မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝိညာဉ်ရေးစိတ်ထားနှင့် သင့်သုခချမ်းသာ

ဝိညာဉ်ရေးစိတ်ထားနှင့် သင့်သုခချမ်းသာ

ဝိညာဉ်​ရေး​စိတ်ထား​နှင့် သင့်​သုခ​ချမ်းသာ

သင်သည် သင့်​ကျန်းမာ​ရေး​ကို အချိန်ကုန်​ခံ ဂရုစိုက်​ပေမည်။ သင်သည် နေ့စဉ် ရှစ်​နာရီ​အိပ်​မည်၊ နာရီ​အနည်းငယ် ချက်ပြုတ်​စားသောက်​မည်၊ စား​ဝတ်​နေ​ရေး​အဆင်ပြေ​ဖို့ ရှစ်​နာရီ​ခန့် အလုပ်လုပ်​ရ​ပေမည်။ သင်​ဖျားနာ​လာ​မည်​ဆိုလျှင် ဆရာဝန်​ထံ​သွား​ရန် သို့​မဟုတ် ရိုးရာ​ဆေးဝါး​ဖော်စပ်​ရန် အချိန်ကုန်​ခံ၊ ငွေ​ကုန်​ခံ​ပေမည်။ ကျန်းမာ​ရေး​ကောင်း​ဖို့ အိမ်​သန့်ရှင်းရေး​လုပ်​မည်၊ ရေ​မိုး​ချိုး​မည်၊ ကိုယ်လက်​လှုပ်ရှားမှု​ပင် မှန်မှန်​ပြုလုပ်​ပေမည်။

သို့ရာတွင်၊ ကျန်းမာ​ရေး​ဆက်​ကောင်း​နေ​စေဖို့ သင်၏​ကာယရေး​လိုအပ်ရာ​များ​ကို ဂရုစိုက်​ပေး​ရုံ​ထက်မက ပြုလုပ်​ဖို့​လို​သည်။ သင်၏​သုခ​ချမ်းသာ​အတွက် အရေးပါသော အခြား​အကြောင်း​တစ်ခု​လည်း ရှိပါ​သေး​သည်။ သင့်​ကျန်းမာ​ရေး​သည် သင်၌ ဝိညာဉ်​ရေး​စိတ်ထား​ရှိ​ခြင်း၊ မရှိခြင်း​ဖြစ်သည့် သင်၏​ဝိညာဉ်​ရေး​ကျန်းမာ​မှု​နှင့် ဆက်စပ်​နေသည်​ဟု ဆေး​သုတေသန​က ဖော်ပြ​သည်။

တိုက်ရိုက်​ဆက်စပ်မှု

“ထို​အကြောင်း​နှင့်​ပတ်သက်​သည့် ဦးဆုံး​သုတေသန​ပြု​ဆောင်းပါး​များ​တွင် ဝိညာဉ်​ရေး​တိုးတက်မှု​နှင့် ကျန်းမာ​ရေး​တိုးတက်မှု​တို့ တိုက်ရိုက်​ဆက်စပ်မှု​များ​ရှိနေကြောင်း တွေ့ခဲ့​ရသည်” ဟု ဩစတြေးလျ​နိုင်ငံ၊ မဲ​လ်​ဘုန်း​တက္ကသိုလ်​မှ ပါမောက္ခ ဟ​တ်​လေ ဂျီ. ပိခ်ျ​က ဆို​သည်။ အဆိုပါ​တွေ့ရှိချက်​များ​အပေါ်​ဝေဖန်​ရာ​၌ ဩစတြေးလျ ဆေး​ဂျာနယ် (အမ်​ဂျေ​အေ) က “ခရစ်ယာန်​ဘာသာ​တရား​ကိုင်းရှိုင်း​မှု​သည် သွေးဖိအား​ကျ​မှု၊ ကိုလက်စထရော​နည်း​မှု ... နှင့် အူမ​ကင်ဆာ​ရောဂါ​ဖြစ်​မည့်​အန္တရာယ် နည်းပါး​မှု​တို့​နှင့်​ပင် ... ဆက်စပ်​လျက်​ရှိသည်” ဟု​ဖော်ပြ​ထား​သည်။

အလားတူ၊ ယူနိုက်တက်​စ​တိတ်​ရှိ ဘာ​ကယ်​လီ၊ ကယ်လီဖိုးနီးယား​တက္ကသိုလ် (ယူ​စီ) က ၂၀၀၂ ခုနှစ်​တွင် လူ ၆,၅၄၅ ဦး​ကို​လေ့လာ​ကြည့်​ရာ “တစ်ပတ်​လျှင်​တစ်ကြိမ် ခရစ်ယာန်​ဘာသာရေး​ဝတ်ပြုပွဲ​များ တက်ရောက်​ခဲ့​သူတို့သည် ရံဖန်ရံခါ သို့​မဟုတ် ဘယ်တော့​မျှ မတက်ရောက်​သူတို့ထက် သိသိသာသာ​ပင် အသက်ရှည်​ကြ” ကြောင်း​တွေ့ရှိ​ခဲ့​သည်။ ယူ​စီ ဘာ​ကယ်​လီ​၏ ပြည်​သူ့​ကျန်းမာ​ရေး​သင်တန်း​ကျောင်း​မှ လေ့လာမှု​ဆိုင်ရာ ဦးဆောင်​စာရေး​ဆရာ​နှင့် ကထိက​တစ်ဦး​ဖြစ်သူ ဒိုးဂ် အို​မဲ​န်​က ဤသို့​ဆို​သည်– “လူမှုရေး​ပေါင်းသင်းမှု​များ၊ ဆေးလိပ်​သောက်​ခြင်း​နှင့် ကိုယ်လက်​လှုပ်ရှား​ကစား​ခြင်း​အပါအဝင် ကျန်းမာ​ရေး​နှင့်​ဆိုင်သော အမူအကျင့်များ​အစ​ရှိသည်​တို့၏ အကျိုး​သက်ရောက်မှု​များ​ကို ထည့်တွက်​စဉ်းစား​ပြီး​နောက်​၌​ပင် ဤ​ကွာခြား​ချက်​ရှိ​နေသည်​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ခဲ့​ကြသည်။”

