မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သခင်၊ ဆုတောင်းခြင်းငှာ အကျွန်ုပ်တို့အား နည်းပေးတော်မူပါ’

‘သခင်၊ ဆုတောင်းခြင်းငှာ အကျွန်ုပ်တို့အား နည်းပေးတော်မူပါ’

‘သခင်၊ ဆုတောင်းခြင်း​ငှာ အကျွန်ုပ်တို့အား နည်း​ပေး​တော်​မူ​ပါ’

‘တပည့်​တစ်ယောက်​က “သခင်၊ ဆုတောင်းခြင်း​ငှာ အကျွန်ုပ်တို့အား နည်း​ပေး​တော်​မူ​ပါ” ဟု​လျှောက်​၏။’—လုကာ ၁၁:၁

၁။ ယေရှု၏​တပည့်​တစ်ယောက်​သည် သူ့​အား ဆုတောင်းနည်း​သင်ပေး​ရန် အဘယ်ကြောင့် ပန်ကြား​ခဲ့​သနည်း။

စီ.အီး. ၃၂ ခုနှစ်​၌ တစ်ချိန်​တွင် ယေရှု၏​တပည့်​တစ်ယောက်​သည် ကိုယ်တော်​ဆုတောင်း​နေသည်​ကို​သတိပြုမိ​သည်။ ခမည်းတော်​ထံ ယေရှု ဘာ​ပြော​နေသည်​ကို သူ​မကြား​ရ​ပေ၊ ကိုယ်တော် အသံတိတ်​ဆုတောင်း​နေ၍​ဖြစ်​မည်။ သို့​ဖြစ်​လင့်​ကစား ယေရှု ဆုတောင်း​ပြီး​ချိန်​တွင် အဆိုပါ​တပည့်​က ‘သခင်၊ ဆုတောင်းခြင်း​ငှာ အကျွန်ုပ်တို့အား နည်း​ပေး​တော်​မူ​ပါ’ ဟု ပန်ကြား​လေ​သည်။ (လုကာ ၁၁:၁) ဤသို့​တောင်းဆို​သည့်​အကြောင်း​ကား​အဘယ်နည်း။ ဆုတောင်းခြင်း​သည် ဂျူး​တို့၏​ဘဝ၊ ဂျူး​တို့၏​ဝတ်ပြုရေးတွင် အမြဲ​ပါဝင်​သည်။ ဟေဗြဲ​ကျမ်း​အပိုင်း​မှ ဆာလံကျမ်း​နှင့် အခြား​ကျမ်းစောင်​တို့​တွင် ဆုတောင်းချက်​များစွာ ပါရှိ​သည်။ ထို့​ကြောင့် ဤ​တပည့်​သည် သူ​လုံးဝ​မသိသော​အရာ သို့​မဟုတ် တစ်ခါမျှ မပြု​ဖူး​သော​အရာ​ကို သင်ကြား​ပေး​ပါ​ရန် ပန်ကြား​နေခြင်း မဟုတ်ပေ။ ဤ​သူသည် ယုဒ​ဘာသာရေး​ခေါင်းဆောင်​များ​၏ တခမ်းတနား ဆုတောင်းမှု​များနှင့် ရင်းနှီး​နေပြီး​သား​ဖြစ်​မည်​မှာ သေချာ​သည်။ သို့သော် ယခု သူသည် ယေရှု​ဆုတောင်း​နေ​ပုံ​ကို သတိထား​မိ​ကာ ရဗ္ဗိတို့၏ သူတော်ကောင်း​ဟိတ်​ဟန်​ထုတ် ဆုတောင်းချက်​များနှင့် ယေရှု၏​ဆုတောင်းပုံ အင်မတန်​ကွာခြား​လှ​သည်​ဟု ခံစား​မိ​သွား​ပုံ​ရသည်။—မဿဲ ၆:၅-၈

၂။ (က) ကျွန်ုပ်​တို့သည် စံပြ​ဆုတောင်းနည်း​ကို လုံး​စေ့​ပတ်​စေ့​ပြန်​ရွတ်​စေဖို့ ယေရှု​မရည်ရွယ်​ကြောင်း အဘယ်​အချက်​က ပြသ​နည်း။ (ခ) ဆုတောင်းနည်း​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့် သိချင်​နေကြ​သနည်း။

လွန်​ခဲ့​သည့် ၁၈ လ​ခန့်​က တောင်ပေါ်​တရားတော်​ပေး​ချိန်​တွင် ယေရှုသည် မိမိ၏​တပည့်​များ ဆုတောင်း​ကြ​သည့်​အခါ နမူနာ​ယူ​နိုင်​ရန် စံပြ​ဆုတောင်းနည်း​ကို မိန့်ကြား​ပေး​ထားပြီး​ဖြစ်သည်။ (မဿဲ ၆:၉-၁၃) ဖြစ်​နိုင်​သည်​မှာ ထို​စဉ်​က အဆိုပါ​တပည့် ရှိ​မ​နေ၍ ဤ​စံပြ​ဆုတောင်းနည်း​မှ အရေးကြီး​အချက်များ​ကို ယေရှုသည် ကြင်နာ​စွာ ပြန်၍​မိန့်ကြား​ခဲ့​၏။ မှတ်သားဖွယ်​မှာ လုံး​စေ့​ပတ်​စေ့​ပြန်​ရွတ်​မပြ​ခြင်း​ဖြစ်သည်၊ ယင်းက ကိုယ်တော်​သည် နှုတ်​တိုက်​ရွတ်ပြ​ရလေ့​ရှိသည့် ခရစ်ယာန်​ဝတ်​တက်​နည်းဖြင့် ဆုတောင်း​နေခြင်း​မဟုတ်​ကြောင်း တင်ပြ​သည်။ (လုကာ ၁၁:၁-၄) အမည်ဖော်​ပြ​မထားသည့် အဆိုပါ​တပည့်​နည်းတူ ကျွန်ုပ်​တို့​လည်း မိမိတို့၏​ဆုတောင်းချက်​များ​ဖြင့် ယေဟောဝါ​အထံ​ပါး ချဉ်းကပ်​နိုင်​မည့် ဆုတောင်းနည်း​ကို သင်ကြား​လို​ကြ​မည်။ သို့​ဖြစ်၍ တမန်​တော်​မဿဲ မှတ်တမ်းတင်​ခဲ့​သည့် စံပြ​ဆုတောင်းနည်း​အပြည့်အစုံကို ဆန်းစစ်​ကြည့်​ကြပါစို့။ ယင်း​တွင် တောင်းဆိုချက် ခု​နစ်​ချက်​ဖြစ်သည့် ဘုရားသခင့်​ရည်ရွယ်ချက်​အကြောင်း သုံးချက်​နှင့် ရုပ်ပိုင်း​နှင့် ဝိညာဉ်​ရေး​ပိုင်း လိုအပ်ချက် လေးချက် ပါဝင်​သည်။ ဤ​ဆောင်းပါး​တွင် ဦးဆုံး​အသနားခံချက်​သုံးချက်​ကို သုံးသပ်​မည်။

