သက်သေခံ​တော်​မူ​ချက်​ကို​စွဲလမ်း​သော​သူ​တည်း​ဟူသော” ကောင်းကင်​အတန်းအစား အကြွင်းအကျန်​များနှင့် အပေါင်းပါ ‘လူအုပ်ကြီး’ တို့ကို တိုက်ခိုက်​လျက်​ရှိ၍​တည်း။ (ဗျာ. ၇:၉၊ ၁၂:၉၊ ၁၇) တမန်​တော်​ပေတရု​က ခရစ်ယာန်​များ​အား ဤသို့​မိန့်မှာ​ထား​သည်– “[ကောင်းသော]သတိရှိ​လျက် မ​အိပ်​ဘဲ​စောင့်နေ​ကြလော့။ သင်တို့၏​ရန်သူ​တည်း​ဟူသော[စာတန်]သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ အဘယ်သူ​ကို​မျို​ရမည်​နည်း​ဟူ၍ လှည့်လည်​ရှာဖွေ​လျက်​ရှိ၏။ သို့​ဖြစ်၍၊ ... ယုံကြည်ခြင်း၌​တည်​၍ [စာတန်]ကို​ဆီးတား​ကြလော့။” (၁ ပေတရု ၅:၈၊ ၉) စာတန်​သည် ကျွန်ုပ်​တို့၏​သက်သေခံခြင်း​လုပ်ငန်း​ကို ရပ်​ပစ်​ချင်​နေသည်၊ ကမ္ဘာ​ပေါ်​ရှိ သူ၏​ကိုယ်စားလှယ်​များ—ဘာသာရေး၊ စီးပွားရေး သို့​မဟုတ် သားရဲ​အုပ်စု တစ်ခုခု—ကို သုံး​ကာ ကျွန်ုပ်​တို့ကို ခြောက်လှန့်​ရန် ကြိုးစား​နေသည်။ သို့သော် ကျွန်ုပ်​တို့​က ခိုင်မြဲ​စွာ​ရပ်တည်​လျှင် ကျွန်ုပ်​တို့ကို ယေဟောဝါ​ရှင် ကယ်လွှတ်​ပေး​မည်။ တပည့်​ဖြစ်သူ​ယာကုပ်​က ဤသို့​ရေးသား​လိုက်​သည်– “ထို​ကြောင့်၊ ဘုရားသခင်​၏​အလိုတော်​သို့​လိုက်​ကြလော့။ စာတန်​ကို​ဆီးတား​ကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့​ထံ​က​ပြေး​သွား​လိမ့်​မည်။”—ယာကုပ် ၄:၇

၁၆။ စုံစမ်းမှု​ခံ​နေရ​သော ယေဟောဝါ​၏​ကျေးကျွန်​များ​ကို ကိုယ်တော်​ကူညီ​ပေး​ရန် အထံတော်​တွင် အဘယ်နည်း​လမ်းများ အရန်​သင့်​ရှိ​ထား​သနည်း။

၁၆ ယေဟောဝါ​သည် မိမိ၏​သားတော်​အား သွေးဆောင်​ခံစေ​ခဲ့​သည်။ သို့သော် ယေရှုသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အကာအကွယ်​ယူ၍ စာတန်​ကို ဆန့်ကျင်​ပြီး​နောက်​တွင် ကောင်းကင်တမန်​များ​ကို ယေဟောဝါ စေလွှတ်​ကာ ကိုယ်တော်​ကို အားပေးခဲ့​သည်။ (မဿဲ ၄:၁-၁၁) အလားတူ​စွာ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်းဖြင့်​ဆုတောင်း​ကာ ယေဟောဝါ​အား မိမိတို့၏​ခိုလှုံရာ​ဖြစ်စေ​လျှင် ကောင်းကင်တမန်​များ​ကို ကျွန်ုပ်​တို့အား ကူမ​စေတော်မူ​လိမ့်​မည်။ (ဆာလံ ၃၄:၇; ၉၁:၉-၁၁) တမန်​တော်​ပေတရု​က ဤသို့ ရေးသား​လိုက်​သည်– “ဘုရား[သခင်]ဝတ်၌​မွေ့လျော်​သော​သူတို့ကို စုံစမ်း​နှောင့်ယှက်ခြင်း​အထဲက ကယ်နုတ်ခြင်း​ငှာ​လည်းကောင်း၊ မတရားသော​သူတို့ကို ဒဏ်​ခံစေ​မည်​အကြောင်း ... တရား​ဆုံးဖြတ်​သော​နေ့​အဖို့ ချုပ်​ထားခြင်း​ငှာ​လည်းကောင်း ထာဝရ​ဘုရား[သခင်]သည် တတ်နိုင်​တော်​မူ​၏။”—၂ ပေတရု ၂:၉

