မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိုးသားသောသိစိတ်

ရိုးသားသောသိစိတ်

ရိုးသား​သော​သိစိတ်

ကင်​ညာ​နိုင်ငံ​ရှိ တက္ကသိုလ်​တစ်ခု​တွင် အလုပ်လုပ်​သော ချားလ်စ်​သည် အလုပ်​မှ အိမ်သို့ပြန်​လာစဉ် သူ့​ဆဲလ်​လူ​လာ​ဖုန်း ကျ​ပျောက်​သွားခဲ့​၏။ ကင်​ညာ​နိုင်ငံ​တွင် အဆိုပါ​ပစ္စည်း​မျိုး​သည် တန်ဖိုး​ကြီးမားသော ဇိမ်​ခံ​ပစ္စည်း​တစ်ခု​ဖြစ်​နေဆဲ​ပင်။

“ဘယ်သူမှ ပြန်ပေး​မှာ​မဟုတ်ဘူးလို့ ကျွန်တော်​တွက်​ထား​တာ” ဟု ချားလ်စ်​က​ဆို​၏။ သို့ရာတွင်၊ ရက်​အနည်းငယ်​ကြာသော် ကင်​ညာ​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​က သူ့ကို​ဖုန်း​ဆက်​သည့်​အတွက် အံ့သြ​သွားခဲ့​ရသည်။ သူ၏​ဆဲလ်ဖုန်း​ကို လာ​ယူဖို့ ပြော​သည့်​စကား​ကို သူ​မယုံနိုင်​လောက်​အောင် ဖြစ်သွား​သည်။ ဖြစ်​ပုံ​က ချားလ်စ်​နှင့် ကား​တစ်စီး​တည်း​စီး​ခဲ့​သည့် ယေဟောဝါသက်သေ​များ​၏ အချိန်ပြည့်​ဓမ္မ​အမှုဆောင်​တစ်ဦး​သည် သူ၏​ဖုန်း​ကို ကောက်​ရခဲ့​သည်။ ပိုင်ရှင်​ကို ရှာတွေ့​ဖို့ ကြိုး​စား၍​မရ​သဖြင့် အဆိုပါ​ဓမ္မ​အမှုဆောင်​သည် ၎င်း​ဖုန်း​ကို ဌာနခွဲရုံး​သို့ ပို့​ထား​ရာ ထို​တွင်​ရှိ စေတနာ့​ဝန်ထမ်း​များ​က ဖုန်း​ပေါ်​မှ နံပါတ်​ကို ခြေရာ​ခံ​၍ နောက်ဆုံး ချားလ်စ်​နေထိုင်​သည့်​နေရာကို စုံစမ်း​သိရှိ​သွားခဲ့​ခြင်း​ဖြစ်သည်။

ဌာနခွဲရုံး​သို့ ချားလ်စ်​ရေး​လိုက်​သည့်​စာ​တွင် သူက “အခက်အခဲ​ကြား ကျွန်တော်​နဲ့​ဆက်သွယ်​ဖို့ ကြိုးစား​ခဲ့​တာတွေကို အရမ်း​ကျေးဇူး​တင်​ပါ​တယ်။ ကျွန်တော့်​ဆဲလ်ဖုန်း​ကို တွေ့​လို့ ကျွန်တော့်​လိပ်စာကို​ရှာတွေ့​အောင်​ကြိုးစား​ပြီး ပြန်ပေး​တဲ့ ခင်ဗျား​တို့​အဖွဲ့အစည်း​က အဖွဲ့ဝင်​ကို ကျွန်တော် တကယ်ပဲ​ကျေးဇူး​တင်​ပါ​တယ်။ က​နေ့ ရိုးသားတဲ့​လူ မရှိသလောက်​ပဲ၊ ဒါပေမဲ့ ယေဟောဝါ​ဘုရားသခင်​ရဲ့ စစ်မှန်​တဲ့​သက်သေ​တွေ​ဖြစ်​မှန်း ထင်ရှား​တဲ့​သူ အနည်းငယ်​ရှိနေသေး​တာ​က အားရှိစရာ​ပါ​ပဲ” ဟု ဆို​ထား​သည်။

နေရာတကာ​ရှိ ယေဟောဝါသက်သေ​များ​၏​ရိုးသားမှု​ကို လူသိ​များ​၏။ “အရာရာကို ရိုး​ဖြောင့်​စွာ ငါ​တို့​ကျင့်ကြံ​ပြုမူ​လို​သည့်​အတွက် ရိုး​ဖြောင့်သော​သိစိတ်​ရှိသည်​ဟု ငါ​တို့​စိတ်ချ​ပါ​၏” ဟု​ပြောဆို​ခဲ့​သူ တမန်​တော်​ပေါလု​ကို သူတို့​အတုယူ​ကြသည်။ (ဟေဗြဲ ၁၃:၁၈က​ဘ; ၁ ကောရိန္သု ၁၁:၁) ဤသို့​သော​အမူအကျင့်​က ယေရှု​မိန့်ဆိုခဲ့​သည့်​အတိုင်း ယေဟောဝါ​ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​၏၊ ကိုယ်တော်​က “သူတစ်ပါး​တို့သည် သင်တို့၏​ကောင်းသော​အကျင့်ကို​မြင်​၍ ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘ​၏​ဂုဏ်တော်​ကို ချီးမွမ်း​စေခြင်း​ငှာ သူတစ်ပါး​ရှေ့၌ သင်တို့၏​အလင်း​ကို လင်း​စေ​ကြလော့” ဟု မိန့်တော်မူ​ခဲ့​သည်။—မဿဲ ၅:၁၆