မေတ္တာရှင် အဘ

၃၊ ၄။ ယေဟောဝါ​အား ကျွန်ုပ်​တို့၏ “အဘ” ဟု​ခေါ်​လိုက်ခြင်း​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

ယေဟောဝါ​နှင့် ရင်းနှီး​ပြီး လေးမြတ်မှု​ရှိသော ဆက်ဆံ​ရေး​ရှိ​ထား​ကြောင်း ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ ထင်ဟပ်​နေရ​မည်​ကို အစ​ကတည်းက ယေရှု ပြသ​တော်​မူ​ခဲ့​သည်။ ထို​တောင်စောင်း​တွင် ကိုယ်တော်​ထံ​စုဝေး​ချဉ်းကပ်​လာ​ကြ​ကုန်​သော တပည့်​များ​၏​အကျိုးကို အဓိက​ရည်​မျှော်​လျက် ယေဟောဝါ​အား “ကောင်းကင်ဘုံ​၌ ရှိတော်မူသော ကျွန်ုပ်​တို့၏​အဘ” ဟု​ခေါ်​ရန် သူတို့ကို ယေရှု မိန့်ကြား​ခဲ့​သည်။ (မဿဲ ၆:၉) ကျမ်းတတ်​တစ်ဦး၏​အဆို​အရ ယေရှုသည် အများသုံး ဟေဗြဲ​စကား​ဖြင့်​ဖြစ်စေ၊ အာရမိတ်​စကား​ဖြင့်​ဖြစ်စေ မိန့်ကြား​သည့်​အခါ ကိုယ်တော်​အသုံးပြု​ခဲ့​သော “အဘ” ဟူ​သည့်​အသုံးအနှုန်း​သည် ‘ကလေးငယ်​၏ ခေါ်သံ​မျိုး’ တွယ်တာမှု​သံယောဇဉ်​အသုံးအနှုန်း​ဖြစ်သည်။ ယေဟောဝါ​အား ကျွန်ုပ်​တို့၏​အဘ​ဟု ခေါ်​လိုက်ခြင်းက နွေးထွေး၊ ယုံကြည်​စိတ်ချ​သော ဆက်ဆံ​ရေး​ရှိကြောင်း ပြ​နေသည်။

“ကျွန်ုပ်​တို့၏​အဘဟု​ဆို​လိုက်ခြင်း​ဖြင့် မိမိတို့သည် ယေဟောဝါ​အား အသက်​ပေးရှင်​အဖြစ်​အသိအမှတ်ပြု​ထား​ကြသော အမျိုးသား၊ အမျိုးသမီးများ​ပါဝင်​သည့် မိသားစုကြီး​အဝင်​ဖြစ်​ကြောင်း ကိုယ့်​ကိုယ်ကို ဝန်ခံ​နေရာလည်း​ကျ​သည်။ (ဟေရှာယ ၆၄:၈; တမန်​တော် ၁၇:၂၄၊ ၂၈) ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များသည် “ဘုရားသခင်​၏​သား” အဖြစ်​မွေးစား​ခြင်း​ခံ​ကြ​ရပြီး ကိုယ်တော်​အား “အဗ္ဗ၊ အဘ​ဟု​ခေါ်​ရသော​အခွင့်” ရရှိကြ​၏။ (ရောမ ၈:၁၄၊ ၁၅) သူတို့တွင် သစ္စာရှိ​အဆွေ​မွန် သန်းနှင့်ချီ ရှိလာပြီ။ ဤ​သူတို့သည် မိမိတို့၏​ဘဝကို ယေဟောဝါ​ထံ အပ်နှံ​ကာ ထို​ဆက်ကပ်​အပ်နှံမှု​ကို ရေ​တွင်​နှစ်ခြင်း​ခံ​ခြင်း​အားဖြင့် အမှတ်ပြု​ခဲ့​ကြပြီ။ ဤ “အခြားသိုး” အားလုံး​လည်း ယေရှု၏​နာမကို​အမှီပြု၍ ယေဟောဝါ​ထံ ချဉ်းကပ်​ကာ ကိုယ်တော်​အား “ကျွန်ုပ်​တို့၏​အဘ” ဟု ခေါ်​နိုင်​ကြသည်။ (ယောဟန် ၁၀:၁၆; ၁၄:၆) ကျွန်ုပ်​တို့​အပေါ် ကောင်းကင်ဘုံ​အဘ သွန်းလောင်း​သော ကောင်းမြတ်​မှု​အားလုံး​အတွက် ကိုယ်တော်​အား ကျေးဇူး​တင်​ချီးမွမ်း​ရန်၊ ဂရုစိုက်​စောင့်ရှောက်​ပေး​တော်​မူ​ကြောင်း ယုံကြည်​စိတ်ချ​စွာ​ဖြင့် ဖိစီးမှု​ဝန်ထုပ်​များ​ကို ကြားလျှောက်​ရန် ကိုယ်တော်​ထံ ဆုတောင်းခြင်း​အားဖြင့် မှန်မှန်​ချဉ်းကပ်​နိုင်​ပါ​သည်။—ဖိလိပ္ပိ ၄:၆၊ ၇; ၁ ပေတရု ၅:၆၊ ၇

ယေဟောဝါ​၏​နာမတော်​ကို မြတ်နိုးခြင်း

၅။ စံပြ​ဆုတောင်းနည်း​၏ စ​စ​ချင်း​အသနားခံချက်​ကား အဘယ်နည်း၊ ယင်းသည် အဘယ်ကြောင့် လျောက်ပတ်​သနည်း။