လုံးလုံးလျားလျား ကယ်လွှတ်​ချိန် နီးပြီ

၁၇။ ယေရှုသည် ကျွန်ုပ်​တို့ကို စံပြ​ဆုတောင်းနည်း​သင်ပေး​ကာ ပါဝင်​ရမည့်​အချက်များ​ကို မည်သို့​သင့်လျော်​သော အစီအစဉ်​ဖြင့် ထား​ပေး​ခဲ့​သနည်း။

၁၇ စံပြ​ဆုတောင်းနည်း​တွင် ပါ​ရမည့်​အချက်များ​ကို ယေရှုသည် သင့်လျော်​သော အစီအစဉ်​ဖြင့် ထား​ပေး​တော်​မူ​သည်။ ကျွန်ုပ်​တို့​အဓိက​အရေးထား​ရမည့်​အရာ​မှာ ယေဟောဝါ​၏ သန့်ရှင်း​မြင့်မြတ်​သော နာမတော်​အား ရိုသေ​လေးမြတ်​စေ​ရေး​ဖြစ်​သင့်​သည်။ ယင်းကို အကောင်အထည်ဖော်​ဖို့ အသုံးပြုသည့်​ကိရိယာ​မှာ မေရှိယနိုင်ငံတော်​ဖြစ်သော​ကြောင့် နိုင်ငံတော်​တည်ထောင်​ပြီး စုံလင်သော လူ့​အစိုးရ​အားလုံး ပျက်စီး​သွားစေရန်​နှင့် ကိုယ်တော်​၏​အလိုတော် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီးပေါ်​တွင် အပြည့်အဝ​ပြည့်စုံစေရန် ကျွန်ုပ်​တို့​ဆုတောင်း​ကြသည်။ ကမ္ဘာ့​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​ရ​ရေး​မျှော်လင့်ချက်​မှာ ယေဟောဝါ​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​နှင့် စကြဝဠာ​တစ်ခွင် ကိုယ်တော်​၏​ဖြောင့်မှန်​သော ပိုင်သ​အုပ်စိုးမှု​ကို အသိအမှတ်​ပြုခြင်း​တို့​အပေါ်​တွင် တည်မှီ​နေပါ​သည်။ အရေး​အကြီးဆုံး​ဖြစ်သည့် ဤ​အကြောင်းအရာများ​အတွက် ဆုတောင်း​ပြီး​နောက်​တွင် ကျွန်ုပ်​တို့၏​နေ့စဉ်​လိုအပ်ရာ​များ မစ​ပေး​ရန်၊ အပြစ်​မှ ခွင့်လွှတ်​ပေး​ရန်​နှင့် ဆိုးညစ်သူ စာတန်​၏ သွေးဆောင် ဖြားယောင်းမှု​တို့​မှ ကယ်လွှတ်​ပေး​ရန်​တို့အတွက် ဆုတောင်း​နိုင်​သည်။

၁၈၊ ၁၉။ ယေရှု၏ စံပြ​ဆုတောင်းနည်း​သည် ကျွန်ုပ်​တို့အား နိုးနိုးကြားကြား​ရှိနေ​စေရန်​နှင့် “အဆုံးတိုင်အောင် တည်ကြည်” ရန် မည်သို့ အကူအညီ​ပေး​မည်​နည်း။

၁၈ ဆိုးညစ်၊ ယိုယွင်းသော ဆိုးသွမ်းသူ​၏​အစီအစဉ်​စနစ်​မှ လုံးလုံးလျားလျား လွတ်မြောက်​ရန်​အချိန် နီး​သည်ထက်​နီး​လာ​ပါ​ပြီ။ စာတန်​သည် သူ၌ “အချိန်ကာလ တစ်ခဏ” သာ​ကျန်​တော့​ကြောင်း ကောင်းကောင်း​ကြီး​သိနေ​သည့်​အတွက် ဤ​ကမ္ဘာကြီး​ကို၊ အထူးသဖြင့် ယေဟောဝါ​၏ သစ္စာရှိ​ကျေးကျွန်​များ​အပေါ် “ပြင်းစွာ​ဒေါသ​အမျက်” ခြောင်း​ခြောင်း​ထွက်​လျက်​ရှိ​လေ​တော့​သည်။ (ဗျာ. ၁၂:၁၂၊ ၁၇) “ဤ​အစီအစဉ်​စနစ်​၏ ဆုံးခန်း” ဆိုင်ရာ ပေါင်းစပ်​နိမိတ်​တွင် ယေရှုသည် စိတ်​လှုပ်ရှား​ဖွယ် အမှုအရာ​များ​အကြောင်း ကြို​ဟောထား​ရာ အချို့​အမှုအရာ​များ​မှာ ရှေ့တွင် ဖြစ်လာ​ရဦး​မည်​ဖြစ်သည်။ (မဿဲ ၂၄:၃၊ ၂၉-၃၁က​ဘ) ဤ​အမှုအရာ​များ​ဖြစ်ပျက်​လာ​သည်ကို ကျွန်ုပ်​တို့​မြင်ရ​သည်​နှင့်​အမျှ လွတ်မြောက်​ဖို့​မျှော်လင့်ချက်​မှာလည်း တောက်ပ​သည်ထက်​တောက်ပ​လာ​ပါ​သည်။ ယေရှု​က ဤသို့​မိန့်မှာ​သည်– “ထို​အမှုအရာ​တို့သည် ဖြစ်​စ​ရှိသော​အခါ၊ သင်တို့ကို​ရွေးနုတ်သော​အချိန်ကာလ ရောက်လု​နီး​သည်ကို​ထောက်​သဖြင့်၊ မျှော်ကြည့်၍​ခေါင်း​ကို​ကြွ​ကြလော့။”—လုကာ ၂၁:၂၅-၂၈