ဘဝတွင် ဝိညာဉ်​ရေး​အမြင်​ရှိသူတို့​အတွက် အခြား​အကျိုးကျေးဇူးများ​ကို ခွဲခြား​သတ်မှတ်​ပေး​ရာ​၌ အမ်​ဂျေ​အေ​က ဤသို့​ဆို​လေ​သည်– “ခရစ်ယာန်​ဘာသာ​တရား​ကိုင်းရှိုင်း​သူတို့တွင် အိမ်ထောင်ရေး ပို​၍​ငြိမ်သက်ခြင်း၊ အရက်​နှင့်​မူးယစ်​ဆေးဝါး သုံးစွဲမှု​နည်းပါးခြင်း၊ ကိုယ့်​ကိုယ်ကို​သတ်သေမှု​နှုန်း​နှင့် သတ်​သေ​ရန်​ကြံစည်​မှု နည်း​ခြင်း၊ စိုးရိမ်​ပူပန်မှု​နှင့် စိတ်ဓာတ်ကျ​ဆင်း​မှု​နည်းပါးခြင်း၊ ကိုယ်ကျိုးမငဲ့​သည့်​စိတ်ဓာတ် ကြီးမား​ခြင်း​တို့ကို ဩစတြေးလျ​န်း လေ့လာမှု​များ​က တွေ့ရှိ​ခဲ့​ကြသည်။ ထို့​အပြင်၊ ဘီ​အမ်​ဂျေ (ယခင်​က ဗြိတိသျှ ဆေး​ဂျာနယ်​ဟု လူသိ​များ​ခဲ့) က “ဝိညာဉ်​ရေး​ယုံကြည်ချက်များ ပိုမို​ပြင်းထန်​သည့်​လူတို့သည် ရင်းနှီး​သူ​တစ်ဦး သေဆုံး​သွားသော​အခါ ဝိညာဉ်​ရေး​ယုံကြည်ချက်​မရှိသူ​တို့​ထက် ဝမ်းနည်းပူဆွေးမှု​ကို ပို​၍​လျင်မြန်​စွာ ဖြေဖျောက်​နိုင်​ကြ​ပုံ​ရသည်” ဟု​အစီရင်ခံ​၏။

စစ်မှန်သော​ဝိညာဉ်​ရေး​စိတ်ထား​ဟူသည် အဘယ်အရာ​ဖြစ်သည်​နှင့်​ပတ်သက်​၍ ထင်မြင်ချက်​အမျိုးမျိုး​ရှိသည်။ သို့​တိုင်၊ သင်၏​ဝိညာဉ်​ရေး​အခြေအနေ​သည် သင်၏​ကာယရေး​နှင့်​စိတ္တ​ကျန်းမာ​ရေး​အပေါ် လွန်​စွာ​အကျိုး​သက်ရောက်မှု​ရှိပါ​သည်။ အထက်ပါ​အထောက်အထား​သည် လွန်ခဲ့သော အနှစ် ၂,၀၀၀ နီးပါး​က ယေရှု​ခရစ်​၏ မိန့်ဆိုချက်​တစ်ရပ်​နှင့် ကိုက်ညီ​နေပါ​သည်။ ကိုယ်တော်​က ‘ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း သတိပြုမိ​သူများ​သည် ပျော်ရွှင်​ကြ​၏’ ဟု​မိန့်တော်မူ​ခဲ့​၏။ (မဿဲ ၅:၃၊ က​ဘ) သင်၏​ဝိညာဉ်​ရေး​အခြေအနေ​က သင်၏​ကျန်းမာ​ရေး​နှင့်​ပျော်ရွှင်မှု​ကို ဩဇာ​သက်ရောက်​နေသော​ကြောင့် ‘ယုံကြည်​စိတ်ချ​ထိုက်​သော ဝိညာဉ်​ရေး​လမ်းညွှန်မှုကို ကျွန်ုပ်​အဘယ်​မှာ ရရှိနိုင်​မည်​နည်း။ ဝိညာဉ်​ရေး​ရှိသူ​တစ်ဦး​ဖြစ်​ရန် အဘယ်အရာ​လိုအပ်​သနည်း’ ဟု​မေးမြန်းခြင်း​က ကျိုးကြောင်း​ညီညွတ်​ပေ​သည်။

[Picture Credit Lines on page 2]

Photo Credits: Page 18: Mao Tse-tung and Golda Meir: Hulton/Archive by Getty Images; Francis Ferdinand: From the book The War of the Nations; Hirohito, Lindbergh, & Einstein: U.S. National Archives photo; Stalin: U.S. Army photo; Roosevelt: Franklin D. Roosevelt Library; Churchill: The Trustees of the Imperial War Museum (MH 26392)