စတင်​အသနားခံ​သည်​နှင့် ဦးစား​ပေး​ရမည့်​အရာ​ကို ထိပ်ဆုံး​ထား​ရ၏။ “ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော” ဟု​ဆို​ရမည်။ (မဿဲ ၆:၉) မှန်​ပေ​သည်၊ ယေဟောဝါ​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​သည် ကျွန်ုပ်​တို့ အဓိက​အလေးထား​သင့်​ရာ​ဖြစ်သည်၊ အကြောင်း​မှာ ကိုယ်တော်​ကို ကျွန်ုပ်​တို့​ချစ်​မြတ်နိုးကြ​ပြီး အဘ​က်​ဘက်​မှ ကိုယ်တော်​၏​နာမတော် ရှုတ်ချ​ခံ​နေရ​ခြင်း​ကို မမြင်​လို​ကြ​၍​ဖြစ်သည်။ စာတန်​၏​ပုန်ကန်မှု​နှင့် ကနဦး​လူသား​မောင်နှံကို ယေဟောဝါ​ဘုရားသခင်​အားမနာ​ခံစေ​ရန် သူ ဖြားယောင်း​သွေးထိုးခြင်း​ဖြင့် ကိုယ်တော်​၏ စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အာဏာကို ကိုယ်တော်​အသုံးပြုပုံ​အပေါ် စောဒကတက်​စေ​၍ နာမတော်​ကို အသရေ​ဖျက်​ခဲ့​လေ​သည်။ (ကမ္ဘာဦး ၃:၁-၆) ထို့​အပြင် ယေဟောဝါ​၏​နာမတော်​သည် ကိုယ်တော်​အား ကိုယ်စား​ပြု​ပါ​သည်​ဟု​ဆို​ကြ​သူများ​၏ အရှက်မဲ့​အပြု​အမူ​နှင့် သွန်သင်ချက်​များ​ကြောင့် ရာစုနှစ်များ​တစ်လျှောက် ရှုတ်ချ​ခံ​လာ​ရလေ​ပြီ။

၆။ ယေဟောဝါ​၏​နာမတော် ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​ဟု ကျွန်ုပ်​တို့​ဆု​တောင်းလျှင် အဘယ်အရာကို ကျွန်ုပ်​တို့ ပြုလုပ်​မည်​မဟုတ်​သနည်း။

ယေဟောဝါ​၏​နာမတော် ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​ဟု ကျွန်ုပ်​တို့​ဆုတောင်းခြင်း​က စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အာဏာ အရေးကိစ္စ​တွင် စကြဝဠာ​ကို ယေဟောဝါ အုပ်စိုး​ပိုင်ထိုက်တော်မူ​၏​ဟု​ဆို​သည့်​အုပ်စု​ဘက် ကျွန်ုပ်​တို့ ရာနှုန်းပြည့်​ရပ်တည်​၍ ထောက်ခံကြောင်း ပြသ​လိုက်ခြင်း​ဖြစ်သည်။ ယေဟောဝါ​၏​အလိုတော်​မှာ ဤ​စကြဝဠာကြီး​တွင် မိမိ​အား ချစ်​မြတ်နိုး​ပြီး မိမိ၏​နာမတော်​ကို ကိုယ်စား​ပြု​မှု​အ​စု​စု​ကို​ပါ မြတ်နိုးသော​ကြောင့် မိမိ၏​ဖြောင့်မှန်​သော အကြွင်းမဲ့​အုပ်စိုး​ပိုင်ထိုက်​မှု​ကို လိုလိုလားလား၊ ပျော်ပျော်ရွှင်ရွှင် လက်အောက်ခံ​သည့် အသိဉာဏ်​ရှိ​သတ္တဝါများ​အား မှီတင်း​နေထိုင်​စေ​လို​တော်​မူ​ခြင်း​ဖြစ်သည်။ (၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃; ဆာလံ ၈:၁; ၁၄၈:၁၃) ယေဟောဝါ​၏​နာမတော်​ကို ကျွန်ုပ်​တို့၏​မြတ်နိုးမှု​သည် ဤ​မြင့်မြတ်​သော​နာမတော်​အား ရှုတ်ချ​စ​ရာ​ဖြစ်စေ​နိုင်​သည့်​အမှု​များ​ကို မ​လုပ်မိ​စေရန် အကူအညီ​ပေး​မည်။ (ယေဇကျေလ ၃၆:၂၀၊ ၂၁; ရောမ ၂:၂၁-၂၄) စကြဝဠာ​နှင့် ယင်း​တွင် မှီတင်း​နေထိုင်ကြ​မည့်​သူများ​၏ ငြိမ်သက်မှု​သည် ယေဟောဝါ​၏​နာမတော်​ကို ရိုသေ​လေးမြတ်ခြင်း​နှင့် ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို မြတ်​မြတ်နိုး​နိုး လက်အောက်ခံခြင်း​တို့​ပေါ်​တွင် တည်မှီ​နေသော​ကြောင့် “ကိုယ်တော်​၏​နာမတော် ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော” ဟု ကျွန်ုပ်​တို့​ဆုတောင်းခြင်း​က ယေဟောဝါ​၏​ရည်ရွယ်ချက် ပြည့်စုံ​မည်​ကို ယုံကြည်​စိတ်ချကြောင်း ကိုယ်တော်​အား ချီးမွမ်း​ထောမနာပြု​လိုက်ခြင်း​ပင်​ဖြစ်သည်။—ယေဇကျေလ ၃၈:၂၃

ကျွန်ုပ်​တို့​ဆုတောင်း​ကြ​သည့် ဘုရားသခင့်​နိုင်ငံတော်

၇၊ ၈။ (က) အဘယ်​နိုင်ငံတော်​အတွက် ကျွန်ုပ်​တို့ ဆုတောင်း​ကြ​ရန် ယေရှု သင်ကြား​ပေး​တော်​မူ​ခဲ့​သနည်း။ (ခ) ဒံယေလ​နှင့် ဗျာ. ကျမ်း​တို့​တွင် ဤ​နိုင်ငံတော်​အကြောင်း ကျွန်ုပ်​တို့ အဘယ်အရာ​သိရ​သနည်း။