၁၉ တပည့်​များ​ကို ယေရှု​ပေး​ခဲ့​သည့် ဤ​စံပြ​ဆုတောင်းနည်း အနှစ်ချုပ်​သည် ဆုံးခန်း​ချိန်​နီးလာသည်နှင့်​အမျှ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​တွင် အဘယ်အရာ​များ​ထည့်​တောင်း​ရမည်​နှင့်​ပတ်သက်​၍ အားထား​နိုင်သော လမ်းညွှန်​ပင်​ဖြစ်​လေ​သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​နေ့စဉ် ဝိညာဉ်​ရေး၊ ကာယရေး လိုအပ်ရာ နှစ်တန်စလုံး​ကို ဆက်၍​ထောက်ပံ့​ပေး​သွား​မည်​ကို အဆုံးအထိ ဆက်၍​ယုံကြည်​စိတ်ချ​သွား​နိုင်​ပါစေ။ ကျွန်ုပ်​တို့သည် နိုးနိုးကြားကြား​နှင့် ဆုတောင်း​နေခြင်း​ဖြင့် “စိတ်​စွဲလမ်းခြင်း​ကို​အစပြု​သကဲ့သို့ အဆုံးတိုင်အောင်​တည်ကြည်” လျက်​နေ​ရန် အကူအညီ​ရ​လိမ့်​မည်။—ဟေဗြဲ ၃:၁၄; ၁ ပေတရု ၄:၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 ဂျိမ်း​ဘုရင်​ဘာသာပြန်​ကျမ်း​ကဲ့သို့​သော ရှေးကျ​သည့်​ကျမ်း​အချို့​တွင် ယေရှု၏​ဆုတောင်းနည်း​ကို ဤ​လူသိ​များ ချီးမွမ်း​သီချင်း​ဖြင့် အဆုံးသတ်​ထား​သည်– “အစိုး​ပိုင်​သော​အခွင့်​နှင့် ဘုန်း​တန်ခိုး​အာနုဘော်​သည် ကမ္ဘာ​အဆက်ဆက် ကိုယ်တော်၌​ရှိပါ၏။ အာမင်။” ဂျရုမ်း ကျမ်းစာ​ရှင်းလင်းချက်​မှတ်စု​တွင် ဤသို့​ဆို​ထား​သည်– “အထက်ပါ​ချီးမွမ်း​သီချင်း ... ကို အား​အထား​ရ​ဆုံး [လက်ရေး​စာမူ​များ​တွင်] မ​တွေ့ရ​ပေ။”

ပြန်လည်​သုံးသပ်ချက်

“အသက်မွေး​လောက်​သော​အစာကို ယနေ့​ပေးသနား​တော်​မူ​ပါ” ဟု ကျွန်ုပ်​တို့​တောင်းလျှောက်​ခြင်း​ဖြင့် အဘယ်အရာ​များ​ကို ဆိုလိုခြင်း​ဖြစ်သနည်း။

“အပြစ်​မြီစား​တို့​အပေါ်​တွင် ကိုယ်တိုင်​ဖြေလွှတ်​ကြ​သကဲ့သို့ အကျွန်ုပ်​တို့၏ အပြစ်​မြီများ​ကို ဖြေလွှတ်​တော်​မူ​ပါ” ဟု အသနားခံ​ဆုတောင်းခြင်း​ကို ရှင်းပြပါ။

အပြစ်​သွေးဆောင်​ရာ​သို့ မလိုက်​ပါစေ​နှင့်​ဟု ယေဟောဝါ​ကို ကျွန်ုပ်​တို့​တောင်းလျှောက်​ခြင်း​မှာ အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

‘ဆိုးညစ်သူ​လက်​မှ ကယ်နုတ်​ပေး​တော်​မူ​ပါ​ရန်’ ကျွန်ုပ်​တို့ အဘယ်ကြောင့် ဆုတောင်း​ဖို့​လို​သနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့​ခွင့်လွှတ်​ခံရ​ဖို့​ဆိုလျှင် မိမိတို့​က အခြား​သူများကို ခွင့်လွှတ်​တတ်​ရမည်

[Picture Credit Line on page 13]

Lydekker