စံပြ​ဆုတောင်းနည်း​တွင် ဒုတိယ​အသနားခံချက်​မှာ “[ဘုရားသခင့်] နိုင်ငံတော်​တည်ထောင်​ပါစေ​သော”ဖြစ်သည်။ (မဿဲ​၆:၁၀က) ဤ​တောင်းခံမှု​သည် ပထမ​အချက်​နှင့် အတော်ပင် ဆက်နွှယ်​နေသည်။ ယေဟောဝါ​၏​မြင့်မြတ်​သော​နာမတော်​ကို ရိုသေ​လေးမြတ်​စေဖို့ ကိုယ်တော်​အသုံးပြုသည့်​အရာ​မှာ ထိုက်တန်​သော ခန့်အပ်​ခံ​ဘုရင် သားတော် ယေရှု​ခရစ်​အမှူးပြု​သော ကိုယ်တော်​၏ ကောင်းကင်​အစိုးရ မေရှိယနိုင်ငံတော်​ပင်​ဖြစ်သည်။ (ဆာလံ ၂:၁-၉) ဤ​မေရှိယနိုင်ငံတော်​ကို ဒံယေလ​ပရောဖက်ပြုချက်​တွင် “တောင်” ပေါ်​မှ ပဲ့​ကွာ​လာ​သည့် “ကျောက်” တစ်လုံး​အဖြစ် တင်စား​ဖော်ပြ​ထား​သည်။ (ဒံယေလ ၂:၃၄၊ ၃၅၊ ၄၄၊ ၄၅) အဆိုပါ​တောင်​သည် ယေဟောဝါ​၏ စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အာဏာကို ကိုယ်စား​ပြု​ရာ၊ နိုင်ငံတော်​ကိုယ်စား​ပြု ကျောက်​သည် ယေဟောဝါ​၏ စကြဝဠာ​အုပ်ချုပ်မှု အသွင်သစ်​တစ်ရပ်​ဖြစ်သည်။ ပရောဖက်ပြုချက်​ပါ ဤ​ကျောက်​သည် “တောင်ကြီး​ဖြစ်၍ မြေကြီး​တစ်ပြင်လုံး​ကို ဖုံးလွှမ်း” သွားခြင်းက မေရှိယနိုင်ငံတော်​သည် ကမ္ဘာကြီး​ကို စိုးမိုး​သည့် ဘုရားသခင့်​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို ကိုယ်စား​ပြု​ကြောင်း​ပြ​သည်။

ဤ​မေရှိယနိုင်ငံတော်​အစိုးရ​တွင် ခရစ်တော်​နှင့်အတူ ဘုရင်​နှင့်​ယဇ်ပုရောဟိတ်​များ​အဖြစ် အုပ်စိုး​ကြ​မည့် “လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ” ၁၄၄,၀၀၀ တို့ ပါဝင်​ဖွဲ့စည်း​ကြ​မည်။ (ဗျာ. ၅:၉၊ ၁၀; ၁၄:၁-၄; ၂၀:၆) ဒံယေလ​က ဤ​သူများကို ‘အမြင့်ဆုံး​သော​ဘုရားသခင်​၏​သန့်ရှင်းသူ​တို့’ ဟု​ခေါ်ဆို​ထားပြီး ခေါင်းဆောင် ခရစ်တော်​နှင့်အတူ “ကောင်းကင်​အောက်​၌ နိုင်ငံ​နှင့်​တကွ အာဏာစက်​ဘုန်း​တန်ခိုး​ကို ... ရ​ကြလိမ့်မည်။ ထို​ဘုရားသခင်​၏​နိုင်ငံတော်​သည် ထာဝရ​နိုင်ငံ​ဖြစ်၏။ မင်းကြီး​အပေါင်းတို့သည် တိုး​ဝင်၍ ကျွန်ခံ​ရ​ကြလိမ့်မည်။” (ဒံယေလ ၇:၁၃၊ ၁၄၊ ၁၈၊ ၂၇) ဤ​ကဲ့သို့​သော ကောင်းကင်​အစိုးရ​မျိုး​အတွက် နောက်တော်လိုက်​များ ဆုတောင်း​ကြ​ရန် ခရစ်တော် သင်ကြား​ပေး​တော်​မူ​ခဲ့​သည်။

ဘုရားသခင့်​နိုင်ငံ​တည်ထောင်​ပါစေ​ဟု အဘယ်ကြောင့် ဆက်​ဆုတောင်း​ရန်လို

၉။ ဘုရားသခင်​၏​နိုင်ငံတော် တည်ထောင်​ပါစေ​ဟု ဆုတောင်းခြင်း​သည် အဘယ်ကြောင့်​သင့်လျော်​နေဆဲ​ဖြစ်ပါ​သနည်း။

ကိုယ်တော်​၏ စံပြ​ဆုတောင်းနည်း​တွင် ခရစ်တော်​က ဘုရားသခင့်​နိုင်ငံတော် တည်ထောင်​ပါစေ​ဟု ဆုတောင်း​ရန် သင်ကြား​ပေး​ခဲ့​သည်။ ကျမ်းစာ​ပရောဖက်ပြုချက်​ပြည့်စုံမှု​အရ ဤ​မေရှိယနိုင်ငံတော်​သည် ၁၉၁၄ ခုနှစ်​တွင် ကောင်းကင်​၌ တည်ထောင်​ပြီ​ဖြစ်၏။ * သို့​ဆိုလျှင် နိုင်ငံတော် “တည်ထောင်” ပါစေ​ဟု ဆက်​ဆုတောင်း​သင့်​ပါသလော။ ဆုတောင်း​သင့်ပါသည်။ ဒံယေလ​ပရောဖက်ပြုချက်​တွင် ကျောက်​ဖြင့် တင်စား​ဖော်ပြ​ထားသော မေရှိယနိုင်ငံတော်​နှင့် ရုပ်တုကြီး​ဖြင့်​တင်စား​ဖော်ပြ​သော လူ့​အုပ်ချုပ်ရေး​တို့သည် အတိုက်အခံ​လမ်းကြောင်း​ပေါ်​တွင် ရှိနေကြ​၍​ဖြစ်သည်။ ထို​ကျောက်​သည် ရုပ်တုကို အမှုန့်​ဖြစ်သွား​သည်​အထိ ထိခိုက်​ချိုးဖဲ့​ရသည်။ ဒံယေလ​ပရောဖက်ပြုချက်​က “ထို​နိုင်ငံ​သည် အခြားသော​လူမျိုး​လက်​သို့​မရောက်ရ​ဘဲ အထက်​ဆို​ခဲ့​ပြီး​သော​နိုင်ငံ​တို့ကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်” ဟု​ဆို​ထား​သည်။—ဒံယေလ ၂:၄၄၊ ၄၅

၁၀။ ဘုရားသခင့်​နိုင်ငံတော် တည်ထောင်​မည်​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် မြင်​လို​လှ​သနည်း။

၁၀ စာတန်​၏ ဆိုးယုတ်​သော​အစီအစဉ်​စနစ်​ကို တိုက်ဖျက်​မည့် ဘုရားသခင့်​နိုင်ငံတော် တည်ထောင်​မည်​ကို ကျွန်ုပ်​တို့ တွေ့မြင်​လို​လှ​သည်၊ အကြောင်း​မှာ ဤ​နိုင်ငံတော်​သည် ယေဟောဝါ​၏​နာမတော်​ကို ရိုသေ​လေးမြတ်​စေပြီး ဘုရားသခင့် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အာဏာကို ဆန့်ကျင်သူ​မှန်သမျှ​အား သုတ်သင်ပစ်​မည့်​အတွက်​ဖြစ်သည်။ ကျွန်ုပ်​တို့သည် ‘ဘုရားသခင့်​နိုင်ငံတော် တည်ထောင်​ပါစေ’ ဟု လှိုက်လှိုက်လှဲလှဲ ဆုတောင်း​ကြ​ပြီး တမန်​တော်​ယောဟန်​နှင့်အတူ “အာမင်။ သခင်​ယေရှု​ကြွလာ​တော်​မူ​ပါ” ဟု လျှောက်ဆို​ကြသည်။ (ဗျာ. ၂၂:၂၁) မှန်​ပေ​သည်၊ ယေရှုသည် ယေဟောဝါ​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိစေရန်​နှင့် ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု သံသယ​ကင်းရှင်း​သွားစေရန် ယေရှု​ကြွလာ​ပါစေ၊ သို့​မှ​သာ ဆာလံဆရာ​၏ ဤ​စကား​များ​ပြည့်စုံ​လာပေမည်– “ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ဟူ၍​နာမတော်​ရှိသော ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် မြေကြီး​တစ်ပြင်လုံး​အပေါ်မှာ အမြင့်ဆုံး​သော​ဘုရား[သခင်] ဖြစ်​တော်​မူ​ကြောင်းကို သိကြပါစေ​သော။”—ဆာလံ ၈၃:၁၈

‘အလိုတော်​ပြည့်စုံ​ပါစေ’

၁၁၊ ၁၂။ (က) ဘုရားသခင့်​အလိုတော် “ကောင်းကင်ဘုံ​၌ ပြည့်စုံ​သကဲ့သို့ မြေကြီးပေါ်​တွင် ပြည့်စုံ​ပါစေ” ဟု ကျွန်ုပ်​တို့ ဆုတောင်း​ကြသောအခါ အဘယ်အရာကို ကျွန်ုပ်​တို့ တောင်းလျှောက်​နေခြင်း​ဖြစ်သနည်း။ (ခ) ယေဟောဝါ​၏​အလိုတော် ပြည့်စုံ​ပါစေ​ဟု ကျွန်ုပ်​တို့​ဆုတောင်းခြင်း​ဖြင့် အဘယ်အရာကို​လည်း ဆိုလို​သေး​သနည်း။

၁၁ တပည့်​များ ဆုတောင်း​ရန် ယေရှု နောက်ထပ်​သင်ကြား​ပေး​သည့်​အချက်​မှာ “အလိုတော်သည် ကောင်းကင်ဘုံ​၌ ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​ပါစေ​သော” ဟူ၍​ဖြစ်သည်။ (မဿဲ ၆:၁၀) ဤ​စကြဝဠာကြီး​သည် ယေဟောဝါ​၏​အလိုတော်​ကြောင့် တည်ရှိ​လာ​ခြင်း​ဖြစ်သည်။ ခွန်အား​ကြီးမားသော ကောင်းကင်​သတ္တဝါများ​က ဤသို့​ကြွေးကြော်​ကြသည်– “အို​ထာဝရ​ဘုရား[သခင်]၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ​ပြီ။ ထို​အရာ​တို့သည် အလိုတော်​ကြောင့်​ဖြစ်၍ ဖန်ဆင်း​လျက်​ရှိကြပါ​၏။ ထို​ကြောင့်၊ ကိုယ်တော်​သည် ဘုန်း​အသရေ​တန်ခိုးတော်​ကို ခံစား​ထိုက်​တော်​မူ​၏။” (ဗျာ. ၄:၁၁) ယေဟောဝါ​တွင် “ကောင်းကင်ပေါ်၊ မြေကြီး​ပေါ်မှာ​ရှိရှိသမျှ​တို့” အတွက် ရည်ရွယ်ချက်​ရှိ​ထား​တော်​မူ​သည်။ (ဧဖက် ၁:၈-၁၀) ဘုရားသခင့်​အလိုတော် ပြည့်စုံ​ရန် ကျွန်ုပ်​တို့​ဆုတောင်း​ကြ​ခြင်း​မှာ အမှန်​အားဖြင့် ယေဟောဝါ​အား ကိုယ်တော်​၏​ရည်ရွယ်ချက် အကောင်အထည်ဖော်​ရန် တောင်းခံ​နေခြင်း​သာ​ဖြစ်သည်။ ထို့​အပြင် ဤနည်းဖြင့် ဘုရားသခင့် အလိုတော် စကြဝဠာ​တစ်ခွင် ပြည့်စုံ​မည်​ကို တွေ့မြင်​လို​လှ​ကြောင်း ကျွန်ုပ်​တို့​ပြသ​နေခြင်း​ဖြစ်သည်။

၁၂ ဤ​ဆုတောင်းချက်​အားဖြင့် ကျွန်ုပ်​တို့၏​အသက်တာကို ယေဟောဝါ​၏​အလိုတော်အတိုင်း​ဖြစ်စေ​လို​သည့် မိမိတို့၏​စိတ်ဆန္ဒ​ကို ဖော်ပြ​လိုက်ခြင်း​လည်း​ဖြစ်သည်။ ယေရှု​က “ငါ့ကို​စေလွှတ်​တော်​မူ​သော​သူ၏ အလိုတော်ကို​ဆောင်ခြင်း၊ သူ၏​အမှုတော်ကို​ပြီးစီး​ခြင်း​အမှုသည် ငါ့​စားစရာ​ဖြစ်၏” ဟု မိန့်ကြား​ခဲ့​၏။ (ယောဟန် ၄:၂၃) ယေရှု​ကဲ့သို့​ပင် ဆက်ကပ်​အပ်နှံ ခရစ်ယာန်​များ​ဖြစ်သော ကျွန်ုပ်​တို့သည် ဘုရားသခင့်​အလိုတော်​ဆောင်​ရခြင်း​ကို နှစ်ထောင်း​အားရ​ဖြစ်​ကြ​ရသည်။ ယေဟောဝါ​နှင့် သားတော်​တို့​အပေါ် ကျွန်ုပ်​တို့ ချစ်​သည့်​မေတ္တာက မိမိတို့၏​အသက်တာကို ‘လူတို့၏​တပ်မက်​ခြင်း​တရား​အတိုင်း​မဟုတ် ဘုရားသခင်​၏​အလိုတော်အတိုင်း​ကျင့်’ ကြံ​ပြုမူ​ရန် လှုံ့ဆော်ပေး​ပါ​သည်။ (၁ ပေတရု ၄:၁၊ ၂; ၂ ကောရိန္သု ၅:၁၄၊ ၁၅) ယေဟောဝါ​အလိုတော်နှင့် ဆန့်ကျင်​ကြောင်း သိရှိ​ထား​သည့်​အဘယ်အရာကို​မဆို မ​လုပ်မိ​ရန် ကျွန်ုပ်​တို့​ကြိုးစား​ကြသည်။ (၁ သက်သာလောနိတ် ၄:၃-၅) သမ္မာကျမ်းစာ လေ့လာ​ဖတ်ရှု​ရန် အချိန်ကို ရွေးနုတ်ခြင်း​အားဖြင့် ‘ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို’ တက်တက်ကြွကြွ ဟောပြောခြင်း​ပါဝင်​သည့် ‘ဘုရားသခင်​၏​အလိုတော်​ရှိရာ​ကို ပိုင်းခြား​၍​သိ’ လာ​နေကြပြီ။—ဧဖက် ၅:၁၅-၁၇; မဿဲ ၂၄:၁၄

ကောင်းကင်ဘုံ​တွင် ယေဟောဝါ​၏​အလိုတော်

၁၃။ ဘုရားသခင့်​အလိုတော်သည် စာတန်​မ​ပုန်ကန်​မီ ကြာမြင့်စွာ​ကတည်းက မည်သို့​ပြည့်စုံ​လျက်​ရှိ​သနည်း။

၁၃ ယေဟောဝါ​၏​အလိုတော်သည် ကိုယ်တော်​၏​ဝိညာဉ်​သား​တစ်ပါး ပုန်ကန်​ပြီး စာတန်​မဖြစ်​လာ​မီ ကြာမြင့်စွာ​အချိန်​က​ပင် ကောင်းကင်​တွင် ပြည့်စုံ​လျက်​ရှိ၏။ နယပုံပြင်​ကျမ်း​တွင် ဘုရားသခင်​၏​သားဦး​အား လူ့​အသွင်ဆောင်​သော ဉာဏ်ပညာ​အဖြစ် တင်စား​သရုပ်ဖော်​ထား​သည်။ ရှေး​က​ဘေ​ကမ္ဘာ​ကတည်းက ဘုရားသခင့် တစ်ပါး​တည်း​သော သားတော်​သည် ခမည်းတော်​၏​အလိုတော် ဆောင်​ရခြင်း​၌ “အစဉ်မပြတ်​မွေ့လျော်” ကြောင်း​ဖော်ပြ​၏။ နောက်ဆုံး​တွင် ကိုယ်တော်​သည် “ကောင်းကင်ပေါ်၊ မြေကြီး​ပေါ်မှာ​ရှိသမျှ ရူပ​အရာ၊ အ​ရူပ​အရာ ခပ်သိမ်း​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ” ရာ​တွင် ယေဟောဝါ​၏ “လုပ်သား​ချုပ်” ဖြစ်လာ​လေ​၏။ (သု. ၈:၂၂-၃၁က​ဘ; ကောလောသဲ ၁:၁၅-၁၇) ယေဟောဝါ​သည် သူ့​အား မိမိ၏​ပြောရေးဆိုခွင့်​ရှိသူ​အဖြစ် အသုံးပြု​တော်​မူ​သည်။—ယောဟန် ၁:၁-၃

၁၄။ ကောင်းကင်​တွင် ကောင်းကင်တမန်​များ ယေဟောဝါ​၏​အလိုတော် ပြည့်စေ​ကြ​ပုံ​အကြောင်း ဆာလံ ၁၀၃ မှ အဘယ်အရာ​သိရှိ​နိုင်​သနည်း။

၁၄ ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အာဏာ​သည် အားလုံး​တို့​အထက်တွင်​ရှိပြီး ကောင်းကင်တမန်​တပ်မဟာကြီး​သည် ကိုယ်တော်​၏​အမှာစကား​နှင့် အမိန့်တော်​တို့ကို နာခံကြ​ကြောင်း ဆာလံဆရာ ဖော်ပြ​ထား​သည်။ ‘ထာဝရ​ဘုရားသခင်​သည် ပလ္လင်တော်​ကို ကောင်းကင်ဘုံ​၌​တည်​တော်​မူ​၍ အာဏာတော်​သည် ခပ်သိမ်း​သော​အရပ်​တို့ကို​နှံ့ပြား​၏။ တန်ခိုး​ကြီး​၍ နှုတ်မြွက်​စကားတော်​အသံကို​နားထောင်​လျက် အမိန့်တော်​အတိုင်း​ဆောင်ရွက်​သော ကောင်းကင်တမန်​တော်​တို့ ထာဝရ​ဘုရားသခင်​ကို​ကောင်းချီး​ပေး​ကြလော့။ အလိုတော်​သို့​လိုက်​သော​အမှုတော်ထမ်း ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့ ထာဝရ​ဘုရားသခင်​ကို​ကောင်းချီး​ပေး​ကြလော့။ နိုင်ငံတော်​အရပ်ရပ်​၌ စီရင်​ဖန်ဆင်း​တော်​မူသမျှ​တို့ ထာဝရ​ဘုရားသခင်​ကို ကောင်းချီး​ပေး​ကြလော့’ ဟု ကျွန်ုပ်​တို့​ဖတ်​ရ​ကြ​၏။—ဆာလံ ၁၀၃:၁၉-၂၂

၁၅။ ယေရှု နိုင်ငံတော်​အာဏာ​ရရှိ​ခြင်း​သည် ကောင်းကင်​တွင် ဘုရားသခင့်​အလိုတော် ပြည့်စုံစေခြင်း​အပေါ် အဘယ်​အကျိုး​သက်ရောက်​ခဲ့​သနည်း။

၁၅ စာတန်​ပုန်ကန်​ပြီး​နောက်ပိုင်း​တွင် ကောင်းကင်​ညီလာခံ​များ​သို့ သူ​တက်ရောက်ခွင့်​ရ​သေး​ကြောင်း ယောဘ​ကျမ်း​မှ သိရှိ​ရသည်။ (ယောဘ ၁:၆-၁၂; ၂:၁-၇) သို့သော် စာတန်​နှင့် သူ၏​နတ်ဆိုး​များ ကောင်းကင်​မှ ဖယ်ရှားခံ​ရ​ကြ​မည့်​အချိန် ရောက်လာ​မည်​အကြောင်း ဗျာ.ကျမ်း​တွင် ပရောဖက်ပြု​ထား​သည်။ ထို​အချိန်​မှာ ၁၉၁၄ ခုနှစ်​၌ ယေရှု​ခရစ် နိုင်ငံတော်​အာဏာ​ရရှိ​ပြီး​နောက် မကြာမီတွင်​ဖြစ်ပျက်​ခဲ့​ကြောင်း ထင်ရှား​သည်။ ထို​အချိန်​မှ​စ၍ ကောင်းကင်​တွင် ဤ​သူပုန်များ​အတွက် နေရာ​မရှိတော့​ပေ။ ထို​အခါ သူတို့သည် မြေကြီး​ဝန်းကျင်​ထက်​တွင် အကျယ်ချုပ်​ဖြင့် နေရ​ကြ​လေ​သည်။ (ဗျာ. ၁၂:၇-၁၂) ၎င်းနောက် ကောင်းကင်​တွင် စောဒကတက်​သံ​မကြား​ရတော့​ဘဲ “သိုးသငယ်” ယေရှု​ခရစ်​အား ဩ​ဘာ​ပေးသံ​များနှင့် ယေဟောဝါ​အား ကျိုး​ကျိုးနွံ​နွံ ချီးမွမ်း​ထောမနာပြု​သံ​များ​သာ ကြားနေ​ရလေ​သည်။ (ဗျာ. ၄:၉-၁၁) ယေဟောဝါ​၏​အလိုတော်သည် ကောင်းကင်​တွင် အမှန်ပင် ပြည့်စုံ​လျက်​ရှိ​နေသည်။

ကမ္ဘာ​မြေ​အတွက် ယေဟောဝါ​၏​အလိုတော်

၁၆။ လူသား​တို့​မျှော်လင့်ချက်​နှင့်​စပ်​လျ​ဉ်း​သော ခရစ်ယာန်ဘောင်​၏ သွန်သင်ချက်​သည် စံပြ​ဆုတောင်းနည်း​နှင့် မည်သို့​တစ်လမ်းစီ​ဖြစ်နေ​သနည်း။

၁၆ ခရစ်ယာန်ဘောင်​အသင်း​တို့​ကလူ​ကောင်း​အားလုံး ကောင်းကင်​သွား​မည်​ဟု​ဆို​ကြ​သည့်​အတွက် ဘုရားသခင့်​ရည်ရွယ်ချက်များ​တွင် ကမ္ဘာ​မြေကြီး​အရေး မပါ​တော့​ပေ။ သို့သော် ယေရှု​က “[ဘုရားသခင့်]နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌ ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​ပါစေ​သော” ဟု​ဆုတောင်း​ရန် သင်ကြား​ပေး​ခဲ့​သည်။ (မဿဲ ၆:၁၀) မည်သို့​ပင် စိတ်ကူးယဉ်​ကြည့်​ပါစေ အကြမ်းဖက်မှု၊ မမျှတ​မှု၊ ဖျားနာ​မှု​နှင့် သေခြင်း​တရား​တို့၏ ထု​ထောင်း​မှု​ခံ​နေရ​သော ယနေ့ ဤ​ကမ္ဘာကြီး​တွင် ယေဟောဝါ​၏​အလိုတော်သည် ယေဘုယျ​ပြည့်စုံ​နေသည်​ဟု သင်​ဆိုနိုင်​ပါ​မည်​လော။ လုံးဝ​မဆို​နိုင်​ပါ! ထို့​ကြောင့် တမန်​တော်​ပေတရု မှတ်တမ်းတင်​ခဲ့​သည့် အောက်ပါ​ကတိတော်​နှင့်​အညီ ဘုရားသခင့်​အလိုတော် မြေကြီးပေါ်​တွင်​ပြည့်စုံ​ပါစေ​ဟု ကျွန်ုပ်​တို့ စိတ်အား​ထက်သန်​စွာ ဆုတောင်း သင့်​ပေ​သည်– “ယခု​ရှိသမျှ​သော​အရာ​တို့သည် ပျက်​ရ​သော်လည်း၊ ဖြောင့်မတ်ခြင်း​တရား​တည်နေရာ မိုးကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​တို့သည် ကတိတော်​နှင့်​အညီ မျှော်လင့်​ကြ​၏။”—၂ ပေတရု ၃:၁၃

၁၇။ ဤ​ကမ္ဘာ​နှင့်​ပတ်သက်​၍ ယေဟောဝါ​၏​ရည်ရွယ်ချက်ကား အဘယ်နည်း။

၁၇ ယေဟောဝါ​သည် ရည်ရွယ်ချက်​တစ်ခု​ဖြင့် ကမ္ဘာကြီး​ကို ဖန်ဆင်း​ထား​တော်​မူ​သည်။ ကိုယ်တော်​သည် ပရောဖက်​ဟေရှာယ​အား ဝိညာဉ်တော်ဖြင့် ဤသို့ ရေးသား​စေ​သည်– ‘မိုးကောင်းကင်ကို​ဖန်ဆင်း​တော်​မူ​သော ထာဝရ​ဘုရားသခင်၊ မြေကြီးကို​ပြုပြင်​ဖန်ဆင်း​၍ အမြဲ​တည်စေ​တော်​မူ​သော​အရှင်၊ အချည်းနှီး​ဖန်ဆင်း​သည်မဟုတ်၊ သတ္တဝါ​နေစရာ​ဖို့​ဖန်ဆင်း​တော်​မူ​သော ဘုရားသခင်​မိန့်တော်မူသည်​ကား ငါသည် ထာဝရ​ဘုရား​ဖြစ်၏။ ငါ​မှတစ်ပါး အခြားသော​ဘုရားသခင်​မရှိ။’ (ဟေရှာယ ၄၅:၁၈) ဘုရားသခင်​သည် ကနဦး​လူသား​မောင်နှံကို ပရဒိသု​ဥယျာဉ်​ထဲ​တွင် နေရာချ​ပေး​ပြီး သူတို့အား “အချင်း​တို့ များပြား​စွာ​မွေးဖွား​ကြလော့။ မြေကြီးကို​ပြည့်စေ​၍​နိုင်​ကြလော့” ဟု မိန့်မှာ​တော်​မူ​သည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ၂:၁၅) ဖန်ဆင်း​ရှင်​၏ ရည်ရွယ်ချက်မှာ ဤ​ကမ္ဘာကြီး​တွင် ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို ပျော်ရွှင်စွာ​လက်အောက်ခံ​သည့် စုံလင်​ဖြောင့်မတ်​သော လူသားတို့အား မှီတင်း​နေထိုင်​စေ​ကြ​ပြီး ခရစ်တော်​ကတိပြု​တော်​မူ​သည့် ပရဒိသု​တွင် ထာဝစဉ် နေထိုင်သွား​စေရန်​ဖြစ်သည်​မှာ ရှင်းနေပါသည်။—ဆာလံ ၃၇:၁၁၊ ၂၉; လုကာ ၂၃:၄၃

၁၈၊ ၁၉။ (က) ဘုရားသခင်​၏​အလိုတော် မြေကြီးပေါ်​တွင် အပြည့်အဝ မပြည့်စုံ​မီ အဘယ်အရာကို လုပ်ဆောင်​ရမည်​နည်း။ (ခ) နောက်​ဆောင်းပါး​တွင် ယေရှု၏​စံပြ​ဆုတောင်းနည်း​မှ အဘယ်​အပိုင်း​များ​ကို ဆန်းစစ်​ကြ​မည်​နည်း။

၁၈ ဤ​ကမ္ဘာ​ပေါ်​တွင် ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို အာခံ​သည့် လူသားများ​ရှိနေ​သ၍ ကမ္ဘာ​နှင့်​ပတ်သက်သော ကိုယ်တော်​၏​အလိုတော် မည်သို့​မျှ အပြည့်အဝ ပြည့်စုံ​နိုင်​မည်​မဟုတ်ပေ။ ဘုရားသခင်​သည် ခရစ်တော်​ဦးဆောင်​သည့် ကောင်းကင်​တပ်မဟာ​များ​ကို အသုံးပြု​ကာ “မြေကြီးကို ဖျက်ဆီး​သော​သူတို့ကို ဖျက်ဆီး” တော်​မူ​မည်။ စာတန်​၏​အစီအစဉ်​စနစ်​တစ်ခုလုံး​ဖြစ်သည့် အယူမှား​ဘာသာ​တရား၊ ဖောက်ပြန်သော​သားရဲ​အုပ်စု၊ လို​ဘ​မပြည့် ကောက်ကျစ်​သော စီးပွားရေး​စနစ်၊ ပျက်စီး​စေသော စစ်မှု​တို့သည် လက်စတုံး ရှင်းလင်း​သုတ်သင်​ခံရ​လိမ့်​မည်။ (ဗျာ. ၁၁:၁၈; ၁၈:၂၁; ၁၉:၁၊ ၂၊ ၁၁-၁၈) ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​သည် သံသယ​ကင်းရှင်း​သွား​ကာ နာမတော်​ကို ရိုသေ​လေးမြတ်​လာ​ကြလိမ့်မည်။ “ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော။ [ဘုရားသခင့်]နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော” ဟု ကျွန်ုပ်​တို့​တောင်းလျှောက်​ကြသောအခါ အထက်ပါ​အရာအားလုံး​တို့အတွက် ကျွန်ုပ်​တို့​ဆုတောင်း​နေကြ​ခြင်း​ဖြစ်သည်။—မဿဲ ၆:၉၊ ၁၀

၁၉ သို့ရာတွင် ယေရှု၏​စံပြ​ဆုတောင်းနည်း​တွင် ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​အကြောင်းလည်း ကျွန်ုပ်​တို့​ဆုတောင်း​နိုင်​ကြောင်း ဖော်ပြ​ခဲ့​သည်။ ဆုတောင်းနည်း​ညွှန်ကြားချက်​နှင့်​ပတ်သက်သော ဤ​အပိုင်း​များ​ကို နောက်​ဆောင်းပါး​တွင် ဆန်းစစ်​ကြ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ယေဟောဝါသက်သေ​တို့ ပုံနှိပ်​ထုတ်ဝေ​သော ဒံယေလ​၏​ပရောဖက်ပြုချက်​ကို ဂရုပြု​လော့​စာအုပ် အခန်း ၆ ကို​ရှု။

ပြန်လည်​သုံးသပ်ချက်

ယေဟောဝါ​အား “ကျွန်ုပ်​တို့၏​အဘ” ဟု​ခေါ်​ခြင်း​သည် အဘယ်ကြောင့် သင့်လျော်​သနည်း။

ယေဟောဝါ​၏​နာမတော် ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​ဟု ဆုတောင်းခြင်း​သည် ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့် အဓိက​အလေးထား ဆုတောင်း​ရမည့်​အရာ​ဖြစ်သနည်း။

ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​ပါစေ​ဟု အဘယ်ကြောင့် ကျွန်ုပ်​တို့ ဆုတောင်း​ကြ​သနည်း။

ဘုရားသခင်​၏​အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီးပေါ်​တွင် ပြည့်စုံ​ပါစေ​ဟု ကျွန်ုပ်​တို့​ဆုတောင်း​ကြ​သည့်​အခါ အဘယ်အရာကို ဆိုလို​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဖာရိရှဲ​တို့၏ သူတော်ကောင်း​ဟိတ်​ဟန်​ထုတ် ဆုတောင်းချက်​များနှင့် ယေရှု၏​ဆုတောင်းပုံ အင်မတန်​ကွာခြား​လှ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​ပါစေ၊ ကိုယ်တော်​၏​နာမတော် ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ၊ ကိုယ်တော်​၏​အလိုတော် ပြည့်စုံ​ပါစေ​ကြောင်း ခရစ်ယာန်​တို့ ဆုတောင်း​ကြ